“ဘီအမ်ဟာ သူ့ကလေးဘ၀အကြောင်း ငါ့ကိုပြောပြတယ်။ သူ့အမေဟာ သူများအိမ်တွေမှာ သန့်ရှင်းရေးလိုက်လုပ်ပေးရတဲ့ အိမ်ဖေါ်တဲ့။ ဒီအကြောင်းတွေသိလာရတော့ ငါ့အနေနဲ့ ဇိမ်ခံသုံးဖြုံးပြီး နေနေရတာကို ရှက်လာမိသလိုပဲ။ ငါဆိုရင် ဦးထုပ်ကလေးတစ်လုံး ရွှေဒင်္ဂါးသုံးပြားဆိုလည်း ၀ယ်ပစ်လိုက်တာပဲ။”
သူမ နားလည်ရန်ခက်ခဲသည့် ပုစ္ဆာများကို သူမ၏ ခေါင်းသေးသေးလေးနှင့် တတ်ယောင်ကား အဖြေရှာနေမည့်အစား ထိုစဉ်တုန်းကသာ သူ့ကို မေးလိုက်စမ်းလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ဘီအမ် ဆိုသည့် “ငတ” ပေးဖတ်သည့် စာအုပ်များကလည်း “ကားလ်မတ်စ်”တို့၊ “ဖြစ်ပွားတော့မည့် တော်လှန်ရေး” တို့ ဖြစ်သည်လေ။ ဘီအမ်၊ ဘီအမ် ဟု အတိုကောက်ပဲရေးသွားသည်။ အဘယ်ကြောင့် အမည်ကို အပြည့်အစုံ မရေးရသနည်း။ သွေးရိုးသားရိုးတော့မဟုတ်တန်ရာ။ အင်ဂျလာမှာ သည်လို နံမည် အတိုကောက် ရေးရလောက်အောင် ရင်းနှီးကျွမ်းဝင်သော အရေးအသားမျိုး ရေးတတ်သူမဟုတ်။ သည်ကောင့်မျက်နှာကို ကြည့်ပြီးတော့လည်း ဘီအမ်လို့ပဲ သူမ ခေါ်နေခဲ့သလား မသိနိုင်ချေ။ သူ ဆက်ဖတ်ရပြန်သည်။
“ညစာစားပြီး မမျှော်လင့်ဘဲ ဘီအမ်ရောက်လာသည်။ ကံကောင်းလို့ပေါ့။ အိမ်မှာ ငါတစ်ယောက်တည်း ရှိနေခိုက်မို့လို့” ယင်းမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ရေးထားခြင်းဖြစ်၏။ “ကံကောင်းလို့” တဲ့။ မည်သည့်အတွက်ကြောင့် ကံကောင်းရသနည်း။ မည်သို့သောအကြောင်းကြောင့် “ငါတစ်ယောက်တည်း ရှိနေခိုက်မို့” ရေးထားရသနည်း။ သူကော ထိုညက မည်သည့်နေရာ ရောက်နေပါလိမ့်။ အလုပ်မှတ်တမ်းစာအုပ်ကိုယူပြီး ပြန်ကြည့်ရပြန်သည်။ မြို့တော်ဝန်တည်ခင်းသည့် ညစာစားပွဲည။ သည်လိုဆိုလျှင် အင်ဂျလာနှင့် ဘီအမ် တို့ ထိုတစ်ညနေခင်းလုံး နှစ်ယောက်ထဲ ရှိနေခဲ့ကြသည်။ သူပြန်လာချိန်တွင် သူမ သူ့ကို စောင့်မျှော်နေခဲ့သလား၊ ထမင်းသားပွဲပေါ်မှာ ဖန်ခွက်နှစ်လုံး အတူရှိနေခဲ့သလား၊ ကုလားထိုင်နှစ်လုံးကို ကော နီးနီးကပ်ကပ် ဆွဲထိုင်ထားခဲ့သေးလား။ သူ ဘာကိုမှ မမှတ်မိတော့ပါ။ ညစာစားပွဲတွင် သူပြောခဲ့သော မိန့်ခွန်းကိုတော့ သူမှတ်မိသည်။ အခြေအနေအရပ်ရပ်သည် သူ့စိတ်ကို ပို၍ ရှူပ်ထွေးလာစေပြီး ရှင်းမပြတတ်အောင် ဖြစ်လာသည်။ သူမရှိခိုက် သူ့ဇနီးသည် သူတစ်စိမ်းတစ်ယောက်ကို အိမ်မှာ တညနေလုံး ဧည့်ခံနေခဲ့သည်။
နောက်စာအုပ်တစ်အုပ်တွင်တော့ အဖြေ ပေါ်မည်မှာ မလွဲ။ နောက်ဆုံး မှတ်တမ်းစာအုပ်ကို သူလှမ်းယူသည်။ အင်ဂျလာ မကွယ်လွန်မီ နောက်ဆုံးရေးခဲ့သော စာအုပ်ဖြစ်သည်။ ပထမဦးဆုံးစာမျက်နှာ၌ပင် သည် သေချင်းဆိုးနံမည်ကို တွေ့ရပြန်ပြီ။
“ဘီအမ် နှင့် နှစ်ယောက်ထဲ ညနေစာစား။ သူ အတော် စိတ်တိုနေပုံရသည်။ တစ်ယောက်နှင့်တစ်ယောက် နားလည်ဖို့ အချိန်ကျပြီဟု သူကပြောသည်။ ရှင်းပြတာကိုလည်း သူလုံးဝ နားမထောင်ပါ။ ငါသူ့ကို လက်မခံရင် လုပ်ပြမည်ဟု ခြိမ်းခြောက်သည်။” စာမျက်နှာပေါ်ရှိ ကျန်စာကြောင်းအားလုံးကို ခြစ်ပစ်ထားသည်။ အပေါ်မှနေ၍ “....အီဂျစ်၊ အီဂျစ်..” ဟူသောစာလုံးများကို လိုက်ထပ်၍ရေးထားသည်။ သူ ကြိုးစားဖတ်ကြည့်သော်လည်း တစ်လုံးမျှ ဖတ်၍မရပါ။ ဖြစ်နိုင်သည်က တစ်ခုတည်းသာရှိသည်။ သည် ငမိုက်သားသည် သူမရှိခိုက် သှူုဇနီးကို ကြောင်တောင်နှိုက်ဖို့ ကြိုးစားခြင်းပင်။ ဂီးလ်ဘတ်၏မျက်နှာမှာ ရှက်ဒေါသဖြင့် ထူပူပြီး နီမြန်းလာသည်။ စိတ်မရှည်စွာပင် သူဆက်ဖတ်လိုက်သည်။ အင်ဂျလာတစ်ယောက် မည်သို့ တုန့်ပြန်ခဲ့လေသနည်း၊ လက်ခံလိုက်သလား။ ဘီအမ်ဟု အတိုကောက်ရေးထားသည်ကို မတွေ့ရတော့ဘဲ “သူ“ ဟူသော နာမ်စားကို သုံးလာသည်။ “သူ ထပ်လာပြန်သည်။ ငါ မဆုံးဖြတ်သေးပါဟု သူ့ကို ပြောလိုက်သည်။ သူ့ကို အိမ်ထဲက ထွက်သွားဖို့ မောင်းထုတ်မိသည်။” ရာရာစစ သည်ကောင်က သူ့အိမ်ထဲဝင်ပြီး သူ့ဇနီးကို အကြပ်ကိုင်နေခြင်းပင်။ သူမက မည်သည့်အတွက်ကြောင့် သူ့ကို ပြန်မတိုင်ရပါသနည်း။ ဘာကြောင့်များ တုန့်ဆိုင်းတွေဝေ နေရပါသနည်း။
“ငါ သူ့ဆီကို စာတစ်စောင် ရေးလိုက်တယ်”
နောက်စာမျက်နှာများတွင် ဘာမှ ဆက်မရေးထားဘဲ ဗလာများသာ ဖြစ်နေသည်။ စာမျက်နှာ အတန်ခြားသွားပြီးမှ “သူ ငါ့ကို စာမပြန်ဘူး” ကွက်လပ်များ ဖြစ်သွားပြန်သည်။ သည့်နောက်ကော ဘာများ ဖြစ်သေးသနည်း။ “ခြိမ်းခြောက်တဲ့အတိုင်း သူ လုပ်ပြသွားပြီ”။ သည့်နောက်ကော သည့်နောက်ကော ဘာများဖြစ်သေးသနည်း။ စာရွက်များကို သူ စိတ်စောလှစွာဖြင့် အလျင်စလို လှန်ဖတ်လိုက်သည်။ အကုန်လုံး ဗလာချည်းများသာ။ သူမ မကွယ်လွန်မီတစ်ရက်အလိုမှာ ဤသို့ ရေးထားသည်။
“ငါရော သူ့လို လိုက်လုပ်ဖို့ သတ္တိမရှိဘူးလား”
နေ့စဉ်မှတ်တမ်းက ဤနေရာတွင် ပြီးဆုံးသွားသည်။ စာအုပ်သည် ဂီးလ်ဘတ်လက်ထဲမှ ကြမ်းပြင်ပေါ်သို့ လျှောကျသွားတော့သည်။
သူမ၏ နောက်ဆုံးလှုပ်ရှားမှုများကို သူ့အာရုံထဲတွင် မြင်လာသည်။ “ပစ်ကက်ဒလီ” လမ်းမကြီးဘေး ပလက်ဖေါင်းပေါ်တွင် သူမ ရပ်နေသည်။ မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်လျက်။ လက်နှစ်ဖက်က လက်သီးတင်းတင်းဆုပ်လျက်၊ ကားတစ်စီးက အရှိန်ပြင်းပြင်း မောင်း၍လာနေသည်။
သူ ဆက်လက် သည်းခံနိုင်စွမ်းမရှိတော့ပါ။ အဖြစ်အပျက်အမှန်ကို သိရမှ ဖြစ်တော့မည်။ တယ်လီဖုန်းရှိရာသို့ မပြေးရုံတမည် လျှောက်လှမ်းသွားသည်။
“မစ္စ မေလာနဲ့ စကားပြောချင်လို့ပါ”
ဖုန်းတစ်ဖက်တွင် အသံတိတ်ဆိတ်သွားပြီး အတန်ကြာမှ တစ်စုံတစ်ဦးလျှောက်လာသံကို ကြားရသည်။ “စီစီမေလာ စကားပြောနေပါတယ်ရှင်”
သူ တယ်လီဖုန်းထဲသို့ ထစ်ချူံးသံကြီးဖြင့် မေးလိုက်သည်။
“ဘီအမ် ဆိုတာ ဘယ်သူလဲ” တစ်ဖက်ရှိ ဖုန်းတင်စင်ပေါ်မှ အပေါစား နာရီစက်သံ တတစ်တစ်ကို ကြားနေရသည်အထိ ဖုန်းထဲတွင် တိတ်ဆိတ်သွားသည်။ သက်ပြင်းရှည်ရှည်ချသံကို ကြားရပြီးမှ စီစီမေလာက ပြန်ဖြေသည်။
“သူဟာ ကျွန်မ အစ်ကိုပါ”
ဘီအမ်သည် စီစီမေလာ၏ အစ်ကိုဖြစ်နေပါလား။ သူ့ကိုယ်သူ သတ်သေသွားခဲ့သူ၊ သူမ၏ အစ်ကိုပါပဲလား။ စီစီမေလာက ဆက်မေးသံကိုကြားရသည်။
“ကျွန်မ ရှင်းပြဖို့ လိုမလားမသိဘူး”
“မလိုဘူး၊ လုံးဝ မလိုဘူး” သူအော်ပြောရင် ဖုန်းကို ပစ်ချလိုက်သည်။
အင်ဂျလာ ပေးခဲ့သော အမှတ်တရအမွေကို သူရလိုက်ပြီးပါပြီ။ ဖြစ်ခဲ့သည်များကို သူမက အမှန်အတိုင်း ပြောပြခဲ့သည်ပဲ။ ပလက်ဖေါင်းပေါ်က လှမ်း၍ဆင်းလိုက်သော ခြေတစ်လှမ်းသည် သူမ၏ချစ်သူနှင့် ပြန်လည်ပေါင်းဆုံရန် လှမ်းလိုက်သော ခြေလှမ်းဖြစ်သည်။ ထိုခြေလှမ်းသည်ပင် သူ့ထံမှ ထွက်ပြေးတိမ်းရှောင်သွားသော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ချေသည်။
မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်) (The Legacy) ဘာသာပြန်- လူချို { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)
(စဖတ်တုန်းက ဂီလ်ဘတ်နဲ့ စီစီမေလာတို့ရဲ့ဇာတ်လမ်းများလား ထင်ခဲ့ပေမဲ့ တစ်ခြားသူနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်နေပါတယ်။ ကွယ်လွန်သွားတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ အကြောင်းကို ဒိုင်ယာရီကနေတစ်ဆင့် ပီပီပြင်ပြင် သရုပ်ဖေါ်ထားတာ၊ နောက်ဆုံးအဆင့် မှာလည်း အံ့သြမှု တစ်စုံတစ်ရာပေးပြီး ဇာတ်လမ်းရဲ့ climax ကို ခေါ်ဆောင်သွားပုံက သေသပ်လွန်းလို့ နှစ်သက်စွာ မျှဝေလိုက်ပါသည်။ ) - စာကြွင်း- အနုပညာ ပေတံဖြင့်သာ တိုင်းတာပါသည်။ ဇာတ်ကောင်စရိုက်အပေါ် အမှား၊ အမှန် မဆွေးနွေးလိုပါ။
ဟုတ်တယ်၊ ရေးထားတဲ့ အိုင်ဒီယာကို နှစ်သက်မိတယ်၊
ReplyDeleteဘာသာပြန်တာ သိပ်ကောင်းတယ် မိုးစက်၊
ဝတ္ထုဆို မဖတ်ဖြစ်တာကြာပြီ...ဒါလေးတော့ဆုံးအောင်ဖတ်ဖြစ်သွားတယ်..
ReplyDeleteရေးထားတာ ကောင်းလို့
စူးနွယ်
အပြုံးပန်းရေ...“လူချို”ဘာသာပြန်ထားတာပါ။ အပိုင်း(၁)မှာ ရေးခဲ့ပါတယ်။ ကျွန်မကစာရိုက်ပြီး မျှဝေပေးတာပါ။ (၂)နဲ့ (၃)မှာလည်း ”လူချို”အမည် ပြန်ဖြည့်လိုက်ပါပြီ။ ၀တ္တုလေးကို ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ စူးနွယ်ရောပဲနော်-
ReplyDelete