Wednesday 21 July 2010

ချစ်သောဖြူလေး

သူ အိမ်ပြန်ရောက်တော့  မှောင်တရီဖြစ်နေပြီ။
 အိမ်ခန်း သော့ကို ဖွင့်လိုက်တော့ အထဲမှာ မှောင်နက်မည်းမည်း ဖြစ်နေသည်။ မီးခလုပ်ကို စမ်းပြီး ချောက်ကနဲဖွင့်လိုက်တော့ အိမ်ထဲမှာ အလင်းတန်းတွေ လျှံကျသွားသည်။  ဆက်တီ၊ စားပွဲ၊ ပန်းအိုး၊ အခန်းထောင့်က စာရေးခုံလေး၊ စာအုပ်စင်၊ အားလုံး ခြေရာလက်ရာမပျက်။  ဒါပေမဲ့ သူအိမ်အပြန် ကြိုနေကျ ချစ်သူလေး သူမကို မမြင်ရတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်ရသည်။

“ဖြူလေး” “ဖြူလေးရေ”  သူခေါ်မိသည်။  အိပ်ခန်းထဲကို သွားကြည့်သည်၊ ရေချိုးခန်း နဲ့  မီးဖိုချောင်ထဲမှာများ ရောက်နေရော့သလား၊ မတွေ့ပါ ...ဘယ်မှာမှမတွေ့  ပါ။   “၀ှူး”  ဆက်တီပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်နဲ့  ခေါင်းကို အုပ်ကိုင်ထားမိသည်။  အ၀တ်လဲဖို့ တောင် သူ့မှာ အားမရှိတော့ပါ။   ဖြူလေး ဘယ်ရောက်နေသလဲ လို့  ကိုယ့်ဘာသာမေးခွန်းထုတ်မိသည်။ ရီဝေနေသော သူ့ခေါင်းထဲကို မနေ့က တိတိကျကျဆိုရရင် မနေ့ကညက အဖြစ်တွေ သူ့ခေါင်းထဲကို ရောက်လာသည်။ “ကိုယ် တကယ်ပဲ မှားခဲ့ပါတယ် ကလေးရယ်”.....................

xxxxxxxxxxxxxxxxxxxx

အထီးကျန်တဲ့ သူ့ဘ၀ထဲကို ဖြူလေးရောက်လာခဲ့တာက မနှစ်ကရဲ့ မြူနှင်းဝေသော ဆောင်းရက်တရက်မှာဖြစ်သည်။  မရောက်တာကြာတဲ့ အဒေါ်ဝမ်းကွဲတယောက်အိမ် သွားအလည်မှာ ဖြူလေးကို သူရုတ်တရက် မြင်လိုက်ရတာပဲဖြစ်သည်။  သူ့ကိုတွေ့လိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ ကန့်လန့်ကာနောက်ကွယ်ကို ရိပ်ကနဲဝင်သွားပေမဲ့ သပြေတို့အရွယ် သူမလေးရဲ့  လှပ၀ိုင်းစက်တဲ့ မျက်ဝန်းလေးတွေကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။  အဒေါ်က ထွက်လာပြီး နှုတ်ဆက်တော့ အလ္လာပသလ္လာပ ပြောရင်း ဖြူလေးအကြောင်း မသိမသာ “တောက်” ကြည့်မိသည်။  “မိဘမဲ့လေးပါကွယ်၊ မင်းညီမလေး ၀ါဝါ ပဲခူးဖက်သွားရင်း ချစ်လို့ သနားလို့  မွေးစားဖို့ ခေါ်လာခဲ့တာ၊  ခုတော့ အိမ်မှာ ၀ါဝါလည်း  အဖေါ်ရသွားတာပေါ့”...။  ချစ်ခြင်းမှာ သနားခြင်း စွက်တော့ သူ့ရင်ဘတ်ထဲမှာ ဖြူလေးအကြောင်းနှင့် မဆံ့တောင်ဖြစ်လာတော့သည်။  သြော်- ဖြူလေး ဖြူလေး၊ အထီးကျန်တဲ့ တို့နှစ်ယောက် အတူတူနေနိုင်ရင် သိပ်ကောင်းမှာဘဲကွာ  -လို့။

Monday 19 July 2010

ကြာ

လမ်းဘေးမှာ ကြာပန်းကလေးတွေ တွေ့တာနဲ့   လျပ်တပြက် ရိုက်ချက်နဲ့ မှတ်တမ်းတင်လိုက်ပါတယ်။  နေရာတကာမှာ အတွေ့များတဲ့ ပန်းနုရောင်ကြာလေးတွေပါ။  ကြာဖြူနဲ့  ကြာပြာကတော့ ငယ်ငယ်က တွေ့ဖူးတယ်။  အဲဒီတုန်းကတော့ သူငယ်ချင်းတသိုက်နဲ့  လယ်ကန်သင်းရိုးမှာ  ကြာဆစ်ပုတီးလေးတွေ ဆွဲပြီး ပျော်ခဲ့ဖူးတာပေါ့......။

“ကြာ....ကြာ....ကြာ....ကြာတွေချိုးခဲ့ကွာ...အတူနေရန် စိန္တေဘုရားရှေ့မှာ” ဆိုတဲ့ မေဆွိနဲ့ ခင်မောင်ထူး စုံတွဲသီချင်း မြူးမြူးလေး ကိုတောင် သတိရမိသေးတော့တယ်။ နောက်ပြီး ချိုပြုံးရဲ့ “ဘ၀ချင်းဆုံဆည်းပါရစေ”ထဲက  “ရေကန်သာ မောင်ကဖြစ်ရင်လေ..... နှစ်ဖြာသင့်တင့်  ကြာပန်း တပွင့်ဖြစ်ပါရစေလားလေ...” ဆိုတဲ့ သီချင်း ဆွေးဆွေးလေးကို နားထဲမှာ ကြားရောင်လာပြန်ရော။ 

တကယ်တော့ မြန်မာနဲ့  ကြာက တော်တော်နီးစပ်တာပါလား။  ကြည့်လေ-  ဘာသာရေး အထိမ်းအမှတ်ကတောင် ကြာပန်းမဟုတ်လား။  ကြည့်ရတာ ရွှံ့နွံနဲ့တူတဲ့ ကိလေသာကြားကနေ ရုန်းထွက်ပေါက်ပွားလာတဲ့ သန့်စင်မှုအထိမ်းအမှတ်ပဲဖြစ်ရမယ်။  ဒီလိုပဲ လျောက်တွေးကြည့်တာပါ။ ဒါပေမဲ့ ကြာပန်းကို ဘုရားမတင်ဝံ့တဲ့သူတွေလည်းရှိရဲ့။  ချစ်သူနဲ့  နီးဖို့အရေးမှာ “ကြာ”မှာစိုးလို့တဲ့။  ဒါဆိုလဲ  “ကြာဖူး” ပဲကပ်ပေါ့ကွယ်...။

စကားပုံထဲမှာလည်း ကြာတွေ များမှများပဲနော်။ မှတ်မိသလောက် “ရေမြင့်မှ ကြာတင့်” “ရေကန်အသင့် ကြာအသင့်” “ကြာရိုးကြာစွယ်ကြည့်၊  ရေအတိမ်အနက်သိ” “ပိန်းကြာဖက်တွင်၊ ရေမတင်”  တဲ့။ နောက်ပြီး အိမ်နားက အလှူခံရုံက ဆုတောင်းနေတာ ဘာတဲ့- ပဒုမ္မာရွှေကြာပန်းလို ရွှင်လန်းနိုင်ကြပါစေ တဲ့..။  ပဒုမ္မာကြာ ကတော့ လရောင်ဆမ်းမှ ပွင့်တယ်လို့  ကြားဖူးပါရဲ့။  ငယ်ငယ်ကတော့ “ကြာ”ကြည့်ကြည့်တယ် ဆိုတာ ဘာပါလိမ့် လို့ စပ်စုခဲ့ဘူးတယ်။  နောက်မှ အငြိမ့်မင်းသမီးတွေ ဇာတ်ခုံအောက်ကို မျက်လုံးဒေါင့်ကပ်ကြည့်တာမျိုးကို ခေါ်တာမှန်းသိလာတာ။  မှန်တချပ်ယူပြီး အကြိမ်ကြိမ် စမ်းကြည့်ဖူးသေးတယ်။  တော်တော် မျက်စေ့ညောင်းတာပဲ နော်။

ကြာပင်က တော်တော်လေး အသုံးဝင်ပါတယ်။  ကြာရွက်ဆိုရင် ဈေးထဲမှာ သားငါးထုပ်တာ အကောင်းဆုံးပဲ (ခုတော့ ကြွပ်ကြွပ်အိတ်နဲ့  ထုပ်ကုန်ကြပြီ)။  ကြာရိုးကြာစွယ်က ဟင်းချိုချက်စားလို့ရတယ်လေ။ ကြာမျှင်တွေ အများကြီးစုပြီး ကြာသင်္ကန်းလည်း ယက်လို့ရတယ်။  (သင်္ကန်းတထည်ရဖို့ ကြာရိုးတွေ သိန်းနဲ့ချီပြီးကုန်တာမို့ သဘာဝပါတ်ဝန်းကျင် ရှုဒေါင့်ကနေ အားမပေးချင်တာတော့ အမှန်ပဲ) ။ ကြာပွင့်ကို ဘုရားလှူပြီး ကြာဖူးရဲ့အဆံ (ကြာသီး) ဖြူဖြူလေးတွေက ဆိမ့်ဆိမ့်အိအိ နဲ့ စားလို့အလွန်ကောင်းပေတာပဲ။

ဆရာမြသန်းတင့်ရဲ့ “ဧကရာဇ်တို့ ဧ။်ဘဏာတိုက်များ” ဆိုတဲ့စာအုပ်လေးထဲမှာ ကြာပွင့်ကြာဖူးစားပြီး ယစ်မူးနေသူတွေ အကြောင်းပါတယ်။  သူတို့ကို နောက်က လိုက်ခေါ်တဲ့သူတွေလည်း ကြာပင်တွေရဲ့ အရသာကြောင့်ပြန်မလာနိုင်တော့ဘူးတဲ့။  ဆရာဆိုလိုချင်တာ တခုခုတော့ ရှိလိမ့်မယ် ထင်ရဲ့။ 

ပြင်သစ်ပန်းချီကျော် မိုနေး ( Claude Monet 1840-1926)  ကတော့ မျက်စေ့ဝေဒနာခံစားနေရင်းနဲ့ကို  သူမသေခင် အနှစ် ၃၀အတွင်းမှာ "Waterlilies" အမည်နဲ့  ပန်းချီကားပေါင်း ၂၅၀ လောက်ရေးဆွဲခဲ့ပါသတဲ့။ သူ့ရဲကြာပန်းပန်းချီကားတကားက ပေါင် ၂၄သန်းကနေ ၄၁သန်းအထိ ရခဲ့ပါသတဲ့။  ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်ကမှ လန်ဒန်မှာ သူ့ရဲ့ပန်းချီကားတွေကို ထပ်မံလေလံတင်ခဲ့တော့ ပေါင်၂၉သန်းအထိ ဈေးပေါက်ခဲ့ပေမဲ့ အရောင်းအ၀ယ်မဖြစ်ခဲ့ပါဘူးတဲ့။ အနုပညာတန်ဖိုးများ ကြီးပါဘိနော်။  မိုနေးရဲ့ (ကြာပန်း) ပန်းချီကားလေးတွေခံစားကြည့်မယ်ဆိုရင် ဒီမှာ ပါ......တောသူဆိုတော့ အရောင်စိုတဲ့ ပထမဆုံးပုံကို အကြိုက်ဆုံးပါ...နောက်ပုံတွေက ရိုးသလိုလိုရှိပေမဲ့ သူ့တို့ရဲံ တကဲ့အလှက တိမ်တွေရဲ့အရောင်ကို ကန်ရေပြင်မှာ ဖမ်းထားတာ လို့ ထင်တယ်။ နောက်ပြီး အသွင်အမျိုးမျိုးပြောင်းနေတဲ့ ကြာပန်းရိပ်သွင်တွေက လူ့ဘ၀ကိုများ ထင်ဟပ်နေလေသလား............

မြန်မာပြည်မှာလည်း ခုတလော “ကြာ”ပါတဲ့ ရုပ်ရှင် တော်တော်လူပြောများနေပါတယ်။ ကြည့်တော့ မကြည့်ရသေးပါဘူး။ တကယ်တော့ ကြည့်ဖို့ရာ  စိတ်လည်း မ၀င်စားလှဘူးပေါ့လေ........

ကဲ ကြာပန်းလေးတွေကြည့်ရင်း ဆွဲဆန့်လိုက်တဲ့အတွေးလေးက တနံတလျား ပါလား.........ဟိုရောက်ဒီရောက်အက်ဆေးလို့ပဲ အမည်ပေးရတော့မယ်ထင်ပါရဲ့။



မိုးစက်ပွင့်

( အထက်ပါ မိုနေးရဲ့  ကြာပန်း ပန်းချီကားများမှာ ကို ဒီက ရရှိပါသည်။

Sunday 18 July 2010

ကမ္ဘာကို ကိုင်လှုပ်သော မဟာအတွေးအခေါ်ကြီးများ ( The Great Transformation)

ဖတ်သမျှစာတွေ ဦးနှောက်ထဲမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်တတ်လွန်းလို့    အီး-မှတ်စုကလေး ထုတ်ထားခြင်းဖြစ်ပါတယ်။ ဒီအထဲက အတွေးအခေါ်အချို့ကို ဥာဏ်ပညာ လိုက်မမီနိုင်သေးကြောင်း ၀န်ခံအပ်ပါတယ်။

စာအုပ်က Karen  Armstrong  ရေးသားတဲ့    "The Great Transformation" ဖြစ်ပြီး  2006 ခုနှစ်မှာ  Alfread A. Knopf ပုံနှိပ်တိုက်ကနေထုတ်ဝေပါတယ်။  စာရေးဆရာမ Karen က အဖွင့်မှာ ဒီလိုပြောထားပါတယ်။   "   Religion, .............., often seems to reflect the violence and desperation of our times.  Almost everyday we see examples of religiously motivated terrorism, hatred, and intolerance."  ဆိုပြီး သူမစာအုပ်ရဲ့ ရည်ရွယ်ချက် တစိတ်အဒေသကို ဖေါ်ပြထားပါတယ်။ နက်ရှိုင်းတဲ့ အတွေးအခေါ်တွေကနေ ယုံကြည်မှုတွေ ဖြစ်လာတယ်၊ ယုံကြည်မှုကနေ ဘာသာရေး ဆိုတာ ပေါ်ထွန်းလာတာမို့ အတွေးအခေါ်တွေရဲ့ သမိုင်းကြောင်းမပိုင်လို့ ဘာသာရေးအစာမကြေဖြစ်ပြီး အော့ကြ အန်ကြ အဆိပ်တောက်ကြတဲ့ သူတွေကို တားဆီးဖို့  ရည်ရွယ်တယ်လို့  နားလည်ရပါတယ်။

ပြီးတော့သူမက  ".....a study of this distant period can only be the exercise in "spiritual archaeology" when what we need is to create a more innovative faith that reflects the realities of our own world" လို့  ဆက်ပြောထားပါတယ်။  ဒီအခြေခံကျတဲ့ အတွေးအခေါ်တွေရဲ့ အနှစ်သာရကို တူးဆွပြီး သမိုင်းစဉ်နဲ့ယှဉ်ကြည့်ခြင်းအားဖြင့်  ဒီနေ့ခေတ်ရဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ အယူအဆကောင်းများ ပေါ်ထွန်းလာလိမ့်မယ်လို့  မျှော်လင့်ပါတယ် -တဲ့။

 ပထမဦးဆုံး  ( Axial People)  ဆိုတဲ့ အခန်းမှာ ဘီစီ ၄၅၀၀မှ ၉၀၀ အတွင်း အခြေခံအကြောင်းအရာတွေနဲ့   ခြေဆင်းပျိုး တင်ပြထားပါတယ်။  ဘီစီ ၄၅၀၀ ကစလို့  အာရယန် 'Aryan'လို့ခေါ်တဲ့  ခြေသလုံးအိမ်တိုင် လူမျိုးတွေဟာ ရုရှတောင်ပိုင်းက စတက်ပ် ( Steppes ) မြက်ခင်းတွေမှာ လှည့်လည် နေထိုင်ခဲ့ကြပါတယ်။  အာရယန်ဟာ မျိုးနွယ်စုတခုရဲ့ အမည်မဟုတ်ဘဲ "honourable" "noble"  လို့ သဘောအဓိပ္မါယ်ဆောင်ပါသတဲ့။ သူတို့ ပြောတဲ့ စကားကနေ အာရှနဲ့  ဥရောပဘာသာအများအပြား ပေါ်ထွန်းလာခဲ့လို့     Avestan ခေါ်  Indo-Europeans  လို့  လည်းလူသိများပါတယ်။ အာရယန်တွေဟာ အေးချမ်းစွာ နေထိုင်တတ်တဲ့ သဘာဝ ရှိတဲ့အတွက် အနည်းငယ် အသေးစားခိုက်ရန်ဖြစ်ပွားမှုများကလွဲလို့   အုပ်စုလိုက်စစ်ပွဲဆိုတာ မရှိခဲ့ပါဘူးတဲ့။  အစပိုင်းမှာ သူတို့က ( Dyaus Pitr ) လို့ခေါ်တဲ့ ဖန်ဆင်းရှင်ကို ပူဇော်ကြပါတယ်။  နောက်ပိုင်းမှာတော့ လူတွေနဲ့ ပိုနီးစပ်တဲ့  “ဒေ၀”တွေကို ပူဇော်လာကြတယ်။ ဒေ၀ ဟာ ဒီနေ့ပြောနေတဲ့  gods  အဆင့်ကို မရောက်သေးပါဘူး။ ဒေ၀ အမျိုးမျိုး ကတော့-
- Varuna  လို့ ခေါ်တဲ့  စကြ၀ဠာကို အစီအစဉ်တကျအုပ်ချူပ်သူနတ်
- Mithra လို့ခေါ်တဲ့ မုန်တိုင်း၊ မိုးကြိုး၊ မိုးရွာသွန်းမှုဆိုင်ရာနတ်
- Mazda ခေါ်  တရားမျ၏ျတမှု၊ ပညာရှိမှု၊  နေနဲ့  တာရာတွေ ဆိုင်ရာနတ် နဲ့ 
- Agni ခေါ် မီး နတ် တို့ပဲ ဖြစ်ကြပါတယ်။
သူတို့ ယုံကြည်တာ အစပိုင်းမှာ ဖန်ဆင်းရှင်ရဲ့အလိုအရ ဒေ၀တွေဟာ  ကောင်းကင်ကြီးကို ပထမဆုံး ဖြစ်ပေါ်စေတယ်။  နောက်မှ မြေကြီး၊ ရေ တို့ ဖြစ်ပေါ်လာတယ်။  နောက် အပင်တပင်၊ နွားသိုးတကောင်၊ နဲ့  လူတယောက် ဖြစ်ပေါ်လာခဲ့တယ် တဲ့။  နောက်ဆုံးမှာ မီး ဖြစ်ပေါ်လာတယ်။  အဲဒါတွေဟာ အစပိုင်းမှာ အသက်ဝိဥာဉ်မရှိသေးဘူး။ ဒေ၀တွေက  အပင်၊နွားသိုး နဲ့  လူ တို့ကို ကြိတ်ချေလိုက်တော့မှ နေတွေဟာ ပူလာတယ်။ ရာသီဥတုတွေ ဖြစ်ပေါ်လာတယ်။  အစတေးခံရတဲ့ အရာတွေရဲ့နေရာများ သက်ရှိ အမျိုးတူတွေ ပေါ်လာတယ် တဲ့။ ဥပမာ- အပင်ရဲ့နေရာမှာ သီးနှံတွေ၊ ပန်းပွင့်တွေ၊  နွားသိုးရဲ့နေရာမှာ တိရိစ္ဆာန်မျိုးစုံ၊ နဲ့   လူသားမျိုးနွယ်တခုလုံး ပေါ်ထွန်းလာပါသတဲ့။ ယာဇ်ပူဇော်တဲ့ အလေ့က အဲဒီကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

ဘီစီ ၁၅၀၀ လောက်မှာတော့ အာရယန်တွေဟာ မက်ဆိုပိုတေးမီးယား နဲ့ အာမေးနီးယားက လူမျိုးတွေနဲ့  ကုန်သွယ်မှု ပြုလာကြတယ်။  ကြေးလက်နက်တွေ သုံးတတ်လာသလို ၊  နွားလှည်းတွေ၊  မြင်းရထားတွေ အသုံးပြုတတ်လာခဲ့လို့  မြန်မြန်ဆန်ဆန် ခရီးသွားလာနိုင်ခဲ့တယ်။  အဲဒီကနေပဲ စစ်တိုက်တဲ့ အလေ့အထတွေ၊ တခြားမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုတွေ တိုက်ခိုက်သိမ်းယူတာတွေ၊  စစ်တိုက်လို့ရလာတဲ့ ဥစ္စာပစ္စည်းတွေကို ပွဲလမ်းသဘင်ပြုပြီး ဂုဏ်တုဂုဏ်ပြိုင် ကြွားဝါမှူတွေ ပေါ်ထွန်းလာခဲ့တော့တယ်။ အဲဒီမှာ Indra  လို့ ခေါ်တဲ့ စစ်နတ် ယုံကြည်မှု ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။  စစ်ပွဲနဲ့  လုယက်မှုတွေ ကြီးစိုးလာတဲ့အခါ  လိုအပ်ချက်အရ  Zoroaster ဆိုတဲ့ အသက် ၃၀ အရွယ် တမန်တော်တယောက်ပေါ်ထွန်းလာခဲ့ပါတယ်.။ သူက  Mazda ဆိုတဲ့ တရားမျှတမှုနတ်နဲ့  တွေ့ဆုံခဲ့တယ် လို့  ဆိုပါတယ်။  Mazda နတ်ဟာ တုန့်ပြန်စစ်ပွဲကို ခွင့်ပြုခဲ့ပြီး သူ့ရဲ့ ကောင်းချီးပေးမယ်လို့ ပြောပါတယ်။  Zoroastrianism ၀ါဒဟာ သူအသတ်ခံရပြီးတဲ့နောက် အီရန်တောင်ပိုင်းများ ပြန့်ပွား ထွန်းကားခဲ့ပါတယ်။

နောက်ပိုင်းမှာ သက္ကတ( Sanskrit )ဘာသာစကားပြောတဲ့ အာရယန်တွေဟာ အာဖဂန်နစ္စတန်ကို ဖြတ်ကျော်ပြီး   "Land of Seven Rivers" လို့ခေါ်တဲ့ အခု အိန္ဒိယပြည်က ပန်ဂျပ်ပြည်နယ် အိန္ဒုမြစ်ဝှမ်းကို တစိမ့်စိမ့် ထိုးဖေါက် ရောက်ရှိလာပါတော့တယ်။ အိန္ဒုမြစ်ဝှမ်း အင်ပါယာဟာ အလွန်ကျယ်ပြန့်ပြီး အတိုးတက်ဆုံးမြို့တော်နှစ်ခုကို  (Mohanjo-Daro) နံ့ (Harappa)မှာ တွေ့ရပါတယ်။  ရွှေ၊ ကြေးနီ၊ ကြေးဝါ၊ သံဖြူ ကျွန်းသစ်၊ ဆင်စွယ်၊ လာပစ်လာဇူလီ၊ ချည်ထည်တို့ကို မက်ဆိုပိုတေးမီးယားဒေသနဲ့  ကုန်သွယ်ခဲ့ပါသတဲ့။  အာရယန်တွေ ရောက်ပြီး မကြာခင်မှာဘဲ  ရစ်ဝေဒ (Rig Veda ) "Knowledge in Verse" လို့ခေါ်တဲ့ အပိုဒ်ပေါင်း ၁၀၂၈ ပိုဒ်ပါ ကျမ်းစာကြီး ပေါ်ထွန်းခဲ့ပါတယ်။ မူလက ကျမ်းစာတွေဟာ အာဂုံဆောင် လက်ဆင့်ကမ်းခဲ့ရတာဖြစ်ပြီး နောက်နှစ်ပေါင်းများစွာကြာမှ စာပေအသွင်ပေါ်ထွန်းလာခဲ့တာပါ။  အာရိယန်တွေဟာ “ခတ္တိယ“ မင်းမျိုးတွေလို့  ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ပြီး  ကုန်သည်နဲ့ လယ်သမားတွေကို ”၀တ်သ”၊ ဒေသခံ ဒရာဗီးဒီးယန်း လူမျိုးတွေကို “သုဒ္ဒ” ကျွန်မျိုးအဖြစ်ဇာတ်ခွဲထားပါတယ်။  မီးဖိုသုံးခုနဲ့  နတ်ဒေ၀တာတွေကို ပူဇော်တဲ့ အလေ့အထ ရှိပါတယ်။ 

ဒါကတော့ Axial Age  မတိုင်မီ အခြေအနေတွေပါ။ အဲဒီ အခြေအနေကမှ အတွေးအခေါ်မြင့်မားသော မဟာလူသားတွေ ပေါ်ပေါက်လာပြီး ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ အယူအဆကြီးတွေ ပေါ်ထွန်းခဲ့ရတယ် လို့  ဆိုပါတယ်။

သူမ အဓိကထားပြီးလေ့လာတင်ပြခဲ့တဲ့ အချိန်ကာလကတော့  ဂျာမန် တွေးခေါ်ပညာရှင်  Karl Jespers  က  Axial Age* လို့ အမည်ပေးထားတဲ့   BC- 900 မှ 200 အတွင်း ကာလပဲ ဖြစ်ပါတယ်။  ဒီကနေ့ခေတ် အထိ တွင်ကျယ်နေတဲ့ အတွေးအခေါ်အသီးသီးကို အုဌ်မြစ်ချခဲ့တာမို့ ”သုခမိန်ခေတ်” လို့  အနက်ဖွင့်ရလေမလားမသိ။  Axial Age  ရဲ့ အဓိက  အတွေးအခေါ်ကြီးများကို  လေးပိုင်း ပိုင်းထားပါတယ်။ ဒါတွေကတော့......
1.  Confuciousnism &  Daoism (China)
2.  Hinduism & Buddhism ( India)
3.  Monotheism ( Israel)
4.  Philosophical Rationalism ( Greece)
  တို့ပဲ ဖြစ်ပါတယ်။ 

အတွေးအခေါ်တွေကို  တင်ပြတဲ့အခါမှာတော့  အမျိုးအစားတခုကို အစဆုံးမရေးပဲ  တစ်ပိုင်းစီကို ရာစုနှစ်ခေတ်အလိုက် ယှဉ်ယှဉ်ပြီး ရေးထားတာက အကန့်အကန့်  နဲ့မို့   ခေတ်ပြိုင်အခြေအနေတွေကို ဖတ်သူ မျက်စေ့ထဲမှာ ရှင်းလင်းမြင်သာစေပြီး၊  နေရာဒေသနဲ့ အကြောင်းအရာ အပြောင်းအလဲလေးတွေက စာဖတ်သူရဲ့ စိတ်အာရုံဖိစီးမှုကိုလည်း သက်သာစေတယ်လို့   ထင်ပါတယ်။


( မှတ်စုထုတ်မပြီးခင်မှာ စာအုပ်နဲ့  ခွဲခွာခဲ့ရတာမို့    တခုချင်းကို အသေးစိတ် မရေးနိုင်တော့ပါဘူး။  ကွန်ဖြူးရှပ်အကြောင်းကို တော်တော်  ရေးထားတယ်။   ဗုဒ္စအကြောင်းကတော့ ခပ်ပါးပါး၊  ဗုဒ္စ၀င်သမိုင်းရဲ့ ၂% လောက်က တော့ ကိုယ်သိထားတာနဲ့    နဲနဲကွဲတယ်။  နောင် အခွင့်ရမှ ရှာဖတ်ပါဦးမယ်။  သူငယ်ချင်းတို့လဲ ဖတ်ကြည့်ပါဦး  လို့  - လက်တို့ပါတယ်)


မိုးစက်ပွင့်

* "the spiritual foundations of humanity were laid simultaneously and independently... And these are the foundations upon which humanity still subsists today". ( Wiki pedia)

Saturday 17 July 2010

သစ်ခွ ဧကရီ (The Last Empress )

Orchid Empress  လို့အမည်ရတဲ့ တရုတ် မန်ချူးအင်ပါယာကြီးရဲ့ နောက်ဆုံးသခင်မ ဇူးရှီ ( Tzu Hsi) အကြောင်းပါ...။   Empress ဆိုတော့ ဧကရီလို့ပဲ ခေါ်ရမယ်ထင်တယ်။ စာရေးသူ Anchee Min က ၂၀၀၇ခုနှစ်မှာ UK Bloomsbury  ပုံနှိပ်တိုက်ကနေ ထုတ်ဝေခဲ့တာပါ။ သမိုင်းကိုရေးတဲ့အခါမှာ တကယ်ပဲ ဘက်လိုက်မှုကင်းရဲ့လား ဆိုတဲ့မေးခွန်းကို ဒီစာအုပ်က ထပ်ခါတလဲလဲမေးခွန်းထုတ်ထားပါတယ်။  

အနောက်တိုင်း သတင်းဂျာနယ်တွေကရော တရုတ်သင်ရိုးညွှန်းတမ်းတွေမှာရော  ၁၉၉၁အထိ ဇူးရှီဘုရင်မ (၁၈၃၅- ၁၉၀၈) ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားပါတယ်။ သစ်ခွဧကရီဟာ ရက်စက်တယ်၊ ကောက်ကျစ်တယ်၊  အလိုရမက်ကြီးတယ်၊ စသဖြင့် မျိုးစုံဖေါ်ပြထားသလို Sir Edmund Backhouse ဆိုတဲ့  ပုဂ္ဂိုလ်က သူနဲ့   သစ်ခွဧကရီဟာ သူမမကွယ်လွန်မီ ခြောက်နှစ်အလိုအထိ Sexual Contact တွေ ရှိခဲ့ကြတယ်လို့   ၁၉၁၀ နဲ့  ၁၉၁၄ မှာ ရေးသားခဲ့ဘူးပါတယ်။ တကယ်တော့ အသက်၇၀ကျော် ဘုရင်မကြီးအနေနဲ့  ဒီလိုကိစ္စမျိုးတွေ ရှိနိုင်ပါ့မလား လို့ သံသယဖြစ်စရာကောင်းသလို ၁၉၇၄ အရောက်မှာ ဒါဟာ လုပ်ကြံရေးသားမှုဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရလာခဲ့ပါတယ်။ စာရေးသူ Anchee Min ကတော့ ဇူးရှီဘုရင်မရဲ့ ဇာတ်ကြောင်းပြောဟန်နဲ့  ရေးထားတဲ့ ဒီသမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဝတ္တုထဲမှာ  တရုတ်ပြည် မန်ချူးအင်ပါယာရဲ့ နေ၀င်ချိန်နဲ့   ဇူးရှီဘုရင်မရဲ့ ဘ၀အခက်အခဲ အတွေ့အကြုံတွေကို အတွင်းကျကျ ရေးဖွဲ့ထားပါတယ်။


၁၈၅၂ မှာ  Orchid လို့ခေါ်တဲ့  အသက် ၁၇နှစ်အရွယ် မိန်းမလှလေး ဇူးရှီ ဟာ မန်ချူးဘုရင် Hsien Feng  ရဲ့ ရာပေါင်းများစွာသော မိဘုရားအမြှောင် ( concubine) တွေထဲက တယောက်အနေနဲ့   နန်းတော် ( Forbidden City ) ထဲကို ရောက်ရှိလာခဲ့ပါတယ်။ Forbidden City နန်းတော် တံတိုင်းထဲမှာ သူမဘ၀ကို ကပြ အသုံးတော်ခံခဲ့ရတာပါ။  သူမဟာ တခြားမိဘုရားငယ်တွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့  မင်းကြီးအတွက် တုံးချီ ( Tung Chih )ဆိုတဲ့ သားတော်တပါး မွေးပေးနိုင်ခဲ့တာပါဘဲ။ ထီးလျာနန်းဆက်မွေးပေးနိုင်ခဲ့တဲ့အတွက် Orchid ဟာ မြှောက်စားခံရပါတယ်။ သားတော်လေး ငါးနှစ်အရွယ်မှာ မင်းကြီး နတ်ရွာစံတဲ့အတွက် သားတော် တုံးချီ ကို ရင်ခွင်ပိုက်ပြီး အုပ်ချူပ်ရတဲ့ မန်ချူးဧကရီဘုရင်မ ဖြစ်ခဲ့ရပါတယ်။ သူမနဲ့ အုပ်ချူပ်ရေးမှာ ပူးတွဲ ဆောင်ရွက်ရသူ တွေကတော့ မိဘုရားခေါင်ကြီး နူဟာရူး နဲ့   နန်းတော် အုပ်ချူပ်ရေး အဖွဲ့ တို့ပဲ ဖြစ်ပါတယ်။


နယ်စွန်နယ်ဖျားက အုပ်ချူပ်ရေးမှုးတယောက်ရဲ့ သမီး  ကျေးတောသူလေး ဇူးရှီဟာ အုပ်ချူပ်ရေးပညာကို ဘယ်ကျောင်းမှာမသင်ခဲ့ရပေမဲ့  ပကတိဥာဏ်နဲ့ရော၊ စိတ်စေတနာကောင်းတဲ့ မူးကြီးမတ်ရာ တွေဆီကနေရော သင်ယူလေ့လာ ခဲ့ပါတယ်။  သူမရဲ့ အားသာချက်က လူကောင်း၊ လူဆိုး ခွဲခြားအကဲခတ်တတ်တာရယ်၊  ဘယ်သူက သူမကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မလဲ ဆိုတာသိနေတာရယ် တွေပဲဖြစ်ပါတယ်။  ဇူးရှီရဲ့ အုပ်ချူပ်ရေးကာလဟာ မန်ချူးအင်ပါယာအတွက် အခက်ခဲဆုံးအချိန်တွေပါ။  ရှေးမင်းအဆက်ဆက်ထဲက အင်ပါယာကို ရန်စကျူးကျော်နေကြတဲ့ ဂျပန် နဲ့ အနောက်ဥရောပ နိုင်ငံတွေဟာ အင်ပါယာရဲ့ ပိုင်နက် ဆိပ်ကမ်းတွေမှာ ကုန်သွယ်ခွင့်၊ သာသနာပြုခွင့် ပေးထားရတဲ့ အချိန်ပါ။  ပြည်တွင်းစီးပွားရေးက ယိမ်းယိုင်နေပြီး၊ နိုင်ငံခြားသားတွေကို မုန်းတီးတဲ့ လူတွေကလည်း ပုန်ကန်ထကြွမှု၊  ပြန်ပေးဆွဲမှုတွေ အကြိမ်ကြိမ်လုပ်နေခဲ့တာပါ။  အဲဒီအချိန်မှာပဲ လာဘ်စားပြီး၊ ကောက်ကျစ်တဲ့  ဒေသဆိုင်ရာ အရာရှိတွေ၊  နန်းတော်ထဲက မနာလိုမရှုစိမ့်တဲ့ မင်းညီမင်းသားတွေရဲ့  ပညာပြ တိုက်ခိုက်ဝေဖန်မှုတွေကြားထဲကနေ ထီးနန်းကို ဆက်ခံရတာပါ။


ဇူးရှီအနေနဲ့   လာဘ်စားပြီး လုပ်ရပ်မမှန်တဲ့ အရာရှိတွေကို သေမိန့်လက်မှတ်ထိုးခဲ့ရတာတွေ အကြိမ်ကြိမ် ကြုံခဲ့ရသလို၊ နန်းတွင်းအုပ်ချူပ်ရေးဗြူရိုရဲ့ ဖိအားကြောင့် အရာရှိကောင်းတွေကို မလွှဲမရှောင်သာ ရာထူးထုတ်ပယ်ခဲ့ရတာမျိုးလည်း ကြုံခဲ့ရပါတယ်။  အဲဒါကြောင့်  သစ်ခွဧကရီကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြသလို၊ မုန်းတီးတဲ့သူ အများအပြားလည်း ပြည်တွင်းပြည်ပမှာ ရှိခဲ့ပါတယ်။  ဒါပေမဲ့ သူမအမြဲအားထားခဲ့တဲ့  ပြည်ပသံတမန်ဆက်ဆံရေးအရာရှိ (Li Hung Chang )  နဲ့    သေနာပတိတပ်မှူး  ( Yung Lu ) တို့ကတော့ သူမကို အမြဲ လေးစား ယုံကြည်ခဲ့ပါတယ်။ မိန်းမစိုး   An Tei Hai  နဲ့  သူ့ကိုဆက်ခံသူ မိန်းမစိုး Li Lien Ying တို့ကတော့ အမြဲသစ္စာ ရှိခဲ့ကြပါတယ်။  သစ်ခွကို တိတ်တခိုးမုန်းတီးတဲ့ မိဘုရား နူဟာရူးက သူမစိတ်ဒုက္ခရောက်အောင် သူမအားအလွန်ကိုးတဲ့ မိန်းမစိုး An Tei Hai ကို နန်းတော်ပြင်ပမှာ ဖမ်းဆီးသတ်ဖြတ်ခွင့်ပေးခဲ့တယ်ဆိုတာ သေခါနီးမှာ ၀န်ခံသွားခဲ့ပါတယ်။ အသက် ၂၀ ကျော်သာရှိသေးတဲ့ ငယ်ရွယ်သေးတဲ့ ဇူးရှီဘုရင်မဟာ သူမကို ဂရုစိုက်တဲ့၊  ချောမောခန့်ညားတဲ့ သေနာပတိ ယုံလုအပေါ် မေတ္တာသက်ဝင်ခဲ့ပါတယ်။  ဒါပေမဲ့ နန်းတော်အသိုင်းအ၀ိုင်းရဲ့ စူးစမ်းတဲ့ မျက်လုံးတွေအောက်မှာ ဟန်ဆောင်ဖုံးကွယ်ပြီး စိတ်ကူးယဉ်ဘ၀နဲ့သာ ကြေနပ်ခဲ့ရပါတယ်။ မဖြစ်နိုင်တာကိုသိနားလည်တဲ့အတွက် ယုံလုကလည်း အဝေးတာဝန်တွေ တမင်တကာ တောင်းဆိုပြီး နန်းတော်ကနေ ၇နှစ် တိတိ ရှောင်ခွာခဲ့ပါတယ်။ နောက်ဆုံးပြန်လာတဲ့အချိန်မှာ သူလက်ထပ်မဲ့ မိန်းကလေးကို ဘုရင်မဆီ ခေါ်လာပြခဲ့ပါတယ်။  မိန်းကလေးက သေနာပတိနဲ့ ဘုရင်မတို့ရဲ တိတ်တခိုးမေတ္တာဇာတ်လမ်းကို သိရှိနားလည်ပေးနိုင်သူလေးဖြစ်တဲ့  ရောင်းရင်းတပ်မှူးတယောက်ရဲ့ သမီးလေး ( Willow ) ဖြစ်ပါတယ်။  ယုံလု လက်ထပ်ချိန်မှာ ဘုရင်မဇူးရှီရဲ့ အသည်းတွေ ပဲ့ကြွေမတတ်ခံစားရပေမဲ့ ဒါဟာ နှစ်ဦးစလုံးအတွက် အကောင်းဆုံးရွေးချယ်မှုပဲဆိုတာ လက်ခံခဲ့ပါတယ်။

Friday 16 July 2010

ဧည့်ဆိုး”မောင်”

“မောင်”
ပိန်းပိတ်အောင်မှောင်တဲ့
သန်းခေါင်ကျော် အချိန်မျိုး
သူ့ခေါ်သံတိုးတိုးကြောင့်
လန့်ပြီးတော့ နိုးလာခဲ့ .........
အတိတ်ဆိုးတွေ အရိပ်ထိုးနေသလား
မျက်ရည်စီးသံလား ရွက်ကြွေညည်းသံလား
ရင်မှာစိုးထိတ် ဟိုးအမှောင်ရိပ်က
သူ့ခြေသံဖွဖွ ကြားမိရဲ့...။

စံပယ်နံ့သင်းသင်း
သက်ပြင်းတရှိုက်
 အပြစ်မကင်းတဲ့ ချစ်ခြင်းကြောင့်
ရင်မှာမောဟိုက်  
အိုး......ခက်လိုက်တာကွယ် .......
မခေါ်ပဲလာ မနှင်ပဲပျောက်
ကြောက်စရာ ဧည့်ဆိုး
အိမ်မက်တံခါးကိုဖျက်ချိုး
အမှောင်ကိုအားကိုးပြီးမှ လာတတ်တယ်...။

ဒါကြောင့်လေ...
လူခြေတိတ်ဆိတ်
ညမှောင်ရိပ်ဆို
အိပ်ငွေ့မပြယ်တပြယ်
အတိတ်မေ့နေချင်တယ် ”မောင်”..။

Wednesday 14 July 2010

လွမ်းတော်မူဖို့ စာကိုစီ ( The Glass Palace)

အခုတလော အားနေလို့  စာတော်တော်များများ ဖတ်ဖြစ်ပါတယ်။  ဖတ်ပြီးသမျှကိုလည်း မေ့မသွားအောင်ရယ်၊ သူငယ်ချင်းတွေနဲ့ မျှဝေချင်တာရယ်နဲ့   ဇာတ်လမ်း အကျဉ်းချူပ်လေးတွေ ချရေးဖြစ်ပါတယ်။ 

Amitav Ghosh ရဲ့  The Glass Palace ပါ။  အရှေ့တိုင်းရဲ့ ဒေါက်တာဇီဗားဂိုးဝတ္တု လို့    Cover မှာ  The Independent သတင်းစာက တင်စားထားလေရဲ့။  သူများပြောသံကြားလို့  ဖတ်ဖူးချင်နေတာ ကြာပါပြီ။  မမျှော်လင့်တဲ့နေရာမှာ တွေ့လိုက်ရတော့ ၀မ်းသာမိပါတယ်။  သီပေါမင်း ပါတော်မူခေတ်နောက်ခံဆိုလို့    ငယ်ငယ်က ဆရာမြသန်းတင့် (ယွန်းခင်ခင်) လို့  ဘာသာပြန်ထားတဲ့ စာအုပ်လေးတော့ ဖတ်ဖူးတယ်။ အဲဒါက မန္တလေးနန်းတွင်းက ပြင်သစ် နန်းတွင်းသူတယောက်ရဲ့ အချစ်ဇာတ်လမ်း  ၀တ္တုလေးပါ။  အခု ( The Glass Palace) ၀တ္တုကတော့ ရတနာဂီရိကို လိုက်ပါသွားရတဲ့ တိုင်းရင်းသူ နန်းတွင်းသူကလေးရဲ့ သမိုင်းနောက်ခံ အချစ် ၀တ္တုပါ။  စာအုပ်က နည်းနည်းထူပြီး ကိုယ့်အတွက် စာဖတ်ရမဲ့နေ့တွေ ကုန်ဆုံးခါနီးလာပြီဆိုတော့ တက်သုတ်ရိုက် ဖတ်ရတော့တယ်။  


(ရာဂ်ျကူးမား) ဟာ စစ်တကောင်းဇာတိ၊ ကျောက်ဖြူမှာမွေးဖွားခဲ့တဲ့ အိန္ဒိယနွယ်ဖွား ကောင်ကလေး
တယောက်ပါ။  ကပ်ရောဂါမှာ မိဘမောင်နှမတွေအားလုံးသေကုန်ပြီး သူတယောက်ထဲကျန်လို့   မြစ်ကြောင်းတလျှောက် လှေထိုးလိုက်ရင်း မန္တလေးက မချိုဆိုတဲ့ အမျိုးသမီးရဲ့ ထမင်းဆိုင်ကလေးမှာ လက်တိုလက်တောင်းလုပ်ရင်း သောင်တင်နေပါတယ်။  အင်္ဂလိပ်မြန်မာ တတိယစစ်ဖြစ်တော့ နန်းတွင်းထဲအထိ အင်္ဂလိပ်တပ်တွေ ၀င်လာပါတယ်။  အဲဒီအချိန်က မန္တလေး နန်းတော်ကြီးဟာ အလွန်ခန်းနားလှပလွန်းပါသတဲ့။ အထူးသဖြင့် ရတနာမျိုးစုံခြယ်ထားတဲ့ တံခါးတွေ၊ သလွန်တော်တွေနဲ့အတူ၊ ကိုယ့်အရိပ်ကိုယ်မြင်ရအောင် ဖိတ်ဖိတ်လက်နေတဲ့ မှန်နန်းဆောင်ကြီးကိုလည်း "Glass Palace" လို့ ခေါ်ပါသတဲ့။ အင်္ဂလိပ်တပ်တွေက သမီးတော်နှစ်ပါးအပါအ၀င် သီပေါဘုရင်မိသားစုကို သူရိယ သင်္ဘောနဲ့ ခေါ်ဆောင်သွားချိန်မှာ အသက် ၁၀နှစ်အရွယ် တောင်ပေါ်တိုင်းရင်းသူ နန်းတွင်းသူကလေး ဒေါ်လီစိန် ပါသွားပါတယ်။  ဒေါ်လီကို မြင်မြင်ချင်း ချစ်ခင် စွဲလမ်းသွားတဲ့ ရာဂ်ျကူးမားက သင်္ဘောအတက်မှာ  အင်္ဂလိပ်စစ်သားတွေကြားကနေ ချိုချဉ်ထုပ်ကလေးကို မရအရ အပြေးလိုက်ပေးပါသေးတယ်။


နောက်တော့ ရတနာဂီရိရောက် ဘုရင်နဲ့ မိဘုရားတို့ရဲ့အခြေအနေကို အသေးစိတ် ရေးဖွဲ့ထားပါတယ်။ နန်းတော်ကအထွက်မှာ သောကရောက်နေတဲ့ ဘုရင်လက်ထဲကနေ သိမ်းပေးမယ်ဆိုပြီး ကာနယ်စလေဒင်က  ပတ္တမြားငမောက်အပါအ၀င် နန်းစဉ်ရတနာတွေကို မလိမ့်တပါတ်နဲ့  အပျောက်ရိုက်လိုက်ပုံ၊ ရတနာဂီရိမှာ နေရတဲ့ ဘုရင့်မိသားစုဟာ  အင်္ဂလိပ်တွေက ဂရုတစိုက်မရှိလို့  အနေအစားဆင်းရဲပုံ၊  ပါသမျှရတနာတွေ တတိတတိ ထုခွဲရောင်းချပြီး သုံးရလို့   နောက်ဆုံး ၀န်ထမ်းငှားဖို့ ခက်ခဲပုံ၊ အနီးတ၀ိုက်က လူတွေ ကပ်ရောဂါဖြစ်လာတော့ အိမ်တော်အမှုထမ်းတချို့ကို တဲထိုးပြီး အနီးအနားခေါ်ထားခဲ့ရာက စံအိမ်တော်က တဲပုတ်တွေရဲ့အလယ်မှာ အနံ့အသက်မကောင်းစွာ နေထိုင်ခဲ့ကြရပုံတွေ ပါဝင်ပါတယ်။  သမီးတော်လေးပါးစလုံး  ရတနာဂီရိ စံအိမ်တော်မှာ အထီးကျန်စွာ နေထိုင်ခဲ့ရပုံ၊ သီပေါမင်းကြီးကတော့ မင်းတုန်းမင်းအမွေ ရွှေနားကွပ် မှန်ပြောင်းတော်နဲ့  မြစ်ဝဖက်လှမ်းကာ သင်္ဘောအ၀င်အထွက်၊ လူအ၀င်အထွက်ရှုစားပြီး အချိန်ကုန်ဆုံးအောင်နေခဲ့ရပုံတွေ ရေးပြထားပါတယ်။ ဒီလိုနဲ့   ရတနာဂီရိမှာ နှစ်၂၀နီးပါး ကြာခဲ့လို့ သမီးတော် လေးပါးတောင် အပျို အရွယ်ရောက်နေကြပါပြီ။

Thursday 8 July 2010

ဆူးရိုင်း နှင်းဆီ (သို့မဟုတ်) The Blood of Flowers

အီရန်စာရေးဆရာမ Anita Amirrezvari  ရဲ့ The Blood of Flowers အမည်ရှိတဲ့ ပထမဦးဆုံး ၀တ္တုလေးပါ။ ၁၇ ရာစုခေတ်က အီရန် ကော်ဇောယက်ကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက် ရဲ့ ဘ၀ပုံပြင်ကို ရေးပြထားပါတယ်...။  


၁၅နှစ်သမီးအရွယ် Azizam ဆိုတဲ့ မိန်းကလေး ဟာ (အီရန်ထုံးစံအရ) လက်ထပ်ဖို့   သင့်တော်တဲ့အချိန်ကို တော်တော်လေး နီးကပ်လာပြီလို့ဆိုနိုင်ပါတယ်။  မိဘတွေက လက်လုပ်လက်စား မရှိမရှားတွေမို့   (ထုံးစံအရ) သတို့သားကြေး Dowry ပေးဖို့အတွက် အလုံအလောက်မရှိလို့  ကော်ဇောယက် ပါရမီပါလာသူကလေးပီပီ ကော်ဇော အကောင်းစားတစ်ထည်ကို သူကိုယ်တိုင်ယက်လုပ်ပါတယ်။  ရွာထဲမှာ အဲဒီနှစ်မှာပဲ မကောင်းဆိုးဝါး နမိတ်ဆောင်တဲ့ ကြယ်တံခွန်တလုံးကို အားလုံးသတိထားမိကြပါတယ်။  အဲဒီကြယ်တံခွန်က ရွာသူရွာသားတွေကို ဘယ်လိုများ ”ခိုက်”မလဲလို့  အားလုံးက ပူပန်နေကြပါတယ်။  မကြာခင်မှာပဲ သူမကို အလွန်ချစ်တဲ့ သူမဖခင်ဟာ အမဲလိုက်ရင်း ဖျားနာပြီးအိမ်ပြန်ရောက်လာပါတယ်။  ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားပါတယ်။  ဖခင်သေဆုံးပြီးတော့ စားရေးသောက်ရေး ခက်ခဲလာတာနဲ့အမျှ ပိုင်ဆိုင်မှုတွေကို တစတစ ရောင်းချစားသောက်လာရပါတယ်။ နောက်ဆုံး စားစရာမရှိတော့တဲ့အခါ သူမယက်ထားတဲ့ ကော်ဇောလေးကို ရောင်းချပြီး Isfahan  မြို့တော်က တခါမှ သူတို့သားအမိမမြင်ဖူးတဲ့ အဖေတူအမေကွဲ အဖေ့ညီ ဦးလေး မိသားစုကို ရှာဖွေပြီး သွားရောက်ခိုလှုံရပါတော့တယ်။ ဒါက သူမရဲ့ ခရီးကြမ်းအစပါ။

Wednesday 7 July 2010

သစ်သီးအလှ ပန်းအလှ

မနေ့က  အလုပ်မရှိ အလုပ်ရှာပြီး ရာသီပေါ်သစ်သီးလေးတွေကို စိတ်ကူးရသလိုအလှဆင်ပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။ (အီကေဘားနား) က ပန်းအလှပြင်ဆိုတော့ အခုဟာက ( အီကေဖရုတို) လို့ ခေါ်ရင် ကောင်းမလား ??? ပုံလေးကို "Me and my friends" လို့ အမည်ပေးထားတယ်........
နောက်ထပ် တမျိုးပြောင်းပြီး ရိုက်လိုက်ပါတယ်...။ နံမည်လေးက  "Me and my family" တဲ့.....။




တလက်စတည်း သတိရသွားတာနဲ့  သူ့အရင်စောစော တပါတ်က ရိုက်ထားတဲ့ အောက်ကပုံကလေးပါ ဖြည့်တင် ပေးလိုက်ပါတယ်...။ နံမည်တော့ မပေးတတ်တော့ဘူး။ 


အဲဒီလိုလေး ကိုယ့်မျက်စေ့ထဲမှာ ကြည့်လို့လှနေရင် တော်တော်နဲ့  ယူမစားဖြစ်ဖူး။ အလှပျက်သွားမှာ စိုးလို့..ပါ။  ဂျပန်ရိုးရာ အီကေဘားနား ပန်းအလှပြင်ပညာကို ငယ်ငယ်က တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။  အရင်တုန်းက YMCA မှာ သင်ပေးပါတယ်။ ကြံရွယ်ခဲ့ပေမဲ့ ဘ၀အခြေအနေ မပေးတာကြောင့်  မသင်ဖြစ်ခဲ့ဘူး။  သူများ ပြင်ထားတာလေးတွေ ဓါတ်ပုံရိုက်ထားရင်တော့ သိပ်ကြိုက်ပါတယ်။ အခြေခံအနေနဲ့   (ကောင်းကင်၊ လူသား၊ မြေကြီး) ဆိုပြီး အကိုင်းသုံးကိုင်းကို စောင်းစောင်းလေးစိုက်ပြီး ပန်းပွင့်လေး၊ သစ်ရွက်လေးတွေ ဝေနေအောင် ဖြည့်စိုက်ကြတာတော့ မှတ်သားဖူးပါတယ်။  နောင်အခွင့်ကြုံရင် ပန်းအလှပြင်သင်တန်းတက် ပါဦးမယ်။  ပညာလို အိုသည်မရှိ ပေါ့...လေ။ ကျည်ပွေ့ အတက်ပေါက်တယ်လို့   ဂုဏ်ယူစွာ ပြောခွင့်ရရင်လည်း ပြောပါဦးမယ်။


နောက်ပြီး အိမ်ရှေ့မှာ တွေ့တဲ့ နေရောင်အောက်က တောက်တောက်ပပ အရောင်လှတဲ့ ပန်းကလေးကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်......။  ပန်းအမည်တော့ မသိပါဘူး..။
အောက်က ဒီနေ့ ရိုက်ခဲ့တဲ့ အဲဒီ ပန်းကလေးပုံပါ။  သခါင်္ရတရားကြောင့် သူ့ရဲ့  စိုပြေ၀င့်ကြွားတဲ့အလှတွေ မရှိတော့ပေမဲ့ သူ့ရဲ့ ရဲရင့်တဲ့ အသွေးအရောင်ကို မစွန့်ခဲ့ပါဘူး။  ဒါလဲ ကိုယ် ရောက်တတ်ရာရာ တွေးကြည့်မိတာပါလေ...။
 ဒါက ညီမလေး လက်ရာ ထမင်းကြော် စားစရာလေးပါ။  ကြက်ဥကို ပြားပြားလေးဖြစ်အောင် ခေါက်ကြော်ပြီး လေးဒေါင့်ကွက်လေးတွေညှပ်ထည့်ထားပါတယ်။  အရောင် စိမ်းစိမ်းလေးတွေက ပဲသီးလေးတွေ ပါးပါးလှီးထည့်ထားတာပါ။  နှမ်းအနက်စေ့လေးတွေလည်း ဖြူးထားသေးတယ်။  မျက်စေ့ပသာဓပေါ့။ (နာနတ်သီးရှိရင် နာနတ်သီးစိတ်ပါ ထည့်ကြော်ပါတယ်)..။  အရောင်ကတော့ ပဲငံပြာရည်မပါလို့  နည်းနည်းဖြူနေသလိုပဲနော်...။

 ကဲ - နောက်ဆုံးအနေနဲ့    မျှဝေချင်တာက သီးစုံဖျော်ရည် (ပန့်ခ်ျ လို့ ခေါ်မလားမသိ)  ပါ.......။  ပန်းသီး၊ ငှက်ပြောသီး၊ လိမ္မော်သီး၊ နောက်ပြီး ရပ်စ်ဘယ်ရီသီး ထည့်ထားပါတယ် ..။ တခြား အဆာပလာကတော့  (ညီမလေး အပြောအရ) သကြားရယ် ၊ ၀ိုင်နည်းနည်းရယ်၊ သံပုရာရည်ရယ်၊ ရောပြီးတော့ နာရီနည်းနည်းလောက် အအေးခံထားလိုက်တယ်တဲ့။ လိုင်ချီးသီး မပါလို့   မပြည့်စုံသလိုတော့ ရှိပါတယ်။  လိုင်ချီးသီးဘူးကတော့ လတ်လတ်ဆတ်ဆတ်လဲမဟုတ် ဈေးလဲကြီးလို့ မထည့်တော့ဘူး တဲ့။  မြည်းကြည့်တော့ အရသာက ချိုမြမြ ရှတတလေးမို့  ကြိုက်ပါတယ်..........။ ကြိုက်ရင် မြည်းသွားနော်......






အသီးတွေ၊ ပန်းတွေ၊ အစားအစာတွေ အဆက်အစပ်လည်းမရှိဘူး၊ ဘာမှလည်း မဆိုင်ဘူး လို့တော့မပြောပါနဲ့နော်....ဒီလိုပဲ  ရှိတာလေးတွေ စုပေါင်းစပ်ပေါင်းပေါ့....။


မိုးစက်ပွင့်

Monday 5 July 2010

မှော်ဆရာမလေး


ကိုယ်သာ
မှော်ဆရာမလေးဆိုရင်
Crystal Ball လေးထဲမှာ
နောင်အနှစ်နှစ်ဆယ်အတွက်
ကြိုတင်ကာ တို့အနာဂါတ်ကို
ဖတ်ကြည့်ချင်တယ်........

လျှပ်ပြက်သလို Magic Cane လေး တချက်အဝှေ့မှာ
ကိုယ်တသက်မမေ့တဲ့  လင်းလက်အပြုံးနဲ့
မင်းရဲ့ ပုံတူ ရုပ်ထုလေး 
လက်တွေ့ဖန်ဆင်း
ပြီးတော့မှ..... အသက်သွင်းလိုက်မယ်........

မှော်ဆံနွယ်တွေ ခါအယမ်း
စေညွှန်ရာ ဒီနှုတ်ခမ်းအဖွင့်မှာ
ပန်းကလေးတွေ အလိုလိုပွင့်စေ
စမ်းကလေးတွေ အလိုလိုစီးပစေ
သင်းပျံ့တဲ့ စံပယ်ရုံ ၊ မြတ်လေးခတ္တာငုံ တွေအပြင်
နှင်းဆီဝါခြုံကလေးတွေပါ ဖန်ဆင်းလိုက်မယ်....

နောက်ပြီး.....
ဝိုင်ချိုချိုလေး တစ်ခွက်
ဂစ်တာအိုကလေးတလက်
မြက်ခင်းကလေးစိမ်းစိမ်း
လေယူရာယိမ်းတဲ့ ကိုင်းပင်ဖြူဖြူလေးတွေပါ ဖန်ဆင်းလိုက်မယ်...

Magic Power နဲ့
စက္ကန့်တွေကို ဖမ်းဆုပ်၊ နာရီတွေကို ထိမ်းချူပ်
ပြက္ခဒိန်တွေကို အေးခဲ၊ ငှက်တွေအဖြစ်ပြောင်းလဲ
လေထဲမှာ ပျံဝဲခိုင်းလိုက်မယ်ဆို
တို့နှစ်ယောက်အတွက်  ဘာလိုသေးလဲအချစ်ရယ်.........

အင်း..ခုတော့...
ကိုယ်တယောက်တည်း  
တော်ရာခဏအဝေးမှာ ရူးနေရော့သလား
ပျော်စရာဘ၀ကလေးကို  စိတ်ကူးတွေယဉ်လို့
ကိုယ်လေ..................
မှော်ဆရာမလေး ဖြစ်ဖူးချင်နေတယ်.......။

မိုးစက်ပွင့်

Photo credit:  http://www.flickr.com 
( အဟဲ- Harry Potter ထဲက စုန်းမကြီးကိုတော့ မြင်ယောင်မကြည့်နဲ့နော် ....)

အရှုံးမှ အနိုင်သို့ ( Mao's Last Dancer )

Penguin စာအုပ်တိုက်ထုတ်  Li Cunxin ရဲ့ ဖြစ်ရပ်မှန် ကိုယ်ရေးအထုပ္မတ္တိ ဖြစ်တဲ့  Mao's Last Dancer  ဆိုတဲ့ စာအုပ်လေးကို နှစ်သက်မိတာမို့  သူငယ်ချင်းတို့နဲ့   မျှဝေခံစားချင်ပါတယ်။

Li Cunxin ဆိုတဲ့ လူငယ်လေးက မော်စီတုန်းခေတ် ရဲ့ Cultural Revolution  အရိပ်အငွေ့သန်းချိန် ၁၉၆၁မှာ  Li မျိုးနွယ်ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ ဆဌမမြောက်သား ပါ။  သားယောက်ျား ၇ယောက်တိတိ မွေးထားတဲ့ လီ မိသားစုမှာ စားစရာဘယ်တော့မှ မလုံလောက်ခဲ့ပါဘူး။  ဒါပေမဲ့ Commune အလုပ်ကို မိုးလင်းမိုးချူပ် မနားမနေလုပ်တဲ့ ဖခင်ရယ်၊  စိတ်ဓါတ်ကြံ့ခိုင်ပြီး မိန်းမကောင်းပီသတဲ့ မိခင်ရယ် က သားတွေကို   အငတ်ဘေးကလွတ်အောင်ရယ်၊ အခြေခံပညာရေးရအောင်ရယ် ကျားကုတ်ကျားခဲ ကြိုးစားပေးခဲ့ကြပါတယ်။  စာအုပ်ထဲမှာ မိဘနှစ်ပါးရဲ့ တရုတ်ရိုးရာ မင်္ဂလာပွဲနဲ့ ဖွင့်ထားပြီး၊  မိန်းကလေးတွေ ခြေထောက်ကြပ်စည်းတဲ့ အလေ့အထ တွေ၊ သေဆုံးသူအတွက် ငွေစက္ကူနဲ့  ရွှေချောင်းအတုတွေကို မီးရှို့ ပြာချပြီး တမလွန်ဘ၀အတွက် ဖြည့်ဆည်းပေးပုံတွေကို အသေးစိတ် ဗဟုသုတရဖွယ် ရေးပြထားပါတယ်။

လီ မိသားစုဟာ ဆန်ကို မစားနိုင်ပဲ Yum လို့ခေါ်တဲ့ ဥအခြောက်တွေရယ်၊  ပြောင်းဖူးပေါင်မုန့်ကြမ်းမာမာတွေရယ်ကို မ၀တ၀ စားပြီး အသက်ဆက်နေခဲ့ရတာပါ။ ဒါပေမဲ့ သူတို့ထက်ဆင်းရဲတဲ့သူတွေ Commune ထဲမှာ အများကြီးရှိပါသတဲ့။ Li Cunxin ရဲ့ ကလေးဘ၀ဟာ ဆင်းရဲလွန်းပေမဲ့  ကစားနည်းမျိုးစုံနဲ့ ပျော်ရွှင်ခဲ့ပါတယ်။  သူအကြိုက်ဆုံးကစားနည်းကတော့ ညီအကိုတွေနဲ့   cricket fighting လို့ခေါ်တဲ့ ( ပုရစ်?) တိုက်တမ်းကစားရတာပါ။  အဆော့လွန်လို့    နှမ်းဖတ်ကြိုတဲ့အိုးထဲနစ်နေတာ အကိုဖြစ်သူကယ်လိုက်လို့  သေဖို့ကနေ သီသီလေးလွတ်ခဲ့ပါတယ်။ လက်မောင်းမှာတော့ သေရာပါအမာရွတ် ရခဲ့ပါတယ်။

Li Cunxin ကျောင်းစတက်တော့ ပထမဆုံးသင်ရတဲ့စာက (ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ)တဲ့။  စာလုံးဝ မတတ်သေးတဲ့ကလေးတွေကို နိုင်ငံရေးအမြင်တွေ စတင်သွတ်သွင်း ကြတာဖြစ်ပါတယ်။  မော်ရဲ့ စာအုပ်နီကလေးကို ကျောင်းသားတိုင်း အာဂုံဆောင်ရပါတယ်။  ဒီလိုနဲ့   Li Cunxin လေးလဲ စနစ်တခုထဲမှာ ကြီးပြင်းလာခဲ့ရပါတယ်။  သူမှတ်မိခဲ့တဲ့ အထဲမှာ Red Guard တွေက သူတို့ သံသယရှိသူများကို  ဖောက်ပြန်သူတွေလို့  အမည်တပ်ပြီး လည်ပင်းမှာ သင်ပုန်းဆွဲ၊ စက္ကူဦးထုပ်ချွန် တွေဆောင်း၊ လူပုံလည်မှာ ၀န်ခံခိုင်းပြီး နှိပ်ကွပ်ကြပုံတွေကိုလည်း အမှတ်တရ ပြန်ရေးထားပါတယ်။  အဲဒီနှစ်တွေအတွင်းမှာ အစာအငတ်ဘေးဆိုက်ပြီး လူပေါင်း သိန်းချီသေဆုံးခဲ့ကြပါသေးတယ်။  ဒါပေမဲ့ မော်ရဲ့ဝါဒဖြန့်သူတွေကတော့ မော်ဟာ သာယာဝပြောတဲ့ ခေတ်သစ်ကို  မကြာခင်ရောက်အောင် ဦးဆောင်နေတယ်လို့  ပြောမြဲပါ။

တနေ့မှာတော့  မြို့တော်က လူကြီးတွေ ရောက်လာပြီး မဒမ်မော်ရဲ့ Beijing Dance Academy  မှာ ကျောင်းသားသစ်ကလေးတွေ စုဆောင်းဖို့ရောက်လာတော့ Li Cunxin ကလေးကလဲ ဆန်ခါတင်စာရင်းမှာ ပါခဲ့တယ်။  အဲဒီအခွင့်အရေးဟာ ဆင်းရဲတွင်းနက်ကြီးထဲက ရုန်းထွက်လို့ရမဲ့ ကြိုးကလေးတချောင်းဆိုတာ Li Cunxin ကလေး သဘောပေါက်ပါတယ်။  စမ်းသပ်မှုအမျိုးမျိုးကို အနာခံကျိတ်မှိတ်ပြီး ကြိုးစားပြီးတဲ့နောက်မှာ သူဟာ အကသင်တန်းသားလောင်းကလေးအဖြစ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။


Sunday 4 July 2010

အရှူံး

(ညက အာဂျင်တီးနားကို အားပေးမိပါတယ်... ဂျာမနီက ကိုယ်ရင်းနှီးတဲ့၊ သံယောဇဉ်ရှိတဲ့ နေရာ၊ ဂျာမန်အသင်းက ကိုယ်အထင်ကြီးတဲ့အသင်း ပေမဲ့ ဘလော့သူငယ်ချင်းတယောက်နဲ့  အသေအချာ သဘောတူထားတဲ့အတိုင်း အာဂျင်တီးနားဖက်ကပဲ ၀င်ခံစားခဲ့ပါတယ်။ သိတဲ့အတိုင်း အရှုံးကြီး ရှုံးတော့တာပါဘဲ၊ သုံးဂိုးဝင်တဲ့အထိ ( တစ်လုံးလောက်....... တို့ အရှက်ပြေအောင်  တစ်လုံးလောက်) လို့ တဖွဖွရွတ်နေသေးတယ်။ ပွဲပြီးလို့ လေးဂိုးပေးလိုက်ရတော့ အသည်းမကွဲပေမဲ့ ရင်မှာဆို့နင့်နင့်ကြီးပေါ့။ တို့ မမကြီး အင်ဂျလာ မာကယ်လ်ကတော့ ပြုံးလို့ပျော်လို့  .......။ အာဂျင်တီးနား နံပါတ်(၂၀)က ငိုကြွေး လို့။  သတိရမိတဲ့ သီချင်းကလေးတပုဒ်က Madonna  ရဲ့  Evita ထဲက “ Don't cry for me, Argentina ” ။ ဒါနဲ့ဘဲ အရှုံးနဲ့ ပါတ်သက်လို့  တွေးဖြစ်တာလေးတွေ ချရေးချင်လာတယ်။)


“အရှုံး” ကို ဘယ်သူမှမကြုံချင်ပါ။  
ဒါပေမဲ့ မရှုံးဘူးတဲ့သူ လောကမှာ ရှိပါသလား။   
လူတိုင်း တချိန်မဟုတ်တချိန် အရှုံးကိုရင်ဆိုင်ဘူးကြမှာပါ။

တချို့ က ကိုယ့်အရှုံးအတွက် တရားခံရှာတယ်။ "Bad carpenter blames on the tools" ဆိုတဲ့ စကားလေးလိုပေါ့။  နောက် ဆရာကြီး အောင်ထွန်းသက်မျှဝေဖူးတဲ့ စကားလေးတခွန်းက( ရှုံးတဲ့အခါ မှန်ကြည့်ပါ၊ အောင်မြင်တဲ့အခါ ပြူတင်းပေါက်ကို ကြည့်ပါ) တဲ့။   တခါတလေကျ လူတွေက ရှုံးတဲ့အခါ ပြူတင်းပေါက်ကို ကြည့်တယ် (သူများကြောင့်ရှုံးတာ)၊ အောင်မြင်ရင် မှန်ကြည့်မြဲ (ငါတော်လို့)။
အရှုံးဖြစ်စေခဲ့တဲ့ ကိုယ့်အမှားကို ကိုယ်မှန်မှန်ကန်ကန် သိမှ နောက်တကြိမ် မမှားတော့မှာပေါ့။
(ဒီနေရာမှာ ရှုံးတိုင်းမမှားသလို၊ နိုင်တိုင်းလည်းမမှန်ဘူး ဆိုတာတော့ ဖြည့်ပြောချင်ပါသေးတယ်...။ မှန်လည်းမှန် နိုင်လည်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။)

အရှုံးကို ဘယ်လိုရင်ဆိုင်သလဲဆိုတာ အရေးကြီးပါတယ်။ 
လဲကျရာက အကြိမ်ကြိမ်ပြန်ထဖို့။  ငယ်ငယ်က သင်ခဲ့ဖူးတဲ့ (မပုကြွယ် နဲ့ ခရုငယ်) ( စစ်ရှုံးဘုရင်မင်းကြီးနဲ့  ပင့်ကူကလေး) ပုံပြင်တွေထဲမှာ လူက တိရိစ္ဆာန်တွေရဲ့ ဇွဲသတ္တိကို အတုယူခဲ့ရတယ် မဟုတ်လား။

ကိုယ့်ဘ၀ထဲက ကြုံဖူးသမျှ အရှုံးတွေကို ပြန်စဉ်းစားမိခဲ့တယ်။
အသေးစား အရှုံးကလေးတွေမပါရင်တောင် ဘ၀မှာအကြီးအကျယ်ရှုံးခဲ့တာ သုံးကြိမ်။
မျက်ရည်တွေ ပင်လယ်ဝေလို့။  ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ လှေကလေးတစင်းနဲ့ မြောနေသလို။
ကူကယ်ရာမဲ့ ခံစားချက်တွေနဲ့။  တွေဝေနေတယ်။ နာကျင်နေတယ်။ ဘ၀ကို အရှုံးပေးရတော့မလား။
ဟင့်အင်း-  ဆက်လှော်မယ်၊ ဆက်လှော်ရမယ်။ ဒါဟာ ယာယီ အရှုံးတွေပါ......။
ကိုယ်ဖတ်ခဲ့ဘူးတဲ့ စာတွေ၊ ဘ၀ သင်ခန်းစာတွေက ”အား”တွေ ဖြစ်လာတယ်။
ကြင်နာဖေးမ တတ်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက ကမ်းခြေကို တွန်းပို့မဲ့  ”လှိုင်း”နဲ့”“လေ” ဖြစ်လာတယ်။
ဒီလိုနဲ့  ပဲ သာယာတဲ့ ကမ်းခြေကို ဘ၀လှေက ပြန်ချဉ်းကပ်နိုင်ခဲ့တယ်...။
ဒီလိုနဲ့  ပဲ အရှုံးရဲ့ ထာဝရသားကောင်ဘ၀က လွတ်မြောက်ခဲ့ရပါတယ်။

ဖန်ခါးသီးလေးတစ်ကိုက်က ပါးစပ်ထဲမှာ ခါးသက်တဲ့အရသာကို ပေးခဲ့ပေမဲ့  စက္ကန့်ပိုင်းအတွင်းမှာပဲ ချိုမြိန်မှုကို ဖန်တီးပေးခဲ့တယ်။  ဒီလိုပဲပေါ့..........
အရှုံးက ဘ၀ကို အသားမာတက်၊ လူကို ရင့်ကျက်စေတယ်။
အရှုံးက နည်းလမ်းကောင်းတွေကို ရှာတွေ့စေတယ်။
အရှုံးက သူငယ်ချင်းကောင်းတွေကို တင်ကျန်စေခဲ့တယ်။
အရှုံးက ခွန်အားသစ်တွေ မွေးထုတ်ပေးတယ်။
အရှုံးက သင်ခန်းစာကောင်းတွေကို ပေးတယ်။
အရှုံးက မွေးထုတ်လိုက်တဲ့ အောင်မြင်မှုကိုရရှိတဲ့အခါ ပိုပြီးချိုမြိန်စေခဲ့တယ်။
အရှုံးက   ...............ကိုယ်မသိသေးတဲ့ အရာပေါင်းများစွာကို သိမြင်လာစေခဲ့တယ်.....

အချိန်ဆိုတာ အကောင်းဆုံး ဆေးသမားပါ..
ဇွဲရှိပါ..သတ္တိရှိပါ...... အကောင်းမြင်ပါ....
အချိန်ကိုက် ဆောင်ရွက်နိုင်ပါစေ.....
အရှုံးနဲ့   အနိုင် ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ ပန်းပါ.........




မိုးစက်ပွင့်