“ညည်းညူတတ်သူများအကြောင်း”
ကျမငယ်ငယ်က အတန်းထဲမှာ စာညံ့တဲ့အထဲမပါပေမဲ့ သိပ်တော်တဲ့အထဲမှာလဲ မပါဘူး။ ၁၀ဆင့်အတွင်း လောက်မှာဘဲပေါ့။ ပထမရချင်တယ်လို့လည်း ကိုယ့်ဖာသာ တခါမှ မခံစားရဘူး (မရနိုင်မှန်း သိလို့လဲ ဖြစ်မယ်)။ ၇တန်းမှာ ရီမာဆိုတဲ့ ကျမသူငယ်ချင်းတယောက်က အဆင့်(၅)ရတော့ ညည်းညူပါတယ်။ ဟဲ့ - နင့်အောက်မှာ လူတွေအများကြီးဘဲ ဒီလောက်ဆိုတော်ရောပေါ့“ လို့ ကျမကပြောတော့ စကားတတ်တဲ့ သူမက“လူဆိုတာ အောက်က အဆင့်ကို မကြည့်ရဘူး၊ ကိုယ့်အထက်ကို ကြည့်ရတယ်“တဲ့။ အဲဒီစကားကို ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ခဲ့တယ်။ သူ့ကို ချက်ကျလက်ကျ ပြန်မချေတတ်ပေမဲ့ ကျမစိတ်ထဲမှာ တခုခုကိုတော့ ဘ၀င်မကျ ဖြစ်နေသလိုဘဲ။ အိမ်ရောက်တော့ အဖေ့ကို ပြန်ပြောပြမိပါတယ်။ အဖေက ဖြည့်စွက် ပေးပါတယ်။ “ငါ့သမီး၊ ပိုကောင်းအောင်လည်း အမြဲတမ်း ရုန်းကန်ကြိုးစား နေရမယ်၊ တချိန်တည်းမှာလဲ လက်ရှိအခြေအနေ (ရနေတဲ့အဆင့်)ကို နားလည် လက်ခံနိုင်ရမယ်“ ဆိုပြီး ငါးသုံးကောင် ပုံပြင်နဲ့ ယှဉ်ပြပါတယ်။ “အခါမသိ ဖြတ်ဖြတ်လူးတဲ့ငါး” “အမြဲတမ်း မလှုပ်မယှက် နေတဲ့ငါး“ တို့ထက် “အခါကောင်းကို တရံတဆစ်မှ သတိမလစ်ဘဲ ကြိုးစား အားထုတ် တတ်တဲ့ငါး“က အသက်ဘေး ချမ်းသာရာရခဲ့တဲ့ အကြောင်းလေး ကိုပေါ့။
နောက်ထပ် “သန်းသန်း“ဆိုတဲ့ သူငယ်ချင်းလေးတယောက်ကတော့ နေ့စဉ်နဲ့အမျှ “ညက စာကျက်လို့မရဘူး“ ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ညည်းညူတတ်သူပါ။ ဒါပေမဲ့ စာမေးပွဲကျရင်တော့ သူ့အမှတ်တွေက တော်တော်လေး ကောင်း နေတတ်ပြန်ပါတယ်။ နောက်ဆုံးမှာ ကျမ သိရှိသွားတာကတော့ သူ့လို သူများတွေ စာကျက်မှာစိုးလို့ ဟန်ဆောင်ညည်းညူပြတာ ဖြစ်တယ် ဆိုတာပါဘဲ။ ဒါမှသာ တခြားအတန်းဖေါ်တွေ စာကျက်ချင်စိတ် စာဖတ်ချင်စိတ် နည်းသွားမယ် ၊ သူအသာရမယ်လို့ တွက်ထားပုံရပါတယ်။ အဲဒါကိုတော့ မသမာသောနည်း လှည့်ဖြားသောနည်း လို့ဘဲ ဆိုချင်ပါတယ်။
ငယ်ငယ်တုန်းက အတန်းထဲမှာ တွေ့ရတတ်တဲ့ သဘာဝလေးတွေကို အပြင်လောကမှာ တခါတခါ ထပ်တူနီးပါး မြင်ရတဲ့အခါ ငယ်ဘ၀ကို သတိတရနဲ့ ပြုံးမိပါသေးရဲ့................
မိုးစက်ပွင့်
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......