Showing posts with label ပန်းကလေး. Show all posts
Showing posts with label ပန်းကလေး. Show all posts

Friday, 29 July 2011

ပန်းနေကြာ




အပူပြင်းပြင်း
ရှင်နေမင်းအောက်
ရွှေအဆင်းတောက်တဲ့
ပန်းအလှရတနာ..။

အမြင်ဆန်း
ရွှင်လန်းကာ တင့်တယ်ပေမဲ့
မ၀င့်ထည် မမောက်ကြွားပါတဲ့
မြေသားရဲ့သမီးပျို
အိုဘယ့် ချစ်စရာ
ပန်းရွှေနေကြာ..။








လွန်ခဲ့တဲ့ သီတင်းပါတ်က သွားရင်းလာရင်း ကိုယ့်ရှေ့မှာ နေကြာတခင်းကို ဘွားကနဲ တွေ့လိုက်ရတော့ “ဟေး” လို့ လွှတ်ခနဲ ၀မ်းသာအော်ဟစ်မိခဲ့ရတာပေါ့။ နေကြာပန်းကလေးတွေရဲ့ ပွင့်ဖတ်လွှာ အ၀ါရောင်တောက်တောက်က စိတ်ခွန်အားတွေ၊ ပျော်ရွှင်မှုတွေကို ပေးနေသလိုပါဘဲ။ အညိုရင့်ရောင် ၀တ်ဆံတွေက တည်ငြိမ်မှု ထိမ်းချူပ်နိုင်မှုတွေနဲ့ ပြည့်ဝနေတယ်လို့ အဓိပ္မါယ်ဖွင့်ဆိုချင်ပါတယ်။ မျက်နှာစာ တဖက်တည်းကို တူရူပြုပြီး ပွင့်နေကြတာမို့ အချင်းချင်း စည်းလုံးညီညွှတ်မှုကို ဖေါ်ကျူးတဲ့ ပန်းကလေးတွေ ဖြစ်လို့နေပြန်ပါတယ်။ နေကြာပန်းကလေးတွေက ရဲရင့်မှုကို ကိုယ်စားပြုနေသလိုပါ။  ခြစ်ခြစ်တောက်တဲ့ နေရောင်ကို မျက်နှာမငုံ့ဘဲ စိန်ခေါ်လိုက်နေပုံများ။ သူတို့ရဲ့ အလှနဲ့သဘာဝကို အမိအရ ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။




နေကြာခင်းထဲက  တဲအိမ်ကလေးနဲ့ ရေကန်စိမ်းစိမ်းလေးကိုမြင်တော့  ရုံးပိတ်ရက်တွေများမှာ ပေါင်မုန့်တယှက် စာအုပ်တဖက်နဲ့ အေးအေးလူလူ လာနေရင် ကောင်းမှာဘဲလို့ တွေးမိပြန်တယ်။  နေကြာခင်းဘေးမှာ ပျားမွေးမြူရေးသေတ္တာပုံးကလေးတွေ နှစ်ဒါဇင်လောက်တွေ့တယ်။  (ဓါတ်ပုံတော့ ရိုက်မလာဖြစ်ခဲ့ဘူး။) လူတွေက ပါတ်ဝန်းကျင် သဘာဝကို ပဲ့ထိမ်းကြိုးကိုင်ပြီး ကိုယ်လိုရာခရီးနှင်ဖို့  ခေတ်အဆက်ဆက် ကြိုးစားခဲ့တာ မဆန်းတော့ပါဘူးလေ။

ငယ်စဉ်က ပုံပြင်ကလေး တပုဒ်တော့ ကြားဖူးခဲ့တယ်။ သိပ်ချစ်တတ်တဲ့ ကောင်မလေးက ချစ်သူ မင်းသားလေးကို စောင့်မျှော်ရင်း အချိန်တွေကြာလာတော့ ရပ်နေခဲ့တဲ့နေရာမှာပဲ (နေကြာပင်)လေးဖြစ်သွားတယ်တဲ့။  မင်းသားကလေးက (နေမင်းကြီး) ရယ်လို့ ဖြစ်လာပြီး ပန်းကလေးသူမကတော့ အချိန်တိုင်း သူ့ကို အရိပ်တကြည့်ကြည့်နေတတ်လာခဲ့သတဲ့။ တကယ်မဟုတ်ပေမဲ့လည်း ကြားရသူတွေအတွက်  ဆွတ်ပျံ့တဲ့ ဒဏ္ကာရီ အချစ်ပုံပြင်ကလေးတပုဒ်ပါဘဲ။

စိတ်ဝင်စားမှုတွေနဲ့အတူ နေကြာပန်းကလေးတွေရဲ့အကြောင်း တကူးတက ရှာဖွေမိတော့ National Sunflower Association ရဲ့ ဒီစာမျက်နှာမှာ အချက်အလက်တပုံတပင် သိလိုက်ရတယ်။ အဲဒီအထဲက တချို့ကို ဖေါက်သည်ပြန်ချပါမယ်နော် ...........။
  • - ရုက္ခဗေဒအမည် (Helianthus Annuus ) လို့ခေါ်တဲ့ နေကြာပန်းကလေးတွေကို  မြောက်အမေရိကမှာ အင်ဒီယန်းလူမျိုးတွေက ဘီစီ၃၀၀၀ ကတည်းက  အိမ်မှာစတင်စိုက်ပျိုးခဲ့တာ။  တကယ်ဆို နေကြာက ပြောင်းဖူးထက်တောင် အိမ်တွင်းသီးနှံဖြစ်တာ စောပါသေးတယ်။ နေကြာဆံကို မုန့်လုပ်တဲ့နေရာမှာ အဓိကသုံးကြပြီး၊ သွားရည်စာမုန့်အဖြစ်စားတဲ့အပြင်၊ အဆီထုတ်ပြီးပေါင်မုန့်ထဲမှာလည်း ထည့်ဖုတ်ကြ ပါသတဲ့။  အေဒီ ၁၅၀၀မှာ အဲဒီနေကြာမျိုးကို  စပိန်လူမျိုးကုန်သည်တွေက ဥရောပကို ယူဆောင် သွားခဲ့ကြတယ်။ ဥရောပမှာ အစပိုင်းက နေကြာကို အလှအပ အဆောင်အယောင်အနေနဲ့သာ စိုက်ပျိုးခဲ့ကြပေမဲ့ ၁၇၆၉ လောက်မှာတော့ ဆီထုတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသတဲ့။  ရုရှမှာတော့ အော့သိုဒေါ့ဘုရားကျောင်းတွေက ၀ါတွင်းကာလမှာ ဆီပါဝင်တဲ့အစားအစာတွေကို တားမြစ်ထားခဲ့ပေမဲ့ အဲဒီအထဲမှာ (နောက်မှရောက်လာတဲ့) နေကြာဆီ မပါဝင်ခဲ့ဘူး။ အဲဒီလို ၀ိနည်းလွတ် စားသုံးရင်း နေကြာဆီရဲ့ ဂုဏ်သတင်းက တမုဟုတ်ချင်း ကျော်ကြားလာခဲ့တယ်။ ၁၉ရာစု ရုရှမှာ နေကြာစိုက်ဧက ၂သန်းကျော် ရှိနေခဲ့ပါပြီ။ ရုရှ သုတေသနလုပ်ငန်းတွေရဲ့ အကျိုးဆက်အဖြစ် နောက်ပိုင်းမှာ အစေ့အဆံအောင်ပြီး ဆီအထွက်ကောင်းတဲ့ နေကြာမျိုးကို ရရှိလာတော့တယ်။ ၁၉ရာစုနှောင်းပိုင်းမှာတော့ ရုရှက တိုးတက်တဲ့နေကြာမျိုးတွေဟာ သူတို့ရဲ့ဇာတိမြေ အမေရိကကို ပြန်လည်ရောက်ရှိသွားတော့တယ်။  (မြန်မာပြည်ကို ဘယ်တုန်းကရောက်လဲတော့ မေးနဲ့နော်၊ သိဘူး)။ ၁၉၇၀ ပြည့်လွန်နှစ်များမှာတော့ ဥရောပတိုက်ရဲ့ နေကြာဆီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အမေရိကမှာ နေကြာစိုက်ဧက ၅သန်းကျော်တောင် ရှိနေခဲ့ပြီလို့ ဆိုပါတယ်။
  • - ယနေ့ခေတ် ကမ္ဘာပေါ်မှာ နေကြာအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ Argentina, the combined European Union, China, India, Turkey and South Africa  ပါတဲ့။
  • - ဂင်းနစ်စံချိန်ဝင်  ဗျက်အကျယ်ဆုံး နေကြာပွင့်က အချင်း ၃၂လက်မ (၂၀၀၄ခုနှစ်၊ ဗြိတိသျှ ကိုလံဘီယာ) ရှိပြီး  အမြင့်ဆုံးနေကြာပင် ၂၅ပေခွဲလောက် ( ၂၀၀၄၊ နယ်သာလန်) ရှိပါသတဲ့။
  • -နေကြာဆီက အရသာပေါ့တယ်၊ အရောင်ဖျော့တယ်။ တခြားဆီတွေထက် ဗီတာမင်အီး ပါဝင်မှုမြင့်တဲ့အတွက် ကျမ်းမာရေးအတွက်ကောင်းတယ်။
  • - နေကြာဆံတအောင်စကို ပျမ်းမျှခြင်း ကယ်လိုရီ ၁၆၀ လောက်ရှိပါတယ်။  (အခွံပါတာက နေကြာစေ့၊ အခွံချွတ်ပြီးသားက နေကြာဆံ)
  • စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘာကြောင့် နေကြာပန်းဟာ အနုပညာရှင် အကျော် အမော်တွေရဲ့ အသည်းစွဲ ဖြစ်နေရတာလဲ ဆိုတဲ့မေးခွန်းပါဘဲ။  ပန်းချီကျော် ဗန်ဂိုးတို့ ပီကာဆို တို့ဟာ နေကြာပန်း ပန်းချီကားတွေ အများကြီးဆွဲခဲ့သလောက် အဲဒီ့ပန်းချီကားတွေ အားလုံးကလည်း ကမ္ဘာလည်းကျော်ခဲ့တယ်။ ဘီလျံနဲ့ချီပြီး တန်ဖိုးရှိခဲ့ရတယ်။ သဘာဝကျတဲ့ ဖြေဆိုချက်တခုကတော့ နေကြာပန်းဟာ လူသားရဲ့အသွင် ဆောင်နေလို့ပါတဲ့။ ၀ိုင်းစက်ပြည့်ဝန်းတဲ့ မျက်နှာနဲ့ လူသားရဲ့ ခန္ဒာကိုယ်လို ရှည်လျား သွယ်ပျောင်းတဲ့ ပင်စည်ကြောင့် ဖြစ်မှာပါ။  နောက်ပြီး သူက (နေမင်းကြီးကို မျက်နှာမူပြီး) လှည့်လည်သွားလာ တတ်သူ မဟုတ်လား။  အစွမ်းကုန် ပွင့်အာနေတဲ့နေကြာပန်းဟာ သူ့ရှေ့က လူသားကို စကားပြောတော့ မယောင်ယောင် ဖြစ်နေတာပါဘဲတဲ့။
ဗန်ဂိုးရဲ့ နာမည်ကျော်ပန်းချီကား “နေကြာပန်း၁၂ပွင့်”
ဗန်ဂိုးရဲ့ နောက်ထပ် နေကြာပန်းလက်ရာများ
ဘာပဲပြောပြော နေကြာပန်းလေးတွေဟာ  လောကကို အလှဆင်ရုံနဲ့ အားမရနိုင်ဘဲ လူသားတွေအတွက် အာဟာရလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်တဲ့  လက်တွေ့ဆန်တဲ့ပန်းကလေး၊ အဆင်းသာ လှတာမဟုတ်ဘူး၊ အချင်းပါ လှတဲ့ ပန်းကလေးတွေ ဘဲပေါ့။

နေကြာစေ့ကလေးတွေကို အချစ်သင်္ကေတ ရယ်လို့ယူစွဲပြီး ချစ်ချင်းကို သက်သေပြုခဲ့တဲ့ သက်ရှိပုံပြင်လေးတပုဒ် ပြောပြချင်ပါသေးတယ်။  မိုးစက်သူငယ်ချင်း ကောင်မလေးတယောက်ဆိုရင် သူ့ရည်းစား သင်္ဘောသားကို ချစ်ရှာလွန်းလို့ သဘောင်္ပေါ်မှာစားဖို့ နေကြာစေ့တွေကို တညလုံး ခွာခွာပြီး အထုပ်ကြီးအထုပ်ငယ်နဲ့ ပို့ပေးရှာတယ်။  နောက်ဆုံးတော့ မချောက တက္ကသိုလ် စာမေးပွဲကျ၊ ကိုယ်တော်ကလည်း အသစ်တယောက်တွဲနဲ့၊  ကြားထဲက မိုးစက်တို့ သူငယ်ချင်းတသိုက် သကောင့်သားကို မေတ္တာနာနာပို့လိုက်ရတာ မှတ်မိပါသေးရဲ့။

ကိုယ်တိုင်ကတော့ တက္ကသိုလ်ကာလတွေမှာ သူမလို နေကြာစေ့ခွာပေးရမဲ့သူ မရှိခဲ့ပါဘူး။  ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းလစ်ပြီး ရုပ်ရှင်ရုံတဲအပြေးဝင်တိုင်း နေကြာစေ့ထုပ်က မပါမဖြစ် အဖေါ်မွန်လေ။ ဇာတ်လမ်းထဲက တီးလုံးနဲ့ စကားပြောသံကလွဲလို့ တိတ်ဆိတ်နေတဲ့ ရုပ်ရှင်ရုံထဲမှာ  နေကြာစေ့သံ ကွာစေ့သံ တဖျောက်ဖျောက်က နေရာတိုင်းမှာ ပေါ်ထွက်နေတဲ့ စည်းချက်ညီဂီတသံတမျိုးပေါ့။ သူငယ်ချင်းတွေနဲ့  တယောက်တလဲနေကြာစေ့ခွာပြီး  မမြင်မစမ်းမှောင်ထဲမှာ သူတို့လက်ဝါးထဲ နေကြာဆံလေးတွေ ထည့်ပေးရတာလဲ တကယ့်ကို မမေ့နိုင်တဲ့ ငယ်ဘ၀ အရသာတွေပါ။

ရောက်တတ်ရာရာ ပြောနေတတ်တာမျိုးကို  အရပ်ထဲမှာ “ဘာဘာညာညာ နေကြာကွာစိ” လို့ ပြောတတ်ကြလေရဲ့ .....   အခုလည်း မိုးစက်ပြောပြချင်တဲ့ ပန်းကလေးနေကြာအကြောင်း ဘာညာကွိကွ နေကြာကွာစိ တွေပဲပေါ့..။

မိုးစက်ပွင့်

Friday, 15 April 2011

ဥယျာဉ်ထဲမှ ပန်းကလေးများ

အလည်လာသူ သူငယ်ချင်းများကို မြန်မာနှစ်ကူးလက်ဆောင်အဖြစ်  ကျမရဲ့ ရုံးဥယျာဉ်ကလေးထဲက ပန်းပွင့်ကလေးတွေနဲ့ နှုတ်ဆက်ကြိုဆိုပါရစေနော်....။

ကိုးနာရီပန်းလို့ လူသိများတဲ့  တရုတ်နှင်းဆီ အဖြူနဲ့ပန်းရောင်..... မနက်ရှစ်နာရီလောက် ရိုက်ထားလို့ မပွင့်သေးဘူး ....တကယ်ကို ကိုးနာရီ တိကျပါတဲ့သူ..။
 
My all time favourite စံပယ်ဖြူ ကလေး။ မွှေးမှမွှေး။
 အရောင်အသွေးတောက်ပတဲ့ လေးကျွန်းကြာခိုင်တွေ။   Lily အုပ်စုဝင်ပေါ့။
 
စက္ကူပန်းကလေးတွေကတော့ နေပြင်းလေ အရောင်အသွေးစိုလာလေ။  အမည်က ကဗျာမဆန်၊ ရနံ့က သင်းပျံ့မမွှေးပေမဲ့ ၊ အဆင်းလှပြီး သတ္တိကောင်းတဲ့ ပန်းကလေး။ ရေသိပ်လောင်းရင် အပွင့်မပွင့်တော့ဘဲ အရွက်တွေဘဲ အုံခဲလာတတ်လို့ ၊  အခြောက်ခံထားရတယ်။
ကိုယ့်ကိုမြန်မြန်နမ်းပါ လို့ အမည်ရတဲ့ပန်းကလေး။ အရွက်ကလေးတွေက ဆေးဖက်သိပ်ဝင်ပါသတဲ့။
မြတ်နိုးခြင်းရဲ့ သင်္ကေတ နှင်းဆီဝါလေး ..။ တကယ်ဆို ဒီ့ခြံလေးထဲမှာ နှင်းဆီက အရောင်စုံရှိပေမဲ့ ပူလွန်းလို့လားမသိ..။ ဒီရာသီမှာ သိပ်မပွင့်ကြဘူး။
ပန်းလိုလို သစ်ရွက်လိုလို ရွက်ကျပင်ပေါက်နွယ်ဝင် အပင်ကလေးတွေ။
မေမြို့က မျိုးယူလာတဲ့ ပန်းကလေး။  အမည်တော့ သေချာ မပြောတတ်။ မြစ်ဝကျွန်းပေါ်တ၀ိုက် မှာတော့ ကပ်ကြေးညှပ်ပန်းလို့ ခေါ်တာ မှတ်သားခဲ့ဖူးတယ်။
 
ယဉ်စစ သစ်ခွ ပန်းကလေးတွေ။
ခရာဝါ ဆိုတဲ့ နွယ်ပင် ပန်းကလေးတွေ...။

 
ဒီအပင်ကလေးတွေ အားလုံးကို  ရုံးသူရုံးသား မောင်နှမများအားလုံး ၀ိုင်းဝန်းပြုစုကြတာပါ။  ကျမကိုယ်တိုင်က ပန်းပွင့်ကလေးတွေ မြင်ရင် ပျော်နေပြီး အလုပ်လုပ်ရတာ ပိုပြီး တက်ကြွ ရွှင်လန်း နေတတ်လို့ သူတို့ကိုလည်း စည်းရုံးပြီး အတူတကွ စိုက်ပျိုးထားကြတာပါ။   ဥယျာဉ်လေးက ၀န်ထမ်းတွေကို ပိုမို စည်းလုံး ချစ်ခင်လာစေတယ်လို့ ထင်မိတယ်။ ပန်းကလေးတွေဆိုတာ လူသားတွေရဲ့ ၀ိဥာဉ်အဖေါ်ပါ။ ကျမကတော့ စိတ်ပင်ပန်းလာရင် ဥယျာဉ်လေးထဲ တပါတ်လောက်လျှောက်ပြီး ပန်းပွင့်လေးတွေကို ကြည့်လိုက်တာပဲ....။

သူငယ်ချင်းတို့အားလုံးအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ...။

မိုးစက်ပွင့်

Monday, 19 July 2010

ကြာ

လမ်းဘေးမှာ ကြာပန်းကလေးတွေ တွေ့တာနဲ့   လျပ်တပြက် ရိုက်ချက်နဲ့ မှတ်တမ်းတင်လိုက်ပါတယ်။  နေရာတကာမှာ အတွေ့များတဲ့ ပန်းနုရောင်ကြာလေးတွေပါ။  ကြာဖြူနဲ့  ကြာပြာကတော့ ငယ်ငယ်က တွေ့ဖူးတယ်။  အဲဒီတုန်းကတော့ သူငယ်ချင်းတသိုက်နဲ့  လယ်ကန်သင်းရိုးမှာ  ကြာဆစ်ပုတီးလေးတွေ ဆွဲပြီး ပျော်ခဲ့ဖူးတာပေါ့......။

“ကြာ....ကြာ....ကြာ....ကြာတွေချိုးခဲ့ကွာ...အတူနေရန် စိန္တေဘုရားရှေ့မှာ” ဆိုတဲ့ မေဆွိနဲ့ ခင်မောင်ထူး စုံတွဲသီချင်း မြူးမြူးလေး ကိုတောင် သတိရမိသေးတော့တယ်။ နောက်ပြီး ချိုပြုံးရဲ့ “ဘ၀ချင်းဆုံဆည်းပါရစေ”ထဲက  “ရေကန်သာ မောင်ကဖြစ်ရင်လေ..... နှစ်ဖြာသင့်တင့်  ကြာပန်း တပွင့်ဖြစ်ပါရစေလားလေ...” ဆိုတဲ့ သီချင်း ဆွေးဆွေးလေးကို နားထဲမှာ ကြားရောင်လာပြန်ရော။ 

တကယ်တော့ မြန်မာနဲ့  ကြာက တော်တော်နီးစပ်တာပါလား။  ကြည့်လေ-  ဘာသာရေး အထိမ်းအမှတ်ကတောင် ကြာပန်းမဟုတ်လား။  ကြည့်ရတာ ရွှံ့နွံနဲ့တူတဲ့ ကိလေသာကြားကနေ ရုန်းထွက်ပေါက်ပွားလာတဲ့ သန့်စင်မှုအထိမ်းအမှတ်ပဲဖြစ်ရမယ်။  ဒီလိုပဲ လျောက်တွေးကြည့်တာပါ။ ဒါပေမဲ့ ကြာပန်းကို ဘုရားမတင်ဝံ့တဲ့သူတွေလည်းရှိရဲ့။  ချစ်သူနဲ့  နီးဖို့အရေးမှာ “ကြာ”မှာစိုးလို့တဲ့။  ဒါဆိုလဲ  “ကြာဖူး” ပဲကပ်ပေါ့ကွယ်...။

စကားပုံထဲမှာလည်း ကြာတွေ များမှများပဲနော်။ မှတ်မိသလောက် “ရေမြင့်မှ ကြာတင့်” “ရေကန်အသင့် ကြာအသင့်” “ကြာရိုးကြာစွယ်ကြည့်၊  ရေအတိမ်အနက်သိ” “ပိန်းကြာဖက်တွင်၊ ရေမတင်”  တဲ့။ နောက်ပြီး အိမ်နားက အလှူခံရုံက ဆုတောင်းနေတာ ဘာတဲ့- ပဒုမ္မာရွှေကြာပန်းလို ရွှင်လန်းနိုင်ကြပါစေ တဲ့..။  ပဒုမ္မာကြာ ကတော့ လရောင်ဆမ်းမှ ပွင့်တယ်လို့  ကြားဖူးပါရဲ့။  ငယ်ငယ်ကတော့ “ကြာ”ကြည့်ကြည့်တယ် ဆိုတာ ဘာပါလိမ့် လို့ စပ်စုခဲ့ဘူးတယ်။  နောက်မှ အငြိမ့်မင်းသမီးတွေ ဇာတ်ခုံအောက်ကို မျက်လုံးဒေါင့်ကပ်ကြည့်တာမျိုးကို ခေါ်တာမှန်းသိလာတာ။  မှန်တချပ်ယူပြီး အကြိမ်ကြိမ် စမ်းကြည့်ဖူးသေးတယ်။  တော်တော် မျက်စေ့ညောင်းတာပဲ နော်။

ကြာပင်က တော်တော်လေး အသုံးဝင်ပါတယ်။  ကြာရွက်ဆိုရင် ဈေးထဲမှာ သားငါးထုပ်တာ အကောင်းဆုံးပဲ (ခုတော့ ကြွပ်ကြွပ်အိတ်နဲ့  ထုပ်ကုန်ကြပြီ)။  ကြာရိုးကြာစွယ်က ဟင်းချိုချက်စားလို့ရတယ်လေ။ ကြာမျှင်တွေ အများကြီးစုပြီး ကြာသင်္ကန်းလည်း ယက်လို့ရတယ်။  (သင်္ကန်းတထည်ရဖို့ ကြာရိုးတွေ သိန်းနဲ့ချီပြီးကုန်တာမို့ သဘာဝပါတ်ဝန်းကျင် ရှုဒေါင့်ကနေ အားမပေးချင်တာတော့ အမှန်ပဲ) ။ ကြာပွင့်ကို ဘုရားလှူပြီး ကြာဖူးရဲ့အဆံ (ကြာသီး) ဖြူဖြူလေးတွေက ဆိမ့်ဆိမ့်အိအိ နဲ့ စားလို့အလွန်ကောင်းပေတာပဲ။

ဆရာမြသန်းတင့်ရဲ့ “ဧကရာဇ်တို့ ဧ။်ဘဏာတိုက်များ” ဆိုတဲ့စာအုပ်လေးထဲမှာ ကြာပွင့်ကြာဖူးစားပြီး ယစ်မူးနေသူတွေ အကြောင်းပါတယ်။  သူတို့ကို နောက်က လိုက်ခေါ်တဲ့သူတွေလည်း ကြာပင်တွေရဲ့ အရသာကြောင့်ပြန်မလာနိုင်တော့ဘူးတဲ့။  ဆရာဆိုလိုချင်တာ တခုခုတော့ ရှိလိမ့်မယ် ထင်ရဲ့။ 

ပြင်သစ်ပန်းချီကျော် မိုနေး ( Claude Monet 1840-1926)  ကတော့ မျက်စေ့ဝေဒနာခံစားနေရင်းနဲ့ကို  သူမသေခင် အနှစ် ၃၀အတွင်းမှာ "Waterlilies" အမည်နဲ့  ပန်းချီကားပေါင်း ၂၅၀ လောက်ရေးဆွဲခဲ့ပါသတဲ့။ သူ့ရဲကြာပန်းပန်းချီကားတကားက ပေါင် ၂၄သန်းကနေ ၄၁သန်းအထိ ရခဲ့ပါသတဲ့။  ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်ကမှ လန်ဒန်မှာ သူ့ရဲ့ပန်းချီကားတွေကို ထပ်မံလေလံတင်ခဲ့တော့ ပေါင်၂၉သန်းအထိ ဈေးပေါက်ခဲ့ပေမဲ့ အရောင်းအ၀ယ်မဖြစ်ခဲ့ပါဘူးတဲ့။ အနုပညာတန်ဖိုးများ ကြီးပါဘိနော်။  မိုနေးရဲ့ (ကြာပန်း) ပန်းချီကားလေးတွေခံစားကြည့်မယ်ဆိုရင် ဒီမှာ ပါ......တောသူဆိုတော့ အရောင်စိုတဲ့ ပထမဆုံးပုံကို အကြိုက်ဆုံးပါ...နောက်ပုံတွေက ရိုးသလိုလိုရှိပေမဲ့ သူ့တို့ရဲံ တကဲ့အလှက တိမ်တွေရဲ့အရောင်ကို ကန်ရေပြင်မှာ ဖမ်းထားတာ လို့ ထင်တယ်။ နောက်ပြီး အသွင်အမျိုးမျိုးပြောင်းနေတဲ့ ကြာပန်းရိပ်သွင်တွေက လူ့ဘ၀ကိုများ ထင်ဟပ်နေလေသလား............

မြန်မာပြည်မှာလည်း ခုတလော “ကြာ”ပါတဲ့ ရုပ်ရှင် တော်တော်လူပြောများနေပါတယ်။ ကြည့်တော့ မကြည့်ရသေးပါဘူး။ တကယ်တော့ ကြည့်ဖို့ရာ  စိတ်လည်း မ၀င်စားလှဘူးပေါ့လေ........

ကဲ ကြာပန်းလေးတွေကြည့်ရင်း ဆွဲဆန့်လိုက်တဲ့အတွေးလေးက တနံတလျား ပါလား.........ဟိုရောက်ဒီရောက်အက်ဆေးလို့ပဲ အမည်ပေးရတော့မယ်ထင်ပါရဲ့။



မိုးစက်ပွင့်

( အထက်ပါ မိုနေးရဲ့  ကြာပန်း ပန်းချီကားများမှာ ကို ဒီက ရရှိပါသည်။

Wednesday, 2 June 2010

ပန်းကလေး Daffodil


ရေးစရာမရှိလို့   ဘာဆားချက်ရပါ့မလဲ စဉ်းစားနေတုန်း daffodil  ဆိုတဲ့ ပန်းကလေးတွေ သွားတွေ့တယ်။  ကိုယ်ကလည်း ပန်းကြိုက်သူ ဆိုတော့ ...။ NewYorker မဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရပါတယ်။  အဲဒီပန်းကလေးက နယူးယောက်မြို့တော်ရဲ့ အထိမ်းအမှတ်ပန်းတဲ့။ နယူးယောက်မြို့ရဲ့ ဥယျာဉ်ထဲမှာ ပင်တွေ အများကြီးစိုက်ထားတယ်တဲ့။ (ရောက်ဖူးသူများ အတည်ပြုကြပါကုန်)  အဲဒီဆောင်းပါးထဲမှာ "Daffodils are flowers of resilience"  ဆိုပြီး ရေးထားတယ်။ အဲဒါလေးကို  ကြိုက်လို့  ကိုယ့်ရဲ့ ဂျီတော့ခ် မှာ ဓါတ်ပုံနဲ့ စာသားလေး တင်ထားလိုက်တယ်။  သူငယ်ချင်းတစ်ယောက်က လှမ်းပြောတယ်။ အဲဒါ daffodils ပုံမဟုတ်ဘူးတဲ့။ daffodils  ဆိုတာ လမ်းဘေးပေါက်တဲ့ ပန်းဝါ၀ါလေးတွေတဲ့။ နင်တင်ထားတာက သစ်ခွပန်း ကြီးတဲ့- ဟိုက် သေပီဆရာ။ ဒါပေမဲ့ သေချာချင်တာနဲ့   Google မှာ ရှာလိုက်ပါတယ်။  အံမယ်လေး ဒီပန်းမျိုးက မျိုးကွဲ၅၀ လောက်ရှိတာ၊ ကပြားမျိုးတွေလည်း အများကြီး  ၁၃၀၀၀ လောက်တောင်ရှိသတဲ့။  သူငယ်ချင်းကို နင်ပြောတာက ဗမာ daffodil ငါတင်ထားတဲ့ပုံက အမေရိကန် daffodil လို့  ရမ်းတုတ်လိုက်ပါတယ်။

ဒီ daffodil ပန်းကလေးတွေအကြောင်းက အေဒီ၆ရာစုကတည်းက ပရောဖက် မိုဟာမက်ရဲ့ စာပေတွေထဲမှာကို ပါနေပါသတဲ့။ နောက်ပြီး ဝေလနယ် ( Wales) ရဲ့ အမျိုးသားပန်းပဲ။ အရောင်အားဖြင့် အဖြူ၊ အ၀ါ၊ ဖြူဝါစပ်၊ စိမ်းဝါ ရောင်တွေ့ရတတ်တဲ့ ခေါင်းလောင်းပုံဝတ်ဆံနဲ့ ဒီပန်းကလေးတွေက  “ခင်မင်မှူ” ကို ကိုယ်စားပြုတယ်လို့   theflowerexpert.com မှာ တွေ့ရတယ်။ ဒါဆိုရင် သိပ်တိုက်ဆိုင်တာပဲ။ အလယ်တန်းတုန်းက ကိုယ်သိပ်ခင်တဲ့ သူငယ်ချင်းတယောက်ကို လမ်းဘေးက မြက်ရိုင်းပန်းဝါ၀ါလေးတစ်ပွင့် ခူးပေးဖူးတယ်။  အဲဒါ daffodil ပဲထင်ရဲ့။  သူငယ်ချင်းက နားမှာညှပ်ပြီးပန်ထားတော့ ပျော်လိုက်တာ အရမ်းပါပဲ။
daffodil ရဲ့ မျိုးရင်းပင်ကို Narcissus လို့ ခေါ်တယ်တဲ့။ Narcissus ဆိုတာ ရေထဲကကိုယ့်အရိပ်ကို ကိုယ်ပြန်ချစ်မိသွားတဲ့ ဂရိလုလင်ပျိုရဲ့အမည် ဖြစ်လေတော့ အလှသင်္ကေတလို့ ဆိုနိုင်ပါတယ်။  ပုံပြင်ထဲမှာတော့ ရေကန်ထဲက ကိုယ့်ပုံရိပ်ကို မခွာနိုင်ဖြစ်ပြီး သေသွားရှာတဲ့ လုလင်လေးရဲ့ သချိုင်းနေရာမှာ နတ်တွေရဲ့ အလိုအရ အဲဒီ Narcissus အပင်ကလေး ပေါက်လာတာဆိုဘဲ။ မယုံရင် ပုံပြင်မှတ်ကြပေတော့နော်။ အနောက်နိုင်ငံက အဲဒီပန်းကလေးကို အတ္တပုံရိပ် ကိုယ်စားပြုတယ်လို့  မြင်ကြပေမဲ့  တရုတ်နိုင်ငံကတော့ ”ချမ်းသာကြွယ်ဝမှု”ရဲ့ သင်္ကေတ အဖြစ် မှတ်ယူကြပါတယ်။  တရုတ်နှစ်သစ်ကူး နွေဦးရာသီမှာ ပွုင့်လေ့ရှိတဲ့ အဲဒီပန်းကလေးတွေဟာ အနံ့လည်း အလွန်မွှေးပျံ့ပြီး မင်္ဂလာရှိတယ်လို့   တရုတ်လူမျိုးများက မြတ်မြတ်နိုးနိုး သတ်မှတ်ထားကြတာပါ။


သူ့ရဲ့   ရာသီဥတုဒဏ်အပါအ၀င် အားလုံးကို အံတုပြီးပွင့်နိုင်တဲ့ ကြံ့ခိုင်တဲ့ သတ္တိကြောင့်ထင်ပါရဲ့။  ကမ္ဘာပေါ်မှာရှိတဲ့ ကင်ဆာအဖွဲ့အစည်းတော်တော်များများက ကင်ဆာသုတေသနနဲ့  ရံပုံငွေစုဆောင်းရေးတွေမှာ daffodil ပန်းလေးကို သင်္ကေတတစ်ရပ်အနေနဲ့  သုံးကြတာကို တွေ့ရပါတယ်။ ကနေဒါကင်ဆာလူမှုအဖွဲ့ ( Canadian Cancer Society) ကဆိုရင် ၁၉၅၇ကစလို့   ”Daffodil Day “ ဆိုတဲ့ အမည်နဲ့   ရံပုံငွေပွဲတွေ ကျင်းပကြတာ တွေ့ရပါတယ်။

မိန်းကလေးတွေဟာ ပန်းကလေးတွေ တစ်မျိုးစီနဲ့တူတယ်လို့  ခင်မင်သူတစ်ဦးက မှတ်ချက်ပေးဖူးပါတယ်။ တစ်ချို့ကမွှေးတယ်၊ တချို့က လှတယ်။  တစ်ချို့က မွှေးလည်းမမွှေးဘူး၊ လှလည်းမလှဘူး။ Daffodil နဲ့  တူမဲ့ မိန်းကလေးကို ကိုယ့်ပတ်ဝန်းကျင်မှာ ရှာကြည့်နေမိတယ်။ ကိုယ်ကိုယ်တိုင် ဘာပန်းနဲ့ တူနေမလဲလို့   စ တွေးမိပေမဲ့  ဆုံးအောင် ဆက်မတွေးချင်ဘူး။ ပန်းပွင့်ရိုင်းရိုင်းကြီးဖြစ်နေလို့    အမှန်တရားကို လက်မခံချင်တာလည်း ဖြစ်ရင်ဖြစ်မယ်။


ကော်မန့်မှာ အပြုံးပန်း ထည့်ပေးထားတဲ့ Daffodils ကဗျာလေးက ချစ်စရာကောင်းတာမို့ တစ်ခါတည်းဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။

"I wandered lonely as a cloud"  
(- a poem by by William Wordsworth)


I wandered lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.


Continuous as the stars that shine
And twinkle on the milky way,
They stretched in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.


The waves beside them danced, but they
Out-did the sparkling leaves in glee;
A poet could not be but gay,
In such a jocund company!
I gazed—and gazed—but little thought
What wealth the show to me had brought:


For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils. 
ပန်းကလေးတွေကို လူ့အသိုင်းအ၀ိုင်း အမျိုးမျိုးက အမည်အမျိုးမျိုး အဓိပ္မါယ်အမျိုးအမျိုးနဲ့   ခေါ်ဝေါ်သတ်မှတ်ကြပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။  “နှင်းဆီပန်းကို ဘယ်လိုနာမည်ပေးပေး၊ မွှေးမြဲမွှေးနေမည်သာ”** ဆိုတဲ့ ဆိုရိုး စကားလေးလိုပေါ့။


မိုးစက်ပွင့်
** "What's in a name? That which we call a rose/ By all other name would smell a sweet"  [ William Shakespere, Romeo and Juliet act II  sc.ii) 

ပုံတွေကို ဒီက ယူပါတယ်။

Monday, 29 March 2010

ပန်းကြိုက်သူ


                  ခုတလော ကိုယ့်အကြောင်းတွေပဲ ရေးဖြစ်နေတယ်။  အေးလေ- ကိုယ့်အကြောင်းပဲ ကိုယ်အသိဆုံးဆိုတော့။ မျှဝေစရာ ဘာပညာမှ မည်မည်ရရ မရှိတဲ့သူဆိုတော့ ကိုယ့်အကြောင်းတွေပဲ ကိုယ်ရေးတော့မယ်- အဟား။ “ပန်းကြိုက်သူ“ ရေးရမလား “ပန်းချစ်သူ” ရေးရမလား။  ချစ်တာနဲ့ကြိုက်တာ ဘာကွာသလဲ...။ ခေါင်းထဲမှာ အတွေးတွေ ပွစိတက်။  အို- ရှုပ်ပါတယ်လေ။  ပန်းချစ်သူဆိုတာ သီချင်းတွေ ကဗျာတွေအများကြီး ရှိပြီးသား။ ဒီတော့ ပန်းကြိုက်သူပဲ ရေးတော့မယ် ..........  ။  
                         ပန်းကတော့ ငယ်ငယ်ထဲက ကြိုက်တာပါ။ 
              ခရေ-  ငယ်ငယ်က ရွာဦး ရွာထိပ် ဘုရားဝင်းကြီးထဲမှာ ခရေပင်အကြီးကြီးရှိတယ်။  ပင်စည်လုံးပတ်က လူတစ်ဖက်လောက်ရှိမယ်ထင်ရဲ့။ အပွင့်တွေကလည်း လတ်ဆတ်ဖွံ့ထွားလိုက်တာ။  မနက်စောစော သူငယ်ချင်းတွေနဲ့အတူ ခရေပန်းသွားကောက်ရတာလည်း အရသာတစ်ခုပါပဲ။ ခရေရွက်ခြောက်ညိုညိုတွေပေါ်မှာ နှင်းပွင့်လေးတွေ စိုနေတဲ့ ခရေပန်းကလေးတွေ ပြန့်ကျဲလို့။  ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့် လောဘတကြီး ကောက်ရင်း တဖြည်းဖြည်း မိုးလင်းလာပါရော။   အိမ်ကယူလာတဲ့ နှီးဗန်းကလေးထဲမှာလည်း ခရေပန်းကလေးတွေက အပြည့်အမောက်။ ရွရွကလေးအုပ်ကိုင်လိုက်ရင် နူးညံ့တဲ့ ပွင့်ဖတ်ချွန်လေးတွေရဲ့ အထိအတွေ့။  အိမ်ကိုရောက်တာနဲ့  နှီးပင်သေးသေးကလေးနဲ့သီ၊ တစ်ချို့ကို ဘုရားတင်၊ တစ်ချို့က ဆရာမဖို့၊   နောက်ဆုံးတစ်ကုံးက ကိုယ်ပန်ဖို့ပါလေ။ အဲဒီအပင်ကြီး အခု ရှိသေးလား မသိတော့ပါ။
                ဆိတ်ဖလူး - “ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏....” ဆိုတဲ့ကဗျာထဲကလို အရမ်းမွှေးပျံ့တဲ့ ပန်းကလေးတွေပါ။  အိမ်ခေါင်းရင်းမှာကို ရှိတယ်။  တချို့က သူ့အနံ့ကို မွှေးလွန်း စူးလွန်းလို့  မကြိုက်ဘူး။  ကျွန်မကတော့ ပွင့်ဖတ်ဖြူဆွတ်ဆွတ်ကလေးရယ်။ အရိုးတံ လိမ္မော်ရောင်တောက်တောက် ရိုးတံလေးတွေကို ချစ်လို့။  အရိုးတံလေးကို ညှစ်ခြေလိုက်ရင် လက်ထိပ်လေးတွေ လိမ္မော်ရောင်စွန်းကုန်ပါတယ်။  သူလဲ ခရေလို မြေပေါ်ကို ကြွေကျပေးပါတယ်။
                    စံပယ်- ငယ်ငယ်ကတော့ အကြိုက်ဆုံးပန်းပါ။  ဘာလို့လဲ- ဟုတ်လား။  ဖြူစင်တယ် ရိုးသားတယ် ဘာညာ စာတွေဖတ်ပြီး ကြိုက်တာ။ သူ့အနံ့ကလည်း ယဉ်တယ်လေ။ အဖြူဆွတ်ဆွတ် စံပယ်ပွင့် အသေးလေးတွေကို  အ၀ါနုရောင်သန်းတဲ့ အိုးပုတ်စံပယ် လုံးလုံးကြီး  ၀၀ကြီး တွေထက်ကြိုက်ပါတယ်။  စံပယ်ပန်း ပုံရှာတော့ “ယုဇန” တို့  ”ဇွန်ပန်း၊” တို့ တခြား အပွင့်ဖြူချပ်လေးတွေပါတဲ့ ပန်းပွင့်လေးတွေကို  jasmine အုပ်စုထဲမှာ တွေ့ရတယ်။  ကိုယ်ပြောချင်တဲ့ စံပယ်နဲ့  အနီးစပ်ဆုံးပုံကိုပဲ ယူလိုက်ပါတယ်။
                 နှင်းဆီ-  ငယ်ငယ်က မုန်းခဲ့တယ်။  ဒါလည်း ကဗျာတွေ စာတွေ မတောက်တခေါက်ဖတ်ပြီး ဆူးတွေပါတယ်၊ မာနကြီးတယ် ဆိုတာတွေရဲ့ အစွဲကြောင့်ထင်ပါရဲ့။  အလုပ်တွေ ဘာတွေဝင်ပြီး နောက်ပိုင်းကျတော့ နှင်းဆီပန်းလေးတွေကို နှစ်သက် မြတ်နိုးတတ်လာတယ်။  ဘာကြောင့်ရယ်မသိ။ နှင်းဆီဝါကို ပိုပြီး နှစ်သက်မိပါတယ်။  ကျောက်နှင်းဆီ သေးသေးကလေးတွေကိုလည်း ကြိုက်တယ်။  ဒီတစ်ပုံပဲ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံပါ။
                 ပိတောက် -  အမျိုးသားပန်း လည်းဖြစ်လို့။  ဆွဲဆောင်နိုင်တဲ့ အရောင်နဲ့ အနံ့ကြောင့် ကြိုက်တာ။  ကြွေလွယ်တဲ့ သူ့သဘာဝကိုတော့ မကြိုက်ချင်။  အိမ်ရှေ့က ပိတောက်ပင်ကြီးက သင်္ကြန်အကြိုနေ့ဆို အမြဲပွင့်တယ်။  သူက အပွင့်ပွင့်ချိန်မှာ သနားစရာကောင်းလောက်အောင် အကိုင်းတွေအများကြီး အချိုးခံရတဲ့အပင်လေ။  တစ်နှစ်မှာ ပိတောက် သုံးခါပွင့်တယ်လို့ ပြောကြတယ်။  မှတ်မှတ်ရရ စင်္ကာပူမှာ  ပိတောက်နံ့ကလေး ရတော့ ဟိုဟိုသည်သည် ရှာလိုက်ရတာ။  တွေ့ပါပြီ- လမ်းဘေးနားမှာ ပွင့်နေတဲ့ ပိတောက်ပင်ကြီး။  နိုင်ငံရပ်ခြားမှာ ကိုယ့်အမျိုးတွေ့သလို ပျော်သွားတယ်။ 
           ကံ့ကော်-  တက္ကသိုလ်ပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်နေတဲ့ပန်း။ သူက ၀တ်ဆံဝါ၀ါ၊ ပွင့်ဖတ် ဖြူဝိုင်းဝိုင်းလေးတွေနဲ့  အိနြေ္ဒရှင် ပန်းကလေးပါ။  ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ရှေးကလူတွေ စိတ်ကူးကောင်းကောင်းနဲ့ စိုက်ခဲ့တဲ့ ကံ့ကော်ပင်ကြီးတွေ အများကြီး ရှိတယ်။  ကံ့ကော်တွေကိုမြင်ရင် ချစ်သောကျောင်းကြီးကို သတိရတယ်။  ကျောင်းဝန်းထဲမှာ ဗန်းကလေးနဲ့  ကံ့ကော်ပန်းကလေးတွေ ထိုင်ရောင်းနေတဲ့ သူကလေးတွေပါ သတိရတယ်။   အစည်းလိုက်လေးဝယ်ပြီး သူများတွေနဲ့မျှပန်တာ သူငယ်ချင်းလေးတွေ ၀ယ်လာရင်လည်း ၀မ်းသာအားရ မျှယူခဲ့ရတာ။ ၀တ်ဆံခြောက်ကလေးတွေက သနပ်ခါးထဲ ထည့်သွေးရင် မွှေးမွှေးချောချောလေး။
           သဇင်- ကြီးမှကြိုက်တဲ့ ပန်းပါ။ ငယ်ငယ်ကတော့ သူများတွေ တယုတယပန်နေတာ၊ ပြန်လာရင် ရေစပ်စပ်လေးနဲ့ တရိုတသေ သိမ်းထားကြတာ၊ ပန်းပန်ပါတယ်ဆိုမှ ဥကြီးတွဲလျက်ဖြစ်နေတာတွေကို  မျက်မုန်းကျိုးခဲ့သပေါ့။  သိပ်လဲ မလှဘူးလို့ထင်တာလေ။  နောက်တော့လည်း သူ့ရဲ့ ယဉ်စစအလှနဲ့ သင်းရနံ့ကလေးတွေက ကိုယ့်ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။
                 ကြာပန်း-  ကြီးလာတဲ့အခါ သိပ်မကြိုက်ပေမဲ့ ငယ်ငယ်ကတော့ အဖေါ်ပါ။  ဖြူနီပြာ ရောင်စုံရှိတတ်ပေမဲ့ အများဆုံးတွေ့ရတာက နီလဲ့လဲ့ကြာကလေးတွေပါ။ ကြာဆစ်ချိုး ဆွဲကြိုးလေးရဲ့ လည်ကုပ်ပေါ်က အေးမြလတ်ဆတ်တဲ့ အထိအတွေ့ကို မှတ်မိနေတုန်းပဲ။ ကြာပန်းနံ့သင်းသင်းကလေးကို ခံစားရတိုင်း ဟိုးငယ်ငယ်ဘ၀ကို အမှတ်ရမိတယ်။
               ဒါတွေကတော့ ကိုယ် အမှတ်အရဆုံး ပန်းကလေးတွေပါ။ အနံ့မမွှေးတဲ့ နေကြာတို့၊ စက္ကူပန်းတို့၊  ရွက်လှ၊ ဒေလီယာ၊ သစ်ခွတို့တော့ သိပ် စိတ်မ၀င်စားလှဘူး။ ကိုယ်လက်လှမ်းမမီဘဲ ပုံကြည့်ပြီး စိတ်ဝင်စားတာတွေလည်း ရှိသေးတာပေါ့။    ဥပမာ- Tulip တို့   Deffodil တို့  ပေါ့။ 
                 ငယ်ငယ်က ကစားလို့ ကိုယ်နိုင်ခြေရှိလာရင် ပန်းပေးပြီလား ပန်းပေးပြီလား လို့ တစ်ဖက်ကို မေးရတာလေ။  သူက ပန်းပေးတယ်ဆိုရင် သူအရှုံး ကိုယ်အနိုင်နဲ့ ပွဲရပ်ခဲ့ကြတာပေါ့။  ဘာကြောင့် အရှုံးပေးတာကို ပန်းပေးတယ် ခေါ်သလဲဆိုတာ ကိုယ်မသိပါ။
                   ဒီလိုနဲ့  နည်းနည်းကြီးလာတော့ ချစ်သူတွေပန်းပေးကြတယ်ဆိုတာ သိလာတယ်။ အဲဒီလိုနဲ့ ပန်းပေးမဲ့ မင်းသားလေးကို စောင့်လိုက်တာ ဗာလင်တိုင်းနေ့တွေသာ အလီလီကျော်ဖြတ်သွားတယ်။ တစ်ယောက်တစ်လေမှ မတွေ့ရဘူး။ ၀မ်းနည်းပါဘိ။ အနားကို ပူးကလေးရောက်လာတော့လည်း (ပန်းကြိုက်သူပီပီ) အမှတ်တရ ပန်းပေးစေချင်ခဲ့တယ်။  သူက လုံးဝ အလိုက်မသိဘူး။  သူက လက်တွေ့သမား၊  သူပေးဖူးတာက သဇင်ပန်းတုံးတစ်တုံး။  (ကိုယ့်ဘာသာ ရေလောင်း၊ ကိုယ့်ဘာသာ ခူးပန် လို့  ဆိုလိုချင်တာလားမသိ)။ 
             ပန်းပန်တဲ့ အလေ့အထဟာ မြန်မာဓလေ့လို့ ပြောရင် မှန်မလားဘဲ။  တွေ့ဖူးသလောက် နိုင်ငံခြားသူတွေ ပန်းပန်လေ့မှမရှိတာ။  တီဟီတီကျွန်းရဲ့  အမှတ်အသား ခေါင်ရမ်းပန်းတွေကို နားရွက်ကြားညှပ်တာတို့၊  ဘာလီ ကျွန်းသူလေးတွေ ပန်းကုံးခေါင်းစွပ်တာတို့  လောက်ပဲ မြင်ဖူးပါတယ်။  မြန်မာအမျိုးသမီးလေးတွေကတော့ ပွဲတက်ပြီဆို ဆံထုံးနဲ့ ပန်းနဲ့ပုဝါနဲ့မှ အင်္ဂါစုံပြီး တင့်တယ်တာ မဟုတ်လား။  (ဒီနေ့ခေတ်ကတော့ ပန်းပန်တာနည်းပြီး ရတနာဆံထိုးလေးတွေ ပိုသုံးလာသလိုပဲ) ပန်းပန်နည်းတောင် အမျိုးမျိုးရှိပါသေးတယ်။  မှတ်မိသလောက် ဆံထုံးနဲ့ နားရွက်ကြားမှာ ပန်းပွင့်လေးကို အလိုက်သင့်ကပ်ပြီး၊ အပွင့်ကလေးတွေဘေးကိုပြူထွက်နေအောင် ပန်တာကို “ခင်ယုမေ ပန်းပန်နည်း“ တဲ့။
                    သြော် ပြောရင်းနဲ့  မြန်မာဆန်ဆန် ပန်းပန်လေ့ရှိတဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ယောက်ကို သတိရမိသေးတော့-။

မိုးစက်ပွင့်
photo credit:  fotosearch.com