Showing posts with label Turkey. Show all posts
Showing posts with label Turkey. Show all posts

Monday, 15 March 2010

အီစတန်ဘူလ် သို့မဟုတ် အရှေ့ နှင့် အနောက် ဆုံရာသို့


 အီစတန်ဘူလ်မြို့ ကို ရောက်ခဲ့တဲ့ အမှတ်တရ ခရီးသွားမှတ်တမ်းလေးပါ။ အီစတန်ဘူလ်က တူရကီရဲ့ မြို့တော်မဟုတ်ပေမဲ့   သက်တမ်းရှည်ကြာတဲ့ သမိုင်းစာမျက်နှာတွေ အများကြီးကို ရင်ခွင်ပိုက်ထားတဲ့ မြို့ကြီးတစ်မြိုပါ..။ နိုင်ငံတကာက ခရီးသွားညေ့်သည်တွေနဲ့ သည်းသည်းလှူပ် စည်ကားနေတဲ့မြို့။  ညနေချိန်မှာ မာမရာပင်လယ်ရဲ့ ကမ်းခြေတစ်ဝိုက်မှာ ရွှေအိုရောင်ဝတ်စုံနဲ့ မခို့တရို့ပြုံးလို့...။ ညမီးရောင် ပြိုးပြိုးပျက်ပျက်အောက်မှာလည်း ဆေးရောင်စုံမျက်နှာနဲ့ အသက်ရှူမှားအောင် လမ်းလျှောက်တတ်တဲ့ အီစတန်ဘူလ် ဆိုတဲ့ သူမ........။ မဟာဆန်ခြင်းနဲ့ ခေတ်ဆန်ခြင်းတို့က သူမဆီမှာ အချိုးညီညီ ပေါင်းစပ်လို့နေတယ်။   ( သူမဆီ ကျွန်မ ရောက်ခဲ့ချိန်က ၂၀၀၉ခုနှစ် နှောင်းပိုင်းမှာပါ။ ရေးပြီးသား ခရီးစဉ်မှတ်တမ်းလေး ပျောက်သွားတာ တွေ့နိုးနိုး ရှာရင်းနဲ့ တစ်နှစ်ကျော်ကြာခဲ့ပြီးမှ faded memory လေးနဲ့ ပြန်ရေးဖြစ်တာပါ...။ )

အီစတန်ဘူလ်ကို ခရစ်တော်မပေါ်မီ ဘီစီ ၆၆၇ ကတည်းက  မြို့ပြနိုင်ငံငယ်ကလေး အဖြစ်ထူထောင်ခဲ့ပြီး မူရင်းအမည်က ဘိုင်ဇက်တီယမ် ပါတဲ့..။ ရောမအင်ပါယာ ( အေဒီ ၃၃၀-၃၇၉) ခေတ်မှာလည်း မြို့တော်ဖြစ်ခဲ့ပြီး  နိုဗာရိုမာ ( New Roman  ) လို့ အမည်တွင်ခဲ့ပြန်တယ်။ အဲဒီနောက်ပိုင်း တက်လာတဲ့ အော်တိုမင်အင်ပါယာ ( အေဒီ ၁၄၅၃- ၁၉၂၂) ခေတ်တစ်လျှောက်လုံးမှာတော့ ကွန်စတန်တိနိုးပဲလ် လို့ နာမည်ကျော်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း စံနစ်ဟောင်းကို သင်ဖူးသူတွေ အကျွမ်းတ၀င် ရှိနေမယ့် အမည်ပါ။ ပထမ ကမ္ဘာစစ်မှာ အော်တိုမင်အင်ပါယာ စစ်ရှူံးပြီး မဟာမိတ်အင်အားစုတွေကြီးစိုးခဲ့ကြချိန်မှာတော့ အမျိုးသား ခေါင်းဆောင် မူစတာဖာ ကမာလ် အတာတာ့ခ် (Mustafa Kamal Atatak ) က အင်ကာရာ မြို့ကို ခြေကုပ်ယူပြီး နယ်ချဲ့ကို ပြန်လည် တွန်းလှန်တိုက်ထုတ်ခဲ့ပါတယ်။  ခရစ်နှစ် ၁၉၂၃မှာ  တူရကီ သမ္မတနိုင်ငံ တည်ထောင်ချိန်မှာတော့  တူရကီရဲ့ မြို့တော်က အင်ကာရာ (Ankara )  ဖြစ်လာပါတယ်။ ဒီ ကွန်စတန်တီနိုးပဲလ်မြို့ကြီး ကိုတော့   အီစတန်ဘူလ် ( Istanbul ) ရယ်လို့ အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့ကြပါတယ်။ အဲဒီတည်းက ယဉ်ကျေးမှူမြို့တော်အဖြစ်နဲ့သာရပ်တည်ခဲ့ရတော့တယ် (တရားကျစရာ  သင်္ခါရတရားများ .....).။
သမိုင်းတွေ ပြည့်နှက်နေတဲ့ ဒီ အီစတန်ဘူ မြို့ကြီးက လာလည်သူခရီးသည်တွေကို နတ်မိမယ်တစ်ပါးလို သူ့အလှနဲ့ ဆွဲဆောင်ဖမ်းစား နိုင်ခဲ့တယ်။  အီစတန်ဘူလ်ရဲ့ သမိုင်းဝင်နေရာတွေကို ယူနက်စကိုရဲ့ ကမ္ဘာ့သမိုင်းအမွေအနှစ်များစာရင်းမှာ ၁၉၈၅ ခုနှစ်က ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၀မှာတော့ ဥရောပရဲ့ ယဉ်ကျေးမှူမြို့တော်အဖြစ် (ဂျာမနီ နဲ့ ဟန်ဂေရီက အခြားမြို့ကြီးနှစ်မြို့နှင့်အတူ)  ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ လူဦးရေကလည်း  လက်ရှိ ၁၄ သန်းရှိနေတာမို့ ကမ္ဘာ့ မြို့ကြီးများစာရင်းဝင်ဖြစ်ပါတယ်။ မြို့တော်ကို အမြန်တိုးချဲ့ခဲ့ရလို့  အဆောက်အဦသစ်တွေက ခိုင်မာမှူမရှိပဲ ၁၉၉၉ ခုနှစ်မြေငလျင်မှာ လူတွေ တစ်သောင်းရှစ်ထောင်တောင် သေခဲ့ရတယ်လို့ ကြေကွဲစရာမှတ်သားမိပါရဲ့..။ ၂၀၂၅မတိုင်မီမှာ ရစ်ခ်ျတာစကေး ၇ လောက်ရှိတဲ့ ငလျင်ကြီး ထပ်လှူပ်ဦးမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြသေးတယ်။
ကျွန်မကို အထူးစိတ်ဝင်စားစေတဲ့ အချက်ကတော့ အီစတန်ဘူလ် ဟာ တစ်မြို့တည်းနဲ့  အာရှနဲ့ ဥရောပဆိုတဲံ တိုက်ကြီးနှစ်တိုက်ရဲ့နယ်နိမိတ်စည်းကြောင်းကို ခွလျက်တည်ရှိနေတာကိုပဲဖြစ်ပါတယ်။ အောက်က တံတားကြီးပေါ့။ မြို့တော်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ခြားထားတဲ့  ဘော့စ်ဖောရပ် ရေလက်ကြားကို ဆက်သွယ်ထားတာ။  တံတားဘေးက ရေတစ်ဝက် ကုန်းတစ်ဝက်စားသောက်ဆိုင်လေးမှာ မိတ်ဆွေများနဲ့ စားရင်းသောက်ရင်း လေညင်းခံရင်းကတွေးနေမိတာ။  ဥရောပခြမ်းမှာ ထိုင်နေရင်းက ဟောဟို တံတားတစ်ဖက်မှာ မွေးရပ်မြေအာရှတိုက်ကို လှမ်းမြင်နေရပါလား ဆိုတဲ့အသိနဲ့ ရင်ခုန်မိသေးတော့တယ် ......။