Monday, 1 March 2010

ကံကြီးပေလို့

ကျမ လေးဖက်သွားတတ်စ အချိန်ကပေါ့...
အမေက ရုံးလဲတက်ရ၊ ကလေးလဲထိန်း၊ ထမင်းလဲချက်ရနဲ့  အလုပ်များတဲ့ အိမ်ရှင်မတဦးလေ၊ 
လက်လက်စင်အောင်ကဲတဲ့  ကလေးလေး “ကျမ”ကို အိမ်ရှေ့ဧည့်ခန်း (မီးဖိုထဲက မြင်ရတဲ့နေရာမှာ) အိမ်တိုင်ကို ကြိုးချည်ပြီး ထမင်းချက်သတဲ့။  ကြိုးချည်ထားတာကတော့ ပြုတ်ကျတာတို့  ထိခိုက်တာတို့ ဖြစ်မှာစိုးလို့ပါ။  အစကတော့ ကြိုးက တော်တော်ရှည်သတဲ့။  ကျမက ပါတ်လေးပါတ်ခြောက် ကစားရင်း ကြိုးက တိုင်ကို တပါတ်ပြီးတပါတ် ပါတ်ပြီး အရှည် ၃-၄ ပေလောက်ပဲ ကျန်တော့တဲ့အချိန်ပေါ့။
“ဘေဘီလေးကွ”
ရုတ်တရက်  အိမ်ရှေ့ကို တိတ်တိတ်ဆိတ်ဆိတ် အလည်ရောက်လာတဲ့ အမေနဲ့ တရုံးတည်းသား အိမ်နီးချင်းဦးလေးကြီးက (ကြိုးကိုမမြင်ဘဲ) ချိုင်းနှစ်ဖက်ကနေ ကိုင်အမြှောက် ................
“မလုပ်နဲ့” .... အမေ့ရဲ့ အော်ဟစ် သတိပေးသံ
ဝါး.....  ကျမရဲ့ စူးစူးဝါးဝါး ငိုသံ
ဧည့်သည်  ဦးလေးဟာ ကျောက်ရုပ်ကြီးလို  ကြောင်အန်းအန်း ဖြစ်သွားတော့တယ်။
ဒါတွေက  တစက္ကန့်အတွင်းမှာ ဖြစ်သွားတာပါ။

မီးဖိုထဲက စိုးရိမ်တကြီး   ပြေးထွက်လာတဲ့အမေရယ်...........
စိုးရိမ်တကြီး ငုံ့ကြည့်နေတဲ့ ဦးလေးကြီးရယ်.......
ဝမ်းနည်းစွာ အငိုမရပ်သေးတဲ့ ကလေးလေး ကျမရယ်........

တကယ်ဆို ကျမ ကံကောင်းတယ်လို့  ဆိုရမှာပါ။
ဦးလေးကြီး အားအရမ်းထည့်လိုက်ရင် ခြေဆစ်ပြုတ်သွားနိုင်တယ်။
လန့်လန့်နဲ့  လွှတ်ချလိုက်ရင် ခြေ၊လက် ကျိုးသွားနိုင်တယ်။
စိတ်မကောင်းတာတွေ၊ အပြစ်တင်တာတွေ၊ ကနောက် ခံရမှာကအရင်။ အိုး -မတွေးဝံ့စရာပါလားနော်....။

နို့မို့ဆိုရင်လား။  မိုးစက်ပွင့်တယောက် လမ်းထွက်ရင် ခြေထောက်ကလေးတဖက် ဆာတာ ဆာတာ ဖြစ်နေတော့မှာပဲ။


မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......