Sunday 18 September 2011

သတို့သမီးရဲ့ ငိုရှိုက်သံ




ဟိုး...ဝေးဝေး
အတီတေကာလ
ပျူ၊ ပေါက္ကံ၊ အင်းဝ၊ အမရပူရ
ခေတ်အဆက်ဆက်မှသည်
မြန်ပြည်ရဲ့ ရင်သွေးတွေ
မချို့ငဲရအောင်
ကျွေးခဲ့ မွေးခဲ့ ပေးခဲ့တဲ့
အားလုံးရဲ့ အမိ ဧရာဝတီ ....။

Friday 2 September 2011

သစ္စာ -၁

စနေတနင်္ဂနွေ အားလပ်ရက်ကလေးမှာ လွယ်ကူမြန်ဆန်တဲ့ ဟင်းလျာလေးတွေချက်လို့အပြီးမှာ ဧည့်ခန်းဆက်တီပေါ်လဲလျောင်းရင်း စာအုပ်ကလေးတအုပ်ကို အဖေါ်ပြုနေခဲ့ပါတယ်။ စာအုပ်ကလေးရဲ့ အမည်က “သစ္စာ” တဲ့။

သစ္စာရဲ့ ဖန်တီးရှင်က ကင်ဆာနဲ့ခွဲစိတ်ကုပါရဂူတယောက်။  မနှစ်က ကျမကို ဆရာကိုယ်တိုင်ခွဲစိတ်စဉ် တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တရားကို တိုးတိုးညင်သာဖွင့်လို့ စိတ်သက်သာရာရခဲ့တယ်။ ”ဘာမှမကြောက်နဲ့နော်” လို့ ဆရာက ကြင်နာစွာ ဖေးမအားပေးခဲ့တာကို သတိရနေမိတယ်။  စာအုပ်လေးကို ဖတ်နေရင်း ဆရာ့လေသံ အေးအေးနဲ့ ဘေးနားက ထိုင်ပြောပြနေသလို ခံစားရပါတယ်။ ဆရာက ၁၉၉၉ခုနှစ်မှာ စစ်တွေဆေးရုံကို တာဝန်ကျစဉ် ဘ၀သစ္စာကိုရှာဖွေခဲ့ပုံကို ပြန်ပြောင်းအမှတ်ရဟန်နဲ့ ရေးဖွဲ့ထားပါတယ်။  ဇာတ်လမ်း ဇာတ်ကွက်ကလေးနဲ့  တခန်းချင်း ညှပ်ရေးထားတာမို့ လုံးဝ ပျင်းစရာမကောင်းခဲ့ပါဘူး။ 

ဆရာက ရခိုင်ခရီးစဉ်မှာ သစ္စာကိုရှာဖွေဖို့ သံဓိဌာန်ချခဲ့တယ် လို့ဆိုပါတယ်။  ဆေးကုသမှုတာဝန်ပြီးတဲ့ ညစဉ်ညတိုင်း  စာအုပ်စာပေတွေ လေ့လာဖတ်ရှုလို့ သစ္စာရဲ့သမိုင်းကိုခြေရာကောက်ခဲ့ပါတယ်။  ဂရိ ခေါ် ခေါမတိုင်းမှသည် အနောက်တိုင်းဒဿန တွေးခေါ်ပညာရှင်တို့ရဲ့အဆိုအမိန့်များစွာကနေ နောက်ဆုံး မြတ်ဘုရားရဲ့ ဓမ္မစကြာ ဒေသနာတော်အထိပါပဲ တဲ့။  စာမျက်နှာ ၅၀၀လောက်ပါတဲ့ သစ္စာရဲ့ အကျဉ်းချူပ်ကလေးက ဒီလိုပါ။

ကမ္ဘာဦးလူသားတို့အနေနဲ့  တဖြေးဖြေး အသိဥာဏ်နှင့် လူနေမှုဘ၀မြင့်တက်လာတဲ့အခါ အောက်ပါ မေးခွန်းများကို ကြံစဉ်တွေးတောလာကြပါတယ်။
- သဘာဝတရားမှာ အမြဲမှန်ကန်တဲ့ နိယာမ ရှိပါသလား။
-ရှိခဲ့တယ်ဆိုရင် လူသားအားလုံးရဲ့ မွေးချိန်မှ သေချိန်အထိ ဘယ်နေကဘာဖြစ်မယ်ဆိုတာ အတိအကျ ပြဌာန်းပြီးသား ရှိပါသလား။
- လူသားနှင့် စကြာဝဠာ တခုလုံးဟာ ဖန်ဆင်းရှင်ထာဝရဘုရားနှင့် နတ်ဘုရားများကြာင့် ဖြစ်ပေါ်လာတာလား။
- အရာရာဟာ ဘုရားသခင်ရဲ့ အလိုတော်ကျဖြစ်ပေါ်နေတာမျိုးလား။
- လူသားဟာ နက္ခတ္တပညာရှင်များယူဆသလို သေးငယ်ပြီး အရေးမပါသော ဂြိုလ်ငယ်တလုံးပေါ်မှာ အစွမ်းအစမဲ့စွာ သွားလာလှုပ်ရှားနေတဲ့ ရေနဲ့ ကာဗွန်ဓါတ်တို့စုပေါင်းဖွဲ့စည်းထားတဲ့ အစုအခဲတခုပဲလား။
- လူတွေသေဆုံးသွားတဲ့အခါ ဘ၀တခုဟာ ပြီးစီးချုပ်ငြိမ်းသွားပြီလား ဒါမှမဟုတ် ထာဝရ၀ိဥာဉ်သဘောနဲ့ ဆက်လက်တည်ရှိနေဦးမှာလား ၊ တမလွန်ဘ၀ဆိုတာ ရှိပါသလား။
- ယခုလက်ရှိဘ၀မှာ ကောင်းမှုပြုလုပ်ခြင်းကော အဓိပ္မါယ်ရှိပါသလား။  ကောင်းမှုဆိုတာ တန်ဖိုးထားထိုက်သော ထာဝရသဘောဖြစ်ပါသလား။
- လူမှာ ရုပ်တရားနဲ့ နာမ်တရားဟာ သီးခြားရှိနေတာလား ဒှါမဟုတ် နာမ်က ရုပ်ခန္ဒာပေါ်မှာ မှီနေတာလား၊ ဒါမှမဟုတ် စိတ်မှာ သီးခြားစွာတည်နေနိုင်သော သတ္တိရှိပါသလား .....တို့ဖြစ်ပါတယ်။

အထက်ပါမေးခွန်းများကို ကြံဆရာမှ philosophy ပညာရပ်နှင့် philosopher ပညာရှင်များ ပေါ်ထွန်းခဲ့ရပါတယ်။  ဖီလော်ဆော်ဖီ ကို (အသိပညာကိုမြတ်နိုးခြင်း) တနည်းအားဖြင့် လောကသဘာဝနှင့် ဘ၀သစ္စာကို စူးစမ်းရှာဖွေသော အတတ်လို့ ဂရိတွေးခေါ်ပညာရှင် ပလေတိုက မှတ်ချက်ချထားခဲ့ပါတယ်။ ဂရိနိုင်ငံမှာ နတ်ဘုရားများကိုးကွယ်ခြင်းနှင့် တဆူတည်းသောဘုရားသခင်အယူအဆဟာ ပိုက်သာဂိုရပ် နှင့် ဟေရာကလိတပ် လက်ထက်မှစပြီး လက်ခံယုံကြည်ခဲ့တာဖြစ်ပါတယ် (  Ref: Betrand Russel:   "History of Western Philosophy" )  'Island of Roses'  'Bride if the Sun' လို့ တင်စားခေါ်ဝေါ်ရအောင် လှပတဲ့ ဂရိနယ်မြေကျွန်းများမှာ အတွေးအခ်ါပညာရှင်များ ပန်းရောင်စုံဖူးပွင့်သလို ဝေဆာခဲ့ကြပါတယ်။

Thales သေးလိစ် (BC- 625-545 )
Zeus နတ်မင်းကြီးအမှူးပြုသော အိုလံပီယာတောင်ပေါ်နတ်ဘုရားများမှ လူသား စတင်ဖြစ်ပေါ်သည်ဆိုတဲ့ ရှေးဂရိတွေးခေါ်ပညာရှင်များနဲ့ခြားနားစွာ   စကြာဝဠာရဲ့ ပြောင်းလဲနေသော (Transformation Process ) ကို စတင်တွေးခေါ်ခဲ့သူဖြစ်သည်။ သူက လူဟာ စကြာဝဠာ  ရဲ့အစိတ်အပိုင်းတခုသာဖြစ်သလို လူအပါအ၀င် သက်ရှိသက်မဲ့အရာခပ်သိမ်းဟာ ရေမှဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ရေအဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားပါသတဲ့။  ရေဓါတ်ဟာ ပြောင်းလဲပျက်စီးခြင်းမရှိဘဲ ထာဝရတည်တံ့တယ်လို့ ဆိုခဲ့ပါတယ်။  ထိုခေတ်တွင် သေးလိစ်နှင့် အခြားဂရိပညာရှင်အများအပြားက လူကို စကြာဝဠာနှင့် သဘာဝနိယာမတရားများရဲ့ လက်အောက်ခံ အပြဌာန်းခံအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဆိုးဖစ်စ် Sophists
သေးလိစ်နောက်ပိုင်းထွန်းကားလာသော ဂရိဒဿနပညာရှင်များဖြစ်ပါသည်။  ဆိုးဖစ်စ်တို့သည် လုသားက မိမိကံကြမ္မာကို လွပ်လပ်စွာ ဖန်တီးနိုင်ပြီး စကြာဝဠာထဲမှာ အချက်အခြာကျသော နေရာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ပြီး လက်တွေ့ကျသောလူ့ဘ၀ပြဿနာများကိုသာ အလေးထား တွေးခေါ်လာကြသည်။ ၄င်းတို့အထဲမှ အနက္ကဇီမန်းဒါး ( ၆၁၀-၅၄၇ ဘီစီ)က စကြာဝဠာကြီးကို ရေ၊ မြေ၊လေ၊မီး စသောဓါတ်ကြီးလေးပါးအပြင် ၀ိဥာဉ်သဘောပါ ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

ပိုက်သာဂိုရပ် (ဘီစီ ၅၇၈-၅၀၀ ဘီစီ)
ထင်ရှားသော သင်္ချာနှင့် ဒဿနပာာရှင်ပီပီ အရာခပ်သိမ်း၏အခြေခံဟာ သင်္ချာသဘောတရား ပေါ်တွင်ရှိသည်ဟု ယုံကြည်ကြပါသည်။ ထာဝရဘုရားက နေကိုဖန်ဆင်းပြီးခါမှ နေ့နှင့်ည၊ နှစ် လ ရက်များစသော သချာင်္ အရေအတွက်သဘောရရှိလာပြီး သင်္ချာသဘောကို ရရှိလာသည်ဟု ဆိုပါသည်။  သူက သဘာဝတရားကို ရှုမြင်တဲ့အခါ ဆန့်ကျင်ဘက်အရာများပေါင်းစည်းနေသော သဘောတရားအဖြစ်မြင်ပါတယ်။  ဥပမာ- စုံနဲ့မ၊ တခုနဲ့အများ၊ လက်ဝဲနဲ့ လက်ဟယ၊ ဖိုနှင့်မ၊ တည်ငြိမ်မှုနဲ့ လှုပ်ရှားမှု၊ ဖြောင့်တန်းမှုနဲ့ကွေ့ကောက်မှု၊ အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ စတုရန်းနဲ့ စက်ဝိုင်းစတဲ့ သဘောတွေ ဖြစ်ပါတယ်။

ဟေရာကလိတပ်စ် Heraclitus ( ဘီစီ ၅၃၅-၄၇၅)

သူနဲ့ခေတ်ပြိုင် ဒဿနပညာရှင်များက အရာရာဟာ ထာဝရတည်မြဲတယ်ဆိုတဲ့အချက်ကို ဟေရာကလိတပ်စ်က ငြင်းပယ်ပီး မတည်မြဲတဲ့ အနတ္တသဘောကို လက်ခံသူဖြစ်ပါတယ်။    သူက “ဘ၀ဆိုတာ ရေအလျဉ်လို ရွေ့လျားစီးဆင်းနေတဲ့ ဖြစ်စဉ်လေးတခုသာဖြစ်ပြီး အရာရာဟာ မတည်မြဲဘဲ ပြောင်းလဲနေတယ်။ မြစ်ကမ်းနဘေးက ရေကို နှစ်ခါပြန်ထိတွေ့လို့ရတယ်ဆိတာ ဘယ်အခါမှမရှိ...”လို့ ဆိုခဲ့ပါတယ်။  သူ့အဆိုအရ စကြာဝဠာကြီးအတွင်းမှာ တခုတည်းသော ပရမတ် (အမှန်)တရားဟာ “ပြောင်းလဲခြင်း” ဖြစ်ပါတယ်။

ဆိုကရေးတီး Socrates  (ဘီစီ ၄၆၉-၃၉၉)
သူ့ကို ဂေါတမဘုရားရှင် ပရိနိဗ္မာန်ပြုပြီး ဆယ်နှစ်အကြာ  အေသင်မြို့မှာ မွေးဖွားခဲ့ပါတယ်။  သူက ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အထူးအလေးထားပြီး လောကီအာရုံ ကာမဂုဏ်တွေကို အလွန်အကျွံလိုက်စားခြင်းကို သတိပေးပြောကြားခဲ့ပါတယ်။   သူ့ရဲ့ တိုးတက်တဲ့အတွေးအခေါ်တွေနဲ့ အစဉ်အလာအရ နတ်ဘုရားကိုးကွယ်မှုကို မလိုက်နာခဲ့တာကြောင့် ဂရိအာဏာပိုင်များက အဆိပ်သောက်ပြီး သေစေဖို့ အမိန့်ချခဲ့ပါတယ်။  ဆိုကရေးတီးဟာ အဆိပ်ခွက်ကိုတည်ငြိမ်စွာ ကိုင်တွယ်ရင်း သောက်သုံး သွားခဲ့ပါတယ်။  အဆိပ်မသောက်မီ ပူဆွေးသောကရောက်နေကြတဲ့ သူ့ရဲ့ တပည့်များကို  “တပည့်တို့ သေခြင်းဆိုတာ အိပ်မက်မရှိတော့သော အိပ်စက်ခြင်းမျိုးဖြစ်ပြီး ဘ၀တပါးသို့ ၀ိဥာဉ်ကူးပြောင်းသွားခြင်းသာဖြစ်တယ်။ တမလွန်ဘ၀မှာ ပျော်ရွှင်ခြင်းသုခကိုသာမက သေခြင်းကင်းတဲ့ အမတချမ်းသာကိုပါ ရရှိနိုင်တယ်..” လို့ ပြောကြားခဲ့ပါတယ်။


ပလေတို Plato  ( ဘီစီ ၄၂၇-၃၄၇)
ပလေတိုဟာ ဆိုကရေးတီးအား လေးစားကြည်ညိုတဲ့ နောက်လိုက်နောက်ပါ တပည့်တဦးဖြစ်ပါတယ်။ သူ့ရဲ့ ဒဿနအမြင်များကို  “Dialogue” နဲ့ “ Republic”  အမည်ရှိကျမ်းများတွင် တွေ့ရှိနိုင်ပါတယ်။ ပလေတိုက ပညတ် (Appearance ) နဲ့ ပရမတ် (Reality ) ကို ခွဲခြား တင်ပြခဲ့ပါတယ်။ ဥပမာ- မြေအိုး၊ စဥ့်အိုး၊ ကြွေအိုး၊ဖန်အိုး စသဖြင့် အမည်ကွဲပြားသော်လည်း ပရမတ်သဘောအရ ပထ၀ီ ဓါတ်သဘောသာဖြစ်ကြောင်း ဆိုထားပါသည်။ ပလေတိုက အမှန်တရားသစ္စာကို ရှာဖွေရာမှာ ဆင်ခြင်ခြင်း ( Reasoning )က ထင်မြင်ယူဆခြင်း (Opinion )ထက် ပိုမိုပြီးပဓာနကျသည်ဟု ဆိုပါတယ်။ လူ့အသိဥာဏ်ဖြစ်စဉ်ကိုလည်း ထင်မြင်ယူဆချက် Opinion နှင့် အသိပညာ Knowledge ဆိုပြီး နှစ်ပိုင်းခွဲပြပါတယ်။ ထင်မြင်ယူဆချက်မှာ စိတ်ကူးယဉ်မှုများနဲ့ အာရုံသိများပါဝင်နေလို့ ယင်းကို ဆင်ခြင်ခြင်းဖြင့် ကျော်လွန်နိုင်မှသာ အသိမှန်ကို ရရှိမယ်လို့ ဆိုပါတယ်။  ပလေတိုက ဘ၀တခုချူပ်ငြိမ်းသွားတဲ့အခါ ၀ိဥာဉ်သည် ရုပ်ခန္ဒာမှ ထွက်ခွာသွားပြီး ၀ိဥာဉ်လောကမှာ အခိုက်အတန့်တည်နေဆိုပါတယ်။ အဲဒီနောက် အခြေအနေပေးပါက လူ့လောကသို့ ပြန်လည် မွေးဖွားရောက်ရှိလာနိုင်တယ်လို့  ပြောခဲ့ပါတယ်။ မသေခင်မှာ အသိပညာကို မြတ်နိုးသော အလုံးစုံသန့်ရှင်းစင်ကြယ်စွာ အားထုတ်ထားသူများဟာ “ထာဝရနာမ်တရားများရဲ့လောက” 'World of Ideas' သို့ ၀င်ရောက်ခွင့်ရပါလိမ့်မယ်လို့ ညွှန်ပြခဲ့ပါတယ်။ နောင်အခါ ခရစ်ယာန်ဝါဒရဲ့  Kingdom of Heaven အယူအဆကို လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။

အရစ္စတိုတယ် Aristotle (ဘီစီ ၃၈၄-၃၂၂)
အရစ္စတိုတယ် ဟာ ပလေတိုရဲ့ တပည့်ဖြစ်ပြီး နောင်အခါမှာ ယုတ္တိဗေဒ “Logic“ ရဲ့ဖခင်ကြီး ဖြစ်လာပါတယ်။ ပလေတို နည်းတူ ပညာရေး၊ လူမှုရေး နှင့် အခြေခံဥပဒေများရဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။  စကြာဝဠာအတွင်းက ဖြစ်ရပ်အားလုံးဟာ သဘာဝကျတဲ့ ဥပဒေတွေ နိယာမတွေနဲ့အညီ ဖြစ်ပေါ်နေတာပါလို့ ဆိုခဲ့ပါတယ်။ နတ်ဘုရားကိုးကွယ်မှုကို ဆန့်ကျင်တဲ့အတွက် အေသင်မြို့ အာဏာပိုင်များက သူ့ကို ဘာသာရေးမကြည်ညိုမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဲဒီအခါ အေသင်မြို့မှ အခြားကို ထွက်ခွာသွားခဲ့ပါတယ်။

အရစ္စတိုတယ်က စကြာဝဠာကြီးအစဉ်လှုပ်ရှားနေဖို့ရာ စီမံဖန်တီးတဲ့ ထာဝရဘုရားရှိပြီး အဲဒီ တည်မြဲတဲ့ ထာဝရဘုရားကို မေတ္တာဓါတ်ကြီးအဖြစ် ရှုမြင်ခဲ့ပါတယ်။  ပလေတိုနည်းတူ  တမလွန်ဘ၀ကို ယုံကြည်ပြီး ကိုယ်ကျင့်တရားကိုထိန်းဖို့ မိမိ နောက်လိုက်နောက်ပါများကို အမြဲတိုက်တွန်းပြောကြားခဲ့ပါတယ်။ ကောင်းမှုကို မိမိအသိဥာဏ် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်လက်ခံရန်ဖြစ်ပြီး “အသိသီလ Intellectual Virtue ” နှင့် အကျင့်သီလ Moral Virtue” ဟု နှစ်မျိုးခွဲခြားပြသခဲ့ပါတယ်။

ခေါမ (ဂရိ) နှင့် ရောမ အင်ပါယာကြီးများ ကျဆုံးပြီးနောက်တွင် ခရစ်ယာန်ဘုရားကျောင်းတော်ဝါဒ ထွန်းကားလာပြီး ဘုရားကျောင်းတော်သြဇာ အလွန်ကြီးခဲ့သည်။  စိန့်သောမတ်စ်အကွိုင်းနပ်စ်  St. Thomas Aquinus (AD 1215- 1274) သည် အရာရာ ဘုရားသခင်ရဲ့အလိုအတိုင်းဖြစ်ပေါ်လာကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုနိုင်ခဲ့သည့် ပညာရှင်တဦးဖြစ်ပါတယ်။  ထိုအယူအဆအရ လူသားတို့.ရဲ့အခန်းကဏ္မဟာ အစွမ်းအစမဲ့သကဲ့သို့ ဖြစ်နေပြီး ထာဝရဘုရားလက်အောက်ခံအသွင်ဖြင့်သာ ရှိနေခဲ့ပါသည်။ အေဒီ ၁၃၀၀မှ ၁၄၀၀ခန့်သို့ ရောက်ရှိလာသောအခါ ဘုရားကျောင်းတော်ဝါဒ မှေးမှိန်လာခဲ့သည်။  သိပ္မံပညာ တစတစ ထွန်းကားလာသဖြင့် သမိုင်းတွင် အတွေးအမြင်များ ပေါ်ပေါက်လာတဲ့အတွက်  Age of Renaissance လို့ သတ်မှတ်ခြင်းခံရပါတယ်။ အထင်ရှားဆုံး သိပ္မျံနှင့် ရူပဗေဒ ပညာရှင်များကတော့ ကိုးပါးနီးကပ်စ်၊(1473-  1743)ဂါလီလီယို(1564-1642)၊ အိုင်ဆက် နယူတန် (1642-1727 ) စသည်တို့ ဖြစ်ပါတယ်။ Renaissance ရီနေးဆန်းခေတ်မှာ ထာဝရ ဖန်ဆင်းရှင် နတ်ဘုရားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိဘ၀အတွက် မိမိဘာသာ ထိန်းကျောင်းအသက်ရှင် နေတတ်သွားဖို့သာလိုတယ်လို့ လူတွေ တွေးခေါ်လာကြပါတယ်။

ဆင်ခြင်ခြင်းနဲ့ အရာရာကိုရှုမြင်တာဟာ  ဂျာမန်ဒဿနပညာရှင် ဟေဂယ်  ( 1770-1831)  လက်ထက်မှာ အထွတ်အထိပ်သို့ ရောက်ခဲ့လို့ ၁၉ရာစုကာလကို “ဆင်ခြင်ခြင်းကြီးစိုးသောခေတ်” 'The Age of Reason'  လို့ သတ်မှတ်ကြပါတယ်။ 

(ဆက်ရန်)

နောက်ပိုင်းဆက်ရေးတဲ့ ကားလ်မာ့ခ်စ် နဲ့ ဘုရားရှင်ရဲ့ ဓမ္မစကြာဒေသနာတို့ကိုတော့ ဆက်ပြီးဖေါ်ပြနိုင်ခြင်း ရှိချင်မှရှိတော့မှာပါ။  ရီဗျူးပြန်ရေးဖို့တောင် အချိန်ပေးနိုင်မှုနဲ့ ဥာဏ်မီနိုင်စွမ်း ရှိမရှိဆိုတာ သံသယဖြစ်မိပါတယ်။  ဆက်ရေးဖြစ်အောင်ကြိုးစားပါမယ်။  မရေးဖြစ်တော့ရင်လဲ ခွင့်လွှတ်ကြပါတော့လို့ .....