Friday 19 March 2010

ကိုယ်လဲလေ လောကီသားပေမို့

ဖြစ်နိုင်ရင် ဘလော့မှာ ပျော်စရာတွေပဲ ရေးချင်တယ်....ရေးဖို့ကြိုးစားတယ်....
မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲ ဖြစ်ဖြစ် ရောက်လာသူတွေကိုလည်း ပျော်စေချင်တယ်..
အိမ်အပြန်မှာ ပျော်စရာလက်ဆောင်လေးတွေ ပေးလိုက်ချင်တယ်။
ဒါပေမဲ့ ခုတလော ရေးမိတာက အလွမ်းကဗျာ နဲ့ စိတ်အချဉ်ပေါက်စရာလေးတွေ များနေလေရဲ့......
ကိုယ့်ဘ၀ရဲ့ လက်ရှိအနေအထားကို တစ်ခုချင်း စိတ်ဖြာကြည့်မိတယ်.....
ဖတ်ကြည့်လိုက်မှ ပိုပြီး စိတ်ညစ်စရာဖြစ်သွားရင်တောင်းပန်ပါရစေနော်..
ကိုယ်လဲလေ လောကီသားပေမို့.........

အလုပ်အကိုင်

ဆယ်စုနှစ်တစ်ခုလောက် လုပ်ခဲ့တဲ့အလုပ်ကို တစ်ခါတစ်ခါ နောက်ပြန်လှည့်ကြည့်မိတော့  စိတ်ကြေနပ်မှူတွေလည်း တော်တော်များများတွေ့ရရဲ့...။ စိတ်ပျက်အားလျော့ရတာတွေလည်း တင်းကြမ်းပြည့်။  ရက်သတ္တတစ်ပါတ်တာ ကုန်လို့ကုန်မှန်းမသိ၊  အပြေးအလွှား ပြီးဆုံးသွားခဲ့တဲ့ အချိန်တွေရှိသလို ယောင်ချာချာ ဖြစ်နေခဲ့တဲ့ အချိန်တွေလည်းမနည်း.။  ကိုယ့်အလုပ်ကို ကိုယ်နှစ်သက်တာတော့အမှန်။  

ခုတလောကတော့ စိတ်တွေတိုလို့သာနေမိသည်။ လူတွေနှင့် ငြင်းရခုန်ရတာတွေ များလာသည်။   ကိုယ်က ရှေ့အပြေးမှာ နောက်က ကြိုးကွင်းပစ်ဖမ်းနေသလို ခံစားရသည်။  ပြေးလမ်းမှာလည်း ခလုပ်ကန်သင်းတွေကပေါမှပေါ။  ခြေဖ၀ါးမှာ သွေးသံကရဲရဲ။  သက်လုံကလည်း ကျလာချင်သည်။  ပန်းတိုင်ကို သာ မြင်မနေရရင် ထိုင်ချလိုက်ချင်ပြီပေါ့။  နောက်ပြန်မလှည့်နဲ့  ...ဆက်သွား ဆက်သွား.... ရှေ့ရောက်ရင် လမ်းတွေ ကောင်းလာလိမ့်မယ်။    လူတွေဟာ ဘာဖြစ်လို့  ................  (တော်ပြီ...ဆက်မပြောချင်တော့ဘူးကွာ)

တစ်ခါတစ်ခါတော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး တွေးနေချင်တယ်။  (ပျင်းရင် ပျင်းတယ် ၀န်မခံဘူး) ကမ်းလင့်မယ့် ဖန်ပြာခွက်နဲ့ ကျောက်စက်ရေလေးကိုတော့ တမ်းတနေမိတယ်....။

ကျမ်းမာရေး

ငယ်ငယ်က ချူချာသလောက် ကြီးတော့ လူတကာ အောချရလောက်အောင် ကျမ်းမာလှပါတယ်။  တစ်နှစ်နေလို့ မှ တစ်ခါမဖျားတာရော၊ ခရီးကြမ်းတွေရော ခရီးဝေးတွေရော မငြီးမညူ ဆက်တိုက် သွားနိုင်လွန်းသတဲ့။  ခုတလော ကတော့ ကျမ်းမာရေးအညံ့ နည်းနည်း ပြောစရာရှိလာပါတယ်။  သူများအိမ်ကအပြန်မှာ သံတံခါးကြားလက်ညပ်၊ အခန့်မသင့်တော့ သွေးများများထွက်၊ သံတံခါးကလည်း သံချေးနည်းနည်းရှိတော့ လိုရမည်ရ  ကာကွယ်ဆေး ထိုးလိုက်ရသေးတယ်။  ဒီအရွယ်မှာတော့ မေးခိုင်ပိုးနဲ့ မသေချင်သေးပါ။ ဘာပဲပြောပြော  ဘော်ဒီဝိတ်ကတော့ ကုန်ဈေးနှုန်းအတိုင်းပဲ။ မှန်မှန်ကြီးတက်နေတော့တာ....။  အကြောင်းပြချက် အမျိုးမျိုးနဲ့  အားကစားရုံမရောက်တာလည်း တစ်နှစ်နီးပါးကို ရှိနေပြီလေ...။

အချစ်ရေး

သူကလေးနှင့် တလောက ကတောက်ကဆဖြစ်၊ ပြန်ခေါ်တော့လည်း ပြီးသွားတာပါပဲ။  သူကလည်း သူ့အလုပ်နဲ့သူ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်။  ဘယ်လိုမှ မလျှော့နိုင်တဲ့ အတ္တတွေကြားထဲ ရွှေပြည်တော် မျှော်တိုင်းဝေး ပေါ့။  ဒီနှစ်ထဲမှာတော့ တစ်ယောက်ယောက်က ပြောင်းလဲလိမ့်မည် ထင်သည်။  တူနှစ်ကိုယ်တိုင်းပြည်ဆောက်ဖို့တော့ နီးလာပြီထင်ရဲ့။  အခုတော့လည်း မြန်မာ့ဆက်သွယ်ရေးကိုပဲ အားထားနေရတာပဲပေါ့။  အခုတလော ဖုံးပြောရတာ သိပ်မပြေချောပါ။ အလုပ်မှာရတဲ့ stress တွေကို တစ်ဖက်လူအပေါ်မှားယွင်းစွာ ပုံချမိလေသလား မသိ။  အသေးအဖွဲလေးပေမဲ့  သူကတိုလိုက် ကိုယ်က တိုလိုက်။ ကဲ ဗေဒင်ဆရာရေ ကျွန်မတို့ ဇာတာလေးများ အသေအချာ တွက် ကြည့်ပေးပါဦးနော် .......။





Blogging
အခုတလော ပို့စ်တွေ ခပ်စိပ်စိပ်တင်နေမိတယ်။  ရေးချင်ရင် အချိန်ရရချင်း ကောက်ရေးလိုက်။  တစ်ခေါက်နှစ်ခေါက်ဖတ်ပြီးရင် တင်ပစ်လိုက်တာ။  ကွန်ပြူတာ screen ပေါ်က ကိုယ့်စာတွေကို ကိုယ်မြင်ချင်ဖတ်ချင်တဲ့ ရောဂါ။ စိတ်မြန်တဲ့ ရောဂါ။ နောက်ကျမှ ဟိုဟာလိုက်ပြင် ဒီဟာလိုက်ပြင်။ မကောင်းမှန်းသိပေမဲ့ အကျင့်စွဲနေလို့ပါနော်။  မနှစ်တုန်းကဆို သူများဘလော့တွေ အားတိုင်း လိုက်လိုက်ဖတ် (တစ်ချို့ဆို အစအဆုံးဖတ်ပစ်လိုက်တာ)။  လင့်ခ်တွေ တစ်ခုပြီးတစ်ခု သွားလိုက်တာ ဘလော့ပင်လယ်ကြီးထဲမှာ ၀ဲလည်ဝဲလည် နဲ့ပေါ့။  တစ်ချို့ ဘလော့တွေဆို အချိန်ရရင် အစအဆုံးဖတ်ဖို့ တေးထားတာတွေ မနည်းလှ။  ဒီနှစ်တော့ အလုပ်တွေ ညစ်တာရော၊ ကိုယ့်ဟာကိုယ်လဲ စာတွေရေးရ ရိုက်ရနဲ့   နောက်ဆုံးပေါ်ပို့စ်လေးတွေဘဲ ပြေးပြေးဖတ်ရတော့တယ်။  အကြွေးတွေ ပိနေပြီလေ...။  ကယ်ပါဦး...ဗျို့.......

အစားအသောက်


အစားချေးမများလို့ ဘာစားစားဝင်ပေမဲ့ အမေ့လက်ရာလေးကိုတော့ လွမ်းမိပါသည်။ အမေချက်တဲ့ မုန်လာရွက်နုချဉ်ရည်ဟင်းနဲ့ ငါးပြေမဆီပြန်ဟင်းကတော့ ကမ္ဘာပေါ်မှာ ကိုယ့်အတွက် အရသာ အရှိဆုံးပါ။  နောက်ပြီး သူကလေးချက်တဲ့ မုန့်ဟင်းခါး က ကိုယ့်အတွက် ရှယ် ....။  အပြုံးပန်းပြောတဲ့ စပယ်ရှယ် အဆာပလာ (အချစ်)  တွေ ပါနေသလိုဘဲ။  ကိုယ်တိုင်ချက်တာလား။  အင်း ....ဟင်းသိပ်မချက်တတ်တော့ ကိုယ့်လက်ရာ ကိုယ် ဘာတမ်းတ ရမှန်းတောင်မသိ။ အော်- ရှမ်းပြည်မှာတုန်းက ကိုယ်ချက်ခဲ့တဲ့ ချဉ်စော်ကားသီး ငါးပိချက်ကတော့ အရမ်းကောင်းတယ်ဆရာ အဟုတ်။ ခုတောင် စားချင်လာပြီ..။

အခုတလောကတော့ သူများချိုင့်ဆွဲလာပို့တဲ့ ဟင်းကလေးတွေနဲ့ပဲနှစ်ပါးသွားနေရတယ်။  အစားပျက်တယ်ပြောလဲ ဒီပုံကြည့်ပြီးဘယ်သူမှ ယုံကြမှာမဟုတ်ပါလေ ..........။

ရေဒီယို နားထောင်တော့လည်း နားဝမှာ မသက်သာ။  ငိုချင်းရှည်ချလောက်ရဲ့။  ဘာပဲပြောပြော ပူညံပွက်လောရိုက်နေတဲ့ ၂၀၁၀ကြီးကတော့ လေးပုံတစ်ပုံကျိုးတော့မှာပါ... အယူသည်းတယ်ဘဲပြောပြော တိုက်ဆိုင်မှူပဲဆိုဆို  ကျွန်မက စုံနှစ်တွေဆို ကံမကောင်းတတ်ဘူး။ .အခုလည်း တွန်းတွန်းတိုက်တိုက် သွားနေရတာမို့ ဒီနှစ်ကြီးကို ကျော်ပြီး ၂၀၁၁ကို ရောက်ချင်လှပါပြီ...။

အင်း .......အခုတလော (မိုးစက်)တို့ ကံမကောင်းပါလား.......။

မိုးစက်ပွင့်

(photo credit:  fotosearch.com)

2 comments:

  1. ဖြေးဖြေးညီမရေ...

    ReplyDelete
  2. စံဇာနီဘိုရေးတဲ့ ဗေဒင်ဟောစာတမ်းလေးကျနေတာပဲ။

    နောက်တာနော်။

    စပယ်ရှယ်အစာပလာထည့်ရေးထားလို့ ၀မ်းသာမိတယ်။

    ၂၀၁၀ ကိုပေါင်းလိုက်ရင် ၃ ရတယ်လေ၊ မဂဏာန်းပေါ့။ ကိုယ်ဆိုရင် အဲဒီလို ရှာကြံပြောင်းမှတ်လိုက်တာပဲ၊ ကိုယ့်စိတ်က အရေးကြီးဆုံးပဲ မဟုတ်လား။

    ReplyDelete

ပဲ့တင်သံလေးတွေ .......