ဒီနေ့ သူငယ်ချင်းတစ်ယောက်က facebook မှာ တင်ထားလေရဲ့ ... ဆရာကြီးတင်မိုးရဲ့ ကျော်ကြားလှတဲ့ ကဗျာတိုလေး .....။ စာပေ ပညာရှင်တွေကြားမှာတောင် အငြင်းအခုန် ဖြစ်စေခဲ့တဲ့ သို့လော သို့လော အတွေးပွားစရာ လက်ရာမွန်တစ်ခု..။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါတော့
(ဧည့်သည်ကြီး)
သူ့ကိုနောက်ချင်တာနဲ့ပြန်ရေးလိုက်တယ်...။
အရက်လဲကုန်
လက်လဲတုန်ပြီ
ငါ့အိမ်ကို ထမ်းပို့ပါလော့..။
( ယစ်ထုပ်ကြီး)
သူကလည်း ကိုယ့်ကို ချက်ခြင်း ပြန်ခွပ်ပါတယ်...။
မျက်စေ့လည်းမွဲ
အမြင်နည်းပြီ
ငါ့ကိုတောင်ဝှေး ပေးပါတော့..။
(အမယ်အို)
မြွေမြွေချင်း ခြေမြင်တယ်လေ...။ ပြန်ဆော်ရသေးတာပ။
မျက်စေ့လည်းညောင်း
အတွဲချောင်းသည်
ငါ့အား မှန်ပြောင်း ပေးပါလော့..။
(နှာဘူးကြီး)
အချိန်ပိုင်းအတွင်းမှာ တုန့်ပြန်ချက်က အပြင်းစား...။
အဆီတွေထပ် ၍
အခေါက်ထူပြီ
ငါ့ကို လစ်ပို*စုပ်ကြပါတော့...။
(ဗိုက်ပူမ)
*Liposuction
အဲဒီမှာ ကော်မန့်တစ်ခု ရလာတယ်။ ဒီကဗျာတွေကိုမြင်ရင် ဆရာကြီးက နှစ်ခါပြန်သေချင်သွားလိမ့်မယ်- တဲ့။ ကိုယ့်သူငယ်ချင်းက တောင်းပန်ပြီး ကဗျာ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။
ကိုယ်ဇဝေဇ၀ါစဉ်းစားမိတာက ကိုယ်တို့ရဲ့ကဗျာတွေက ဆရာကြီးကို ”အဂါရ၀“ ဖြစ်သွားစေသလား လို့ပေါ့လေ။ ဆရာကြီးရဲ့ ကဗျာတွေနဲ့ကြီးပြင်းခဲ့တာမို့ ဆရာကြီးကိုလေးစားပါတယ်။ သူ့ရဲပြုံးချိုနေတဲ့ ပုံစံကြီးကိုလည်း အရမ်းချစ်တယ်။ သူ့ရဲရပ်တည်ချက်ကိုလည်း ဦးညွှတ်တယ်။ တစ်ခုဘဲ- စိတ်ထဲမှာ ပျော်ရွှင်ပြီး ဥာဏ်ပွင့်နေချိန်မှာ ဆရာကြီးရဲ့ ကဗျာရစ်သမ်လေးကိုယူပြီး သူငယ်ချင်း နှစ်ယောက် စကားလုံးဘောလီဘော ပုတ်ကြတယ်။ ကဗျာလေးတွေက အတောင်ပါတဲ့ပျားကလေးလို ဟိုဟိုဒီဒီ ပျံဝဲလို့ မူလနေရာနဲ့ တော်တော်ဝေးတဲ့နေရာကို ရောက်သွားတယ်။
ကော်မန့်ပေးသူကလည်း ဆရာကြီးကို သိပ်လေးစားသူ ဖြစ်မှာကတော့ သေချာတယ်။ ဒါကြောင့်လည်း ရှေ့ဆက်မရေးကြဖို့ ၀င်ပြီးဟန့်တာ ဖြစ်ပါလိမ့်မယ်။
သူငယ်ချင်းတို့ရေ- အမြင်လေးတွေ ရေးပေးပါလား။ တကယ်လို့ အမှန်ပဲ “အဂါရ၀”ဖြစ်စေတယ်ဆိုရင် ကိုယ် ဒီပို့စ်လေးကို ဖျက်ပစ်လိုက်ပါတော့မယ်...။
လေးစားစွာဖြင့်-

မိုးစက်ပွင့်
(photo credit: fotosearch.com)
မဖျက်ပါနဲ့ ။
ReplyDeleteဆင့်ပွားနွယ်သစ်ပေါ့။