Tuesday 23 March 2010

သင့် Laptop ကို ကြင်နာပါ

 လက်ပ်တော့အသစ်ကလေးတစ်လုံး စ ကိုင်ကိုင်ချင်းမှာတော့ သူ့ကိုချက်ချင်းပြုပြင်ထိမ်းသိမ်းရလိမ့်မယ်လို့ ဘယ်သူမှတွေးမိကြမယ်မဟုတ်ပါဘူး။  ဒါပေမဲ့ မကြာခဏဆိုသလို သတိလက်လွတ်ပြုမူမှူတွေကြောင့် ဆိုင်ကိုပို့ရတဲ့ အဖြစ်တွေရှိခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ အကြံဥာဏ်တစ်ချို့ပေးပါရစေ....။ (မူရင်းက ဟာသလေးစွက်ထားတာမို့  အာဘော်မပျက်အောင် ပြန်ရေးထားပါတယ်)....


မူးရင် မမောင်းနဲ့၊ သောက်ရင် မသုံးနဲ့
လက်ပ်တော့တွေရဲ့ အနားစွန်းတွေမှာ အအေးခွက်ထည့်ဖို့ နေရာတွေတပ်ဆင်မထားပါဘူး။  အကြောင်းကတော့ Notebook ပီစီနဲ့ အရည်ဟာ ထိတွေ့ရောစပ်လို့ မရလို့ပါ။ ပီစီပြင်ဆိုင်တွေကို လာလာပြင်ကြတဲ့ နံပါတ်တစ် အကြောင်းရင်းကတော့ ကီးဘုတ်ပေါ်မှောက်ကျတဲ့ အရည် တွေကြောင့်ပါဘဲ....။

ကောင်းကောင်းပိတ်ပါ
ကွန်ပြူတာအစွန်းတွေကို လက်နှစ်ဖက်နဲ့ထိန်းပြီးပိတ်ပါ။ အလည်ကနေ လက်တစ်ဖက်တည်းနဲ့ ပိတ်ချပစ်တာမျိုး ရှောင်ကျဉ်ပါ။ မပိတ်ခင်မှာလည်း ကီးဘုတ်ပေါ်မှာ့ USB Stick  လိုမျိုး တခြားသေးသေးမွှားမွှားကအစ ရှိမရှိ စစ်ပါ။ LCD စခရင် အက်ကွဲတတ်ပါတယ်။

ညစ်ပတ်နေသော မျက်နှာ
စခရင်တွေကို သန့်စင်ဖို့အတွက် မှန်သုတ်ဆေး ( window cleaner) ကို မသုံးပါနဲ့....... ပိုလို့ မှုန်ဝါးဝါးဖြစ်သွားပါလိမ့်မယ်။  အကောင်းဆုံးကတော့ တီဗီဖန်သားပြင်ဆေးတဲ့ စပရေးလိုမျိုးကို ကွန်ပျူတာပစ္စည်းရောင်းတဲ့ စတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။

နည်းမှန်လမ်းမှန် ရွှေ့ပါ
ကိုယ့် notebook ကို နေရာရွှေ့တော့မယ်ဆိုရင် အောင်ခြေကို လက်နှစ်ဖက်နဲ့ အသာအယာ မ ပြီးရွှေ့ပါ။  ဖွင့်ထားတဲ့ မော်နီတာကို လက်နဲ့ ဆွဲပြီးယူတာမျိုးဟာ လက်မဖိအားကြောင့် စခရင်ကို ထိခိုက်စေနိုင်သလို အထဲကပစ္စည်းအစိတ်အပိုင်းတွေကိုလည်း ချောင်ထွက်စေတတ်ပါတယ်။  ကြမ်းကြမ်းတမ်းတမ်း မချမိပါစေနဲ့။ အဲဒီလိုလုပ်လို့  Hard Disk တွေ မကြာခဏပြန်လဲရတတ်ပါတယ်။

လေကောင်းလေသန့်
အို - တကယ်ဘဲလိုအပ်ပါတယ်။  လေ၀င်လေထွက်ကောင်းဖို့ အမြဲဂရုစိုက်ပါ။  ဒါမှလည်း အပူချိန်ကို လျှော့ချနိုင်ပါလိမ့်မယ်။  အပူထွက်အောင် စက်အောက်မှာ တစ်ဆင်မြှင့်တဲ့ အခံကရိယာတွေကိုလည်း သုံးနိုင်ပါတယ်။ ( မာကျောတဲ့ မျက်နှာပြင်မှာ ထားပြီးသုံးပါ။ ဆိုဖာတို့ ခေါင်းအုံးတို့ပေါ်မှာ မသုံးပါနဲ့  ၊ အပူလွန်ပြီး မီးထလောင်တာမျိုးတောင်ရှိပါတယ်- စကားချပ်)။  လက်ပ်တော့တွေကို အိတ်ထဲမှာ ကလေးပုခက်လိုထည့်ပြီး မသုံးမိပါစေနဲ့။

ကြိုးတွေကို ဂရုစိုက်

လက်ပ်တော့ ကိုဆက်သွယ်ထားတဲ့ ကြိုးတွေရဲ့ ပလပ်ခေါင်းတွေဟာ အမှူမဲ့အမှတ်မဲ့ထားတတ်လို့  အလွယ်တကူကျိုးပဲ့ပျက်စီး တတ်ပါတယ်။  မသုံးတဲ့အချိန်မှာ ခေါင်းကနေ သေသေချာချာ ကိုင်ဖြုတ်ပြီး သိမ်းပါ။ ခပ်ဝေးဝေးကနေ ဆွဲပြီးဖြုတ်တာမျိုး မလုပ်သင့်ပါဘူး။ ကြိုးတွေကို အင်္ဂလိပ်အက္ခရာ "8" ပုံစံခွေပြီး ပတ်သိမ်းထားပါ။ ကြိုးတွေကို သိမ်းတဲ့အခါ အရမ်းတင်းတင်းကျပ်ကျပ်ကြီး မရစ်ပတ်ပါနဲ့....။

ရိုးစင်းတဲ့ အခြေခံအချက်အလက်ကလေးများကို လိုက်နာခြင်းဖြင့် ကြာရှည်ခံသော လက်ပ်တော့လေးတစ်လုံးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် :-)



မိုးစက်ပွင့်




(Tech Smart  magazine, issue 72, Johannesburg,  September 2009)
Photo Credit:  istockphot.com

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......