" မျောက်သွေး "ဆိုလို့ ဆေးလောကက ရီးဆပ်စ် RH+ /- အကြာင်း မဟုတ်သလို ကြည်အောင် ကဗျာထဲက "အင်ဖက်ခွက်ထိုး ....မုဆိုးသွေးသောက်.... ” ဆိုတဲ့ တောထဲကမျောက်ရဲ့ သွေးအကြောင်းလည်း မဟုတ်ရပါ။ မျောက်တွေနဲ့ ကျွန်မရဲ့ ပါတ်သက်မှု အကြောင်းလေးပါ။ ( ရှင်းပြမှ ပိုဆိုးသွားတယ် )
အရင်ဦးဆုံး မျောက်ဋ္ဋီကာလေး အဖွင့်လေးပေါ့။ မျောက်တွေက လူတွေနဲ့ ရုပ်ချင်းကလည်း အတော်တူရှာပါတယ်။ ဒါကြောင့်လည်း “မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်နဲ့“ ဆိုတဲ့ စကားပုံ ပေါ်လာတာ မဟုတ်လား။ ဒါဝင်ကလည်း “လူသည် မျောက်က ဆင်းသက်သည်“ ဆိုပြီး ကမ္ဘာကျော် သီအိုရီကြီးတောင် ထုတ်ခဲ့သေးမဟုတ်လား။ ဒါတောင်မှ မျောက်တွေဟာ (သူတို့ရဲ့ သားမြေးတီကျွတ်ဖြစ်တဲ့) လူလုပ်သမျှကိုလည်း အတုခိုး တတ်ပါသေး တယ်။ မှတ်မိတာလေးတစ်ခုပါ။ အဖွားတို့ တောရွာတွေမှာ စပါးကောက်လှိုင်းပုံကြီးတွေကို ပြန့်ပြန့်ပြူးပြူး စီခင်းပြီး လူက နွားအုပ်ကို မောင်းပြီး စပါးသီးကြွေအောင် ၀ိုင်းကြီးပတ်ပတ် တက်နင်းတာကို “တလင်းနယ်“တယ် လို့ ခေါ်ပါတယ်။ အဖိုး တလင်းနယ်နေတာကို သစ်ပင်ပေါ်က မျောက်တွေက ကြည့်နေပါသတဲ့။ ၁နာရီ ၂နာရီလောက်ကြာတော့ နွားလဲမော၊ လူလဲမော၊ တစ်ရေးတစ်မော အနားယူပြီး အဖိုးအိပ်ပျော်သွားလိုက်တာ နိုးလာတော့ မျောက်တွေက နှင်တံကိုင်ပြီး နွားတွေနဲ့ တလင်းနယ်နေပါသတဲ့။ မယုံရင် ပုံပြင်မှတ်။ အဲ- အမေ့အလှည့်ကျတော့ တစ်မျိုး။ သူ ရုံးသွားခါနီး နှုတ်ခမ်းနီဆိုးနေတာကို မှန်ထဲမှာ မည်းမည်းမြင်လို့ လှည့်ကြည့်လိုက်တော့ လားလား တစ်ဖက်အိမ်က မျောက်မကြီးက ထိုင်ကြည့်နေတာပါတဲ့။ အမေ့ခမျာ နဂိုရ်ကကြောက်က ကြောက်တတ်ဆိုတော့ ငယ်သံပါအောင်အော်ပြီး ပြေးလိုက်တာတန်းနေတာပဲ- တဲ့။ အဲဒီခေတ်က မျောက်တွေ သိပ်ပေါတယ်ထင်ပါရဲ့။ အခုတော့ မျောက်ချေးခါးဟင်း စားသူတွေ များလာလို့လားမသိ။ မျောက်တွေလည်း တောင်ကုန်းတွေ ဘုရားတွေမှာပဲ ရှိတော့တယ်။
ကျွန်မ နဲ့မျောက်တစ်ချို့ ရဲ့ ပါတ်သက်မှုကလည်း သိပ်တော့ ပျော်စရာမကောင်းခဲ့ဘူး။ မေမြို့ ဓါတ်တော်ချိုင့် ရေတံခွန်မှာ ကျွန်မမျက်မှန်ကို မျောက်လုပြေးဘူးတယ်။ ရှမ်းပြည်မြို့တစ်မြို့ရဲ့ တောင်ပေါ်ဘုရားမှာ ဘုန်းကြီးမွေးထားတဲ့မျောက်က ခုန်တက်ပြီး ကျွန်မလက်မောင်းကို ကိုက်ဖူးတယ် ( ကူးစက်ရောဂါ ကြောက်လို့ သွေးတောင် ဖေါက်စစ်လိုက်သေးတယ်)၊ မကြာမတင်ကမှ အလည်ရောက်ခဲ့တဲ့ ပုပ္ပါးတောင်အတက်မှာ မျောက်က ကိုယ့်လက်ထဲကဦးထုပ်ကို အတင်းလုသေးတာ။ တော်တော်ဆိုးတဲ့ သတ္တ၀ါလေးတွေ။ သူတို့က ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ တစ်ခုခု လုပ်နေရင် လုပ်နေရမှ ၊ ဘယ်လိုမှ အငြိမ်မနေနိုင်ကြဘူး မို့လား။

ကျွန်မကိုယ်ထဲမှာ မျောက်သွေးပါတာကိုလည်း ဘလော့ရေးတော့မှ သိလိုက်ရတာပါ။
“ဘာ“ မအံ့သြပါနှင့် မိတ်ဆွေ။ “မျောက်အုန်းသီးရ” ဆိုတဲ့စကားပုံကိုတော့ ကြားဖူးမှာပါ။ အဲဒီစကားပုံကို ဆန်းသစ်ရရင် ကောင်းမလားလို့တွေးမိပါတယ်။ နေ့စဉ်နဲ့အမျှ ကိုယ့်ဘလော့ဂ်လေးကို တသသ တပြင်ပြင်။ မအယ်ဇီရဲ့ “ကြောင်အီးဘလော်ဂါ” ထက် ဆိုးတဲ့ ကိုယ်လို “မျောက်ချေး ဘလော်ဂါ”လေးက ကိုယ်ပြောချင်တာ ရေးချင်တာတွေကို ဆင်ဆာမရှိတဲ့ ဘလော့စာမျက်နှာပေါ်ကို တစ်ဖတ်ဖတ် ပစ်တင်နေတာ မို့လား။ လူမိုက်အားပေး ဘလော့သူငယ်ချင်းလေးတစ်ချို့ တော့ ရှိတာပေါ့။ ရုံးကလူတွေကိုတော့ မပြောရဲပါဘူး။ တော်ကြာ ကိုယ်အလုပ်လုပ်ချင်ယောင်ဆောင်နေတာ ဘော့စ်တွေသိသွားမှာစိုးလို့ ::-) ။ ကိုယ်က လက်လှုပ်မှ ပါးစပ်လှုပ်ရသူပါ။ ခပ်ကြမ်းကြမ်းပြောရရင်တော့ “ မျောက်ပြ ဆန်တောင်း“ ပေါ့။ ဒါတောင် ဟိုတစ်လောက ဘော့စ်က ငါတို့ရုံးမှာ Monkey Business ရှိတယ်- တဲ့။ ထိတ်ခနဲဖြစ်မိတာက ကိုယ်။ ငါ့များ စောင်းပြောနေသလားပေါ့။ နောက်ပိုင်း စုံစမ်းစစ်ဆေးရေးတွေ ၀င်တော့မှ Monkey Business ဆိုတာ“ တစ်ယောက်ယောက်က မဟုတ်တာလုပ်ထားတာ“ ကို ဆိုလိုမှန်းသိတော့တယ် :-)
မျောက်သွေး ပါပုံများကတော့ ကမ်းကုန်ပဲ။ ဒါတောင် အိုင်တီဗဟုသုတ ဇီးရိုးမို့လို့။ ဘလော့လုပ်နည်း ပြင်နည်းတွေကို ဖတ်ပေမဲ့လည်း နားမလည်တာတွေက ခပ်များများ။ CSS code တို့ HTML codeတို့ ဆိုရင် လုံးဝ မသိလို့။ သိများသိရင်မလွယ်ပါ။ တမ်းပလိတ်တစ်ခုဆိုရင် ကိုယ့်ဆီမှာ ကြာကြာမခံ။ ကြာလာတာနဲ့ အကျီင်္ဟောင်းကြီး ၀တ်ထားရသလို ခံစားရတာ။ သူများဘလော့လေးတွေဆို တည်တည်ငြိမ်ငြိမ်။ စိတ်ကြိုက် အရောင်၊ ဒီဇိုင်းရွေးပြီးတာနဲ့ နှစ်နဲ့ချီပြီး သုံးကြတာ။ သူ့ရဲ့ ကိုယ်ပိုင် Theme လေးပေါ့။ ကိုယ်အဲလို အားကျပေမဲ့ လိုက်လုပ်လို့မရဘူး။ Google ကပေးထားတဲ့ တမ်းပလိတ် မျိုးစုံကို အရောင်တွေပြောင်းပြောင်းပြီး သုံးကြည့်နေတာ။ စစ ပြောင်းချင်းဆိုရင် စိတ်ထဲမှာ သိပ်လှသလိုဘဲ။ တစ်လ လောက်ဆိုရင် ပြောင်းချင်ပြီ။
ပို့စ်တွေဆိုရင်လည်း ပြီးတာနဲ့ ကောက်တင်ပစ်ချင်တာ။ အလုပ်နားတဲ့ရက်မို့လို့ ၂ခု ၃ခုရေးဖြစ်ရင်လည်း အစကတော့ စာမရေးနိုင်မဲ့ နောက်ရက်တွေအတွက် scheduleလေး လုပ်ထားမိတယ်။ ခဏနေရင် စိတ်ထနဲမှာ မရိုးမရွနဲ့ schedule ဖျက်ပြီး ချက်ခြင်းပြန်တင်မိတာ။ အဲဒါ မျောက်သဘာဝပဲလေ။ ပြီးတော့ စာတွေကို တစ်ရောင်တည်း မရေးချင်ဘူး။ အရင်ကဆို တော်တော် အရောင်စုံစုံရေးပါတယ်။ အခုတော့ မနူးတနူးကိုယ့်စာကို လာလာဖတ်တဲ့ မိတ်ဆွေတွေရဲ့ မျက်စေ့ကို အားနာလို့ အပြာနုလေးနဲ့ ပြောင်းရေးထားတာပါ။
ဆက်စပ်မှူရှိမရှိမသိပေမဲ့ တစ်ဆက်ထဲ ပြောရဦးမယ်။ ကျွန်မက အလုပ်ထဲမှာ ယူနီဖောင်းမ၀တ်ချင်ဘူး၊ ဘုရားတောင်မှ နေရာတိုင်းမှာ ပုံစံတူတွေ အရမ်းများလာရင်မကြိုက်ဘူး။ ရွှေတိဂုံဟာ အလွန်လက်ရာမြောက်ပေမဲ့ ရှမ်းဘုရား ရှည်သွယ်သွယ်လေးတွေ၊ ပုဂံဘုရား လေးထောင့်စပ်စပ်လေးတွေကိုလည်း အစုံ ဖူးချင်တယ်။ ကိုယ့်တိုင်းပြည်ထဲမှာ အရောင်စုံတဲ့ တိုင်းရင်းသားတိုင်းရင်းသူ ဓလေ့လေးတွေရှိနေတာ ကြိုက်တယ်။ ဂုဏ်ယူတယ်။ သူတို့တွေ ဗမာလိုပြောင်းဝတ်မှာ၊ ဗမာစကား ပြောကြရင်း ကိုယ့်ဘာသာစကားကို မေ့သွားမှာ လုံးဝ မလိုလားဘူး။ Unity in Diversity ဆိုတာ ကျွန်မအကြိုက်ဆုံးဆောင်ပုဒ်တစ်ခု။
ကိုယ့်စိတ်က အပေါ်က ပြောခဲ့သလို “မျောက်” ဆန်ပေမဲ့ သူငယ်ချင်းတွေ၊ ချစ်ခင်သူတွေအပေါ်တော့ မပြောင်းတတ်ပါဘူးနော်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ဆရာ ဘ၀က သူငယ်ချင်းတွေကို အခုထိ ချစ်တုန်းပါ။ အဟုတ်။
ကဲ အခုလို ဘာမဟုတ်ညာမဟုတ်တွေကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်နေလို့ မငြိုငြင်ကြပါနဲ့ဦးနော်။ ကိုယ့်ထက် ပိုသိပိုတတ်တဲ့သူတွေကို မိန့်မိန့်ကြီး ဆရာလုပ် ဖို့ကြိုးစားနေတာကိုက “ ဘုရားကားအောက် မျောက်ကားအထက်“ ဆိုတဲ့ စကားပုံ အရှိသားမို့လား။

မျောက်စက်ပွင့် (အဲ- ဟုတ်ပေါင် )
:)
ReplyDeleteတက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ဆရာ ဘ၀က သူငယ်ချင်းတွေကို အခုထိ ချစ်တုန်းပါ။ တဲ့ တော်ပါသေးရဲ့ ။
ReplyDeleteသစ်ကိုင်းတော့မလွတ်စေနဲ့ ။
မျောက်ဆိုလို့  ၀ူခူး လို့ ဆရာအေးနာမယ်ပေးထားတဲ့ သူငယ်ချင်းကို
အမှတ်ရမိတယ်။
ဒါနဲ့ မျောက်မီးခဲ ကိုင်မိသလိုဆိုတာရော ဘယ်လိုမျိုးလဲဟင် :)
ReplyDeleteဟယ်...ဟုတ်ပါ့ ...မျောက်စကားပုံတွေ အများကြီး ရှိသေးတာနော်...ကျေးဇူး မမအီးတီ၊ စူးနွယ်။
ReplyDelete