Friday 26 March 2010

အထက်တန်း ကျောင်းသူဘဝ


“မိုးရေထဲက စက်ဘီးလေး“
မိုးတွေ ဖြိုင်ဖြိုင်ရွာရင် ငယ်ငယ်တုန်းကဘ၀ကို သတိရပြီး ရင်ထဲမှာ အလွမ်းတွေနဲ့ ဆို့နင့်လာတတ်တယ်။  နောက်ပြီး စက်ဘီးကလေးတွေ အဖြူအစိမ်းကျောင်းဝတ်စုံတွေမြင်တော့လည်း ငယ်သူငယ်ချင်းတွေကို အရမ်းသတိရလာမိတယ်။ အတိတ်က ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်ခဲ့ပြီဆိုပေမယ့် ရုပ်ရှင်ပြကွက်တွေလို နီးလိုက်ဝေးလိုက် ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ့...။

အထက်တန်းရောက်တော့ ရွာကနေ ၃မိုင်ဝေးတဲ့ မြို့ကျောင်းကို စက်ဘီးနဲ့သွားတက်ရပါတယ်။  ကိုယ်တို့အုပ်စုကို မြို့သားတွေက နှိမ်ချင်သလိုလိုပဲ။  နေပူဒဏ်ခံနိုင်အောင် ရှပ်အင်္ကျီလက်ရှည်ဝတ်၊ သနပ်ခါးထူထူ လိမ်းသွားတော့ ”တောပါးကွက်” တွေတဲ့။   ကိုယ်တို့ကလည်း ရွဲ့ပြီး ပပ်ကြားအက်အောင် လိမ်းပါတယ်။  နောက်ဆုံး ကျောင်းအုပ်ဆရာမကြီးက မျက်စေ့နောက်လာလို့ထင်တယ်။  သနပ်ခါးပါးကွက်မလိမ်းရ၊ နှုတ်ခမ်းနီမဆိုးရ ( ဆိုးလည်း မဆိုးချင်ပါဘူး) အမိန့်ထုတ်တော့တယ်။

 မိုးထဲရေထဲ ကျောင်းတက်ရတဲ့ အရသာလေးကို မြတ်မြတ်နိုးနိုး သတိရမိတယ်။  ကိုယ်တို့အရပ်က မိုးအရမ်းသဲတတ်တော့ ကျောင်းစိမ်းတစ်စုံ အမြဲ အပိုဆောင်ထားရတယ်။ လွယ်အိတ်လေးတွေ စာအုပ်လေးတွေ မိုးမစိုအောင် ရင်မှာပိုက်လို့၊  မိုးကာ အကျီင်္လေး တဖါးဖါးနဲ့။  မှတ်မိသေးတယ်။  သူငယ်ချင်းတစ်ယောက်က မိုးကာအကျီင်္ကြယ်သီးလေးတွေဖြုတ်ရင် စကားပြောရင်းနဲ့  မသိစိတ်နဲ့ ယောင်ပြီး  အောက်ကဘလောက်စ်အကျီင်္ ကြယ်သီးတွေပါဖြုတ်မိ ချွတ်မိတဲ့အဖြစ်ကိုပေါ့။  တစ်ခါတစ်ခါ မိုးရော လေပါသည်းရင် စက်ဘီးက မရွေ့တော့ဘူး၊ လမ်းဘေးမှာ ရပ်စောင့်ရတဲ့အထိ ကြုံဖူးပါတယ်။ 
ကျောင်းသွားဖေါ်က ယောက်ျားလေး မိန်းကလေး ၈ ယောက်လောက်ရှိပါတယ်။  စက်ဘီးလေးတွေနဲ့ တူတူ သွား၊ ပြန် ဖြစ်တာ များတယ်။ မိဘတွေလည်း စိတ်အေးတာပေါ့။  တစ်ယောက် စက်ဘီးပျက်ရင် တစ်ယောက်က တင်ခေါ်ပေးလို့ ညီအကို မောင်နှမစိတ် အပြည့်နဲ့ပါ။  အိမ်ကထည့်လာတဲ့ ထမင်းဘူးလေးတွေ ဝေစားမျှစား၊ ကျောင်းပျက်ရင် စာရှင်းပြ၊  မိန်းကလေးများကို လိုက်ပြီး အနှောင့်အယှက်ပေးသူတွေကို အစ်ကိုကြီးတွေပမာ စောင့်ရှောက်လို့  ပျော်စရာပါ။  အတူတူ စက်ဘီးစီးရင်း နောက်ကြ၊ ပြောင်ကြ၊  ပြိုင်နင်းကြနဲ့  ကိုးတန်း ဆယ်တန်း စာသင်နှစ်နှစ်နှစ်ကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။  ဒီစာမေးပွဲတွေပြီးရင် ပိုပြီး ကျယ်ပြောတဲ့ တက္ကသိုလ်နယ်ပယ်ကို ရောက်ကြတော့မှာကိုး။ 

စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ တက္ကသိုယ်နယ်မြေ အသီးသီးရောက်ကြလို့   လေပြင်းကြားက ငှက်ငယ်လေးတွေပမာ တစ်ကောင်စီ ကွဲလို့၊ ကိုယ်ကျင်လည်ရာ အသိုက်အ၀န်းမှာ ရုန်းကန်ပျံသန်းရင်း ပြန်ဆုံတွေ့ဖို့ အရမ်းခက်ခဲ သွားခဲ့ပြီ။  တစ်ဦးစ နှစ်ဦးစ ပြန်တွေ့တော့လည်း ရင့်ကျက်တဲ့ အိမ်ထောင်ရှင်ကြီးတွေလို ဘ၀အမောတွေတစ်သီတစ်တန်းနဲ့...။

 ကိုယ်တို့ရဲ့ ပျော်စရာအချိန်ကလေးတွေကိုလည်း မိုးစက်တွေဖြိုင်ဖြိုင်သွန်းတဲ့အချိန်တွေတိုင်းမှာ ပိုလို့သတိရမိတာတော့ အမှန်ပါဘဲကွယ်.....။

မိုးစက်ပွင့်
(photo credit:  fotosearch.com)

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......