Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Thursday, 26 August 2010

သူငယ်ချင်း(၂)


ကိုယ်သူ့ကို စသိတာက (၇)တန်း။
တနေ့မှာ စိတ်ကူးပေါက်ပေါက်နဲ့  ကိုယ့်ပုံကိုကိုယ် ပြန်ဆွဲထားတဲ့ မလှမပ ပန်းချီပုံကလေးက အတန်းထဲမှာ ကျပျောက်သွားတယ်။ စာအုပ်ထဲက လျှောကျသွားတာကို မသိလိုက်တာပဲ ဖြစ်မှာ။  ကိုယ်သိပ်ဖြစ်ချင်တဲ့ ဆရာဝန်မပုံလေးကို ဂျူတီကုတ်ဝတ်ပြီး လည်ပင်းမှာ နားကြပ်လေး ဆွဲထားတယ်။  အောက်မှာ ကိုယ့်နာမည်နဲ့   ဘွဲ့တွေ ရေးထားတယ်။  နောက်နေ့မှာ ကောက်ရတဲ့ အထဲက အစ အနောက်သန်တဲ့ ကျောင်းသားတွေက သင်ပုန်းကြီးမှာ ကိုယ့်ပုံကို ကပ်ထားပြီး ရယ်ပွဲဖွဲ့ကြတယ်။   ရှက်လိုက်တာ အရမ်းပါဘဲ။  ဆရာဝင်လာရင် ပိုတောင် ရှက်ရဦးမယ်ထင်ပါရဲ့။  ကိုယ်သွားခွာဖို့ကြိုးစားတယ်။ အတန်းထဲမှာ အသက်အငယ်ဆုံးလဲဖြစ်၊ နဂိုရ်က ခပ်ပုပု ကိုယ့်အရပ်နဲ့ မမီဘူးဖြစ်နေပြန်ရော။  ကျောင်းသားတွေ ပိုရယ်ကြတယ်။  စားပွဲပေါ်မှောက်ပြီး ငိုနေတုန်း -  “ဟေ့၊ဟေ့ ဘာလုပ်တာလဲကွ” လို့   ရယ်နေတဲ့ ကျောင်းသားတွေ  အော်တာမေးတာ ကြားရတော့ ကိုယ် မော့ကြည့်မိတယ်။  နင်ရယ်လေ။  သင်ပုန်းက အရုပ်ကို ခွာပြီး ပြူတင်းပေါက်ကနေ ပစ်ချလိုက်ပါရောလား။  အကျီစားသန်တဲ့ ကျောင်းသားကြီးတွေရဲ့ ပစ်မှတ်က နင်ဖြစ်သွားတယ်။  ဟေ့ကောင်  A မင်းက သူ့ကို ကြိုက်နေတာကိုး တဲ့။ နင်ကတော့ ခပ်တည်တည်ပဲ။ အတန်းဖေါ်  မိန်းကလေးတယောက်ရဲ့ အခက်အခဲကို ကူညီလိုက်ရတဲ့ အတွက် ဘာပြောပြော ဂရုမစိုက်ဖူးပေါ့။  ကျေးဇူးတင်လိုက်တာ A ရယ်။  နှုတ်က ထုတ်ဖေါ်ခွင့်မရပေမဲ့ ရင်ထဲကပဲပေါ့နော်။

Wednesday, 25 August 2010

သူငယ်ချင်း (၁)


လူတိုင်းလိုပဲ ကိုယ့်ရဲ့ ဘ၀မှာ ကိုယ်ကခင်ပြီး ကိုယ့်ကိုခင်တဲ့  သူငယ်ချင်းတွေ ကတော့ အများကြီးရှိခဲ့တာပေါ့ ။သူငယ်ချင်းတချို့ နဲ့  ထူးထူးခြားခြား အမှတ်ရစရာ အဖြစ်အပျက်လေးများကို မျှဝေချင်လို့ပါ။

T ဆိုတဲ့ တက္ကသိုလ်က သူငယ်ချင်းလေး...  မျက်မှန်ထူထူ၊ စိတ်ထားဖြူဖြူ။     Tရေ ...  နင် ကလေးဆန်ပြီး အပျင်းကြီးတာတော့  ငါဘယ်သူ့ကိုမှ ပြောမပြတော့ဘူးနော်..။  တို့နှစ်ယောက်  တူညီတာက အဝေးကြည့် မျက်မှန်ပါဝါ ထူထူကြီးတွေတပ်ရတာ ..... နောက်ပြီး မေ့တတ်တာ...။

တနေ့တော့ ကိုယ်တို့နှစ်ယောက် အတန်းလစ်ပြီး မြေနီကုန်းရုံမှာ ကုလားကားအသစ်တင်တာနဲ့ သွားကြည့်ကြတယ်။  အဲ- တို့နှစ်ယောက်က ကုလားကားကြိုက်တာလည်း တူတယ်။   ရုံထဲရောက်တော့မှ  - “အဲတော့- ဒုက္ခ၊ ငါ ....ငါ  မျက်မှန်ပါမလာဘူး”.. (ကိုယ့်အသံ) ။  ကောင်းတယ်- နင့်ဟာနင် လှချင်ပြီး မျက်မှန်ချွတ်ထားတာကိုး”   - သူ့အသံ။  “ဘယ်လိုလုပ်ကြမလဲ” - ကိုယ့်အသံက ယိုင်နေပြီ၊ ကြည့်ချင်လွန်းလို့  အတန်းတောင် ဖျက်လာတာနော်...။ တယောက်က ကြည့်ပြီး တယောက်က ထိုင်နေလို့လည်းမကောင်း၊ နှစ်ယောက်လုံး ထ ပြန်လို့လဲ မဖြစ်။   “ကဲ- ဘာမှလုပ်မနေနဲ့ ၊ ငါတို့ တယောက်တလဲ မျက်မှန်တပ် ကြည့်ကြတာပေါ့”။   ဒါလဲ မဆိုးပါဘူး လို့  တွေးပြီး သူ့အကြံကို ထောက်ခံလိုက်တယ်။ နှစ်ယောက်သား ခပ်တည်တည်နဲ့   ရုပ်ရှင်ဆက်ထိုင်ကြည့်ကြတယ်။

ဇာတ်လမ်း စပြီး ၁၀မိနစ်လောက်နေတော့ သူ့မျက်မှန်လေး ကိုယ့်ကို ချွတ်ပေးရှာပါတယ်။ မယ်မင်းကြီးမ ကျမ်းမာချမ်းသာပါစေ။  ကိုယ်လဲ အားနာတော့ ၅မိနစ်လောက်ကြည့်ပြီး သူ့ကို ပြန်ပေးလိုက်တယ်။  နေကြာစေ့တဖြောက်ဖြောက်ဝါးရင်း ကျန်တဲ့ အပိုင်းကို မှုန်တုန်တုန် ၀ါးတားတားအမြင်နဲ့   အသံ  (စကားနားမလည်ပေမဲ့ အသံအတက်အကျ ပေါ့) ဆက်စပ်ခန့်မှန်းပြီး ကြည့်နေလိုက်တယ်။  ဒီလိုနဲ့   သိပ်မကြာဘူး သူ့ဆီက မျက်မှန်ပြန်ရောက်လာတယ်။  ကိုယ်တို့နှစ်ယောက်ကြားမှာ မျက်မှန်တလက် အခေါက်ခေါက် အခါခါ လွန်းပြန်ကူးနေတာ အနားကလူတွေတောင်  မျက်စေ့နောက်လောက်တယ်။  ဟူး- တော်ပါသေးရဲ့- ရုံထဲမှာ မှောင်နေလို့...။

ဒါပေမဲ့ ဇါတ်ကားက အလယ်လောက်ရောက်တော့ အရှိန်တက်လာတယ်။  အဆိုအကတွေ၊ ချစ်ခန်းကြိုက်ခန်းတွေနဲ့  ဝေဆာမြူးကြွလာတယ်။  ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့   သူ့ကို မေ့နေတာပေါ့။ “ဟဲ့..ဟဲ့  မျက်မှန်ပေးဦးလေ” သူက ပေါင်ကိုပုတ်ပြီး သတိပေးတယ်။  “သြော်- အေးအေး ခဏလေး”  အခန်းက ကောင်းနေတာကိုး။  သူ့ဆီရောက်တော့လဲ တော်တော်နဲ့ ပြန်မလာဘူး။  “ ဟဲ့ T တော်တော့လေဟာ၊ ငါကြည့်ဦးမယ်”။  “နေပါဦး ဟ”။ ပေးလိုက် ယူလိုက်။   ဒီလိုနဲ့   ရုပ်ရှင်တကားသာဆုံးရော ၊ ဇာတ်လမ်းရဲ့ အရသာက ဘာမှန်းကိုမသိတော့ဘူး။ ရုပ်ရှင်ရုံထဲကထွက်လာတော့ နှစ်ယောက်လုံးတော့ မျက်မှန်လုတဲ့အကြောင်း ပြောရင်း ရယ်ရလွန်းလို့  အူတွေနာနေတာပါပဲ။  

T ရေ - ငါတို့ နှစ်ယောက်ရဲ့ မျှဝေခြင်းက ရယ်ရတယ်နော်။ 
သူငယ်ချင်းဆိုတာ အဲသလို ကောင်းတူဆိုးဖက် တကျက်ကျက်ကလေးတွေကို ခေါ်တာမို့လား။
အနှစ် ၂၀လောက်က ရုပ်ရှင်ကားကို မမှတ်မိပေမဲ့  တို့ နှစ်ယောက်ကြားကမျှဝေခံစားဖူးတဲ့ အရသာနဲ့ အတွေ့အကြုံ၊  ခင်မင်မှုလေးတွေက နှလုံးသားထဲမှာ အမြဲ သစ်လွင်နေမှာ မို့လေ........။

မိုးစက်ပွင့်