Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, 4 September 2010

ပန်တော်ကျ

“ဟိ..ဟိ.........ချမ်းတယ်...ချမ်းတယ်...၀ူး“
“ဗွမ်း“   “ဗွမ်း”
“ခစ်..ခစ်..ခစ်...ခွိခွိခွိ...ဟိ”
ခုန်ဆွ ခုန်ဆွနဲ့   ရေကန်ကိုပတ်ပြေးရင်း အတူတူရေချိုးရင်း ပျော်ရွှင်နေကြတဲ့ ၆နှစ်အရွယ်ကလေးမလေး နှစ်ဦးကတော့  သူဌေးကြီး ပရာဆပ်ရဲ့ တဦးတည်းသော သမီးကလေး “ဒေ၀ီ” နဲ့   သူ့သူငယ်ချင်းမကလေး “ချမ်ကီး”တို့ ဖြစ်ပါတယ်။    ဒေ၀ီက ရေအေးအေးလေးတွေကို ရေခွက်နဲ့  ခပ်ယူပြီး ချမ်ကီးကို ရွှဲရွှဲစိုအောင် ပက်ဖြန်း ကျီစယ်နေသလို ချမ်ကီးကလဲ  သူမ လက်ခုပ်နဲ့  ပုံးထဲက ရေတွေကိုခပ်ပက်ပြီး တုံ့ပြန် ရေတိုက်ပွဲ နွှဲနေခြင်းဖြစ်သည်။  ရေစက် ရေပေါက်လေးတွေက နူးညံ့တဲ့ သူတို့ အသားလေးတွေပေါ်မှာ နှင်းသီး နှင်းစက် ကလေး တွေလို ကပ်တွယ် နေကြသည်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေက အပြစ်ကင်းသော ပျော်ရွင်မှူတွေနှင့် စိုလက် လို့ နေကြသည်။ သူတို့က သိပ်ချစ်ကြတဲ့ ကစားဖော် သူငယ်ချင်း တွေဖြစ်သည်။ သူတို့ကိုကြည့်ရတာ ဥယျာဉ်ထဲက မနက်ခင်း နှင်းရည်ဖြန်းထားတဲ့ ပန်းရိုင်းကလေး နှစ်ပွင့်ပမာ။

 ချမ်ကီး အမေက ပရာဆပ် မိသားစုရဲ့ အိမ်အလုပ်သမားတွေထဲက တယောက်ဖြစ်သည်။ မကွယ်လွန်ခင်က ချမ်ကီး အဖေလည်း ဒီအိမ်ရဲ့ မာလီ အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာမို့   လူယုံတွေလိုဖြစ်နေသည်။ ဒီမိဘနှစ်ပါးရဲ့ သမီးကလေး ချမ်ကီးကလည်း ပရာဆပ်အိမ်ရဲ့ ငယ်မွေးခြံပေါက် လိမ္မာရေးခြားရှိတဲ့ မိန်းကလေးတယောက် ဖြစ်သည့်ပြင် “ဒေ၀ီ” နဲ့ သက်တူရွယ်တူလဲဖြစ်သည်မို့   အထူးအခွင့်အရေး ရနေလေသည်။  သူတို့  နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေက မိုးနဲ့ မြေ ကွာခြားပေမဲ့ သူတို့ကြားက ခင်မင်မှူက  ဘယ်လိုမှ ထိခိုက်ခြင်း မရှိပေ။

မနက်ခင်းများမှာဆို သူတို့ နှစ်ယောက် ပန်းခြံထဲမှာ တူတူဆော့ကစားရင်း ရောင်စုံပန်းပွင့် လှလှ ကလေးများကို ခူးဆွတ် ဆော့ကစား တတ်ကြသည်။  ညနေစောင်းများမှာဆို  ဒေ၀ီက သီချင်းဆိုရင်း ချမ်ကီးက တကယ့် ကချေသည်မိန်းမကြီးများကို အတုခိုးပြီး ဖန်လက်ကောက် ကလေးများ အချင်းချင်း ထိခတ်ပြီး တချွင်ချွင် အသံမြည်အောင် လှည့်ပတ် က လေ့ရှိသည်။  ချမ်ကီးတို့ အိမ်မှာ ဖုတ်တဲ့ ဂျူံမုန့်ကို ဒေ၀ီက နှစ်သက်ခုံမင်သလို သူမရဲ့ လှပပေမဲ့ ၀တ်ဖို့မလိုတော့တဲ့ အ၀တ်အစားတချို့ကိုလည်း ချမ်ကီးကို ပေးပါရစေလို့   သူ့အမေကို ပူဆာတတ်သည်။  ဒေ၀ီရဲ့မိခင် ရာဟေနား ကလည်း သဘောကောင်းသူ အမျိုးသမီးကြီးပီပီ သမီးရဲ့ဆန္ဒကို ကြည်ကြည်ဖြူဖြူ သဘောတူ ခဲ့သည်သာ ဖြစ်သည်။

********************

ခုနှစ်နှစ်အရွယ်ရောက်လာတော့  ဒေ၀ီိကို ဆရာမတယောက်က အိမ်လာပြီး စာသင်ပေးသည်။  ပါဠိ၊ ကဗျာ၊ လင်္ကာတွေအပြင်၊ တေးဂီတ နဲ့   ကျမ်းစာတွေ အစုံ ဖြစ်သည်။  ချမ်ကီးကတော့ အမေ့ကိုကူရင်း မီးဖိုချောင် ပညာတွေကို လက်တွေ့ဆည်းပူး ခဲ့ရတော့သည်။ သင်ယူ တတ်လွယ်သော ချမ်ကီးတယောက် နှစ်အနည်းငယ် အတွင်းမှာပင် ပရာဆပ်တို့   နောက်ဖေးမီးဖိုချောင်ရဲ့ စီမံခန့်ခွဲမှူပိုင်းမှာ အရေးပါ အရာရောက်သော မိန်းကလေးတယောက် ဖြစ်လာခဲ့တော့သည်။  ဒေ၀ီနဲ့   ချမ်ကီးတို့   လွပ်လွပ်လပ်လပ် ကစားခုံစားချိန် နည်းလာတော့သည်။  ဒါပေမဲ့ သူတို့  ရဲ့ ရှားရှားပါးပါး ကိုယ်ပိုင်အချိန် ကလေးတွေမှာတော့ ပန်းခြံထဲမှာ အတူတူထိုင်ရင်း အတွေ့အကြုံလေးတွေကို ဖလှယ်ကြမြဲ ဖြစ်သည်။  ဒေ၀ီ ပြောတတ်တဲ့ စကားလေးတွေက “ ဆရာမ ဒီးနာ ဒီနေ့သင်တဲ့ ဂီတသင်ခန်းစာတွေက သိတ်ခက်တာပဲကွယ်၊  ကိုယ်ကတော့လေ ရာမာယန ဇာတ်လမ်းတွေ ဖတ်ရတာဘဲ ကြိုက်တယ်”  ဆိုတာမျိုးပေမဲ့  ချမ်ကီးကတော့ မီးဖိုချောင်ထဲက အိမ်စေ မိန်းကလေးတွေ နမော်နမဲ့ နိုင်သည့် အကြောင်း၊  သူမ တီထွင်စမ်းသပ်ခဲ့သည့် ဂျူံအဆာသွတ် မုန့်အသစ် တမျိုးအကြောင်း စသဖြင့် မတူကွဲပြား နေပေရာ  ကြာလာသောအခါ သူတို့နှစ်ယောက်စလုံးမှာ တဦးကိုတဦး စိတ်မ၀င်စား နိုင်တော့ပေ။ တယောက်နဲ့ တယောက် ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောနေတဲ့ သူစိမ်း တွေလို ခံစားမိစ ပြုလာတော့သည်။

Sunday, 27 June 2010

“ငါ” ပေါင်းများစွာ ရှိကြရာဝယ်

( ကြားဖူးနေကျ “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့စကားအပြင် “လူတစ်ကိုယ် စိတ်အမျိုးမျိုး” ဆိုတဲ့စကားလေးကိုလည်း မိတ်ဆက်ရှင်းပြထားခြင်းပါ။ (စိတ်ပညာနဲ့ ဖီလော်ဆော်ဖီ တို့နဲ့ ထဲထဲဝင်ဝင် ရင်းနှီးတဲ့ ကိုဝတုတ်တို့ဆိုရင်တော့ ပိုပြီး ဆန်းစစ်နိုင်မှာပါ၊ ကိုယ်ကတော့ ကြက်တူရွေးစာအံခြင်းသာ )

စိတ်ပညာရှင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Daniel Kahneman က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အလွန်နာကျင်တဲ့ သွားနုတ်မှုတခုရဲ့အဆုံးမှာ ပြင်းအားနည်းတဲ့ နာကျင်မှုတခုကို ထပ်ဆောင်းပေးလိုက်ခြင်းပါဘဲ။  အဲဒီလို အပိုဆုရရှိသွားတဲ့ လူနာတွေဟာ ရိုးရိုးပြီးဆုံးသွားတဲ့ လူနာတွေထက် နောက်ပိုင်းပြန်စဉ်းစားတိုင်း နာကျင်မှုကို လျော့ခံစားရတယ်လို့ အမှတ်ရလေ့ရှိပါသတဲ့။   ( မယုံရင် စမ်းကြည့်- ဟိ)

လူတယောက်ရဲ့ စိတ်သဏ္စာန်မှာ လူကောင်း၊လူဆိုး၊ လူပျင်း၊ လူကပ်၊ လူ့ခွစာ၊ လူသူတော် စသဖြင့် တစုတဝေးထဲ တည်ရှိနေပြီး အချိန်တခုမှာ တယောက်က လွှမ်းမိုးလေ့ရှိတယ် လို့  ဆိုပါတယ်။  စီးပွားရေးပညာရှင် Thomas Schelling က ဥပမာတခုထပ်ပေးပါတယ်။ အာတိတ်ဒေသကို ခရီးထွက်ဖို့  ပြင်းပြင်းပြပြ စိတ်ကူးနေတဲ့ လူကလေးတယောက်ဟာ အအေးဒဏ်ကို လေ့ကျင့်ဖို့  စောင်တွေမခြုံဘဲ အိပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်  (နွေးတဲ့ လူကလေး)။  ညလယ်လောက်မှာ အေးလွန်းလို့ နိုးလာတယ်။  ချမ်းလွန်းလို့ စောင်တောင် ထမယူနိုင်လောက်အောင် ကွေးအိပ်နေရချိန်မှာ နောက်နေ့ စောင်ခြုံအိပ်မယ် လို့ဆုံးဖြတ်လိုက်တယ်  ( အေးတဲ့ လူကလေး)။  နောက်တနေ့ညကျတော့ စောင်မခြုံဘဲအိပ်ကြည့်ဦးမယ်လို့  ထပ်ဆုံးဖြတ်မိပြန်ရော  (နွေးတဲ့လူကလေး)။  ဘ၀ထဲမှာ အဲဒီလိုဥပမာတွေ အများကြီးတွေ့ရတာ်။ ဥပမာ- ”မှားပါပြီ”လို့  ပြောတုန်းကပြောပြီး နောက်ထပ်ဆင်တူအမှားတွေနဲ့   ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် ချိုးဖေါက်ခဲ့ တာမျိုးပေါ့။  ပထမ အမှားလုပ်သူက တယောက်၊ ပြုပြင်ချင်သူက တယောက်၊  အမှားထပ်လုပ်သူက နောက်တယောက် ဖြစ်နေတတ်တာမျိုးကို ပြောချင်တာပါ။  အဲဒီလူအားလုံးဟာ လူတယောက်ထဲရဲ့ စိတ်အစဉ်မှာဘဲ ရှိနေတယ်။

လူတယောက်ဟာ နောင်အနှစ်နှစ်ဆယ်မှာ ဖြစ်လာမဲ့ သူ့ရဲ့ခန္ဒာကိုယ်ကို လူစိမ်း လူအို တယောက်လို့  မြင်ပါသတဲ့။ ဒါကြောင့် လူငယ် အများစုဟာ လက်ရှိအချိန်မှာ ခြစ်ခြုပ်သုံးစွဲပြီး အိုစာမင်းစာစုဖို့  မကြိုးစားပဲ လတ်တလော သုံးဖြုံးချင်ကြတာ ဖြစ်ပါတယ်တဲ့။  နောက်ဘ၀ နောက်ကိုယ်နဲ့  နောက်ခေါင်း လို့   ကျမတို့ လူမျိုးတွေ ပြောလေ့ရှိတာနဲ့   ဆင်ဆင်တူပါတယ်။

"Dissociative Identity Disorder" ဆိုတာကတော့ စိတ်ကွဲဝေဒနာ လို့  ခေါ်ရမလားမသိ။  တစ်ကိုယ်တည်း နှစ်စိတ်ဖြစ်နေပြီး တယောက်လုပ်တာ တယောက်မသိတဲ့ ရောဂါမျိုးပါ။ ၁၉၇၃မှာ  Sybil  ဆိုတဲ့ ၀တ္တုနဲ့  ၁၉၇၆မှာ သူ့ကို ရုပ်ရှင်ရိုက်အပြီး  ၁၉၈၀ ပြည့်လွန်နှစ်များမှာ အလွန်ခေတ်စားလာခဲ့ပါတယ်။  အဲဒီရုပ်ရှင်ထဲမှာ မင်းသမီး Sally Field က စိတ်ပေါင်း ၁၆ခုပိုင်ရှင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီဆောင်းပါးထဲက ပြောချင်တာက အပေါ်ကရောဂါမျိုးမဟုတ်ဘဲ သာမာန်လူသားတွေမှာ ရှိနေတတ်တဲ့ စိတ်အမျိုးအစားတွေ တလှည့်စီ နေရာယူကြပုံကို ပြောတာဖြစ်ပါတယ်။ လူတွေဟာ ပါတ်ဝန်းကျင်အဖြေအနေကို လိုက်လို့ စိတ်တွေ ပြောင်းလဲကြတယ်။ စမ်းသပ်ချက်အရ အနံ့ကောင်းကောင်းလေးတွေ ( ဥပမာ- ပေါင်မုန့်လတ်လတ်ဆတ်ဆတ် အနံ့)ဟာ လူတွေကို ပိုပြီး ကြင်နာတတ် ကူညီတတ်လာစေတယ်။   ဆိုးရွားတဲ့အနံ့ (ဥပမာ- အီးနံ့ ကို စပရေးနဲ့ဖြန်းလိုက်ရင်)  လူတွေဟာ ဝေဖန်ရှုံ့ချချင်စိတ်တွေ ဖြစ်လာမယ်တဲ့။

တခါတလေ စိတ်နှစ်စိတ်က ကိုယ်တွင်းမှာ အားပြိုင်ကြတယ်။  ဥပမာ- ပိန်ချင်တဲ့စိတ်ရယ် ကိတ်မုန့်စားချင်တဲ့ စိတ်ရယ်။  ဒါကြောင့် ကိုယ့်မူလ ဆုံးဖြတ်ချက်ကို အလဲထိုးမဲ့သူတွေဟာ ကိုယ်တွင်းမှာပဲ ရှိနေတာပါ။ ဒါကြောင့် ကောင်းတဲ့ ဆုံးဖြတ်ချက်ကလေးကို မဲတင်းဖို့အတွက်  ကိုယ့်ကိုယ်ကိုယ် ဆုပေးဒဏ်ပေး စည်းကမ်း ချမှတ်ထားသင့်ပါတယ်တဲ့။ ဥပမာ- တကြိမ် ချိုးဖောက်တိုင်း ကိုယ်မုန်းတဲ့နေရာကို ငွေလှူဖို့   ( သမ္မတ ဘုရှ် စာကြည့်တိုက် ကို ဒေါ်လာ ၁၀၀လှူဖို့  လို့  ဥပမာပေးထားလေရဲ့) စသဖြင့်ပေါ့။  နောက်တစ်မျိုးကတော့ စိတ်ဆိုးလာရင် တစ်ကနေတစ်ဆယ်ကနေ ရေဖို့ဆိုတာလည်း အဲဒီလိုပဲ အကောင်းဖက်ကို ပြန်လှည့်ဖို့  မဲတင်းတဲ့သဘောပဲ ဖြစ်မှာပါ။

တခါတရံမှာ တခြား လူတယောက်လို ပြုမူပြောဆိုလိုက်တာဟာ ပျော်စရာကောင်းနေတတ်ပါတယ်။  ဒါကြောင့်အင်တာနက်တွေထဲမှာ ယောက်ျားက မိန်းမ ဟန်ဆောင်တာ၊ အပြင်မှာရှက်တတ်သူက အပျော်အပါးမက်ဟန်ဆောင်တာတွေ တွေ့ရတတ်ပါတယ်။  တသက်လုံး ငွေပဲဖိရှာနေသူက ကိုယ့်ကလေးနဲ့  ဆော့ဖို့အချိန်ပေးလိုက်တာ၊  ညစ်ညမ်းဗီဒိယိုကြိုက်တတ်သူက အဲဒီအစား လူမှုရေးအတွက် အချိန်ပေးဖို့  ဆုံးဖြတ်လုပ်ကိုင်ခဲ့တာ စသဖြင့် စရိုက်အပြောင်းအလဲလေးတွေ တွေ့ရတတ်ပါတယ်။

ခြုံပြောရရင် လူတွေမှာ သိသိသာသာမြင်နိုင်တဲ့ ဗီဇစိတ်အခံကလေးတွေရှိသလို တဒင်္ဂပေါ်လာတဲ့ စိတ်ကလေးတွေလည်း အများကြီးရှိနေပါတယ်။  လူသားအားလုံးဟာ နဂိုရ်စိတ်အခံရော၊ တဒင်္ဂစိတ်ထားလေးတွေအပေါ်မှာရော မျှမျှတတ အသုံးချသွားနိုင်ရင် အကျိုးရှိမှာပါ။  ကိုယ့်ခေါင်းထဲမှာ စိတ်ဆိုတဲ့ လူစုလူဝေးကြီး တစ်ခုရှိနေပြီး၊ သူတို့ကြားမှာ ဒီမိုကရေစီ တည်ဆောက်ဖို့ မလိုအပ်သလို ဗီဇစိတ်တစိတ်တည်းကပဲ အမြဲအုပ်ချူပ်နေဖို့ မသင့်တော်ပါဘူးလို့ စာရေးသူက အဆုံးသတ်ထားပါတယ်။




မိုးစက်ပွင့်

( Paul Bloom's "First Person Plural", The Atlantic, November 2008, New York )
(စကားချပ်- ဒါကြောင့် - တရားထိုင်တဲ့အခါ စိတ်တွေအများကြီး ၀င်မနှောင့်ယှက်ဘဲ ကောင်းမှုစိတ်ကလေး ”တစိတ်တည်းထားဖို့” ဆရာတော်တွေက သင်ပြကြတာ ထင်ပါရဲ့

Saturday, 27 March 2010

အလွမ်းပြေ (၃)

                  “ဘီအမ်ဟာ သူ့ကလေးဘ၀အကြောင်း ငါ့ကိုပြောပြတယ်။  သူ့အမေဟာ သူများအိမ်တွေမှာ သန့်ရှင်းရေးလိုက်လုပ်ပေးရတဲ့ အိမ်ဖေါ်တဲ့။  ဒီအကြောင်းတွေသိလာရတော့ ငါ့အနေနဲ့ ဇိမ်ခံသုံးဖြုံးပြီး နေနေရတာကို ရှက်လာမိသလိုပဲ။  ငါဆိုရင် ဦးထုပ်ကလေးတစ်လုံး ရွှေဒင်္ဂါးသုံးပြားဆိုလည်း ၀ယ်ပစ်လိုက်တာပဲ။”
                    သူမ နားလည်ရန်ခက်ခဲသည့် ပုစ္ဆာများကို သူမ၏ ခေါင်းသေးသေးလေးနှင့် တတ်ယောင်ကား အဖြေရှာနေမည့်အစား ထိုစဉ်တုန်းကသာ သူ့ကို မေးလိုက်စမ်းလျှင် မည်မျှကောင်းလိမ့်မည်နည်း။   ဘီအမ် ဆိုသည့် “ငတ” ပေးဖတ်သည့် စာအုပ်များကလည်း “ကားလ်မတ်စ်”တို့၊  “ဖြစ်ပွားတော့မည့် တော်လှန်ရေး” တို့ ဖြစ်သည်လေ။  ဘီအမ်၊ ဘီအမ် ဟု အတိုကောက်ပဲရေးသွားသည်။  အဘယ်ကြောင့် အမည်ကို အပြည့်အစုံ မရေးရသနည်း။  သွေးရိုးသားရိုးတော့မဟုတ်တန်ရာ။ အင်ဂျလာမှာ သည်လို နံမည် အတိုကောက် ရေးရလောက်အောင် ရင်းနှီးကျွမ်းဝင်သော အရေးအသားမျိုး ရေးတတ်သူမဟုတ်။  သည်ကောင့်မျက်နှာကို ကြည့်ပြီးတော့လည်း ဘီအမ်လို့ပဲ သူမ ခေါ်နေခဲ့သလား မသိနိုင်ချေ။  သူ ဆက်ဖတ်ရပြန်သည်။
                        “ညစာစားပြီး မမျှော်လင့်ဘဲ ဘီအမ်ရောက်လာသည်။  ကံကောင်းလို့ပေါ့။  အိမ်မှာ ငါတစ်ယောက်တည်း ရှိနေခိုက်မို့လို့”   ယင်းမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ရေးထားခြင်းဖြစ်၏။  “ကံကောင်းလို့” တဲ့။  မည်သည့်အတွက်ကြောင့် ကံကောင်းရသနည်း။  မည်သို့သောအကြောင်းကြောင့် “ငါတစ်ယောက်တည်း ရှိနေခိုက်မို့” ရေးထားရသနည်း။  သူကော ထိုညက မည်သည့်နေရာ  ရောက်နေပါလိမ့်။  အလုပ်မှတ်တမ်းစာအုပ်ကိုယူပြီး ပြန်ကြည့်ရပြန်သည်။   မြို့တော်ဝန်တည်ခင်းသည့် ညစာစားပွဲည။  သည်လိုဆိုလျှင် အင်ဂျလာနှင့် ဘီအမ် တို့ ထိုတစ်ညနေခင်းလုံး နှစ်ယောက်ထဲ ရှိနေခဲ့ကြသည်။  သူပြန်လာချိန်တွင် သူမ သူ့ကို စောင့်မျှော်နေခဲ့သလား၊ ထမင်းသားပွဲပေါ်မှာ ဖန်ခွက်နှစ်လုံး အတူရှိနေခဲ့သလား၊ ကုလားထိုင်နှစ်လုံးကို ကော  နီးနီးကပ်ကပ် ဆွဲထိုင်ထားခဲ့သေးလား။  သူ ဘာကိုမှ မမှတ်မိတော့ပါ။  ညစာစားပွဲတွင် သူပြောခဲ့သော မိန့်ခွန်းကိုတော့ သူမှတ်မိသည်။  အခြေအနေအရပ်ရပ်သည် သူ့စိတ်ကို ပို၍ ရှူပ်ထွေးလာစေပြီး  ရှင်းမပြတတ်အောင် ဖြစ်လာသည်။  သူမရှိခိုက် သူ့ဇနီးသည် သူတစ်စိမ်းတစ်ယောက်ကို အိမ်မှာ တညနေလုံး ဧည့်ခံနေခဲ့သည်။     
                            နောက်စာအုပ်တစ်အုပ်တွင်တော့ အဖြေ ပေါ်မည်မှာ မလွဲ။  နောက်ဆုံး မှတ်တမ်းစာအုပ်ကို သူလှမ်းယူသည်။  အင်ဂျလာ မကွယ်လွန်မီ နောက်ဆုံးရေးခဲ့သော စာအုပ်ဖြစ်သည်။  ပထမဦးဆုံးစာမျက်နှာ၌ပင် သည် သေချင်းဆိုးနံမည်ကို တွေ့ရပြန်ပြီ။ 
                          “ဘီအမ် နှင့် နှစ်ယောက်ထဲ ညနေစာစား။  သူ အတော် စိတ်တိုနေပုံရသည်။  တစ်ယောက်နှင့်တစ်ယောက် နားလည်ဖို့ အချိန်ကျပြီဟု သူကပြောသည်။  ရှင်းပြတာကိုလည်း သူလုံးဝ နားမထောင်ပါ။  ငါသူ့ကို လက်မခံရင် လုပ်ပြမည်ဟု ခြိမ်းခြောက်သည်။” စာမျက်နှာပေါ်ရှိ ကျန်စာကြောင်းအားလုံးကို ခြစ်ပစ်ထားသည်။  အပေါ်မှနေ၍  “....အီဂျစ်၊ အီဂျစ်..” ဟူသောစာလုံးများကို လိုက်ထပ်၍ရေးထားသည်။  သူ ကြိုးစားဖတ်ကြည့်သော်လည်း တစ်လုံးမျှ ဖတ်၍မရပါ။  ဖြစ်နိုင်သည်က တစ်ခုတည်းသာရှိသည်။  သည် ငမိုက်သားသည် သူမရှိခိုက် သှူုဇနီးကို ကြောင်တောင်နှိုက်ဖို့ ကြိုးစားခြင်းပင်။  ဂီးလ်ဘတ်၏မျက်နှာမှာ ရှက်ဒေါသဖြင့် ထူပူပြီး နီမြန်းလာသည်။  စိတ်မရှည်စွာပင် သူဆက်ဖတ်လိုက်သည်။  အင်ဂျလာတစ်ယောက် မည်သို့ တုန့်ပြန်ခဲ့လေသနည်း၊ လက်ခံလိုက်သလား။  ဘီအမ်ဟု အတိုကောက်ရေးထားသည်ကို မတွေ့ရတော့ဘဲ “သူ“ ဟူသော နာမ်စားကို သုံးလာသည်။  “သူ ထပ်လာပြန်သည်။  ငါ မဆုံးဖြတ်သေးပါဟု သူ့ကို ပြောလိုက်သည်။  သူ့ကို အိမ်ထဲက ထွက်သွားဖို့  မောင်းထုတ်မိသည်။”  ရာရာစစ သည်ကောင်က သူ့အိမ်ထဲဝင်ပြီး သူ့ဇနီးကို အကြပ်ကိုင်နေခြင်းပင်။  သူမက မည်သည့်အတွက်ကြောင့် သူ့ကို ပြန်မတိုင်ရပါသနည်း။  ဘာကြောင့်များ တုန့်ဆိုင်းတွေဝေ နေရပါသနည်း။  
                     “ငါ သူ့ဆီကို စာတစ်စောင် ရေးလိုက်တယ်”
                     နောက်စာမျက်နှာများတွင် ဘာမှ ဆက်မရေးထားဘဲ ဗလာများသာ ဖြစ်နေသည်။  စာမျက်နှာ အတန်ခြားသွားပြီးမှ “သူ ငါ့ကို စာမပြန်ဘူး”  ကွက်လပ်များ ဖြစ်သွားပြန်သည်။  သည့်နောက်ကော ဘာများ ဖြစ်သေးသနည်း။  “ခြိမ်းခြောက်တဲ့အတိုင်း သူ လုပ်ပြသွားပြီ”။  သည့်နောက်ကော သည့်နောက်ကော ဘာများဖြစ်သေးသနည်း။  စာရွက်များကို သူ စိတ်စောလှစွာဖြင့် အလျင်စလို လှန်ဖတ်လိုက်သည်။  အကုန်လုံး ဗလာချည်းများသာ။  သူမ မကွယ်လွန်မီတစ်ရက်အလိုမှာ ဤသို့ ရေးထားသည်။
                      “ငါရော သူ့လို လိုက်လုပ်ဖို့  သတ္တိမရှိဘူးလား”
                      နေ့စဉ်မှတ်တမ်းက ဤနေရာတွင် ပြီးဆုံးသွားသည်။  စာအုပ်သည် ဂီးလ်ဘတ်လက်ထဲမှ ကြမ်းပြင်ပေါ်သို့ လျှောကျသွားတော့သည်။  
                      သူမ၏ နောက်ဆုံးလှုပ်ရှားမှုများကို သူ့အာရုံထဲတွင် မြင်လာသည်။  “ပစ်ကက်ဒလီ” လမ်းမကြီးဘေး ပလက်ဖေါင်းပေါ်တွင် သူမ ရပ်နေသည်။  မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်လျက်။  လက်နှစ်ဖက်က လက်သီးတင်းတင်းဆုပ်လျက်၊  ကားတစ်စီးက အရှိန်ပြင်းပြင်း မောင်း၍လာနေသည်။
                     သူ ဆက်လက် သည်းခံနိုင်စွမ်းမရှိတော့ပါ။  အဖြစ်အပျက်အမှန်ကို သိရမှ ဖြစ်တော့မည်။  တယ်လီဖုန်းရှိရာသို့  မပြေးရုံတမည် လျှောက်လှမ်းသွားသည်။
                    “မစ္စ မေလာနဲ့ စကားပြောချင်လို့ပါ”
                     ဖုန်းတစ်ဖက်တွင် အသံတိတ်ဆိတ်သွားပြီး အတန်ကြာမှ တစ်စုံတစ်ဦးလျှောက်လာသံကို ကြားရသည်။  “စီစီမေလာ စကားပြောနေပါတယ်ရှင်”
                    သူ တယ်လီဖုန်းထဲသို့ ထစ်ချူံးသံကြီးဖြင့် မေးလိုက်သည်။
                    “ဘီအမ် ဆိုတာ ဘယ်သူလဲ”   တစ်ဖက်ရှိ ဖုန်းတင်စင်ပေါ်မှ အပေါစား နာရီစက်သံ တတစ်တစ်ကို ကြားနေရသည်အထိ ဖုန်းထဲတွင် တိတ်ဆိတ်သွားသည်။  သက်ပြင်းရှည်ရှည်ချသံကို ကြားရပြီးမှ စီစီမေလာက ပြန်ဖြေသည်။
                     “သူဟာ ကျွန်မ အစ်ကိုပါ”
                     ဘီအမ်သည် စီစီမေလာ၏ အစ်ကိုဖြစ်နေပါလား။  သူ့ကိုယ်သူ သတ်သေသွားခဲ့သူ၊ သူမ၏ အစ်ကိုပါပဲလား။  စီစီမေလာက ဆက်မေးသံကိုကြားရသည်။
                     “ကျွန်မ ရှင်းပြဖို့ လိုမလားမသိဘူး”
                     “မလိုဘူး၊ လုံးဝ မလိုဘူး” သူအော်ပြောရင် ဖုန်းကို ပစ်ချလိုက်သည်။
                      အင်ဂျလာ ပေးခဲ့သော အမှတ်တရအမွေကို သူရလိုက်ပြီးပါပြီ။  ဖြစ်ခဲ့သည်များကို သူမက အမှန်အတိုင်း ပြောပြခဲ့သည်ပဲ။  ပလက်ဖေါင်းပေါ်က လှမ်း၍ဆင်းလိုက်သော ခြေတစ်လှမ်းသည် သူမ၏ချစ်သူနှင့် ပြန်လည်ပေါင်းဆုံရန် လှမ်းလိုက်သော ခြေလှမ်းဖြစ်သည်။  ထိုခြေလှမ်းသည်ပင် သူ့ထံမှ ထွက်ပြေးတိမ်းရှောင်သွားသော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ချေသည်။

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)
(စဖတ်တုန်းက ဂီလ်ဘတ်နဲ့ စီစီမေလာတို့ရဲ့ဇာတ်လမ်းများလား ထင်ခဲ့ပေမဲ့ တစ်ခြားသူနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်နေပါတယ်။  ကွယ်လွန်သွားတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ အကြောင်းကို ဒိုင်ယာရီကနေတစ်ဆင့် ပီပီပြင်ပြင် သရုပ်ဖေါ်ထားတာ၊  နောက်ဆုံးအဆင့် မှာလည်း အံ့သြမှု တစ်စုံတစ်ရာပေးပြီး ဇာတ်လမ်းရဲ့ climax ကို ခေါ်ဆောင်သွားပုံက သေသပ်လွန်းလို့  နှစ်သက်စွာ မျှဝေလိုက်ပါသည်။ ) - စာကြွင်း- အနုပညာ ပေတံဖြင့်သာ တိုင်းတာပါသည်။  ဇာတ်ကောင်စရိုက်အပေါ် အမှား၊ အမှန် မဆွေးနွေးလိုပါ။

Friday, 26 March 2010

အလွမ်းပြေ (၂)

သူ့အတွေးများက ဒိုင်ယာရီထံသို့ အလိုလျောက် ရောက်သွားသည်။  သို့ဖြင့် အပေါ်ဆုံးမှ တစ်အုပ်ကို ယူပြီးနောက် ဟိုလှန် သည်လှန် လိုက်ဖတ်မိသည်။  စ ဖတ်မိသည်က ဂီးလ်ဘတ်ဟာ အတော်ကို ခန့်ချော ချောတာပဲ ကြည့်စမ်းပါဦး။  သူ့စိတ်ထဲမှအတွေးကို သူမက ပြန်ဖြေလိုက် သလိုပါပဲ။  မိမိသည် ဆန့်ကျင်ဖက်လိင်များအပေါ် အတော်ဆွဲဆောင်မှုရှိသည်ဟု သူမ ပြောလိုက်ခြင်းဖြစ်မည်။  စီစီမေလာ၏ စိတ်ထဲ၌လည်း ထိုသို့တွေးမိမည်မှာ မလွဲ။  သူ ဆက်ဖတ်သည်။  သူ့ရဲ့  ကြင်ဖက်သက်ထားဖြစ်ရတာ ငါ အရမ်းဂုဏ်ယူတယ်”  သူ့စိတ်ထဲမှာလည်း သူမ၏ ခင်ပွန်းဖြစ်ရသည်ကို အမြဲဂုဏ်ယူ ၀င့်ကြွားနေမိသည်။  သူတို့ ဇနီးမောင်နှံနှစ်ဦးသား ရံဖန်ရံခါ ညနေစာကို အပြင်ဆိုင်များတွင် ထွက်စားကြသည့်အခါမျိုးတွင် စားပွဲတစ်ဖက်တွင် ထိုင်နေသော သူမကို ရွှန်းရွှန်းစားစား ကြည့်မိရင်း သည်ဆိုင်ထဲရှိသမျှ မိန်းမတွေထဲမှာ သှူုဇနီးဟာ အလှဆုံးပဲဟု မှတ်ချက်ချမိသည်မှာ မကြာခဏပင်။
                           စာအုပ်ကို သူဆက်ဖတ်သည်။  သူ ပါလီမန်အမတ်အဖြစ် အရွေးခံရသော ပထမဦးနှစ်။  သူ၏ မဲဆန္ဒနယ် တနံတလျား သူတို့နှစ်ဦး အတူလှည့်လည်ခဲ့စဉ်ကဖြစ်သည်။  မိန့် ခွန်းပြောပြီးလို့  ဂီးလ်ဘတ်လည်းထိုင်လိုက်ရော လက်ခုပ်သံတွေဟာ အကျယ်ကြီးပဲ။  တော်တော်နဲ့  မစဲတော့ဘူး။  ပရိသတ်အားလုံး မတ်တပ်ထရပ်ကြပြီ လူချွန်လူကောင်းသီချင်းကို ဆိုကြတော့ ငါ့စိတ်ထဲမှာ ကတုန်ကယင်ကြီးဖြစ်လို့”  ထိုစဉ်ကအဖြစ်ကို သူမှတ်မိသည်။   မိန့်ခွန်းပြော စင်မြင့်ပေါ်၌ သူတို့ အတူယှဉ်တွဲနေခဲ့ကြသည်။  သူ့ကို ရုတ်တရက် လှမ်းကြည့်လိုက်သော သူမ။အကြည့်။ မျက်လုံးထောင့်ဝယ် ပီတိမျက်ရည်ဥတို့  တွဲလွဲခိုနေခဲ့သည်။  အဲသည်နောက်မှာရော  - သူစာရွက်များကို ဆက်လှန်သည်။  ဗင်းနစ်မြို့သို့  သူတို့ သွားလည်ခဲ့ကြသည်။  ရွေးကောက်ပွဲအပြီး ပျော်ရွှင်စရာအတိပြီးသည့် ထိုအားလပ်ရက်ကို သူ ကောင်းကောင်း မှတ်မိသည်။
               “ဖလောရင့်မှာ ငါတို့  ရေခဲမုန့် စားကြတယ်” သည်စာလေးဖတ်ရတော့ သူပြဲုံးမိသည်။ သူမသည် ကလေးတစ်ယောက်လိုပါပေ။  ရေခဲမုန့်ကို အငမ်းမရကြိုက်သည်။
               “ဂီးလ်ဘတ်က ငါ့ကို နားထောင်ဖူးသမျှထဲမှာ အကောင်းဆုံး ဗင်းနစ်မြို့ရဲ့  ရာဇ၀င်ကို ပြောပြတယ်။  ဗင်းနစ်မြို့ကို အုပ်ချူပ်ခဲ့တဲ့ မြို့ဝန်တွေအကြောင်းပါ ပါသေးတယ်”
                ထိုစဉ်က ကြုံတွေ့ခဲ့သမျှကို ကျောင်းသူမလေးတစ်ယောက်၏ လက်ရေးမျိုးဖြင့် သူမ ရေးမှတ်ထားခဲ့သည်။  အင်ဂျလာနှင့်အတူ ခရီးသွားရလျှင် ပျော်စရာကောင်းသော အချက်တစ်ခုမှာ သူမသည် အရာရာကို အလွန် သိလိုစိတ် ပြင်းပြခြင်း ပင်ဖြစ်သည်။  ဘာကိုမှ မသိနားမလည်သည်မှာလည်း လွန်ပါရော။  သူမ၏ ချစ်စရာကောင်းသည့် အချက်များထဲတွင် ယင်းအချက်မပါဝင်ဟု သူမက ပြောလေ့ရှိသည်။
                       နောက်စာအုပ်တစ်အုပ်ကို ယူ၍ဖတ်သည်။  သူတို့ လန်ဒန်မြို့သို့ ပြန်လာသောကာလ။  “အိမ်အပြန်ခရီးမှာ ငါတို့စုံတွဲကို သူများတွေ အရမ်းအထင်ကြီး အားကျစေချင်မိတယ်။  လက်ထပ်တုန်းက ၀တ်တဲ့ ၀တ်စုံကို ၀တ်ပြန်လာတဲ့အထိပဲ”   သူ့အထက်အရာရှိ အဖိုးကြီး ဆာအက်ဒ၀ပ်၏နဘေးမှာ သူမ ထိုင်နေခဲ့သည်ကို ယခုပင် သူပြန်မြင်ယောင်မိသေးသည်။  ပေါင်းသင်းရခက်သော လူကြီးကို သူမက အဆင်ပြေပြေ ဆက်ဆံနိုင်ခဲ့သည်။
                           စာမျက်နှာများကို မြန်မြန်ထက်ထက်လှန်ကာ သူဆက်ဖတ်သည်။  ဟိုတစ်ပိုင်း သည်တစ်စနှင့် ပြန့်ကျဲနေသော သူမ၏ ရေးမှတ်ထားမှုများကို ဖြည့်စွက်တွေးတော စဉ်းစားရင်း အတိတ်ဖြစ်ရပ်များကို ပြန်အောက်မေ့မိသည်။  “လွှတ်တော်ခန်းမထဲမှာ ညနေစားပွဲ တက်ရောက်” ၊  ”လပ်ဗ်ဂရုဗ် တွင် ညနေခင်းဧည့်ခံပွဲတက်”“အမတ်ကတော် လေဒီ အယ်လ်က ဂီးလ်ဘတ်၏ ဇနီးတစ်ယောက်အနေနှင့် ဂုဏ်သိက္ခာထိန်းသိမ်းရန် လိုသည်ဟုပြော”၊ နောက်တစ်နှစ် ဒိုင်ယာရီတစ်အုပ် ကုန်သွားပြန်သည်။
                                စားပွဲပေါ်က စာအုပ်တစ်အုပ်ထပ်ယူသည်။  ထိုကာလများတွင် တဖြည်းဖြည်း သူအလုပ်တာဝန်များပိုပိလာပြီး အလုပ်ပိုရှုပ်လာရာ သူမတစ်ယောက်တည်း အိမ်မှာကျန်နေရသော အချိန်များက ပိုများလာသည်။  သူတို့နှစ်ဦးတွင် သားသမီး မထွန်းကားနိုင်ခဲ့ခြင်းအတွက် ၀မ်းနည်းကြေကွဲရကြောင်း သူမ ရေးထားသည်။
                                    “ဂီးလ်ဘတ်နဲ့  ငါ့မှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် လိုချင်လိုက်ပါဘိတော့”  သူ့အဖို့တော့ ကလေးမရသည်ကို နောင်တ မရပါ။  ထူးဆန်းချင် ထူးဆန်းနေမည်။  သူ့ဘ၀တွင် မတောင့်မတ၊ မကြောင့်မကြလည်း နေရ၊ ပျင်းချိန်မရှိအောင် အလုပ်တာဝန်တွေ များပြားစွာလည်း ထမ်းဆောင်နေရမှတော့ ကလေးမရှိလည်း အရေးမကြီးဟု သူမှတ်ယူထားသည်။  ထိုနှစ်အတွင်း အစိုးရအဖွဲ့ ၌ အရေးမပါလှသော ရာထူးနေရာတစ်ခုတွင် သူ့ကိုခန့်ထားသည်။  ဘာမှမဟုတ်သည့် ရာထူးလေးမျှသာ ဖြစ်သော်လည်း သူမ ရေးထားခဲ့ပုံကဖြင့်-
                            “ တစ်နေ့နေ့မှာ သူ ၀န်ကြီးချူပ်ဖြစ်မယ်ဆိုတာ အခုဆို သေချာသလောက် ဖြစ်သွားပြီ” ဟူ၏။  ပြီးခဲ့သည့်အဖြစ်အပျက်များသာ ယခုနှင့်အတူ တစ်မျိုးတစ်ဖုံဖြစ်ခဲ့ပါက သူ ၀န်ကြီးချူပ် ဖြစ်နေလိမ့်မည်။  ဒိုင်ယာရီဖတ်ခြင်းကို ခေတ္တရပ်တန့်၍ မည်သို့မည်ပုံ ဖြစ်နိုင်ချေရှိမည်ကို သူ တွက်ဆမိသည်။  နိုင်ငံရေး ဆိုသည်မှာလည်း တကယ်တော့ လောင်းကစားနည်း တစ်မျိုးပင်ဖြစ်သည်။ ကစားပွဲမှာလည်း ပြီးဆုံးခြင်းမရှိသေးပါ။  အသက်ငါးဆယ်အရွယ်မျှနှင့် သည်ကစားပွဲမှ သူ မထွက်နိုင်သေးပါ။  နောက်ထပ် စာမျက်နှာများကို သူ မြန်မြန် ဖတ်ပစ်သည်။  သူမ နေ့စဉ်ကြုံတွေ့ နေရသည့် အသေးအဖွဲကိစ္စလေးများ၊ အရေးမပါလှသည့် အကြောင်းအရာလေးများ၊  ပျော်ရွှင်စရာ ကြုံနေကျ ကိစ္စလေးများကိုသာ ရေးသားထားလေသည်။
                             စာအုပ် နောက်ထပ်တစ်အုပ် ထပ်ယူ၍ သူ ဟိုလှန်သည်လှန် ဖတ်ပြန်သည်။  “ငါတော်တော် သတ္တိနည်းသေးတာပဲ။ အခွင့်အရေးတစ်ခုကို ငါ လက်လွှတ်လိုက်ရပြန်ပြီ။ သူ့မှာ အလုပ်ဒီလောက်များတာ၊ ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စလေးနဲ့  သူ့ကို အနှောင့်အယှက်ပေးရမှာ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေမလား။  ဒီလို နှစ်ယောက်ချင်း အေးအေးဆေးဆေး စကားပြောရတဲ့ ညနေခင်းမျိုးကလည်း ကြုံရခဲတယ်”  သည်ဟာက ဘာကို ဆိုလိုပါလိမ့်မလဲ။  ဟော သည်နေရာမှာ အဖြေတွေ့ပါပြီ။  လန်ဒန်အရှေ့ပိုင်း လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ဖြစ်သော အရှေ့ရွာတွင် သူလုပ်သည့်အလုပ်ကို ဆိုလိုခြင်းပင်။ “ နောက်ဆုံးမှာတော့ ငါအရဲစွန့်ပြီး  ဂီးလ်ဘတ်ကို ဖွင့်ပြောလိုက်တယ်။  သူဟာလည်း သနားညှာတာတတ်တဲ့သူပဲလေ။  ငါ့တောင်းဆိုချက်ကို သူ မကန့်ကွက်ပါဘူး”  ထိုစဉ်က သူမ တောင်းဆိုခဲ့သည်များကို သူမှတ်မိသည်။  အိမ်၌ သူမတစ်ယောက်တည်း ကျန်နေခဲ့ရသည်မှာ အလွန်ငြီးငွေ့စရာကောင်းကြောင်း၊ လောကကြီးအတွက်လည်း ဘာမှ အသုံးမ၀င်ကြောင်း၊ ထို့ကြောင့် သူမ ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်ချင်ကြောင်းများကို ပြောခဲ့သည်။  ပြောနေရင်း ရှက်သွေးဖြာကာ မျက်နှာလေးနီရဲသွားပုံမှာ လှပဲလှသေးတော့။  မရှိဆင်းရဲသားများကို ကူညီမည့် စေတနာ့ဝန်ထမ်း အလုပ်တစ်ခု လုပ်လိုကြောင်း စသဖြင့် ထို ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်နေလျက် သူမ ပြောနေခဲ့သည်။  အိမ်ထောင်ထိမ်းသိမ်းရသောအလုပ်၊  သူ့ကိုကူညီ၍ လုပ်ကိုင်ပြုစုရသောအလုပ်တို့နှင့် မလုံလောက်သေးဘူးလားဟု သူက အနည်းငယ် ငေါ့တော့တော့နှင့် ပြန်ပြောခဲ့သေးသည်။ သို့သော် သူမ စိတ်ချမ်းသာမည်ဆိုလျှင် ကန့်ကွက်ရန်အကြောင်းမရှိကြောင်း သူ ပြောခဲ့သည်။  မည်သည့် အလုပ်မျိုးနည်း။  ရပ်ကွက် တစ်ခုခုမှာလား၊ အဖွဲ့အစည်း တစ်ရပ်ရပ်မှာလား၊ သူမသိပါ။  သူမ၏ ကျန်းမာရေးကို ထိခိုက်သည်အထိ အလွန်အကျွံမလုပ်ရန်ကိုသာ သူ ကတိတောင်းခဲ့သည်။
                         ထိုမှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၀ှိုက်ချက်ပဲလ် ရပ်ကွက်သို့  သူမ အလုပ်ဆင်းတော့သည်။  ထိုရက်များတွင် သူမ ၀တ်ဆင်သွားလေ့ရှိသော အ၀တ်အစားများကို သူ အတော် မနှစ်မြို့မိခြင်းကို သာ မှတ်မိနေသည်။  သူမကမူ ယင်းအလုပ်ကို အတော် အလေးအနက်ထားပုံရသည်။  စာအုပ်ထဲတွင် အောက်ပါအရေးအသားမျိုးနှင့် ပြည့်နေ၍ဖြစ်သည်။
                           “ဒေါ်ဂျူံး နှင့် တွေ့၊ သူမမှာ ကလေး ဆယ်ယောက်ရှိ၊  မတော်တဆ ထိခိုက်မှု တစ်ခုမှာ သူမခင်ပွန်းဟာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်”
                           “လီလီ အလုပ်ရဖို့ကို အတတ်နိုင်ဆုံး ငါ ကြိုးစားခဲ့တယ်။”
                           ဆက်မဖတ်ချင်တော့၍ သူ ကျော်လွှား ဖတ်ပစ်သည်။  နောက်ပိုင်းစာမျက်နှာများတွင် သူ့နာမည်ကို မတွေ့ရသလောက် ဖြစ်လာသည်။  ထို့ကြောင့် ဆက်ဖတ်ချင်စိတ်ပင် မရှိတော့ချေ။  အချို့ ရေးသားထားချက်များဆိုလျှင် သူ့အဖို့  ဘာမှ အဓိပ္ပါယ်မရှိပေ။  ဥပမာ-  “ဆိုရှယ်လစ်ဝါဒနှင့် ပါတ်သက်၍ ဘီအမ် (BM ) နှင့် ငြင်းခုန်ခဲ့ရသည်”  ဘီအမ် ဆိုတာ ဘယ်သူပါလိမ့်။  သည် အတိုကောက်နာမည်ကို သူ အမည်မဖေါ်နိုင်ပေ။  သူမ အလုပ်လုပ်သော အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖြစ်မည်မှာ မလွဲ။
                             “ အထက်တန်းလွှာတွေအပေါ် ဘီအမ်က အပြင်းအထန်ဝေဖန်ခဲ့သည်။  အစည်းအဝေးအပြီးမှာ ဘီအမ်နှင့်အတူ လမ်းလျောက်ပြန်လာတုန်း ငါက သူ့ကို ဖြောင်းဖျဖို့  ကြိုးစားခဲ့သည်။  ဒါပေမဲ့ သူဟာ အတော် အမြင်ကျဉ်းမြောင်းတဲ့ ယောက်ျား တစ်ယောက်ပဲ...။”
                         သည်လိုဆိုတော့ ဘီအမ်ဆိုတာ ယောက်ျားတစ်ဦးဖြစ်သည်။  သူတို့သည် တိုးတက်သော ပညာတတ်များဟု ခေါ်သည့် အုပ်စုများထဲမှ တစ်ယောက်ဖြစ်မည်မလွဲ။  အင်ဂျလာ ရေးထားသကဲ့သို့ဆိုလျှင် အနိုင်ကျင့်တတ်သူ၊ စိတ်သဘောထားကျဉ်းမြောင်းသူတစ်ဦး ဖြစ်မည်။  အိမ်သို့လာလည်ပြီး သူမနှင့် တွေ့ဆုံနိုင်ကြောင်း ဖိတ်ခေါ်ထားသည်ကိုလည်း ဖတ်ရသည်။
            “ ဘီအမ် ညနေစာလာစား။ အလို သူ မင်နီ(အိမ်ဖေါ်)နဲ့တောင် တန်းတူထားပြီး လက်ဆွဲနှုတ်ဆက်တယ်” အင်ဂျလာ ထိုသို့ တအံ့တသြရေးသားထားပုံက ဘီအမ်ဆိုသူ၏ အတွင်းစိတ်ကို တစ်ပိုင်းတစ်စ ဖေါ်ပြနေသည်။  သည်လူဟာ အိမ်ဖော်တွေကို ဘယ်လို ဆက်ဆံရမည် ဆိုသည်ကို သိပုံမရပေ။  သို့မို့ကြောင့်သာ မင်နီကို လက်ဆွဲနှုတ်ဆက်တာပေါ့။  ဧကန္တ သည်ကောင်ဟာ အမျိုးသမီးတွေအိမ် နားနေခန်းထဲလိုက်ပြီး သူတို့အမြင်ကို အာပေါင်အာရင်းသန်သန် ပြောတတ်သည့် ယဉ်ကျေးသော အလုပ်သမားလူတန်းစား ဆိုသူတွေထဲက တစ်ယောက်ဖြစ်ရမည်။  သည်လို လူစားမျိုးတွေအကြောင်း ဂီးလ်ဘတ် ကောင်းကောင်း သိပါသည်။  ထို့ကြောင့် ဘီအမ်သည် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်နေပစေ၊ သူ မနှစ်မြို့နိုင်တော့ပါ။  သည်နေရာတွင်လည်း တွေ့ပြန်ပြီ။
                 “လန်ဒန်မျှော်စင်သို့  ဘီအမ်နှင့်အတူသွား၊ လူမှုတော်လှန်ရေးကြီး မလွဲမသွေ ဖြစ်တော့မည်။  ငါတို့ ယခုနေသော လူ့အဖွဲ့အစည်းကြီးသည် အရူးများ၏ ကောင်းကင်ဘုံဟု သူက ရှင်းပြသည်။” ဘီအမ် ပြောသမျှ အကြောင်းအရာများမှာ ဤသို့ချည်းပင်ဖြစ်သည်။  သှူုအသံကိုပင် ဂီးလ်ဘတ် နားထဲ ကြားယောင်လာသည်။  သူ့ပုံစံကိုလည်း မျက်စေ့ထဲ ထင်ထင်ရှားရှား ပုံဖေါ်၍ ရသည်။  လူပုံက ပုကွကွ ဂင်တိုတို၊ မုတ်ဆိတ်မွေးက တိုနံ့နံ့ ၊ ဂျင်းဖျင်ကြမ်း ၀တ်စုံတွေဝတ်၊ လည်စည်းအနီရောင်ဆွဲ နှင့် ၊ သူတို့တစ်သက် တစ်နေ့စာအလုပ်ကိုပင် မည်မည်ရရ လုပ်ဖူးမည်မဟုတ်သော ကောင်စားမျိုးတွေ ဖြစ်မည်။  အင်ဂျလာဟာ ဘာလို့ များ သည်ကောင့်အတွင်းစိတ်ကို နားမလည်ရပါသလဲ။  သူဆက်ဖတ်သည်။  
                 “ ..............နှင့် ပတ်သက်၍ ဘီအမ်က ငါ လုံးဝ သဘောမတူနိုင်တဲ့ အချက်တွေ ပြောပြတယ်”   ............နာမည်ကို ရေ့းပြီးမှ သေသေချာချာ ပြန်ဖျက်ထားသည်။  “............... အကြောင်း သားပုပ်လေလွင့် ပြောတာတွေ ငါ လုံးဝ နားမထောင်နိုင်ဘူးလို့  သူ့ကိုပြောခဲ့တယ်။”  သည်တစ်ခါမှာလည်း ထိုနံမည်ကို မင်ဖြင့်ခြစ်ပြီး ဖျက်ထားပြန်သည်။  သည်ဟာ သူ့နံမည်များဖြစ်နေမလား။  ထိုအကြောင်းကြောင့် အခန်းထဲသို့ သူဝင်လာလျှင် အင်ဂျလာက ရေးလက်စစာအုပ်ကို ကမန်းကတန်း လက်နှင့် ဖုံးကွယ်လိုက်တာလား။  ဒီလို တွေးမိလေလေ ဘီအမ်ကို ရွံရှာစိတ်တို့ ပိုများလာလေလေ ဖြစ်သည်။ သူ့အိမ်အထိလာပြီး သူ့မကောင်းကြောင်း ပြောဝံ့သည်အထိ မိုက်ရိုင်းသော လူစားမျိုးပါပေ။  အင်ဂျလာတစ်ယောက်က ကော သူ့ကိုမည်သည့် အကြောင်းကြောင့် ပြန်မတိုင်ခဲ့သည်ကို သူ မသိချေ။ အင်ဂျလာ၏ ပင်ကိုယ်စိတ်ထားမှာ အကြောင်းကိစ္စတစ်ခုကို လျို့ဝှက်ဖုံးကွယ်ထားလေ့မရှိ။  ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သူဖြစ်သည်။  စာမျက်နှာများကို လှန်ပစ်ပြီး ဘီအမ် စာလုံးပါသော စာမျက်နှာတိုင်းကို ရွေးဖတ်သည်။

(အပိုင်း ၃- နိဂုံး -ဆက်ရန်)

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)

အလွမ်းပြေ (၁)

(၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာမလို့  ဆိုကြတဲ့ ဗာဂျီးနီးယားဝုဖ်၏ အရေးအသားတွေ တော်တော်များများက လျို့ဝှက်နက်နဲပြီး မော်ဒန်သင်္ကေတတွေနဲ့   ပြည့်နှက်နေလေတော့ တစ်ချို့ကို ကျွန်မ နားမလည်နိုင် ဖြစ်ရပါတယ်။   ဒီဝတ္တုလေးကတော့ ဇနီးဆုံးခါစ လင်ယောက်ျားတစ်ယောက်ရဲ့ အတွေးတွေကို  ရိုးရိုးရှင်းရှင်းလေးနဲ့   သရုပ်ဖေါ်ထားပြီး နှစ်သက်စရာကောင်းတာမို့  ပြန်လည် မျှဝေလိုက်ပါတယ် - မိုးစက်ပွင့်)

”စီစီမေလာအတွက် ဆိုပါလား”
ဂီးလ်ဘတ်ကလင်ဒွန်သည် သူ့ဇနီး၏ သီးသန့်ဧည့်ခန်းထဲရှိ စားပွဲခုံလေးပေါ်တွင် ပြန့်ကျဲနေသော လက်စွပ်ကလေးများ၊ ရင်ထိုးကလေးများထဲမှ ပုလဲရင်ထိုးတစ်ခုကို ကောက်ယူကြည့်ရှူပြီး၊ ရင်ထိုးတွင် ဆွဲထားသော စာတန်းကို ဖတ်မိလိုက်ခြင်း ဖြစ်သည်။ ”စီစီမေလာအတွက် အချစ်များစွာဖြင့် -မမ
                             အင်ဂျလာသည် သူမ၏ အတွင်းရေးမှူးဖြစ်သူ စီစီမေလာကိုပင် အမေ့မလျော့ အမှတ်တရ ရှိသွားပုံရသည်။  ထူးတော့ အတော်ထူးသည်ဟု ဂီးလ်ဘတ်ကလင်ဒွန် စဉ်းစားမိသည်။ သူ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေတိုင်းအတွက် လက်ဆောင်ကလေး တစ်ခုမဟုတ်တစ်ခု အစီအစဉ်တကျထားခဲ့သည်မှာ ထူးဆန်းသောလုပ်ရပ်တစ်ခုဟု သူတွေးနေမိသည်။ ယခုကဲ့သို့  သူမလုပ်သွားပုံက သူမသေရတော့မည်ကို ကြိုတင်သိမြင် ထားသည့်အလားပင်။  အမှန်ဆိုလျှင် လွန်ခဲ့သည့် ရက်သတ္တပတ် ခြောက်ပတ်တစ်မနက်ခင်းက နေအိမ်မှ အပြင်သို့ ထွက်သွားစဉ် သူမမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပကတိ ရှိနေခဲ့သည်။  ပစ်ကယ်ဒလီ လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်လမ်းသို့ကူးရန် လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်ကား တစ်စီးက သူမကို ၀င်တိုက်၍ အသက်ဇီဝိန် ကြွေသွားခဲ့ရသည်။
                            စီစီမေလာကို အိမ်သို့လာရောက်ရန် ဖိတ်ခေါ်ထားသဖြင့် ယခု သူစောင့်နေခြင်းဖြစ်သည်။  သူတို့ဇနီးမောင်နှံနှင့် စီစီမေလာ အတူတကွ နေထိုင် လုပ်ကိုင်ခဲ့ကြသော နှစ်ကာလများအတွက် ရင်းနှီးခင်မင်မှူ အမှတ်တရအဖြစ် သည်ရင်ထိုးလေးကို သူမအား မဖြစ်မနေ ပေးရမည်ဟု သူစိတ်စွဲနေ၏။ စီစီမေလာကို ထိုင်စောင့်နေဆဲမှာပင် အတွေးရေယဉ်ကြောမှာ သူမြောပါသွားပြန်သည်။  အင်ဂျလာသည် သူမကိုယ်ပိုင်ပစ္စည်းမှန်သမျှကို ယခုလို စံနစ်တကျထားခဲ့ပုံက အံ့သြစရာကောင်းနေသည်။  သူမ၏ ခင်မင်မှုအမှတ်တရ အမွေအဖြစ် လက်ဆောင်ပစ္စည်းကလေးများကို မိတ်ဆွေတိုင်းအတွက် အသေအချာ ထားခဲ့သည်။  လက်စွပ်ကလေးများ၊ ပုတီးကလေးများကအစ တရုတ်ကြွေအစ်ကလေးများအဆုံး မိတ်ဆွေတစ်ဦးစီအတွက် နံမည်ထိုး၍ ထားခဲ့သည်။  ကြွေအစ်ကလေးများဆို၍ အင်ဂျလာသည် ကြွေအစ်ကလေးများကို ထူးထူးခြားခြား စွဲလမ်းကြိုက်နှစ်သက်သူဖြစ်၏။  ထိုအစ်ကလေးတစ်ခုစီသည် သူ့အတွက် အမှတ်ရစရာ အဖြစ်အပျက် တစ်ခုစီ ကျန်ရစ်ပါသည်။  သည်တစ်ခုဆိုလျှင် သူ ဗင်းနစ်မြို့၏ နောက်ဖေးလမ်းကြားတစ်ခုမှာ ၀ယ်ပေးခဲ့သည့် အရုပ်ကလေး။ ပတ္တမြားမျက်လုံးအစုံနှင့် ကြွေလင်းပိုင်ရုပ်ကလေး။  မထင်မှတ်ဘဲ သည်အရုပ်ကလေးကို သူမတွေ့၍ လိုချင်ကြောင်းပူဆာသောအခါ သူဝယ်ပေးခဲ့သည်။  ၀မ်းသာအားရအော်လိုက်သည့် သူမအသံကလေးကိုပင် သူနားထဲ ပြန်ကြားယောင်လာသည်။  
                           သူ့အတွက်ကိုမူ အင်ဂျလာ ဘာမှ ထူးထူးခြားခြား ချန်မထားရစ်ပါ။  သူမ၏ နေ့စဉ်မှတ်တမ်းစာအုပ်များမှ လွဲလျှင်ပေါ့။  သူ့ကျောဘက်ရှိ သူမ၏ စာရေးစားပွဲပေါ်တွင် သားရေအစိမ်းရောင်ဖုံးထားသည့် နေ့စဉ်မှတ်တမ်းစာအုပ် ဆယ့်ငါးအုပ်က အထပ်လိုက် ရှိနေသည်။  သူတို့လက်ထပ်သည့်နေ့မှစ၍ နေ့စဉ်မှတ်တမ်းမှာ သူမရေးလာခဲ့သည်။  သူတို့ အိမ်ထောင်သက်တမ်းတလျှောက် မကြုံဖူးသလောက်ရှားပါးသည့် အငြင်းအခုံဖြစ်ရခြင်း (ရန်ဖြစ်ခြင်းဟု သူ မပြောနိုင်ပါ) နည်းငယ်မှာ၊ အချို့တစ်ဝက်မှာ ဤဒိုင်ယာရီစာအုပ်များအတွက်ကြောင့် ဖြစ်သည်။ သူမ နေ့စဉ်မှတ်တမ်းရေးနေခိုက် အခန်းထဲ မမျှော်လင့်ဘဲ သူဝင်လာသည်နှင့်ကြုံလျှင် ရေးလက်စစာအုပ်ကို သူမ ပိတ်ပစ်သည့်အခါ ပိတ်ပစ်၊ လက်နှင့် ဖုံးကွယ်သည့်အခါ ဖုံးနှင့် လုပ်ပစ်တတ်သည်။  သူတောင်းဖတ်လျှင် ”ဟင့်အင်း၊ ပေးမဖတ်နိုင်ပါဘူး၊ ကျွန်မ သေသွားပြီးနောက်တော့လည်း ဖတ်ချင် ဖတ်ပေါ့လေ” ဟု ပြောတတ်သည်။  ယခုမှ သူမ နိမိတ်ဖတ်ခဲ့သည့်အတိုင်း အလွမ်းပြေဖတ်စရာအဖြစ် ဒိုင်ယာရီ စာအုပ်များ ထားခဲ့ပါပြီ။  သူမအသက်ရှင်စဉ်အခါက သူတို့နှစ်ယောက် အတူဝေမျှမခံစားခဲ့သော အရာဆို၍ သည်စာအုပ်များကိစ္စ တစ်ခုဆည်းသာ ရှိသည်။  သူကမူ သူမကို သူ့ထက် အသက်ပိုရှည်ရှည် နေရမှာပါဟု အမြဲအားပေးခဲ့သည်။  အလုပ်လုပ်သည့်အခါ ကမူးရှူးထိုးမလုပ်ဘဲ အလုပ်ခင် ခေတ္တမျှ တင်ကြိုစဉ်းစားပြီးမှ လုပ်လျှင် ယခုထိ သူမ အသက်ရှင်ဆဲရှိနေမှာ သေချာပါသည်။  သို့ရာတွင် ပလက်ဖေါင်းပေါ်မှ သူမ လှမ်းဆင်းလိုက်ပုံမှာ ဘေးဘီကို လုံးဝမကြည့်ဘဲ အလျင်စလိုနှင့် ဆင်းလိုက်ဖြင်းဖြစ်သည်ဟု ကားမောင်းသူက ရဲအစစ်ခံချက်တွင် ထွက်ဆိုခဲ့သည်။  သူ့ခမျာ ကားကို ဘရိတ်အုပ်ချိန်ပင် မရလိုက်ပါဟု ပြောပြသည်။  သူ အတွေးစများကို အိမ်ဖော်၏ အသံက နှောင့်ယှက်ရပ်ဆိုင်း ပစ်လိုက်၏။
                ”မစ္စမေလာ ရောက်လာပါပြီရှင့်
                 မရှေးမနှောင်းမှာပင် စီစီမေလာ အခန်းတွင်းသို့ဝင်လာသည်။  သူ့တစ်သက်တာတွင် သူမနှင့် ယခုကဲ့သို့ တစ်ယောက်ချင်း တစ်ကြိမ်မျှ မဆုံဘူးခဲ့ပါ။ သူမကို ယခုကဲ့သို့ မျက်ရည်လည်ရွဲနှင့်လည်း တစ်ခါမျှ မတွေ့ခဲ့စဖူးပါ။  အံ့သြစရာတော့လည်း မဟုတ်ပါချေ။   အင်ဂျလာသည် သူမအဖို့ အလုပ်ရှင်တစ်ဦးထက်ပို၍ တန်ဖိုးထားရသူတစ်ယောက်၊ သူမ၏ မိတ်ဆွေရင်းချာတစ်ယောက် ဖြစ်၍ပင် ဖြစ်သည်။  စီစီမေလာထိုင်ရန် ထိုင်ခုံကို ထိုးပေးလိုက်ပြီး ဂီးလ်ဘတ် စိတ်ထဲတွင် စဉ်းစားခန်းဝင်နေပြန်သည်။  သူ့အမြင်တွင် စီစီမေလာမှာ သူမနှင့် အလုပ်တူ၊ အရွယ်တူ အခြားမိန်းကလေးများနှင့် ထူးမခြားနားပင်ဖြစ်သည်။   ၀တ်စုံအနက်ကိုဝတ်၊  စာရွက်စာတမ်းများထည့်သည့် သေတ္တာလေးကို လက်မှာဆွဲထားသော ဆွဲဆောင်မှူမရှိသည့် စီစီမေလာ များစွာအနက်မှ တစ်ယောက်သာ။  သို့ရာတွင် သနားညှာတာတတ်ရာ၌ သူမတူသည့် အင်ဂျလာသည် စီစီမေလာထံတွင် အမျိုးမျိုးအဖုံဖုံသော အရည်အချင်းများကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။  စီစီမေလာသည် စိတ်ဓါတ်မှန်ကန်သူ၊ စကားအပို ပြောလေ့မရှိသူ၊ ယုံကြည်စိတ်ချစရာ အကောင်းဆုံးသူ၊ အင်ဂျလာ၏ တိုးတိုးဖေါ် စသည် စသည် တို့ဖြစ်သည်။
                       ထိုင်ခုံတွင် ထိုင်ချပြီးသေည်လည်း စီစီမေလာမှာ မည်ကဲ့သို့ စကားစရမည်ကို မသိ ဖြစ်နေသည်။  စို့တက်လာသည့် မျက်ရည်စများကို လက်ကိုင်ပုဝါ ထောင့်စလေးနှင့် တို့ နေသည်။  ပြီးမှ အားတင်း၍ စကားစပြောသည်။  ”ကျွန်မ စိတ်မထိန်းနိုင်တာကို ခွင့်လွှတ်ပါ ဆရာ
                       အသံတိုးတိုးလေးဖြင့် သူ အင်း လိုက်သည်။  အမှန်လည်း သူကိုယ်ချင်းစာပါသည်။  ဤသို့ဖြစ်ရသည်မှာ သဘာဝလည်းကျသည်။  သူ့ဇနီးမှာ စီစီမေလာအတွက် မည်မျှအရေးပါသည်ကို တွက်ဆနိုင်ပါပြီ။   အခန်းပါတ်လည်ကို ဝှေ့ယမ်းကြည့်ရှုရင်း သူမ စကားဆက်သည်။  ”ဒီမှာ အလုပ်လုပ်ခဲ့ရတာ ကျွန်မ အင်မတန်ဘဲ စိတ်ချမ်းသာခဲ့ရပါတယ်” သူမ မျက်လုံးအကြည့်က သူ့ကျောဘက်ရှိ စားပွဲပေါ်အရောက်မှာ ရပ်တန့်သွားသည်။  သည်နေရာတွင် သူမတို့နှစ်ဦး အလုပ်အတူ လုပ်ခဲ့ကြသည်ပဲ။  သူမနှင့် အင်ဂျလာ တို့ပင်။  အင်ဂျလာမှာ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ - သူ၏ ဇနီုးဖြစ်လာရသဖြင့် မျှဝေထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများ ရှိလာသည်။  နိုင်ငံရေး အလုပ်သက်သက်ဖြင့် ဘ၀ရပ်တည်သူ ဂီးလ်ဘတ်အတွက်လည်း အများဆုံးသော အကူအညီများကို အင်ဂျလာထံမှသာ ရရှိခဲ့သည်။
                      အင်ဂျလာနှင့် စီစီမေလာတို့ ယင်းအလုပ်စားပွဲတွင် အတူထိုင်၍ အလုပ်လုပ်နေကြသည်ကို ကြိမ်ဖန်များစွာ သူ တွေ့ခဲ့သည်။ အင်ဂျလာက စာများကို နှုတ်တိုက်ချပေးပြီး  စီစီမေလာက လက်နှိပ်စက်ဖြင့် လိုက်ရိုက်သည်။  မစ္စမေလာသည် ယင်းအဖြစ်အပျက်များကို ပြန်ပြောင်းတွေးမိနေမှာ သံသယဖြစ်စရာမလိုပါ။  မစ္စမေလာအတွက် လောလောဆယ် သူလုပ်ပေးနိုင်သည်မှာ အင်ဂျလာ ထားရစ်ခဲ့သော အမှတ်တရလက်ဆောင် ရင်ထိုးလေးကို ပေးရုံသာ။  တကယ်တော့ ဒီလိုလက်ဆောင်မျိုး မပေးသင့်ဟု သူ့စိတ်မှာ ဖြစ်နေမိသည်။  ငွေကြေးအသင့်အတင့် ပေးခဲ့လျှင်ပေးခဲ့၊ ယုတ်စွအဆုံး သူမရိုက်နေကျ လက်နှိပ်စက်ကလေး ပေးချင်ပေးခဲ့မည်ဆိုပါက ပို၍သင့်လျော်သည်ဟု သူ ထင်သည်။  သို့သော် ”စီစီမေလာအတွက် - အချစ်များစွာဖြင့် -မမ” ဟု စာဆွဲခဲ့သည် မဟုတ်ပါလား။  ထို့ကြောင့်ပင် ရင်ထိုးလေးကို လှမ်းယူ၍ သူမကို ကမ်းပေးရင်း ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးများကို ပြောလိုက်ရသည်။  သည်လက်ဆောင်လေးကို သူမ တန်ဖိုးထားလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ သူ့ဇနီသည်မှာလည်း သည်ရင်ထိုးလေးကို မကြာခဏ ၀တ်ဆင်လေ့ရှိကြောင်း စသည်တို့ဖြစ်သည်။  စီစီမေလာကလည်း သူမ ပြန်ပြောမည့်စကားကို ကြိုတင် စဉ်းစားလာပုံရသည်။  သည်ရင်ထိုးလေးကို သူမ တစ်သက်တာပါတ်လုံး တန်ဖိုးထားသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပြောသည်။  သူမ ယခု ၀တ်ဆင်လာသော ၀တ်စုံနှင့်စာလျှင် အခြားသော ၀တ်စုံများကသာ သည် ပုလဲရင်ထိုးနှင့် ပို၍ လိုက်ဖက်မည်။  သူမ ၀တ်လာသည်က အနက်ရောင် ကုတ်အကျီင်္နှင့် စကတ်ကလည်း အနက်ရောင်၊ ၀မ်းနည်း ကြေကွဲခြင်း ပြယုဂ်။  သူမတွင်လည်း ၀မ်းနည်းကြေကွဲဖွယ်ကိစ္စတစ်ခု ရှိနေပါသေးလားဟု သူ သတိရသွားသည်။  အင်ဂျလာမဆုံးမီ တစ်ပါတ် (သို့မဟုတ်) နှစ်ပါတ်ခန့်က သူမ ချစ်ခင်မြတ်နိုးရသော အစ်ကိုရင်းတစ်ယောက် သေဆုံးသွားခဲ့သည်။  အင်ဂျလာ ကဲ့သို့ပင် ကားတိုက်ခံရ၍ ကွယ်လွန်သွားခြင်း ဖြစ်မည် ထင်သည်။  အင်ဂျလာ့အပြောအရသာ သိရပြီး သူသိပ်မမှတ်မိချင်တော့ပါ။ မဟာဂရုဏာရှင် အင်ဂျလာကတော့ ထိုအချိန်တုန်းက စီစီမေလာနှင့် မျှဝေ၍ ၀မ်းနည်း ပူဆွေးနေခဲ့သေးသည်ပဲ။  သူ့အတွေး မဆုံးမီ စီစီမေလာ ထရပ်လိုက်ပြီး လက်အိတ်များကို ပြန်ဝတ်သည်။  သူ့ကို  ဆက်လက် အနှောင့်အယှက်ပေး ရန် မသင့်တော့ဟု ယူဆလိုက်ပုံရသည်။  သို့သော် သူမ၏ အနာဂတ်အရေးနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ ဖျောင်းဖျ ပြောဆိုရခြင်းမရှိဘဲနှင့် သူမ မပြန်စေရပါ။  သူမ ရှေ့ဆက် ဘာလုပ်မည်နည်း၊ သူကူညီနိုင်မည့်ကိစ္စများ ရှိမည်လား။
                        စီစီမေလာမှာ သူမစာရိုက်နေကျ လက်နှိပ်စက် ရှိရာ ဒိုင်ယာရီတင်ထားသည့် စားပွဲဆီသာ ငေးစိုက်ကြည့်နေသည်။  အမှတ်ရစရာ အတိတ်ရေယဉ်ကြောထဲ မျောပါသွားသော သူမခမျာ သူ ဘာအကူအညီပေးရမည်နည်းဟု မေးလိုက်သည်ကို မကြားလိုက်တော့။ ထို့ကြောင့် သူက ထပ်မေးရသည်။
                         ”ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားသလဲ  မစ္စမေလာ
                        ”ကျွန်မ ရှေု့အစီအစဉ်ကို ပြောတာလား၊ အို အားလုံး အဆင်ပြေပါတယ် ဆရာ၊ ကျွန်မအတွက် ဘာမှ ဒုက္ခထပ်မခံပါနဲ့တော့”
                         လတ်တလော သူမအနေနှင့် ငွေရေးကြေးရေး အကူအညီ လိုအပ်ပုံမရသေးဟု သူ အဓိပ္ပါယ်ကောက်သည်။  သည်ကိစ္စမျိုးကလည်း ပါးစပ်နှင့် ပြောသည်ထက် စာနှင့် ရေးသားပြောဆိုရသည်က ပိုကောင်းပါသည်။  သို့နှင့်ပင် သူမလက်ကို ခပ်ဖွဖွညှစ်၍ နှုတ်ဆက်ရင်း သူပြောဖြစ်သည်။
                        ”ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စရှိရင် လိုလိုလားလား အကူအညီ ပေးနိုင်တယ်ဆိုတာ တစ်ခုကိုတော့ဖြင့် စိတ်ထဲမှာ စွဲမှတ်ထားစေချင်ပါတယ် မစ္စမေလာ
                        ထို့နောက် တံခါးဖွင့် ပေးလိုက်သည်။
                        သူမ အပြင်ထွက်သွားပြီး ပေါ်တီကိုအောက်ရောက်မှ တစ်စုံတစ်ရာပြောစရာ ကျန်နေသည်ကို တွေးမိသလိုမျိုး ရုတ်တရက် ရပ်လိုက်သည်။  သူမ၏ပုံပန်းက သူ၏ သောကများကို မျှဝေခံစားပုံရသော်လည်း သူ့မျက်နှာကို စူးစမ်းအကဲခတ်နေပုံရသည့်အတွက် သူအံ့သြသွားသည်။
                        ”ဆရာ့ကို တစ်ခုပြောစရာ ကျန်နေသေးလို့ပါ။   ဆရာလိုချင်တာရှိရင် အချိန်မရွေး ကျွန်မ အကူအညီပေးနိုင်တယ်ဆိုတာကိုလည်း ဆရာ သိစေချင်ပါတယ်။  ဆရာ့ဇနီးဟာ ကျွန်မအပေါ် အများကြီး ကောင်းခဲ့တာ မို့လို့ပါ”
                         သည်စကားကိုပြောပြိး သူမထွက်သွားသည်။  သူမ၏ ထိုစကားနှင့် မျက်နှာသွင်ပြင်တို့ကို သူ မျှော်လင့်မထားခဲ့ပါ။   သူမပြောသွားပုံက သူမကို သူက မလွဲမသွေ လိုအပ်လာလိမ့်မည်ဟု လုံးဝ စိတ်ချယုံကြည်ထားပုံပါပေ။   ထိုင်ခုံရှိရာသို့ သူပြန်လာခိုက် ပေါက်ပေါက်ရှာရှာ အတွေးတစ်ခု သူ့စိတ်ထဲကို ရောက်လာသည်။  ထူးထူးခြားဖြား အတွေးတစ်ခုဟုဆိုလျှင် ပိုမှန်မည်။  ကုန်လွန်ခဲ့သော နှစ်များအတွင်း သူကသာသူမကို ဂရုမစိုက်မိသော်လည်း စာရေးဆရာများ ရေးလေ့ရေးထရှိသကဲ့သို့  သူမက သူ့ကို ကြွေနေလေတာလား။  ကြည့်မှန်ရှေ့ကို သူဖြတ်လာရင်း မှန်ထဲမှ သူ့ပုံရိပ်ကို သူပြန်ကြည့်မိသည်။  အသက် ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း မှန်ထဲတွင်မြင်ရသော သူ့ပုံရိပ်မှာ ထူးထူးခြားခြား ကြည့်၍ကောင်းနေဆဲဟု ကိုယ့်ငါးချဉ် ကိုယ်ပြန်ချဉ်နေမိသည်။  
                          “စီစီမေလာ့ပုံစံကဖြင့် အတော် သနားဖို့ကောင်းနေတာပဲ
ရယ်ရွှန်းပတ်ရွှန်းဖြင့် သူ့ဘာသာသူ ပြောမိသည်။  သူ့ဇနီးသာရှိနေခဲ့သေးလျှင် စီစီမေလာကဖြင့် သူ့ကိုကျနေပြီဟု ဟာသလုပ်ပြီး ပြောချင်စိတ်များပင် ပေါ်လာသည်။  သို့ဆိုလျှင် အင်ဂျလာတစ်ယောက် မည်ကဲ့သို့ နေမှာပါလိမ့်။

(ဆက်ရန်)

မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်)  (The Legacy) ဘာသာပြန်- လူချို  { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)

Tuesday, 28 April 2009

ခံစားသိမြင်မှူဖြင့် အလုပ်လုပ်ကြခြင်း (အီးကျူ)

(အီးကျူ လို့ခေါ်တဲ့ emotional quotient ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး မိတ်ဆက်မှတ်သားခဲ့ရပါတယ်။ ဆင်မီနာ နှစ်ခုလောက်မှာကြားသိနားထောင်ပြီးတဲ့နောက် စိတ်ဝင်စားလာတာနဲ့ Daniel Goleman ရဲ့စာအုပ်လေးကို အပိုင်ဝယ်ဖြစ်တယ်။ ဘာသာပြန်ချင်စိတ်လည်းရှိခဲ့တယ်။ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်မလုပ်ငန်းခွင်မှာရော ပြင်ပမှာရော အီးကျူဆိုတဲ့စကားက သုံးနေကျဖြစ်နေပြီမို့ ဆီသည်မလက်သုတ်တောင်ဖြစ်နေပြီ။ ဘာသာမပြန်ချင်တော့ပါဘူး။ အကျဉ်းချူံးလေးတော့ လိုတဲ့အခါ ပြန်ပြန်ပြီး refer လုပ်လို့လွယ်အောင်တင်ထားလိုက်တယ်။ )

ကိုကျော်နဲ့ ကိုမော် က ကျောင်းနေဖက်တွေဖြစ်တယ်။ ကျောင်းစာမှာ ကိုကျော်က အမြဲအမှတ်ကောင်းကောင်းနဲ့အောင်တယ်။ ဘွဲ့ရတော့လည်း မာစတာတန်းကို ထူးထူးချွန်ချွန်အောင်ခဲ့တယ်။ ကိုမော်ကတော့ အတန်းထဲမှာ ပညာရည်အဆင့်အရ သူလိုငါလို ပေမယ့် အတန်းသားတွေရဲ့ချစ်ခင်လေးစားမှူနဲ့ ဆရာ၊ဆရာမ တွေရဲ့ယုံကြည်ခြင်းခံရသူ။ အဲဒီနှစ်ယောက်က ဘွဲ့ရချိန်မှာ ကုမ္မဏီအသီးသီးမှာ အငယ်တန်း အရာရှိ အလုပ်ရကြပါတယ်။ ကိုကျော်ကက အလုပ်ကြိုးစားပြီး ထုံးစံအတိုင်း စာရွက်တွေနဲ့ အလုပ်များနေလေ့ရှိတယ်။ တစ်ခြားလူတွေကို ခပ်ဖယ်ဖယ်နေပြီး အခန်းထဲမှာ မိမိဘာသာ အချိန်ကုန်လေ့ရှိပါတယ်။ အစည်းအဝေးတွေမှာ အငြင်းသန်ပြီး ကိုယ့်အယူအဆကို တရားသေစွဲကိုင်တတ်သူလို့ နာမည်ထွက်ပါတယ်။ ကိုမော်ကတော့ လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ်နဲ့ ပြီးစီးအောင်ဆောင်ရွက်ပြီး လိုအပ်ရင် တစ်ဖက်သားဆီက အကြံဥာဏ်တောင်းယူဖို့နဲ့ ကိုယ့်လုပ်လက်စကလေးခဏဖြတ်ပြီး အကူအညီတစ်ခုခု ပေးလိုက်ဖို့ ၀န်မလေးတတ်သူတစ်ယောက်ပါ။ လုပ်ဖေါ်ကိုင်ဖက်အားလုံးက ကိုမော်ကို လေးစားချစ်ခင်သလို အတူတွဲလုပ်ရတာလည်း ပျော်ကြပါတယ်။ နှစ်နှစ်အကြာမှာတော့ ကိုကျော်ဟာလက်ရှိအလုပ်က ရပ်စဲခံရပြီး ကိုမော်ကတော့ သူ့ရဲ့ ကုမ္မဏီမှာ တစ်ဆင့်မြင့်ရာထူးကို ထမ်းဆောင်နေရပါပြီ။

အဲဒီဖြစ်ရပ်မှန်ဇာတ်လမ်းကလေးမျိုးကို သင့်ပါတ်ဝန်းကျင်၊ ဒါမှမဟုတ် သင်ကိုယ်တိုင် ကြုံဖူးပါသလား။ ကျောင်းစာထူးချွန်သူ ဒါမှမဟုတ် ဥာဏ်ကြီးရှင်တိုင်းဟာ လုပ်ငန်းခွင်မှာ သူများထက် အောင်မြင်သူတွေဖြစ်ကြသလား။

ဒီနေ့ခေတ်မှာ ခံစားသိမြင်မှူဟာ လုပ်ငန်းခွင်ထဲမှာ ပိုလို့ပိုလို့ အရေးပါလာပါတယ်။ အိုင်ကျူ လို့ အများသိကြတဲ့ (IQ- Intelligent Quotient ) ဥာဏ်ရည်ပြကိန်းဟာ လုပ်ငန်းခွင် အောင်မြင်မှူနဲ့ ဆက်စပ်မှုအနည်းငယ်သာရှိပြီး အီးကျူ (EQ- Emotional Quotient ) ခေါ် ခံစားသိမြင်မှူစွမ်းရည်ပြကိန်း ဟာ ငါးဆပိုမို အကျိုးသက်ရောက်မှူရှိတယ်လို့ သုတေသနပြုချက်များအရ သိရှိရပါတယ်။ လေ့လာချက်များအရ
အီးကျူ ဟာ လုပ်ငန်းထူးချွန်အောင်မြင်သူများရဲ့ မရှိမဖြစ် အခြေခံအုတ်မြစ်များဖြစ်တယ်လို့ ဆိုကြပါတယ်။ စာရေးသူ က အီးကျူကို ငါးပိုင်းခွဲပြပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ခွဲခြားသိမြင်ခြင်း (self-awareness)
(၂) ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျရှိစေခြင်း (self-regulation)
(၃) လှူံ့ဆော်နိုင်စွမ်းရှိခြင်း ( Motivation)
(၄) နားလည်စာနာတတ်ခြင်း ( Empathy )
(၅) လူမှူဆက်ဆံရေး ကောင်းမွန်ခြင်း (Social skills ) တို့ဖြစ်ကြပါတယ်။

သူ့ရဲ့ဆန့်ကျင်ဖက် မအောင်မြင်သူများ ( Losers )မှာ တွေ့လေ့ရှိတဲ့ အဓိက လက္ခဏာနှစ်ရပ်ကတော့ -
(၁) သဘောထားတင်းမာခြင်း-(rigidity) နဲ့
(၂) ဆက်ဆံရေးညံ့ဖျင်းခြင်း (poor relationship) တို့ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ရဲ့ ဆင့်ပွားလက္ခဏာတွေကတော့-
  • ပြိုင်လိုစိတ်ကြီးမားပြီး ကိုယ်ကပဲ အမြဲသာချင်တာ
  • မဖြစ်နိုင်တာကို မနိုင်ဝန်ထမ်းချင်တာ
  • ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ပါ ချူံးချူံးကျအောင်လုပ်၊ သူများကိုလည်းအလားတူဖြစ်စေတာ
  • အခွင့်အာဏာမက်မောတာ
  • ထင်ပေါ်ချင်လွန်းလို့ သူများကိုဝေဖန်တိုက်ခိုက်တာ
  • လူမြင်ကောင်းဖို့ကို ဦးစားသိပ်ပေးတာ
  • အမှားကိုဝန်မခံချင်တာ တို့ဖြစ်ပါတယ်။

အီးကျူဟာ လူပေါ်လူဇော်လုပ်နည်းမဟုတ်ပါ။ သူများ ဘာပြောပြော မဆန့်ကျင်ဘဲ ပြောသမျှ တပြုံး ပြုံးလက်ခံပြီး ပီယဆေးဖေါ်ဖို့လည်းမဟုတ်ပါ။ လက်တွေ့နဲ့ သဘောတရားပေါင်းစပ်ထားပါတယ်။ စာရေးသူက ရွှေဥပဒေသ (၂၅)ရပ်ကိုအောက်ပါအတိုင်း တင်ပြထားပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ်သိခြင်း။ (emotional awareness)
တစ်နေ့လျှင် နာရီဝက်ခန့် ဘာအလုပ်မှမလုပ်ဘဲ စိတ်လေ့ကျင့်ခန်းလုပ်ပါ။ ဆိုလိုသည်မှာ အလဟသာ ကုန်မည့်အချိန်များ (ဥပမာ TV ကြည့်ခြင်း) ကိုလျှော့ချပြီး လေးနက်သော ကိစöများတွေးပေးပါ။ လက်ရှိအလုပ်ကဘယ်လိုနေသလဲ၊ ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာတွေခံစားရသလဲစသဖြင့်။ အောင်မြင်သော လုပ်ငန်းရှင်များတွင် လုပ်ငန်းအပေါ်ထားသော တွယ်တာစိတ် (passion) ကအဓိကကျသည်ကို တွေ့ရသည်။

(၂) ကိုယ့်ကိုယ်ကိုယ်တိကျစွာ သုံးသပ်ခြင်း။ ( accurate self-assessment )
ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ပါ။ အထက်က နံပါတ်(၁) နှင့် တူသယောင်ရှိသည်။ သို့သော် ကိုယ့် အားနည်းချက်၊ အားသာချက်များကို ဘက်မလိုက်ဘဲ သုံးသပ်ရန်ဖြစ်သည်။ အတွေ့အကြုံများကို သုံးသပ်ကာ သင်ခန်းစာယူခြင်း နှင့် အသစ်ဖြစ်သော အကြံကောင်း၊ ဥာဏ်ကောင်း များကို လက်ခံကြိုဆိုခြင်းတို့ ပါဝင်သည်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ရယ်မောပစ်ရန် (ဥပမာ- ငါတော်တော်တုံးခဲ့တာဘဲ စသဖြင့်) လိုအပ်သည်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း။ (self-confidence)
ယုံကြည်ချက်ခိုင်မာစွာ ပြောဆိုလုပ်ကိုင်ခြင်းက အောင်မြင်မှူအတွက် အခရာကျပေသည်။ လူကြိုက်မများသော အယူအဆတစ်ခုကိုပြောရဲခြင်း၊ မှန်တဲ့ဘက်ကို လိုက်ရဲခြင်း၊ မတွန့်မဆုတ် ဆုံးဖြတ်ချက်ချရဲခြင်း တို့ပါဝင်သည်။ သတိထားရန်မှာ ယုံကြည်မှူလွန်ကဲပြီး ဆက်ဆံရေးညံ့ဖျင်းကာ မော်ကြွားသည့်ပုံစံ မဖြစ်စေရန်ပင်ဖြစ်သည်။

(၄) ကိုယ့်ကိုယ်ကိုယ် ထိမ်းချူပ်နိုင်ခြင်း။ (self-control)
အကြပ်အတည်းနှင့် ဖိအားများကြားမှပင် စိတ်ကိုတည်တည်ငြိမ်ငြိမ် ထိမ်းချူပ်နိုင်ရေး၊ အာရုံစူးစိုက်နေရေး ဖြစ်သည်။ အလုပ်ဖိအားသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရှိပါသည်။ အလေးမမှ ကြွက်သားတက်သလို လုပ်နိုင်စွမ်းအားများ တိုးတက်စေပါသည်။ သို့သော် သွေးဆူတုန့်ပြန်တတ်ခြင်းက အကျိုးထက် အပြစ်ကိုသာဖြစ်စေပါသည်။ မိုက်တိုင်ဆန်က လက်ဝှေ့ပွဲမှာ သွေးဆူပြီး ဟိုလီဖီးနားရွက်ကို ကိုက်ခဲ့မိလို့ ဟိုးလေးတကြော် ပြစ်တင်ခံရပြီး ဒေါ်လာ ၃သန်းလျော်ရတာ သတိရစေလိုပါသည်။

(၅) ယုံကြည်ထိုက်ခြင်း။ (trust-worthiness)
တည်ကြည်ဖြောင့်မတ်တယ်လို့ အများကလက်ခံယုံကြည်ရန်အတွက် အမှန်ဖက်က ရပ်တည်ရဲရပါမည်။ ကိုယ့်အမှား ရှိခဲ့ရင် ၀န်ခံရဲပြီး သူများမသမာတာကို ထောက်ပြရဲရပါမည်။ ပေးထားတဲ့ကတိကို ထိမ်းသိမ်းတာ နှင့် အလုပ်ခွင်ထဲမှာ ရည်မှန်းချက်ပြည့်မီရေး အာမခံတာ တို့လည်းပါဝင်သည်။ အလုပ်လုပ်ရာမှာ သေသပ်ပြီး သတိရှိတဲ့အတွက် လုပ်ဖေါ်ကိုင်ဖက်နှင့် အထက်လူကြီးမှ ယုံကြည်မှုရှိရန် ဂရုစိုက်ရပါမည်။

(၆) တာဝန်ယူတတ်ခြင်း။ (responsibility)
သူ့ကြောင့် ငါ့ကြောင့် အပြစ်မဖို့ဘဲ ကိုယ်နဲ့ သွယ်ဝိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ပါတ်သက်တာတွေကို အပြည့်အ၀ တာဝန်ယူတတ်ခြင်းဖြစ်သည်။ သူများအပြစ်ကို အရင်မရှာဘဲ ငါဘာလိုအပ်သွားပါလိမ့်လို့ ဦးစွာစဉ်းစားဆင်ခြင်တတ်ရပါမည်။

(၇) ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ (adaptability)
ပြောင်းလဲတတ်သော အခြေအနေများတွင် လိုအပ်သလို ဦးစားပေးအဆင့်ပြောင်းကာ ဆောင်ရွက်နိုင်ရမည်။ ပြောင်းလွယ်ပြင်လွယ်ရှိမှ အရေးပေါ်အခြေအနေတွင် အကောင်းဆုံး နည်းAျူဟာ ချမှတ်ဆောင်ရွက်နိုင်လိမ့်မည်။

(၈) ဖန်တီးနိုင်စွမ်းအားရှိခြင်း။ (Innovation)
ဘက်ပေါင်းစုံမှ အကြံသစ်ဥာဏ်သစ်များကို ရယူပြီး ထုတ်နုတ်သုံးသပ်ခြင်းဖြင့် နောက်ဆုံးတွင် တိကျခိုင်မာသော အဖြေတစ်ခုထွက်လာစေနိုင်သည်။ မိမိကိုယ်တိုင် အကြံသစ်ဥာဏ်သစ်များ ပေးတတ်ပြီး မထင်မှတ်တဲ့ရှူဒေါင့်က စဉ်းစားပြတာတို့ ပါဝင်သည်။

(၉) ပန်းတိုင်အတွက်တွန်းအားမွေးခြင်း။ (Achievement drive)
ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်တတ်ဖို့၊ တစ်ခါတစ်ရံ မျှော်လင့်ထားတဲ့ ရလာဒ်ထက်ပိုကောင်းအောင် လုပ်ကြည့်ဖို့လိုသည်။ မိမိအလုပ်ကို တိုးတက်ကောင်းမွန်ဖို့ အမြဲကြံဆနေပြီး လုပ်ငန်းနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်များကို အမြဲရှာဖွေနေပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲနဲ့ စွန့်စားလုပ်ကိုင်ရတာမျိုးလည်းရှိနိုင်ပါတယ်။

(၁၀) စိတ်ရောကိုယ်ပါရှိခြင်း။ (Commitment)
ကိုယ့်လုပ်ငန်းရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်သလို အနစ်နာခံရန် အသင့်ရှိရပါမယ်။
လုပ်ငန်းဆောင်ရွက်ရာမှာ ချမှတ်ထားတဲ့ စံများနှင့် မတိမ်းချော်ဖို့ အမြဲသတိပြုနေပြီး နည်းလမ်းသစ်များကိုလည်း တက်ကြွစွာ ရှာဖွေတတ်ဖို့ လိုပါမယ်။

(၁၁) ထိုးထွင်းဥာဏ်ဖြင့် ဦးဆောင်လုပ်ကိုင်တတ်ခြင်း။ (Initiative)
သမားရိုးကျမဟုတ်သောနည်းသစ်များကို နည်းလမ်းတစ်ကျ ဆောင်ရွက်ရာတွင် အခြေအနေနှင့် အချိန်အခါကို မှန်ကန်စွာဆုံးဖြတ်တတ်သော ဥာဏ်ပညာ လိုအပ်ပါသည်။ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိသူတို့တွင် တွေ့ရတတ်သော အရည်အချင်းတစ်မျိုးဖြစ်သည်။

(၁၂) အကောင်းမြင်စိတ်ထားရှိခြင်း။ (Optimism)
ရှူံးမှာကြောက်သောစိတ်ထက် အောင်မြင်ဖို့မျှော်မှန်းချက် ပိုများခြင်းဟု ဆိုနိုင်ပါသည်။ အခက်အခဲ မည်မျှပင်ရှိရှိ ရည်မှန်းချုက်ဆီသို့ မဆုတ်မနစ် သွားတတ်ခြင်း၊ တစ်ခုခုကို ဝေဖန်ရာတွင် ပုဂ¾ိုလ်ရေးအပြစ်အနာအဆာများကိုအာရုံမစိုက်ဘဲ လုပ်ရပ်ပေါ်တွင်သာ သုံးသပ်တတ်ခြင်း တို့ပါဝင်သည်။

(၁၃) တစ်ဖက်သားကို နားလည်ပေးခြင်း။ (Understanding others)
သူတစ်ပါး၏ လက်ရှိအခြေအနေကို နားလည်စာနာပေးကာ လိုအပ်သလို ကူညီပေးခြင်းဖြစ်သည်။ အားနည်းသူများ ( ဥပမာ- လူနည်းစု၊ အမျိုးသမီး၊ ကလေး….) တို့အပေါ် နားလည်စာနာစွာ ဆက်ဆံရန်လိုသည်။ သို့သော် နားလည်မှူကို အခွင့်အရေးယူတတ်သူများရှိပေရာ အထူးသတိထားရန်လိုသည်။

၁၄) တစ်ဖက်သားကို တိုးတက်စေခြင်း။ (Developing others)
သူတစ်ပါး၏ကောင်းကွက်တော်ကွက်များကို ချီးကျူးပါ။ အသုံးဝင်မည့်အကြံဥာဏ်များကိုပေးပါ။ အနီးကပ်သင်ပြပေးရန်လိုအပ်ပါက အချိန်ပေးကာ ပျိုးထောင်ပေးခြင်း၊ အစမ်းတာဝန်ပေးခြင်း၊ စသည်တို့ပြုလုပ်ပေးနိုင်သည်။

၁၅) ၀န်ဆောင်မှူကို ဂရုစိုက်ခြင်း။ (Service orientation)
သူတစ်ပါးကို လိုလိုလားလား ကူညီတတ်ခြင်းဖြစ်သည်။ ဈေးကွက်တွင်မူ စားသုံးသူများ၏ လိုအပ်ချက်နှင့် ရောင်းကုန်၏၀န်ဆောင်မှူ ကိုက်ညီခြင်းရှိမရှိ အစဉ်လေ့လာရန်၊ ပိုကောင်းသော ရောင်းကုန်နှင့် ၀န်ဆောင်မှူကို ပေးအပ်ရန် ကြိုးပမ်းခြင်းတို့ပါဝင်သည်။

၁၆) မတူကွဲပြားမှူကို လက်ခံခြင်း။ (Accepting Diversity)
လုပ်ငန်းအတွင်းရှိ မတူညီမှူ၊ ကွဲပြားမှူများကို အားသာချက်တစ်ရပ်အဖြစ် လက်ခံကာ တလေးတစားဆက်ဆံတတ်ရပါမည်။ တူရာချင်း အုပ်စုဖွဲ့ကာ ဘက်လိုက်မျှူနှင့် ရန်လိုမှူများကို ဆန့်ကျင်ရပါမည်။

၁၇) ဆက်နွယ်နေသောဆက်ဆံရေးများကို သတိရှိခြင်း။ (Relations awareness)
အဖွဲ့တွင်းနှင့် ပြင်ပရှိပုဂိ¾ုလ်များ၏ ပါတ်သက်ဆက်နွယ်မှုများကို လေ့လာသိရှိရန်ကြိုးပမ်းပြီး လူမှူအ၀န်းအ၀ိုင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းသင့်သည်။ ယင်းအ၀န်းအ၀ိုင်း၏ ဖြစ်ပေါ်ပြောင်းလဲမှူများ၊ စားသုံးသူများ၏ပါတ်ဝန်းကျင်မှ ပြောင်းလဲမှူများ၊ နှင့် ဖြစ်ပေါ်နိုင်သော ဂယက်များကို တွက်ဆနိုင်ရန်လိုသည်။

၁၈) မိမိသြဇာသက်ရောက်မှူနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Building Influence)
မိမိလုပ်ငန်းအစီအစဉ်ကို တစ်ဖက်သားနားလည်လက်ခံလာ အောင် ဆွဲဆောင်စည်းရုံးနိုင်ခြင်း ဖြစ်သည်။ မိမိပြောလိုသော အဓိကအချက်ကို နားထောင်သူအာရုံစိုက်အောင် စီမံတတ်ခြင်းသည်လည်း ထင်ရှားသောအရည်အချင်းတစ်ရပ်ဖြစ်သည်။

၁၉) ဆက်ဆံရေးနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Communication)
အထက်ပါစွမ်းရည်မှာ သတင်းပေးပို့ခြင်း၊ လက်ခံခြင်း နှင့် အသုံးပြုခြင်း တို့တွင် ထိရောက်မှူရှိခြင်း၊ တစ်ဖက်သား အရိပ်အကဲနားလည်ခြင်း၊ နှစ်ဦးနှစ်ဖက်ကြားမှ နားလည်မှူကို အလေးထားခြင်း နှင့် အခက်အခဲများကို ပွင့်လင်းစွာ ဖြေရှင်းခြင်း တို့ပါဝင်သည်။ သတင်းဆိုးများကိုပင် တည်ငြိမ်စွာ ရယူလက်ခံနိုင်သော အရည်အချင်းလည်း အကြုံးဝင်ပါသည်။

၂၀) ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း။ (Conflict management)
အထက်ပါသံခင်းတမာန်ခင်းအရည်အချင်းတွင် ဆက်ဆံရခက်သူများနှင့် တင်းမာသောအခြေအနေတစ်ရပ်ကိုပင် ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ဖြစ်နိုင်ချေရှိသော တင်းမာမှူများကို လျှော့ချခြင်း၊ အခြေအတင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှူကို အားပေးကူညီခြင်း၊ နှစ်ဦးနှစ်ဖက် ရလာဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းတို့ပါဝင်သည်။

၂၁) ခေါင်းဆောင်နိုင်မှူ။ (Leadership)
မိမိ အဖွဲ့အစည်း၏ရည်မှန်းချက်ကို မျက်ချေမပြတ်ဘဲ တစ်ဖက်သားကို ရှင်းလင်းပြောပြနိုင်သူ၊ လုပ်ဖေါ်ကိုင်ဖက်များကို တက်ကြွစေသူ၊ မိမိအပြုအမူကို စံနမူနာဖြစ်စေသူများဖြစ်သည်။ သူတို့သည် မည်သည့် အဆင့်တွင်ရှိစေကာမူ လိုအပ်လျှင် ရှေ့သို့ထွက်ကာ ဦးဆောင်နိုင်ကြသည်။

၂၂) စံနမူနာပြ ပြောင်းလဲနိုင်မှူ။ (Change Catalyst)
မိမိ အဖွဲ့အစည်း၏လက်ရှိအနေအထားမှ လိုအပ်နေသော အပြောင်းအလဲများကို သိရှိကာ ကိုယ်တိုင်ကိုယ်ကျ ရှေ့ဆောင်ပြောင်းလဲသူများကိုဆိုလိုသည်။ ၄င်းတို့သည် အပြောင်းအလဲများလိုအပ်နေမှူကို ထုတ်ဖေါ်ပြောဆိုခြင်း၊ အတားအဆီးများကိုဖယ်ရှားခြင်း၊ အခြားသူများနှင့်လက်တွဲဆောင်ရွက်ခြင်း၊ စံနမူနာပြပြောင်းလဲသူဖြစ်စေခြင်း ဟူသည့် အင်္ဂါရပ်များပိုင်ဆိုင်ကြသည်။

၂၃) ဆက်ဆံရေးနယ်ပယ်ထူထောင်ခြင်း။ (Building Bonds)
မိမိ နှင့် လုပ်ဖေါ်ကိုင်ဖက်များကြားတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ခင်မင်ရင်းနှီးသော အ၀န်းအ၀ိုင်းတစ်ခု တည်ဆောက်နိုင်ခြင်းက အရေးပါလှပါသည်။ ယင်းအ၀န်းအ၀ိုင်းကို လုပ်ငန်းခွင်ပြင်ပမှာပါ တိုးချဲ့တည်ဆောက်ခြင်းဖြင့် များစွာ အကျိုးရှိစေနိုင်သည်။

၂၄) ပူးပေါင်းဆောင်ရွက်ခြင်း။ (Cooperation)
လုပ်ငန်းခွင်အတွင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထ ကြီးထွားရှင်သန်စေရမည်။ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ၊ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းဖြင့် လုပ်ငန်းကို ချောမွေ့စွာ လည်ပတ်စေရမည်။

၂၅) အသင်းလိုက်စွမ်းရည်တည်ဆောက်ခြင်း။ (Team Capabilities)
မိမိ အဖွဲ့အစည်းသည် အားကစားအသင်းကောင်းတစ်ခု၏ အရည်အသွေးများဖြစ်သော အပြန်အလှန်လေးစားမှူ၊ ကူညီမှူ၊ ပူးပေါင်းမှူများကို လုပ်ဆောင်လာအောင် မိမိကိုယ်တိုင် စံပြလုပ်ဆောင်ပါ။ အဖွဲ့၏ အောင်မြင်မှူများကို မျှဝေကာ ၀န်ထမ်းတိုင်းက ဂုဏ်ယူတတ်အောင်၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ၀ိုင်းဝန်းထိမ်းသိမ်းတတ်အောင် ကူညီဆောင်ရွက်ရမည်။

လုပ်ငန်းခွင် လိုအပ်ချက် ဆိုင်ရာ ဥပဒေသတွေကပြောင်းလဲနေပါတယ်။ ၀န်ထမ်းတွေဟာ သူတို့ဘယ်လောက်တော်သလဲ ဒါမှမဟုတ် ဘယ်လိုအတွေ့အကြုံတွေပိုင်ဆိုင်ထားသလဲ ဆိုတာထက် ကိုယ်ကိုယ်တိုင်နဲ့တစ်ပါးသူကို ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်လုပ်ဆောင်နိုင်သလဲ (အီးကျူ) ဆိုတဲ့ ပေတံနဲ့ တိုင်းတာလာကြပြီဖြစ်တယ်လို့ စာရေးသူ Daniel Goleman က ထောက်ပြထားပါတယ်။ ကိုကျော်လို ဥာဏ်မကောင်းခဲ့ရင်တောင်မှ ကိုမော်လို ပိုပြီး အောင်မြင်မှူရယူနိုင်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ အောင်မြင်မှူအတွက် အိုင်ကျူက ၂၀ရာနှူန်း အီးကျူက ၈၀ရာနှုန်းအရေးပါတယ်လို့ ပြောကြတာကြားဖူးပါတယ် (ဥာဏ်ရည် အမှတ် ၂၀ပဲရှိရင်ရတယ်လို့ ပြောတာမဟုတ်ပါကြောင်း) ။ အားလုံးအတွက် သတင်းကောင်းကတော့ အီးကျူဟာ ဘယ်အသက်အရွယ်မှာမဆို လေ့ကျင့်ခြင်းဖြင့် တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတာပါပဲ။
မိုးစက်ပွင့်
Source: Working with Emotional Intelligence, Daniel Goleman, 1999