Penguin စာအုပ်တိုက်ထုတ် Li Cunxin ရဲ့ ဖြစ်ရပ်မှန် ကိုယ်ရေးအထုပ္မတ္တိ ဖြစ်တဲ့ Mao's Last Dancer ဆိုတဲ့ စာအုပ်လေးကို နှစ်သက်မိတာမို့ သူငယ်ချင်းတို့နဲ့ မျှဝေခံစားချင်ပါတယ်။
Li Cunxin ဆိုတဲ့ လူငယ်လေးက မော်စီတုန်းခေတ် ရဲ့ Cultural Revolution အရိပ်အငွေ့သန်းချိန် ၁၉၆၁မှာ Li မျိုးနွယ်ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ ဆဌမမြောက်သား ပါ။ သားယောက်ျား ၇ယောက်တိတိ မွေးထားတဲ့ လီ မိသားစုမှာ စားစရာဘယ်တော့မှ မလုံလောက်ခဲ့ပါဘူး။ ဒါပေမဲ့ Commune အလုပ်ကို မိုးလင်းမိုးချူပ် မနားမနေလုပ်တဲ့ ဖခင်ရယ်၊ စိတ်ဓါတ်ကြံ့ခိုင်ပြီး မိန်းမကောင်းပီသတဲ့ မိခင်ရယ် က သားတွေကို အငတ်ဘေးကလွတ်အောင်ရယ်၊ အခြေခံပညာရေးရအောင်ရယ် ကျားကုတ်ကျားခဲ ကြိုးစားပေးခဲ့ကြပါတယ်။ စာအုပ်ထဲမှာ မိဘနှစ်ပါးရဲ့ တရုတ်ရိုးရာ မင်္ဂလာပွဲနဲ့ ဖွင့်ထားပြီး၊ မိန်းကလေးတွေ ခြေထောက်ကြပ်စည်းတဲ့ အလေ့အထ တွေ၊ သေဆုံးသူအတွက် ငွေစက္ကူနဲ့ ရွှေချောင်းအတုတွေကို မီးရှို့ ပြာချပြီး တမလွန်ဘ၀အတွက် ဖြည့်ဆည်းပေးပုံတွေကို အသေးစိတ် ဗဟုသုတရဖွယ် ရေးပြထားပါတယ်။
လီ မိသားစုဟာ ဆန်ကို မစားနိုင်ပဲ Yum လို့ခေါ်တဲ့ ဥအခြောက်တွေရယ်၊ ပြောင်းဖူးပေါင်မုန့်ကြမ်းမာမာတွေရယ်ကို မ၀တ၀ စားပြီး အသက်ဆက်နေခဲ့ရတာပါ။ ဒါပေမဲ့ သူတို့ထက်ဆင်းရဲတဲ့သူတွေ Commune ထဲမှာ အများကြီးရှိပါသတဲ့။ Li Cunxin ရဲ့ ကလေးဘ၀ဟာ ဆင်းရဲလွန်းပေမဲ့ ကစားနည်းမျိုးစုံနဲ့ ပျော်ရွှင်ခဲ့ပါတယ်။ သူအကြိုက်ဆုံးကစားနည်းကတော့ ညီအကိုတွေနဲ့ cricket fighting လို့ခေါ်တဲ့ ( ပုရစ်?) တိုက်တမ်းကစားရတာပါ။ အဆော့လွန်လို့ နှမ်းဖတ်ကြိုတဲ့အိုးထဲနစ်နေတာ အကိုဖြစ်သူကယ်လိုက်လို့ သေဖို့ကနေ သီသီလေးလွတ်ခဲ့ပါတယ်။ လက်မောင်းမှာတော့ သေရာပါအမာရွတ် ရခဲ့ပါတယ်။Li Cunxin ကျောင်းစတက်တော့ ပထမဆုံးသင်ရတဲ့စာက (ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ)တဲ့။ စာလုံးဝ မတတ်သေးတဲ့ကလေးတွေကို နိုင်ငံရေးအမြင်တွေ စတင်သွတ်သွင်း ကြတာဖြစ်ပါတယ်။ မော်ရဲ့ စာအုပ်နီကလေးကို ကျောင်းသားတိုင်း အာဂုံဆောင်ရပါတယ်။ ဒီလိုနဲ့ Li Cunxin လေးလဲ စနစ်တခုထဲမှာ ကြီးပြင်းလာခဲ့ရပါတယ်။ သူမှတ်မိခဲ့တဲ့ အထဲမှာ Red Guard တွေက သူတို့ သံသယရှိသူများကို ဖောက်ပြန်သူတွေလို့ အမည်တပ်ပြီး လည်ပင်းမှာ သင်ပုန်းဆွဲ၊ စက္ကူဦးထုပ်ချွန် တွေဆောင်း၊ လူပုံလည်မှာ ၀န်ခံခိုင်းပြီး နှိပ်ကွပ်ကြပုံတွေကိုလည်း အမှတ်တရ ပြန်ရေးထားပါတယ်။ အဲဒီနှစ်တွေအတွင်းမှာ အစာအငတ်ဘေးဆိုက်ပြီး လူပေါင်း သိန်းချီသေဆုံးခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မော်ရဲ့ဝါဒဖြန့်သူတွေကတော့ မော်ဟာ သာယာဝပြောတဲ့ ခေတ်သစ်ကို မကြာခင်ရောက်အောင် ဦးဆောင်နေတယ်လို့ ပြောမြဲပါ။
တနေ့မှာတော့ မြို့တော်က လူကြီးတွေ ရောက်လာပြီး မဒမ်မော်ရဲ့ Beijing Dance Academy မှာ ကျောင်းသားသစ်ကလေးတွေ စုဆောင်းဖို့ရောက်လာတော့ Li Cunxin ကလေးကလဲ ဆန်ခါတင်စာရင်းမှာ ပါခဲ့တယ်။ အဲဒီအခွင့်အရေးဟာ ဆင်းရဲတွင်းနက်ကြီးထဲက ရုန်းထွက်လို့ရမဲ့ ကြိုးကလေးတချောင်းဆိုတာ Li Cunxin ကလေး သဘောပေါက်ပါတယ်။ စမ်းသပ်မှုအမျိုးမျိုးကို အနာခံကျိတ်မှိတ်ပြီး ကြိုးစားပြီးတဲ့နောက်မှာ သူဟာ အကသင်တန်းသားလောင်းကလေးအဖြစ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။