Showing posts with label ငယ်ငယ်တုန်းက. Show all posts
Showing posts with label ငယ်ငယ်တုန်းက. Show all posts

Wednesday, 28 April 2010

တက္ကသိုလ်အဆောင်သူ (၂)

တတိယနှစ်ကို ရောက်တဲ့အခါကျတော့မှ အစိုးရဆောင်မှာ နေခွင့်ရခဲ့ပါတယ်။

အရင်ကတော့ “ဘင်တန်ဟောလ်” လို့ အမည်ရခဲ့တဲ့ အခု သီရိဆောင် - တဲ့။  ဂျပ်ဆင်ကြီးရဲ့ နဘေးမှာ ကြက်သွေးရောင် ၀တ်စုံနဲ့  ထည်ထည်ခန့်ခန့်ကြီး ပေါ့။ ကိုယ်လဲ မောင့် သီရိမေ ဖြစ်ရပြီပေါ့။  ဘာပဲဖြစ်ဖြစ် ကံ့ကော်ပင် အကြီးကြီးတွေ ပါတ်လည်ဝိုင်းနေတဲ့ အဆောင်ကြီးကို ကြည့်ပြီး ပျော်သွားပါတယ်။

သီရိသူ အများစုက ဥပဒေ ကျောင်းသူတွေပါ။ အဆောင်မှူး မမကလည်း ဥပဒေဌာနကပါ။  အဆောင်မှူး နှင့် အဆောင်နည်းပြ (ဟောလ်ကျူတာ) တွေအားလုံးကို မည်သည့်အရွယ်ဖြစ်စေ “မမ” လို့ဘဲ ခေါ်ရတာကလည်း အဆောင်ယဉ်ကျေးမှု တစ်ရပ်ပါ။  မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့   ရောက်လာတဲ့ကိုယ့်ကို ဆရာမကြီးက နေရာချထားပေးပါတယ်။ “ “သင်းကွဲ”လေးကို ဟောကျူတာခန်းမှာ နေရာပေးလိုက်” တဲ့။  သင်းကွဲ ဆိုတာ ဘာပါလိမ့်။ သြော်- ဥပဒေမေဂျာသူ အများစုနဲ့မတူတဲ့  ထူးထူးခြားခြား လူနည်းစု မေဂျာလေးမို့ထင်ရဲ့။

 အတွင်းဆောင်နဲ့ အပြင်ဆောင်ရဲ့ ကွာဟချက်က တော်တော်ကြီးပါတယ်...။ အပြင်ဆောင်က ဘယ်လောက်ပဲ စည်းကမ်းကြပ်တယ်ပြောပြော၊ အတွင်းဆောင်ထက် ပိုလို့တော့ လွပ်လပ်တာ အမှန်။ အတွင်းဆောင်မှာက အချိန်နဲ့စား၊ အချိန်နဲ့ အဆောင်ပြန်ဝင်ရတာ၊ ညနေ ခြောက်နာရီ ရိုးကောလ် ထူးချိန်ပြန်မရောက်လို့တော့ အဆောင်မှူး အပျိုကြီးမမရဲ့ မိုးကြိုးသွားလို စူးရှတဲ့ အပြစ်ပေးမှုကို ခံရပြီသာမှတ်။ ဒါပေမဲ့ အတွင်းဆောင်မှာနေရတာက အဆပေါင်းများစွာ ပျော်စရာကောင်းသလို အမှတ်ရစရာတွေ ပိုများတာအမှန်ပါ။

အဆောင်သူလေးတွေအားလုံးက အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်နုနယ်ပြီး၊ လောကကြီးကို တောင်ပံဖြန့်ပြီး စူးစမ်းချင်တဲ့ အရွယ်တွေ မို့လား။ အဆောင်ဟာ အရောင်စုံ အသွေးစုံ ပန်းဥယျာဉ်ကြီးနဲ့တူတယ်။  အဆင်းလှပြီး အနံ့မွှေးတဲ့ ပန်းကလေးတွေ ရှိသလို၊ အဆင်းပဲလှတဲ့၊ အနံ့သာ မွှေးတဲ့ ပန်းကလေးတွေလည်း ရှိပါလေရဲ့။ အဲဒီလို ရာနဲ့ချီတဲ့ ပန်းကလေးတွေ လေဒဏ် မိုးဒဏ်မှာ နွမ်းကြွေမသွားအောင် ရေလောင်း၊ ပေါင်းသင်၊ အကိုင်းဖြတ်သင့်ဖြတ် လုပ်ပေးရမဲ့တာဝန်က အဆောင်မှူးမမ နဲ့ ဟောလ်ကျူတာမမ တွေမှာ ရှိနေတယ်လေ..။

ဂနာရီကနေ၉နာရီလောက်အထိက အဆောင်မှူးနှင့်တကွ လေးဦးသော ဟောကျူတာမမတွေ အစည်းအဝေးထိုင်ကြတယ်...။ နောက်တစ်နေ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းချင်းရိုက်ကြတယ်။  အလှည့်ကျ တာဝန်ကျ ကျောင်းသူတွေနဲ့  ဆရာမတွေ ရှိပြီးသား မီနူးအစုံတွေထဲက ရွေးကြ၊ တွက်ကြ၊ ဘတ်ဂျက်ဝင်အောင်လည်း စဉ်းစားကြရတာပါ။  ခွင့်တိုင်တာ၊ ကွန်ပလိန့်တက်တာတွေ၊ စည်းကမ်းထိမ်းသိမ်းရေး တာဝန်တွေလုပ်ကြတယ်ပေါ့...။  အစည်းအဝေးဖြုတ်တာနဲ့   အဆောင်ခန်းတွေမှာ လှည့်လည်ပြီး စာကျက်နေသလား၊ ၀ိုင်းဖွဲ့ စကားများနေသလား၊ မဟုတ်တာလုပ်နေသလား နဲ့   ရှောင်တခင်စစ်ဆေးကြတာပါ။   ဒါပေမဲ့ ကျောင်းသူတွေမှာလည်း ကိုယ့်အချက်ပေးစံနစ်နဲ့ကိုယ် ရှိကြပါတယ်။  အဆောင်မှူးနဲ့ အဆောင်သူတွေကတော့   ကြောင်နဲ့ကြွက်လိုပါပဲ...။  လိုက်စစ်နေတဲ့အခြမ်းက မီးကိုရေနဲ့သတ်သလို ငြိမ်နေပြီး၊  ထွက်သွားလို့  ခပ်လှမ်းလှမ်းရောက်တာနဲ့     တစ်ဝုံးဝုံး  တစ်ရုန်းရုန်း ဆူညံနေကြတာ သဘာဝ ပါပဲ...။ ကြောင်မရှိတာနဲ့  ကြွက်ထပြီပေါ့။  သိပ်မဆိုးရင်တော့ မမတွေက မသိချင်ယောင် ဆောင်ပေးပါတယ်။

အဆောင်သူတွေ ဘရုတ်ကျတာကတော့ စုံပါတယ်....။
ညကျရင် ၀ိုင်းဖွဲ့ စားသောက်ဖို့..အတွက် ထမင်းစားခန်းထဲမှာ မတ်ခွက်ထဲ ထမင်းခိုးထည့်လား ထည့်ရဲ့...။
ရေနွေးဂေါက်တံ တို့ ဟော့ပလိတ်တို့သုံးပြီး အခန်းထဲမှာ ချက်ပြုတ် စားသောက်ကြသေးရဲ့..။
သရဲမေး၊ နတ်မေး၊ ပြဇာတ်က၊ စုံစီနဖာ အခန်းထဲမှာ လုပ်တတ်ကြပါသေးရဲ့။
နှစ်ပေါင်းကြာပြီဖြစ်တဲ့ အဆောင်တိုင်းမှာ သရဲဇာတ်လမ်းတွေ ရှိကြပါတယ်။  ဒီလောက်ကြာမှတော့ အကြောင်းတစ်ခုခုနဲ့ သေဆုံးဖူးတဲ့ အဆောင်သူတွေရှိတာပေါ့။  တစ်ချို့နှစ်တွေမှာ ဖျားနာလို့၊ ရေနွေးဂေါက် ဓါတ်လိုက်လို့ ၊  ရှော့ခ်ဝင်လို့ စသဖြင့်တစ်နည်းနည်း ရှိတတ်ကြစမြဲပါ။  ဒါကိုပဲ အဆောင်သူတွေကြားမှာ လက်ဆင့်ကမ်း ပြောပြစရာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့ နေတတ်ပါတယ်။ မကျွတ်သေးဘူးတဲ့..... ဆိုတာမျိုးတွေ တီးတိုးပြောတတ်ကြပါတယ်။ တစ္ဆေပုံပြင်တွေကလည်း များမှများ။   စိတ်ထင်လို့ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် မည်းမည်းမြင်ရင် ရိပ်ခနဲမြင်ရင် အသံကုန် အော်ဟစ်တတ်တတ်တဲ့ အသည်းငယ်သူ အဆောင်သူတွေကလည်း ရှိတတ်ကြပါသေးတယ်။ 

စာမေးပွဲ နီးလာပြီဆိုရင်တော့ တရုန်းရုန်းအသံတွေ တိတ်ဆိတ်စပြုလာပါပြီ။  အခန်းပေါက်စေ့ အိမ်လည်တတ်တဲ့ ပေါက်ကျော်မကလေးတွေလည်း စာကြည့်စားပွဲရှေ့မှာ တကုပ်ကုပ်ဖြစ်လာကြပြီ။  ညနေခင်း ဧည့်တွေ့ချိန်မှာ မပြီးနိုင်မစီးနိုင် ချစ်တင်းသီဖွဲ့ကြတဲ့ အတွဲရှိသူတွေတောင်  မြန်မြန်ထက်ထက် အဆောင်ပေါ်ပြန်တက်လာကြပြီ။ အဆောင်ကလည်း ကျွေးနေကျ မနက်စာညနေစာအပြင် ညဖက်မှာ မုန့်တစ်မျိုးမျိုးနဲ့  ကော်ဖီ၊ လက်ဖက်ရည်တွေကို ထပ်ဆောင်းကျွေးမွေးတတ်ပြန်တယ်။ ညဖက် ဂစ်တာတီးကြတဲ့ ကျောင်းသားတွေကိုလည်း အချိန်ပေးပြီး နားမထောင်နိုင်တော့သလို အရင်က နားဝင်ပီယံဖြစ်ခဲ့ရတဲ့ သူတို့သီချင်းသံတွေကို ဆူညံသံတွေအဖြစ် ပြောင်းလဲခံစားမိလာတော့တာ...။ သြော်- စာမေးပွဲနတ်ကလည်း ကြီးပါ့...။

အဆောင်ရှေ့ဂီတ ပညာရှင်တွေကတော့ .....“  -------- မြို့က ----- မေဂျာကျောင်းသူ မ---- အတွက်”  “စာ ဖင်ထောင်ကျက်နေသော ဂုဏ်ထူးတန်းကျောင်းသူ မ-------”အတွက် ဆိုပြီး သီချ င်းတွေဟစ်ကောင်းတုန်း။  “ ကိုယ်ရည်ရွယ်ထားတာ တစ်ဆောင်လုံး ...... ဆရာမကြီးပါမကျန်ဘူး....” ဆိုတဲ့ သီချင်းမျိုးကိုတောင် မထိတထိ ကလိတိတိ ဆိုတတ်ကြသေးတယ် :D

စာသင်နှစ်တစ်နှစ်ကုန်ခါနီးတိုင်း ကျင်းပလေ့ရှိတဲ့ (အဆောင်ဒင်နာ) ကတော့ တစ်ဘာသာ လွမ်းစရာပါပဲ။   အဆောင်ထမင်းလခတွေထဲက ပိုလျှံငွေ၊ အဆောင်သူ  ခွဲတမ်း နို့ဆီဘူးရောင်ရငွေတွေနဲ့ ကျင်းပတယ်လို့ဆိုရဲ့။  ဘာပဲပြောပြော ပျော်စရာကောင်းတာအမှန်ပါ။  ပျော်ပွဲရွှင်ပွဲလေးလို့ ဆိုနိုင်သလို Talent  ရှိတဲ့သူတွေကို ပျိုးထောင်ပေးတဲ့ ပန်းခင်းကလေးတစ်ခုပါပဲ။ အဆောင်မှူး၊ အဆောင်နည်းပြတွေက တစ်နှစ်လုံး အကဲခတ်ပြီးသားမို့ ဘယ်သူက အဆိုရတယ်၊ ဘယ်သူက အက ပိုင်တယ်။ ဘယ်သူက အပြောပိုင်တယ်၊ ဘယ်သူက ဧည့်ခံကောင်းတယ် ဆိုတာ ရွေးပြီးသားပါ။  မိန်းကလေး ယောက်ျားလေး အဆောင်တိုင်းမှာ မောင်နှမဆောင် ရှိပါတယ်။  (ဥပမာ- အင်းလျား နဲ့  ရွှေဘို ( နှစ်တွေကြာပြီဆိုတော့ အမည်တွဲတာမှားချင်လည်း မှားပါမယ်။) သီရိဆောင် တစ်ဆောင်တည်း ပွဲတစ်ခုစီစဉ်ဖို့  မဖြစ်တာမို့   "မောင်နှမဆောင်" တော်စပ်ထားတဲ့  ပဲခူးဆောင် ရဲ့ အကူအညီကို ယူရပါတယ်။     ဂစ်တာတီးတာ၊ အခမ်းအနား ပြင်တာ စသဖြင့် စသဖြင့် ပေါ့လေ...။ အကြိုညမှာတော့ ညဥ့်နက်တဲ့အထိ ပြင်ဆင်ရတာဆိုတော့ အဆောင်မှူးက ကျောင်းသားတွေကို အဆောင်မှာ ပေးအိပ်ပါတယ်။  ဒါပေမဲ့ ဘုရားခန်းထဲမှာ သော့ခတ်ပြီး အိပ်ခိုင်းတာလေ ။  ကျောင်းသားတွေကတော့ “ ညက သီရိဆောင်မှာ အိပ်ခဲ့တယ်ကွ ”လို့  ပြုံးဖြီးဖြီးနဲ့  ကြွားစရာ ရသွားတာပေါ့... :D

ဘာ အနုပညာမှ မည်မည်ရရ မတတ်တဲ့ ကိုယ်ကတော့ နောက်ဆုံး ဂဠုန်ဆားချက်တဲ့အနေနဲ့   ကဗျာလေးတစ်ပုဒ် ၀င်ပြိုင်ခဲ့ပါသေးတယ်။  အမည်က  "အမေ့စာ" တဲ့။ သမီးကို စာကြိုးစားဖို့လှမ်းမှာရှာတဲ့  အဝေးက လူကြုံနဲ့စာပို့လာတဲ့  မိခင်တစ်ယောက်အကြောင်းပါ။  အခုတော့ ကဗျာရဲ့အစ ပဲ မှတ်မိတော့တယ်..။  ဒုတိယလား တတိယလားမသိ ဆုရခဲ့ပေမဲ့ အဆောင်မှူးက အတူနေ ဟောလ်ကျူတာမမ ရေးပေးတာလို့   ထင်ပါသတဲ့။  ရှိပါစေတော့လေ..။ 

ကိုယ်ဖိတ်ချင်သူတွေအတွက် ဒင်နာလက်မှတ်တွေကိုတော့ သတ်မှတ်ဈေးနဲ့ ၀ယ်ရပါတယ်။  အဲဒီတုန်းက သူများအဆောင်က အဖိတ်ခံရတယ်ဆိုတာ တကယ်ဂုဏ်ယူစရာအဖြစ်တစ်ခုပါ။  တစ်ယောက်ကို နှစ်စောင်အထိ ၀ယ်လို့ရတယ်လေ။  ” ညည်းဘယ်သူ့ဖိတ်မှာလဲ” ”ထုံးစံအတိုင်း ချစ်ချစ်ကြီးပေါ့“  “ အပေါ်ထပ်က အင်ကြင်းမေက အပိုသုံးလေးစောင်ဝယ်ချင်လို့တဲ့၊ သူက အပေါင်းအသင်းများတယ်လေ“  “ဒါဆို ငါ့အခန်းဖေါ်နာမည်နဲ့ဝယ်လေ၊ သူက ဘယ်သူ့မှမဖိတ်ဘူးတဲ့”  ဆိုတာတွေကတော့ ဒင်နာမတိုင်ခင်မှာ ကြားကြရမဲ့ ရေချိုးခန်း စကားဝိုင်း တွေရယ်ပါ..။

 ဒင်နာနေ့မှာ အလှဆုံးဖြစ်အောင် ဘာဝတ်ရမလဲ ဆိုတာ စဉ်းစားရ၊ ကြံဖန်ရ၊ ၀တ်စုံအသစ်ပြေးချူပ်ရနဲ့  အဆောင်သူတွေ မအားနိုင် မနားနိုင်ကြဘူးပေါ့။  အတွဲရှိသူတွေကလည်း ချစ်သူလေးလာမှာဆိုတော့ တစ်ခြားမိန်းကလေးတွေထက် မသာတောင် နောက်မကျအောင် လှနေချင်တာလေ....။ အတွဲမရှိသေးသူတွေကလည်း၊ ညကျရင် သူငယ်ချင်းတွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ၊ ဘာလိုလို ညာလိုလို နေကြာကွာစိတွေ လာမှာဆိုတော့ စိတ်လှုပ်ရှားစွာ၊ တက်ကြွမျှော်လင့်စွာ။
                အဆောင်ကွက်လပ်မြက်ခင်းပြင်ပေါ်မှာ ထိုင်ခုံတွေ၊ စတိတ်စင်မြင့်တွေနဲ့ အကျအန။  အဆောင်မှူး ဆရာမကြီးကလည်း ပုဝါနှစ်စ အသာချလို့  ပုလဲပုတီးနဲ့ ယဉ်စစ၊ ဟောကျူတာ အဆောင်နည်းပြမမ တွေကလည်း  ပိုး၊ ချိတ်တွေ၊ ဆံထုံးအလှတွေ၊ ဒေါက်ဖိနပ်မြင့်မြင့်တွေနဲ့  ထင်းကနဲမြင်သာအောင် လှလှပပ၊ အဆောင်သူတွေကတော့ ပန်းရောင်စုံလေးတွေ လိပ်ပြာရောင်စုံလေးတွေလို ဟိုသည်ကူးလို့   အလှချင်းပြိုင်နေကြ တော့တာ။  ဂီတသံ နောက်ခံမှာ စားကြ သောက်ကြ ရယ်ကြ ပျော်ကြ၊  တက္ကသိုလ် မောင်နှမတွေရဲ့ အနုပညာ ဖျော်ဖြေမှုကို ခံစား အားပေးရင်း သိပ်ကိုလှတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။  

 မိန်းကလေးဆောင်တွေမှာ ပြင်ပ အဆိုတော်တွေလည်း လာပြီးဆိုဖို့ ဖိတ်ကြားတတ်ပါတယ်။  သီရိဆောင်အတွက်ကတော့ ထွန်းအိနြာဗိုလ် တို့၊ ခိုင်ထူးတို့လို ဥပဒေကျောင်းထွက်တွေ လာတတ်ပါတယ်။  အပြင်က အဆိုတော်တွေ ဒင်နာမှာ မကြာခဏဆိုလေ့ရှိတာက ”ဆရာမ” သီချင်းပါ။  ”ငွေသော်တာရောင်ခြည်.......ထိန်လင်းတော့သည်.....” ဆိုပြီးစတာနဲ့ လက်ခုပ်သံတွေ သောသောညံနေတော့တာ။  နောက်ဆုံးမှာ ” .... သဒ္စါကပိုသည်.....ဆရာမကိုပဲ  အသည်းစွဲအောင်...ချစ်မိသည်...” ဆိုတဲ့အပိုဒ်ရောက်ရင်တော့ အဆောင်နည်းပြဆရာမ မမတွေရဲ့ မျက်နှာလေးတွေ ရဲရဲနီအောင် ရှက်သွေးဖြန်းကြတော့တာလေ...။  အဲဒီလိုနဲ့   လှပ နွေးထွေး ရင်ခုန်စရာကောင်းတဲ့ ညလေးတစ်ညကို ကျော်ဖြတ်ခဲ့ကြပါတယ်။

လွမ်းမိတဲ့ အဆောင်သူဘ၀ တစ်ပိုင်းတစ်စရယ်ပါ...။

မိုးစက်ပွင့်

Friday, 2 April 2010

တက္ကသိုလ်အဆောင်သူ (၁)

 အပြင်ဆောင်ရော အတွင်းဆောင်ပါ တ၀ကြီးနေဘူးခဲ့တာမို့   အတွေ့အကြုံတွေက များလှပေမဲ့  စာရေးမကောင်းသူမို့   ရုပ်လုံးကြွအောင်လည်း ရေးနိုင်မယ်တော့မထင်ပါ။  ဒီတော့လဲ အဆောင်သူဘ၀ “ကောက်ကြောင်း” လောက်ပဲပေါ့ သူငယ်ချင်းတို့ရေ....။
                မှတ်မိသလောက် ရပ်ဝေးမှာ ပညာသင်ကြားစေခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိတယ်လို့ ဆိုပါတယ်။   ၁) အမျိုးအနွယ် မာန် ကျစေခြင်း။  ၂) ဥစ္စာမာန် ကျစေခြင်း။   ၃) ဗဟုသုတ နှင့် အပေါင်းအသင်းတိုးတက်များပြားခြင်း။  - တဲ့။
 ကျမကတော့ နဂိုရ်ကမှ ဘာမာန်တက်စရာမှမရှိတဲ့ နယ်မြို့လေးက ဆယ်တန်းအောင်ခါစ ကောင်မလေးတစ်ယောက် ရယ်သာ။  ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းစတက်တော့ အပြင်ဆောင် နေရပါတယ်။ အတွင်းဆောင်ရဖို့ကလည်း တော်တော်မလွယ်ပါဘူးတဲ့။ တန်းစီဇယားကလည်း အမှတ်နဲ့ စီလိုစီ၊  အကပ်နဲ့ စီလိုစီ ပေါ့နော်။  ဒါနဲ့ပဲ  ကျောင်းတက်တက်ချင်း အတွင်းဆောင် မရခဲ့ဘူး။ အဲဒီတုန်းက ကျောင်းသွားတိုင်း မြင်နေရတဲ့ “ကံ့ကော်“ “အင်ကြင်း” “နှင်းဆီ” ဆောင်က ကျောင်းသူတွေကို မြင်ရင် ကိုယ့်ကိုယ်ကို အရမ်းသိမ်ငယ်သလို ခံစားနေခဲ့ရသေးတယ်။

သမိုင်းထီးကိုးလက်ဝင်းနားက အပြင်ဆောင်လေးတစ်ခုမှာ နေရာရခဲ့ပါတယ်။  အခန်းဖေါ်က မေဂျာတူ။  သူကတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကမို့   ဘယ်သောအခါမှ အဆောင်ရစရာ လမ်းမရှိသူပါ။  သူက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်။ ညိုညို၀၀ ပါးချိုင့်ကလေးနဲ့မို့   မြင်မြင်ချင်းခင်သွားပါတယ်။ တခါမှ မမြင်ဖူးလောက်တောင် စာအလွန်ကြိုးစားသူပါ။ မျက်နှာနဲ့ စာအုပ်ကို မခွာဘဲ စာကျက် ကျက်နေတတ်တယ်လို့   မှတ်မိနေပါတယ်။  ကျမတို့   အခန်းကလေးက တော်တော်ကျဉ်းပါတယ်။   ကုတင်နှစ်လုံးကြားမှာ  လူနှစ်ယောက် ရှောင်စာရုံလောက် နေရာရှိတာမို့   ကုတင်ပေါ်မှာပဲ အိပ်၊ ကုတင်ပေါ်မှာဘဲစား၊ ကုတင်ပေါ်မှာဘဲ စာဖတ်ကြရတာပါ။   မနက်အစောကြီး ထ ထ စာဖတ်တတ်တဲ့ သူမက ကျမကို အားနာလို့   မီးအလင်းရောင်ကြောင့် ကျမ အနေမခက်ရအောင် နှစ်ယောက်ကြားမှာ လိုက်ကြာအထူကြီးတခု တပ်ထားခဲ့ပါတယ်။
                   
နောက်ပိုင်းမှာ အဆောင်ကို လူတွေ တဖွဲဖွဲ ထပ်ရောက်လာပါတယ်။  အဟောင်းနဲ့အသစ်တွေ မိတ်ဖွဲ့ကြ၊ မသိမသာလေး အကဲခတ်ကြ ၊ ဒီဇိုင်းတူရင်တော့ တွဲလိုက်ကြ ပေါ့။ အဆောင်သူတွေထဲမှာ အတောက်ပဆုံးကတော့ မြိတ် (ဘိတ်) မြို့နယ်ရဲမှူးသမီးဆိုတဲ့ မသန္တာပါ။  သူကတော့ အ၀တ်အစားကအစ အသုံးအဆောင်တွေအလည်၊ အစားအသောက်တွေအဆုံး အကောင်းစားတွေသာ များပါတယ်။ ဒါပေမဲ့ စကားပြောချိုသာပြီး မာနမကြီးတတ်သလို ကျွန်မတို့နဲ့လည်း တကူးတက လာလာပြီး ပြောဆိုနှုတ်ဆက် တတ်ပါတယ်။ “စောင်”ကို “ပုဆိုး”၊ “ဆပ်ပြာ”ကို “သူပုန်”လို့ ခေါ်တတ်တဲ့ ရခိုင်သံဝဲ၀ဲနဲ့   ဖြူဖြူခိုင် အပါအ၀င် ရခိုင်မကလေး သုံးလေးယောက်လည်း ရှိပါလေရဲ့။ကျွန်မတို့အားလုံးဟာ အသက် ၁၆နှစ်နဲ့ ၁၈နှစ် အတွင်းပဲ ရှိကြသေးတာပါ။  ကလေးဘ၀ကလည်း မကျွတ်မလွတ် လူကြီးဘ၀ကလည်း မ၀င်မဆံ့သေးတဲ့ ပိုးတုံးလုံးကလေးတွေပေါ့...။
               
  ည ည ကောင်ကလေးတွေ သီချင်းဆိုကြတဲ့ အချိန်ကတော့ ပျော်စရာကောင်းလှပါတယ်။  မွန်းအောင်ရဲ့ “ ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ် အေးမြသူ.......” တို့    တူးတူးရဲ့ “ ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့ သူက ဆိုလာစဉ်......” တို့    ခင်မောင်ထူးရဲ့  “ ပန်းခရမ်းပြာ ဗေဒါလေးကမ်းစပ်နဘေးမှာ....” အလွန် နားထောင်ကောင်းခဲ့တာပါ။  သူတို့ ကြူနေတဲ့ ကောင်မလေးတွေကိုလည်း  ပြူတင်းပေါက်က ပုံရိပ်ကလေးတွေ မှန်းဆပြီး သီဆိုနေကြရဲ့။  မှောင်ထဲက သူတို့မျက်နှာတွေကိုလည်း ယမ်းမီးခြစ်ဆံတွေ ခြစ်ပြီး ထွန်းညှိ ပြလားပြရဲ့။  အထဲက မိန်းကလေး တွေကလည်း “ဟဲ့ အဲဒါ ဘယ်အဖွဲ့မဟုတ်လား၊ ဘယ်မြို့က ကောင်လေ ”နဲ့  တီးတိုးတီးတိုး။
               
မသန္တာရဲ့အခန်းဖေါ် စုစုရဲ့အစ်ကိုက မသန္တာကို သဘောကျနေတာကလား။  စုစုဆီလာလည်ရင်း အတူတူ သွားကြ စားကြရင် ဘယ်အချိန် ပရိုပို့စ်လုပ်လိုက်မှန်းမသိဘူး။  ဒါမျိုးက ထိပ်တန်းလျို့ဝှက်မို့လား။  တစ်နေ့တော့ မသန္တာက မြို့ထဲသွားပါတယ်။  စုစုကို အဒေါ်အိမ်က ဖုန်းလာရင် ပြောပေးဖို့  ဘာညာ မှာခဲ့တာပေါ့။  တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က မသန္တာရဲ့ဖုန်းကို စုစုကိုင်ရပါတယ်။ “ဟဲလို” ထူးထူးခြင်း တဖက်က “သန္တာလား” တဲ့။  ဒီအသံကြားဘူးပါတယ်လို့  စုစုက တွေးနေတုန်း၊  သကောင့်သားက အဖြေတောင်းပါတယ်။  အန်- သူ အသံရှင်ကို ကောင်းကောင်းမှတ်မိပါပြီ။ ဒီလောက်ဖြစ်နေတာ သင်းကို ကောင်းကောင်း ပညာပေးရမယ် လို့  ဆုံးဖြတ်လိုက်တယ်။ သူက  “မနက်ဖြန် ဘုရားမှာ တွေ့ရအောင်လေ” ပြောလာတော့  “ဟင့်အင်း”။  စုစုဖြေသံက မပွင့်တပွင့် အင်းလိုလို အွန်းလိုလိုဆိုတော့ တဖက်ကလည်း သူ့ဇောနဲ့သူ မခွဲခြားနိုင်ခဲ့ဘူး။  “ဘာဖြစ်လို့လဲ”  တစ်ခုခု ပြောတော့ ပြောရပါလိမ့်မယ်။ အလိမ်ပေါ်မှာစိုးလို့ အတိုဆုံးပဲ ပြောလိုက်တယ် “ရှက်လို့”  ။  “ဟာ သန္တာကလည်း ဘာရှက်စရာရှိလဲ၊ ဘုရားဖူးရုံ၊ မုန့်စားရုံပဲ၊ လာခဲ့ကွာ နော်   နော်  မနက်ကိုးနာရီလောက် ရလား”   “အင်း အင်း” လို့ ပြောပြီး ဖုန်းချတဲ့အထိ သူလုံးဝ သိမသွားရှာပါဘူး။  ကိုယ့်ညီမကို ကိုယ် ရည်းစားစကား ပြောနေမိတာကိုပေါ့။  မသန္တာ ပြန်လာတော့ စုစုက သူမသိရကောင်းလားလို့   ဦးအောင်အပြစ်တင်ပြီး အကြောင်းစုံကို ဇာတ်ခင်းပါတယ်။  မသန္တာက ရှက်လည်းရှက်၊ ယောက်မလောင်းလည်း ဖြစ်နေတော့ မပြောသာဘဲ မျက်နှာငယ်ငယ်လေးနဲ့  ပြုံးလို့သာ နေပါတယ်။  နောက်နေ့တော့ ဘုရားကိုလည်းသွားပါတယ်၊  သူတို့လည်း အတွဲဖြစ်သွားလေသတည်းပေါ့။  စုစုအကိုကတော့ တော်တော်လေး မျက်နှာပူသွားပါတယ်။  “ငါ ထင်တော့ထင်သား အသံကြီးက တမျိုးပဲ” လို့  ပြောပါသေးတယ်။   ဒါကတော့ အဆောင်သူတွေရဲ့ ဘရုတ်ကျနည်းပေါင်းစုံထဲက တစ်ခုပါ။
                   
အဆောင်ပိုင်ရှင် အန်တီကြီးက ကျွန်မတို့   အခန်းဖေါ်နှစ်ယောက်ကို ဘာသဘောကျမှန်းမသိ တော်တော်သဘောကျတာပါ။ “ သမီးတို့က အေးလွန်းလို့  ချစ်တာ” လို့  ပြောပြောပြီး ဟင်းခွက်လေးတွေ ကြိတ်ကြိတ် ပေးလေ့ရှိပါတယ်။  ကျွန်မတို့ကလည်း သူ့ကိုအားနာလို့  ယူယူ ထားပေမဲ့ ကျန်တဲ့ အဆောင်သူတွေကိုလည်း မျက်နှာပူနေမိပါတယ်။  လခ အတူတူ ပေးနေကြတဲ့ သူတွေ မဟုတ်လား။ 
                   ကျွန်မ အခန်းဖေါ်လေးက ငွေကို စံနစ်တကျသုံးသူပါ။  တစ်နေ့ချင်း အသုံးစရိတ်ကို တပြားမကျန်မှတ်ပြီး တစ်လကုန်ရင် စာရင်းချူပ်တတ်ပါတယ်။  နည်းနည်းကလေး ကွာတာနဲ့  အခေါက်ခေါက်အခါခါ ပြန်တွက်လေ့ရှိပါတယ်။  မနေနိုင်လွန်းလို့   “ကဲပါကွာ- မမှတ်မိသောအသုံးစရိတ်ဆိုပြီး ပေါင်းထည့်လိုက်” လို့   ဒေ၀ဒတ်ဥာဏ်နဲ့  အခါပေးမိပါတယ်။  သူက “မဟုတ်ဘူး- ကွာကို မကွာရဘူး- ကွာနေတာ မကြိုက်လို့” ဆိုပြီး ဆက်စာရင်းစစ်ပါတယ်။  နောက်ဆုံး  “တွေ့ပြီ တွေ့ပြီ၊ အင်းစိန်သွားတဲ့ ဘတ်စ်ကားခ” လို့ အောင်မြင်စွာ ကြွေးကြော်ချိန်မှာတော့ သူနဲ့အတူ ရောယောင်ပြီး ပျော်သွားခဲ့ရပါတယ်။  ဒီလိုသူငယ်ချင်းနဲ့နေတော့ ကျွန်မလည်း နဂိုရ်က လိမ္မာသူပီပီ (အဟဲ) အတော်ကလေး စည်းကမ်းကျန ခဲ့ပါတယ်။  ကျွန်မတို့  စုထားဆောင်းထားသမျှဟာ အဆောင်နေ ၀မ်းကွဲအစ်ကိုများရဲ့ လက်ချက်နဲ့  တက်တက် ပြောင်သွားလေ့ရှိပါတယ်။  သူတို့  လာလိုက်မှဖြင့် ဖုတ်ပူမီးတိုက် ချည်းပဲ။  “စားစရာ လုံးဝမရှိတော့ဘူး” တို့   အဆောင်လခ သွင်းစရာ မရှိတော့ဘူးတို့   စုံနေတာပါဘဲ။  အိမ်က မိဘတွေကတော့ အားကိုးတစ်ကြီး အပ်လိုက်ကြပါတယ်။  မင်းနှမလေး ကူညီပါ၊ စောင့်ရှောက်ပါ - တဲ့။  အခုကတော့ ငါးဖယ်လန်က ပြောင်းပြန် ဖြစ်နေပြီအမေရေ့    လို့   ပြောရတော့မလိုပါဘဲ။
             အဆောင်သူဘ၀ဟာ လူကို အများကြီး ရင့်ကျက်စေတာတော့ အမှန်ပါဘဲ။  မိတစ်ရာသား ဖတစ်ရာသမီးတွေနဲ့   သင့်တင့်မျှတအောင်နေတတ်မှ ရှင်သန်နိုင်မှာပါ။  အဆောင်မှာ လုံချည်လှန်းတာ၊ မီးသုံးတာ၊  ရေချိုးခန်းသုံးတာကအစ  တစ်ကိုယ်ကောင်းစိတ်ရှိသူဟာ အများနဲ့  ပြဿနာဖြစ်ကြရတာပါဘဲ။   ရေအိမ်သုံးပြီး ရေမဆွဲတဲ့သူ၊  မိမိပစ္စည်းကို ရိုသေရကောင်းမှန်းမသိဘဲ ဖွာလန်ကြဲထားတတ်သူ၊  မိမိဥစ္စာကို တစ်ပြားက နှစ်ပြား အပွန်းပဲ့မခံချင်သူ၊ ဗိုလ်ကျချင်သူ၊  စသဖြင့် အစုံတွေ့ရတတ်ပါရဲ့။  အဲဒီအထဲမှာ စကားရောင်းစကားဝယ် စကားသယ် စကားပို့   လုပ်တတ်သူပါလို့ကတော့ တဂျိန်းဂျိန်း ရန်ဖြစ်တာတွေ တွေ့ရတတ်ပါတယ် အသက်အရွယ်လေးနဲ့မလိုက် ဘုရားတရားကြည်ညိုသူ၊  ကူညီရိုင်းပင်းတတ်သူ၊ တွေလည်း အများကြီးပါ။ အဲဒီအားလုံးသော အဆောင်သူတွေထဲမှာ  ရင့်ကျက်တည်ငြိမ်ပြီး သူတပါးကို လမ်းညွှန်ဦးဆောင်နိုင်သူနဲ့    ဟာသတွေအများကြီး ပြောတတ်တဲ့သူတွေဟာ လူကြိုက်အများဆုံးပဲ.....။  မေဂျာ ကွင်း (အလှဘုရင်မ) တွေကတော့ လူစိတ်ဝင်စားတာ တော်တော်ခံရပါတယ်။  ကျောင်းသူချောချောလှလှ များတဲ့အဆောင်ကို ဆိုရင် ညညတိုင် လာဖျော်ဖြေတဲ့ အဆောင်ရှေ့ ဂီတလုလင်အဖွဲ့တွေလည်း ပိုများတတ်ပါတယ်။ ဟိုတုန်းကတော့ အတော်ကလေး စည်းကမ်းရှိတာပါ။ ဘယ်နှစ်ဖွဲ့လာလာ ၊ တစ်ယောက်တစ်လှည့်ပဲ။  သူဆိုရင် ကိုယ်နား၊ ကိုယ်ဆို သူနားပေါ့။ ရန်ဖြစ်တယ်လို့   သိပ်မရှိလှဘူး...။
                  အပျော်အပါးအနေနဲ့   ယောက်ျားလေးဆောင်တွေက ဖဲ နဲ့မကင်းသလို  မိန်းကလေးဆောင်တွေက သရဲ နဲ့ မကင်းပါဘူး။   “၀ိညာဉ်” လောကကို စပ်စုကြတာပေါ့လေ။  အများဆုံးကတော့ “ဖျာလိပ်နတ် မအောင်ဖြူ“ နဲ့   “မတ်စေ့သရဲ” တွေပါ။  ဖျာလိပ်နတ်ဆိုရင်  ဖျာလိပ်ကြီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ထဘီ အကျီင်္ ၀တ်ပေးပြီး  လူလေးငါးယောက်က လက်နဲ့ မ  ထားရပါတယ်။  မအောင်ဖြူက အရှက်ကြီးပါတယ်။  ယောက်ျားလေး မပါရပါဘူး တဲ့။  လည်လည်ပတ်ပတ် ရှိသူတစ်ယောက်က ပါးစပ်တစ်တွတ်တွတ်နဲ့   အမေ မအောင်ဖြူကို ပင့်ဖိတ်ပါတယ်။  ဖျာလိပ်ကြီး လှုပ်လာရင်တော့ နတ်ဝင်ပါပြီ။  “စာမေးပွဲအောင်မလား”  “ဂုဏ်ထူးပါမလား” က စပြီး၊ “ဘယ်သူ အရင် ချစ်သူရမလဲ၊ အိမ်ထောင်ကျမလဲ”  “ ရည်းစားက ချောမလား” အစုံပါ ပါတယ်။  ပေါက်ကရလေးဆယ်က ပိုများသလောက် ဖျာလိပ်ကြီးက ပတ်ချာယမ်းပြီး သက်ဆိုင်ရာမိန်းကလေးရဲ့ ခေါင်းကို တစ်ဘုန်းဘုန်းနဲ့ ရိုက်ပါတယ်။  မယုံတဲ့လူတွေက ကိုယ်တိုင်ဝင်ကိုင်ပြီး “ဟုတ်တယ်ဟ သူ့ဟာသူ ယမ်းနေတာ၊ ထိမ်းမရဘူး” လို့  ပြောကြပါတယ်။  တစ်ခုခုတော့ တစ်ခုခုဘဲပေါ့နော်။  ကျွန်မလည်း ဘေးက ၀င်မေးဘူးပါတယ်။  မေးလို့ဝရင် ရွတ်ဖတ်ပြီး လေးလေးစားစား ပြန်ထွက်ခိုင်းရပါတယ်။  မတ်စေ့သရဲလေးက ကျတော့  အေကနေ ဇက်အထိရေးထားတဲ့ အကွက်ကလေးရယ်။ Yes  No  ရေးထားတဲ့အကွက်ကလေးရယ်။ အိမ်တစ်လုံးပုံရယ် စက္ကူပေါ်မှာဆွဲထားရပါတယ်။  မတ်စေ့လေးကို အိမ် ပုံပေါ်တင်ပြီး လူနှစ်ယောက်ရဲ့  လက်ညှိုးနှစ်ချောင်းနဲ့  ခပ်ဖွဖွလေးဖိထောက်ထားရပါတယ်။  ထုံးစံအတိုင်း spirit , spirit, come, come ဆိုပြီး ပင့်ဖိတ်လိုက်တဲ့အခါ မတ်စေ့လေးက စပြီး ရွေ့ လာပါတယ်။ သူက မေးသမျှကို အင်္ဂလိပ်စာလုံး ပေါင်းပြီး ဖြေပေးပါတယ်။ Yes  No  ဆိုလဲ  Yes  No  ပေါ့။  သရဲ့ရဲ့အကြောင်းကိုလည်း ပြန်မေးလို့ရပါတယ်။  ကျွန်မတို့  မေးကြတုန်းကတော့ သရဲက သူဟာအရင်တုန်းကတက္ကသိုလ်ကျောင်းသား၊ ကားတိုက်မှုနဲ့ အစိမ်းသေ ထားတာလို့ ပြောပါတယ်။  ဒီနေရာမှာ ၀ိညာဉ်လောကကို ယုံတယ်မယုံဘူးဆိုတာတွေထက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတို့ရဲစပ်စုတတ်တဲ့ သဘာဝ၊ နည်းမျိုးစုံနဲ့    ဘရုတ်ကျတတ်တဲ့ ဥာဉ်ကလေးတွေကို ပြောချင်တာ ဖြစ်ပါကြောင်း အမှတ်တရ ကောက်ကြောင်းဆွဲလိုက်ရပါတယ်။


(ဆက်ရန်)

မိုးစက်ပွင့်
photo credit: flickr.com
                   

Friday, 26 March 2010

အထက်တန်း ကျောင်းသူဘဝ


“မိုးရေထဲက စက်ဘီးလေး“
မိုးတွေ ဖြိုင်ဖြိုင်ရွာရင် ငယ်ငယ်တုန်းကဘ၀ကို သတိရပြီး ရင်ထဲမှာ အလွမ်းတွေနဲ့ ဆို့နင့်လာတတ်တယ်။  နောက်ပြီး စက်ဘီးကလေးတွေ အဖြူအစိမ်းကျောင်းဝတ်စုံတွေမြင်တော့လည်း ငယ်သူငယ်ချင်းတွေကို အရမ်းသတိရလာမိတယ်။ အတိတ်က ဟိုးဝေးဝေးမှာ မှုန်ဝါးကျန်ခဲ့ပြီဆိုပေမယ့် ရုပ်ရှင်ပြကွက်တွေလို နီးလိုက်ဝေးလိုက် ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ့...။

အထက်တန်းရောက်တော့ ရွာကနေ ၃မိုင်ဝေးတဲ့ မြို့ကျောင်းကို စက်ဘီးနဲ့သွားတက်ရပါတယ်။  ကိုယ်တို့အုပ်စုကို မြို့သားတွေက နှိမ်ချင်သလိုလိုပဲ။  နေပူဒဏ်ခံနိုင်အောင် ရှပ်အင်္ကျီလက်ရှည်ဝတ်၊ သနပ်ခါးထူထူ လိမ်းသွားတော့ ”တောပါးကွက်” တွေတဲ့။   ကိုယ်တို့ကလည်း ရွဲ့ပြီး ပပ်ကြားအက်အောင် လိမ်းပါတယ်။  နောက်ဆုံး ကျောင်းအုပ်ဆရာမကြီးက မျက်စေ့နောက်လာလို့ထင်တယ်။  သနပ်ခါးပါးကွက်မလိမ်းရ၊ နှုတ်ခမ်းနီမဆိုးရ ( ဆိုးလည်း မဆိုးချင်ပါဘူး) အမိန့်ထုတ်တော့တယ်။

 မိုးထဲရေထဲ ကျောင်းတက်ရတဲ့ အရသာလေးကို မြတ်မြတ်နိုးနိုး သတိရမိတယ်။  ကိုယ်တို့အရပ်က မိုးအရမ်းသဲတတ်တော့ ကျောင်းစိမ်းတစ်စုံ အမြဲ အပိုဆောင်ထားရတယ်။ လွယ်အိတ်လေးတွေ စာအုပ်လေးတွေ မိုးမစိုအောင် ရင်မှာပိုက်လို့၊  မိုးကာ အကျီင်္လေး တဖါးဖါးနဲ့။  မှတ်မိသေးတယ်။  သူငယ်ချင်းတစ်ယောက်က မိုးကာအကျီင်္ကြယ်သီးလေးတွေဖြုတ်ရင် စကားပြောရင်းနဲ့  မသိစိတ်နဲ့ ယောင်ပြီး  အောက်ကဘလောက်စ်အကျီင်္ ကြယ်သီးတွေပါဖြုတ်မိ ချွတ်မိတဲ့အဖြစ်ကိုပေါ့။  တစ်ခါတစ်ခါ မိုးရော လေပါသည်းရင် စက်ဘီးက မရွေ့တော့ဘူး၊ လမ်းဘေးမှာ ရပ်စောင့်ရတဲ့အထိ ကြုံဖူးပါတယ်။ 
ကျောင်းသွားဖေါ်က ယောက်ျားလေး မိန်းကလေး ၈ ယောက်လောက်ရှိပါတယ်။  စက်ဘီးလေးတွေနဲ့ တူတူ သွား၊ ပြန် ဖြစ်တာ များတယ်။ မိဘတွေလည်း စိတ်အေးတာပေါ့။  တစ်ယောက် စက်ဘီးပျက်ရင် တစ်ယောက်က တင်ခေါ်ပေးလို့ ညီအကို မောင်နှမစိတ် အပြည့်နဲ့ပါ။  အိမ်ကထည့်လာတဲ့ ထမင်းဘူးလေးတွေ ဝေစားမျှစား၊ ကျောင်းပျက်ရင် စာရှင်းပြ၊  မိန်းကလေးများကို လိုက်ပြီး အနှောင့်အယှက်ပေးသူတွေကို အစ်ကိုကြီးတွေပမာ စောင့်ရှောက်လို့  ပျော်စရာပါ။  အတူတူ စက်ဘီးစီးရင်း နောက်ကြ၊ ပြောင်ကြ၊  ပြိုင်နင်းကြနဲ့  ကိုးတန်း ဆယ်တန်း စာသင်နှစ်နှစ်နှစ်ကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။  ဒီစာမေးပွဲတွေပြီးရင် ပိုပြီး ကျယ်ပြောတဲ့ တက္ကသိုလ်နယ်ပယ်ကို ရောက်ကြတော့မှာကိုး။ 

စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ တက္ကသိုယ်နယ်မြေ အသီးသီးရောက်ကြလို့   လေပြင်းကြားက ငှက်ငယ်လေးတွေပမာ တစ်ကောင်စီ ကွဲလို့၊ ကိုယ်ကျင်လည်ရာ အသိုက်အ၀န်းမှာ ရုန်းကန်ပျံသန်းရင်း ပြန်ဆုံတွေ့ဖို့ အရမ်းခက်ခဲ သွားခဲ့ပြီ။  တစ်ဦးစ နှစ်ဦးစ ပြန်တွေ့တော့လည်း ရင့်ကျက်တဲ့ အိမ်ထောင်ရှင်ကြီးတွေလို ဘ၀အမောတွေတစ်သီတစ်တန်းနဲ့...။

 ကိုယ်တို့ရဲ့ ပျော်စရာအချိန်ကလေးတွေကိုလည်း မိုးစက်တွေဖြိုင်ဖြိုင်သွန်းတဲ့အချိန်တွေတိုင်းမှာ ပိုလို့သတိရမိတာတော့ အမှန်ပါဘဲကွယ်.....။

မိုးစက်ပွင့်
(photo credit:  fotosearch.com)

အလယ်တန်းကျောင်းသူဘဝ


“ညည်းညူတတ်သူများအကြောင်း”

ကျမငယ်ငယ်က အတန်းထဲမှာ  စာညံ့တဲ့အထဲမပါပေမဲ့ သိပ်တော်တဲ့အထဲမှာလဲ မပါဘူး။  ၁၀ဆင့်အတွင်း လောက်မှာဘဲပေါ့။  ပထမရချင်တယ်လို့လည်း ကိုယ့်ဖာသာ တခါမှ မခံစားရဘူး (မရနိုင်မှန်း သိလို့လဲ ဖြစ်မယ်)။ ၇တန်းမှာ  ရီမာဆိုတဲ့ ကျမသူငယ်ချင်းတယောက်က အဆင့်(၅)ရတော့ ညည်းညူပါတယ်။ ဟဲ့ - နင့်အောက်မှာ လူတွေအများကြီးဘဲ  ဒီလောက်ဆိုတော်ရောပေါ့“ လို့  ကျမကပြောတော့  စကားတတ်တဲ့ သူမက“လူဆိုတာ အောက်က အဆင့်ကို မကြည့်ရဘူး၊ ကိုယ့်အထက်ကို ကြည့်ရတယ်“တဲ့။  အဲဒီစကားကို ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ခဲ့တယ်။  သူ့ကို ချက်ကျလက်ကျ ပြန်မချေတတ်ပေမဲ့ ကျမစိတ်ထဲမှာ တခုခုကိုတော့ ဘ၀င်မကျ ဖြစ်နေသလိုဘဲ။ အိမ်ရောက်တော့ အဖေ့ကို ပြန်ပြောပြမိပါတယ်။  အဖေက ဖြည့်စွက် ပေးပါတယ်။  “ငါ့သမီး၊ ပိုကောင်းအောင်လည်း အမြဲတမ်း ရုန်းကန်ကြိုးစား နေရမယ်၊ တချိန်တည်းမှာလဲ လက်ရှိအခြေအနေ (ရနေတဲ့အဆင့်)ကို  နားလည် လက်ခံနိုင်ရမယ်“  ဆိုပြီး ငါးသုံးကောင် ပုံပြင်နဲ့  ယှဉ်ပြပါတယ်။  “အခါမသိ ဖြတ်ဖြတ်လူးတဲ့ငါး” “အမြဲတမ်း မလှုပ်မယှက် နေတဲ့ငါး“ တို့ထက် “အခါကောင်းကို တရံတဆစ်မှ သတိမလစ်ဘဲ ကြိုးစား အားထုတ် တတ်တဲ့ငါး“က အသက်ဘေး ချမ်းသာရာရခဲ့တဲ့ အကြောင်းလေး  ကိုပေါ့။

နောက်ထပ် “သန်းသန်း“ဆိုတဲ့ သူငယ်ချင်းလေးတယောက်ကတော့  နေ့စဉ်နဲ့အမျှ “ညက စာကျက်လို့မရဘူး“ ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့  ညည်းညူတတ်သူပါ။   ဒါပေမဲ့ စာမေးပွဲကျရင်တော့ သူ့အမှတ်တွေက တော်တော်လေး ကောင်း နေတတ်ပြန်ပါတယ်။  နောက်ဆုံးမှာ ကျမ သိရှိသွားတာကတော့ သူ့လို သူများတွေ စာကျက်မှာစိုးလို့    ဟန်ဆောင်ညည်းညူပြတာ ဖြစ်တယ် ဆိုတာပါဘဲ။  ဒါမှသာ တခြားအတန်းဖေါ်တွေ စာကျက်ချင်စိတ် စာဖတ်ချင်စိတ် နည်းသွားမယ် ၊ သူအသာရမယ်လို့  တွက်ထားပုံရပါတယ်။  အဲဒါကိုတော့ မသမာသောနည်း လှည့်ဖြားသောနည်း လို့ဘဲ ဆိုချင်ပါတယ်။ 

 ငယ်ငယ်တုန်းက အတန်းထဲမှာ တွေ့ရတတ်တဲ့ သဘာဝလေးတွေကို  အပြင်လောကမှာ တခါတခါ  ထပ်တူနီးပါး မြင်ရတဲ့အခါ ငယ်ဘ၀ကို သတိတရနဲ့   ပြုံးမိပါသေးရဲ့................

မိုးစက်ပွင့်

Wednesday, 24 March 2010

မူလတန်း ကျောင်းသူဘဝ


“နှလုံးသားက သေရာပါ အမာရွတ်”
ကျွန်မ ငယ်ငယ်က အဆော့သိပ်မက်တယ်။
ကျွန်မက အိမ်မခင်တတ်လို့လား အပေါင်းအသင်းမက်လို့လားမသိ ကျောင်းတက်ရတာ သိပ်ပျော်တယ်။  ကျောင်းကို စောစောရောက်အောင်သွားပြီး တ၀ကြီးဆော့ နေ့လည်ဆော့ ညနေလည်းဆော့ပြီးမှ ပြန်ပါတယ်။  ဆော့နည်းကတော အစုံပဲပေါ့ ........ တူတူပုန်းတာ၊ ဇယ်တောက်တာက စလို့ ၊ စိန်ပြေး၊ ဖန်ခုန်၊ ထုတ်စီးတိုး အားလုံး ပါပါတယ်။  အိမ်နဲ့ကျောင်းက မဝေးလှသမို့ စနေ၊ တနင်္ဂနွေဆိုလည်း ကျောင်းဝင်းထဲမှာ သွားဆော့ပါတယ်။  သူငယ်ချင်းတွေနဲ့  တိုင်ပင်ထားသေးတယ်။  ငါတို့ အဖွားကြီးတွေ အဖိုးကြီးတွေ ဖြစ်ရင်လည်း  ဒီလိုပဲ ကစားကြ ဆော့ကြရအောင် -လို့    :-)

အဲဒီလောက် အဆော့မက်ပေမဲ့ စာကိုတော့ အလေးအနက်ထားရကောင်းမှန်းသိပါတယ်။  စာတွေကို အမှတ်ရချင်တာထက် မသိသေးတာတွေ သိနေရတာကို ကြိုက်လို့ ဖတ်မိတာ။  အပြင်စာတွေ ပိုကြိုက်ပါတယ်။ မူလတန်းကတည်းက အဖိုးရဲ့ တရားစာအုပ်တွေ မွှေနှောက်ပြီး ကလေးဦးနှောက်နဲ့ဆံ့တဲ့ စာမျိုး အကုန်ဖတ်ပါတယ်။  ဇာတ်တော် တို့ မဟာဝင်ဝတ္တု တို့  ဘာတို့  တော်တော်များများ ပေါ့။  ၀တ္တုကို ငါးတန်းလောက်မှာ စ ဖတ်ပါတယ်။  အမေက ပေးမဖတ်လို့  အိမ်သာ အပါအ၀င် နေရာ တော်တော် များများမှာ ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတာ မှတ်မိတယ်။  

ကျမမှာ အကျင့်ဆိုးတစ်ခုရှိခဲ့ဖူးတယ် (အခုတော့ ပျောက်သွားပြီ)။  ဖတ်နေတဲ့ စာအုပ်ရဲ့ ဒေါင့်စွန်းတွေကို ၀ါးစားတတ်တာ။ မျိုတော့မချဘူး၊ တစ်မြုံ့မြုံ့ဝါးတာ။  စာအုပ်အသစ်လေးတွေဆိုရင် လတ်ဆတ်သင်းပျံ့လို့...။ အဟောင်းတွေကျတော့လည်း ငန်ကျိကျိနဲ့..။ ဘယ်အချိန်မှာ အဲဒီအကျင့်ပျောက်သွားမှန်းတောင် မသိတော့ဘူး။ အခုတွေးကြည့်ရင်တော့ အန်ချင်စရာကြီး ။  အဲဒီတုန်းကတော့ အလိုလိုလက်နဲ့ ပါးစပ်ကဖြစ်နေတာ။ ဒါကြောင့် ကိုယ်ဖတ်ပြီးသားစာအုပ် ဟုတ်မဟုတ် စာရွက် အနားစွန်းတွေကြည့်လိုက်ရင် တန်းခနဲ သိတယ်။

ပထမဦးဆုံး အရိုက်ခံရတဲ့ အချိန်ကိုလည်း မမေ့နိုင်ပါဘူး ။  လေးတန်း စာသင်နှစ်အစမှာ မိသားစုအရေးကြောင့် ကျောင်းပြောင်းရပါတယ်။ ကျောင်းသစ်မှာ စာက တော်တော် ရှေ့ရောက်နေတာ။  ပေးလိုက်တဲ့ အိမ်စာကို ကိုယ်ဘယ်သိပါ့မလဲ။  မှတ်မှတ်ရရ ဂြိုလ်ကြီးရှစ်လုံးအကြောင်းပါ။  သူများတွေက ”...မာကျူရီဆို၊ ဗီးနပ်စ်ဂြိုလ်၊ ခေါ်ဆို ကမ္ဘာ ပြ.....” ဘာညာ ကုန်းကျက်နေချိန်မှာ ကိုယ်က မျက်လုံးအ၀ိုင်းသားနဲ့...။ အဲဒီဘာသာကိုင်တဲ့ ဆရာကလည်း အရိုက်ကြမ်းပြီး သဘောဆိုးသတဲ့...။ ကြားရုံနဲ့ ကြောက်လန့်ပြီး စာကျက်လို့လည်း မရတော့ပါဘူး။  ဆရာက အတန်းထဲကို ကြိမ်လုံးကိုင်ပြီးဝင်လာတော့ ခေါင်းလေးကို ငုံ့ထားလိုက်တယ်။  ဒါပေမဲ့ သူက အားလုံးကို မေးတာပါ။  တကယ်ဆို ခုမှအတန်းပြောင်းလာတဲ့သူကို မေးတာ မတရားဘူးလို့  (ခုမှ) တွေးမိလာတာလေ။  ဆရာကတော့ စာမရတဲ့သူတွေကို ကြိမ် တစ်ရွှမ်းရွှမ်းဆော်တော့တာပဲ။  မှတ်မှတ်ရရ မိန်းကလေးတစ်ယောက်ကလွဲလို့ ကျွန်မအပါအ၀င် အားလုံးကြိမ်လုံးစာမိပါတယ်။  ဒါတင်မက ယောက်ျားလေးတွေကို ရှက်အောင်ဆိုပြီး အဲဒီမိန်းကလေးကို တစ်ခေါက်စီ ကုန်းပိုးစေပါတယ်။ ကျင့်သားရနေတဲ့ ယောက်ျားလေးတွေက ပြုံးဖြီးဖြီးနဲ့၊ မိန်းကလေးတွေက မျက်နှာညိုညိုနဲ့။  ကျွန်မကတော့ မျက်ရည် ဘူးသီးလောက် ကျပါတယ်။  အရှက်ရစေခြင်း၊ အနာတရ ဖြစ်စေခြင်းတွေကြောင့် သင်ကြားရေးကောင်းလာမယ်လို့  ကျွန်မ မထင်ပါဘူး။  အိမ်ကိုအပြန်မှာ ကျွန်မကို ရေချိုးပေးတဲ့ ဒေါ်လေးက ပေါင်ရင်းက အညိုအမည်းတန်းကြီးရယ်၊ လက်ဖ၀ါးပြင်က အရည်ဖုပေါက်နေတဲ့ အနီတန်းကြီးရယ်ကိုကြည့်ပြီး ဆရာ့ကို အရမ်းစိတ်ဆိုးပါတယ်။ ရေချိုး ပြိးတော့ ငှက်ပျောသီးအမှည့်နဲ့ လိမ်းပေး နယ်ပေးပါတယ်။ ကျွန်မရင်ထဲမှာလည်း ဖျက်မရတဲ့ အနာရွတ်လေးတစ်ခု ထင်ခဲ့တယ်။

အဲဒီဆရာကို ကျောင်းသားတွေက ခေါ်တာ ”ဆရာတုတ်ဖွား”တဲ့။  ဟုတ်ပါတယ်- သူကိုင်တဲ့ကြိမ်လုံးက အသုံးတော်ခံရလွန်းလို့   ဖွာလန်ကြဲနေပါပြီ။ နယ်ကျောင်းသားတွေကလည်း အပေအတေတွေများပါတယ်။  မိဘတွေကလည်း ကြပ်မတ်နိုင်တာမဟုတ်တော့ ကျောင်းသွားနေရင် ပြီးပြီဘဲ။  စာ ရတာ မရတာ မသိပါဘူး။  လေးတန်းသာဆိုတယ် အသက် ၁၂-၁၃တွေ၊ ကြီးကောင်ဝင်နေကြပြီ။ တစ်ချို့ကျတော့ စာမရရင် ပုဆိုး၊ လုံချည် ၄-၅ထပ် ခံဝတ်လာတယ်။ ရိုက်လိုက်ရင် ”ရွှမ်း” ”ရွှမ်း” မမည်ဘဲ ”ဖုန်း” ”ဖုန်း” မြည်နေတော့ ဆရာက သိပြီပေါ့။  ချွတ်စမ်း အောက်ကအထပ်တွေ ဆိုပြီး ပိုရိုက်ပါတယ်။ တစ်ချို့ကျတော့ ခွေးလယားသီးတွေ တင်ပါးမှာ သုတ်လာပါတယ်။  ရိုက်လိုက်တော့ အယားဖျောက်သလို ဖြစ်သတဲ့။  စုံလဲစုံပါ့။  ကျွန်မကတော့ ကြောက်တတ်သူမို့ စာကိုသာ အသေကျက်ပါတယ်။ ကျောင်းသားကြီးတွေက ဆရာ့ခုံကို ခွေးလယားသီးမှုန့်ဖြူးပြီး လက်တုန့်ပြန်ကြပါသေးတယ်။  ဆရာ မနေနိုင်အောင် ယားပြီး အိမ်ပြန်ရေချိုးရပါတယ်။ နောက်နေ့မှာ သံသယရှိသူကျောင်းသားတွေအားလုံး ဆရာတုတ်ဖွား လက်ချက်မိကြပြန်ပါတယ်။  အဲဒီအတန်းမှာ ဆရာတပည့် ဆက်ဆံရေးက တကယ့်ကို unhealthy relationship  ပါ။  နောက်ပိုင်း အဲဒီကျောင်းကလေးမှာဘဲ တခြား ချစ်စရာ လေးစားစရာ ကြည်ညိုစရာကောင်းတဲ့ ဆရာဆရာမ တွေလည်း အများအပြား တွေ့ကြုံခဲ့ရပါသေးတယ်။ သူတို့တွေဟာ နာလေးနာနဲ့ပြည့်စုံတဲ့ ဆရာအစစ်တွေမို့  ဒီနေ့အထိ ကျေးဇူးမမေ့နိုင်တော့ပါ။


မိုးစက်ပွင့်
(photo credit:  fotosearch.com)

Tuesday, 2 March 2010

ကစားနည်းရယ်တဲ့ အဖုံဖုံ

ငယ်ငယ်က နေခဲ့တဲ့ မြို့ငယ်ကလေးမှာ နတ်ပွဲတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ နတ်ဒိုးသံ တစ်ထိန်ထိန်ကြားလျှင် အူမြူးနေကြတာက ကျွန်မတို့ ကလေးတစ်သိုက်ပါ။  နတ်ဝင်သည်တွေ ကတာ ခုန်တာကို မျက်လုံးပြူးအောင် ကြည့်ပြီး အိမ်ဘေး တလင်းပြင်မှာ  အတုခိုးပြီး ကလေးနတ်ပွဲ ပြန်ကကြတာပါ။  အမေ့ပုဝါတွေ ရင်ဘတ်စီးလိုစီး၊  သစ်သားချောင်းတွေ ဒါးလုပ် ကိုင်၊ မီးဖိုချောင်က လက်ဖက်ပန်းကန်တွေထဲ ပန်းပွင့်တွေ ညှပ်ထည့်ပြီး စားစရာတွေ ဆက်သလိုဆက်သနဲ့ ပေါက်ကရ မျိုးစုံလုပ်ကြပါတယ်။  နောက်ကျတော့ အမေတို့က နတ်ပွဲမကြည့်ခိုင်းတော့ပါဘူး။  နတ်ပွဲကြည့်ရင် ငရဲကြီးတတ်တယ် လို့ ပြောပါတယ်။ အဲဒီတုန်းက နတ်ပွဲကြည့်ချင်စိတ်နဲ့ ငရဲကြောက်တဲ့စိတ် အားပြိုင်ပြီး တော်တော် စိတ်ဒုက္ခ ရောက်ခဲ့ရပါသေးတယ်..။

ကျောင်းပိတ်ချိန်မို့ အဖိုးအဖွားတွေရှိတဲ့ ရွာမှာ နေချိန်တွေကလည်း ပျော်စရာပါ။  ရွာဆိုတော့ ဆော့လို့ပိုကောင်းတယ်။   လက်ပံပွင့်နီနီဖားဖားတွေ၊ ကုက္ကိုပွင့် ပန်းရောင် ၀တ်ဆံဖွာဖွာလေးတွေ၊ လိမ္မော်ရောင်တောက်တောက်နဲ့ ပေါက်ပွင့်ကလေးတွေက ကျွန်မတို့ရဲ့ ကစားဖေါ်တွေပါ။  ကစားနည်းကတော့ စုံပါတယ်။  ကောက်ရိုးပုံပေါ်တက်ပြီး ကျွမ်းထိုးချကြလားချရဲ့။ အောက်မှာ ကောက်ရိုးမွေ့ယာခင်းထားတော့ မနာပါ။  ရေချိုးချိန်ကျရင်သာ အသားတွေ စပ်ဖျဉ်းစပ်ဖျဉ်းဖြစ်လို့ တအားအော်နေရတာ။  နောက်တစ်မျိုးက ဈေးရောင်းတမ်း ကစားတာပါ။  ညောင်ရွက်ခူးပြီး ရွှံ့ရေဖျော် ကွမ်းယာရောင်းတမ်း၊ ချွဲတဲ့အရွက်တွေရေဖျော်ပြီး ဆီရောင်းတမ်း ဆော့ခဲ့ပါတယ်။ ကုက္ကိုရွက်တွေကတော့ ပိုက်ဆံအဖြစ်သုံးတာပေါ့။ မကျည်းရွက်နုတွေခူးပြီး၊ ဆား၊ငြုပ်သီးထည့် ၊ လုံအောင်ထုပ်၊ မြေမြှုပ်ပြီး ဖနောင့်နဲ့ ၀ိုင်းပေါက်ပြီး ဘုတ်မဆီဆမ်း ခွေးသေးပန်း လုပ်စားကြတာ အရမ်းအရသာရှိခဲ့ပါတယ်။

ညအခါ လသာသာဆိုရင်တော့ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အိမ်ရှေ့က ကတ္တရာလမ်းမမှာ တစ်ဝေးဝေး ဆူညံလို့...... ကစားနည်းတွေက တစ်မျိုးပြိးတစ်မျိုးပေါ့။  လူများရင် ထုတ်စီးတိုးတမ်း၊ ဒီဒီဒီ ဆိုပြီး အသံရှည်ဆွဲပြီး အခေါက်ရေပြိုင်ပြေးရတဲ့ ကစားနည်း၊ အတန်းလိုက် တစ်ယောက်ခါး တစ်ယောက်ဆွဲပြီး မထွေးကို ကာကွယ်ရတဲ့ ရွှေစွန်ညို ကစားနည်းတွေက အများဆုံး ဆော့ကြပါတယ်။ လူကြီးတွေက ညဖက်ဆို တူတူပုန်းတမ်းပေးမဆော့ပါဘူး။ နတ်ဖွက်တတ်တယ်  တကယ်ပျောက်သွားတတ်တယ်တဲ့။  (တကယ်တော့ မြွေပါးကင်းပါး စိုးရိမ်တာ ထင်ပါရဲ့။)  ကိုယ်လုံးသေးပြီး နှေးကွေးတဲ့  ကျွန်မရဲ့ အကြိုက်ဆုံးကစားနည်းကတော့ အင်အားမသုံးရတဲ့  ပြဇာတ်ကခြင်း ပါ။ ကြားဖူးသမျှ ရုပ်ရှင် ဇာတ်လမ်း ကက်ဆက်ဇာတ်လမ်းမကျန် ရောသမမွှေပြီး ကိုယ်ဟာကိုယ် ဇာတ်လမ်းဆင်ပါတယ်။  ပြီးတော့ ကျရာနေရာက သရုပ်ဆောင်ကြတယ်။  အစလောက်ပဲစဉ်းစားပြီး  ကရင်းနဲ့ ဇာတ်လမ်းက ဆက်စီစဉ်သွားကြတာပါ။  မှတ်မိသလောက် ခေါင်းကွဲပြီး အတိတ်မေ့တဲ့ဇာတ်လမ်းတွေ တော်တော်များများ က ဖြစ်တယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်နေကြတာပဲ။ မှောင်ရီပျိုးထဲက ဆော့လိုက်ကြတာ ညဥ့်နက်လို့  အဖေအမေတွေက ဆူဆူပူပူ လှမ်းခေါ်တော့မှ အိမ်ပြန် အိပ်ကြပါတယ်....။  အဖြူရောင်ဘ၀လေးတွေပါ....။


မှတ်မှတ်ရရ ရှိခဲ့တဲ့ ကစားနည်းတခု ကတော့ မောင်နှမနှစ်ယောက် ရေကန်ထဲဆင်းပြီး ကြာပန်းခူးကြပုံပါ။  အိမ်နောက်ဖေးမနီးမဝေးက လယ်ကွင်းထဲမှာ ကန်ကြီးတစ်ခုရှိပြီး ကြာဖြူ နီပြာတွေ ပွင့်နေတာ အရမ်းလှပါတယ်။  အသက်နှစ်နှစ်လောက်ပဲ ကွာတဲ့မောင်နှမမို့ တူတူဆော့ကြပြီး အကြီးဖြစ်တဲ့ ကျွန်မက ကြာဆင်းခူးရအောင်ဆိုတာနဲ့ မောင်လေးကလည်း ရေထဲဆင်းပြီးသားပါပဲ။  ကြာပန်းတွေ တစ်ပွေ့တစ်ပိုက်ခူးပြီး ပျော်ပျော်ကြီးပြန်လာတဲ့ မောင်နှမကို အဒေါ်က ကောင်းကောင်းကြီး ကြိမ်လုံးစာကျွေးတော့တာပါပဲ။  အဲဒီကန်ထဲမှာ ချောက်နက်နက်တွေ ရှိသတဲ့။  ကလေးတစ်ယောက်လည်း ရေနစ်သေဘူးသတဲ့။  သိမှသိဘဲလေ ....။

အဲဒီ အဖြူရောင်ဘ၀နဲ့ ပျော်စရာအချိန်လေးတွေကို အခုတွေးရင် အခုလွမ်းမိပါတယ်.......


မိုးစက်ပွင့်

Monday, 1 March 2010

ကျမ ချူခြာသယ်

(ကျွန်မပုံ မဟုတ်ပါ။ အီးမေးမှ-)

ငယ်ငယ်တုန်းက ကျွန်မ အလွန်ချူချာ ပါတယ်။ မွေးစက ငါးပေါင်လောက်ပဲရှိတာမို့ ကိုယ်ခံအား မကောင်းဘူးထင်ပါရဲ့..။  ထစ်ခနဲရှိရင် ဖျားပြီ။ အမေက တစ်ရက်ကို သုံးလေးခါလောက် နဖူးစမ်းစမ်းကြည့်တာ မှတ်မိနေတယ်။ အမေ့စကားအရ  ” အဲဒီ နယ်မြို့ကလေးကို ပြောင်းလာသမျှ ဆရာဝန်တိုင်းနဲ့လည်း ခင် ခင်သွားပါတယ်” တဲ့၊ တစ်လမှာ အနည်းဆုံး တစ်ခါ နှစ်ခါလောက် ဆေးခန်းပြရတာကိုး။ 


အဲသလောက် ဆေးခန်းပြရပေမဲ့ ကျွန်မ ဆိုတဲ့ ကျွန်မက  ဆေးခန်းကို ယဉ်ပါးသင့်ပါရက်နဲ့ မယဉ်ပါးဘဲ အရမ်းကြောက်နေမိပါတယ်..။ ဆေးထိုးအပ်ကို စေ့စေ့ မကြည့်ရဲသလို ဆေးတွေစုံနေသည့် ဆေးခန်းအနံရတာနဲ့  အန်ချင်တော့တာ။  အိမ်ကနေ ဆေးခန်းတစ်လျှောက် ငိုလာတာမို့ ဆရာဝန်အခန်းထဲရောက်ရင် အမြဲတမ်း မျက်လုံးတွေ နီရဲမို့အစ် နေတတ်ပါတယ်။ ဆရာဝန်ကလေးတွေကလည်း အတော်စိတ်ရှည်ကြပါတယ်။  ဒီမှာ ကြည့်နော် အပ်ကလေးက သေးသေးလေး မနာဘူးသိလားသမီး ဆိုပြီး အားပေးကြပါတယ်။  ကျွန်မက မေမေ့ပေါင်ပေါ် မျက်နှာအပ်ထားပြီးမှ ဆေးထိုးခံတာ။  ဒါတောင် ဘယ်ဖက်ပြောင်းထိုးပါ၊ ညာဖက်ပြောင်းထိုးပါနဲ့  ဂျီကျပြီး ရသလောက် အချိန်ဆွဲတတ်သေးတယ်။  ဆရာဝန်ကလေးခမျာ ဆေးထိုးအပ်ကလေးကိုင် ငုတ်တုတ်ကလေးထိုင်ရက်က  ဘယ်ရွှေ့ ညာပြောင်း၊ (ကြက်ဖခွပ်တမ်းကစားသလို ဖြစ်နေပြီအေ) လို့ စတတ်ပါတယ်။


ကျွန်မရဲ့ ဆေးထိုးအပ် အလားဂျစ်က လေးနှစ်သမီးက စတယ်ထင်ပါရဲ့။  ခရီးသွားရင်းဖျားတော့ ကြုံရာဆေးခန်းမှာ ၀င်ပြပြီး ဆေးထိုးရတာ။  ဆရာဝန်က လူစိမ်းဆိုတော့ အထာမသိဘဲ ဆတ်ကနဲ ဆေးထိုးအပ်ကိုအသွင်း၊ ကျွန်မကလဲ ဇပ်ကနဲအရုန်း၊ အပ်က တင်ပါးထဲမှာ တစ်စင်တီမီတာလောက် ကျိုး ကျန်ခဲ့ပါရော။  အဲဒါနဲ့ ရန်ကုန် ကလေးဆေးရုံကြီးရောက် ဓါတ်မှန်တွေရိုက်၊ မေ့ဆေးပေးပြီးခွဲကြ (ဘာလို့ ထုံဆေးမသုံးတာလဲမသိ)။ အားလုံးကို ရေးရေး မှတ်မိတယ်။  အသားထဲကအပ်က အလှူပ်အရှားတိုင်းမှာ ရွှေုရွေ့သွားတာမို့ နှစ်ခါခွဲပေမဲ့ အပ်ရှာမရပါ။  (တင်ပါးမှာ ကင်းခြေများကြီးတင်ထားသလို ချူပ်ရိုးရာကြီး ကျန်ခဲ့တယ်) ... ဆေးရုံဆင်းပြီး အိမ်ပြန်လို့ တစ်လ ကျော် နှစ်လလောက်ကြာမှ ထိုင်နေရင်း ခါးထဲက မျက်ကနဲ မျက်ကနဲ နေလို့ အမေ့ကို သွားပြတော့ အပ်က အရေပြားအောက်ကလေးမှာ ရောက်နေပြီ။  အိမ်ဘေးက နာ့စ်အန်တီက ခါးကုန်းခိုင်းပြီး ဘလိတ်ဓါးမြမြလေးနဲ သာသာလေးခြစ်လိုက်တော့ နာလည်းမနာ၊ သွေးလဲသိပ်မထွက်ဘဲ အပ်ကို ပြန်ရပါတယ်။  ကျွန်မသိပ်ကံကောင်းပါတယ်။ ပြောရင်ယုံနိုင်စရာမရှိ၊ ကိုယ်တွေ့ကြုံရလို့သာပါ။  အမေက အဲဒီအပ်ကို အမှတ်တရ သိမ်းထားတယ်။


အဲဒီလို ဆေးတွေနဲ့ ဆေးထိုးအပ်ကို သိပ်ကြောက်တတ်တဲ့ ကောင်မလေးက ရန်ကုန်ဆေးရုံက ပြန်လာပြီးမှ (ဆရာဝန်) သိပ်ဖြစ်ချင်တာ ထူးဆန်းသလိုပါဘဲ။  ဆရာဝန် ဆရာဝန်မလေးတွေရဲ့ ဂျူတီကုတ် ဖြူဖြူလေးနဲ့ နာ့စ်မလေးတွေရဲ့ ခေါင်းဆောင်းဖြူဖြူလေးတွေကို သိပ်ကြိုက်ခဲ့သည်လေ။ 


တက္ကသိုလ်ဝင်တော့ ဆေး မမီခဲ့ပါဘူး (ရောဂါကို ဆေးမမီတာတော့ မဟုတ်)။  တစ်နှစ်လောက် အသည်းကွဲသလိုမျိုး ခံစားခဲ့ရပါတယ်။ သြော်- ကျမ ငယ်ငယ်တုန်းက........ .....။


မိုးစက်ပွင့်

ကံကြီးပေလို့

ကျမ လေးဖက်သွားတတ်စ အချိန်ကပေါ့...
အမေက ရုံးလဲတက်ရ၊ ကလေးလဲထိန်း၊ ထမင်းလဲချက်ရနဲ့  အလုပ်များတဲ့ အိမ်ရှင်မတဦးလေ၊ 
လက်လက်စင်အောင်ကဲတဲ့  ကလေးလေး “ကျမ”ကို အိမ်ရှေ့ဧည့်ခန်း (မီးဖိုထဲက မြင်ရတဲ့နေရာမှာ) အိမ်တိုင်ကို ကြိုးချည်ပြီး ထမင်းချက်သတဲ့။  ကြိုးချည်ထားတာကတော့ ပြုတ်ကျတာတို့  ထိခိုက်တာတို့ ဖြစ်မှာစိုးလို့ပါ။  အစကတော့ ကြိုးက တော်တော်ရှည်သတဲ့။  ကျမက ပါတ်လေးပါတ်ခြောက် ကစားရင်း ကြိုးက တိုင်ကို တပါတ်ပြီးတပါတ် ပါတ်ပြီး အရှည် ၃-၄ ပေလောက်ပဲ ကျန်တော့တဲ့အချိန်ပေါ့။
“ဘေဘီလေးကွ”
ရုတ်တရက်  အိမ်ရှေ့ကို တိတ်တိတ်ဆိတ်ဆိတ် အလည်ရောက်လာတဲ့ အမေနဲ့ တရုံးတည်းသား အိမ်နီးချင်းဦးလေးကြီးက (ကြိုးကိုမမြင်ဘဲ) ချိုင်းနှစ်ဖက်ကနေ ကိုင်အမြှောက် ................
“မလုပ်နဲ့” .... အမေ့ရဲ့ အော်ဟစ် သတိပေးသံ
ဝါး.....  ကျမရဲ့ စူးစူးဝါးဝါး ငိုသံ
ဧည့်သည်  ဦးလေးဟာ ကျောက်ရုပ်ကြီးလို  ကြောင်အန်းအန်း ဖြစ်သွားတော့တယ်။
ဒါတွေက  တစက္ကန့်အတွင်းမှာ ဖြစ်သွားတာပါ။

မီးဖိုထဲက စိုးရိမ်တကြီး   ပြေးထွက်လာတဲ့အမေရယ်...........
စိုးရိမ်တကြီး ငုံ့ကြည့်နေတဲ့ ဦးလေးကြီးရယ်.......
ဝမ်းနည်းစွာ အငိုမရပ်သေးတဲ့ ကလေးလေး ကျမရယ်........

တကယ်ဆို ကျမ ကံကောင်းတယ်လို့  ဆိုရမှာပါ။
ဦးလေးကြီး အားအရမ်းထည့်လိုက်ရင် ခြေဆစ်ပြုတ်သွားနိုင်တယ်။
လန့်လန့်နဲ့  လွှတ်ချလိုက်ရင် ခြေ၊လက် ကျိုးသွားနိုင်တယ်။
စိတ်မကောင်းတာတွေ၊ အပြစ်တင်တာတွေ၊ ကနောက် ခံရမှာကအရင်။ အိုး -မတွေးဝံ့စရာပါလားနော်....။

နို့မို့ဆိုရင်လား။  မိုးစက်ပွင့်တယောက် လမ်းထွက်ရင် ခြေထောက်ကလေးတဖက် ဆာတာ ဆာတာ ဖြစ်နေတော့မှာပဲ။


မိုးစက်ပွင့်

Saturday, 13 February 2010

ကလလရေကြည် မှသည်

လူပီပီ ကိုယ့်အကြောင်းကိုယ် အကောင်းပြောရရင် ကျမက အမေ့ရဲ့ သမီးလိမ္မာလေးပါ။
ဘာလို့လဲ သိလား။  အမေ ကျမကို ကိုယ်ဝန်ဆောင်တော့ ဂျူးဒိတ်က ဖေဖေါ်ဝါရီအလယ်လောက်ဆိုတာ သိတယ်။  အမေက အစိုးရုံးမှာ အလုပ်လုပ်နေတာဆိုတော့ ရုံးသွားရုံးပြန် ဗိုက်ဖုံးအကျီင်္တကားကားနဲ့    ( စကားမစပ် - ကျမဆိုးပုံများ ခြောက်နှစ်သမီးလောက်မှာ အမေက ဗိုက်ဖုံးအကျီင်္လှလှတွေ သူများကို ပေးပစ်တော့ “သမီးဖို့ချန်ထားဦး၊ သမီးဖို့ချန်ထားဦး“ နဲ့   နှုတ်ခမ်းစူပြီး ဂျီကျတတ်ခဲ့တာ-ဟိ) ။  မိတ်ဆွေအပေါင်းအသင်းတွေက “ဒီဗိုက်ကြီး ဘယ်တော့မွေးမှာလဲ” လို့  မေးကြတိုင်း အမေက ခပ်တည်တည်နဲ့  “ပြည်ထောင်စုနေ့”  လို့  ဖြေခဲ့ပါသတဲ့။  ကျမဆိုတဲ့ကျမကလဲ  အမေ့ကို ရိုသေလိုက်ပုံ - သဘာဝအတိုင်း ပြည်ထောင်စုနေ့ မှာ မွေးခဲ့ပါတယ်။

မမွေးခင်ကတော့ နည်းနည်း ဆိုးပါတယ် ( ကဲ- ဆိုးတာကျတော့ ဖော့ပြောတယ် တွေ့လား)
ဗိုက်ကြီးသည်တွေ ချင်ခြင်း အမျိုးမျိုး တပ်ကြတယ်လို့ ကြားဖူးတယ်။  ရွာတွေမှာ တော့  ဆေးလိပ်ပြာ စားချင်လေ့ရှိတာ မကြာမကြာ တွေ့ဖူးတယ်။  ကျမကိုယ်ဝန်နဲ့   အမေ ချင်ခြင်းတပ်လိုက်ပုံက သရက်သီး စားချင်တယ်တဲ့။  သရက်သီးကလဲ  နှစ်မိုင်ကျော်လောက် ဝေးတဲ့ရွာက ဘကြီးတ၀မ်းကွဲရဲ့ ခြံထဲက သရက်သီး ကိုမှ စားချင်တာပါတဲ့။  ကျမအဖေမှာ ဗိုက်မျက်နှာနဲ့   ချက်ခြင်း စက်ဘီးလေး တွန်းပြီး သရက်သီး သွားတောင်းခူးပေးရပါတယ်။  တော်သေးတာပေါ့  - ချင်းတောင်ပေါ်က ပန်းသီး မဟုတ်လို့...............

အဲဒီလိုနဲ့    ပြည်ထောင်စုနေ့ရဲ့ မနက်ခင်းကလေးတခုမှာ “မိုးစက်ပွင့်” ဆိုတဲ့ လူသားကလေး “အူဝဲ” တေးကိုဆိုလို့   ကမ္ဘာမြေကို နှုတ်ဆက် ၀င်ရောက်ခဲ့ပါတယ်.............


(မွေးနေ့ အမှတ်တရ ပို့စ်)

မိုးစက်ပွင့်