တီဗွီခလုတ်ကို ဖွင့်လိုက်တာနဲ့ ဖန်သားပြင်ပေါ်မှာ မကြာမကြာတွေ့ရလေ့ရှိတဲ့ “လိုတရ” “ကံပွင့်” “အောင်သိဒ္ဒိ” “ရွှေပြည့်ငွေလျှံ“ “၀င်းဝင်း“ ဆိုတဲ့ အမွှေးတိုင်၊ နံ့သာတိုင် ကြော်ငြာတွေ .............. .။ ကြော်ငြာ မင်းသမီး ချောချောလှလှလေးက ဧရာမ စိန်လက်စွပ် ပြူးပြူးကြီးဝတ်ထားတဲ့ သူ့လက်ချောင်း လှလှလေးတွေနဲ့ အခိုးအငွေ့ တလူလူထွက်နေတဲ့ အမွှေးတိုင်ချောင်းတွေကို ဘုရားမှာ ကပ်လှူပူဇော်နေဟန်၊ မစားရ ၀ခမန်း ကြော်ငြာစာသားတွေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပုံ ဟန်ပါပါ လှုပ်ခါယမ်းပြီး သရုပ်ဆောင်လိုက်တာများ ကြည့်ရင်းနဲ့ အမွှေးတိုင်ထုပ်တွေ ဒါဇင်လိုက်ဝယ်ပြီး ဆုတောင်းပစ်ချင်စိတ် ပေါက်သွားစေရမယ်။
ဒီ လှပတဲ့ မြင်ကွင်းရဲ့နောက်မှာ မလှပတဲ့ အဖြစ်အပျက်ကလေးတွေ ရှိနေပါတယ်။
မြန်မာတပြည်လုံးအတွက် အမွှေးတိုင်တွေကို အဓိက ထုတ်လုပ်နေတာကတော့ ရေစကြိုမြို့နယ် ကပါ။ ရေစကြိုက နံမည်ကြီး ရှင်မတောင်သနပ်ခါးထွက်သလို ပါတ်ဝန်းကျင်ကရွာတွေမှာလည်း သနပ်ခါးခြံတွေ အများအပြားရှိကြပါတယ်။ သဘာဝပေါက်ပင်ဖြစ်တဲ့ သနပ်ခါးဟာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ကိုမှ အလွန်ပဲ နှစ်သက်ပါတယ်။ ရှင်မတောင်လို ကျောက်သားဆန်တဲ့မြေပေါ်မှာဆို ပိုကျစ်ပြီး ပိုမွှေးတော့တာဘဲ။ ( လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်အထိ တခြားသီးနှံစိုက်ဖို့အတွက် သဘာဝပေါက်ပင်သနပ်ခါးကို တူးတောင်ထုတ်ပစ်ရပါသတဲ့။ အခုတော့ ၀င်ငွေကောင်းတဲ့ အပင်တမျိုးအဖြစ် စီးပွားဖြစ် စိုက်လာကြပါပြီ။) မူလက အဲဒီ သနပ်ခါး ပင်စည်တွေရဲ့ ကြိတ်ဖတ်တွေကနေ အမွှေးတိုင် ထုတ်လုပ် လာခဲ့ကြတာပါ။ နောက်ပိုင်း တော့ သနပ်ခါးပင်တွေ ရှားပါးခဲ့ပြီမို့ မကျည်းသားကိုကြိတ်၊ အမွှေးနံ့ရောစပ်ပြီး လုပ်ကိုင် လာကြရာကနေ အခုနောက်ဆုံး ရရာသစ်သားကိုကြိတ်ပြီး ပြုလုပ်လာကြပါပြီ။ အကျိုးဆက် အနေနဲ့ ပူပြင်းတဲ့ ဒီဒေသမှာ အပင်တွေ နည်းသထက်နည်းလာလို့ အပူရှိန်ပိုပြင်းလာ၊ မိုးတွေလည်း ပိုနည်းလာနေပါတယ်။
နောက် အမွှေးတိုင်လိပ်ဖို့အတွက် ၀ါးတွေကို ဂန့်ဂေါဒေသကနေ ၀ယ်ယူပါတယ်။ တပေလောက်ရှည်တဲ့ ဖြတ်ပြီးသား ၀ါးပိုင်းကလေးတွေကို အိတ်ထဲသွတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ အောက်ကလို ပီနံအိတ်တစ်အိတ်မှ တထောင်ပဲရပါတယ်။ ဒါတောင် အစိုအခြောက် စိတ်တိုင်းမကျရင် မ၀ယ်ပါဘူး။ မတန်တဆ ဈေးနှိမ်ထားမှန်းသိသိနဲ့ လည်း ရှောင်လွှဲလို့မရတဲ့ စားဝတ်နေရေးကြောင့် တနေ့တနေ့ ၀ါးပင်ပေါင်းများစွာ ခုတ်လှဲနေကြပါတယ်။
လက်လုပ်လက်စားတွေက အဲဒီ ၀ါးဆစ်ပိုင်းကလေးတွေကို အမွှေးတိုင်ချောင်းအရွယ် အနေတော် အစိတ်သေးသေးကလေးတွေ ခွဲပြီး ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းလို မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ ၀ါးစိတ်ရဲ့အနားစောင်းတွေ ချောသွားအောင် လှိမ့်ရပါတယ်။ ပြီးတော့ အစည်းကလေးတွေစည်းပြီး ကုမ္မ္မဏီကို သွင်းရပါတယ်။
အမွှေးတိုင်လက်ခစားလုပ်တဲ့ ကလေးမလေးများကျတော့ အမွှေးတိုင်ကုမ္မ္မဏီကပေးတဲ့ ကြိတ်သားအနှစ်တွေနဲ့ ၀ါးချောင်းစည်းကလေးတွေကို ယူပြီး အမွှေးတိုင် “လှိမ့်”ကြပါတယ်။ လက်ခအနေနဲ့ အချောင်း ၂၀၀ ပြီးရင် ၁၅၀ ကျပ်ရပါတယ်။ လက်မြန်ရင်မြန်သလို တနေ့လုံးကို အချောင်း ၆၀၀ ကနေ ၈၀၀ အထိ ပြီးအောင်လုပ်နိုင်ကြတာမို့ တနေ့ဝင်ငွေက ၅၀၀-၆၀၀ ကျပ်ပါ။ တနေကုန် ခါးချိအောင်လုပ်ရပေမဲ့ ၀င်ငွေက မြို့ပေါ်က ကလေးမုန့်ဖိုးလောက်ပဲ ရကြရှာတာပါ။ ဒါပေမဲ့ အလုပ်မရှိတဲ့ တောသူတောင်သား တွေအတွက် ကောက်ရိုးတမျှင်ပါဘဲ။ ရွာတွေမှာရှိတဲ့ အဲဒီလို အလုပ်မရှိကြတဲ့ ကလေးမလေးတွေအတွက် ဘယ်လိုဝင်ငွေရမဲ့လုပ်ငန်းတွေ ထူထောင်ပေးကြမလဲ ဆိုတာ လူတိုင်း စဉ်းစားအဖြေရှာသင့်တဲ့ ပုစ္ဆာတပုဒ်ပါ။
ကဲ- ကုမ္မ္မဏီကြီးများအနေနဲ့ကတော့ လုပ်ပြီးသား အမွှေးတိုင်ချောင်းတွေကို အဆင်သင့် လှလှပပ တံဆိပ်ရိုက်ထားတဲ့ အိတ်တွေထဲကိုသွတ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့ အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချရုံပါဘဲ။ သူတို့က လူကြားကောင်းအောင် သစ်ပင်ပြန်စိုက်တယ် ဆိုပြီး မြေတွေဝယ်၊ သနပ်ခါးခြံတွေ ချကြပါတယ်။ ဒါဟာလဲ သူတို့ကြွယ်ဝဖို့ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတခုသာပါ။ ဟိုမှာဒီမှာ လှူကြတန်းကြတာတွေလဲ ကြားပါတယ်။ ဒီလောက်နဲ့ ပြည့်စုံပြီလို့ ဆိုနိုင်မလား။ တကယ်ဆို အများပိုင်မြေမှာ တမာ၊ ထနောင်း၊ ဇီး၊ ရှား တွေကိုရော စိုက်ပေးရမှာ မဟုတ်လား။