Wednesday, 14 December 2011

လျပ်တပျက် အညာမြင်ကွင်း(၂)

 အညာမြင်ကွင်းလေးတွေကို  မျှဝေခံစားနိုင်ဖို့  လျှပ်တပျက်ရိုက်ချက်ကလေးတွေကို စုစည်းပြီး တင်ပြလိုက်ပါတယ်။

ပေါက်မြို့နယ်က ဈေးသည်မလေးတွေ
tour season မို့ထင်ပါရဲ့၊ ညောင်ဦးလေဆိပ်မှာ အဲဒီလိုကြိုနေကြတယ်..
မြစ်ဧရာကို တံတားနဲ့ကူးမှာလား ...လှေနဲ့လား။။။
လှေကလေးက သူ့ချည်းပဲ ကဗျာဆန်ပြီး လွမ်းစရာ....

ပခန်းကြီးက ကျောင်းတော်ကြီးရဲ့ ရှေးလက်ရာ
စလေ ရုပ်စုံကျောင်းက ရှေးလက်ရာ....
နေကြာပန်းပုံမှမထည့်ရရင် အိပ်မပျော်တတ်သူပါလေ....
အညာမှာ အတွေ့များတဲ့ နာနတ်ရိုင်းပင်တွေ ( သူ့အမျှင်ကို ကြိုးကျစ်ရတယ်လို့ပြောပါတယ်)....
သားငယ်ပွေ့လျက် အလုပ်ကိုလည်းမပျက်စေရတဲ့ ကျေးလက်အညာလုံမ....
ရှင်မတောင်(ရေစကြို)က ခန့်ခန့်ညားညား လှလှပပ.....
ကျောင်းအားချိန်မှာ ရေခပ်ပြီး မိဘကူတဲ့ သမီးလိမ္မာလေး.....
သားသားကတော့ ရေခပ်နေတဲ့ မေမေ့ကိုစောင့်နေတာခင်ဗျ....
ချစ်စရာ အညာဓလေ့..နားခိုဖို့ဇရပ်မှာ သောက်ရေနဲ့ သနပ်ခါး......
သူငယ်ချင်းတို့ အားလုံး ပျော်ရွှင်သောခရစ်စမတ်နဲ့  ကံကောင်းသောနှစ်သစ်ဖြစ်ပါစေလို့ ကြိုတင် ဆုတောင်းလိုက်ပါတယ်.....


မိုးစက်ပွင့်

Thursday, 8 December 2011

ပုံရိပ်ထဲက မိန်းကလေး (The Girl in the Picture)

ဓါတ်ပုံတွေက သမိုင်းကို ပြောနေကြတယ် - တဲ့။ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ပုံရိပ်တွေ အများအပြား ရှိခဲ့ပါတယ်။  အဲဒီအထဲက ပုံတပုံကတော့ ၉နှစ်အရွယ် ဗီယက်နမ်နိုင်ငံ မိန်းကလေး ဖန်သီ ကင်မ်ဖု (Phan Thi Kim Phuc )ရဲ့ ပုံပါဘဲ။ အမေရိကန်တို့ရဲ့ နာမည်ကျော် နာပမ်း ()Napalm) မီးလောင်ဗုံးထိမှန်လို့  အ၀တ်အစားဗလာနဲ့ ပြေးထွက်လာတဲ့ မိန်းကလေးတဦး။  ဓါတ်ပုံကို မြင်သူတိုင်းက သူမရဲ့ အော်ဟစ်မြည်တမ်းသံကို ကြားနေရတယ်။ ပူလောင်ပြင်းပြတဲ့ ခံစားချက်ကို ပူးဝင်ခံစားမိကြတယ်။ ကရုဏာလှိုင်းလုံးတွေ တလိပ်လိပ် ရိုက်ခတ်လာကြတယ်။  ဓါတ်ပုံကို အမှတ်မထင် ရိုက်ကူးခဲ့သူက ဗီယက်နမ်လူမျိုး အေပီသတင်းထောက် ဓါတ်ပုံဆရာ Nick Ut ပါဘဲ။

ကင်မ်ဟာ ဒီဓါတ်ပုံထဲမှာ ပါဝင်ခြင်းမတိုင်မီအထိ ဗီယက်နမ် တောင်ပိုင်းက ဆေးဂုံမြို့နဲ့ ၁၄မိုင်အကွာက  Trang Bang မြို့ငယ်ကလေးမှာ နေထိုင်တဲ့ သာမာန်မိသားစုထဲက သားသမီး ကိုးဦးအနက် ပဉ္စမမြောက် သမီးမိန်းကလေး ဖြစ်ပါတယ်။  ကင်မ်ကို ၁၉၆၃ ဧပြီလ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူမရဲ့အမည်က ဗီယက်နမ် ဘာသာနဲ့  ( Golden Happiness) လို့ အဓိပ္မါယ်ရပါတယ်။ကင်မ်ရဲ့ အဖိုးဟာ အနီးပါတ်ဝန်းကျင်က အလွန်နှစ်သက်တဲ့ ချိုမြအရည်ရွှမ်းပြီး အရသာရှိလွန်းတဲ့ ကျွဲကောသီးခြံတခြံ ပိုင်ဆိုင်ပါတယ်။ ကင်မ်ရဲ့အမေက ခေါက်ဆွဲဆိုင်ဖွင့်ပါတယ်။ ကင်မ်တို့ မိသားစုဟာ လူဦးရေများသလို တဦးနဲ့တဦး ချစ်ချစ်ခင်ခင် သိုက်သိုက်ဝန်းဝန်းနဲ့ အလွန်ဘဲ ပျော်စရာကောင်းခဲ့ပါတယ်။

-----------------------------------

ကင်မ်တယောက် လူ့လောကရောက်လာချိန်မှာ ဗီယက်နမ်ရဲ့ နိုင်ငံရေးကောင်းကင် အခင်းအကျင်းက တိမ်ညိုတိမ်လိပ်တွေ မဲမှောင် အုံ့ဆိုင်းနေချိန် ဖြစ်ပါတယ်။ 
  • ၁၉၆၃မှာ မြောက်ပိုင်းCommunist နဲ့ တောင်ပိုင်း Capitalist ၀ါဒီတွေ စတင်တိုက်ခိုက်ခဲ့ကြတယ်။
  • သမ္မတ Ngo Dinh Diem နဲ့ ဘုန်းတော်ကြီးများ ပဋိပက္ခဖြစ်ပြီး ဘုန်းတော်ကြီးတပါး လမ်းမပေါ်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြတယ်။ (အဲဒီဓါတ်ပုံက ကမ္ဘာကျော်ခဲ့သလို၊  သမ္မတကတော်ရဲ့ ”ဘုန်းကြီး ဘာဘီကျူး”လို့ လှောင်ပြောင်သရော်ခဲ့တဲ့စကားကလည်း ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိခဲ့တယ်။- )
  • သမ္မတ Ngo Dinh Diem ဇာတ်သိမ်းမလှဘဲ သူ့ညီနဲ့အတူ လုပ်ကြံခံရတယ်။
  • အမေရိကန်မှာ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီး နောက်တက်လာတဲ့ သမ္မတ လင်ဒန်ဂျွန်ဆင်က ဗီယက်နမ်စစ်ပွဲမှာ သူတို့ရဲ့ ပါဝင်မှုကို အရှိန်မြှင့်ခဲ့တယ်။
  • တောင်ပိုင်းမှာလည်း ကွန်မြူနစ်ထောက်ခံတဲ့ ပျောက်ကြားစစ်တွေပေါ်လာတယ်။  လှုပ်ရှားသူတွေကို (ဟိုချီမင်းနဲ့ ဆက်စပ်ပြီး) ဗီယက်မင်းလို့ ခေါ်ရာက နောက်ပိုင်း  ဗီယက်ကောင်း ( Viet Cong ) လို့ တွင်ကျယ်လာခဲ့တယ်။  တောင်ပိုင်းရဲ့ ပျောက်ကျားစစ်၊ မြောက်ပိုင်းရဲ့ ထိုးစစ်တွေနဲ့ တောင်ပိုင်းအစိုးရနဲ့ အမေရိကန်တပ်တွေကို  ထိုးနှက်ကြတယ်။
  • မြောက်ကနေ တောင်ပိုင်းကို လက်နက်နဲ့ ရိက္ခာပို့တဲ့လမ်းက လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တွေကို ဖြတ်သန်းရပြီး ခြင်၊ မြွေ၊ မျှော့ပေါတဲ့ သစ်တောထူထူအုပ်အုပ်ကြီးတွေ၊ ချောင်းတွေ၊မြောင်းတွေ အများကြီးကို ဖြတ်ကျော်သွားရတာပါ။ အဲဒီလမ်းကို နောင်မှာ Ho Chi Minh Trail  လို့ ခေါ်ပါတယ်။
  • Ho Chi Minh Trail ကို ဖြတ်တောက်ဖို့အတွက် ၁၉၆၅ကစပြီး သမ္မတ ဂျွန်ဆင်က ဝေဟင်ဗုံးကြဲတာတွေ၊  အပင်သေစေတဲ့ ( Agent Orange ) ဖြန်းတာတွေ လုပ်လာပါတယ်။ ၁၉၆၈မှာ အများဆုံး အမေရိကန် စစ်သား ငါးသိန်းအထိ ဗီယက်နမ်ကို ၀င်ရောက်ခဲ့ပါတယ်။
  • တချိန်တည်းမှာပဲ  တောင်ဗီယက်နမ်အစိုးရက ဗီယက်ကောင်းလို့ သံသယရှိသူတွေကို အပြင်းအထန် ရှာဖွေ နှိပ်ကွပ်ပါတယ်။  ဆေးဂုံမြို့ရဲ့ လမ်းမတနေရာမှာ တောင်ဗီယက်နမ်ရဲချူပ်က ဗီယက်ကောင်းလို့ သံသယရှိသူရဲ့ နားထင်ကို သေနတ်နဲ့ အနီးကပ်ပစ်ပြီး (စံပြအနေနဲ့) သတ်ခဲ့ပါတယ်။  အဲဒီဓါတ်ပုံကလည်း အုတ်အော်သောင်းနင်းနဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။
  • နောက်ပိုင်းမှာတော့ သမ္မတဂျွန်ဆင်ရဲ့ ပေါ်လစီကို လူထုဝေဖန်မှုတွေ အရှိန်တိုးမြင့်လာပြီး နစ်ဆင်က ဗီယက်နမ်စစ်ပွဲပြီးဆုံးဖို့ ရွေးကောက်ပွဲကတိနဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။
--------------------------------

ဒီလိုနဲ့ Trang Bang မြို့လေးကို မြောက်ပိုင်းရော တောင်ပိုင်းအင်အားစုတွေ ချဉ်းကပ်လာခဲ့ကြပါတယ်။  ကင်မ်ရဲ့ မေမေ ”နု”ရဲ့ ခေါက်ဆွဲဆိုင်ကို အမျိုးသမီးငယ်တယောက် က အမြဲတမ်းလာပြီး တောင်ပိုင်း တပ်ဖွဲ့ တွေရဲ့ အင်အားနဲ့ လှုပ်ရှားမှုကို မေးမြန်းလေ့ရှိတယ်။  နုကလည်း သူသိသလောက် မှတ်ထားပြီး ပြောပြ တတ်တာမို့  မြောက်ပိုင်းအဖွဲ့ရဲ့ ခင်မင်မှုနဲ့ စားစရာလက်ဆောင်တွေ မကြာခဏ ရတတ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေရဲ့ မြေအောက်လိုဏ်ဂူကြီးက ကင်မ်တို့ရဲ့ ခြံထဲအထိရောက်လာတဲ့အခါမှာတော့ အိမ်သူအိမ်သားတွေ အံ့သြတကြီး ဖြစ်ကြရပါတော့တယ်။ ဗီယက်ကောင်းတွေရဲ့  တက် ထိုးစစ် ( Tet Offensive ) နဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ မြင့်မားလာချိန်မှာ လူအများအပြားဟာ လွတ်ရာကင်းရာကို ပြေးလွှားရှောင်ပုန်းနေကြရပါတယ်။  ကင်မ်တို့ရဲ့ ဦးလေးနဲ့ အဒေါ်မိသားစုအတော်များများလည်း  ပြောင်းရွှေ့ကုန်ကြပါပြီ။ မြောက်ပိုင်းတပ်ဖွဲ့တွေက ကင်မ်တို့ရဲ့ အိမ်ကို စခန်းအဖြစ်သိမ်းယူပြီး ကင်မ်တို့ကို အဝေးထွက်သွားဖို့ ပြောပေမဲ့  ကျမ်းမာရေးမကောင်းတဲ့ အဖိုးနဲ့ ဦးလေးကိုငဲ့ပြီး အနီးအနားမှာဘဲ ယာယီနေစရာ ဖန်တီးပြီး ဆက်နေကြပါတယ်။ မေမေ  ”နု” က တခါတရံ တပ်ဖွဲ့များထံ ခွင့်တောင်းပြီး အိမ်ပြန်ကာ ၀က်များကို အစာကျွေးပါတယ်။

အဲဒီရက်မှာပင် Trang Bang တောမြို့ကလေးတ၀ိုက် တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့တွေ တိုက်ခိုက်မှု တွေ ဖြစ်ပွားလာခဲ့ကာ  အရပ်သားအများအပြား အဆောက်အဦကြီးတွေထဲမှာ ခိုလှူံနေကြရတော့သည်။ တောင်ပိုင်းတပ်ဖွဲ့များက အမေရိကန်အကူအညီနဲ့ လေကြောင်းနှင့်မြေပြင် ညှပ်ပြီး စစ်ဆင်ပါတယ်။  လေကြောင်းတိုက်ရာမှာလည်း ပထမတသုတ်က အဆောက်အဦတွေရဲ့ အမိုးတွေအကာတွေ ပျက်စီးအောင် ရည်ရွယ်ဗုံးကြဲတာဖြစ်ပြီး နောက်တကြိမ်မှာ နာပမ်း မီးလောင်ဗုံးများနဲ့ ဗီယက်ကောင်း တွေကို သေကြေဒဏ်ရာရအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

၁၉၇၂ခုနှစ်၊ ဇွန်လ ၈ရက်။

တိုက်ခိုက်မှုတွေ ပြင်းထန်လာပြန်တာမို့ ကင်မ်အပါအ၀င် လူအများကတော့ အဖြစ်အပျက်တွေကို ထိတ်လန့်အံ့သြစွာ စောင့်ကြည့်နေကြရပါတယ်။  မနက်တိုင်းမှာ ကောင်းကင်ကနေ လေယာဉ်သံတွေ တဝေါဝေါကြားရပြီး မကြာခင်မှာဘဲ နားကွဲမတတ် ပေါက်ကွဲသံတွေ ကြားရတတ်ပါတယ်။  ဖော့စဖောရပ်ဒုံးကျည်တွေကြောင့် အဖြူရောင်မီးခိုးငွေ့တွေ၊  လက်ပစ်ဗုံးတွေရဲ့ ပေါက်ကွဲမှုကြောင့် ခရမ်းရောင်နဲ့ မုန်ညှင်းစေ့ရောင် အခိုးတွေကို တွေ့နေကြရပါတယ်။  ပြူတင်းတံခါးက အမှတ်တမဲ့ ကြည့်လိုက်တဲ့အခါမှာတော့ ကောင်းကင်ဟာ အနီရောင်ရဲနေတာကို မြင်နေရပါတော့တယ်။ အသေအချာကြည့်တော့မှ လေယာဉ်ပေါ်ကနေ မီးတောက်မီးလျံတွေ အဆက်မပြတ် ကျနေတာမို့   ရွာသားတယောက်က  ” ကောင်းကင်ဘုံက မီးတောက်တွေ ကျလာပြီဟေ့” လို့ အော်လိုက်ပါတယ်။

“ဘုရားသခင်” လူတွေက လမ်းမကိုကြည့်ရင်း အလန့်တကြား ရေရွတ်လိုက်ပါတယ်။  ပူဆွေးသောက ရောက်နေတဲ့ မိန်းမတယောက်က မီးသွေးခဲလိုမည်းနေတဲ့ ကလေးငယ်ကို ပွေ့ချီလာတာ တွေ့လိုက်ရလို့ပါ။ 

ခဏအတွင်းအမှာပဲ သူတို့နေတဲ့အဆောက်အဦထဲကို ခရမ်းရောင်မီးခိုးငွေ့တွေ ကျရောက်လာပါတယ်။  မကြာခင်မှာ နောက်ထပ် မီးလောင်ဗုံးတွေ ကြဲတော့မယ့် အမှတ်အသားပါဘဲ။  လူတွေအားလုံး အပြင်ကို အမြန်ဆုံးပြေးထွက်ပြီး ဗုံးဒဏ်လွတ်အောင် ကြိုးစားကြရပါတော့တယ်။ ကင်မ်ကတော့ အပြေးမမြန်သူမို့  အစ်ကိုတွေ မောင်တွေရဲ့ နောက်မှာ ခြေလှမ်းတော်တော်များများ ပြတ်ကျန်ခဲ့ပါတယ်။

-----------------------------

နားကွဲမတတ် ဗုံးသံတချက်နဲ့အတူ ကင်မ် မှောက်လျက်လဲသွားပါတယ်။ ထူးထူးဆန်းဆန်း ကင်မ်မှာ ကြောက်ရွံ့စိတ်မရှိဘဲ အိမ်မက်သလို ဖြစ်နေပါတယ်။  ရုတ်တရက် သတိဝင်လာတော့ သူ့တကိုယ်လုံး မီးတောက်တွေဖုံးနေပါတာ့တယ်။  အဲဒီတော့မှ ကြောက်စိတ်နဲ့ အ၀တ်တွေကိ မြန်မြန်ချွတ်ပစ်လိုက်ပါတယ်။  သိပ်ပူနေတဲ့ ဘယ်လက်မောင်းကို  ရုတ်တရက် သပ်ချလိုက်တော့ ညိုမည်းနေတဲ့ အသားကျက်ကျက် အတုံးအခဲတွေ ညာလက်ထဲပါလာပြီး သိပ်ကိုပူလောင်သွားလို့ အော်ဟစ်ညည်းညူလိုက်ပါတယ်။  နောက်မှာစည်းထားတဲ့ ဆံပင်နဲ့ နောက်ကျောလည်ကုပ်တွေပါ လောင်သွားတာကိုလည်း သိလိုက်ရပြီး အစ်ကိုတွေနောက်ကို အမီပြန်ပြေးလိုက်ဖို့ ကြိုးစားလိုက်ပါတယ်။ ပူတာရယ်၊ နာတာရယ်၊ ရေငတ်တာရယ်ကြောင့် ပြေးရင်းနဲ့လည်း အော်ဟစ်နေမိပါတယ်။  ပြေးရင်းလွှားရင်း ရုတ်တရက်ဆုံမိတဲ့ အေပီ သတင်းထောက်  Nick Ut က သူမရဲ့ပုံရိပ်ကို ကင်မရာကလစ်တချက်နဲ့ အမိအရ မှတ်တမ်းတင်နိုင် လိုက်ခဲ့ပါတယ်။ 

မကြာခင်ပဲ ကင်မ်တယောက် ဗုံးကာလအတွင်း ကွဲသွားတဲ့ မိဘများနဲ့  ပြန်ဆုံမိသွားပါတယ်။ မိဘနှစ်ပါးလုံး အံ့သြတုန်လှုပ်လွန်းလို့ ဖြူဖတ်ဖြူလျော်ဖြစ်နေပါတယ်။  ဒဏ်ရာတွေနဲ့ ကင်မ်ကတော့ ပုံလျက်သား လဲမတတ်ဖြစ်နေပြီး မေမေ ”နု” ကို မလွတ်တမ်းဖက်ထားပါတယ်။  ” အို၊ အမေ၊ ပူလိုက်တာ ၊ ပူလိုက်တာ အမေရယ်”  တဲ့။

-----------------------------
များသောအားဖြင့် မီးလောင်ဗုံးထိတဲ့ ကလေးငယ်တွေဟာ ဆေးရုံကို မရောက်ဘဲ သေသွားတတ်ကြပါတယ်။ ကင်မ်ရဲ့ အဖေနဲ့အမေဟာ ကင်မ်ကို ပွေ့ချီပြီး ဆေးဂုံမြို့အထိ ခြေကျင်သွားကာ ဆေးရုံတင်ဖို့ ကြိးစား ခဲ့ကြပါတယ်။  ဇွန်လ ၁၀ရက်နေ့အထိ ဆေးရုံသုံးရုံက လက်မခံခဲ့ပါဘူး။  နောက်ဆုံး ဆေးရုံတခုက လက်ခံခဲ့ပေမဲ့လည်း  သေလုဆဲဆဲ ကလေးတွေ ထားတဲ့အခန်းမှာသာ နေစေခဲ့ပါတယ်။ ဖီးနစ်ငှက်မလေး ကင်မ်ကတော့ သေခြင်းတရားကိုအန်တုပြီး ပြန်လည်ကျမ်းမာလာခဲ့ပါတယ်။ ခြောက်လကြာတဲ့အခါ သူမ ကုသနေတဲ့ ဆေးရုံကနေ ပြန်ဆင်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ သူမရဲ့ ဓါတ်ပုံကြောင့် လူသိများနေခဲ့ပြီး သတင်းစာတိုက်ကနေတဆင့် စာတွေ၊ လက်ဆောင်တွေ၊ အရုပ်နဲ့ ငွေတွေ မကြာခဏ ရောက်လာတတ်ပါတယ်။  ကင်မ်ဟာ စစ်ပွဲကြောင့် ထိခိုက်နစ်နာ သေဆုံးရတဲ့ ကံဆိုးသူ ကလေးငယ်တွေ အများကြီးထဲက ကွက်ပြီး ကံထူးသူကလေးတဦးလို့ ဆိုရပါလိမ့်မယ်။ 

---------------------------------------------

၁၉၇၃ မတ်လ ၁၉ရက်နေ့မှာ ဆေးဂုံမှာရှိတဲ့ နောက်ဆုံး အမေရိကန်တပ်ဖွဲ့ကို ရုပ်သိမ်းခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ စုစုပေါင်း အမေရိကန်တပ်သား ၅၈၀၀၀ သေဆုံး၊  ၃၀၀၀၀၀ ဒဏ်ရာရ၊ ၆၀၀ ကို ဖမ်းဆီးခံရပြီး ၁၃၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။  ဗီယက်နမ် စစ်သားနဲ့ အရပ်သားတွေလည်း ဒီ့ထက် အများကြီး သေကြေဒဏ်ရာရခဲ့ကြမှာပါ။  စစ်ပွဲတပွဲရဲ့သမိုင်းကို မျက်ရည်တွေ သွေးတွေနဲ့ ရေးခဲ့ကြတာပါ။

ကင်မ်ဟာ ဆေးရုံကဆင်းခဲ့ပေမဲ့ အရေပြားတွေက နေထိမခံနိုင်၊၊ခြင်ကိုက်မခံနိုင် ခဲ့ပါဘူး။ အဆုတ်တစိတ်တပိုင်းပျက်စီးနေတဲ့အတွက် ဖုန်ပါတဲ့လေကို ရှုလို့ မရခဲ့ပါဘူး။  တခါတရံ အကြောင်းမဲ့ ပြင်းပြင်းထန်ထန် နာကျင်မှု  နဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရတဲ့အတွက် သူမရဲ့ မိဘတွေက ကျမ်းမာရေးစောင့်ရှောက်မှုဂေဟာမှာ နောက်ထပ် ၇လ ထားခဲ့ရပါတယ်။ ဆေးရုံနဲ့ ဂေဟာမှာ နေစဉ်အတွင်း ဆေးဝန်ထမ်းတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် သူမဟာ ကြီးလာတဲ့အခါ ဆရာဝန်တယောက် ဖြစ်ချင်ခဲ့ပါတယ်။ “အဖေနဲ့အမေက ကျွန်မကိုမွေးခဲ့ပေမဲ့ ဆရာဝန်နဲ့ ဆရာမတွေက ကျွန်မကို အသက်ဆက်ပေးခဲ့တာပါ”  လို့ ကင်မ်က ပြောလေ့ရှိပါတယ်။

ကင်မ်ဟာ ကျောင်းပြန်တက်တဲ့အခါ အတော်ဆုံးမဟုတ်ပေမဲ့ စာတော်တဲ့ ကျောင်းသားတွေထဲမှာ ပါ ပါတယ်။ အစိုးရက “ဆိုရှယ်လစ်ဝါဒအတွက် လုပ်အားပေး” ဆိုကာ မူလတန်းကျောင်းသားများက တပါတ်တရက်၊ အလယ်တန်းကျောင်းသားတွေက နှစ်ရက်၊ အထက်တန်းကျောင်းများမှာ တလကို သီတင်းနှစ်ပါတ် အလုပ်လုပ်ကြရပါတယ်။  အလုပ်တွေ သိပ်ပင်ပန်းလာတဲ့အခါ ကင်မ်က ဆရာကို နားခွင့်တောင်းခဲ့ပါတယ်  ၊  ဆရာက သူဘာမှမကူညီနိုင်ဘူးလို့ ပြောတဲ့အခါ နေထိခံလို့မရတဲ့ သူမရဲ့ ဒဏ်ရာတွေကို အကျီင်္ လက်မောင်းလှန်ပြီး ပြသခဲ့ရပါတယ်။ 

နောက်တနှစ်မှာ ကင်မ်ရဲ့ မေမေ နု ဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်ကလေးကို အစိုးရစားသောက်ဆိုင်ဆိုပြီး တံဆိပ်လာကပ်ပါတယ်။  အလုပ်သမားတွေကို လက်မှတ်တွေပေးပြီး တန်းစီစံနစ်နဲ့လာစားခိုင်းပါတယ်။  နုက စားဖိုမှုးလစာနဲ့ သူတို့ကို ခေါက်ဆွဲပြုတ်ပေးရပါတယ်။  တနေ့တခြား အလုပ်သမားတွေဟာ စက်ရုပ်တွေနဲ့ တူတူလာပါတယ်။ သူတို့ဟာ တယောက်နဲ့တယောက် ဖေါ်ဖေါ်ရွေရွေ စကားမပြောကြဘူး။  အေးစက်နေတဲ့ ခေါက်ဆွဲတွေကိုလည်း  မငြီးမငြူသောက်ကြပါတယ်။

၁၉၇၉ရဲ့ နေ့တနေ့မှာတော့ ကင်မ်တို့အိမ်ရှေ့ကို အနက်ရောင်ကားတစီးဆိုက်လာပြီး ဓါတ်ပုံထဲက မိန်းကလေးကို ရှာပါတယ်။   ကင်မ်က သူမပါပဲလို့ ပြန်ဖြေရင်းတွေးနေမိတယ်။  နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဘာကြောင့် တွေ့ချင်ကြရပါလိမ့်  လို့ပေါ့။ အဖြေကို မကြာခင်ပဲ သိခဲ့ရပါတယ်။ ရက်အနည်းငယ်အတွင်းမှာ သူမကို သတင်းပြန်ကြားရေးဝန်ကြီး ဌာနရဲ့ အရာရှိတယောက်က ဟိုချီမင်းစီတီး ကို ဖိတ်ခေါ်ခဲ့ပါတယ်။   ဓါတ်ပုံထဲက မိန်းကလေးကို သတင်းဂျာနယ်များက အင်တာဗျူးကြဖို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကင်မ်ဟာ ပြန်ကြားရေးဌာနရဲ့ အသုံးချခံတယောက် ဖြစ်သွားခဲ့ပါတော့ တယ်။  အရာရှိများက  ဒါကိုပြောပါ၊ ဟိုဟာကို ပြောပါ စသဖြင့် သင်ကြားပေးကြသလို တခါတလေ  လက်ရှိအစိုးရအောက်က စီးပွားရေးအကြပ်အတည်းတွေကို ထင်ဟပ်တာမျိုးပြောမိရင်လည်း အဆူအပူခံရပါတယ်။ နောက်ပိုင်းမှာ ကင်မ်ဟာ ဘာကို ပြောရမယ်၊ ဘာကို မျိုသိပ်ထားရမယ် စသဖြင့် ခွဲခြားနားလည် သွားပါတော့တယ်။

သတင်းဌာနမှာ အလုပ်လုပ်နေရတဲ့အတွက် သူမဟာ ကျောင်းသင်ခန်းစာတွေ ပျက်ကွက်လာပါတယ်။  သင်ခန်းစာတွေကို ပြန်ကူးလို့ရပေမဲ့ လက်တွေ့စမ်းသပ်မှုတွေ၊ ဆေးရုံဆင်းရမဲ့ရက်တွေ ကတော့ အစားထိုးလို့မရနိုင်ပါဘူး။  သူမက ဆက်ပြီးအလုပ်လုပ်ဖို့ ငြင်းဆန်ပါတယ်။  မရပါဘူး။  “ကျမ ဆရာဝန်ဘဲ ဖြစ်ချင်ပါတယ်၊ စစ်ပွဲမှာ ခံစားရသူတွေ အများကြီးရှိပါတယ်၊ ဘာကြောင့် ကျွန်မကိုမှ ဒီလိုလုပ်စေချင်ရတာလဲ” လို့ မေးတဲ့အခါကျတော့  “မင်းရဲ့ သတင်းကိုမှ လူတွေက စိတ်ဝင်စားကြတယ်လေ” တဲ့။  နောက်ဆုံးတော့ သတင်းဌာနအရာရှိများရဲ့ တိုက်တွန်းမှုကြောင့် ကင်မ်ကို ကျောင်းအုပ်ကြီးက ကျောင်းဆက်တက်ခွင့် မပေးတော့ပါဘူး။ ကင်မ် ကြေကြေကွဲကွဲ ငိုခဲ့ရပါတယ်။  ကင်မ်ဟာ ကျောင်းတက်ခွင့်မရတော့ပေမဲ့ နိုင်ငံခြားသတင်းထောက်တွေ မှတ်တမ်းတင်ဗီဒီယိုရိုက်တိုင်း အငှားဂျူတီကုတ်နဲ့ ဆေးကျောင်းသူ သရုပ်ဆောင်ပေးရပါတယ်။  တခါကလည်း ပြန်ကြားရေးအရာရှိက သူမကို ကလေးတွေနဲ့ အမှတ်တရရိုက်ပေးမယ်ဆိုပြီး သတင်းတနေရာမှာ “စစ်ဘေးသင့်မိန်းကလေး ကင်မ်နဲ့ သူမရဲ့ သမီးငယ်” လို့ မှားယွင်းစွာ ခေါင်းစဉ်တပ်ခံခဲ့ရပါသေးတယ်။

------------------------------------

နောက်ဆုံးတော့ ကင်မ်ဟာ ပိတ်မိနေတဲ့ဘ၀ထဲက ထွက်ပေါက်တခုကို ရရှိခဲ့ပါတယ်။ ဒါကတော့ သူမ ငယ်စဉ်က လာရောက်တွေ့ဆုံသတင်းယူခဲ့ဖူးတဲ့ သတင်းထောက် ပယ်ရီကရက်ဇ်နဲ့ ပြန်လည် ဆုံတွေ့ခဲ့တာပါဘဲ။ ပယ်ရီနဲ့ပြန်လည်ဆုံတွေ့ချိန်မှာ ကင်မ်ဟာ အစာအိမ်ဝေဒနာနဲ့ အိပ်မပျော်တဲ့ ရောဂါတွေကို ကုသဖို့ လိုအပ်နေပါတယ်။  သူမကို ကူညီဖို့အတွက် ထုတ်ဝေသူတွေဆီက အကူအညီ တောင်းခံပါတယ်။   ပယ်ရီရဲ့ ဇနီးကလည်း အားတက်သရော ကူညီခဲ့ပါတယ်။ ပယ်ရီက သူမကို အနောက်ဂျာမနီမှာ ဆေးကုသ ပေးဖို့ရန် အတွက် ဗီယက်နမ်အစိုးရဆီမှာ စာတင်ပါတယ်။  တနှစ်ကျော်ကြာတဲ့အထိ အစိုးရက အကြောင်းမပြန်ခဲ့ပါဘူး။  နောက်ဆုံး ၁၉၈၄ နှစ်လည်မှာ ကင်မ် တယောက် ဂျာမနီမှာ သုံးပတ်ကြော ဆေးကုခွင့် ရခဲ့ပါတော့တယ်။ ဂျာမနီက ပြန်လာပြီးတဲ့နောက် ကံအားလျော်စွာ ၀န်ကြီးချူပ် ဖန်ဗန်ဒေါင်းနဲ့ တွေ့ဖို့ ဖိတ်ကြားခဲ့ပါတယ်။  ၀န်ကြီးချူပ်နဲ့တွေ့ချိန်မှာ ကင်မ်က သူမရဲ့ ပညာရေးကို ချူပ်ချယ်ခံရပုံနဲ့ ဆေးကျောင်းသူအယောင်ဆောင်ခဲ့ရပုံတွေကို ပြန်ပြောပြတဲ့အတွက် ၀န်ကြီးချူပ်ရဲ့ ထောက်ခံချက်နဲ့ (သူမရဲ့ ကျမ်းမာရေးအရ) အင်္ဂလိပ်စာအထူးပြု ဘွဲ့သင်တန်းတက်ခွင့်ရခဲ့ပါတယ်။ ကင်မ်ရဲ့ ပညာရေးအတွက် အမေရိကန်စကောလားရှစ်အချို့ ရောက်ခဲ့ပေမဲ့ လုံခြုံရေးအတွက်ဆိုကာ ပယ်ချခံခဲ့ရပါတယ်။  နောက်ပိုင်းမှာ အစိုးရအစီအစဉ်နဲ့ ကျူးဘားနိုင်ငံ ဟာဗားနားမှာ ဆေးပညာသင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ကြင်ဖက်လောင်း ဗီယက်နမ်လူမျိုး သူငယ်ချင်း တုန်န် ကို တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။

ဟာဗားနားတက္ကသိုလ်ရဲ့  မှာ Pharmacology သင်ကြားနေတဲ့ ကင်မ်အတွက် အခက်အခဲနှစ်ခုရှိပါတယ်။  တခုက စပိန်ဘာသာစကားဖြစ်ပြီး နောက်တခုက ဓါတုပစ္စည်းတွေနဲ့ တွေ့ထိလို့မရတဲ့ သူမရဲ့ အရေပြား ပြသနာပါ။  တနှစ်ခန့်ကြာတဲ့အခါမှာတော့ ဓါတ်မတည့်မှုတွေ ဆိုးဆိုးဝါးဝါးခံစားရပြီး သူမ စိတ်အားထက်သန်တဲ့ ဆေးပညာကို စွန့်လွှတ်လိုက်ရပါတယ်။  ၁၉၈၉မှာတော့ ကင်မ်ဟာ  အင်္ဂလိပ်ဘာသာ အထူးပြုနဲ့ ဟာဗားနားတက္ကသိုလ်မှာ ပညာကို ဆက်လက်သင်ကြားခဲ့ရပါတယ်။ ပညာသင် စဉ်တလျောက်လုံးမှာ ကင်မ်ဟာ ဟာဗားနားမှာရှိတဲ့ ဗီယက်နမ်သံရုံးက “ကြီးကြပ်သူ” တယောက်ရဲ့ အထူးကြီးကြပ်မှုအောက်မှာ မျက်စေ့ဒေါက်ထောက်ကြည့်တာကို ခံနေရပါတယ်။

မေမေ နု ရဲ့ ခေါက်ဆွဲဆိုင်ဟာ အဆုံးအရှုံးတွေ အများကြီး ကြုံနေရပါတယ်။  အရာရှိကြီးခရီးစဉ်အတွက် ခေါက်ဆွဲပွဲ အမြောက်အများမှာပြီးမှ လုံခြုံရေးအတွက်ဆိုပြီး လာမစားတော့တာ၊  အရာရှိကြီးခရီးစဉ်ကြောင့် ခေါက်ဆွဲဆိုင် ပိတ်ထားခိုင်းတဲ့နေ့ရက်တွေ၊  ခေါက်ဆွဲဆိုင်ရဲ့ မျက်နှာစာ နေရာအချို့ကို အသိမ်းခံရတာတွေ ဖြစ်ပါတယ်။  အပြင်းထန်ဆုံးထိုးနှက်ချက်ကတော့ တူမဖြစ်သူက သူမရဲ့ခင်ပွန်းအရှိန်အ၀ါနဲ့ ခေါက်ဆွဲဆိုင်ကို အကြွေးနဲ့သိမ်းတယ်လို့ ကြေငြာခဲ့တာပါပဲ။  မေမေနုက အဲဒီဆိုင်မှာ ချက်ပြုတ်သူအဖြစ် ပြန်ခန့်ထားခံရပါတယ်။  ဒုက္ခရောက်နေတဲ့ မိသားစုက ကင်မ်ကို အားကိုးတကြီး ဆက်သွယ်လာကြပါတယ်။  အလုပ် တခုခုလုပ်ပြီး ငွေပို့ပေးနိုင်မလား  တဲ့။ ငွေ -ငွေ -ငွေ။   ခြိုးခြိုးခြံခြံ ကျောင်းတက်နေရတဲ့ ကင်မ် တယောက် ငွေရှာဖို့ စဉ်းစားရင်း ခေါင်းခြောက်နေရပါတယ်။ သူမရဲ့ သံရုံးအထူးကြီးကြပ်သူကလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကင်မ်ဟာ အထိမ်းအချူပ်တွေအောက်မှာနေရတာကို ငြီးငွေ့လှပါပြီ။

သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း ပံ့ပိုးမှုနဲ့ ကင်မ်ဟာ တုန်န်ကို လက်ထပ်လိုက်ပါတယ်။  နောက်ပြီး ဆိုဗီယက်ကို ဟန်နီးမွန်းထွက်ဖို့ စီစဉ်ရင်း သူမရဲ့ လွတ်မြောက်မှုအတွက် စိတ်ကူးတွက်ချက်နေပါတယ်။  မော်စကိုသွားတဲ့လေယာဉ်က ကနေဒါမှာ တထောက်နားသည်လေ..။


 --------------------------------------

ကင်မ်ဟာ  ကနေဒါနိုင်ငံမှာ ခင်ပွန်း တုန်န်နဲ့အတူ နေထိုင်ရင်း သားကလေး သောမတ်စ် နဲ့ စတီဖင် ကိုမွေးဖွားခဲ့ပါတယ်။  ၁၉၉၇ အစောပိုင်းမှာ  သတင်းထောက်တယောက်က ကင်မ်ကို ရှာတွေ့ခဲ့ပြီး  Kim's Story: The Road from Vietnam ဆိုတဲ့ သတင်းဇာတ်လမ်းတိုကလေးတခု ထုတ်လုပ်ခဲ့ပြီးတဲ့နောက် လူသိများလာခဲ့ပါတယ်။ ကင်မ်ရဲ့ ကနေဒါမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေရပုံကို စာနာတဲ့သူတွေက ငွေကြေးထောက်ပံ့ကြလို့ တိုက်ခန်းတွဲကနေ အွန်တေရီယိုမြို့မှာ သင့်တင့်တဲ့အိမ်ငယ်ကလေးတလုံးနဲ့ နေထိုင်လာနိုင်ခဲ့ပါတယ်။   အဲဒီနောက် ကင်မ်က အိမ်ရှင်မတယောက်အဖြစ်  နေထိုင်ခဲ့ပြီး အိမ်ပြင်ပမှာ UNESCO ရဲ့ Volunteer တယောက်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၇မှာ  UNESO ရဲ့ Goodwill Ambassador တယောက်အဖြစ်ထမ်းဆောင်ပြီး ငြိမ်းချမ်းရေးနှင့် နားလည်မှုတည်ဆောက်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ တချိန်တည်းမှာပင် ချီကာဂိုအခြေစိုက်  Kim Foundation ကိုထူထောင်ပြီး စစ်ပွဲဒုက္ခသည်ကလေးငယ် များကို ကူညီစောင့်ရှောက်ခဲ့ပါတယ်။  သူမက  Kim Foundation မှာ ဥက္ကဌဖြစ်ပြီး ဗီယက်နမ်စစ်ပြန် Ron Gibbs က အတူကကွဦးစီးဦးဆောင် ပြုခဲ့ပါတယ်။

ကင်မ်ရဲ့ သားငယ်ကလေးကို ပွေ့ပိုက်ထားတဲ့ ဓါတ်ပုံက မြင်သူတိုင်းကို ဖမ်းစားနိုင်ခဲ့ပါတယ်။  စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကြမ်းရှနေတဲ့ မိခင်ရဲ့ နောက်ကျောက အသားအရေနဲ့   နုနယ်ချောမွေ့တဲ့ သားငယ်ကလေးရဲ့ အသားအရေ၊ ဒီဆန့်ကျင်ဖက်အရာနှစ်ခုရဲ့ အားပြိုင်မှု။  အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မျှော်လင့်ခြင်း၊ အေးချမ်းခြင်း ရသမျိုးစုံကို ဒီဓါတ်ပုံတစ်ပုံထဲက တပြိုင်နက်တည်း ပေးစွမ်းနိုင်ခဲ့တာမို့  ၁၉၉၆ခုနှစ် World Press Award ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ 

------------------------------

အမေရိကန်စစ်ပြန်များရဲ့နေ့တနေ့မှာ ကင်မ်ကို ဖိတ်ကြားပြီး စကားပြောစေခဲ့ပါတယ်။  ကင်မ်ရဲ့ ပြောကြားချက်ကတော့-
”သူငယ်ချင်းတို့၊  ရှင်တို့နဲ့အတူ ကျမ ဒီနေ့ရှိနေရတာကို သိပ်ပြီးဝမ်းသာမိပါတယ်။   အားလုံးသိကြတဲ့အတိုင်း ကျမကတော့ နာပမ်းမီးလောင်ဗုံးကနေ ဒဏ်ရာရပြီး ထွက်ပြေးခဲ့တဲ့ မိန်းကလေးပါဘဲ။  ကျမကိုယ်တိုင် သမိုင်းကို ပြောင်းလဲပစ်နိုင်စွမ်းမရှိတဲ့အတွက် ဒီစစ်ပွဲတွေရဲ့အကြောင်း အဓိက ပြောမနေချင်တော့ပါဘူး။  ကျမက ရှင်တို့ကို စစ်ပွဲရဲ့ အနိဌာရုံတွေကို သတိရပြီးတော့ တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေ ရပ်တန့်စေဖို့ကိုဘဲ လိုလားပါတယ်။  ကျမဟာ စစ်ပွဲကြောင့် ကိုယ်ရော စိတ်ပါ ထိခိုက်နာကျင်ခဲ့ရပါတယ်။  တခါတလေ ကျမ အသက်မရှင်နိုင်တော့ဘူးလို့တောင် တွေးမိပါတယ်။  ဒါပေမဲ့ ဘုရားသခင်က ကျမကို ယုံကြည်မှုခွန်အားနဲ့ မျှော်လင့်ချက်ကို ပေးအပ်ခဲ့ပါတယ်။  တကယ်လို့ ကျမသာ ဒီ မီးလောင်ဗုံးချခဲ့တဲ့ ပိုင်းလော့နဲ့ မျက်နှာချင်းဆိုင်ပြီး တွေ့ခဲ့မယ် ဆိုရင် .........”
အဲဒီအချိန်မှာ ပရိသတ်ထဲက ဘုန်းတော်ကြီး Plummer က  ”  ကင်မ်-  ငါဟာ အဲဒီလူပါဘဲ” လို့ သူ့ရှေ့က စာရွက်ပေါ်မှာ တုန်တုန်ရီရီ ချရေးလိုက်ပါတယ်။  Plummer ဟာ စစ်ပွဲပြီးကတည်းက စိတ်ဒဏ်ရာကြောင့် အိမ်ထောင်ပျက်၊ အရက်သမား လုံးလုံးဖြစ်ခဲ့ပြီး နောက်ဆုံး သာသနာရိပ်ကို ခိုလှုံခဲ့ပါတယ်။  သာသနာတော်ကြောင့် ညစဉ် အိမ်မက်ထဲက မိန်းကလေးကင်မ်ရဲ့ အော်ဟစ်သံ ချောက်အိမ်မက်တွေက လွတ်မြောက်စပြုလာပေမဲ့  နောင်တတရားက သူ့ကို ဖိစီးနေဆဲပါ။  နောက်ဆုံး ဒီမိန်းကလေးကို သူကိုယ်တိုင် တွေ့ပြီး တောင်းပန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  ကင်မ်က မိန့်ခွန်းဆက်ပြောပါတယ်။
”တကယ်လို့များ တွေ့ခဲ့ရင် ....... ကျမတို့ သမိုင်းကို မပြောင်းလဲနိုင်ခဲ့ဘူး။  ဒါပေမဲ့ လက်ရှိဘ၀မှာ ကောင်းတာတွေဘဲလုပ်ပြီး၊   နောင်အနာဂတ်မှာ ငြိမ်းချမ်းရေးအတွက် အတူတကွ ကြိုးစားကြရအောင်  လို့  ပြောချင်ပါတယ်”
ကင်မ်က သူမ မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီး စစ်ပြန်ကြီးများကို ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။  နံရံမှာ ပန်းခွေ  ချကြပါတယ်။  ကင်မ်က ကျမျက်ရည်ကို သုတ်လိုက်သလို၊ ပရိသတ်အများအပြားကလည်း အတိတ်က ဗီယက်နမ်စစ်ပွဲကို ပြန်ပြောင်းသတိရရင်း လှိုက်လှဲစွာ ငိုကြွေးကြပါတယ်။

အခမ်းအနားပြီးလို့ အိမ်ကိုပြန်ခါနီးမှာတော့ တစုံတယောက်က သူ့နားကို တိုးတိုးလာပြောပါတယ်။ “ကင်မ်- မင်းတွေ့ချင်တဲ့လူက  .....  မင်းနောက်မှာပါ”  တဲ့။  သူမက တအံ့တသြလှည့်ကြည့်လိုက်တော့ နာကျင်နေတဲ့ ခံစားချက်မျက်နှာနဲ့ လူတဦးကို တွေ့လိုက်ရပါတယ်။  သူမက လက်တွေကို ဆန့်တန်းလိုက်ပါတယ်။  အဲဒီလူက သူမရဲ့ လက်တွေထဲကို တိုးဝင်လိုက်ပါတယ်။  ” စိတ်မကောင်းပါဘူး၊ စိတ်မကောင်းပါဘူး မိန်းကလေးရယ်”   လို့ ၀မ်းနည်းလှိုက်လှဲစွာ ပြောလိုက်တော့  ”  ရပါတယ်ရှင်”  လို့ သူမက တုန့်ပြန်လိုက်ပါတယ်၊  ” ကျမ ခွင့်လွှတ်ပါတယ်၊ တကယ့်ကို ခွင့်လွှတ်ပါတယ် ရှင်ရယ်” တဲ့။

------------------------------

ခေတ်တွေဘယ်လိုပြောင်းပါစေ၊ ဓါတ်ပုံထဲက မိန်းကလေးကတော့ ဘယ်တော့မှ အသက်ကြီးမလာတဲ့  ဗုံးဒဏ်ကြောင့် နာကျင်အော်ဟစ်နေတဲ့ မိန်းမငယ်ကလေးတယောက် ဖြစ်မြဲဖြစ်နေဦးမှာပါပဲ။  သူမရဲ့ အသံမဲ့အော်ဟစ်ငိုကြွေးနေပုံက  စစ်ပွဲရဲ့ အကျည်းတန်လှတဲ့ အပြစ်တွေကို ဖွင့်ဟနေသလိုပါပဲ။ ဆေးဂုံမြို့ရဲ့  Associated  Press မှာ နောက်ဆုံးအကြီးအကဲဖြစ်ခဲ့ဖူးသူ George Esper က " ဒီဓါတ်ပုံဟာ စစ်ပွဲတစ်ပွဲရဲ့ အနိဌာရုံကိုသာ ထင်ဟပ်နိုင်တာမဟုတ်ဘဲ စစ်ပွဲတိုင်းရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်ခဲ့တယ်  "  လို့ပြောခဲ့ပါတယ်။  တကယ်တော့ ဆရာကြီး ဒဂုန်တာရာရဲ့ ”စစ်မဲ့ကမ္ဘာ” ကဗျာထဲကလို ( စစ်အင်အားဟူ၊ အနုမြူဗုံး၊ လုံးဝဖယ်ရှား၊ ဖျက်ဆီးထား၍၊ ဓါးမှ ထယ်သွား  ပြောင်းရမည်) ဆိုတဲ့ ငြိမ်းချမ်းရေး ခေါ်သံကိုသာ ပဲ့တင်ကြားယောင်မိပါတယ်။  ငြိမ်းချမ်းရေးဆိုတာက တောင်ပေါ်မှာရော မြေပြန့်ရော၊ ထင်းရူးတော နဲ့ ရေခဲတောင်၊ မေပယ်ရွက်တွေ ကြွေရာမြေ၊  အရှေ့နဲ့အနောက် ဘယ်နေရာပဲဖြစ်ပါစေ၊ နေရာတိုင်းမှာ တင့်တယ်တဲ့  မွှေးပျံ့တဲ့ ပန်းနှင်းဆီတပွင့်ပဲမဟုတ်လား။

(Denise Chong  ရဲ့  The Girl in the Picture ကို book review အနေနဲ့ အကျဉ်းချူပ် မျှဝေပါတယ်။ စာအုပ်ကို ဒုတိယအကြိမ်မြောက်ပေးဖတ်တဲ့ မမK ကို ကျေးဇူးတင်ပါတယ်)

မိုးစက်ပွင့်

Thursday, 10 November 2011

လျပ်တပျက် အညာမြင်ကွင်း

ကျမ နယ်တကာ ခရီးသွားရင်း သိပ်လှတဲ့ ဧရာဝတီကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရဘူးပါတယ်။  အမိ ဧရာဝတီကတော့ တခေါက်နဲ့ တခေါက် မရိုးအောင် လှနေတော့တာပါပဲ။  အလှအဆုံးအချိန်တွေကတော့ မနက်  စောစောနေထွက်ချိန်နဲ့ နေ၀င်ချိန်တွေပဲပေါ့။   အရောင် အမျိုးစုံတဲ့ တိမ်တွေရယ်၊ သူတို့ကို ရောင်ပြန်ဟပ်ပေးတဲ့ ရေပြင်ကျယ်ကြီးရယ်.... ၀မ်းတထွာအတွက် ရုန်းကန်နေကြရတဲ့ တံငါလှေငယ်ရှင်လေး တွေရယ်က အလှပြည့်စုံတဲ့ ပန်းချီကားတချပ် ဖြစ်လာစေပါတယ်...။

အောက်ပုံကတော့ ပခုက္ကူ ရွှေမုဌောဘုရားပေါ်က မြင်ရတဲ့ မြင်ကွင်းပါ...။ ဟော-  သဲသောင်ပြင်ပေါ်မှာ မီးခိုးတလူလူနဲ့၊ ကျွဲနွားကိုယ်စီနဲ့ ထွန်ရေးငင်လို့ စိုက်ဖို့ပျိုးဖို့ ပြင်နေကြပြီကော....။


 မြစ်ပြင်မှာ ဖြတ်မောင်းလာတဲ့ စက်တပ်လှေငယ်လေးရဲ့ နောက်က ရေလှိုင်းဂယက်တွေကို သဘောကျမိပြန်တယ်။
 “ရေတွေမြင်ရတာ စိတ်ကို ကြည်လင် လန်းဆန်းစေတယ်နော်- မကြီး”  အနားက ညီမငယ်က အဖေါ်ညှိနေပြန်တယ်။  ”အေးပေါ့ကွယ်၊ ရေတွေက လူတွေရဲ့ ဘ၀ကို ထိခိုက်ပျက်စီးစေတဲ့အထိ မဖြစ်စေဘူး ဆိုရင်ပေါ့”။  ကျမ ဘာကိုဆိုလိုမှန်း သူကောင်းကောင်းသိပါတယ်။  အထူးသဖြင့် ဒီရက်ပိုင်းတွေမှာပေါ့။
 တချိန်က မုန်ယိုတဲ့ဆင်တစီးလို ဒေါသကြီးခဲ့ပေမဲ့ အခုတော့လည်း  ပန်းဝါ၀ါကလေးတွေပန်လို့ လှလှပပ ရစ်ခွေစီးဆင်းနေတဲ့ ယောချောင်းကလေး။  ပြီးတော့ သင်ဖြူးခင်းထားတဲ့  သဲသောင်ပြန့်ပြန့်။
ပခုက္ကူနဲ့ ပေါက်မြို့နယ်အစပ်က လှပတဲ့ ရေကန်တကန်။ ပြီးတော့ ကိုင်းပင်လှလှလေးတွေ။
 ပုံပြင်တွေထဲမှာ အပြစ်ကင်းပါတယ်လို့ အမြဲတမ်း တင်စားခံရလေ့ရှိတဲ့ သိုးငယ်ကလေး တအုပ်...။
ဘုရား စေတီနဲ့ လှပတဲ့ မြစ်ကမ်းပါး တနေရာ။

အလှအပတွေ တကန့်ုခြားပြီး လက်တွေ့ဘ၀ရဲ့ ရုပ်ပုံလွှာလေးတွေ ကြည့်လိုက်ရအောင်နော်..။




 
ယောချောင်း၊ ကျောချောင်း၊ ချစ်ချောင်း။ ယမားချောင်း အသွယ်သွယ်က လျှံတက်လာတဲ့ လှိုင်းတွေ ရေတွေက နဂိုက အခြေမခိုင်တဲ့ ကျေးလက်ဒေသခံတွေရဲ့ ဘ၀ကို ရိုက်ချိုးဖျက်ဆီးလိုက်သလိုပါဘဲ။ ဒါပေမဲ့ စိတ်လျော့ အားငယ်တာကိုမတွေ့ရဘဲ တက်ကျိုးရင် လက်ထိုးလှော်မဲ့ အားမာန်တွေ တွေ့နေရပါတယ်။ လောကဓံကို ထုသားပေသားကျနေကြပြီလေ။  ယာယီရွက်ဖျင်တဲ့ တာရပတ်မိုးထားတဲ့ တဲကလေးတွေထဲမှာ တောင် ကလေးငယ်လေးတွေရဲ့ တောက်ပတဲ့ ဒီလိုအပြုံးတွေ မြင်နိုင်ပါသေးတယ်..။

ဖေးမကူညီတဲ့ လက်ကလေးပေါင်းများစွာကလည်း မြန်မာပြည် တနှံတလျားက စီးဝင်နေကြလေရဲ့။  အဆင်ပြေသွားမှာပါလို့ အားပေးရင်း ...... တတတ်တအား ကူညီဖေးမရင်း ခရီးဆက်ခဲ့ရပြန်ပေါ့။  
ကျမ စာကလေး အဆုံးသတ်မှာ အားမာန်ရှိတဲ့ ကဗျာရှည်လေးတပုဒ်ကိုလည်း မျှဝေချင်ပါသေးတယ်...။   ရေးသူက အရှင်ဥတ္တမ(စဥ့်ကူ)တဲ့...။

နုံးဘ၀က ရုန်းထသံ

 မတရားမိုးကြောင့်၊
တံတားလည်းကျိုးခဲ့ရပြီ။
ရေအရှိန်တက်လို့၊ 
နေအိမ်တွေလည်း ပျက်ခဲ့ရပြီ။
ချောင်းရေလျှံတာကြောင့်၊ 
ကျောင်းတွေကန်တွေလည်း ပြိုကျခဲ့ရပြီ။

”အလိုဘုရား” လို့၊ တ လိုက်ချိန်မှမရ
လမိုက်တဲ့ ညကာလမှာ
ဘ၀တွေ မှောင်မိုက်ခဲ့ရပြီ။

အကြောင်းတွက်စစ်တော့
နှစ်ထောင့်တစ်ဆဲ့တစ်မှာပါ
မေ့ပစ်မရနိုင်စရာ
ဆဲ့ကိုးရက် အောက်တိုဘာ။

ပခုက္ကူနဲ့ ဆိပ်ဖြူနယ်မှာပေါ့
စိတ်ပူဖွယ် သည်အဖြစ်ဆိုးရယ်က
စဥ့်အိုးက ခေါင်မိုးပြင်
ကုတင်က သစ်ပင်ထက်
မြင်ရက်စရာမရှိ။

လှိုင်းဂယက် မကြမ်းပေလား၊
ရဟန်းတွေများပင် ကျောင်းခေါင်ဖေါက်ထွက်ခဲ့ရ
ကြောက်မက်ဖွယ် ဘယ်လူတွေးနိုင်ပါ့
ဆယ်ယူပေးလို့မရ
ကယ်သူဝေးတဲ့ဘ၀။

တသက်စာ မတွေးဝံ့ပါဘူး
တမနက်စာအရေးဖြင့်သော်မှ
တွေးချင့်လို့ မမြင်နိုင်။

ဘ၀င်ကိုင်စရာဆိုလို့ တခုမှမကျန်လေတော့
လူ့ဘ၀သဏ္ကာန် ဟန်လိမ့်ဦးမည်လား
ကံနိမ့်တုံး ခံရမည်သာပ
ကမ္မပစ္စည်း သမိုင်းမယုတ်ပါဘူး
ဆိုင်းဘုတ်က စံပြကျေးရွာ တဲ့။

အော်-ဟုတ်ပါရဲ့
ရေဘေးမှာ စံပြပေါ့
နေရေးမှာ ဟန်မကျတာကြောင့်
မြန်မာတို့ရဲ့ ဓလေ့အလှ
ပေးကြ ကမ်းကြ
မေးကြ မြန်းကြပေါ့။

စေတနာအရင်းဖြင့်
ငွေအသပြာခင်းပြီး
ခြေရာချင်းထပ်
နေရာချင်း မလပ်အောင်
မြတ်လှတဲ့စိတ်ထားဖြင့်
မဖိတ်ကြားဘဲ အလိုလို
ပင်ကိုယ်သဘာဝ
ကူညီကြတဲ့ ကျေးဇူးတွေ။

”မမေ့ဘူးဟေ”
ဒါတွေ ပြန်ဆပ်နိုင်ဘို့
နုံးဘ၀က ရုံးထပြီး၊
တရက်မလွန်ခင်မှာ
ကြက်သွန်ပြန်စိုက်ကြစို့...။


မိုးစက်ပွင့်

Friday, 4 November 2011

ယောချောင်း ကျိန်စာ



“သြော်.. လူလှ….လူလှ”…..  

ယောချောင်းနဘေးက ကမူကလေးမှာ ထိုင်ရင်း သားနာမည်ကို ဘိုးတင် တီးတိုးရေရွတ်နေမိ၏။  ဘိုးတင်၏ မှုန်ဝါးဝေသီနေသော မျက်ဝန်းတွင် မျက်ရည်ခိုးများနှင့် ပို၍ မှိုင်းမှုန်လို့နေသည်။ ဘိုးတင်မိန်းမ ဒေါ်ရွှေ ကတော့ တခြမ်းပြိုပျက်နေသည့် အိမ်ကလေး၏ အိမ်ရှေ့ကြမ်းပြင်တွင် တုံးလုံးပက်လက်မှိန်းလျှက်။ အိပ်ပျော်နေတာတော့ မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် အမယ်ကြီး၏ မျက်လုံးထောင့်မှ စီးကျနေသည့် မျက်ရည်စများကို သူမြင်နေရသည်။  ထိုအချိန်တွင် လူလှအကြောင်းတွေးနေမှာဘဲဟု သူအတပ်သိသည်။

ထိုစဉ် ကျောပိုးအိပ်ကိုလွယ်၍ လူရွယ်လေးတစ်ယောက် သူတို့ဘက်သို့ လျောက်လာသည်ကို မြင်ရသည်။  မသစ်လွင်လှသေည်လည်း သေသပ်သည့် အ၀တ်အစားကြောင့် ဒီရွာက မဟုတ်မှန်းတော့ သူသိသည်။ ပြုံးပြရင်း  “အဘက ဒီရွာကလား” ဟု နှုတ်ဆက်၏။ “အေး” ဟုသာ ဖြေလိုက်ရသည်။

“ ကျွန်တော်က ရေဘေးကူညီရေး အဖွဲ့ကပါ၊ ရိက္ခာထုတ်တွေ ဝေပေးနေတာ အဘတို့အိမ် ရပြီးပြီလား..”

“ အဘ ချွေးမ သွားယူထားပါတယ်ကွယ်”

“ အဘတို့ ရေဘေး ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ ပြောလို့ရရင် ပြောပြပါလားအဘ ”

တကယ်ဆို သူအဲဒီအကြောင်း ပြန်မတွေးချင်။  ခြောက်အိမ်မက်ကြီးလို ဖြစ်နေသည်။ သို့ပေမယ့် လူရွယ်လေး၏ ရည်မွန်သည့် တောင်းဆိုချက်ကို သူမငြင်းနိုင်။ ချောင်းတချက်ဟန့်ရင်း သူ့ရင်ထဲက တစ်ဆို့နေသည့် နာကျင်မှုတွေကို အရင်ရှင်းလိုက်သည်။ 

“ အိမ်း…၊ အဘတို့တစ်သက်၊ အဖေတို့တစ်သက် မကြားဖူးပါဘူး လူကလေးရယ်..၊  ဒီယောချောင်းကြီးကို မှီပြီး အဘတို့  ကြက်သွန်စိုက်၊ ပဲစိုက် အသက်မွေးခဲ့တာပါ၊ နှစ်စဉ် ရေတက်ရေကျတော့ ရှိစမြဲပေါ့..၊ တခါတလေလဲ ဒူးလောက်ပေါင်လောက် ရှိပါရဲ့..၊  အခုလို ကြောက်ခမန်းလိလိ တက်တာမျိုးကတော့ …….” 

လူရွယ်လေးက သူ့ရှေ့တွင် အသာအယာ ထိုင်လိုက်သည်။  နားလည်သော အားပေးသော အပြုံးဖွဖွဖြင့် သူ့စကားကို ငံ့လင့်သည်။  သူ့မျက်စေ့ထဲတွင် မြင်နေရသည်က မနက်စောစောကြီး ရေတွေ အိမ်အောက်ကို ဒလဟော စီးဝင်လာတာ၊ လူတွေ ပြေးကြလွှားကြတာ၊ နွားတွေအော်သံ၊ ဆိတ်တွေအော်သံ၊  နောက်ပြီး ယောချောင်း၏ ကြုံးဝါးသံ။

ရင်ထဲ ဆို့နင့်လာသဖြင့် နောက်တကြိမ် ထပ်မံ၍ သူ ချောင်းဟန့်ရပြန်သည်။


AAAAA


“ ဟဲ့…. မယ်ရွှေ မယ်ရွှေ ထစမ်း ထစမ်း၊ လူလှ လူလှ ” 

မိန်းမနှင့် အိမ်ထဲက သားကို သူ လှမ်းနှိုးလိုက်သည်။  

“ ကျွန်တော် ဒီမှာပါ အဖေ၊ ရေတွေ အရမ်းတက်လာတာ ထကြည့်နေတာ၊ ကျွန်တော် အခြေအနေ သွားကြည့်လိုက်ဦးမယ်”

အိမ်ရှေ့မှာ ရှိနေတဲ့ သား၏ အသံ။

“ ဟုတ်ပါ့… ဒီကောင် ငါ့ထက် အအိပ်ဆတ်တာပဲ၊  ၀ီိရိယ ကောင်းချက်ကတော့ ငယ်ငယ်ထဲက  ရွာမှာ သာရေးနာရေးဆို သူအိပ်ပျက်ခံပြီး ရှေ့ဆုံးက..၊  ဒါကြောင့်လည်း တစ်ရွာလုံးက လူလှမပါရင် ပွဲမစည်ဘူးလို့ ဆိုကြတာ ”

ရသမျှ စက္ကန့်ပိုင်းမှာ သားအကြောင်း အမွှမ်းတင်ပြီး တွေးမိလိုက်သေးသည်။  လူကတော့ ငုတ်ခနဲ ထထိုင်လိုက်မိသည်။  မယ်ရွှေနှင့်ချွေးမ သန်းမေတို့လည်း သူ့အနားသို့  စုပြုံရောက်လာကြ၏။  အပြင်မှာတော့ မိုးက သွန်ချသလို တဝေါဝေါ သည်းနေသည်။ မိနစ်ပိုင်းအတွင်းမှာပင် အိမ်အောက်မှာ ရေက ကြမ်းခင်းကိုပင် တိုက်တော့မတတ် တရိပ်ရိပ် မြင့်တက်လာသည်။ ရွာထဲတွင် ကလေးသံ၊ ခွေးသံ၊ နွားတွေ နှာမှုတ်သံဖြင့် ဆူညံနေသည်။  လူလှက အပြင်က အပြေးကလေး ပြန်ရောက်လာသည်။  

“ အဖေရေ..၊ ရေကတော့ မနည်းဘူးဗျ..၊ ယောချောင်းဖက်ကလည်း ရွာထဲကို ဒရဟော စီးနေတာ၊  တောင်ပိုင်းက လူတွေတော့ ဘုရားကုန်းပေါ်တက်ကုန်ကြပြီ..၊ ကျွန်တော်တို့ကတော့ ရွာလယ်က ရိုးချောက်ကြီးကို ကျော်လို့ ရမှာမဟုတ်ဘူး၊ ရေက ရင်စို့ ကျော်လောက်တယ်၊  လိုရမယ်ရ မန်ကျည်းပင်ပေါ် တက်နေရင်ကောင်းလိမ့်မယ်”

အိမ်ကြမ်းပြင်ကို ထိလုနီးနီး တက်လာသည့် ရေများကို ကြည့်ပြီး သားလူလှပြောတာ မှန်တယ်ဟု တွေးမိသည်။ ခေါင်းရင်းက မန်ကျည်းပင်ကြီးက နှစ်ပေါင်းရာချီနေပြီ။  ယောကျာ်းသုံးယောက် လက်ချင်းဆက်လို့ရအောင် ပင်စည်က တုတ်ခိုင်သည်။  သူ့အကိုင်းအခက်တွေက ဖြာဖြာဝေလို့။

 “အေး အေး အပင်ပေါ်ပဲ တက်ကြတာပေါ့ကွာ၊ ငါ့သား မင်းအမေနဲ့ မိန်းမကို တွဲ၊ သြော် ဟဲ့ မယ်ရွှေ၊ ဒီပစ္စည်းတွေ သယ်မနေနဲ့လေ၊ သြော်- နင့်မလဲ၊ ထားခဲ့ပါဟ၊ လူအန္ကရာယ်မကျဖို့က အဓိကဘဲ” လို့ သူ ငေါက်လိုက်မိသည်။ 

“အိမ်ထောင်ဦး ပစ္စည်းလေးတွေ မို့ပါတော်”

မယ်ရွှေက သူ့ကို တုန်တုန်ချိချိ ဆိုရှာသည်။ 

“ ကဲ အဖေ လာ လာ” 

ဘိုးတင်က အိမ်ထဲကနေ ရေထဲကို ခုန်ချလိုက်ကာ သားဖြစ်သူ လက်ကိုအားပြုပြီး မကျည်းပင်ပေါ် တက်လိုက်သည်။  ငယ်ငယ်ကတော့ ဒီလိုအပင်မျိုးကို တက်လိုက်ဆင်းလိုက် ဘယ်မှုလိမ့်မည်နည်း။ အခုတော့ အသက်က စကားပြောလေပြီ။ သားက အပင်ခွမှာ မြဲမြဲထိုင်မိသည်အထိ တွန်းတင်ပေးသည်။  အကိုင်းကြီးကြီးတစ်ခုကို ဖက်တွယ်ထားလိုက်သည်။  သူပြီးတော့ အမယ်ကြီးအလှည့်။  အမေဖြစ်သူကိုတော့ သားက မချီပိုးယုံတမယ် တွဲဖက် ခေါ်လာရသည်။ ခက်ခက်ခဲခဲ အပင်ပေါ် တင်ပေးရပြန်၏။ အမယ်ကြီး၏ လက်ကို အပင်ပေါ်ကနေ သူ လှမ်းဆွဲ ယူလိုက်သည်။  မိုးတွေ ရေတွေက ပိုလို့ပင် သည်းကာ စီးဆင်းလာပြန်သည်။  ရွှဲရွဲစိုနေသဖြင့်  မေးချင်းရိုက် မတတ်ဖြစ်နေ၏။   ရေစီးက ပိုသန်လာသည်။  ယောချောင်းဖက်က လှိုင်းလုံးကြီးတွေပင် လှိမ့်တက်လာသည်။

“ ဟဲ့.. ဘာကြီးတုန်း” 

ရေထဲမှာ ပေါ်ချည်၊ မြုပ်ချည်နဲ့ အရာကြီးကို မန်ကျည်းပင်ပေါ်ကနေ သေသေချာချာ ငုံ့ကြည့်လိုက်တော့  အိမ်နီးချင်း မယ်ချစ်တို့ အိမ်က နွားကြီးရွှေနီ ဖြစ်နေသည်။  ရွှေနီက မကျည်းပင်ဘေးကနေ လျှင်လျှင်မြန်မြန် မျောပါသွားသည်။ 

“သားရေ သန်းမေကို တင်ပြီးရင် မင်း မြန်မြန်တက်ဟေ့”

သူ စိုးရိမ်ကြောင့်ကြစွာ လှမ်းအော်သည်။  ရေက ခါးလည်လောက် မြင့်တက်နေလေပြီ။  သန်းမေက တုန်ရီဖြူရော်နေပြီး လူလှလက်ကို မဖြုတ်တမ်း ဆုတ်ကိုင်ထားသည်။  ရေတွေက တဝေါဝေါ စီးဆင်းနေသည်။ စီးဆင်းနေသည့် ရေထဲတွင် အမှိုက်များ၊ ပစ္စည်းများ၊ တ၀ဲဝဲလည်လျှက် မျောပါနေကြသည်။

“သန်းမေ…နင် အရင်တက်ဟ၊ ငါတွန်းတင်မယ် နှစ်ယောက်တွဲကြီး တက်လို့ မရဘူးလေ” 

လူလှက စိတ်မရှည်စွာ ပြောရင်း တွန်းတွန်းထိုးထိုး တင်ပေးလိုက်သည်။

“သား.. သား… တက်…တက် ”  သန်းမေကို လှမ်းဆွဲရင်း အဖွားကြီးက အော်ပြောသည်။ တစ်ချိန်တည်းမှာ သူတို့ အိမ်ကလေး၏ အဖီတခြမ်းက ရေစီးဒဏ်ကြောင့် ၀ုန်းခနဲ လဲပြိုမျောပါသွားတော့သည်။  လူလှက မန်ကျည်းပင်စည်ပေါ်ကို စ၍ တက်လိုက်သည်။ ထိုအခိုက် ရေထဲတွင် ယက်ကန်ယက်ကန်ဖြင့် သျှောင်ပေစူးလေး မြုပ်ချည်ပေါ်ချည်နှင့် ကလေးတစ်ဦး မျောလာသည်ကို တွေ့လိုက်ရသည်။ ကလေး၏ လက်ကလေးတစ်ဖက်ကို လူလှ လှမ်းဆွဲလိုက်မိ၏။

“ ဟာ... မင်းမင်းလေး ပါလား” 

မယ်ချစ်၏ တစ်ဦးတည်းသော ဖတဆိုးသားကလေး မင်းမင်း။ လူလှက မင်းမင်းလေးကို  မကျည်းပင်ပေါ် တွန်းတင်သည်။ 

“ ဦီလေး လူလှ ၊ ကယ်ပါဦး၊ အမေ အမေ၊ မျောသွားပြီ”  မင်းမင်းက ကယောင်ကတမ်း အော်သည်။

“ အေးအေး၊ သားလေး မင်းအရင် အပင်ပေါ်တက်” 

မင်းမင်းက မန်ကျည်းသီး တက်ခူးနေကျမို့  လူလှ၏ ပခုံးပေါ်ကနေတစ်ဆင့် မကျည်းပင်ခွကို မြန်မြန်တက်လာ၏။ ထိုအခိုက်တွင် လှိုင်းလုံးကြီးတစ်လုံး ၀ုန်းခနဲ ပုတ်လိုက်သဖြင့် လူလှ ဆယ်ပေလောက် လွင့်ထွက်သွားသည်။ 

“ အိုး  ကိုလူလှ ”  “ သားလေး ”  “ လူလှ”  “ ဦးလေး ” 

တစ်ပြိုင်နက်တည်း အားလုံးက စိုးရိမ်တကြီး လှမ်းအော်သည်။  လူလှ သည်ဖက်ကို ပြန်ကူးခတ်လာသည်။  ရေစီးနှင့် မျောလာသည့် ပလပ်စတစ်ပုံးတစ်လုံးကို လက်နှင့် လှမ်းဆွဲရန် ကြိုးစား၏။  ပုံးကို လက်တစ်ဖက်က မှီလုမှီခင်မှာ နောက်ထပ် လှိုင်းတစ်လုံးက ၀ုန်းခနဲ ပုတ်လိုက်တော့သည်။ 

“ အမလေး ”

သန်းမေ၏ အလန့်တကြား အော်သံနှင့်အတူ လူလှလည်း ရေစီးထဲ မျောပါသွားတော့သည်။ 

“သား… သား” 

သူရော၊ မယ်ရွှေပါ အော်ခေါ်ဖို့ ကြိုးစားကြပေမယ့် အသံများက လည်ချောင်းထဲတွင် ပျောက်ကွယ်သွားလေသည်။  လူလှကို မမြင်ရတော့လေပြီ။ လူလှ၏ လက်ကလေးတစ်ဖက်ကိုသာ နောက်ဆုံး မြင်လိုက်ရတော့သည်။  သစ်ပင်ပေါ်မှာ လူသားသုံးဦးလုံး ငိုလို့နေကြသည်။  သန်းမေက ခုန်ချမည် တကဲကဲမို့ ဆွဲထားရသည်။  မပေါ့မပါးကြီးနှင့်မို့ တစ်သက်က နှစ်သက်သုံးသက် ထပ်မဆုံးရှုံးချင်တော့ပါ။  လင်းအားကြီးချိန်မှ စခဲ့သည့် အိမ်မက်ဆိုးက နေ့လည်ပိုင်း ရေကျသွားချိန် သစ်ပင်ပေါ်မှ ကူချပေးမည့်သူတွေ ရောက်လာသည်အထိ အထပ်ထပ် မက်နေဆဲ။  မယ်ရွှေကတော့ တွေ့သမျှလူတွေကို လူလှကိုရှာပေးဖို့ တတွတ်တွတ် တောင်းပန်နေသည်။  လူလှနှင့်အတူ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ကျွဲနွားများကတော့ တစ်ရွာလုံးနီးပါး ပျက်စီးကုန်ကြသည်။  ကျောင်းထိုင်ဆရာတော်က ကျန်ရစ်သူများကို တရားချ၏။

“ ပစ္စည်းသင်္ခါရ လူသင်္ခါရပါ ဒကာကြီးတို့…၊ ကိုယ်တိုင်လဲ တစ်နေ့ ဒီလမ်းလိုက်ရမှာ…”

ပြောမည့်သာပြောရသည်၊ ဆရာတော်ကိုယ်တိုင်လည်း မျက်ရည်များ  ၀ိုင်းလျှက်။


AAAAA



အဖြစ်သနစ်ကို ပြန်ပြောင်းပြောရင်း ဘိုးတင် သက်ပြင်းတစ်ချက်ချသည်။  ယနေ့ဆိုလျှင် လူလှတစ်ယောက် ရေမှာ မျောပါသွားခဲ့တာ သုံးရက်တိုင်ခဲ့ပြီ။ သတင်းအစအန မရသေး။  ယောချောင်းကြီးက သူချစ်သော တစ်ဦးတည်းသား၊ အလိမ္မာ သားကလေးကို ရက်ရက်စက်စက် ခွဲထုတ်သွားခဲ့သည်။  သည်အဖေအမေ နှစ်ယောက်တည်း မည်သို့ ရပ်တည်ရှင်သန်ရမည်ကို မတွေးဝံ့တော့။

“ ငါ့သားအစား ငါသာ ရေထဲပါသွားခဲ့ရမှာ ”  ဟု တဖွဖွ ညည်းတွားရုံကလွဲ၍ မတတ်နိုင်။  ဆုံးရှုံးသွားသည့် ကြက်သွန်ပျိုးခင်းများ၊  နွားနှင့် ဆိတ်များ၊ အိမ်ထောင်ဦးပစ္စည်းများ၊ ထိုအရာများအတွက်ကို သူ ၀မ်းမနည်းမိ။ သူတို့၏  သုဝဏ္ကသာမလို သားရတနာကလေးကိုသာ နှမျောတသနေမိသည်။  မြို့ပေါ်တက်ပြီး ကုန်ရောင်းပြန်လာတိုင်း အဖေအမေအတွက် စားစရာတစ်ခုခုမပါဘဲ မပြန်တတ်ခဲ့သည့် သားလူလှ၊  အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးစဉ်ကပင်  နှစ်လပြည့်အောင်ပင် မနည်းနေခိုင်းခဲ့ရသည်။  “သားမရှိရင် အဖေနဲ့အမေ ပင်ပန်းနေမှာပေါ့ ” ဟု အလိုက်တသိ ပြောခဲ့သည့် သည်သား ။  “သားမရှိရင် ....... သားမရှိရင်.... ” တဲ့။ အခုတော့…။

သူရော၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသည့် မယ်ရွှေပါ၊ စေတနာရှင်များ ပေးကမ်းထားသည့် ထမင်းထုပ်များ၊ မုန့်ထုပ်များကို စားချင်စိတ်လည်းမရှိ။  သား ပြန်လာတာ မြင်ရနိုးနိုးနှင့် ယောချောင်းအစပ်ကို မျှော်လို့သာနေမိသည်။ ချွေးမသန်းမေကလည်း ကယောင်ကတမ်းပြောလိုက်၊ ငိုင်ငိုင်တွေတွေ နေလိုက်၊ တငိုငို တရီရီလုပ်လိုက်နှင့် ကျန်းမာရေးက စိတ်မချရသည်မို့ အနီးကပ် စောင့်ရှောက်ပေးမည့် သူ့အစ်မမိသားစုနှင့် ပြန်နေခိုင်းလိုက်သည်။ ယခုတော့ အဖိုးကြီးနှင့် အမယ်ကြီးနှစ်ယောက်တည်း။  ဆရာတော်ကျောင်းမှာ မိသားစု တစ်ရာလောက် မှီခိုနေကြသော်လည်း သူကတော့ ကိုယ့်အိမ်ကလေးကိုဘဲ ဖြစ်သလို ထောင်မတ်ပြီး ၀ါးတိုင်နဲ့ထောက်၊ အမိုးပေါက်တွေကို တာရပတ်အုပ်ပြီး ယာယီတဲကလေး ထိုးနေလိုက်သည်။ ဒီနေရာကလေးကနေဘဲ သားကို မျှော်ချင်သည်။  သားကို လွမ်းချင်သည်။ 

 “ သြော်… ဒီယောချောင်းကြီးကို မှီပြီး တို့တတွေ အသက်မွေးခဲ့ကြတယ်၊ ကြက်သွန်ခင်း ပဲခင်းတွေ စိမ်းလန်းစိုပြည်ခဲ့ရတယ်၊  သားကလေးကိုလည်း အိုးစည်ဗုံမောင်းတီးလို့ ခြိမ့်ခြိမ့်သဲသဲ ရှင်ပြုခဲ့ရတယ်၊  စားစရာ ၀၀လင်လင်နဲ့ မပူမပင် တို့မိသားစုတတွေ ပျော်ရွှင်ခဲ့ရတယ်၊  အခုတော့ ယောချောင်းကြီးက ငြိုငြင်ရက်ပြီပေါ့နော်၊ ကျူပ်တို့ ယောချောင်းကြီးကို ဘာတွေများ အပြစ်လုပ်မိလို့လဲဗျာ၊ တစ်ခါမှ မမြင်ဘူးမတွေ့ဘူးခဲ့တဲ့ပုံစံနဲ့ ဒေါသတကြီးလာပြီး သားကလေးကို ကျူပ်တို့ ရင်က ခွဲထုတ်သွားခဲ့တယ်၊  အခုတော့လည်း သူ့ရဲ့ သဲသောင်ခုံတွေက တင်းလို့၊ ရေတွေ လှိုင်းတွေမရှိပဲ တည်ငြိမ်နေလိုက်တာများ၊ ကြမ်းခဲ့ရမ်းခဲ့တာ သူမဟုတ်ခဲ့သလိုဘဲနော်…. ဟင်း.. ” 

ဘိုးတင်က  လူရွယ်လေးကို မကြည့်ဘဲ တစ်ကိုယ်တည်း လေးလေးပင်ပင်ကြီး ရေရွတ်ရင်း သက်ပြင်းအခါခါချလျှက်။ ဘိုးတင်၏ အသက်သခင် ကျေးဇူးရှင် မကျည်းပင်ကြီးကလည်း စာနာဝမ်းနည်းစွာ သူ့အရွက်ကလေးများကို ပိတ်သိမ်းလျှက်....။

မိုးစက်ပွင့်

( ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရွာတရွာမှ ရေဘေး ခံစားရသူ မိသားတစု၏ ဖြစ်ရပ်မှန်ပေါ်တွင် ခံစားရေးဖွဲ့ပါသည်...)

Sunday, 18 September 2011

သတို့သမီးရဲ့ ငိုရှိုက်သံ




ဟိုး...ဝေးဝေး
အတီတေကာလ
ပျူ၊ ပေါက္ကံ၊ အင်းဝ၊ အမရပူရ
ခေတ်အဆက်ဆက်မှသည်
မြန်ပြည်ရဲ့ ရင်သွေးတွေ
မချို့ငဲရအောင်
ကျွေးခဲ့ မွေးခဲ့ ပေးခဲ့တဲ့
အားလုံးရဲ့ အမိ ဧရာဝတီ ....။

Friday, 2 September 2011

သစ္စာ -၁

စနေတနင်္ဂနွေ အားလပ်ရက်ကလေးမှာ လွယ်ကူမြန်ဆန်တဲ့ ဟင်းလျာလေးတွေချက်လို့အပြီးမှာ ဧည့်ခန်းဆက်တီပေါ်လဲလျောင်းရင်း စာအုပ်ကလေးတအုပ်ကို အဖေါ်ပြုနေခဲ့ပါတယ်။ စာအုပ်ကလေးရဲ့ အမည်က “သစ္စာ” တဲ့။

သစ္စာရဲ့ ဖန်တီးရှင်က ကင်ဆာနဲ့ခွဲစိတ်ကုပါရဂူတယောက်။  မနှစ်က ကျမကို ဆရာကိုယ်တိုင်ခွဲစိတ်စဉ် တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တရားကို တိုးတိုးညင်သာဖွင့်လို့ စိတ်သက်သာရာရခဲ့တယ်။ ”ဘာမှမကြောက်နဲ့နော်” လို့ ဆရာက ကြင်နာစွာ ဖေးမအားပေးခဲ့တာကို သတိရနေမိတယ်။  စာအုပ်လေးကို ဖတ်နေရင်း ဆရာ့လေသံ အေးအေးနဲ့ ဘေးနားက ထိုင်ပြောပြနေသလို ခံစားရပါတယ်။ ဆရာက ၁၉၉၉ခုနှစ်မှာ စစ်တွေဆေးရုံကို တာဝန်ကျစဉ် ဘ၀သစ္စာကိုရှာဖွေခဲ့ပုံကို ပြန်ပြောင်းအမှတ်ရဟန်နဲ့ ရေးဖွဲ့ထားပါတယ်။  ဇာတ်လမ်း ဇာတ်ကွက်ကလေးနဲ့  တခန်းချင်း ညှပ်ရေးထားတာမို့ လုံးဝ ပျင်းစရာမကောင်းခဲ့ပါဘူး။ 

ဆရာက ရခိုင်ခရီးစဉ်မှာ သစ္စာကိုရှာဖွေဖို့ သံဓိဌာန်ချခဲ့တယ် လို့ဆိုပါတယ်။  ဆေးကုသမှုတာဝန်ပြီးတဲ့ ညစဉ်ညတိုင်း  စာအုပ်စာပေတွေ လေ့လာဖတ်ရှုလို့ သစ္စာရဲ့သမိုင်းကိုခြေရာကောက်ခဲ့ပါတယ်။  ဂရိ ခေါ် ခေါမတိုင်းမှသည် အနောက်တိုင်းဒဿန တွေးခေါ်ပညာရှင်တို့ရဲ့အဆိုအမိန့်များစွာကနေ နောက်ဆုံး မြတ်ဘုရားရဲ့ ဓမ္မစကြာ ဒေသနာတော်အထိပါပဲ တဲ့။  စာမျက်နှာ ၅၀၀လောက်ပါတဲ့ သစ္စာရဲ့ အကျဉ်းချူပ်ကလေးက ဒီလိုပါ။

ကမ္ဘာဦးလူသားတို့အနေနဲ့  တဖြေးဖြေး အသိဥာဏ်နှင့် လူနေမှုဘ၀မြင့်တက်လာတဲ့အခါ အောက်ပါ မေးခွန်းများကို ကြံစဉ်တွေးတောလာကြပါတယ်။
- သဘာဝတရားမှာ အမြဲမှန်ကန်တဲ့ နိယာမ ရှိပါသလား။
-ရှိခဲ့တယ်ဆိုရင် လူသားအားလုံးရဲ့ မွေးချိန်မှ သေချိန်အထိ ဘယ်နေကဘာဖြစ်မယ်ဆိုတာ အတိအကျ ပြဌာန်းပြီးသား ရှိပါသလား။
- လူသားနှင့် စကြာဝဠာ တခုလုံးဟာ ဖန်ဆင်းရှင်ထာဝရဘုရားနှင့် နတ်ဘုရားများကြာင့် ဖြစ်ပေါ်လာတာလား။
- အရာရာဟာ ဘုရားသခင်ရဲ့ အလိုတော်ကျဖြစ်ပေါ်နေတာမျိုးလား။
- လူသားဟာ နက္ခတ္တပညာရှင်များယူဆသလို သေးငယ်ပြီး အရေးမပါသော ဂြိုလ်ငယ်တလုံးပေါ်မှာ အစွမ်းအစမဲ့စွာ သွားလာလှုပ်ရှားနေတဲ့ ရေနဲ့ ကာဗွန်ဓါတ်တို့စုပေါင်းဖွဲ့စည်းထားတဲ့ အစုအခဲတခုပဲလား။
- လူတွေသေဆုံးသွားတဲ့အခါ ဘ၀တခုဟာ ပြီးစီးချုပ်ငြိမ်းသွားပြီလား ဒါမှမဟုတ် ထာဝရ၀ိဥာဉ်သဘောနဲ့ ဆက်လက်တည်ရှိနေဦးမှာလား ၊ တမလွန်ဘ၀ဆိုတာ ရှိပါသလား။
- ယခုလက်ရှိဘ၀မှာ ကောင်းမှုပြုလုပ်ခြင်းကော အဓိပ္မါယ်ရှိပါသလား။  ကောင်းမှုဆိုတာ တန်ဖိုးထားထိုက်သော ထာဝရသဘောဖြစ်ပါသလား။
- လူမှာ ရုပ်တရားနဲ့ နာမ်တရားဟာ သီးခြားရှိနေတာလား ဒှါမဟုတ် နာမ်က ရုပ်ခန္ဒာပေါ်မှာ မှီနေတာလား၊ ဒါမှမဟုတ် စိတ်မှာ သီးခြားစွာတည်နေနိုင်သော သတ္တိရှိပါသလား .....တို့ဖြစ်ပါတယ်။

အထက်ပါမေးခွန်းများကို ကြံဆရာမှ philosophy ပညာရပ်နှင့် philosopher ပညာရှင်များ ပေါ်ထွန်းခဲ့ရပါတယ်။  ဖီလော်ဆော်ဖီ ကို (အသိပညာကိုမြတ်နိုးခြင်း) တနည်းအားဖြင့် လောကသဘာဝနှင့် ဘ၀သစ္စာကို စူးစမ်းရှာဖွေသော အတတ်လို့ ဂရိတွေးခေါ်ပညာရှင် ပလေတိုက မှတ်ချက်ချထားခဲ့ပါတယ်။ ဂရိနိုင်ငံမှာ နတ်ဘုရားများကိုးကွယ်ခြင်းနှင့် တဆူတည်းသောဘုရားသခင်အယူအဆဟာ ပိုက်သာဂိုရပ် နှင့် ဟေရာကလိတပ် လက်ထက်မှစပြီး လက်ခံယုံကြည်ခဲ့တာဖြစ်ပါတယ် (  Ref: Betrand Russel:   "History of Western Philosophy" )  'Island of Roses'  'Bride if the Sun' လို့ တင်စားခေါ်ဝေါ်ရအောင် လှပတဲ့ ဂရိနယ်မြေကျွန်းများမှာ အတွေးအခ်ါပညာရှင်များ ပန်းရောင်စုံဖူးပွင့်သလို ဝေဆာခဲ့ကြပါတယ်။

Thales သေးလိစ် (BC- 625-545 )
Zeus နတ်မင်းကြီးအမှူးပြုသော အိုလံပီယာတောင်ပေါ်နတ်ဘုရားများမှ လူသား စတင်ဖြစ်ပေါ်သည်ဆိုတဲ့ ရှေးဂရိတွေးခေါ်ပညာရှင်များနဲ့ခြားနားစွာ   စကြာဝဠာရဲ့ ပြောင်းလဲနေသော (Transformation Process ) ကို စတင်တွေးခေါ်ခဲ့သူဖြစ်သည်။ သူက လူဟာ စကြာဝဠာ  ရဲ့အစိတ်အပိုင်းတခုသာဖြစ်သလို လူအပါအ၀င် သက်ရှိသက်မဲ့အရာခပ်သိမ်းဟာ ရေမှဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ရေအဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားပါသတဲ့။  ရေဓါတ်ဟာ ပြောင်းလဲပျက်စီးခြင်းမရှိဘဲ ထာဝရတည်တံ့တယ်လို့ ဆိုခဲ့ပါတယ်။  ထိုခေတ်တွင် သေးလိစ်နှင့် အခြားဂရိပညာရှင်အများအပြားက လူကို စကြာဝဠာနှင့် သဘာဝနိယာမတရားများရဲ့ လက်အောက်ခံ အပြဌာန်းခံအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဆိုးဖစ်စ် Sophists
သေးလိစ်နောက်ပိုင်းထွန်းကားလာသော ဂရိဒဿနပညာရှင်များဖြစ်ပါသည်။  ဆိုးဖစ်စ်တို့သည် လုသားက မိမိကံကြမ္မာကို လွပ်လပ်စွာ ဖန်တီးနိုင်ပြီး စကြာဝဠာထဲမှာ အချက်အခြာကျသော နေရာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ပြီး လက်တွေ့ကျသောလူ့ဘ၀ပြဿနာများကိုသာ အလေးထား တွေးခေါ်လာကြသည်။ ၄င်းတို့အထဲမှ အနက္ကဇီမန်းဒါး ( ၆၁၀-၅၄၇ ဘီစီ)က စကြာဝဠာကြီးကို ရေ၊ မြေ၊လေ၊မီး စသောဓါတ်ကြီးလေးပါးအပြင် ၀ိဥာဉ်သဘောပါ ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

ပိုက်သာဂိုရပ် (ဘီစီ ၅၇၈-၅၀၀ ဘီစီ)
ထင်ရှားသော သင်္ချာနှင့် ဒဿနပာာရှင်ပီပီ အရာခပ်သိမ်း၏အခြေခံဟာ သင်္ချာသဘောတရား ပေါ်တွင်ရှိသည်ဟု ယုံကြည်ကြပါသည်။ ထာဝရဘုရားက နေကိုဖန်ဆင်းပြီးခါမှ နေ့နှင့်ည၊ နှစ် လ ရက်များစသော သချာင်္ အရေအတွက်သဘောရရှိလာပြီး သင်္ချာသဘောကို ရရှိလာသည်ဟု ဆိုပါသည်။  သူက သဘာဝတရားကို ရှုမြင်တဲ့အခါ ဆန့်ကျင်ဘက်အရာများပေါင်းစည်းနေသော သဘောတရားအဖြစ်မြင်ပါတယ်။  ဥပမာ- စုံနဲ့မ၊ တခုနဲ့အများ၊ လက်ဝဲနဲ့ လက်ဟယ၊ ဖိုနှင့်မ၊ တည်ငြိမ်မှုနဲ့ လှုပ်ရှားမှု၊ ဖြောင့်တန်းမှုနဲ့ကွေ့ကောက်မှု၊ အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ စတုရန်းနဲ့ စက်ဝိုင်းစတဲ့ သဘောတွေ ဖြစ်ပါတယ်။

ဟေရာကလိတပ်စ် Heraclitus ( ဘီစီ ၅၃၅-၄၇၅)

သူနဲ့ခေတ်ပြိုင် ဒဿနပညာရှင်များက အရာရာဟာ ထာဝရတည်မြဲတယ်ဆိုတဲ့အချက်ကို ဟေရာကလိတပ်စ်က ငြင်းပယ်ပီး မတည်မြဲတဲ့ အနတ္တသဘောကို လက်ခံသူဖြစ်ပါတယ်။    သူက “ဘ၀ဆိုတာ ရေအလျဉ်လို ရွေ့လျားစီးဆင်းနေတဲ့ ဖြစ်စဉ်လေးတခုသာဖြစ်ပြီး အရာရာဟာ မတည်မြဲဘဲ ပြောင်းလဲနေတယ်။ မြစ်ကမ်းနဘေးက ရေကို နှစ်ခါပြန်ထိတွေ့လို့ရတယ်ဆိတာ ဘယ်အခါမှမရှိ...”လို့ ဆိုခဲ့ပါတယ်။  သူ့အဆိုအရ စကြာဝဠာကြီးအတွင်းမှာ တခုတည်းသော ပရမတ် (အမှန်)တရားဟာ “ပြောင်းလဲခြင်း” ဖြစ်ပါတယ်။

ဆိုကရေးတီး Socrates  (ဘီစီ ၄၆၉-၃၉၉)
သူ့ကို ဂေါတမဘုရားရှင် ပရိနိဗ္မာန်ပြုပြီး ဆယ်နှစ်အကြာ  အေသင်မြို့မှာ မွေးဖွားခဲ့ပါတယ်။  သူက ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အထူးအလေးထားပြီး လောကီအာရုံ ကာမဂုဏ်တွေကို အလွန်အကျွံလိုက်စားခြင်းကို သတိပေးပြောကြားခဲ့ပါတယ်။   သူ့ရဲ့ တိုးတက်တဲ့အတွေးအခေါ်တွေနဲ့ အစဉ်အလာအရ နတ်ဘုရားကိုးကွယ်မှုကို မလိုက်နာခဲ့တာကြောင့် ဂရိအာဏာပိုင်များက အဆိပ်သောက်ပြီး သေစေဖို့ အမိန့်ချခဲ့ပါတယ်။  ဆိုကရေးတီးဟာ အဆိပ်ခွက်ကိုတည်ငြိမ်စွာ ကိုင်တွယ်ရင်း သောက်သုံး သွားခဲ့ပါတယ်။  အဆိပ်မသောက်မီ ပူဆွေးသောကရောက်နေကြတဲ့ သူ့ရဲ့ တပည့်များကို  “တပည့်တို့ သေခြင်းဆိုတာ အိပ်မက်မရှိတော့သော အိပ်စက်ခြင်းမျိုးဖြစ်ပြီး ဘ၀တပါးသို့ ၀ိဥာဉ်ကူးပြောင်းသွားခြင်းသာဖြစ်တယ်။ တမလွန်ဘ၀မှာ ပျော်ရွှင်ခြင်းသုခကိုသာမက သေခြင်းကင်းတဲ့ အမတချမ်းသာကိုပါ ရရှိနိုင်တယ်..” လို့ ပြောကြားခဲ့ပါတယ်။


ပလေတို Plato  ( ဘီစီ ၄၂၇-၃၄၇)
ပလေတိုဟာ ဆိုကရေးတီးအား လေးစားကြည်ညိုတဲ့ နောက်လိုက်နောက်ပါ တပည့်တဦးဖြစ်ပါတယ်။ သူ့ရဲ့ ဒဿနအမြင်များကို  “Dialogue” နဲ့ “ Republic”  အမည်ရှိကျမ်းများတွင် တွေ့ရှိနိုင်ပါတယ်။ ပလေတိုက ပညတ် (Appearance ) နဲ့ ပရမတ် (Reality ) ကို ခွဲခြား တင်ပြခဲ့ပါတယ်။ ဥပမာ- မြေအိုး၊ စဥ့်အိုး၊ ကြွေအိုး၊ဖန်အိုး စသဖြင့် အမည်ကွဲပြားသော်လည်း ပရမတ်သဘောအရ ပထ၀ီ ဓါတ်သဘောသာဖြစ်ကြောင်း ဆိုထားပါသည်။ ပလေတိုက အမှန်တရားသစ္စာကို ရှာဖွေရာမှာ ဆင်ခြင်ခြင်း ( Reasoning )က ထင်မြင်ယူဆခြင်း (Opinion )ထက် ပိုမိုပြီးပဓာနကျသည်ဟု ဆိုပါတယ်။ လူ့အသိဥာဏ်ဖြစ်စဉ်ကိုလည်း ထင်မြင်ယူဆချက် Opinion နှင့် အသိပညာ Knowledge ဆိုပြီး နှစ်ပိုင်းခွဲပြပါတယ်။ ထင်မြင်ယူဆချက်မှာ စိတ်ကူးယဉ်မှုများနဲ့ အာရုံသိများပါဝင်နေလို့ ယင်းကို ဆင်ခြင်ခြင်းဖြင့် ကျော်လွန်နိုင်မှသာ အသိမှန်ကို ရရှိမယ်လို့ ဆိုပါတယ်။  ပလေတိုက ဘ၀တခုချူပ်ငြိမ်းသွားတဲ့အခါ ၀ိဥာဉ်သည် ရုပ်ခန္ဒာမှ ထွက်ခွာသွားပြီး ၀ိဥာဉ်လောကမှာ အခိုက်အတန့်တည်နေဆိုပါတယ်။ အဲဒီနောက် အခြေအနေပေးပါက လူ့လောကသို့ ပြန်လည် မွေးဖွားရောက်ရှိလာနိုင်တယ်လို့  ပြောခဲ့ပါတယ်။ မသေခင်မှာ အသိပညာကို မြတ်နိုးသော အလုံးစုံသန့်ရှင်းစင်ကြယ်စွာ အားထုတ်ထားသူများဟာ “ထာဝရနာမ်တရားများရဲ့လောက” 'World of Ideas' သို့ ၀င်ရောက်ခွင့်ရပါလိမ့်မယ်လို့ ညွှန်ပြခဲ့ပါတယ်။ နောင်အခါ ခရစ်ယာန်ဝါဒရဲ့  Kingdom of Heaven အယူအဆကို လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။

အရစ္စတိုတယ် Aristotle (ဘီစီ ၃၈၄-၃၂၂)
အရစ္စတိုတယ် ဟာ ပလေတိုရဲ့ တပည့်ဖြစ်ပြီး နောင်အခါမှာ ယုတ္တိဗေဒ “Logic“ ရဲ့ဖခင်ကြီး ဖြစ်လာပါတယ်။ ပလေတို နည်းတူ ပညာရေး၊ လူမှုရေး နှင့် အခြေခံဥပဒေများရဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။  စကြာဝဠာအတွင်းက ဖြစ်ရပ်အားလုံးဟာ သဘာဝကျတဲ့ ဥပဒေတွေ နိယာမတွေနဲ့အညီ ဖြစ်ပေါ်နေတာပါလို့ ဆိုခဲ့ပါတယ်။ နတ်ဘုရားကိုးကွယ်မှုကို ဆန့်ကျင်တဲ့အတွက် အေသင်မြို့ အာဏာပိုင်များက သူ့ကို ဘာသာရေးမကြည်ညိုမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဲဒီအခါ အေသင်မြို့မှ အခြားကို ထွက်ခွာသွားခဲ့ပါတယ်။

အရစ္စတိုတယ်က စကြာဝဠာကြီးအစဉ်လှုပ်ရှားနေဖို့ရာ စီမံဖန်တီးတဲ့ ထာဝရဘုရားရှိပြီး အဲဒီ တည်မြဲတဲ့ ထာဝရဘုရားကို မေတ္တာဓါတ်ကြီးအဖြစ် ရှုမြင်ခဲ့ပါတယ်။  ပလေတိုနည်းတူ  တမလွန်ဘ၀ကို ယုံကြည်ပြီး ကိုယ်ကျင့်တရားကိုထိန်းဖို့ မိမိ နောက်လိုက်နောက်ပါများကို အမြဲတိုက်တွန်းပြောကြားခဲ့ပါတယ်။ ကောင်းမှုကို မိမိအသိဥာဏ် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်လက်ခံရန်ဖြစ်ပြီး “အသိသီလ Intellectual Virtue ” နှင့် အကျင့်သီလ Moral Virtue” ဟု နှစ်မျိုးခွဲခြားပြသခဲ့ပါတယ်။

ခေါမ (ဂရိ) နှင့် ရောမ အင်ပါယာကြီးများ ကျဆုံးပြီးနောက်တွင် ခရစ်ယာန်ဘုရားကျောင်းတော်ဝါဒ ထွန်းကားလာပြီး ဘုရားကျောင်းတော်သြဇာ အလွန်ကြီးခဲ့သည်။  စိန့်သောမတ်စ်အကွိုင်းနပ်စ်  St. Thomas Aquinus (AD 1215- 1274) သည် အရာရာ ဘုရားသခင်ရဲ့အလိုအတိုင်းဖြစ်ပေါ်လာကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုနိုင်ခဲ့သည့် ပညာရှင်တဦးဖြစ်ပါတယ်။  ထိုအယူအဆအရ လူသားတို့.ရဲ့အခန်းကဏ္မဟာ အစွမ်းအစမဲ့သကဲ့သို့ ဖြစ်နေပြီး ထာဝရဘုရားလက်အောက်ခံအသွင်ဖြင့်သာ ရှိနေခဲ့ပါသည်။ အေဒီ ၁၃၀၀မှ ၁၄၀၀ခန့်သို့ ရောက်ရှိလာသောအခါ ဘုရားကျောင်းတော်ဝါဒ မှေးမှိန်လာခဲ့သည်။  သိပ္မံပညာ တစတစ ထွန်းကားလာသဖြင့် သမိုင်းတွင် အတွေးအမြင်များ ပေါ်ပေါက်လာတဲ့အတွက်  Age of Renaissance လို့ သတ်မှတ်ခြင်းခံရပါတယ်။ အထင်ရှားဆုံး သိပ္မျံနှင့် ရူပဗေဒ ပညာရှင်များကတော့ ကိုးပါးနီးကပ်စ်၊(1473-  1743)ဂါလီလီယို(1564-1642)၊ အိုင်ဆက် နယူတန် (1642-1727 ) စသည်တို့ ဖြစ်ပါတယ်။ Renaissance ရီနေးဆန်းခေတ်မှာ ထာဝရ ဖန်ဆင်းရှင် နတ်ဘုရားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိဘ၀အတွက် မိမိဘာသာ ထိန်းကျောင်းအသက်ရှင် နေတတ်သွားဖို့သာလိုတယ်လို့ လူတွေ တွေးခေါ်လာကြပါတယ်။

ဆင်ခြင်ခြင်းနဲ့ အရာရာကိုရှုမြင်တာဟာ  ဂျာမန်ဒဿနပညာရှင် ဟေဂယ်  ( 1770-1831)  လက်ထက်မှာ အထွတ်အထိပ်သို့ ရောက်ခဲ့လို့ ၁၉ရာစုကာလကို “ဆင်ခြင်ခြင်းကြီးစိုးသောခေတ်” 'The Age of Reason'  လို့ သတ်မှတ်ကြပါတယ်။ 

(ဆက်ရန်)

နောက်ပိုင်းဆက်ရေးတဲ့ ကားလ်မာ့ခ်စ် နဲ့ ဘုရားရှင်ရဲ့ ဓမ္မစကြာဒေသနာတို့ကိုတော့ ဆက်ပြီးဖေါ်ပြနိုင်ခြင်း ရှိချင်မှရှိတော့မှာပါ။  ရီဗျူးပြန်ရေးဖို့တောင် အချိန်ပေးနိုင်မှုနဲ့ ဥာဏ်မီနိုင်စွမ်း ရှိမရှိဆိုတာ သံသယဖြစ်မိပါတယ်။  ဆက်ရေးဖြစ်အောင်ကြိုးစားပါမယ်။  မရေးဖြစ်တော့ရင်လဲ ခွင့်လွှတ်ကြပါတော့လို့ .....