Monday 15 March 2010

အီစတန်ဘူလ် သို့မဟုတ် အရှေ့ နှင့် အနောက် ဆုံရာသို့


 အီစတန်ဘူလ်မြို့ ကို ရောက်ခဲ့တဲ့ အမှတ်တရ ခရီးသွားမှတ်တမ်းလေးပါ။ အီစတန်ဘူလ်က တူရကီရဲ့ မြို့တော်မဟုတ်ပေမဲ့   သက်တမ်းရှည်ကြာတဲ့ သမိုင်းစာမျက်နှာတွေ အများကြီးကို ရင်ခွင်ပိုက်ထားတဲ့ မြို့ကြီးတစ်မြိုပါ..။ နိုင်ငံတကာက ခရီးသွားညေ့်သည်တွေနဲ့ သည်းသည်းလှူပ် စည်ကားနေတဲ့မြို့။  ညနေချိန်မှာ မာမရာပင်လယ်ရဲ့ ကမ်းခြေတစ်ဝိုက်မှာ ရွှေအိုရောင်ဝတ်စုံနဲ့ မခို့တရို့ပြုံးလို့...။ ညမီးရောင် ပြိုးပြိုးပျက်ပျက်အောက်မှာလည်း ဆေးရောင်စုံမျက်နှာနဲ့ အသက်ရှူမှားအောင် လမ်းလျှောက်တတ်တဲ့ အီစတန်ဘူလ် ဆိုတဲ့ သူမ........။ မဟာဆန်ခြင်းနဲ့ ခေတ်ဆန်ခြင်းတို့က သူမဆီမှာ အချိုးညီညီ ပေါင်းစပ်လို့နေတယ်။   ( သူမဆီ ကျွန်မ ရောက်ခဲ့ချိန်က ၂၀၀၉ခုနှစ် နှောင်းပိုင်းမှာပါ။ ရေးပြီးသား ခရီးစဉ်မှတ်တမ်းလေး ပျောက်သွားတာ တွေ့နိုးနိုး ရှာရင်းနဲ့ တစ်နှစ်ကျော်ကြာခဲ့ပြီးမှ faded memory လေးနဲ့ ပြန်ရေးဖြစ်တာပါ...။ )

အီစတန်ဘူလ်ကို ခရစ်တော်မပေါ်မီ ဘီစီ ၆၆၇ ကတည်းက  မြို့ပြနိုင်ငံငယ်ကလေး အဖြစ်ထူထောင်ခဲ့ပြီး မူရင်းအမည်က ဘိုင်ဇက်တီယမ် ပါတဲ့..။ ရောမအင်ပါယာ ( အေဒီ ၃၃၀-၃၇၉) ခေတ်မှာလည်း မြို့တော်ဖြစ်ခဲ့ပြီး  နိုဗာရိုမာ ( New Roman  ) လို့ အမည်တွင်ခဲ့ပြန်တယ်။ အဲဒီနောက်ပိုင်း တက်လာတဲ့ အော်တိုမင်အင်ပါယာ ( အေဒီ ၁၄၅၃- ၁၉၂၂) ခေတ်တစ်လျှောက်လုံးမှာတော့ ကွန်စတန်တိနိုးပဲလ် လို့ နာမည်ကျော်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း စံနစ်ဟောင်းကို သင်ဖူးသူတွေ အကျွမ်းတ၀င် ရှိနေမယ့် အမည်ပါ။ ပထမ ကမ္ဘာစစ်မှာ အော်တိုမင်အင်ပါယာ စစ်ရှူံးပြီး မဟာမိတ်အင်အားစုတွေကြီးစိုးခဲ့ကြချိန်မှာတော့ အမျိုးသား ခေါင်းဆောင် မူစတာဖာ ကမာလ် အတာတာ့ခ် (Mustafa Kamal Atatak ) က အင်ကာရာ မြို့ကို ခြေကုပ်ယူပြီး နယ်ချဲ့ကို ပြန်လည် တွန်းလှန်တိုက်ထုတ်ခဲ့ပါတယ်။  ခရစ်နှစ် ၁၉၂၃မှာ  တူရကီ သမ္မတနိုင်ငံ တည်ထောင်ချိန်မှာတော့  တူရကီရဲ့ မြို့တော်က အင်ကာရာ (Ankara )  ဖြစ်လာပါတယ်။ ဒီ ကွန်စတန်တီနိုးပဲလ်မြို့ကြီး ကိုတော့   အီစတန်ဘူလ် ( Istanbul ) ရယ်လို့ အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့ကြပါတယ်။ အဲဒီတည်းက ယဉ်ကျေးမှူမြို့တော်အဖြစ်နဲ့သာရပ်တည်ခဲ့ရတော့တယ် (တရားကျစရာ  သင်္ခါရတရားများ .....).။
သမိုင်းတွေ ပြည့်နှက်နေတဲ့ ဒီ အီစတန်ဘူ မြို့ကြီးက လာလည်သူခရီးသည်တွေကို နတ်မိမယ်တစ်ပါးလို သူ့အလှနဲ့ ဆွဲဆောင်ဖမ်းစား နိုင်ခဲ့တယ်။  အီစတန်ဘူလ်ရဲ့ သမိုင်းဝင်နေရာတွေကို ယူနက်စကိုရဲ့ ကမ္ဘာ့သမိုင်းအမွေအနှစ်များစာရင်းမှာ ၁၉၈၅ ခုနှစ်က ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၀မှာတော့ ဥရောပရဲ့ ယဉ်ကျေးမှူမြို့တော်အဖြစ် (ဂျာမနီ နဲ့ ဟန်ဂေရီက အခြားမြို့ကြီးနှစ်မြို့နှင့်အတူ)  ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ လူဦးရေကလည်း  လက်ရှိ ၁၄ သန်းရှိနေတာမို့ ကမ္ဘာ့ မြို့ကြီးများစာရင်းဝင်ဖြစ်ပါတယ်။ မြို့တော်ကို အမြန်တိုးချဲ့ခဲ့ရလို့  အဆောက်အဦသစ်တွေက ခိုင်မာမှူမရှိပဲ ၁၉၉၉ ခုနှစ်မြေငလျင်မှာ လူတွေ တစ်သောင်းရှစ်ထောင်တောင် သေခဲ့ရတယ်လို့ ကြေကွဲစရာမှတ်သားမိပါရဲ့..။ ၂၀၂၅မတိုင်မီမှာ ရစ်ခ်ျတာစကေး ၇ လောက်ရှိတဲ့ ငလျင်ကြီး ထပ်လှူပ်ဦးမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြသေးတယ်။
ကျွန်မကို အထူးစိတ်ဝင်စားစေတဲ့ အချက်ကတော့ အီစတန်ဘူလ် ဟာ တစ်မြို့တည်းနဲ့  အာရှနဲ့ ဥရောပဆိုတဲံ တိုက်ကြီးနှစ်တိုက်ရဲ့နယ်နိမိတ်စည်းကြောင်းကို ခွလျက်တည်ရှိနေတာကိုပဲဖြစ်ပါတယ်။ အောက်က တံတားကြီးပေါ့။ မြို့တော်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ခြားထားတဲ့  ဘော့စ်ဖောရပ် ရေလက်ကြားကို ဆက်သွယ်ထားတာ။  တံတားဘေးက ရေတစ်ဝက် ကုန်းတစ်ဝက်စားသောက်ဆိုင်လေးမှာ မိတ်ဆွေများနဲ့ စားရင်းသောက်ရင်း လေညင်းခံရင်းကတွေးနေမိတာ။  ဥရောပခြမ်းမှာ ထိုင်နေရင်းက ဟောဟို တံတားတစ်ဖက်မှာ မွေးရပ်မြေအာရှတိုက်ကို လှမ်းမြင်နေရပါလား ဆိုတဲ့အသိနဲ့ ရင်ခုန်မိသေးတော့တယ် ......။





 အောက်ကပုံလေးကတော့ ကမ်းနဖူးတစ်နေရာက ကျွန်မအမည်မသိခဲံ့တဲ့ ရှေးဟောင်း ဗလီကျောင်းတစ်ခုပါ။  လှလွန်းလို့ ရိုက်ခဲ့ပေမဲ့  ရာဇ၀င်ကို ပြောပြမဲ့သူ ရှိမနေပါဘူး။  တကယ်ဆို ဒီတစ်မြို့တည်းမှာကို ဗလီကြီးကြီးတွေ ၂၀၀၀ ကျော်လောက်ရှိတာဆိုတော့ နံမည်မေးရင်တောင် ဒေသခံမဟုတ်ရင်ဘယ်သူမှ ကွဲကွဲပြားပြား သိကြမယ်မဟုတ်ပါလေ..။


ဒါက လမ်းမှာတွေ့တဲံ ပြောင်းဖူးသည်ကို လက်ဆော့ထားတာ...။ တစ်ဖူးကို မြန်မာငွေ သုံးရာ..။ သူတို့ငွေ တစ်ကျပ်ခွဲ..။ နောက်တစ်ဆိုင်က ဂျူံနဲ့လုပ်ထားတဲ့ နံပြား အကြီးစားတွေ..။ ကျွန်မသာဆို သုံးခါလောက်ခွဲ စားရမယ် ထင်ပါရဲ့...။
လမ်းဘေးဈေးက ပုတီးရောင်စုံလေးတွေပါ...။ ကျွန်မက ပုတီးကြိုက်ပေမဲ့ တကယ်တမ်းမဆွဲရဲဘူး..။ ပွဲတက်သလို ဖြစ်နေသလားလို့...။  ကနုကမာ ရင်ထိုးလေးဘဲ ၀ယ်ခဲ့တယ်။


လည်ချိန်ပါတ်ချိန် နည်းလှတာမို့ ဦးစားပေးအစီအစဉ်နဲ့သာ လေ့လာခဲ့ရပါတယ်။  ပထမဆုံးသွားခဲ့တာ ကတော့ Hagia Sophia  ခေါ်တဲ့ ဗလီဝတ်ကျောင်းတော်ကြီးတစ်ဖြစ်လဲ ပြတိုက်ကြီးပါ။  (အင်တာနက်မှ ပုံ)။

Hagia Sophia ရဲ့ မုခ်ဦးအ၀င်ဝကို ရိုက်ထားတာပါ။

                                                

Hagia Sophia ရဲ့ ခန်းနားတဲ့ စင်္ကြံလျောက်လမ်း...။ ရောင်စုံစကျင် ကျောက်သားတွေက ဒီဇိုင်းဆန်းဆန်းတွေမို့ လူဆွဲထားသလားလို့ ထင်ရလောက်ပါတယ်။  Hagia Sophia က နှစ်ထပ်ပေမဲ့ အလည်ခန်းမက နှစ်ထပ်လုံး တိုးလျိုပေါက်ကြီးဖြစ်နေပြီး အပေါ်ထပ်က ပွဲကြည့်စင်လို ပါတ်လည်စင်္ကြံဘဲ ရှိတာပါ။ အပေါ်ထပ်ကနေ  ကြမ်းပြင်အထိ ငုံ့ကြည့်ရင်အသည်းယားစရာပါပဲ။  အဆောက်အဦရဲ့ မျက်နှာကျက်ခုံးခုံးကြီးနဲ့ နံရံတစ်ချို့မှာ ပန်းချီပုံတွေ တွေ့ရပါတယ်။


အပေါ်က တောင်ပံနဲ့ ပုံက ခရစ်တော်နဲ့ ပါတ်သက်တဲ့ပန်းချီလက်ရာတစ်ခုပါ။ ဒီအဆောက်အဦက အေဒီ ၃၆၀မှ အေဒီ၁၄၅၃ုအထိ အနှစ် ၁၀၀၀ကျော် ခရစ်ယာန်ဘုရားကျောင်းဖြစ်ခဲ့ပြီး နောက်ထပ်နှစ်ငါးရာလောက် ( ၁၄၅၃- ၁၉၃၅ အထိ) ဗလီဝတ်ကျောင်းဖြစ်ခဲ့ရသတဲ့။  အော်တိုမင်အင်ပါယာကြီးစိုးချိန်မှာ နံရံက ခရစ်ယာန်ပန်းချီလက်ရာတွေကို ပလာစတာဆေးသုတ်ဖုံးကွယ်ပြီး တစ်ခြား အနုပည်ာလက်ရာတွေနဲ့အစားထိုးခဲ့တာ။  ၁၉၃၅မှာ ပြတိုက်တစ်ခုအဖြစ် သတ်မှတ်ခံရပြီးချိန်မှာ ပညာရှင်တွေက ဖုံးကွယ်နေတဲ့ ပန်းချီကားတွေကို ပြန်လည်ဖေါ်ထုတ်လာနိုင်တာ..... သိရတော့ သိပ်အံ့သြမိတယ်။ Hagia ရဲံ အတွင်းပိုင်း (အောက်ပုံ)ကလည်း ကိုယ့်မှာမရှိလို့ အင်တာနက်က ပြန်ရှာထားတာပါ..။
Hagia Sophia  နဲ့ မနီးမဝေးက Blue Mosque  ကလည်း မလည်မဖြစ်ပါ။ အပြာရောင်တိုင်လုံးကြီးတွေကြောင့် ဒီလိုခေါ်ကြတာပါ။  အထဲကိုမ၀င်ခင် ဖိနပ်ချွတ်ရပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးပါဘဲ..။ အထဲမှာ ရွတ်ဖတ်ပူဇော်သံတွေ ကြားနေရတယ်။  တိုင်လုံးကြီးတွေက လူသုံးလေးဖက်စာလောက် ကြီးပါတယ်။


Blue Mosque က ပြန်အတွက်မှာတော့ နန်းတော်ဟောင်း ( Topkapi Palace ) ပြတိုက်ကို ၀င်ခဲ့ပါသေးတယ်။  နန်းတော်ဟောင်း ထဲမှာတော့ ကင်မရာ အားကုန်သွားလို့  (တချို့နေရာတွေကလည်း ရိုက်ခွင့်မရှိလို့ ) တင်စရာ ဓါတ်ပုံမရှိ၊ ဖြစ်သွားပါတယ်..။  ဟိုကဒီကရှာထားတဲ့ ပုံကလေးတစ်ချို့ပါ..။ နန်းတော်ကို ၁၄၅၉ မှာ တည်ထောက်ခဲတဲ့ စူလတန် မာမက် (Sultan Mehmed II ) ပုံ။ နန်းတော် ဂိတ်ဝ ပုံ။ နန်းတော်ထဲက အခန်းတစ်နေရာ နဲ့  တော်ဝင်လက်ရာများ စုဆောင်းထားရာ ပြခန်းမတစ်ခုပါ..။

ကိုးချင်းကိုးကြောင်း လျှောက်ကြည့်ရင်း မှတ်မိတာကတော့ ရှေးဘုရင်တွေရဲ့ ကျောက်သံပတ္တမြားနဲ့ အဖိုးတန် အသုံးအဆောင်တွေ၊ လက်နက်တန်ဆာပလာတွေ၊  တမန်တော် မိုဟာမက်ရဲ့ ၀တ်စုံဖြူ နဲ့ လက်ရေးမူစာအုပ်တို့ကို ပြသထားတာပါပဲ။

အချိန်အခက်အခဲကြောင့် နံမည်ကြီးတဲ့  Grand Bazzar ကိုတော့ လက်လွတ်ခဲ့ရပါတယ်။  ခရီးကြုံလို့ ရောက်ဖြစ်ခဲ့တဲ့ဈေးကတော့  Spice Bazzar  ဖြစ်ပါတယ်။  တူရကီ ရဲ့ နာမည်ကြီး ဟင်းခတ်အမွှေးအကြိုင် မျိုးစုံရလို့ တိုးရစ်တွေ အလာများပါတယ်။ အတွေ့များတာကတော့ ဖန်ရောင်စုံ အကွက်စီခြယ်ထားတဲ့ ညမီးအိမ်ကလေးတွေပါ။ ဖယောင်းတိုင်ထည့်ထွန်းရင် ဒီဇိုင်းလှလှလေးတွေက ပိုပြီးလင်းလက်လှပလာတယ်။ ကြေးဝါနဲ့လုပ်ထားတဲ့ မဆလာကြိတ်စက်အသေးလေးနဲ့  မီးအိမ်လေးတစ်ချို့ကို လက်ဆောင်ပေးဖို့ ၀ယ်ဖြစ်ခဲ့တယ်။ ဆိုင်ရှင်က အတင်းဖိတ်ခေါ်လို့  သလဲသီးရေနွေးကြမ်းကို အစမ်းသောက်ခဲ့ရသေးတယ်။ အရောင်နီနီရဲရဲ အရသာ ချဉ်ဖြုံ့ဖြုံ့နဲ တစ်မျိုးတော့ ထူးခြားသား။  နံမည်ကြီးတဲ့အချိုတည်းစရာ Turkish Delight ကတော့ ဗမာပြည်က ဆန်မှူန့်ဖြူးထားတဲ့ ကရေကရာလို ချိုချိုအိအိလေးပါ။  တူရကီရဲ့ နာမည်ကျော် တွင်းထွက်ပစ္စည်းကတော့ Turquoise လို့ခေါ်တဲ့ အလင်းမပေါက်တဲ့ စိမ်းပြာရောင် ကျောက်ကလေးတွေပါ။ နားဆွဲ လက်စွပ် လက်ကောက် ဒီဇိုင်းစုံ ကို ဈေးချိုချိုနဲ့ ရနိုင်ပါတယ်။   ဈေးလည်ရင်း ကိုယ့်အတွက် ဟာသဖြစ်ခဲ့တာကတော့  တစ်ဈေးလုံး နီးပါး တွင်တွင်ကျယ်ကျယ် ချရောင်းနေတဲ့ ပုလင်းလေးတွေကို ပရုပ်ဆီထင်ပြီး ၀ယ်မလို့ကောက်ကိုင်မိတဲ့အခါ ဆိုင်ရှင်က ဘယ်သူ့ဖို့လဲ လို့မေးတော့ မရိပ်မိသေးဘဲ ငါ့ဦးလေးဖို့လို့ဖြေမိပါရဲ့။ သူက အေးအေး သူ့ကို နောက်စရာရတာပေါ့ လို့ပြောမှ မသ့င်္ကာလို့ စာတွေလှမ်းဖတ်လိုက်တယ်။  လား..လား....အဲဒီ ဆေးဘူးက  ” ....... အားတိုးဆေး” ဖြစ်နေလို့ ရှက်ရှက်နဲ့ သုတ်ခြေတင်ခဲ့ရတာပါဘဲ..။

အီစတန်ဘူလ် ရဲ့ ရာသီဥတုက ဥရောပဆန်တယ်လို့ ပြောရလေမလားမသိ။  အောက်တိုဘာလရဲ့ ပါတ်ဝန်းကျင်လေးက အေးစိမ့်စိမ့်နဲ့ ကုတ်အကျီင်္ပါးပါး တစ်ထည်လောက်ဝတ်ထားရင် နေသာထိုင်သာရှိတဲ့ အပူချိန်ပါ။ အအေးကြိုက်သူများကတော့ ချည်ထည်ပါးပါးနဲ့  လမ်းသလားနေတာကိုလည်းတွေ့ရလေရဲ့။  တူရကီတွေက မြင်ရသလောက် ရုပ်ရည်ကြည့်ကောင်း ချောမောကြပါတယ်။ အထူးသဖြင့်လူငယ်ပိုင်းပေါ့။  မိန်းကလေးတွေဆို ခေါင်းစည်းပုဝါ စည်းနှောင်ထားပေမဲ့  ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ထားကြပါတယ်။
 ခေတ်သစ် တူရကီနိုင်ငံတည်ထောင်ခဲ့တဲ့ ၊ ခေတ်သစ် တူရကီစာကို တီထွင်ခဲံ့တဲ့ အာဏာရှင်ကြီး ကမာလ်က ယောက်ျားလေးတွေ ခေါင်းပေါင်းဦးထုပ်ဝတ်ဆင်တာကို  အတင်းအကြပ် ဖျက်သိမ်းခဲ့တာမို့ မူဆလင်နိုင်ငံဆိုပေမဲ့ တူရကီမှာ ဘယ်သူမှ  အာရပ် ဦးထုပ်မဆောင်းပါ။

အများစုက ဖေါ်ရွေယဉ်ကျေးကြပါတယ်။  လမ်းပျောက်လို့ မေးရင် ပြုံးပြုံးရွှင်ရွှင်နဲ့ဖြေကြတယ်။  ဟိုတယ်အင်တာနက်လဲ သုံးလို့ကောင်တယ်။  ဘဏ်မှာငွေလဲရတာလည်း အဆင်ပြေတယ်။ အချိန်တိုအတွင်းမှာ သုံးသပ်ရတာမို့  တိကျတယ်လို့ မပြောနိုင်ပေမဲ့ အီစတန်ဘူလ်ကတော့ (ကိုင်ရိုနဲံယှဉ်ရင်) လူနေမှူ အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားပြီး Rising Star  မြို့တော်တစ်ခုအသွင်ကို ဆောင်နေတယ်လို့ ခံစားမိပါကြောင်း ၊ ကံကြမ္မာ အလှည့်သာလို့ အခွင့်အရေးရမယ် ဆိုရင် အေးအေးဆေးဆေး လည်ပတ်ဖို့ နောက်တစ်ခေါက်သွားချင်ပါသေးကြောင်း .....။

ကိုယ့်ရဲ့ အမှတ်တရခရီးလေးတစ်ခုကို မျှဝေလိုက်ပါတယ် သူငယ်ချင်း တို့ရေ ............။


မိုးစက်ပွင့်








No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......