Friday 29 March 2013

သြော်- မိတ္တီလာ



လူကလေးရဲ့ ချော့စရာ
မိတ္တီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ....။


မထင်မှတ်ဘဲ သွားခဲ့ရတယ်..။
 ဒီရက်ထဲမှာ ခေတ်အစားဆုံး ဖြစ်နေတဲ့ မိတ္တီလာ.... ။
အမုန်း၊ အမျက်၊ သောကတွေ ဖွဲမီးလို တငွေ့ငွေ့လောင်ကျွမ်းနေတာ...။
 ကိုယ့်ကင်မရာနဲ့ မှတ်တမ်းမတင်လိုခဲ့၊  အကျည်းတန်လှတဲ့ ဒီမြင်ကွင်းများ .... ။

ကန်ရေပြင်ကြီးကတောင်  သက်ပြင်းတွေ အခါခါချ။
ကန်နဘေးနားက ဟိုတယ်ခန်းကလေးထဲမှာ အိပ်ပျက်ခဲ့တဲ့ ညနှစ်ည...။

အခန်းဖေါ် ညီမလေးနဲ့ ပြောခဲ့တဲ့ စကားတွေကလည်း တောင်စဉ်ရေမရ...။ 
ကန်ရေပြင်ကိုဖြတ်ပြီး ဒေါမာန်ထနေတဲ့လူတွေ ရောက်လာကြဦးမလား၊ အတွေးတွေခေါင် လှပေါ့။
မိုးလင်းပါတော့၊ မိုးရယ် မြန်မြန်လင်းပါတော့ ... ကွယ်။


ဘယ်မှာ စားရသောက်ရမှန်းမသိ၊  မနက်စာဆို Mr. Linn ၊ နေ့လည်စာ နဲ့ ညစာက “ ဒေါ်ပြုံး”။ 
ဖော်မြူလာထပ်နေတဲ့ ဒီစားစရာ တွေကို သုံးရက်ထဲနဲ့ မုန်းလာသလိုလို။
စားပွဲထိုးတဲ့ ညီမလေးတွေရဲ့ မျက်နှာချိုချို ကြောင့်သာ တော်သေးရဲ့..။



ဒေသထွက် စပျစ်သီးလေးတွေကတော့ ချိုမြဲချိုဆဲ ... တပိဿာကို ၂၅၀၀ထဲပါ.... ခြင်းကလေးနဲ့ ထည့်ပေးဦးမှာ တဲ့.... လတ်တလော အခြေအနေတွေကြောင့်  ဈေးနည်းနည်းတက်သွားတယ် တဲ့ ... ဒါပေမဲ့ ဈေးက တန်နေတုန်းပဲ .... အိမ်ပြန်လက်ဆောင်အတွက်၊ နှစ်ခြင်းပေးပါနော်... အိမ်ဖို့တခြင်း၊ ရုံးဖို့ တခြင်း.။ (အဒေါ်ကြီးရောင်းတဲ့ အသီးက ကောင်မလေးချောချောတွေ ရောင်းတဲ့အသီးထက် ပိုကောင်းပြီး ဈေးသက်သာတာလည်း မှတ်သားစရာ တခု ဖြစ်နေတယ်)

အစိမ်းရောင်ကလေးတွေက တပိဿာမှ ၂၀၀၀ ရယ်၊ ဟင့်အင်းကွယ် - ဈေးသက်သာပေမဲ့လည်း အစိမ်းရောင် ခပ်ချဉ်ချဉ် စပျစ်သီးတွေတော့ ကိုယ်မကြိုက်ဘူး...။  နီကျင်ကျင် အသီးတွေကလည်း သိပ်မချိုတတ်ဘူး။ နီညိုရောင်ရင့်ပြီး အနက်ရောင်သန်းနေမှ ထိထိရှရှ ချိုတာ မဟုတ်လား ...။

မြို့ထဲကထွက်တော့  နေရောင်တွေ စူးလက်လို့။
နွေအပူရှိန်ပြင်းပြင်းက ကားမှန်ကို ဖေါက်ထွင်းပြီး ရင်ကိုလာဟပ်နေတယ်။
ပူလှချည်ရဲ့  ... ပူလှချည်ရဲ့ ကွယ်။

ဟင်- မိတ္တီလာ ဆိုပြီး ထူးထူးခြားခြား ဘာမှလည်း မပါဘူး... မိဇိုး ...။

မိုးစက်ပွင့်

Friday 22 March 2013

နတ်မောက်၊ ပင်းမြို့ဟောင်း နဲ့ ရေနံချောင်း

၂၀၁၃ မတ်လဟာ ကိုယ့်အတွက် ထူးခြားတဲ့ လတစ်လ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် ခရီးတွေ ဆက်တိုက်ထွက်နေရလို့ပါ  ...။

  ရောက်ခဲ့ တဲ့နေရာလေး တွေကို   လက်စွဲတော်ကင်မရာလေးနဲ့ မှတ်တမ်းတင်ပြီး  ပြန်မျှဝေရတာလည်း ၀ါသနာတခုလို ဖြစ်နေပြန်တယ်...။  ဓါတ်ပုံပညာကို အထူး မကျွမ်းဝင်ပေမဲ့ အတတ်နိုင်ဆုံး   ကောင်းအောင်ရိုက်ပြီး အမှတ်တရ ကာလလေးတွေကို   အေးခဲ သိမ်းဆည်း ထားရတာ   ပျော်စရာကောင်း လှပါတယ်...။  နောင်တချိန်မှာ ပြန်ကြည့်တဲ့အခါ ခံစားချက်တို့ကို အသစ်တဖန် လှုပ်နှိုးနိုင်တယ်လေ..။ ဒစ်ဂျစ်တယ်ကင်မရာလေး မရှိခင်တုန်းက သွားခဲ့ရတဲ့ မှတ်တမ်းမည်မည်ရရ မကျန်ခဲ့တဲ့ ခရီးစဉ်တွေလည်း နှမြောလှပါတယ်..။ ဖလင်ကင်မရာနဲ့ ထုတ်ထားတဲ့ပုံတွေ   တော်တော်များများက အကြောင်းကြောင်းကြောင့် ပျက်စီးသွားလို့ပါ။

ပထမဆုံး ရောက်ခဲ့တာက နတ်မောက်မြို့က ဗိုလ်ချူပ်နေအိမ်ပါ။ နတ်မောက်ဆိုတဲ့ တောမကျ မြို့မကျ  မြို့ငယ်ကလေးကို ကံကောင်းစွာ အလုပ်ကိစ္စနဲ့ ဖြတ်သွားရင်း ၀င်ရတာမို့   ပြတိုက် ဖွင့်ရက် ပိတ်ရက် ရွေးမနေအားပါဘူး။  ဒါပေမဲ့ ကံဆိုးစွာ ပိတ်ရက် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က အထဲအထိ ၀င်ခွင့်ရခဲ့ပါတယ်။ တကယ်တော့ အထဲမှာ ကုလားထိုင် စားပွဲလောက်ပဲ ရှိတာပါ။


 ကြည့်ပါဦး များလိုက်တဲ့ ပိတ်ရက်တွေ။  တပါတ်မှာ လေးရက်ပိတ်၊ သုံးရက်ဖွင့် (ဘာကြောင့်ရယ်မသိ)။



အိမ်ရဲ့ နောက်ပိုင်းမြင်ကွင်း။ 



ရသလောက်တော့ ဓါတ်ပုံရိုက်ခဲ့ပါတယ်။  အိမ်က လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က မြို့တပိုင်းလုံး မီးလောင်ပြီး ပါသွားတာမို့ ပုံစံတူ ပြန်ဆောက်ထားတာပါ။  ကျန်ခဲ့တဲ့ အုတ်ရိုးတပိုင်းတစကတော့ ဟိုတုန်းက ပဲဂိုဒေါင်အဟောင်း လက်ကျန်လို့ ပြောပါတယ်။


                                               ----------------------



နောက်ထပ် ၀င်ဖြစ်ခဲ့တာက နတ်မောက်နဲ့ မနီးမဝေးက ပင်းမြို့ဟောင်း ပါ။ ရှေးဟောင်း ညောင်ပင်ကြီးနဲ့ သပြေပင်ကြီးတွေကြောင့်လည်း နံမည်ကြီးပါတယ်။  တကယ်တော့ နတ်မောက်တမြို့နယ် လုံးက မြင်ကြရတဲ့ ( လိုဏ်ဂူတွေလည်းရှိတယ်ဆိုတဲ့ ) ” မှန်းခြေရင်း” တောင်ကြီးရယ် ၊ ပင်းစေတီရယ်၊ သမိုင်းဆက်စပ်မှုရှိပါသတဲ့။  ကျမတို့ကတော့ အချိန်အခက်အခဲကြောင့် သေသေခြာခြာ မမေးမြန်းဖြစ်ခဲ့ပါဘူး။


ဘုရားနဘေးက ကြီးမားလှတဲ့ ညောင်ပင်ကြီးရဲ့ အကိုင်းတွေကို အုတ်တိုင်တွေနဲ့ထောက်ပြီး  ကဗ္မည်းထိုးလှူဒါန်းထားတဲ့ အလှူရှင်တွေ မနည်းလှပါ။

ကျမတို့ ညောင်ရေသွန်းဖို့အတွက် ရေကုသိုလ်ယူလာပေးတဲ့ အမေအို။  သဒ္ဒါတပ်အားလှူဒါန်းသမျှကို အပြုံးကလေးယဲ့ယဲ့နဲ့ ဆုမွန်ချွေပေးနေတဲ့ အမေအို။  
 

ဘုရားက ပြန်အတွက်မှာ ပင်စည်ကို သံကိုင်းနဲ့ သိုင်းထောက်ထားရတဲ့  သက်တမ်းရင့် သပြေပင်ညီနောင်ကို တွေ့ခဲ့ရပါတယ်၊ သက်တမ်းအတိအကျကိုတော့  မမေးမြန်း မစုံစမ်းခဲ့ရလို့ မသိရပါဘူး။

ပင်းမြို့ကနေ ရေနံချောင်းကို ကားလမ်းသစ်ဖောက်ထားတာမို့ ၂နာရီလျော့လျော့ လောက်နဲ့   ရောက်သွားခဲ့ပါတယ်။

  ရေနံချောင်းကတော့ ကိုလိုနီရွှေခေတ်မှာ ရေနံတွင်းတွေနဲ့ ရွှေရောင်တောက်ခဲ့တဲ့ မြို့တမြို့ပါ။  အခုအထိလည်း ဟောင်းနွမ်းနေပေမဲ့ အတိတ်က ခမ်းနားမှုတွေကို ခပ်ရေးရေး ထင်ကျန်ေ နခဲ့သေး တာပေါ့။  မြို့လည်က အထက ကျောင်းက ဗိုလ်ချူပ်နေခဲ့တဲ့ ကျောင်း တဲ့။  ရသမျှအချိန်ကလေးမှာ ရေနံချောင်းရဲ့ အထင်ကရ နေရာလေးတချို့ကို သွားခဲ့ပါတယ်။

ပထမဆုံး သွားခဲ့တာက ရေနံချောင်းရောက်တဲ့ အခါတိုင်း မသွားမဖြစ် ရေနံသာခင်ခင်ကြီး ( မောင်သိန်းဆိုင် ၀တ္တု) အိမ်ကိုပါ။ ၀တ္တုထဲက ဇာတ်လိုက်မင်းသမီး တကယ်နေခဲ့သလားဆိုတာ မသေချာပေမဲ့ ရေနံချောင်းရဲ့ အခမ်းနားဆုံး ရှေးအိမ်ကြီး တအိမ်ပါ။ ဟောင်းနွမ်းပျက်စီးနေတဲ့ ဒီအိမ်ကြီးကို ရှေးမူမပျက် စနစ်တကျ ထိမ်းသိမ်းမွမ်းမံပြီး လေ့လာရေးအတွက် သုံးရင် သိပ်ကောင်းမှာဘဲ။


ရေနံသာခင်ခင်ကြီးအိမ်အနီးက စနေနံဘုရား ပေါ်က ခန်းနားတဲ့ ရှေးအဆောက်အဦတခု။

နောက်ပြီး မင်းကွန်းပုထိုးတော်ကြီးအလား သိပ်ကို လှပခန်းနားတဲ့   ကျောက်စာရုံကြီး ကိုလည်း ရောက်ခဲ့ပါတယ်။ ကုန်းမြင့်ပေါ်မှာ လှေခါးကျယ်ကြီး  သုံးဆင့်နဲ့ အထပ်ထပ် တည်ထားတဲ့ ဒီကျောက်စာရုံကြီးဟာ ဘုရားရှင်ရဲ့ ကျမ်းစာတွေကို ရေးထိုးထားတဲ့ ရာပေါင်းများစွာသော စကျင် ကျောက်ချပ်ကြီးတွေ ရာပေါင်းများစွာကို မိုးလေမခ သဘာဝ ဘေးဒဏ်မကျ ရအောင် သိမ်းဆည်းပေးထားတာပါ။ 



အဲဒီခေတ်ကာလက ဒီလောက်လေးလံများပြားတဲ့ ကျောက်ချပ်တွေကို ဘယ်လို သယ်ယူ ထုလုပ်ခဲ့သလဲဆိုတာ တွေးကြည့်ရုံနဲ့ လေးစား အထင်ကြီးစရာပါ။ 



အမိုးကလည်း သံဒိုင်း၊ သံယက်မတွေနဲ့ အခိုင်အမာ ဆောက်ထားပါတယ်။


 အလှူရှင် တွင်းရိုးတွင်းစား သူဌေးကြီးက သူ့ဇနီးကို “ပါရမီဖြည့်ဖက်” လို့ သုံးနှုံးထားတာလေး လှလွန်းလို့ မှတ်တမ်းတင်ခဲ့တယ်။




ကျောက်စာရုံတော်ကြီးက ပြန်ထွက်လာချိန်မှာတော့ ယဉ်ကျေးမှုလက်ရာ အဆင့်မြင့်တဲ့  ရှေးမြန်မာဘိုးဘွားတွေ အတွက် ဂုဏ်ယူတဲ့ ကြေနပ်တဲ့ ပီတိဖြစ်တဲ့စိတ်တွေ အပြည့်နဲ့ လမ်းလျှောက်ရတာ ခြေထောက်နဲ့ မြေကြီးတောင် မထိတော့သလိုလိုပါဘဲ...။

မိုးစက်ပွင့်

Monday 11 March 2013

ကျောင်းတော်ရာ၊ ရွှေစက်တော် (၂)

ကျောင်းတော်ရာ ငါးစာကျွေးဆိပ်က ထွက်လာတော့ ၁၀ နာရီကျော်နေပြီ...။  မန်းချောင်းတူးမြောင်းကြီးရဲ့ နံဘေးတလျှောက်က ဖုန်ထူထူ ကားလမ်းကလေးအတိုင်း မောင်းလာခဲ့တယ်..။   ရေထိန်းတံခါး အဆင့်ဆင့် တပ်ထားတဲ့ တူးမြောင်းကြီးထဲမှာ ရေတွေနဲ့ ၊ တူးမြောင်းဘောင်မှာ သစ်ပင်ကြီးတွေနဲ့ စိတ်ချမ်းသာစရာပါ။  ဒါကြောင့်လည်း ပွင့်ဖြူ နဲ့ လယ်ကိုင်းတ၀ိုက်ဟာ ဆန်စပါးအထွက်နည်းတဲ့ အညာဒေသရဲ့ အားထားရတဲ့ စပါးကျီတလုံး ဖြစ်နေတာပါဘဲ..။

 

နွားကလေးတွေလည်း ရေဆင်းသောက်ကြတယ်။

မန်းတူးမြောင်းကြီးရဲ့ အထိမ်းအမှတ် ကျောက်စာ...

လမ်းကိုတော့ ကားကြီးကြီးတွေနဲ့ မြေနီဖို့ နေတာ တွေ့ရတယ်။ ပြီးသွားရင်တော့  ဖုန်ထ သက်သာတာပေါ့။  တနာရီကျော်ကျော်လောက်မောင်းပြီးတော့ သာသာယာယာ ချောင်းစပ်မှာ တဲစုတန်းလေးတွေ တွေ့လို့ မေးကြည့်တော့ ရွှေစက်တော်မရောက်ခင် တထောက်နားတဲ့   နေရာတဲ့။  ဒေသခံ ကားဆရာက အဲဒီမှာ နားပြီး နေ့လည်စာစားဖို့ အကြံပြုတယ်။  အိုကေပေါ့။ မနက်စာက မစို့မပို့ဘဲ စားခဲ့ရတာ မဟုတ်လား။

 အဲဒီအခိုက် အနားက ဖြတ်သွားတဲ့ လှည်းတစီးက အုန်းသီးခိုင်အပြည့် နဲ့။  ရောင်းမလား လို့ လှမ်းအော်မေးလိုက်တော့ ရောင်းမယ်တဲ့။ ခြေမြန်လက်မြန် ရှိသူတွေက ကားပေါ်ကနေ ဆင်းဝယ်ကြတယ်။  အခိုင်လိုက်ဆွဲလာတာမြင်လို့ ဈေးမေးကြည့်တော့ တလုံး ၃၀၀ ကျပ်နဲ့ ဆယ်လုံး ၀ယ်ခဲ့ကြတယ် တဲ့ (ဈေးချိုလွန်းနေသလိုပဲ..).။


နားခိုရာဝါးတဲလေးတွေက ချောင်းထဲက ရေစပ်စပ်မှာ ဆောက်ထားတယ်..။ ချောင်းထဲမှာရှိတဲ့ ရေက ဒူးလောက်ပဲ ရှိတာမို့ နွားလှည်းလေးတွေ ကူးသန်းသွားလာနေကြတယ်။ ချောင်းရေက ကြည်လင်နေတာမို့ ရေအောက်က ကျောက်စရစ်ခဲကလေးတွေကိုတောင် ထင်ထင်ရှားရှား  မြင်နေရပါတယ်။  လူတချို့က ချောင်းထဲမှာ ရေချိုးနေကြတယ်။

ခဏနေတော့ ပါလာတဲ့ ထမင်းအိုးတွေ၊ ထမင်းချိုင့်တွေကို ဖွင့်ပြီး စားကြသောက်ကြတာပေါ့။ ကိုယ်တိုင် ယူလာတဲ့ မရမ်းသီးငါးပိကြော်၊  ငါးရံ့ခြောက်ဖုတ်၊ ကြက်ကြော် တွေအပြင် ဘေးနားဆိုင်က ၀ယ်ရတဲ့ ငါးကလေးကြော် နဲ့ ဆတ်သားကြော် (စစ်စစ်) တို့ကြောင့် ထမင်းစားရတာ ထောင်းထည့်သလို အလွန်မြိန်ပါတယ်။  စားပြီးသောက်ပြီးတော့ အုန်းသီးကိုခွဲပြီး အုံးရည်သောက်၊ အုန်းသီးဖတ်ခြစ်ပြီး အချိုတည်းကြတယ်။ 


စားပြီးသောက်ပြီး ထမင်းလုံးစီ၊ ခဏတဖြုတ်နားပြီးတာ နဲ့ ရွှေစက်တော်ကို ခရီးဆက်ခဲ့ရပြန်တာပေါ့...။


ရောက်ခဲ့ပါပြီ၊  အများမျှော်လင့်နေတဲ့ ရွှေစက်တော်။  တဲတန်းတွေ၊ ဈေးဆိုင်တန်းတွေကဖြင့် တမျှော်တခေါ် ရှည်လျားလှပေရဲ့...။ အ၀တ်အထည် ၊ အစားအသောက်၊ အသုံးအဆောင်တွေ စုံလှပါတယ်။  အပေါ်စီးက ရိုက်ထားတဲ့ပုံဘဲ ကြည့်တော့နော်။


 ရောက်ရောက်ချင်း အထက်စက်တော်ရာကို တန်းတက်ကြပါတယ်။
   အထက်စက်တော်ရာကို လှမ်းမြင်ရပုံ ----


အထက်စက်တော်ရာကိုတက်တဲ့ စောင်းတန်းအခြေနားအထိ ကားရောက်ပါတယ်။  စောင်းတန်းကလေးက မတ်စောက်ပြီး တဖက်တချက်မှာ ဈေးဆိုင်တန်းကလေးတွေနဲ့ အပြည့်ပါ။  တီရှပ်ဆိုင်၊   ဆေးဥဆေးမြစ်ဆိုင်၊ ဗေဒင် လက္ခဏာဆိုင်၊ အမှတ်တရ ပစ္စည်း သေးသေး မွှားမွှားလေးတွေ ရောင်းတဲ့ ဆိုင် စုံလို့  စုံလို့ပါဘဲ။ ထူးဆန်းတာက ၅၀ တန်ကနေ ၂၀၀ တန်အထိ အကြွေလဲပေးတဲ့ သူတွေ တော်တော်တွေ့ရတာပါဘဲ။  ၂၀၀၀ ပေးရင် အကြွေ ၁၈၀၀ ပြန်ပေးတယ်။  လှူစရာနေရာများတော့ ဘုရားဖူးတွေ အကြွေလို ကြလို့နဲ့ တူပါတယ်။


စိတ်မကောင်းစရာက သက်ကြီးရွယ်အို တောင်းစားသူတွေ အများကြီးတွေ့ရတာပါဘဲ။  ကလေးငယ်ကလေးတွေလည်း မျက်ရည်စက်လက်နဲ့ တောင်းနေကြတယ်။  လူကြီးတယောက်ယောက်က ရိုက်နှက်ခိုင်းစေ ထားပုံရတယ်။  သက်ကြီးရွယ်အိုမို့ သနားမိပေမဲ့ ကိုယ့်နောက်ကွယ်မှာဘဲ ကလေးတယောက်ကို ရုံ့ရင်းကြမ်းတမ်းစွာ ဆဲနေတာ ကြားရတော့ ဖတ်ဖူးတဲ့ မမြသွေးနီရဲ့ ၀တ္တုတိုလေးတပုဒ်ကို သတိရမိတယ်။  ဘုရားဝင်းတာဝန်ရှိသူတွေ မတွေ့မမြင် မကြားတော့ပြီလား။


အထက်စက်တော်ရာ တောင်ကုန်းပေါ်က ရှုခင်းတွေ အပေါ်စီးကနေ ကြည့်ရတာကတော့ ကောင်းပါတယ်။  နေ့ချင်းပြန်ခရီးမို့ အချိန်မရတာမို့ လူစုံတာနဲ့ ခပ်သုတ်သုတ် ပြန်ဆင်းခဲ့ကြတော့တယ်။

အထက်စက်တော်ရာကပြန်တော့ တဲတန်းကလေးတွေဆီကို ဦးတည်ခဲ့ကြတယ်။
 ကားရပ်တာနဲ့ တည်းခိုခန်း ယူမလားလို့ လာလာမေးသူတွေက တပုံတပင်ပါဘဲ။  ဌာနဆိုင်ရာတွေကတောင် ယာယီတဲကလေးတွေဖွင့်ပြီး စီးပွားလမ်းဖြောင့်နေတဲ့ပုံပါဘဲ။  တဲတလုံးကို ၈ခန်း ၁၀ ခန်းလောက်ဖွဲ့ထားပြီး၊ လူ ၄-၅ ယောက်လောက် ကြပ်ကြပ်သပ်သပ်အိပ်ရမဲ့ တဲတတဲကို သောင်းဂဏန်း ရနေတာပါ။  ပြူတင်းပေါက်မရှိတဲ့ အတွင်းခန်းတွေထက် ရေစပ်ဖက်ကို မျက်နှာမူထားတဲ့ အခန်းတွေက ဈေးနှစ်ဆလောက် ပိုပါတယ်။

ကျမတို့ကတော့ မိတ်ဆွေတွေ စီစဉ်ပေးတဲ့ ရေစပ်အခန်းနှစ်ခန်းမှာ အသီးသီးနေရာယူလိုက်ကြပါတယ်။ ငယ်ရွယ်သူတွေအားလုံးကတော့ ချက်ချင်းပဲ အ၀တ်အစားလဲပြီး ရေထဲကို ဆင်းကြတာပါပဲ။  ကျမတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ရေကစားသူတွေ တပုံတပင်နဲ့ နောက်ကျိသလိုလိုဖြစ်နေတဲ့ ချောင်းရေကို စိတ်မသက်မသာ ကြည့်ရင်း တဲပေါ်မှာဘဲ နေရစ်ခဲ့ပါတယ်။  



တဲထဲမှာလည်း တော်တော်ပူပါတယ်။ မတ်လဆန်းဆိုပေမဲ့ နေပူရှိန်က တော်တော်ပြင်းနေပါပြီ။  မရှိဘူးဆိုရင်တော့ အပူချိန်က ၃၇-၃၈ C အသာလေး ရှိမှာပါ။  ပါလာတဲ့ ယပ်တောင်ကလေး တဖျပ်ဖျပ်နဲ့ အိပ်ဖို့ ကြိုးစားပေမဲ့ အပြင်က ရေကစားသံ စီစီညံညံကြောင့် တော်တော်နဲ့ အိပ်လို့မရအောင်   ဖြစ်နေရပါတယ်။   နောက်ဆုံး မှေးကနဲ အိပ်ပျော် အပြီးမှာ ချွေးတွေပြန်ပြီး လန့်နိုးလာတော့   ခေါင်မိုးစွန်းက   ဖောက်ဝင်လာတဲ့ နေရောင်စူးစူးက ကိုယ်ပေါ်ကို ကျနေပါတယ်။  ဒါနဲ့ပဲ ထထိုင်ပြီး ပါလာတဲ့ အအေးပုလင်းကို ရေခဲနဲ့ ဖျော်စပ်လို့ ရေထဲက မမများတက်လာတဲ့အချိန် အဆင်သင့်   သောက်လို့ရအောင် ရေတကောင်းထဲ ထည့် ထားလိုက်ပါတယ်။  တနာရီခွဲလောက်ရေစိမ်ပြီးတဲ့နောက် သူတို့ ပြန်ရောက်လာကြပါတယ်။  အ၀တ်လဲပြီး အအေးသောက်တယ်။ တယောက်က ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတွေပါခဲ့တော့ သူတို့မျက်နှာမှာ သနပ်ခါးဖွေးဖွေး မွှေးမွှေးတွေနဲ့။   အထုပ်အပိုးတွေ သိမ်းဆည်းပြီး အောက်စက်တော်ရာဆီကို ကားနဲ့သွားခဲ့တယ်။
 
အောက်စက်တော်ရာကို ဖူးပြီး ဘုရားဝတ်ပြုနေတုန်းမှာ နတ်ရေကန်ကြည့်မယ်ဆိုပြီး တဖွဲ့က အနားက တောင်ကုန်းကလေးပေါ်တက်သွားပါတယ်။  ညီးစီစီ ဖြစ်နေလို့ လိုက်မသွားဖြစ်တော့ပါဘူး။  သူတို့အဖွဲ့ တော်တော်ကြာမှ ပြန်ရောက်လာတယ်။  တွေ့ခဲ့လား ဆိုတော့ ဟင့်အင်း တဲ့။  ကျောက်တုံးကြားမှာ ပိုက်လုံးတလုံးနဲ့ ရေတစက်တစက် ချထားတာတဲ့။    ပြိးတော့ နေရာတော်တော်များများမှာ ၀င်ကြေးကောက်၊ အတင်း အလှုခံတာတွေ လုပ်သတဲ့။  အပေါ်ကို ခြေတညောင်းကြီး ကွေ့ပတ်တက်ရတာနဲ့ မတန်ဘူး လို့ တညီတညာတည်း ပြောကြပါတယ်။  အင်း- မလိုက်ဖြစ်တာ တော်သေးရဲ့ လို့ဘဲ တွေးလိုက်မိတော့တယ်။

လူစုံတော့မှ  ဈေးတန်းမှာ   ဈေးဝယ်ရင်း ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ အားလုံးက ချည်ထည်ဆိုင်ထဲ ၀င်သွားကြတယ်။    ဆွဲကြလွဲကြ၊ ကိုယ်မှာကပ်ကြ၊ ဈေးဆစ်ကြ နဲ့ ပျော်စရာ။  သူများတွေလိုဘဲ အဲဒီမှာ ကိုယ့်အတွက် ချည်ထည်လုံချည်နဲ့ အကျီတစုံဝယ်ဖြစ်တယ်။  

((ကျမတယောက်ထဲရဲ့ အမြင်ကိုပြောရရင် ရွှေစက်တော်ဟာ ဘာသာရေးပွဲတော် အသွင်ပျောက်ပြီး   ဈေးပွဲတော်ကြီးလိုဖြစ်နေတယ်။  ဘုရားဖူးလာသူတွေကလည်း  အပျော် သက်သက်နဲ့   ရောက်ဖူးချင်သူတွေပဲ များနေတယ်။   နေရာထိုင်ခင်း အသွင်အပြင် တွေကလည်း   အေးချမ်းမှုကို ပေးစွမ်းတဲ့  ဘုရားရိပ်တရားရိပ်ရဲ့လက္ခဏာမျိုး ရှိမနေသလိုဘဲ။  လွန်ခဲ့တဲ့ လေးနှစ်က သွားခဲ့တဲ့ ရွှေစက်တော်နဲ့ အခုရွှေစက်တော်ဟာ တိုးတက်ပြောင်းလဲမှုတစုံတရာ မမြင်ရတာမို့ သောက်သောက်လဲရနေတဲ့ အလှူခံငွေတွေကို ဘယ်နေရာမှာသုံးနေသလဲလို့ မေးခွန်းထုတ်စရာပါ။))

အပြန်ခရီးမှာတော့ ရယ်သံတွေ စီစီညံညံနဲ့ ၊ အတွေ့အကြုံတွေ ပြန်ပြောရယ် ရယ်ကြ မောကြ၊ သီချင်းတွေ တယောက်တလှည့် ဆိုကြ နဲ့။  အပြန်မှာ နဂါးပွက်တောင်နဲ့ စက္ကိန်းတဲဘုရား ၀င်ကြသေးတယ်။


မင်းဘူးတံတားကြီးကို ဖြတ်ကျော်လို့ မြသလွန်စေတီတော်ကြီးကို လှမ်းပြီးဦးခိုက်ဖူးမြင်ရချိန်မှာတော့ မှောင်ရိပ်တောင် သန်းနေပြီကော...။

မိုးစက်ပွင့်

Sunday 10 March 2013

ကျောင်းတော်ရာ၊ ရွှေစက်တော် (၁)

ရွှေစက်တော် နှစ်စဉ် ဖေဖော်ဝါရီလလည်ကနေ ဧပြီသင်္ကြန်အထိ ဖွင့်ပါတယ်။  ရွာနွားပီပီ  မရောက်ဖြစ်တဲ့ နှစ်က ခပ်များများရယ်။ ဒီတနှစ်တော့ အဖေါ်ကောင်းတာမို့ ကျောင်းတော်ရာနဲ့ ရွှေစက်တော်ကို အရောက်သွားဖြစ်ခဲ့ပါတယ်။  မကွေးကနေ မနက်ခြောက်နာရီခွဲလောက် ထွက်ဖြစ်တယ်။ ကားမောင်းသူအပါအ၀င် ကိုးယောက် ဖြစ်နေတာမို့ လိုရမယ်ရ ကျောက်ခဲတလုံးကို ကားပေါ်တင်ပြီး လာခဲ့ကြတယ်။ မင်းဘူးမှာ မနက်စာ စားဖြစ်ကြတယ်။  ဆိုင်ရွေး မှားသွားတယ် ထင်ပါရဲ့၊ သိပ်စားလို့ မကောင်း ခဲ့ဘူး။

 ကျောင်းတော်ရာဖက်ကို အရင်ဆုံး သွားဖို့ ဆုံးဖြတ်ကြတယ်။  ပါလာတဲ့ အဖွဲ့သားတယောက်က ရှင်ပင် စက္ကိန်းတဲစေတီတော်၊ စန္ဒကူး ကျောင်းတော်ရာ၊ မြသလွန်စေတီတော်တို့ရဲ့ ဆက်စပ်နေတဲ့ ရာဇ၀င်ကို  လမ်းမှာ ပြောပြ ခဲ့သေးရဲ့...။


စကု၊ လယ်ကိုင်း နားက ခန်းနားလှတဲ့ လှေကားလေးစင်းတပ် ” ဘားမဲ့”  ရှေးကျောင်းတော်ကြီးပါ။   ချောက်က စလေရုပ်စုံကျောင်းတော်ကြီးလိုဘဲ ခန်းနားလှပါပေရဲ့။ ဒါပေမဲ့  အချိန်အခက်အခဲကြောင့် မ၀င်ဖြစ်ခဲ့ပါဘူး။
ဂနာရီကျော်ကျော်လောက်မှာ ကျောင်းတော်ရာ စေတီတော်ကို ဆိုက်ရောက် ပါတယ်။   ရောက်ရောက်ချင်း ဈေးသည်တွေက ဘုရားမုန့်ဆွမ်းကပ်ဖို့ အလုအယက်ရောင်းကြပါတယ်။  နောက်ကလည်း တကောက်ကောက်လိုက်ရောင်းပါတယ်။ အဲဒီလို ဖိအားပေးတာကို မကြိုက်တဲ့အတွက် မ၀ယ်ခဲ့ဘူး။ သှူုဘာသာသူ  မုန့်လိပ်ပြာ ထိုင်ရောင်းနေတဲ့   ဈေးသည်မလေးကိုတော့ သဘောကျလို့ မှတ်တမ်းတင်ခဲ့တယ်။
ဘုရားဝင်းထဲမှာတော့ စိမ်းစိမ်းစိုစို စန္ဒကူး ပင်ပျိုတွေ။

ဘုရားထဲမှာ လူရှင်းနေတယ်။ ဘုရားဝတ်ပြုပြီးတော့ လှပတဲ့ ရှေးဟောင်း ဗိသုကာလက်ရာတွေကို လိုက်ပြီး အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။ ရှေးတုန်းကလူတွေဟာ အခုထက်ပိုပြီး အနုစိတ် အလှအပ တွေကို ဖန်တီးတတ်ကြလေသလားလို့ တွေးခဲ့မိပါသေးတယ်။






သိမ်နံရံက ချစ်စရာ စဥ့်လက်ရာကလေးတွေ...
သိမ်ကျောင်းလိုမျိုး အဆောက်အဦကလေးထဲမှာ ရုပ်ပွားတော်တည်ထားတာမို့ ၀င်ပြီး ပူဇော်လိုက်တယ်။ အလှူခံ လောင်းပြီးတော့ ဘေးနားက ဘုန်းကြီးတပါးက ဂါထာတချို့နှိပ်ထားတဲ့ စာရွက် သုံးလေးရွက်ကို ဝေလို့ အားနာပါနာ ယူထားလိုက်တယ်။  ပြီးတော့ ထင်တဲ့အတိုင်း အလှူခံတာပါဘဲ။  အဲဒီလို ပုဂ္ဂိုလ်တွေဟာ အတိုင်းအတာတခုအထိ သာသနာကို ညစ်နွမ်းစေသလားလို့ ကိုယ်ထင်တယ်။

ဘုရားဖူးတွေ တည်းခိုနားနေဖို့ထင်ပါရဲ့။  ရှေးရှေးက ဆောက်ခဲ့တဲ့ ဇရပ်အဆောင်ဆောင်တွေကို အများကြီးတွေ့ခဲ့ရပါတယ်။   

ကျောင်းတော်ရာ စေတီ အထွက်ဂိတ်ကနေ ကားပေါ်တက်ပြီး ငါးစာကျွေးဆိပ်ကို ခရီးဆက်ခဲ့ကြပါတယ်။  ၁၅မိနစ်လောက် မောင်းရတယ် ထင်တာပါပဲ ၊ လယ်ကွင်းတွေရဲ့ အလည်မှာ ၀ါနိဇ္ဖဂါမ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရတယ်။ ရွာဆိုင်းဘုတ်ကတော့ ဒီနေ့ခေတ်မှာ လုပ်ထားတဲ့ ဒီဇိုင်းပါဘဲ။

 ငါးကျွေးဆိပ် အ၀င်ဝမှာ ဇရပ်လှလှ လေးနှစ်လုံးကို   တွေ့ရတယ်... 

 ငါးတွေ လာချိန်မဟုတ်လို့ ငါးစာကျွေးဆိပ်မှာ လူသူကင်းမဲ့နေတယ်။  ကမ်းနားဆိပ်မှာ မျှော်ကြည့်ရင်း လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော် ကလေးဘ၀ တုန်းက ရောက်ခဲ့တဲ့ ငါးကျွေးဆိပ်ကို မြင်ယောင်နေမိတယ်။  လူလောက်နီးနီးကြီးတဲ့ ငါးထွေကြီးတွေ အလိပ်လိုက်အလိပ်လိုက် တက်လာတာ၊ သူတို့ကို ငါးစာချကျွေးခဲ့ရတာ တွေကိုပေါ့။  အဲဒိတုန်းက သူတို့ကို “ဘုရား ငါး” ကြီးတွေလို့ ခေါ်တယ်လေ။  သူတို့က နေ့လည် ၁၂နာရီကျော်ရင် အစာလာမစားတော့တာမို့ ဥပုသ်စောင့်တယ်လို့ လူတွေက ပြောကြတယ်။

 ဒီကွန်ကရစ်လှေခါးကြီးတွေကြောင်း ငါးတွေ ဦးခေါင်းပွန်းပဲ့ ဒဏ်ရာရတတ်သတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငါးတွေ အလာနည်းသွားတဲ့ အကြောင်းရင်းတခုလို့ ဆိုပါတယ်။  ပညာရှင်တွေကတော့ မြစ်ကြောင်းနဲ့ ရေစီးပြောင်းသွားလို့  ငါးထွေတွေ ဥချတဲ့ ပုံသဏာန်   ပြောင်းလဲ သွားတာကြောင့် လို့လည်း ပြောကြပါတယ်။ 

 အတူလိုက်လာတဲ့ မချောတသိုက်က ပို့စ်အမျိုးမျိုးနဲ့ အမှတ်တရဓါတ်ပုံတွေ အများကြီး ရိုက်ကြတယ်။ အုပ်စုလိုက် ဓါတ်ပုံရိုက်ကြတယ်။  တကယ်ကို သာယာအေးချမ်းတဲ့ နေရာကလေးပါဘဲ။

 ကျောင်းတော်ရာခရီးဟာ ကိုယ့်အတွက်တော့ တကယ့်ကို   ပျော်ရွှင်စရာ စွဲမက်စရာ ခရီးစဉ် တခုဖြစ်ခဲ့ပါတယ် .......။

(နောင် အားတဲ့အချိန် .... ရွှေစက်တော် ခရီးကို ဆက်ပါမယ်..)

ချစ်ခင်စွာဖြင့်-

မိုးစက်ပွင့်