“နှလုံးသားက သေရာပါ အမာရွတ်”
ကျွန်မ ငယ်ငယ်က အဆော့သိပ်မက်တယ်။ကျွန်မက အိမ်မခင်တတ်လို့လား အပေါင်းအသင်းမက်လို့လားမသိ ကျောင်းတက်ရတာ သိပ်ပျော်တယ်။ ကျောင်းကို စောစောရောက်အောင်သွားပြီး တ၀ကြီးဆော့ နေ့လည်ဆော့ ညနေလည်းဆော့ပြီးမှ ပြန်ပါတယ်။ ဆော့နည်းကတော အစုံပဲပေါ့ ........ တူတူပုန်းတာ၊ ဇယ်တောက်တာက စလို့ ၊ စိန်ပြေး၊ ဖန်ခုန်၊ ထုတ်စီးတိုး အားလုံး ပါပါတယ်။ အိမ်နဲ့ကျောင်းက မဝေးလှသမို့ စနေ၊ တနင်္ဂနွေဆိုလည်း ကျောင်းဝင်းထဲမှာ သွားဆော့ပါတယ်။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားသေးတယ်။ ငါတို့ အဖွားကြီးတွေ အဖိုးကြီးတွေ ဖြစ်ရင်လည်း ဒီလိုပဲ ကစားကြ ဆော့ကြရအောင် -လို့ :-)
အဲဒီလောက် အဆော့မက်ပေမဲ့ စာကိုတော့ အလေးအနက်ထားရကောင်းမှန်းသိပါတယ်။ စာတွေကို အမှတ်ရချင်တာထက် မသိသေးတာတွေ သိနေရတာကို ကြိုက်လို့ ဖတ်မိတာ။ အပြင်စာတွေ ပိုကြိုက်ပါတယ်။ မူလတန်းကတည်းက အဖိုးရဲ့ တရားစာအုပ်တွေ မွှေနှောက်ပြီး ကလေးဦးနှောက်နဲ့ဆံ့တဲ့ စာမျိုး အကုန်ဖတ်ပါတယ်။ ဇာတ်တော် တို့ မဟာဝင်ဝတ္တု တို့ ဘာတို့ တော်တော်များများ ပေါ့။ ၀တ္တုကို ငါးတန်းလောက်မှာ စ ဖတ်ပါတယ်။ အမေက ပေးမဖတ်လို့ အိမ်သာ အပါအ၀င် နေရာ တော်တော် များများမှာ ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတာ မှတ်မိတယ်။
ကျမမှာ အကျင့်ဆိုးတစ်ခုရှိခဲ့ဖူးတယ် (အခုတော့ ပျောက်သွားပြီ)။ ဖတ်နေတဲ့ စာအုပ်ရဲ့ ဒေါင့်စွန်းတွေကို ၀ါးစားတတ်တာ။ မျိုတော့မချဘူး၊ တစ်မြုံ့မြုံ့ဝါးတာ။ စာအုပ်အသစ်လေးတွေဆိုရင် လတ်ဆတ်သင်းပျံ့လို့...။ အဟောင်းတွေကျတော့လည်း ငန်ကျိကျိနဲ့..။ ဘယ်အချိန်မှာ အဲဒီအကျင့်ပျောက်သွားမှန်းတောင် မသိတော့ဘူး။ အခုတွေးကြည့်ရင်တော့ အန်ချင်စရာကြီး ။ အဲဒီတုန်းကတော့ အလိုလိုလက်နဲ့ ပါးစပ်ကဖြစ်နေတာ။ ဒါကြောင့် ကိုယ်ဖတ်ပြီးသားစာအုပ် ဟုတ်မဟုတ် စာရွက် အနားစွန်းတွေကြည့်လိုက်ရင် တန်းခနဲ သိတယ်။
ကျမမှာ အကျင့်ဆိုးတစ်ခုရှိခဲ့ဖူးတယ် (အခုတော့ ပျောက်သွားပြီ)။ ဖတ်နေတဲ့ စာအုပ်ရဲ့ ဒေါင့်စွန်းတွေကို ၀ါးစားတတ်တာ။ မျိုတော့မချဘူး၊ တစ်မြုံ့မြုံ့ဝါးတာ။ စာအုပ်အသစ်လေးတွေဆိုရင် လတ်ဆတ်သင်းပျံ့လို့...။ အဟောင်းတွေကျတော့လည်း ငန်ကျိကျိနဲ့..။ ဘယ်အချိန်မှာ အဲဒီအကျင့်ပျောက်သွားမှန်းတောင် မသိတော့ဘူး။ အခုတွေးကြည့်ရင်တော့ အန်ချင်စရာကြီး ။ အဲဒီတုန်းကတော့ အလိုလိုလက်နဲ့ ပါးစပ်ကဖြစ်နေတာ။ ဒါကြောင့် ကိုယ်ဖတ်ပြီးသားစာအုပ် ဟုတ်မဟုတ် စာရွက် အနားစွန်းတွေကြည့်လိုက်ရင် တန်းခနဲ သိတယ်။
ပထမဦးဆုံး အရိုက်ခံရတဲ့ အချိန်ကိုလည်း မမေ့နိုင်ပါဘူး ။ လေးတန်း စာသင်နှစ်အစမှာ မိသားစုအရေးကြောင့် ကျောင်းပြောင်းရပါတယ်။ ကျောင်းသစ်မှာ စာက တော်တော် ရှေ့ရောက်နေတာ။ ပေးလိုက်တဲ့ အိမ်စာကို ကိုယ်ဘယ်သိပါ့မလဲ။ မှတ်မှတ်ရရ ဂြိုလ်ကြီးရှစ်လုံးအကြောင်းပါ။ သူများတွေက ”...မာကျူရီဆို၊ ဗီးနပ်စ်ဂြိုလ်၊ ခေါ်ဆို ကမ္ဘာ ပြ.....” ဘာညာ ကုန်းကျက်နေချိန်မှာ ကိုယ်က မျက်လုံးအ၀ိုင်းသားနဲ့...။ အဲဒီဘာသာကိုင်တဲ့ ဆရာကလည်း အရိုက်ကြမ်းပြီး သဘောဆိုးသတဲ့...။ ကြားရုံနဲ့ ကြောက်လန့်ပြီး စာကျက်လို့လည်း မရတော့ပါဘူး။ ဆရာက အတန်းထဲကို ကြိမ်လုံးကိုင်ပြီးဝင်လာတော့ ခေါင်းလေးကို ငုံ့ထားလိုက်တယ်။ ဒါပေမဲ့ သူက အားလုံးကို မေးတာပါ။ တကယ်ဆို ခုမှအတန်းပြောင်းလာတဲ့သူကို မေးတာ မတရားဘူးလို့ (ခုမှ) တွေးမိလာတာလေ။ ဆရာကတော့ စာမရတဲ့သူတွေကို ကြိမ် တစ်ရွှမ်းရွှမ်းဆော်တော့တာပဲ။ မှတ်မှတ်ရရ မိန်းကလေးတစ်ယောက်ကလွဲလို့ ကျွန်မအပါအ၀င် အားလုံးကြိမ်လုံးစာမိပါတယ်။ ဒါတင်မက ယောက်ျားလေးတွေကို ရှက်အောင်ဆိုပြီး အဲဒီမိန်းကလေးကို တစ်ခေါက်စီ ကုန်းပိုးစေပါတယ်။ ကျင့်သားရနေတဲ့ ယောက်ျားလေးတွေက ပြုံးဖြီးဖြီးနဲ့၊ မိန်းကလေးတွေက မျက်နှာညိုညိုနဲ့။ ကျွန်မကတော့ မျက်ရည် ဘူးသီးလောက် ကျပါတယ်။ အရှက်ရစေခြင်း၊ အနာတရ ဖြစ်စေခြင်းတွေကြောင့် သင်ကြားရေးကောင်းလာမယ်လို့ ကျွန်မ မထင်ပါဘူး။ အိမ်ကိုအပြန်မှာ ကျွန်မကို ရေချိုးပေးတဲ့ ဒေါ်လေးက ပေါင်ရင်းက အညိုအမည်းတန်းကြီးရယ်၊ လက်ဖ၀ါးပြင်က အရည်ဖုပေါက်နေတဲ့ အနီတန်းကြီးရယ်ကိုကြည့်ပြီး ဆရာ့ကို အရမ်းစိတ်ဆိုးပါတယ်။ ရေချိုး ပြိးတော့ ငှက်ပျောသီးအမှည့်နဲ့ လိမ်းပေး နယ်ပေးပါတယ်။ ကျွန်မရင်ထဲမှာလည်း ဖျက်မရတဲ့ အနာရွတ်လေးတစ်ခု ထင်ခဲ့တယ်။
အဲဒီဆရာကို ကျောင်းသားတွေက ခေါ်တာ ”ဆရာတုတ်ဖွား”တဲ့။ ဟုတ်ပါတယ်- သူကိုင်တဲ့ကြိမ်လုံးက အသုံးတော်ခံရလွန်းလို့ ဖွာလန်ကြဲနေပါပြီ။ နယ်ကျောင်းသားတွေကလည်း အပေအတေတွေများပါတယ်။ မိဘတွေကလည်း ကြပ်မတ်နိုင်တာမဟုတ်တော့ ကျောင်းသွားနေရင် ပြီးပြီဘဲ။ စာ ရတာ မရတာ မသိပါဘူး။ လေးတန်းသာဆိုတယ် အသက် ၁၂-၁၃တွေ၊ ကြီးကောင်ဝင်နေကြပြီ။ တစ်ချို့ကျတော့ စာမရရင် ပုဆိုး၊ လုံချည် ၄-၅ထပ် ခံဝတ်လာတယ်။ ရိုက်လိုက်ရင် ”ရွှမ်း” ”ရွှမ်း” မမည်ဘဲ ”ဖုန်း” ”ဖုန်း” မြည်နေတော့ ဆရာက သိပြီပေါ့။ ချွတ်စမ်း အောက်ကအထပ်တွေ ဆိုပြီး ပိုရိုက်ပါတယ်။ တစ်ချို့ကျတော့ ခွေးလယားသီးတွေ တင်ပါးမှာ သုတ်လာပါတယ်။ ရိုက်လိုက်တော့ အယားဖျောက်သလို ဖြစ်သတဲ့။ စုံလဲစုံပါ့။ ကျွန်မကတော့ ကြောက်တတ်သူမို့ စာကိုသာ အသေကျက်ပါတယ်။ ကျောင်းသားကြီးတွေက ဆရာ့ခုံကို ခွေးလယားသီးမှုန့်ဖြူးပြီး လက်တုန့်ပြန်ကြပါသေးတယ်။ ဆရာ မနေနိုင်အောင် ယားပြီး အိမ်ပြန်ရေချိုးရပါတယ်။ နောက်နေ့မှာ သံသယရှိသူကျောင်းသားတွေအားလုံး ဆရာတုတ်ဖွား လက်ချက်မိကြပြန်ပါတယ်။ အဲဒီအတန်းမှာ ဆရာတပည့် ဆက်ဆံရေးက တကယ့်ကို unhealthy relationship ပါ။ နောက်ပိုင်း အဲဒီကျောင်းကလေးမှာဘဲ တခြား ချစ်စရာ လေးစားစရာ ကြည်ညိုစရာကောင်းတဲ့ ဆရာဆရာမ တွေလည်း အများအပြား တွေ့ကြုံခဲ့ရပါသေးတယ်။ သူတို့တွေဟာ နာလေးနာနဲ့ပြည့်စုံတဲ့ ဆရာအစစ်တွေမို့ ဒီနေ့အထိ ကျေးဇူးမမေ့နိုင်တော့ပါ။
မိုးစက်ပွင့်
(photo credit: fotosearch.com)
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......