Showing posts with label စာအုပ်စာပေ. Show all posts
Showing posts with label စာအုပ်စာပေ. Show all posts

Friday, 2 September 2011

သစ္စာ -၁

စနေတနင်္ဂနွေ အားလပ်ရက်ကလေးမှာ လွယ်ကူမြန်ဆန်တဲ့ ဟင်းလျာလေးတွေချက်လို့အပြီးမှာ ဧည့်ခန်းဆက်တီပေါ်လဲလျောင်းရင်း စာအုပ်ကလေးတအုပ်ကို အဖေါ်ပြုနေခဲ့ပါတယ်။ စာအုပ်ကလေးရဲ့ အမည်က “သစ္စာ” တဲ့။

သစ္စာရဲ့ ဖန်တီးရှင်က ကင်ဆာနဲ့ခွဲစိတ်ကုပါရဂူတယောက်။  မနှစ်က ကျမကို ဆရာကိုယ်တိုင်ခွဲစိတ်စဉ် တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တရားကို တိုးတိုးညင်သာဖွင့်လို့ စိတ်သက်သာရာရခဲ့တယ်။ ”ဘာမှမကြောက်နဲ့နော်” လို့ ဆရာက ကြင်နာစွာ ဖေးမအားပေးခဲ့တာကို သတိရနေမိတယ်။  စာအုပ်လေးကို ဖတ်နေရင်း ဆရာ့လေသံ အေးအေးနဲ့ ဘေးနားက ထိုင်ပြောပြနေသလို ခံစားရပါတယ်။ ဆရာက ၁၉၉၉ခုနှစ်မှာ စစ်တွေဆေးရုံကို တာဝန်ကျစဉ် ဘ၀သစ္စာကိုရှာဖွေခဲ့ပုံကို ပြန်ပြောင်းအမှတ်ရဟန်နဲ့ ရေးဖွဲ့ထားပါတယ်။  ဇာတ်လမ်း ဇာတ်ကွက်ကလေးနဲ့  တခန်းချင်း ညှပ်ရေးထားတာမို့ လုံးဝ ပျင်းစရာမကောင်းခဲ့ပါဘူး။ 

ဆရာက ရခိုင်ခရီးစဉ်မှာ သစ္စာကိုရှာဖွေဖို့ သံဓိဌာန်ချခဲ့တယ် လို့ဆိုပါတယ်။  ဆေးကုသမှုတာဝန်ပြီးတဲ့ ညစဉ်ညတိုင်း  စာအုပ်စာပေတွေ လေ့လာဖတ်ရှုလို့ သစ္စာရဲ့သမိုင်းကိုခြေရာကောက်ခဲ့ပါတယ်။  ဂရိ ခေါ် ခေါမတိုင်းမှသည် အနောက်တိုင်းဒဿန တွေးခေါ်ပညာရှင်တို့ရဲ့အဆိုအမိန့်များစွာကနေ နောက်ဆုံး မြတ်ဘုရားရဲ့ ဓမ္မစကြာ ဒေသနာတော်အထိပါပဲ တဲ့။  စာမျက်နှာ ၅၀၀လောက်ပါတဲ့ သစ္စာရဲ့ အကျဉ်းချူပ်ကလေးက ဒီလိုပါ။

ကမ္ဘာဦးလူသားတို့အနေနဲ့  တဖြေးဖြေး အသိဥာဏ်နှင့် လူနေမှုဘ၀မြင့်တက်လာတဲ့အခါ အောက်ပါ မေးခွန်းများကို ကြံစဉ်တွေးတောလာကြပါတယ်။
- သဘာဝတရားမှာ အမြဲမှန်ကန်တဲ့ နိယာမ ရှိပါသလား။
-ရှိခဲ့တယ်ဆိုရင် လူသားအားလုံးရဲ့ မွေးချိန်မှ သေချိန်အထိ ဘယ်နေကဘာဖြစ်မယ်ဆိုတာ အတိအကျ ပြဌာန်းပြီးသား ရှိပါသလား။
- လူသားနှင့် စကြာဝဠာ တခုလုံးဟာ ဖန်ဆင်းရှင်ထာဝရဘုရားနှင့် နတ်ဘုရားများကြာင့် ဖြစ်ပေါ်လာတာလား။
- အရာရာဟာ ဘုရားသခင်ရဲ့ အလိုတော်ကျဖြစ်ပေါ်နေတာမျိုးလား။
- လူသားဟာ နက္ခတ္တပညာရှင်များယူဆသလို သေးငယ်ပြီး အရေးမပါသော ဂြိုလ်ငယ်တလုံးပေါ်မှာ အစွမ်းအစမဲ့စွာ သွားလာလှုပ်ရှားနေတဲ့ ရေနဲ့ ကာဗွန်ဓါတ်တို့စုပေါင်းဖွဲ့စည်းထားတဲ့ အစုအခဲတခုပဲလား။
- လူတွေသေဆုံးသွားတဲ့အခါ ဘ၀တခုဟာ ပြီးစီးချုပ်ငြိမ်းသွားပြီလား ဒါမှမဟုတ် ထာဝရ၀ိဥာဉ်သဘောနဲ့ ဆက်လက်တည်ရှိနေဦးမှာလား ၊ တမလွန်ဘ၀ဆိုတာ ရှိပါသလား။
- ယခုလက်ရှိဘ၀မှာ ကောင်းမှုပြုလုပ်ခြင်းကော အဓိပ္မါယ်ရှိပါသလား။  ကောင်းမှုဆိုတာ တန်ဖိုးထားထိုက်သော ထာဝရသဘောဖြစ်ပါသလား။
- လူမှာ ရုပ်တရားနဲ့ နာမ်တရားဟာ သီးခြားရှိနေတာလား ဒှါမဟုတ် နာမ်က ရုပ်ခန္ဒာပေါ်မှာ မှီနေတာလား၊ ဒါမှမဟုတ် စိတ်မှာ သီးခြားစွာတည်နေနိုင်သော သတ္တိရှိပါသလား .....တို့ဖြစ်ပါတယ်။

အထက်ပါမေးခွန်းများကို ကြံဆရာမှ philosophy ပညာရပ်နှင့် philosopher ပညာရှင်များ ပေါ်ထွန်းခဲ့ရပါတယ်။  ဖီလော်ဆော်ဖီ ကို (အသိပညာကိုမြတ်နိုးခြင်း) တနည်းအားဖြင့် လောကသဘာဝနှင့် ဘ၀သစ္စာကို စူးစမ်းရှာဖွေသော အတတ်လို့ ဂရိတွေးခေါ်ပညာရှင် ပလေတိုက မှတ်ချက်ချထားခဲ့ပါတယ်။ ဂရိနိုင်ငံမှာ နတ်ဘုရားများကိုးကွယ်ခြင်းနှင့် တဆူတည်းသောဘုရားသခင်အယူအဆဟာ ပိုက်သာဂိုရပ် နှင့် ဟေရာကလိတပ် လက်ထက်မှစပြီး လက်ခံယုံကြည်ခဲ့တာဖြစ်ပါတယ် (  Ref: Betrand Russel:   "History of Western Philosophy" )  'Island of Roses'  'Bride if the Sun' လို့ တင်စားခေါ်ဝေါ်ရအောင် လှပတဲ့ ဂရိနယ်မြေကျွန်းများမှာ အတွေးအခ်ါပညာရှင်များ ပန်းရောင်စုံဖူးပွင့်သလို ဝေဆာခဲ့ကြပါတယ်။

Thales သေးလိစ် (BC- 625-545 )
Zeus နတ်မင်းကြီးအမှူးပြုသော အိုလံပီယာတောင်ပေါ်နတ်ဘုရားများမှ လူသား စတင်ဖြစ်ပေါ်သည်ဆိုတဲ့ ရှေးဂရိတွေးခေါ်ပညာရှင်များနဲ့ခြားနားစွာ   စကြာဝဠာရဲ့ ပြောင်းလဲနေသော (Transformation Process ) ကို စတင်တွေးခေါ်ခဲ့သူဖြစ်သည်။ သူက လူဟာ စကြာဝဠာ  ရဲ့အစိတ်အပိုင်းတခုသာဖြစ်သလို လူအပါအ၀င် သက်ရှိသက်မဲ့အရာခပ်သိမ်းဟာ ရေမှဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ရေအဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားပါသတဲ့။  ရေဓါတ်ဟာ ပြောင်းလဲပျက်စီးခြင်းမရှိဘဲ ထာဝရတည်တံ့တယ်လို့ ဆိုခဲ့ပါတယ်။  ထိုခေတ်တွင် သေးလိစ်နှင့် အခြားဂရိပညာရှင်အများအပြားက လူကို စကြာဝဠာနှင့် သဘာဝနိယာမတရားများရဲ့ လက်အောက်ခံ အပြဌာန်းခံအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဆိုးဖစ်စ် Sophists
သေးလိစ်နောက်ပိုင်းထွန်းကားလာသော ဂရိဒဿနပညာရှင်များဖြစ်ပါသည်။  ဆိုးဖစ်စ်တို့သည် လုသားက မိမိကံကြမ္မာကို လွပ်လပ်စွာ ဖန်တီးနိုင်ပြီး စကြာဝဠာထဲမှာ အချက်အခြာကျသော နေရာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ပြီး လက်တွေ့ကျသောလူ့ဘ၀ပြဿနာများကိုသာ အလေးထား တွေးခေါ်လာကြသည်။ ၄င်းတို့အထဲမှ အနက္ကဇီမန်းဒါး ( ၆၁၀-၅၄၇ ဘီစီ)က စကြာဝဠာကြီးကို ရေ၊ မြေ၊လေ၊မီး စသောဓါတ်ကြီးလေးပါးအပြင် ၀ိဥာဉ်သဘောပါ ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

ပိုက်သာဂိုရပ် (ဘီစီ ၅၇၈-၅၀၀ ဘီစီ)
ထင်ရှားသော သင်္ချာနှင့် ဒဿနပာာရှင်ပီပီ အရာခပ်သိမ်း၏အခြေခံဟာ သင်္ချာသဘောတရား ပေါ်တွင်ရှိသည်ဟု ယုံကြည်ကြပါသည်။ ထာဝရဘုရားက နေကိုဖန်ဆင်းပြီးခါမှ နေ့နှင့်ည၊ နှစ် လ ရက်များစသော သချာင်္ အရေအတွက်သဘောရရှိလာပြီး သင်္ချာသဘောကို ရရှိလာသည်ဟု ဆိုပါသည်။  သူက သဘာဝတရားကို ရှုမြင်တဲ့အခါ ဆန့်ကျင်ဘက်အရာများပေါင်းစည်းနေသော သဘောတရားအဖြစ်မြင်ပါတယ်။  ဥပမာ- စုံနဲ့မ၊ တခုနဲ့အများ၊ လက်ဝဲနဲ့ လက်ဟယ၊ ဖိုနှင့်မ၊ တည်ငြိမ်မှုနဲ့ လှုပ်ရှားမှု၊ ဖြောင့်တန်းမှုနဲ့ကွေ့ကောက်မှု၊ အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ စတုရန်းနဲ့ စက်ဝိုင်းစတဲ့ သဘောတွေ ဖြစ်ပါတယ်။

ဟေရာကလိတပ်စ် Heraclitus ( ဘီစီ ၅၃၅-၄၇၅)

သူနဲ့ခေတ်ပြိုင် ဒဿနပညာရှင်များက အရာရာဟာ ထာဝရတည်မြဲတယ်ဆိုတဲ့အချက်ကို ဟေရာကလိတပ်စ်က ငြင်းပယ်ပီး မတည်မြဲတဲ့ အနတ္တသဘောကို လက်ခံသူဖြစ်ပါတယ်။    သူက “ဘ၀ဆိုတာ ရေအလျဉ်လို ရွေ့လျားစီးဆင်းနေတဲ့ ဖြစ်စဉ်လေးတခုသာဖြစ်ပြီး အရာရာဟာ မတည်မြဲဘဲ ပြောင်းလဲနေတယ်။ မြစ်ကမ်းနဘေးက ရေကို နှစ်ခါပြန်ထိတွေ့လို့ရတယ်ဆိတာ ဘယ်အခါမှမရှိ...”လို့ ဆိုခဲ့ပါတယ်။  သူ့အဆိုအရ စကြာဝဠာကြီးအတွင်းမှာ တခုတည်းသော ပရမတ် (အမှန်)တရားဟာ “ပြောင်းလဲခြင်း” ဖြစ်ပါတယ်။

ဆိုကရေးတီး Socrates  (ဘီစီ ၄၆၉-၃၉၉)
သူ့ကို ဂေါတမဘုရားရှင် ပရိနိဗ္မာန်ပြုပြီး ဆယ်နှစ်အကြာ  အေသင်မြို့မှာ မွေးဖွားခဲ့ပါတယ်။  သူက ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အထူးအလေးထားပြီး လောကီအာရုံ ကာမဂုဏ်တွေကို အလွန်အကျွံလိုက်စားခြင်းကို သတိပေးပြောကြားခဲ့ပါတယ်။   သူ့ရဲ့ တိုးတက်တဲ့အတွေးအခေါ်တွေနဲ့ အစဉ်အလာအရ နတ်ဘုရားကိုးကွယ်မှုကို မလိုက်နာခဲ့တာကြောင့် ဂရိအာဏာပိုင်များက အဆိပ်သောက်ပြီး သေစေဖို့ အမိန့်ချခဲ့ပါတယ်။  ဆိုကရေးတီးဟာ အဆိပ်ခွက်ကိုတည်ငြိမ်စွာ ကိုင်တွယ်ရင်း သောက်သုံး သွားခဲ့ပါတယ်။  အဆိပ်မသောက်မီ ပူဆွေးသောကရောက်နေကြတဲ့ သူ့ရဲ့ တပည့်များကို  “တပည့်တို့ သေခြင်းဆိုတာ အိပ်မက်မရှိတော့သော အိပ်စက်ခြင်းမျိုးဖြစ်ပြီး ဘ၀တပါးသို့ ၀ိဥာဉ်ကူးပြောင်းသွားခြင်းသာဖြစ်တယ်။ တမလွန်ဘ၀မှာ ပျော်ရွှင်ခြင်းသုခကိုသာမက သေခြင်းကင်းတဲ့ အမတချမ်းသာကိုပါ ရရှိနိုင်တယ်..” လို့ ပြောကြားခဲ့ပါတယ်။


ပလေတို Plato  ( ဘီစီ ၄၂၇-၃၄၇)
ပလေတိုဟာ ဆိုကရေးတီးအား လေးစားကြည်ညိုတဲ့ နောက်လိုက်နောက်ပါ တပည့်တဦးဖြစ်ပါတယ်။ သူ့ရဲ့ ဒဿနအမြင်များကို  “Dialogue” နဲ့ “ Republic”  အမည်ရှိကျမ်းများတွင် တွေ့ရှိနိုင်ပါတယ်။ ပလေတိုက ပညတ် (Appearance ) နဲ့ ပရမတ် (Reality ) ကို ခွဲခြား တင်ပြခဲ့ပါတယ်။ ဥပမာ- မြေအိုး၊ စဥ့်အိုး၊ ကြွေအိုး၊ဖန်အိုး စသဖြင့် အမည်ကွဲပြားသော်လည်း ပရမတ်သဘောအရ ပထ၀ီ ဓါတ်သဘောသာဖြစ်ကြောင်း ဆိုထားပါသည်။ ပလေတိုက အမှန်တရားသစ္စာကို ရှာဖွေရာမှာ ဆင်ခြင်ခြင်း ( Reasoning )က ထင်မြင်ယူဆခြင်း (Opinion )ထက် ပိုမိုပြီးပဓာနကျသည်ဟု ဆိုပါတယ်။ လူ့အသိဥာဏ်ဖြစ်စဉ်ကိုလည်း ထင်မြင်ယူဆချက် Opinion နှင့် အသိပညာ Knowledge ဆိုပြီး နှစ်ပိုင်းခွဲပြပါတယ်။ ထင်မြင်ယူဆချက်မှာ စိတ်ကူးယဉ်မှုများနဲ့ အာရုံသိများပါဝင်နေလို့ ယင်းကို ဆင်ခြင်ခြင်းဖြင့် ကျော်လွန်နိုင်မှသာ အသိမှန်ကို ရရှိမယ်လို့ ဆိုပါတယ်။  ပလေတိုက ဘ၀တခုချူပ်ငြိမ်းသွားတဲ့အခါ ၀ိဥာဉ်သည် ရုပ်ခန္ဒာမှ ထွက်ခွာသွားပြီး ၀ိဥာဉ်လောကမှာ အခိုက်အတန့်တည်နေဆိုပါတယ်။ အဲဒီနောက် အခြေအနေပေးပါက လူ့လောကသို့ ပြန်လည် မွေးဖွားရောက်ရှိလာနိုင်တယ်လို့  ပြောခဲ့ပါတယ်။ မသေခင်မှာ အသိပညာကို မြတ်နိုးသော အလုံးစုံသန့်ရှင်းစင်ကြယ်စွာ အားထုတ်ထားသူများဟာ “ထာဝရနာမ်တရားများရဲ့လောက” 'World of Ideas' သို့ ၀င်ရောက်ခွင့်ရပါလိမ့်မယ်လို့ ညွှန်ပြခဲ့ပါတယ်။ နောင်အခါ ခရစ်ယာန်ဝါဒရဲ့  Kingdom of Heaven အယူအဆကို လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။

အရစ္စတိုတယ် Aristotle (ဘီစီ ၃၈၄-၃၂၂)
အရစ္စတိုတယ် ဟာ ပလေတိုရဲ့ တပည့်ဖြစ်ပြီး နောင်အခါမှာ ယုတ္တိဗေဒ “Logic“ ရဲ့ဖခင်ကြီး ဖြစ်လာပါတယ်။ ပလေတို နည်းတူ ပညာရေး၊ လူမှုရေး နှင့် အခြေခံဥပဒေများရဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။  စကြာဝဠာအတွင်းက ဖြစ်ရပ်အားလုံးဟာ သဘာဝကျတဲ့ ဥပဒေတွေ နိယာမတွေနဲ့အညီ ဖြစ်ပေါ်နေတာပါလို့ ဆိုခဲ့ပါတယ်။ နတ်ဘုရားကိုးကွယ်မှုကို ဆန့်ကျင်တဲ့အတွက် အေသင်မြို့ အာဏာပိုင်များက သူ့ကို ဘာသာရေးမကြည်ညိုမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဲဒီအခါ အေသင်မြို့မှ အခြားကို ထွက်ခွာသွားခဲ့ပါတယ်။

အရစ္စတိုတယ်က စကြာဝဠာကြီးအစဉ်လှုပ်ရှားနေဖို့ရာ စီမံဖန်တီးတဲ့ ထာဝရဘုရားရှိပြီး အဲဒီ တည်မြဲတဲ့ ထာဝရဘုရားကို မေတ္တာဓါတ်ကြီးအဖြစ် ရှုမြင်ခဲ့ပါတယ်။  ပလေတိုနည်းတူ  တမလွန်ဘ၀ကို ယုံကြည်ပြီး ကိုယ်ကျင့်တရားကိုထိန်းဖို့ မိမိ နောက်လိုက်နောက်ပါများကို အမြဲတိုက်တွန်းပြောကြားခဲ့ပါတယ်။ ကောင်းမှုကို မိမိအသိဥာဏ် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်လက်ခံရန်ဖြစ်ပြီး “အသိသီလ Intellectual Virtue ” နှင့် အကျင့်သီလ Moral Virtue” ဟု နှစ်မျိုးခွဲခြားပြသခဲ့ပါတယ်။

ခေါမ (ဂရိ) နှင့် ရောမ အင်ပါယာကြီးများ ကျဆုံးပြီးနောက်တွင် ခရစ်ယာန်ဘုရားကျောင်းတော်ဝါဒ ထွန်းကားလာပြီး ဘုရားကျောင်းတော်သြဇာ အလွန်ကြီးခဲ့သည်။  စိန့်သောမတ်စ်အကွိုင်းနပ်စ်  St. Thomas Aquinus (AD 1215- 1274) သည် အရာရာ ဘုရားသခင်ရဲ့အလိုအတိုင်းဖြစ်ပေါ်လာကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုနိုင်ခဲ့သည့် ပညာရှင်တဦးဖြစ်ပါတယ်။  ထိုအယူအဆအရ လူသားတို့.ရဲ့အခန်းကဏ္မဟာ အစွမ်းအစမဲ့သကဲ့သို့ ဖြစ်နေပြီး ထာဝရဘုရားလက်အောက်ခံအသွင်ဖြင့်သာ ရှိနေခဲ့ပါသည်။ အေဒီ ၁၃၀၀မှ ၁၄၀၀ခန့်သို့ ရောက်ရှိလာသောအခါ ဘုရားကျောင်းတော်ဝါဒ မှေးမှိန်လာခဲ့သည်။  သိပ္မံပညာ တစတစ ထွန်းကားလာသဖြင့် သမိုင်းတွင် အတွေးအမြင်များ ပေါ်ပေါက်လာတဲ့အတွက်  Age of Renaissance လို့ သတ်မှတ်ခြင်းခံရပါတယ်။ အထင်ရှားဆုံး သိပ္မျံနှင့် ရူပဗေဒ ပညာရှင်များကတော့ ကိုးပါးနီးကပ်စ်၊(1473-  1743)ဂါလီလီယို(1564-1642)၊ အိုင်ဆက် နယူတန် (1642-1727 ) စသည်တို့ ဖြစ်ပါတယ်။ Renaissance ရီနေးဆန်းခေတ်မှာ ထာဝရ ဖန်ဆင်းရှင် နတ်ဘုရားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိဘ၀အတွက် မိမိဘာသာ ထိန်းကျောင်းအသက်ရှင် နေတတ်သွားဖို့သာလိုတယ်လို့ လူတွေ တွေးခေါ်လာကြပါတယ်။

ဆင်ခြင်ခြင်းနဲ့ အရာရာကိုရှုမြင်တာဟာ  ဂျာမန်ဒဿနပညာရှင် ဟေဂယ်  ( 1770-1831)  လက်ထက်မှာ အထွတ်အထိပ်သို့ ရောက်ခဲ့လို့ ၁၉ရာစုကာလကို “ဆင်ခြင်ခြင်းကြီးစိုးသောခေတ်” 'The Age of Reason'  လို့ သတ်မှတ်ကြပါတယ်။ 

(ဆက်ရန်)

နောက်ပိုင်းဆက်ရေးတဲ့ ကားလ်မာ့ခ်စ် နဲ့ ဘုရားရှင်ရဲ့ ဓမ္မစကြာဒေသနာတို့ကိုတော့ ဆက်ပြီးဖေါ်ပြနိုင်ခြင်း ရှိချင်မှရှိတော့မှာပါ။  ရီဗျူးပြန်ရေးဖို့တောင် အချိန်ပေးနိုင်မှုနဲ့ ဥာဏ်မီနိုင်စွမ်း ရှိမရှိဆိုတာ သံသယဖြစ်မိပါတယ်။  ဆက်ရေးဖြစ်အောင်ကြိုးစားပါမယ်။  မရေးဖြစ်တော့ရင်လဲ ခွင့်လွှတ်ကြပါတော့လို့ .....

Sunday, 16 August 2009

ပြုံး၍လည်း…..

စာအုပ်အမည် ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
စာရေးဆရာ နုနုရည်(အင်းဝ)
ထုတ်ဝေ ခုနှစ် ၂၀၀၇ မေ (ဒုတိယအကြိမ်)
ဆရာမနုနုရည် (အင်းဝ)ရဲ့ ”ြံပုံး၍လည်း …..” စာအုပ်လေးကို စာအုပ်အငှားဆိုင်လေးမှာ အမှတ်မထင် ငှားဖတ်မိခဲ့တာပါ။ နေ့ဘက်ရုံးတက်ရပြီး ညဖက်မှာ မီးမလာတာများနေတာမို့ စာဖတ်စရာ အချိန်ရှားပါးလွန်းလို့ စာဖတ်ကျဲနေတဲ့ကိုယ့်ကို ဒီစာအုပ်လေးက ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။
3326875504_b3e990ea8b_tတောင်ပြုန်းပွဲကို နောက်ခံထားပြီး နတ်ကတော်တွေရဲ့ဘ၀တွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာတင်ပြထားတဲ့ ဒီဝတ္တုလေးမှာ အဓိကမီးမောင်းထိုးပြထားတဲ့ ဇာတ်ကောင်တွေ ကတော့ နတ်ကတော်ကြီး ဒေစီဂျိန်း သူ့ရဲ့ အဖေါ်ကောင်လေး မင်းမင်း နဲ့ သူတောင်းစားမလေး ပန်းညို တို့ဖြစ်ပါတယ်။
ဒေစီဂျိန်းက အသက်၅၀ကျော် နံမည်ကြီး နတ်ကတော်။ တစ်ခေါတ်တစ်ခါက နတ်ကတော်လောကမှာ လျှမ်းလျှမ်းတောက်ခဲ့သလို လက်ရှိမှာလည်း အဲဒီအရှိန်အ၀ါကို ထိမ်းသိမ်းထားနိုင်ဆဲ။ သူ့ထက်အသက်အများကြီးငယ်တဲ့ ကောင်လေး မင်းမင်းကို လွန်ခဲ့တဲ့ ၇နှစ် (မင်းမင်း ၁၆ နှစ်)မှာ မိဘများထံက ငွေကြေးပေးပြီး အပိုင်ခေါ်ခဲ့တာ။ သူ့စကားနဲ့ပြောရရင် ”၀ယ်”ခဲ့တာပေါ့။ နတ်ပွဲမှာကူဖို့ လက်တိုလက်တောင်းဆိုပေမယ့် တကယ်ကတော့ ”ကောက်စား”လိုက်တာပါ။

Friday, 14 August 2009

ဂျူး ရဲ့ အမှတ်တရ

2095352903_65c1617f5d_m

အင်ကြင်းမြိုင်စာပေ
၁၉၈၇ စက်တင်ဘာလ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကစာအုပ်ကလေး၊ ပထမဆုံးထုတ်ဝေတဲ့ အချိန် ကျောင်းသူဘ၀က ဖတ်ပြီး သိပ်ကြိုက်ခဲ့ ခံစားခဲ့ မျက်ရည်ကျခဲ့ရသလို အခု လုပ်ငန်းခွင်ထဲမှာ အနေကြာပြီး ရင့်ကျက်နေတဲ့အရွယ်မှာ ပြန်ဖတ်တော့လဲ ထိထိခိုက်ခိုက် ခံစားရဆဲ မျက်ရည်ကျရဆဲပင်။ ကိုယ်ကိုယ်တိုင်က သိပ်ကို အရေပြားပါးလွန်းတာလားလို့ အပြစ်တင်ချင်စရာပေ….။
စာအုပ်ကပါးပါးသေးသေးလေး။ ဇာတ်လမ်းက ဘာမှထူးထူးခြားခြားမရှိ။ စုစုထွေးဆိုသော ဆေးကျောင်းသူလေးနဲ့ သူ့ချစ်သူ ဆေးကျောင်းသား”မောင်” တို့ရဲ့ ကြေကွဲဇာတ်လမ်း။ မန္တလေးဆေးတက္ကသိုလ်နောက်ခံမြင်ကွင်းမှာ ရုပ်ရည်သိပ်မလှတဲ့ ဆေးကျောင်းသူမလေးနဲ့ သှူုမရဲ့မောင်တို့ စတင်ဆုံစည်းခဲ့ကြသည်။ မောင့်ရဲ့မြို့မှာ လှပတဲ့ ငယ်ချစ်မိန်းကလေး တစ်ယောက် ကျန်နေခဲ့တာ မသိပါဘဲ ရူးရူးမူးမူးချစ်ခဲ့မိသည်။ နောက်ပိုင်း တဆင့်စကားနဲ့သိလာရချိန်မှာ တော့ သူမနှလုံးသားက မောင့်ကို ဖယ်ထုတ်မရအောင် စွဲလမ်းနေမိခဲ့ပြီ။

Saturday, 25 July 2009

နေနော်ရဲ့ သင်နှင့်တကွ

စာအုပ်အမည် သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်
စာရေးဆရာ နေနော်
ထုတ်ဝေချိန် ၂၀၀၉ခုနှစ် ဧပြီလ

စာမျက်နှာ ၁၂၀သာရှိတဲ့ ဒီစာအုပ်လေးက ဆရာနေနော်ရဲ့ အသက်၄၀ပြည့်မွေးနေ့အတွက် အမှတ်တရထုတ်ဝေတဲ့ ၀တ္တုတိုစုစည်းမှုပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (တော်တော်ကြီးမား တဲ့အကြောင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်) အသက်၄၂နှစ်ပြည့်မှ ထွက်လာရပါတယ်တဲ့။ မဂ္ခဇင်း ၀တ္တုတို ၁၃ပုဒ် စုစည်းမှူပါ။ နေနော်ဆိုတာ အချိန်ယူပြီး quality စာများကိုသာရေးသားလေ့ရှိတဲ့ စာရေးဆရာပါ။ ”အက်စစ်ချို” တို့ အတွင်းကြေ”တို့ဆိုရင် ရင်မှာအလွန် ထိရှခံစားရပါတယ်။ ဆရာ့ဝတ္တုအများစုကို ဗီဒီယိုရိုက်ကြတယ်လို့သိရပါတယ်။ အခုဖတ်လိုက်ရတဲ့ သူ့လက်ရွေးစင်ဝတ္တုတိုစုစည်းမှူ တွေထဲက မှတ်မှတ်ရရလေးတွေကို မှတ်တမ်းတို့ထားချင်ပါတယ်။
933560444_64c8d85f3c_m(((သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်))) ဆိုတဲ့ ၀တ္တုလေးနဲ့ဖွင့်ထားပါတယ်။ မိုးနဲ့မြေလို ရည်ရွယ်ချက် ချင်း ကွာခြားပြီး၊ သုံးနဲ့လေးလို ခံယူချက် လုံးဝမတူညီတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အကြောင်းပါ။ ဇာတ်ကြောင်းပြောသူ အမျိုးသားက သူနဲ့တစ်ချိန်က နီးနီးစပ်စပ်ရှိခဲ့တဲ့ အဲဒီအမျိုးသမီးကို ထက်မြက်ပြီး ပညာတတ်လွန်းတဲ့သူ၊ ရည်ရွယ်ချက်ကြီးလွန်းတဲ့သူ၊ ပညာနဲ့အရာရာကို တိုင်းတာတတ်သူ၊ လူမှုဘ၀မှာတော့ လက်တွေ့ကျကျမစွန့်စားရဲဘဲ တစ်ကိုယ်တည်း နေဖို့ရွေးချယ်ခဲ့သူအဖြစ် ရှုမြင်သုံးသပ်ထားပါတယ်။ ခြောက်နှစ်လောက်အကြာ ပြန်တွေ့ချိန်နဲ့ဇာတ်လမ်းကိုဖွင့်ထားပြီး အဲဒီအချိန် မှာတောင် သူမဟာ မရင့်ကျက်သေးဘဲ သူလက်ထပ်ထားတဲ့မိန်းကလေးအပေါ် မနာလိုစိတ်တော့ ရှိနေသေးတယ်လို့ဆိုပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ ချစ်သူတွေမဖြစ်ခဲ့ကြပါဘူး။ (((သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာကောင်းလောက်အောင် မဆွဲဆောင်နိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်နဲ့တူတယ်………. ဒီလိုစာအုပ်မျိုးဟာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီး တင်ထားရမယ့်စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား။))))) လိုအပ်တာထက် ပညာကိုရှေ့တန်းတင်လွန်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူမကို နောက်ထပ်ပေးတဲ့ဥပမာတစ်ခုက တန်ဖိုးကြီးကားတစ်စင်းပါ။ ((( ကျွန်တော့်အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ ကာဒီလက် တံခါးခြောက်ပေါက်ကားကြီးတွေလိုပဲ…….. အပိုဆာဒါးတွေနဲ့ မလိုအပ်ဘဲ လေးလံနေတယ်လို့ထင်တာပဲ၊ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ရမယ်၊ သက်တောင့်သက်သာ မောင်းနှင်လို့ရမယ် ဆိုတော်ပြီပေါ့၊ ဘာလို့အကျယ်ချဲ့နေမှာလ)))) လို့ သူက ပြောပါတယ်။ နောက်ဆုံးရိုက်ချက်က ပိုပြင်းပါတယ် ((( ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစုတစ်စုကို ဦးဆောင်မယ့်သူဟာ အပျိုကြီး လူပျိုကြီးများဖြစ်လို့ကတော့ အဲဒီမိသားစုဟာ အပြည့်အ၀တိုးတက်မှူကို ဘယ်တော့မှ မရနိုင်ဘူး))) တဲ့။ အမျိုးသမီးက (((ကျွန်မမယုံဘူး ))) လို့ တုန့်ပြန်ပါတယ်။ ဇာတ်လိုက်ရဲ့အတွေးအခေါ်တွေကို ကျမကိုယ်တိုင်လဲ အပြည့်အ၀ လက်ခံနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခြုံကြည့်ရင် ဖတ်ကောင်းတဲ့ တွေးစရာဝတ္တုလေးပါ။
2825418679_407af827cd_mနောက်တစ်ပုဒ်က (((မိုးမိသွားတဲ့ အိမ်မက်))) ပါ။ စိတ်လှူပ်ရှားစရာနဲ့အစချီထားတဲ့ ပထမ၀တ္တုနဲ့ ဆန့်ကျင်စွာ ဒီဝတ္တုက စ စ ဖတ်ချင်း ပျင်းစရာနဲနဲကောင်းပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ စိတ်ခံစားမှူ အကြောင်းတွေ သုံးမျက်နှာလောက် ခင်းကျင်းပြီးမှ သူဟာ မိုးရေချိုးလို့မရဘဲ မိုးရေအလာဂျီရှိသူတစ်ယောက်ဆိုတာကို စပြီးချပြလာပါတယ်။ အိမ်ဘေးက လူငယ်လေးက မိုးရေချိုးနိုင်အောင်လုပ်ဖို့ ကုထုံးတစ်ခုပေးပါတယ်။ အဲဒါကတော့ မိုးရေချိုးရင်း မိုးရေတွေကို ပါးစပ်ဟပြီးမျိုချပေးဖို့ပါ။ ဒါမှ မိုးရေနဲ့ကိုယ်ကထွက်တဲ့ တုန့်ပြန်မှု ပဋ္ဋိဇီဝ သဟဇာတဖြစ်ပြီး နောက်ထပ်အလာဂျီမဖြစ်တော့မှာ လို့ရှင်းပြပါသတဲ့။ (ကျမတောင် တကယ်လား ထင်သွားမိသေးတယ်) စာရေးဆရာက ကြိုးစားကြည့်ဖို့ဆုံးဖြတ်ပြီး မိုးရေထဲကို တွန့်ဆုတ်ဆုတ်နဲ့ထွက်လာခဲ့တယ်။ မိုးရေကို ချိုးလဲချိုး မြို လဲမြိုကြည့်ပါတယ်။ အဲဒီမှာတင် မိုးရေဟာ အလွန်ခါးတဲ့အကြောင်း၊ တစ်ဖြည်းဖြည်း တစ်ကိုယ်လုံးတုန်ယင်လာလို့ တံစက်မြိတ်အောက်ပြန်ပြေးဝင်တာတောင် ချက်ခြင်းအရုပ်ကြိုးပြတ်မေ့လဲသွားတဲ့အကြောင်း ရေးထားပါတယ်။ အဲဒီတော့မှ ကျွန်မ ဘတ်သီးလင်းသွားပါတယ်။ မိုးခါးရေမသောက်သူ ……ဲ …… သောက်ဖို့ကြိုးစား ပေမယ့် ဘယ်လိုမှမရပုံ …… စသဖြင့် စသဖြင့်။ ထိထိမိမိ ခံစားရတဲ့ ၀တ္တုတိုတစ်ပုဒ်ဖြစ်လို့ တော်တော်ကြိုက်ပါတယ်။
3161941863_3e4158e222_mနောက်တစ်ပုဒ် (((လက်နှိပ်စက်)))ကတော့ ကန်ထရိုက်တိုက်ကိုအသစ်ပြောင်းလာသူက ညနှစ်နာရီလောက်အထိ အပေါ်ထပ်က လူရဲ့ ခြေသံ၊ လက်နှိပ်စက်သံတွေကြောင့် မအိပ်နိုင်ပဲ သောကပွားနေရတာကို အစချီပြီး လူမှုရေးထောက်ထားလို့ သွားမပြောဖြစ်တာတွေ နောက်ဆုံး ကြာလာတော့ လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းနဲ့အသားကျပြီး အိပ်နိုင်သွားတာတွေ ရေးထားပါတယ်။ အဲဒီလောက်ထိမထူးဆန်းသေးပါဘူး။ ထူးဆန်းတာက လက်နှိပ်စက်သံနဲ့ ခြေသံမကြားရတော့တဲ့ ညတွေမှာ သူ အိပ်မပျော်တော့တာပါ။ အလုပ်ခွင်မှာ ထစ်ငေါ့ပြီး ခေါင်းတွေ တစစ်စစ်ကိုက်နေတော့တယ်။ တိုက်ပိုင်ရှင်ကို မေးကြည့်တောမှ အဲဒီလူက စာတမ်းပြုစုဖို့ ၆လ ငှားပြီး အခုအခန်းကိုပြန်အပ်သွားကြောင်း သိရတော့တယ်။ သူဘာလုပ်တယ်ထင်ပါသလဲ။ အဲဒီအခန်းကိုဆက်ငှားပြီး အပေါစားလက်နှိပ်စက်တစ်လုံးဝယ်၊ နေစရာမရှိတဲ့ သူတောင်းစားအဖိုးကြီးတစ်ယောက်ကို အခန်းပေါ်ခေါ်တင်ပြီး ညတိုင်ကျရင် သူ့အတွက် လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းရိုက်စေပါတယ်။ အစွဲအလမ်းဖြစ်တတ်တဲ့ လူ့သဘာဝကို ထိထိမိမိရေးထားတာပါ။
1144_5_25_2008(((ဂျိုကာ))) ဆိုတဲ့ ၀တ္တုကတော့ သိပ်သိသိပ်တတ်လွန်တဲ့ (အဲဒီလိုလဲ သူ့ကိုယ်သူထင်နေတဲ့) အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အကြောင်းပါ။ မိန်းမက ”ရှင်ဟာ ကျွန်မအတွက် ဂျိုကာကြီးပဲ” လို့ ခဏခဏပြောလေ့ရှိသတဲ့။ သူက ဈေးဝယ်၊အိမ်ရှင်း၊ ထမင်းချက်၊ အ၀တ်လျှော် အ၀တ်အစား အစုတ်အပြဲဖာတာ ခြံထဲကပန်းပင်ပြုစုတာ ကအစ ၀င်ပါ ၀င်လုပ်နေတာပါ။ ယုတ်စွအဆုံး ၀မ်းချူပ်လို့ ၀မ်းနှုတ်ဆေးစားရင်တောင် ဘယ်နှစ်လုံးစားရမလဲဆိုတာ သူ့မိန်းမကို အကြံပေးတတ်ပါတယ်။ အားရင်အားသလို စည်းကမ်းနဲ့နေဖို့ ထားဖို့ မိန်းမကို သြ၀ါဒတွေနင်းကန်ပေး၊ မိန်းမရဲ့ဧည့်သည်လာရင်တောင် အလိုက်ကန်းဆိုးမသိ ၀င်ထိုင်ဧည့်ခံတော့တာ။ အိမ်ထောင်သက် အနှစ်နှစ်ဆယ်ကျော်လာတော့ မိန်းမက ကလေးသုံးယောက်နဲ့အတူ နယ်က အဒေါ်တစ်ယောက်အိမ်သွားလိုက်တာ တော်တော်နဲ့ပြန်မလာတော့ဘူး။ ဘာလို့ပြန်မလာသေးတာလဲလို့ အဒေါ်ကို မေးကြည့်တော့ (((စိတ်ပြေလက်ပျောက်)))တဲ့။ ဇာတ်လိုက် ကိုတတ်ပကြီးကတော့ ဂျိုကာလို အသုံးတည့်တဲ့ သူလိုလူနဲ့နေရတာကို ဘာကြောင့်များ သူမိန်းမ မပျော်နိုင်တာလဲဆိုတာ တွေးလို့ကို မရပါဘူးတဲ့ -လေ။
(((လက်ယာဖက် အပေါ်အံသွား))) ဆိုတဲ့ ၀တ္တုလေးကတော့ အသက်ငယ်ငယ် မိန်းမလှလှ356279347_1d2e22cb61_mကိုယူထားပြီး အဆင်မပြေတိုင်း သွားကိုက်တယ်လို့ စိတ်ကထင်နေတဲ့ ဝေဒနာသည်တွေနဲ့ အဖြစ်ချင်း တစ်ထပ်တည်းတူတဲ့ သွားဆရာဝန် တစ်ဦးအကြောင်းပါ။ လူတွေက ကိုက်နေတဲ့ သွားတွေတစ်ချောင်းပြီး တစ်ချောင်း လာလာနုတ်ကြတယ်။ သွားဆရာဝန်ကိုယ်တိုင်လည်း သူ့ပါးစပ်ထဲမှာ နောက်ထပ်နုတ်စရာ သွားကုန်နေပြီ။ ဒါပေမဲ့ အရေးအကြီးဆုံးသွားတစ်ချောင်း (အိမ်ကမိန်းမ) ကိုတော့ ဘယ်တော့မှ မဖယ်ရှားဖြစ်ပါဘူးတဲ့။
နော2460701650_a55b45e0c8_mက်တစ်ပုဒ် (((လက်ထိဘော))) ကတော့ ယတြာအရမ်းယုံတဲ့ လူတစ်ယောက်နဲ့ ယတြာကို နောက်ထပ်မကြားချင်လောက်အောင် ခါးသည်းမုန်းတီးသွားရတဲ့ သူ့မိန်းမတို့ အကြောင်းပါ။ အဲဒီလူက ဘောလုံးဝါသနာကလည်းအရမ်းကြီးတော့ ဘောပွဲနိုင်ဖို့ရာ ဗေဒင်ဆရာပေးတဲ့ ယတြာပေါင်းစုံလုပ်ရာကနေ နောက်ဆုံးလုပ်ရမယ့် ယတြာက အပျိုလေးခေါင်းကပန်းကို သူမသိအောင်ယူရမယ် တဲ့။ အဲဒါနဲ့ ရွာထဲကပန်းကြိုက်တဲ့အပျိုလေး အိပ်ယာဝင်ပြီးခိုးလိုက်တာ (မည်ကဲ့သို့ဖြစ်သွားသည်မသိ) ရပ်ကျော်ရွာကျော် လူမိပြီး မိန်းမနောက်တစ်ယောက် ထပ်ယူလိုက်ရတဲ့အကြောင်းပါပဲ။
နောက်ထပ် ဒဿနပါတဲ့ ၀တ္တုတစ်ပုဒ်ကတော့ (((ဂမ္ဘီရဆပ်ကပ်))) ပါ။ ဆပ်ကပ်ထဲမှာ မိန်းမချောလေးတစ်ယောက်ကို ခေါင်းဖြတ်စက်နဲ့ဖြတ်ပြီးပြန်ဆက်ပြတဲ့ နောက်ဆုံးပြကွက်ကို လူတွေကြိုက်လွန်းလို့။ လူနှစ်ယောက်က အိပ်မပျော်နိုင်အောင် စဉ်းစားနေကြသတဲ့။ တစ်ယောက်က မိန်းကလေဟာ မတော်တဆ တကယ်ပြတ်ရင်ပြတ်သွားနိုင်တဲ့ ဒီခေါင်းဖြတ်စက်ကြီးထဲကို ဘယ်လိုသတ္တိမျိုးနဲ့လည်စင်းပေးပါလိမ့်လို့ပေါ့။ နောက်တစ်ယောက်ကတော့ ဆပ်ကပ်ဆရာဟာာ ဘယ်လိုသတ္တိမျိုးနဲ့ ခလုပ်ဆွဲရဲပါလိမ့် ဆိုပြီးတော့ပေါ့။ သူတို့နှစ်ယောက်လုံး ည2610718075_33f6655748_mကြီးအချိန်မတော် ခေါင်းဖြတ်စက်ဆီထသွားပြီး ကိုယ်တိုင်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ အမှောင်ထဲမှာဆိုတော့ တစ်ယောက်တစ်ယောက်လဲသဲသဲကွဲကွဲမမြင်ရပါဘူးတဲ့။ နောက်တော့ ….အီး ဆက်ပြောတော့ဘူး ကြောက်တယ်။ စိတ်ကူးယဉ်ဝတ္တူဆိုပေမယ့် ဆန့်တွေးရင် တွေးနိုင်သလောက် ဒဿနတွေထွက်လာမယ်ထင်ပါတယ်။
ဆယ့်သုံးပုဒ်လုံးမဟုတ်ဘဲ အကြိုက်ဆုံးတွေပဲ ရွေးပြောလိုက်ပါတယ်။ ကြုံရင်ဖတ်ကြည့်ပါအုံးနော့။ အကြိုက်ချင်းတူမတူ ဆွေးနွေးရအောင်။

မိုးစက်ပွင့်

Thursday, 23 July 2009

အညာဘုရားဖူး

စာအုပ်အမည် – လိုက်ကြမလား အညာဘုရားဖူး
ရေးသူ - အံ့မောင်
စာအုပ်တိုက် - သီဟရတနာစာပေ
ထုတ်ဝေချိန် - ဇူလိုင် ၂၀၀၉



506392332_88449954e5_m 
စာရေးဆရာကြီး (ဦး)အံ့မောင်က မိုးဝေမဂ္ဂဇင်းမှာ အစ် နှင့် ခရစ်စတီနာ ပါဝင်သော အန်ဒါးဆင်းပုံပြင်များ ဆက်တိုက်ရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ ခရီးသွားဆောင်းပါးတွေ စုပေါင်းထားတဲ့ ဒီစာအုပ်ကို သုတရသစာပေအမျိုးအစားလို့ ဆိုချင်ပါတယ်။
ဆရာဟာ ခေတ်မျိုးစုံကြုံခဲ့သူမို့ သမိုင်းအမြင် ဘ၀အမြင်စုံလှပါတယ်။ အညာဇာတိဖြစ်ပြီး အဖွဲ့အနွဲ့ အသုံးအနှုံး လှပကောင်းမွန်ပါတယ်။ စွဲငြိလောက်တဲ့ အသုံးအနှုံးလေးတွေကတော့ ”နွေမင်းသမီးထနောင်း” ” ဦးပိန်တံတားကင်းခြေများကြီး လမ်းလျှောက်တဲ့မြို့” ”ဇီဝနို့ချိုသစ်ပင်” ”ကြိုးကြီးချိတ်ရှုံးတဲ့လမ်း” ”သပြေရွက်ရောင်ချင်းတွင်းရေ” ”ဧရာဝတီမြဖန်သား” တို့ဖြစ်ပါတယ်။
စာအုပ်တဲမှာ မှတ်စရာတွေ တစ်လှေကြီးပါ။
ရှေးမြန်မာဘုရင်များခေတ်က နိုင်ငံကို တိုင်းကြီး (၁၀)တိုင်း ခွဲခဲ့ပါသတဲ့။
၁) လယ်ကိုင်း၊ ဖောင်းလင်း၊ ကလေး၊ သောင်သွပ် စတဲ့ ဧရာဝတီ အနောက်ဖက်အရပ်ဒေသတွေကို သုနာပရန္တတိုင်း၊
၂) ပုဂံ၊ပင်းယ၊အင်းဝ၊မန္တလေး စတဲ့ ဧရာဝတီအရှေ့ဖက်အရပ်တွေပါဝင်ရာကို တမ္မျဒီပတိုင်း၊
၃) သီပေါ၊ ညောင်ရွှေ၊မိုးနဲ စတဲ့ ကမ္ဘောဇတိုင်း၊
၎) ဗမ်၊ခွေးလုံ၊စန္ဒာ စတဲ့အရပ်တွေပါဝင်ရာ ဇိန်တိုင်း၊
၅) သရေခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်းစတဲ့အရပ်တွေပါဝင်ရာ သီရိခေတ္တရာရာမတိုင်း၊
၆) ကေတုမတီ၊ ဇယ၀တီ စတဲ့အရပ်တွေပါဝင်ရာ ရာမညတိုင်း၊
၇) ဟံသာဝတီ၊ဒဂုံ၊ဒလ၊ကုသိမ်၊ရောင်မြ (မြောင်းမြ)၊မုတ္တမ စတဲ့အရပ်တွေပါဝင်ရာ ရာမညတိုင်း၊
၈) ဇင်းမယ်၊ ကျိုင်းသည် စတဲ့အရပ်တွေပါဝင်ရာ ဟရီဘုဉ္စတိုင်း၊
၉) ကျိုင်းတုံ စတဲ့အရပ်တွေပါဝင်ရာ ခေမာဝရတိုင်း၊
၁၀) ကျိုင်းရုံး၊ မိုင်းစည် စတဲ့အရပ်တွေပါဝင်ရာ မဟာနဂရတိုင်း၊ တို့ဖြစ်ပါတယ်။
အာသံ နဲ့ မဏိပူရကိုပါအုပ်ချူပ်လာတဲ့ ကုန်းဘောင်ခေတ် အမရပူရမင်းနေပြည်ကတော့ မြန်မာပြည်ရဲ့အကျယ်ဆုံးနယ်ပယ်ကို အုပ်ချူပ်ရာမင်းနေပြည် လို့ဆိုပါတယ်။


အညာဒေသရဲ့ ဂုဏ်ဆောင် အထင်ကရတွေကိုလည်း မှတ်သားရပါတယ်။
က) ကမ္ဘာပေါ်မှာ ဆင်းတုတော်အများဆုံး မိုးညှင်းသမ္မုဒ္ဒေစေတီတော်။ ။ ”ရှစ်သောင်းလင်း မိုးညှင်းစေတီရံ”ဆိုတဲ့အတိုင်း စေတီရံ ၈၆၄ဆူ၊ ”မြရွှေငွေစိန်သီးဆောင်း ဘုရားပေါင်း”ဆိုတဲ့အတိုင်း စေတီတော်နံရံမှာ အဆင့်တွေခြားပြီးပူဇော်ထားတဲ့ ရုပ်ပွားတော်ပေါင်း ၅၈၂၃၆၃ဆူ ရှိပါသတဲ့။ ၁၉၃၉မှာ အုတ်မြစ်ချ၊ ၁၉၄၀မှာထီးတော်တင်ပြီး ၁၉၅၈မှာမှ လုံးဝပြီးစီးပါတယ်။ ပုံတော်တွေဖန်တီးစီမံသူက မိုးညှင်းဆရာတော်ဘုရားကြီး။ သရွတ်ဖျော်စပ်ပုံက (ထုံး ၂ပုံး၊ သဲ ၃ပုံး၊ အုတ်မှုန့်တစ်ပုံးနဲ့အကြမ်းဖျော်စပ်ပြီး ဥသျှစ် ၁ပုံး၊အုံတုံ ၅ပုံး၊ ကျွဲကော်ရည် ၆ ပုံး၊ တင်လဲ ၂ပုံးနဲ့ နှပ်ပါသတဲ့)။ ပန်းကနုတ်အနုတွေအတွက် လဲဝါတစ်ဆုပ်၊ ဆီတစ်မှူတ်ထပ်ထည့်ထောင်းပြီးစပ်ပါသတဲ့။ ပန်းရံဆရာကြီးလက်ခက တစ်ရက် တစ်ကျပ်နှုန်းနဲ့တည်တာတောင် သိန်း နှစ်ဆယ်ကုန်ပါသတဲ့ (ဒီနေ့ခေတ် ၅၀၀၀ ကျပ်နှုန်းလောက်နဲ့ မြှောက်ကြည့်ပါလေ)။ ငလျင်ဒဏ်တောင်ခံတယ်လို့ ဆိုပါတယ်။

ခ) မဟာဗောဓိတစ်ထောင်တော။ ။ မိုးညှင်းနဲ့လေးမိုင်လောက်အကွာ ကျောက်ကာတောင် ခေါ် ခံတက်ကန်တောင် ခေါ် နွယ်ခွေတောင်ရိုးပေါ်မှာ တီဘီဝေဒနာကနေ သေရွာပြန်ဆရာတော် အရှင်နာရဒ ၁၉၆၀ကနေ စ စိုက်ထားတဲ့ ဗောဓိပင် ၁၇၀၀ ကျော် (အခုဆို ၉၀၀၀နီးပါးရှိပြီထင်ပါရဲ့-မမဆူဇီမေ) နဲ့အတူ ၂၁၅တောင်ရှည် လျောင်းတော်မူစေတီတော်ကြီးနဲ့ ကမ္ဘာ့အမြင့်ဆုံး မတ်ရပ်ကိုယ်တော်ကြီးကို ဖူးနိုင်ပါတာ်။ မတ်ရပ်ကိုယ်တော်ကြီးက အထပ်၃၀နီးပါးရှိပြီး ကိုယ်တော်အတွင်းထဲမှာဝင်ပြီး လှေခါး သို့မဟုတ် ဓါတ်လှေခါးနဲ့ အထက်တက်နိုင်ပါတယ်။
ဂ) ဖိုဝင်းတောင်။ ။ မုံရွာအနောက်ဖက်၁၆မိုင်အကွာကတော့ ကျောက်သားကို ဘုရား၊ဂူ၊ပလ္လင်တွေ ပျားအုံလို မွမွကြဲနေအောင် ထွင်းထုတည်ဆောက်ထားတဲ့ နေရာပါတဲ့။ ပျူခေတ်လက်ရာတွေ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေတောင်ရှိပါသတဲ့။ မျောက်တွေကလည်း အလွန်ပေါဆိုဘဲ။ အနီးတစ်ဝိုက်က ရွှေဘတောင် နဲ့ နောက်ထပ်လေးမိုင်အကွာက အင်ကြင်းတောင်မှာလည်း ဧရာမကျောက်သားလျောင်းတော်မူကြီးက အံ့မခန်းစရာပါတဲ့။
ဃ) အလောင်းတော်ကဿပ။ ။ မဟူတောင်နဲ့ ပုံတောင်ပုံညာအနီးက တောင်သုံးလုံး ဖိုခနောက်ဆိုင်နေရာမှာ ဘုရားရှင်ရဲ့ သာဝက အရှင်ကဿပမထေရ်ကြီး ရုပ်အလောင်းတော်ရှိရာဂူရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကာကွယ်တော၊ ဂန္ဒကုဋ္ဋီတိုက် စိမ့်စမ်းရေ ရှိရာအရပ်လို့ဆိုပါတယ်။
ထင်ရှားကျော်စောတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဇာတိမြေဖြစ်ပါသတဲ့။
- စစ်သူကြီး မဟာဗန္ဒုလ(ဘုတလင်မြို့နယ် ငပယင်းရွာ)
- မြ၀တီမင်းကြီးဦးစ (ဘုတလင်မြို့နယ် မောက်တက်ရွာ)
- စိန္တကျော်သူ ဦးသြ (ဘုတလင်မြို့နယ် ၀န့်တုံရွာ)
- သခင်ကိုယ်တော်မှိုင်း(ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- သံချိုဆရာဦးကျော်လှ (ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- တွင်းသင်းမင်းကြီး ဦးထွန်းညို(ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- (ဦး)သိန်းဖေမြင့် (ဘုတလင်မြို့နယ် မောင်းထောင်ရွာ)
- ရာဇောဝါဒ ကျမ်းပြု မုံရွေးဆရာတော်ဘုရားကြီး (မုံရွေး၊ကြေးမုံ)
- ဆရာစံ (ဒီပဲယင်းမြို့နယ်၊ သရက်ကန်ရွာ)
-ဆရာ မြသန်းတင့် (မကွေးတိုင်း၊ မြိုင်မြို့နယ်)
- အိုးဝေ ဦးညိုမြ ( ချောင်းဦးမြှိုနယ် အမြင့်ရွာ)
- မြို့ဝန်မင်းလက်ဝါးကြီး ( ချောင်းဦးမြှိုနယ် အမြင့်ရွာ)
- ဆရာတော် ဦးဝိစာရ ( ချောင်းဦးမြှိုနယ် အနိမ့်ရွာ)
- သခင်လေးမောင် ( ချောင်းဦးမြှိုနယ် အနိမ့်ရွာ)

စာရေးသူ ဆရာအံ့မောင်က ရောက်တဲ့နေရာတိုင်းမှာ သစ်ပင်တောတောင်တွေကို တစ်မြတ်တစ်နိုးကြည့်ခဲ့တာပါပဲ။ သစ်ပင်သစ်တော ပါးရှားသွားတဲ့နေရာတွေရောက်ရင် ၀မ်းနည်းစိတ်မကောင်းဟန်တွေ ရေးထားတာတွေ့ရပါတယ်။ ”စိမ်းမြဆံကေသာတို့ ပါးလျ၍ နီမြန်းသောဦးရေပြားတို့ ဟိုတစ်ကွက် ဒီတစ်ကွက်” ဆိုတာမျိုး သုံးနှုံးထားပါတယ်။ ဆရာ့ ကဗျာတိုကလေးတွေနဲ့ နိဂုံးချူပ်ပါရစေ။
ကျွန်း
ကိုင်းပင်တွေစိမ်းထောင်
မြငွေသောင်လှီးထားတဲ့ကျွန်း။
နှင်းဆီတစ်ပွင့် ဆင်
၁၈-နှစ်လုံမေခင်သို့
မြစ်ပြင်လွန်ဟိုဖက်ကမ်း
တက်လှမ်းလာဇာနည်ဖွားကို
မျှော်စားလို့လွမ်း။

နန်း
ကိုင်းတောစမ်း လွှမ်းတဲ့ကျွန်းပေါ်
သက်ကယ်တဲကလေးကနန်းတော်။

သောင်
သောင်ပြင်
ဆောင်းတစ်ခွင်တုန်းကတော့
စုရုံး မယ်ညို ဟင်္သာ
မည်းနေတာပဲ။
နွေပိုင်း
ဗျိုင်းတစ်ကောင်နှစ်ကောင်
ငေးယောင်ဖေါ်ကွဲ။

တဲ
ကြည့်မဆုံးတဲ့သောင်ပြင်ကျယ်ပေါ်
ကရော်ကမည်တဲလေးများ
မြစ်ပြင်နဲ့ကောင်းကင်ကြား
လွပ်လပ်ခြင်းရဲ့သား။

တောင်
ရှင်မတောင် နွားထိုးတောင်
ကောင်းကင်ကိုထောင်။
တောင်ပုလုတွေကိုယ့်အနား
ချိုင့်လျှိုကများ။


ကဗျာလေးတွေက တိုတိုရိုးရိုးစင်းစင်းကလေးတွေပါပဲ။ သဘာဝကိုချစ်တဲ့ စာရေးဆရာရဲ့ ရိုးသားတဲ့နှလုံးသားကို တိုးလျိုပေါက်မြင်ရတယ်လို့ဆိုချင်ပါတယ်။ အညာဟိုက္ကူလေးတွေပေါ့ :-)

မိုးစက်ပွင့်