Showing posts with label အထိမ်းအမှတ်နေ့. Show all posts
Showing posts with label အထိမ်းအမှတ်နေ့. Show all posts

Thursday, 11 March 2010

နိုင်ငံတကာ အမျိုးသမီးများနေ့ ရုပ်ပုံလွှာ


ဒီပို့စ်ကို မတ်လ ၈ ရက်နေ့ ( နိုင်ငံတကာ အမျိုးသမီးများနေ့) ကို အမှတ်တရအဖြစ်ရေးပါတယ်။  ကျွန်မတို့ အဘွားတွေ၊ အမေတွေ၊ အစ်မတွေ၊ ညီမတွေအားလုံးကို ဂုဏ်ပြုအားသစ်လောင်းထားတဲ့ နေ့လေးတစ်နေ့မို့ လေးစားတန်ဖိုးထားမိပါတယ်။  တကယ်တော့ ကမ္ဘာအရပ်ရပ်က ခွဲခြားဖိနှိပ်ဆက်ဆံခံနေရတဲ့ မိန်းမသားထုအများစုကြီးအတွက် မီးမောင်းထိုးပြတဲ့နေ့ဟာ ဒီနေ့ဆိုရင် မှားမယ်မထင်ပါဘူး..။  နိုင်ငံတကာ အမျိုးသမီးများနေ့က ၁၉၇၅မှာ ကုလသမဂ္ဂက စတင်သတ်မှတ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်လေးက " Equal Right, Equal Opportunities: Progress for All"  " အခွင့်အရေးတူတူ၊ အခွင့်အလန်းတူ၊ အောင်မြင်အတူတကွ၊ ကျားနှင့် မ "  တဲ့...။


ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ.....ရှေးရှေးက....
- ခြေလက်တွေကို ချိုးပြီး သိမ်အောင်ကြပ်စည်းခံခဲ့ရတယ် (တရုတ်) ရည်ရွယ်ချက်က အိမ်အလုပ်ကို ကျွန်လို လုပ်ကြရတဲ့ ချွေးမတွေ၊ဇနီးမယားတွေ အိမ်က ထွက်ပြေးမှာ စိုးလို့ပါ...
- မဟာရာဇာရဲ့ ဇနီးတွေဟာ သူ့ခင်ပွန်းသေဆုံးတာနဲ့ သူလည်းပဲ မီးပုံထဲခုန်ချ သေဆုံးစေတဲ့ ထုံးတမ်းတွေ ရှိခဲ့တယ်  (အိန္ဒိယ) ရည်ရွယ်ချက်က ခင်ပွန်းရဲ့ပိုင်ဆိုင်မှူတွေကို ဆွေမျိုးတစ်စုက အပိုင်စီးချင်လို့ပါ...
- ၁၉၃၀အထိ မဲပေးခွင့်မရှိဘူး (အမေရိက) အမျိုးသမီးတွေကို လူမှူရေး နိုင်ငံရေး နားမလည်ဘူးလို့ သတ်မှတ်ထားပုံပါပဲ..
- (ကန်တော့ပါရဲ့)  မွေးကင်းစမိန်းကလေးငယ်လေးတွေရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပြီး၊ မိန်းမကိုယ်ကို သေးငယ်အောင်ပြုပြင်ချူပ်လုပ်မှုတွေကြောင့် ပိုးဝင်သေဆုံးမှုတွေ မရေမတွက်နိုင်သလို ဘ၀တစ်လျောက်လုံးနာကျင်ခံစားရတာတွေ ကြုံခဲ့တယ် (အာဖရိက) ဒီရည်ရွယ်ချက်တော့ မပြောပါရစေနဲ့တော့ ..ကိုယ့်ဖာသာတွေးသာကြည့်ပါတော့နော်....
ဒါတွေကတော့ များပြားလှသော ဖိနှိပ်ဆက်ဆံခံရမှူတွေထဲက နမူနာ တစ်ချို့တစ်လေသာ ဖြစ်ပါတယ်။


ဒီနေ့ဒီအချိန်မှာ အထက်ပါဖြစ်ရပ်မျိုးတွေ နည်းပါးလာပြီဆိုပေမဲ့ အောက်ပါဖြစ်ရပ်တွေက ရှိနေတုန်းပါ။
- ကလေးတစ်ဦးသာ မွေးခွင့်ရှိတာမို့  ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီးတာနဲ့ မိန်းကလေးသန္ဒေသားတွေဟာ ဖျက်ချခံရတယ် (တရုတ်)
- မိန်းကလေးဖက်က မင်္ဂလာကြေးပေးရတာမို့   မွေးကင်းစ မိန်းကလေးငယ်တွေကို သေဆုံးအောင်ပစ်ထားတာမျိုးတွေ (အထူးသဖြင့် ဆင်းရဲသားမိသားစုတွေမှာ) ရှိတယ်...  (အိန္ဒိယ)
- မိသားစု ဂုဏ်သိက္ခာကို ထိပါးစေတာမျိုး ဖြစ်ခဲ့ရင် (ဥပမာ- လက်မထပ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး) ၊ အဲဒီမိန်းကလေးကို ဖခင် မောင်ဘွားတွေက သတ်ဖြတ်ပစ်လေ့ရှိတယ်။ (အာရပ်ဒေသ)


တစ်ချို့တစ်ချို့သော စကားပုံတွေကလည်း အမျိုးသမီးတွေကို ခွဲခြားနှိမ်ချတာမျိုးရှိလေရဲ့။ ဥပမာ-  ”မိန်းကလေးဆိုတာ အ၀တ်ဖြူ - စွန်းထင်းပြီးရင် အကောင်းပြန်မဖြစ်နိုင်၊ ယောက်ျားလေးဆိုတာရွှေ၊ နွံထဲကျလဲ ကောက်ပြီးသန့်စင်ရင် ပကတိဖြစ်နိုင်ပေ”  (ကမ္ဘောဒီးယား စကားပုံ) ၊ ”ကြက်မတွန်လို့ မိုးမလင်း”  ”ယောက်ျားကောင်း မောင်းမတစ်ထောင်”  ”လှေခါးသုံးထစ် လူပျိုပြန်ဖြစ်” ဆူးနဲ့ဖက် ဥပမာ” စသဖြင့် စသဖြင့် မြန်မာစကားပုံပေါင်း သောင်းခြောက်ထောင်လည်း ရှိပါလေရဲ့.....။


တစ်ချို့နိုင်ငံတွေမှာ လိင်မှူကိစ္စ အကြမ်းဖက်ခံရတဲ့ အမှူမျိုးကို တရားသူကြီးက တရားလိုအမျိုးသမီးရဲ့ ၀တ်စားဆင်ယင်မှူကြောင့်ဆိုပြီး ပလပ်ပစ်တာမျိုးရှိသတဲ့။  အဆိုးဝါးဆုံးအမှူတစ်ခုကတော့ ၃နှစ်သမီးကလေးတစ်ယောက်ကို မြှူဆွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  စော်ကားသူကို အပြစ်ကနေလွှတ်ပစ်ခဲ့တာပါဘဲ။  (နိုင်ငံတော့ မေ့သွားလို့နော် - နောင်မှ ပြန်ရေးပေးပါမယ်)


ကိန်းဂဏန်းနဲ့ပြောရမယ်ဆိုရင်-
  • ကမ္ဘာ့ဆင်းရဲသားအများစုရဲ့ ၇၀ရာနှုန်းက အမျိုးသမီးတွေ
  • အလုပ်ချင်းတူရင် အမျိုးသမီးက ၇၅ရာနှုန်းသာ ၀င်ငွေရကြ
  • အမျိုးသမီးတွေဟာ ၆၀ရာနှုန်းအထက် သီးနှံစိုက်ပျိုးထုတ်လုပ်နေပေမဲ့ ၂ရာခိုင်နှုန်းသာ မြေယာပိုင်ကြ
  • ကမ္ဘာ့ချေးငွေရဲ့ ၁၀ရာခိုင်နှုန်းသာ အမျိုးသမီးတွေရရှိ
  • စာမတတ်သူများရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ
  • ကိုယ်ဝန်ဆောင်ခြင်းနှင့်မီးဖွားခြင်းနောက်ဆက်တွဲ ရောဂါများကြောင့် တစ်နှစ်မှာ အမျိုးသမီးငါးသိန်းကျော်သေဆုံးနေရ
  • အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှူ ခံနေရ
  • သားယောက်ျားကလေးလိုချင်ကြတဲ့ အတွက်  မိန်းကလေးသန္ဒေသားနှင့် မွေးကင်းစ သန်း၁၀၀ကျော် နှစ်စဉ်သေဆုံး၊ပျောက်ဆုံး နေရ (သဘာဝအလျောက်သေဆုံးခြင်းမပါဝင်ပါ)


Thursday, 20 August 2009

World Humanitarian Day



ကမ္ဘာ့အထိမ်းအမှတ်နေ့တွေဟာ ပြက္ခဒိန်မှာ တစ်ရက်ပြီးတစ်ရက် တိုးလာလိုက်တာ နေရာလွတ် မကျန်တော့ပါဘူး။ ဒါပေမဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်၊ အဲဒါဟာ မင်္ဂလာတစ်ပါး မဟုတ်ပါလား။ အဲဒီလိုနဲ့ မကြာသေးခင်ကမှ ဂုဏ်ပြုသတ်မှတ်လိုက်တဲ့ နေ့ကတော့ ဒီနေ့ သြဂုတ်လ ၁၉ရက်နေ့ ” World Humanitarian Day ” ဖြစ်လာပါတယ်။


သြဂုတ်လ ၁၉ရက်နေ့ကို ရွေးချယ်ရခြင်းအကြောင်းကတော့ လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၀၃ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ထရပ်ကားတစ်စီးနဲ့ဗုံးတွေတင်လာပြီး ပေါက်ကွဲစေခဲ့လို့ ကုလသမဂ္ဂရုံးစိုက်တဲ့ Canal Hotel အဆောက်အဦကြီး ပြိုကျပျက်စီးတာနဲ့အတူ လူ ၂၂ဦး သေဆုံးခဲ့တာကြောင့်ပါ။ အဲဒီအထဲက တစ်ယောက်ကတော့ High Commissioner for Human Right and Special Representative of Secretary General for Iraq ဖြစ်တဲ့ Mr. Sergio Viera de Mello ပါ။ တစ်ကမ္ဘာလုံးသိမ့်သိမ့်တုန်ခါသွားစေတဲ့ အဲဒီဖြစ်ရပ်ဟာ Humanitarian Worker တွေရဲ့ နေ့တစ်ဓူဝ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ဘေးတွေကို ကိုယ်စားပြု မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂအထွေထွေညီလာခံက resolution A/RES/63/139 ကို ၂၀၀၈ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ပြီး သြဂုတ်လ ၁၉ရက်နေ့ကို ” World Humanitarian Day ” အနေနဲ့ သတ်မှတ်ခဲ့တာပါ။ Key mesage ထဲမှာလဲ "............ the dedication of the many thousands of aid workers who have devoted their lives to humanitarian work, matching idealism with action, and principles with practice. Their selfless and non-political endeavours are vital for the necessary acceptance by all concerned that assistance to the needy should be provided impartially and neutrally, without reference to religion, gender, or race." လို့ဖေါ်ပြထားပါတယ်။


Sunday, 19 July 2009

မမေ့နိုင်သောနေ့တစ်နေ့ သို့မဟုတ် ၁၉ဇူလိုင်

skyမိုးလင်းလင်းချင်း သတိရတယ်။ ဒီနေ့အာဇာနည်နေ့။ ဘာမှတော့ ထွေထွေထူးထူး မလုပ်ဖြစ်ဖူး။ ကြားရမှာမဟုတ်တဲ့ ဥသြသံကိုလည်း မမျှော်တော့ဘူး။ (အသံပျောက်တဲ့ ပထမဦးဆုံး နှစ်ကသာ အံ့သြတစ်ကြီးဖြစ်မိတာ) ၁၀နာရီ၃၇မှာတော့ ကိုယ့်အခန်းထဲမှာ တစ်ယောက်ထဲ အလေးပြုမိတယ်။ တစ်မိနစ် ပေါ့။ မေလှမြိုင်သီချင်းလေးကိုလည်း စိတ်အာရုံမှာကြားမိတယ်။
ကျမငယ်ငယ်ကတော့ နှစ်တိုင်းဥသြသံကိုစောင့်ပြီး အလေးပြုနေကြ။ လွတ်သွားခဲ့ရင် တယ်လဲ ပေါ့လျော့တဲ့ ကျေးဇူးမသိတဲ့ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးတော့။ မှတ်မှတ်ရရ ၁၉၈၇ရဲ့ အာဇာနည်နေ့မှာ ကိုယ်က ပဲခူးမြို့ရဲ့ တစ်နေရာ လမ်းမပေါ်မှာ။ ဥသြသံတွေ ရုတ်တရက်ပေါ်လာတော့ ရောက်တဲ့နေရာမှာရပ်ပြီး အလေးပြုခဲ့တယ်။ တစ်ချို့လဲ ရပ်ကြတယ်ထင်ပါရဲ့။ ကောင်းကောင်းမမှတ်မိတော့ဘူး။ အာဇာနည်တွေကို လူမြင်သူမြင် အရိုအသေပေးတာဟာ ရှက်စရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မေလှမြိုင်ရဲ့ နှစ် လ ရာသီ……ခါရာသီရွေ့ပေမယ့်…ဆိုတဲ့သီချင်းလေးကိုကြားရရင် မျက်ရည်ဝဲရစမြဲ။ ည ည ဆို ဗိုလ်ချူပ်မိန့်ခွန်းက်ု ရေဒီယိုမှာ နားထောင်လို့မ၀နိုင်ခဲ့။ ဘယ်နှစ်ခါပဲကြားကြား မရိုးနိုင်တဲ့ မိန့်ခွန်းတွေပါပဲ။
အခုတော့ အပြင်လောကကြီးတစ်ခုလုံး သူနဲ့မဆိုင်သလို တိတ်ဆိတ်လို့။ ခြံရှေ့က သစ်ရွက်ကလေးတွေကတောင် နေမင်းစူးစူးကိုမလွန်ဆိုင်နိုင်လို့္ဘရွက်နုလေးတွေအောက်စိုက်ပြီး မျက်လွှာချနေသလားလို့ ထင်ရတယ်။ အငြိမ်မနေတတ်တဲ့ ကိုယ်က ကမ္ဘာ့ရွာကြီးထဲလှည့်ပတ်ကြည့်လိုက်တော့ …ရွာထဲက ညီအစ်ကို မောင်နှမတွေ အာဇာနည်နေ့ကို သိုက်သိုက်ဝန်းဝန်း ဆုတောင်းဂုဏ်ပြုနေတာတွေတွေ့ရလေရဲ့။ ၀မ်းသာကြေနပ်စရာပါ။ မမေငြိမ်းရဲ့ အာဇာနည်နေ့အတွက် ရည်ရွယ်သီကုံးထားတဲ့ တိုရှင်းထိမိတဲ့ အရေးအသားလေး ကူးယူ မျှဝေပါရစေ။

Thursday, 2 July 2009

နှစ်နှစ်မြောက် မင်္ဂလာ

လာမယ့် ဆဲဗင်းဂျုလိုင်ဟာ ကိုယ်တို့ရဲ့ မင်္ဂလာနှစ်နှစ်မြောက်ပါ။ ၀၇.၀၇.၀၇ ကို အမှတ်တရ မင်္ဂလာပွဲလုပ်ခဲ့တာမို့ပါ။ တစ်နယ်စီဝေးနေကြတဲ့ ကိုယ်တို့နှစ်ယောက်က အဲဒီနှစ်ပါတ်လည်မှာတော့ အမြဲဆုံဖြစ်အောင်ဆုံပြီး အမှတ်တရ ပွဲလေးတစ်ခုခု စီစဉ်ကြမယ်လို့ တိုင်ပင်ထားကြတာ။ မနှစ်ကတော့ အိမ်မှာ ဘုန်းကြီးငါးပါးပင့်ပြီး ပရိတ်နာ၊ သင်္ကန်းကပ်၊ တရားနာကြတယ်။ မိတ်ဆွေ ၃-၄၀ဖိတ်ပြီး ကြာဇံချက်ကျွေးတယ်။ ဒီနှစ်တော့ ဘုန်းကြီးကျောင်းကိုပဲ သွားပြီးလှူစရာရှိတာလှူ၊ ပြီးရင် ပစ်ကနစ်ထွက်ရအောင်လို့ ပြောထားတယ်။ သူက နားအေးရင်ပြီးရော၊ ဘာမဆို သဘောတူလွယ်တတ်တဲ့သူပါ။ 

ကျမကစိတ်ကူးယဉ်သမားဆိုတော့ မနှစ်က အမှတ်တရ ဓါတ်ပုံပါတဲ့ဖန်ခွက်တို့၊ နှစ်ပါတ်လည် ပြက္ခဒိန်တို့ လုပ်ခဲ့တယ်။ အဲဒါကို သူကသဘောတကျနဲ့ ဒီနှစ်လဲ လုပ်ဦးနော်တဲ့။ ဟင့်အင်း ဒီနှစ် ထူးထူးခြားခြား မထင်မှတ်တဲ့ အမှတ်တရ တစ်ခုလုပ်မှာလို့။ ဈေးလဲမကြီးဘူးလို့။ ဒါပေမယ့် တန်ဖိုးလဲဖြတ်လို့မရဘူး လို့။ အဲဒါ ဘာလဲ လို့ မေးတော့ သူက မှန်အောင် မဖြေနိုင်ပါဘူး။ သူငယ်ချင်းတို့ရော သိလားဟင် ?????????? ………………………………………………………………………………………………………………………………………………………………………………………………………………………………….. ကဗျာစာအုပ်ကလေးတစ်အုပ်ပါ။ ကိုယ်တိုင်ရေးတာက ၃ ပုဒ်ထဲပါ။ သူများ ဘလော့တကာက သွားနှိုက်ထားတာက ၁၇ ပုဒ်ဆိုတော့ စုစုပေါင်း ၂၀ ပေါ့။ အံမယ် မူးနောက်နေအောင် ကဗျာရှာရ၊ ဓါတ်ပုံရှာရ၊ ကလစ်အပ်ပုံရှာရ၊ နာရီတော်တော်ကြာအောင် ပုံနဲ့စာနဲ့ နေရာချပြီ်းဒီဇိုင်းလုပ်ရ၊ မီနီစာအုပ်လေး ဆိုင်သွားအပ်ရနဲ့ ပင်ပန်းပါ့။ အချစ်အတွက်လေ အချစ်အတွက် ဟာဟ။ အဲဒါကြောင့်ပြောတာပေါ့- ငွေနဲ့တန်ဖိုးဖြတ်မရဘူးလို့ အဟဲ။ အဲဒီစာအုပ်လေးထဲက ပုံလေးတွေနဲ့ ကဗျာတစ်ချို့ (ကိုယ်တိုင်ရေးနှစ်ပုဒ်အပါအ၀င်) ကို အမှတ်တရ တင်လိုက်ပါတယ်။
2124579995_938fd05816_m
ချစ်ခြင်းကဗျာ

မေတ္တာ သစ္စာ နဲ့ နားလည်မှု ဆိုတာ
ချစ်ခြင်းဘ၀ရဲ့ အခရာ၊
ကို နဲ့ညီမလေး တို့ရဲ့
မင်္ဂလာနှစ်နှစ်မြောက်တဲ့
နှစ်ပါတ်လည်အခါ၊
ရင်ထဲက မေတ္တာ ရာသက်ပန် မြဲစေဖို့
အကြင်နာတွဲလက်ခိုင်စေမှာ။

364312031_ccad410e98_m
နေရာ

လှောင်အိမ်မဟုတ်ဘူး
အသိုက်လည်းဖြစ်စရာမလိုဘူး
သစ်ကိုင်းလေးတစ်ကိုင်းပဲ ဖြစ်ချင်ခဲ့တာ။
(ပန်ဒိုရာ)

2051130183_791b5d39ed_m
For Me
You are:
A sky to shower only the rain of love
A star to shine over my window
A place to give warmth and sweetness
A melody to entertain my heart; and
A world to make my life meaningful.

527937762_b11e9a4f3b_m
အချစ်
အဖိုးအိုလျှင်…..
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက….
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်…. သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။
(ကြည်အောင်)
ငွေတာရီမဂ္ဂဇင်း

mqhearthands
မုန်တိုင်း စိန်ခေါ်သံ

ကိုယ်ဟာ ဓာတ်ခဲ တစ်လုံးပါ..
ဗို့အားတွေ ရှိလျက်..
မလင်းမိအောင် ကိုက်မြိုထားရ…

ဒီလိုပါပဲ ချစ်ရသူရယ်
ကိုယ့်ရင်ဘတ်ထဲက ကျောက်ဆစ်နှလုံးသားကို
အသက်သွင်းခဲ့သူ ဗီးနပ်စ်ကိုမှ
ချစ်မိခဲ့တဲ့ကိုယ့်မှာ
နတ်သမီး ကျိန်စာတွေကို
ဆုအဖြစ်လက်သင့်ခံလို့ပေါ့ …

မုန်တိုင်းကို မသိကျိုးကျွံပြုနေတဲ့ သက်တံ့တစင်းပေါ့..
လောကကို လှောင်ပြောင်နေလိုက်တာလေ
မျှော်လင့်ချက် နေခြည်ရှိသရွေ့တော့
စိန်ခေါ်တယ်ဟေ့ မုန်တိုင်းရေ့
မင်းလာမှ ကိုယ်ဖြစ်တာလေ..
အပြုံးနဲ့ကို ကြိုဦးမှာပါ။
(ခွန်မြလှိုင်)

Precious_Momentsblack-and-white-baby-togetherAPTOPIX EU Germany Polar Bears
မိုးစက်ပွင့်
( ပုံအားလုံးကို flickr ကယူပါတယ်။ )

Friday, 19 June 2009

မွေးနေ့ဆုတောင်း

အန်တီစုရဲ့ ၆၄ နှစ်မြောက်မွေးနေ့မှာ အကျဉ်းကျနေရတာ စိတ်မကောင်းပါဘူး။့
အန်တီစု ကျမ်းမာပါစေ.....မကြာခင်အချူပ်အနှောင် လွတ်မြောက်ပါစေလို့ ...
..

birthday-2 

မိုးစက်ပွင့်

Monday, 11 May 2009

မေမေ (အမေနေ့အမှတ်တရ)




source: flickrမနေ့က မိခင်များနေ့။ မှတ်မှတ်ရရ မေမေ့ဆီဖုန်းဆက်ပေမဲ့ လိုင်းကမ၀င်။ ဒီနေ့မှ ထပ်ဆက်ဖြစ်တယ်။ နေကောင်းရဲ့လား ဘာညာအပြင် တီတီတာတာ မပြောတတ်တဲ့ ကျွန်မကိုယ်ကျွန်မ မုန်းတယ်။ အမေနေ့မှာ မေမေ့ကို ထမင်းလေးတစ်ပွဲမှ ကျွေးခွင့်မကြုံ၊ ပန်းကလေးတစ်ပွင့်မှ ပေးခွင့်မကြုံတဲ့ ကိုယ့်ဘ၀ကို စိတ်ဆိုးတယ်။ ဖုန်းထဲက မေမေ့အသံကြားရုံနဲ့ လုံခြုံနွေးထွေးမှု တစ်ခုခံစားရတာကတော့အမှန်ပါဘဲ။ ဒါနဲ့ဘဲ မေမေနဲ့ပါတ်သက်တဲ့ အမှတ်တရလေးတွေ ချရေးကြည့်ချင်လာတယ်။


source: "mother goose" in Flickr
- ကျွန်မတို့ တစ်အိမ်လုံးမှာ မေမေ့လက်ရေးက အလှဆုံး။ ငယ်ငယ်က ဘုန်းကြီးကျောင်းနေခဲ့ရလို့တဲ့။ ၀လုံးမ၀ိုင်းရင် ဘုန်းဘုန်းက လက်ဆစ်ခေါက်သတဲ့။ မေမေတို့ မောင်နှမအားလုံး လက်ရေးတူတယ်။ အင်္ဂလိပ်စာ လက်ရေးဆက်လည်းလှတယ်။ ဖေဖေရော ကျွန်မတို့ မောင်နှမကတော့ နှစ်ယောက်လုံးလက်ရေးမလှတဲ့အပြင် တစ်ယောက်တစ်ပုံစံစီထွက်နေတာပါ။
- ငယ်ငယ်က အတန်းထဲမှာ မေမေက သချာင်္တော်တယ်။ သူငယ်ချင်းတွေကမုန့်ကျွေးပြီး တွက်နည်းကူးရတယ်။
- မောင်နှမတွေထဲမှာ အသားအညိုဆုံးမို့ လှည်းလမ်းကြောင်းကကောက်ရတာလို့ အမြဲအစ ခံရတယ်။ ဘဲရုပ်ဆိုးလေး မေမေ အားငယ်ခဲ့မိမှာပါ။
- စီးပွားရေးမကောင်းတဲ့ အဘိုးနဲ့အဘွားက သားအကြီးဆုံးကို ဘွဲ့ရအောင်သင်ဖို့အတွက် သူ့အကိုလိုပဲစာတော်တဲ့ မေမေ့ကို စိတ်မကောင်းစွာနဲ့ အထက်တန်းမှာ ကျောင်းနုတ်ခဲ့ရတာ- မေ့မေ့ရင်မှာ တစ်မြေ့မြေ့။ ဒါကြောင့် ကိုယ့်အလှည့်မှာ သားတွေ သမီးတွေကို သင်ယူနိုင်သလောက် ပညာအမွေပေးဖို့ ဆုံးဖြတ်ချက်နဲ့မာန်တင်းခဲ့တာတဲ့။
- သနားတတ်တဲ့မေမေ။ ငယ်ငယ်ထဲက မိဘမဲ့ခွေးပေါက်စလေးတွေ အိမ်ခေါ်မွေးတာတို့ ခြေကျိုးတဲ့ ကြက်ငှက်ကလေးတွေ ကျပ်စည်းပေးတာတို့ အမြဲလုပ်နေကျ။
- ကျွန်မကိုမွေးပြီးတော့ ကလေးကြည့်နိုင်ဖို့အတွက် မေမေ နေ့စားဝန်ထမ်းအလုပ်ထွက်ရတယ်။ တတ်ထားတဲ့ စက်ချူပ်ပညာနဲ့ မိသားစုကိုဖြည့်ဆည်းပေးတယ်။ အဖေ့ အရာရှိလစာက အိမ်စရိတ်လောက်ရုံသာသာနဲ့ အပိုအလျှံမသုံးနိုင်တဲ့အခြေအနေမို့ပါ။
- မေမေချူပ်ပေးတဲ့ စပ်လွယ်အိတ်လေးက သိပ်လှတယ်။ ပိတ်စလေးတွေ ဖြူနီကြောင်ကြားနဲ့ အနားကွပ်ထားတဲ့ စပ်စောင်လေးက ခြုံလိုက်တိုင်း သိပ်နွေးတယ်။
- ကျောင်းစတက်ကတည်းက လေးတန်းအထိ မေမေက ညတိုင်းအိမ်မှာ စာပြပေးတာ။ ကျောင်းစာတွေကို ကျွန်မအမြဲ ကြေညက်နားလည်နေတာ မဆန်းတော့ပါ။
- ၇တန်းကစပြီး လူရည်ချွန်ဖြေခါနီးတိုင်း ကျွန်မနဲ့လိုက်ပြီး အပြေးကျင့်ခဲ့တာ။ (မေမေက ငပလီတို့ ရွှေဝါချိုင်တို့မှန်းခဲ့ပေမဲ့ ကျွန်မကတော့ တစ်ခါမှ မြို့နယ်အဆင့်က မကျော်ခဲ့ပါ)
- ရန်ကုန်တက္ကသိုလ်တက်တော့ ကလေးတစ်ယောက်လို ကျောင်းပို့ကျောင်းကြိုတစ်ပါတ် လောက်လုပ်ပေးပြီး နယ်ပြန်ခါနီးမှာ မေမေ့မျက်နှာတွေပျက်လို့။ သူများသမီးတွေဆိုရင် အမေပြန်တော့ ငိုကြတာ။ ငါ့သမီးက ဘာမှမဖြစ်ပါလားတဲ့။ ကြေနပ်တာလား မကြေနပ်တာလားမသိ။
- ကျွန်မနေ့စဉ်ကုန်ုကျစရိတ်မှတ်ဖို့ စာအုပ်ကလေးတစ်အုပ်ထားခဲ့တယ်။ မေမေက ကျွန်မကို စည်းစံနစ်ကျသူအဖြစ် မြင်ချင်သူပါ။ ( ဒုတိယနှစ်အကုန်လောက်အထိတော့ မပျင်းမရိ မှတ်ပါသေးတယ်။ နောက်တော့လည်း စာအုပ်ကလေးချောင်ထိုးလို့.. ..)
- မေမေချက်ပို့တဲ့ ဘာလချောင်ကြော်နဲ့ ကင်ပွန်းချဉ်ရွက်ကြော်ကို သူငယ်ချင်းတွေက သိတ်ကြိုက်တာ။ အဆောင်မှာဆို မျက်နှာသိပ်ပွင့်ပေါ့။
- ကျောင်းပိတ်လို့အိမ်ပြန်ရင် ခြံထဲလယ်ထဲ တန်းဆင်းခိုင်းတာကလည်း သမီး ပေါ့ပျက်ပျက်ဖြစ်မှာ ဘ၀မေ့မှာစိုးလို့ဆိုတာ သမီးသိပါတယ်မေမေ။
- မောင်နှမတွေနှစ်ယောက်လုံး တစ်ပြိုင်နက် နိုင်ငံရပ်ခြားသွားချိန်မှာ လွမ်းစိတ်နဲ့ အရိုးပေါ်အရေတင်ဖြစ်ခဲ့တဲ့မေမေ။ အမှတ်တရ သရက်ပင်၃ပင် ခြံစည်းရိုးမှာ စိုက်ခဲ့သေးတယ်တဲ့။ အခုတော့ အဲဒီအပင်က သရက်သီးလှိုင်လှိုင်သီးနေပါပြီ။
- နယ်စပ်ဒေသမှာ အလုပ်ဝင်ဖို့သွားတဲ့သမီးကို စိုးရိမ်ပူပန်တဲ့ မျက်ဝန်းနဲ့ လေဆိပ်လိုက်ပို့တဲ့မေမေ။ (တစ်ကယ်တော့ အဲဒီတုန်းက ကျွန်မအသက်နဲ့ယှဉ်ရင် မေမေ့တုန်းက ကလေးနှစ်ယောက်အမေ ဖြစ်နေပါပြီ။)
- တစ်နှစ်တစ်ခါတောင် အနိုင်နိုင်ပြန်မလာနိုင်တဲ့သမီးကို ပြန်လာတိုင်း တွေ့တုန်း ဘာစားချင်သလဲဆိုပြီး ချက်ရကျွေးရ မမောနိုင်တဲ့မေမေ။
- ရပ်ရေးရွာရေး မညည်းညူစတမ်း အကျိုးဆောင်တတ်လို့ အများကချစ်တဲ့မေမေ။ (တစ်ကယ်လဲ မေမေဆေးရုံတက်တော့ လာမေးသူ၊စောင့်ပေးသူတွေနဲ့တစ်ရုန်းရုန်းပါ။)
- နွမ်းပါးသူတွေကို ပေးကမ်းမျှဝေတတ်တဲ့ မေမေ။ ကျွန်မစွဲစွဲလမ်းလမ်းကြိုက်တဲ့ အကျှီုင်္ဟောင်းလေးတွေ ပါပါသွားလို့ စိတ်ဆိုးလိုက်ရတာ ခဏခဏ။
- သူများတွေ ၀ိုင်းပြီးစကားပြောရင် အနီးအနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်တဲ့မေမေ။ (စကားသံတွေစဲသွားရင် လန့်နိုးလာတတ်ပါတယ်။)
- မေမေ့ရဲ့ ဟာသနဲ့ ဖြူစင်တဲ့ရယ်မောသံတွေကို အားလုံးက ဝေးတိုင်းသတိရနေကြလေရဲ့။ တစ်နေရာရာခရီးသွားတိုင်း ပြန်မလာသေးဘူးလားလို့ ရပ်ဆွေရပ်မျိုးတွေက ဖုန်းဆက်ခေါ်ကြတဲ့အထိ။

ဆက်ရေးလို့ မဆုံးနိုင်အောင် မေမေ့ရဲ့ အမှတ်တရတွေက များလှပါတယ်။ မေမေ အသက်ကြီးလှပြီ။ သားတွေသမီးတွေက အနားမှာမနေနိုင်ပဲ တစ်မြေတစ်ရွာ ခပ်ဝေးဝေးမှာ။ မေမေ ၀မ်းနည်းနေလား။ ဆီးချိုရှိသူမို့ ကျန်းမာရေးအမြဲဂရုစိုက်ပါဦးနော်။ မေမေ့ကျေးဇူးတွေကို သမီးဘာမှ ဟုတ်တိပတ်တိ မဆပ်ရသေးသလိုဘဲ.... စုန်ရေရဲ့ပြယုဂ်မေမေ... ကျမ်းမာ ပျော်ရွှင် အသက်ရှည်ပါစေ..............


source: flikr
source: flikr
မိုးစက်ပွင့်