Thursday 27 January 2011

နေရစ်တော့ စံပယ်တင် (၂)


ကျမရဲ့ပါးက မှဲ့ကလေး ခွဲမဲ့နေ့ ၁၄ရက်နေ့ မတိုင်ခင်ကတည်းက အိမ်မှာ လူတွေတော်တော် စည်နေပါတယ်။ ကိုယ်ကြောက်တတ်မှန်းသိလို့ လာပြီး အားပေးကြတာပေါ့။  အဒေါ်၊ ယောင်းမ၊ အစ်မ၊ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်စရာကြီး။ နောက်ပြီး ကိုယ့်ရဲ့ အဖေါ်မွန် “သူ” ကလည်း ခွင့်တွေဘာတွေ ယူလို့။ (နို့မို့ဆို တသက်လုံး စကားနာထိုးတော့မှာ သိနေပုံပဲ)  အလည်အပတ် ခရီးထွက်နေတဲ့ အမေကို သတ်မှတ်ရက်ထက် စောစောပြန်လာဖို့ လှမ်းမှာတော့ အိမ်ရှင် ကျမမောင်လေးက ကျွဲမြီးတိုလိုက်သေးတယ်။ “ဆုးစူးသလောက်ကလေးကိုများ” တဲ့။  အင်း- သူ့ဖက်က ကြည့်တော့လည်း ဟုတ်တုတ်တုတ်ပါဘဲ။ ဆင်လဲ ဆင့်အထွာနဲ့ပေါ့။ ကျမ ငယ်ငယ်က ဆေးထိုးရမယ်ဆိုရင် သုံးလေးနာရီ ငိုနေတတ်တာ၊ ဆေးထိုးအပ်ကျိုးအောင် ရုန်းကန်ပစ်ခဲ့တာတွေ သူသတိရတော့မှာ မဟုတ်။ အိမ် ပြန်ချင်နေတဲ့ အမေကလည်း (ငိုချင်လျက် လက်တို့) ပါပဲ။  အမေ တောင်းဆိုလွန်းတော့ မောင်လေးက အလျှော့ပေးလိုက်ပုံပါဘဲ။ မခွဲမီ တရက်တလိုမှာ  ပြန်ရောက်လာပါတယ်။ ၁၄ရက်နေ့ မနက်မှာတော့ လူသိပ်များရင် မကောင်းတတ်တာမို့ အားလုံးမလိုက်ဖို့ တောင်းပန်ပြီး အမေ၊ ကိုသကောင့်သား၊ ညီမ နဲ့ ယောင်းမ တို့ အတူလိုက်ပါလျက် ဆေးရုံဆီ ချီတက်ခဲ့ပါတော့တယ်။ 

မနက် ၈နာရီ
တခုခု မလွဲရရင် မနေတတ်တဲ့ မိုးစက်ပွင့်တို့ ထုံးစံအတိုင်း  ဖြစ်ချင်တော့ (စာရင်းသွင်းသူရဲ့ ပေါ့ဆမှူကြောင့်) ခွဲစိတ်မဲ့ စာရင်းမှာ ကိုယ့်နာမည်က မပါလာဘူး ဖြစ်နေတယ် ။  နောက်တပါတ်တော့ ပြန်မစောင့်နိုင်ဘူးလေ။ ဆရာဝန်ကြီးကို တောင်းပန် အသိပေး လိုက်တော့ အရင်ဆုံး ခွဲပေးမယ်တဲ့။ အဟောဝတ ကောင်းလေစွ။ အဲဒီအချိန်အထိ ကြောက်စိတ်မ၀င်သေးဘူး။ တမင် ရယ်စရာတွေ ပြောလို့ ပေါ့ပေါ့ပါးပါး နေလိုက်တယ်။ ဘ၀တူ လူနာတွေက သူတို့ အတွေ့အကြုံတွေ ပြောပြနေတယ်။  ကိုယ့်ဘေးက ညိုညို၀၀ အမျိုးသမီးက ကလေးသုံးယောက်မွေးတာ ဗိုက်မနာပဲ တယောက်မွေးတိုင်း ငါးမိနစ်နဲ့ ပြီးသွားတယ် ဆိုလို့ အားကျအံ့သြ မိပါရဲ့။ သူက ရင်သားအဆီကျိတ်လာခွဲတာ။ ဘေးနားက အစ်မက ကျောက်ကပ်ကို စက်နဲ့ ခြေတဲ့အကြောင်း ပြောပြနေပြန်ရော။ ဆီးအိမ်မှာ တည်နေတဲ့ ကျောက်တွေ မှုန့်အောင် အချက် ၂၀၀၀ ကျော် ထုရသတဲ့။ 

၉နာရီ ၂၅ မိနစ်
လေတွေကန်နေတုန်း ကိုယ့်နာမည်ခေါ်လိုက်တော့ ကမန်းကတန်းပြေးသွားရတယ်။ အ၀တ်တွေကို ခွဲခန်းဝတ်စုံနဲ့ လဲရတယ်။ ခေါင်းစွပ်စွပ်ရတယ်။ ကပ်လျက်အခန်းထဲက ကုတင်ပေါ်ကို လှဲချလိုက်ရတော့မှ စိတ်တွေ လေးလံလာတော့တာ။ ဆေးဝန်ထမ်းတွေက တော်တော်လေး ဖေါ်ရွေကြပါတယ်။ အခန်းထဲမှာ အေးစိမ့်နေတော့ ဂွမ်းစောင်တထည် လာခြုံပေးတယ်။  “ထုံဆေး ထိုးဖူးတယ်” လို့ သူတို့မမေးခင် ကြိုပြောထားလိုက်တယ်။ တည့်မတည့် ဆေးစမ်းနေရင် ထပ်နာမှာစိုးလို့။ လွန်ခဲ့တဲ့ သုံးနှစ်က မျက်စေ့ကို ထုံဆေးသုံးပြီး ခွဲဖူးတယ်လေ။

Monday 10 January 2011

"Are you international?"



ကျမ ပထမဦးဆုံး အလုပ်ဝင်တဲ့အချိန်မှာ "Are you international?" ဆိုတဲ့ မေးခွန်းကို အမေးခံ ခဲ့ရပါတယ်။ မေးတဲ့သူက အိန္ဒိယနွယ်ဖွား အောက်စ်ဖို့ဒ် ကျောင်းထွက် အမျိုးသမီးဘော့စ် ဖြစ်ပြီး ဒီမေးခွန်းကို အလုပ်ဝင်ဖို့ နယ်စပ်မြို့ကလေး တခုကို သူနဲ့အတူ ခရီးထွက်နေစဉ် မေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက်က အခုထက် အများကြီး ငယ်လည်းငယ်၊ လုပ်ငန်း အတွေ့အကြုံကလည်းမရှိ၊ စိတ်ထက်ပုံရတဲ့ သူ့မကိုလည်း လန့်နေတဲ့အရှိန်နဲ့ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ      "I think so." လို့ ခပ်ဝါးဝါးဖြေခဲ့မိပါတယ်။ သူမကလည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဒီလိုနဲ့ ရည်ရွယ်ရာခရီးကို ရောက်တော့မှ အကျိုးအကြောင်း သိရပါတော့တယ်။ ကျမနေဖို့ ထိုင်ဖို့အတွက် စီစဉ်ထားတာက သူ့လက်ထောက် နိုင်ငံခြားသား အသက်ကြီးကြီးအရာရှိတယောက်နဲ့ အိမ်တလုံးတည်းမှာ အပေါ်ထပ် အောက်ထပ် ဖြစ်နေတာကိုး။ ကျမလဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အကြံထုတ် ရတော့တာပေါ့။ ချက်ချင်း ကောက် ငြင်းရင် ဘော့စ် စိတ်ကွက် သွားမှာစိုးလို့ ဖုတ်ပူမီးတိုက် သူများကို အခန်းရှာခိုင်းပြီး အဲဒီမှာဘဲ ကျမ နေချင်ပါတယ်ပေါ့။ အဲဒီတော့လည်း သူမက “အိုကေ” တခွန်းဘဲ ပြောပါတယ်။ ( ဒီတော့မှ ဘော့စ်ကို မလွန်ဆန်နိုင်လို့ အောင့်သက်သက် သဘောတူခဲ့ရတဲ့ ဟိုဘိုးတော်လည်း စိတ်သက်သာရာ ရသွားတယ်လို့ ကြားမိပါတယ်။) သူမဟာ မြန်မာ့ဓလေ့ကို မသိတာလား၊ သိပ်ပြီး westernize ဖြစ်လွန်းတာလား မသိတော့ပါ။

တကယ်တော့ ယောက်ျားလေး၊ မိန်းကလေး အဆောင်တခုတည်းမှာ နေကြတာဟာ သိပ်တော့ အဆန်းမဟုတ်ပါဘူး။ ကျမတို့ ၈တန်းစာမေးပွဲဖြေတုန်းကတောင် မိန်းကလေးတွေက အပေါ်ထပ်၊ ယောက်ျားလေးတွေက အောက်ထပ် တလလောက် စခန်းသွင်း စာကျက်ခဲ့ရတာဘဲ။ ရေချိုးခန်းသီးသန့်မရှိတဲ့အတွက် နည်းနည်းတော့ စိတ်ညစ်ခဲ့ကြရပါတယ်။ ဆရာ၊ ဆရာမ တွေက စည်းကမ်း တင်းကျပ်ထားတာမို့ မနှစ်မြို့စရာ ဘာသတင်းမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းတုန်းက ယောက်ျားလေး၊ မိန်းကလေး တွဲပြီး စာကျက်ဖို့ နေနေတာနဲ့ အလုပ်ခွင်ထဲမှာ အပေါ်ထပ် အောက်ထပ် နှစ်ဦးထဲနေတာက လုံးဝ မတူညီဘူး ဆိုတာ ကျမ နားလည်ထားပါတယ်။

what is international? ဆိုတာကို ပြန်တွေးကြည့်မိတော့လည်း ကျမကိုယ်တိုင် ခုချိန်ထိ ဂဂနန သေသေချာချာ မသိသေးပါဘူး။ ဒါနဲ့ဆက်စပ်ပြီး နှစ်သက်မှုမိတဲ့ ဆောင်ပုဒ်ကလေး တခုကတော့ “Think globally, act locally ” ဆိုတာပါဘဲ။ တဦးချင်းရဲ့ အတွေးအခေါ်တွေက ကျယ်ပြန့်ရမယ်၊ ခေတ်မီရမယ်၊ အပြုအမူတွေကတော့ ဒေသိယ ယဉ်ကျေးမှု ဘောင်ထဲကပဲ ဖြစ်ရမယ်လို့ ဆိုလိုချင်တာ ထင်ပါရဲ့။

ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်ကလေးတခုနဲ့ ယှဉ်ထိုးပြီး စဉ်းစားမိပြန်သည်။ အီရန်နိုင်ငံရဲ့ ဥပဒေအရ နိုင်ငံကူး လက်မှတ်လျှောက်ထားတဲ့ အမျိုးသမီးတွေဟာ (ဘယ်လူမျိုးဖြစ်ပစေ) ဆံပင်မပေါ်အောင် ဖုံးအုပ်ထားရမတဲ့၊ တိုးရစ်စ်မတွေကလည်း မျက်နှာနဲ့ ခြေချောင်းလက်ချောင်းကလွဲရင် လုံလုံအုပ်ထားရမတဲ့။ အီရန်အစိုးရက Think globally မဖြစ်ဘူးဘဲ ဆိုပါတော့။ သူ့နိုင်ငံထဲကို သွားကြမဲ့ ကျမအပါအ၀င် အမျိုးသမီးတစုကတော့ act locally မဖြစ်မနေ ဖြစ်ကြရပါတယ်။ ပတ်စ်ပို့လျှောက်တော့လည်း ခေါင်းစည်းကလေးနဲ့ အီရန်လေဆိပ်ကို ဆင်းခါနီးတော့လည်း အသီးသီး အသက အသက ပုဝါကလေးတွေ ခြုံစည်းလို့။ ရုရှားမတွေ အီတာလျံမတွေ၊ ဂျာမန်မတွေကလည်း တယောက် မျက်နှာ တယောက်ကြည့်လို့ ပြုံးစေ့စေ့နဲ့ပေါ့။ ရောမကို ရောက်တော့ ရောမလို ကျင့်ကြရပုံလေးပါ။ အဲဒီတုန်းက ကျမ အင်တာနေရှင်နယ်ပါရှင့် ဆိုပြီး အမျိုးသား တယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်မိလိုက်လို့ကတော့ မိနစ်ပိုင်းအတွင်း အချူပ်ထဲတန်းရောက်ပြီး “ဂွမ်း” သွားပေလိမ့်မယ်။

globalization နဲ့ ကမ္ဘာ့ရွာကြီး ဖြစ်လာတဲ့အခါမှာ global နဲ့ local ကြားကစည်းလေး ပိုပြီး “ပါး”လာ “၀ါး”လာ ပါတော့တယ်။ ဘယ်နေရာမှာ global, local လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အခရာကျပါတယ်။ လွဲသွားခဲ့ရင် ကြည့်မကောင်း မြင်မကောင်း ဖြစ်တော့တာပါဘဲ။ တလောက နိုင်ငံတကာ ညီလာခံကြီးတခုမှာ ပိုးပုဆိုး၊ ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ ပုဂ္ဂိုလ်ကြီးတွေကို မြင်တော့ ကျမတို့ ရယ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့သလိုပေါ့။ နောက်ပြီး တလောက documentary တခုရိုက်ကြတော့ အယူအဆ နှစ်မျိုးကွဲသွားပြန်သည်။ စီစဉ်သူက နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင် အဆင့်မီမီအင်္ဂလိပ် အသံထွက်ရအောင် တပင်တပန်း အထပ်ထပ် အခါခါ ပြောခိုင်းတော့ ပါဝင်တဲ့ မြန်မာလူမျိုးတွေမှာ ပညာတတ်တွေဖြစ်ပါလျက် ချွေးတဒီးဒီးထွက်။ စိတ်ကုန်၊ စိတ်ပျက်ရင်းက ညည်းတွားမိကြ။ တယောက်က ပြောလာသည်။ “ဒေသိယ အသံထွက်ကလေးပါမှ စိတ်ဝင်စားစရာ ကောင်းမှာပေါ့၊ အာဖရိကန် တွေဆိုရင် သူတို့အသံထွက်စတိုင်နဲ့ သူတို့ ဘယ်လောက် လှလိုက်သလဲ” တဲ့။ ကဲ- သူ့ရှုဒေါင့် သူ့အမြင် ကလည်း မှန်နေသလိုဘဲနော်။ ကျမတို့ကိုယ်တိုင် ရှမ်းသံဝဲ၀ဲ၊ မွန်သံဝဲ၀ဲကလေးတွေ ဗမာစကား ပြောကြတာ နားတောင်ရရင် နားဝင်ပီယံဖြစ်သလိုနေမှာပေါ့။



လူမှုဗေဒ ပညာရပ်ဟာ ကျယ်ပြန့်သလို၊ ဆွေးနွေးလို့ မကုန်နိုင်တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။ တွေးမိသလို ချရေးထားတဲ့ ဒီစာပုဒ်ကလေးကလည်း စီကာစဉ်ကာ logic ကျချင်မှ ကျပေလိမ့်မည်။ ခြုံငုံသုံးသပ်ရရင် ဘယ်နေရာကိုဘဲရောက်ရောက် သူ့ဓလေ့ထုံးစံနဲ့ ဖီလာကန့်လန့်မဖြစ်အောင် နေထိုင်တတ်မှသာ international ဖြစ်တယ်လို့ ပြောရင် မှန်မလား။ ဒါ့အပြင် international ဆိုတာ multi-culture ဖြစ်တာမို့ westernization နဲ့ တထပ်တည်း ကျတယ်လို့ မယူဆစေချင်ကြောင်း ကျမက အဆိုပြုခဲ့ရင် စာဖတ်သူတွေ ဘယ်လိုသဘောထားမလဲ သိချင်စမ်းပါဘိတော့တယ်။

မိုးစက်ပွင့်

(photo credit: fotosearch.com)

Tuesday 4 January 2011

နေရစ်တော့ စံပယ်တင်


သူမ မွေးစကတည်းက ပါးပြင်အစပ် နှုတ်ခမ်းထောင့်မှာ မှဲ့နက်သေးသေးလေး တလုံးပါလာခဲ့သည်။ နှမ်းစေ့အရွယ်လောက်ရှိပြီး စက္ကူတရွက်စာ အထူလောက်တော့ အသားပေါ်မှာ ကြွနေမည်ထင်သည်။ ကျောင်းစတက်တော့ အတန်းပိုင် ဆရာမက သူမကို “မှဲ့စံပယ်”လို့ ချစ်စနိုးခေါ်သည်။ ဆွေမျိုးတွေက နှုတ်ခမ်းဖျားမှာ မှဲ့ကလေးရှိတာမို့ “အစားကောင်းကောင်း ကြိုက်မဲ့ကလေး” လို့ ထောပနာ ပြုကြသည်။

မှဲ့ကလေးက သူမအသက်အရွယ်နဲ့အမျှ ကြီး ကြီးလာသည်။ မှန်ကြည့်တိုင်း မှဲ့ကလေးကို ဂရုတစိုက် ကြည့်မိသည်။ လူတွေက သူမကို မှဲ့ကလေးနဲ့ တွဲသိနေကြတာမို့ ကိုယ်ပိုင် trademark ဖြစ်နေသည်ကိုး။ ဆယ်နှစ်သမီးအရွယ်လောက်မှာ အဖိုးလေး ၀မ်းကွဲ တော်သူတယောက်က “ မိန်းကလေးဆိုတာ ပြစ်မျိုးမှဲ့ မထင်ရဘူး၊ ဆူးနဲ့ထွင်ပစ်လိုက် ”တဲ့။ တော်တော် အယူသည်းတဲ့ ဘကြီး။ တကယ်တော့ သူက တချိန်တခါမှာ အာဏာစက် ပြင်းခဲ့တဲ့ သူကြီးဟောင်းပါ။ သူ့ရွာမှာ မူးယစ် ရမ်းကားသူမရှိ။ အုတ်လမ်းပေါ် ခုံဖိနပ်သံကျယ်ကျယ်မလျှောက်ရ။ သီချင်း အော်မဆိုရ။ မိန်းကလေးတွေ လက်ပြတ်အကျီင်္ မ၀တ်ရ၊ အော်ကြီးဟစ်ကျယ်မရယ်ရ။ အဲလို ကန့်သတ်တတ်သူ ဆိုတော့ စဉ်းစားကြည့်ပါတော့။ သူမကတော့ မှဲ့ဟာ မွေးရာပါ အပြစ်တခုအနေနဲ့ ပြောတာ လက်မခံနိုင်ပါ။ ဒီဘကြီးနဲ့ နောင်မတွေ့အောင် ရှောင်နေလိုက်ရုံသာ။ သူငယ်ချင်းတွေထဲက မှဲ့ဖျက်နည်း ဆေးမြီးတို ညွှန်းကြတဲ့အခါတိုင်း “ဟင့်အင်း- ဒီမှဲ့ကို မဖျက်ပါဘူး” လို့ ပြန်ပြောနေကျ။ တချို့သူငယ်ချင်းတွေကကျတော့လည်း ရယ်ရတယ်။ “မဖျက်လိုက်နဲ့နော်။ မှဲ့မရှိရင် နင့်ကိုမခင်တော့ဘူး” တဲ့။

မှတ်ပုံတင်လုပ်တော့ မှဲ့ကလေးက သူမရဲ့ “ထင်ရှားသည့်အမှတ်အသား” ဖြစ်လာသည်။ ကိုယ့်ရဲ့ တရားဝင်ရပ်တည်မှုနဲ့ ဆက်စပ်နေတဲ့ ဒီအစိတ်အပိုင်းကလေးကို ခွဲခွာပစ်လိုက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။

သူမတက္ကသိုလ်တက်တော့ မှဲ့ကလေးက ပဲစေ့သေးသေးလေးလောက် ဖြစ်လာပြီး အသားပေါ်မှာ ခုံးထလာသည်။ အမွေးကလေးနှစ်ပင် သုံးပင် ပေါက်လာသည်။ ဒီအတိုင်း ထားလိုက်တာပါပဲ။ အမွေးကလေးတွေက ကွေးညွှတ်ပြီး နှုတ်ခမ်းစပ်အထိ လာလာထိနေကြတော့ သတိရတဲ့အခါ နည်းနည်း တိပေးလိုက်သည်။ ခင်တဲ့ ကျူတာမမ မသန္တာက “ညီမလေး မှဲ့က အမွေးလေးတွေက ကြောင်ကလေးနဲ့ တူစေတယ်။ ညှပ်ပစ်လိုက်နော် ” တဲ့။ စေတနာနဲ့ ပြောလာတယ်လို့ ခံစားမိလို့ ပိုပြီး တိုတိုတိတိ ညှပ်လိုက်ပေမဲ့ အရင်းနား ထိတော့ ကပ်ပြီးမညှပ်ရဲ။ မတော်ရင် မှဲ့ကလေးကို ထိခိုက်ပြီး သွေးထွက်သွားနိုင်လို့ ပါ။

အရွယ်လေးရလာတော့ ဗဟုသုတလေးတွေနဲ့ “မှဲ့ကင်ဆာ” ဆိုတာ ကြားဖူးလာသည်။ အသိမိတ်ဆွေ ဆရာဝန်တွေက ဂရုတစိုက် မေးဖူးသည်။ ကြီးလာသလား၊ ယားသလား၊ နာသလား၊ သွေးထွက်တတ်သလား ပေါ့လေ။ သူ့ရဲ့ အရွယ်ကြီး လာတာတော့ အမှန်ပါပဲ။ ကျန်တဲ့ ခံစားမှုတွေကတော့ မဖြစ်ပါဘူးပေါ့။ ကိုယ့်ရဲ့ အမှတ်အသားလေးမို့ တတ်နိုင်သမျှ ဖက်တွယ် ထားချင်နေသည်။ ရုပ်ဆိုးလောက်အောင် ကြီးနေတာလည်းမဟုတ်လို့ ဖျက်မပစ်ချင်တာပါ။

ရေဒီယိုက “ကျမရဲ့ပါးပြင် xxx ထင်ရှားတဲ့စံပယ်တင် xxx ယဉ်ပါသော်ကောရှင့်”   ဆိုတဲ့သီချင်းကိုကြားရင် သဘောကိုကျလို့။ စင်ဒီကရောဖို့ပါးက မှဲ့ရော၊ မို့မို့မြင့်အောင်နဲ့ ထွန်းအိန္ဒြာဗိုရဲ့ မေးဖျားကမှဲ့တွေရော အမျိုးစပ်ပစ်လိုက်မိသေးတယ်။ နောက်ပြီး မှဲ့အဟောကျမ်းတွေကို တွေ့ရင်လည်း ကိုယ့်မှဲ့နေရာကိုရှာပြီး ရှေ့ဖြစ်နောက်ဖြစ် ဖတ်မိပါသေးရဲ့။

မှတ်မှတ်ရရ တခါက သူတို့ဖာသာ စိတ်ကူးဖဲရိုက်နေတဲ့ ယောကျာ်းလေးရှင်မိဘအသိုင်းအ၀ိုင်းက သူမရဲ့ ဒီမှဲ့ကို မျက်ရည်စီးဆင်းရာ လမ်းကြောင်းမှာ ရှိသမို့ “မျက်ရည်ခံမှဲ့” တဲ့လေ။ မုဆိုးမ ဖြစ်တတ်တယ်တဲ့။ သူတို့သားကို “ခိုက်”မှာ စိုးသတဲ့။ ဒီလို အယူသည်းမှုမျိုးကို သူမကတော့ ရယ်နေလိုက်ပါတယ်။ ဒါဆို မုဆိုးမတိုင်း မျက်ရည်ခံမှဲ့ ရှိကြလို့လား လို့ ပြန်မေးလိုက် ချင်ပါရဲ့။ ဒီကိစ္စကြောင့် ထူးထူးခြားခြား စိတ်မပျက်ခဲ့မိပါဘူး။
-----------------------------------------

ဒီလပိုင်းတွေအတွင်း ယောက္ခမ မေမေက အသည်းကင်ဆာ ဝေဒနာသည် ဖြစ်လာတော့ သူမအနေနဲ့ ဆေးရုံ ဆေးခန်း ဆရာဝန်တွေနဲ့ လွန်းပျံယာဉ်လို ကူးချည်သန်းချည် ကောင်းကောင်း ထိတွေ့ဆက်ဆံရတော့တာ။ ကင်ဆာ၊ ကင်ဆာ၊ ကင်ဆာ။ ကင်ဆာနဲ့ ရင်ဆိုင် တိုက်ပွဲဟာ အထိအခိုက် အဆုံးအရှုံးများသလောက် အနိုင်ရဖို့ တော်တော်ခက်ခဲမှန်း သိလိုက်ရပါတယ်။ အို ကြောက်လိုက်တာကွယ်။

မေမေ့ကို ပုံမှန်ကြည့်ပေးနေတဲ့ ဆရာကြီးက ခွဲစိတ်နဲ့ ကင်ဆာ ပါရဂူ တဲ့။ ထူးထူးခြားခြား ပါရဂူဘွဲ့နှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူ။ မောက်မာခြင်းကင်းပြီး တည်ကြည်အေးဆေးတဲ့သူ။ တရက်မှာတော့ သူမကိုစိုက်ကြည့်ပြီး သူက မထင်မှတ်တဲ့ စကားတခုကို ပြောလိုက်သည်။ “သမီးရဲ့ပါးက မှဲ့အရောင် ( pigmentation ) ရင့်လွန်းတယ်၊ ဆရာ တွေ့စထဲက သတိထားမိနေတာ၊ စိတ်ချရအောင် ခွဲထုတ်လိုက်ပါလား၊ ပြီးမှ biopsy ယူလိုက်” တဲ့။ စကားအပိုမပြောတတ်တဲ့ သူတယောက်မို့ အလေးအနက်ထားပြောတာ သေချာပါတယ်။ သူမ စိတ်ပူပင်ခဲ့ရပါပြီ။ ကင်ဆာဆိုတာ တိတ်တိတ်ကလေး ပုန်းရာကနေ ပေါ်လာတတ်တာမျိုးဆိုတာ လက်တွေ့ သိပြီးတဲ့နောက်မှာတော့ မပေါ့ဆရဲတော့ပြီ။

စားစားသွားသွား ဒီစိတ်က ဖိစီးလို့နေသည်။ ပါးဆိုရင် ဦးနှောက်နဲ့ နီးတာမို့ ဖြစ်ရင် မြန်မြန်ကိစ္စပြတ်မှာဘဲ လို့လည်း ထင်သည်။ အင်တာနက်မှာ ရှာကြည့်သည်။ နေဦး- ဘာ keyword နဲ့ရှာရပါ့။ mole cancer/cancerous mole/ dangerous mole စသဖြင့်ရှာမိသည်. တွေ့တဲ့ဆောင်းပါးတွေက သိပ်နည်းလွန်းသည်။ နောက်ပြီး နေရောင်ခြည် ခံတာများလို့ အရေပြားကင်ဆာ ဖြစ်လာတာနဲ့ပဲ ဆက်စပ်ရေးထားကြတာ တွေ့ရသည်။ မွေးရာပါမှဲ့အကြောင်း သိပ်မတွေ့မိ။

ပါးပြင်မှာမဟုတ်ဘဲ တခြား ခြေတို့ လက်တို့ ကျောတို့သာဆိုရင် ခွဲစိတ်ဖို့ကို ဒီလောက် စဉ်းစားမိမှာ မဟုတ်ဘူးလို့ ထင်သည်။ ငါ့အမှတ်အသား ပျောက်သွားရင် ငါဟာ ငါမဟုတ်တော့ဘူးပေါ့လို့ ခပ်ပေါပေါ တွေးမိသေးသည်။ surgeon တွေ ဓါးသိပ်ထက်သည်။ ဓါးသိပ်စမ်းချင်သည်။ လူတွေ့ရင် ရောဂါနည်းနည်းတွေ့ရင် ခွဲချင် စိတ်ချင် ဖြတ်ချင် တောက်ချင်တာ အလွန်ဘဲ ဆိုတဲ့ ကြားဖူးနားဝတွေကို သတိရပြီး ဒီတိုင်းထားလိုက်ရမလား လို့လည်းစဉ်းစားမိသေးသည်။ တဖက်ကလည်း မိုးမပြိုဘူး ပြိုခဲ့သော် ဆိုတဲ့အတွေးက ချောက်လှန့်နေသည်။

ဒီလိုနဲ့ ညတော်တော်များများ အိပ်မပျော်နိုင် တလူးလူး တလွန့်လွန့်နဲ့ အချိန်တွေကုန်ခဲ့ရပြန်သည်။ အိပ်ပျော် သွားပြီးတဲ့နောက်မှာလည်း နောက်ဆက်တွဲ အိမ်မက်ဆိုးတွေက နှိပ်စက်လာပြန်တယ်။ သူမပါးမှာ ကြက်ဥလောက် အပေါက်ကြီးဖြစ်သွားလို့ တဲ့။ ခက်ပြီ။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရတော့မယ် ထင်ပါရဲ့။

--------------------------------------

မိုးလင်းလင်းချင်း လုပ်နေကျအတိုင်း မှန်တင်ခုံက မှန်ကိုကြည့်မိသည်။
အို- ဘာပဲဖြစ်ဖြစ် ခွဲပစ်လိုက်တာပဲ ကောင်းပါတယ်။ သူလဲ အူအတက်လိုဘဲ အပိုပစ္စည်းတခုဘဲလေ။ မြင်နေကျမှဲ့ကလေးက ခါတိုင်းလို ကိုယ့်စိတ်မှာ နှစ်သက်စရာကောင်းမနေဘဲ အကြမ်းဖက်သမားလက်ထဲက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတလုံးလို မြင်နေမိသည်။ သြော်- လူ့စိတ်များ ပြောင်းလဲတတ်ပုံ။

ဘာပဲပြောပြော လူသာမာန်တွေဟာ ကိုယ့်အသက်ကိုတော့ ကိုယ် အခင်တွယ်ဆုံးဘဲ မဟုတ်လား။

မိုးစက်ပွင့်

( လောလောဆယ် ဇန်န၀ါရီ ၁၄ရက်နေ့ ရက်ချိန်းယူထားပါတယ်၊ ခွဲပြီးရင် အတွေ့အကြုံလေးကို နောက်ဆက်တွဲ တင်ပါဦးမယ်)