Wednesday 25 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )-၄ ( ဇာတ်သိမ်း)

လွတ်မြောက်ခြင်း နဲ့ အမှန်တရားရှာပုံတော်

အကျဉ်းစခန်းမှာ ခြောက်နှစ်ကျော်လာလာတဲ့  ၁၉၇၁ခုနှစ် နှောင်းပိုင်းမှာ ပြောင်းလဲမှုတချို့ကို ကြုံရပါတယ်။  ပထမဦးဆုံးကတော့ အကျဉ်းသားတိုင်း မဖတ်မနေရ ပြဌာန်းထားတဲ့ မော်စီတုံးမှတ်စုစာအုပ်တိုလေးကို  အားလုံးဆီက လာသိမ်းသွားပြီး ရှေ့ဆုံး မိတ်ဆက်စာမျက်နှာကို ဆုတ်ဖြဲပြီးမှ ပြန်ပေးခဲ့တာပါဘဲ။  သူမ ဆက်စပ်စဉ်းစားနေပါတယ်။   ဒီစာမျက်နှာကို ရေးသားသူက မော်ရဲ့ ညာလက်ရုံးလို့ ခေါ်နိုင်တဲ့ ကာကွယ်ရေးအကြီးအကဲ “လင်ပြောင်“ ပါ။  မော်ရဲ့ ဟိမ၀န္တာ ချီးကျူးခန်းတွေ ဖွင့်ထားတဲ့ ဒီစာမျက်နှာကို ဘာကြောင့် ဆုတ်ပစ်ရပါသလဲ။    မကြာခင်ပဲ သတင်းစာတွေမှာ  လင်ပြောင်ရဲ့ ပုံတွေကို မဖေါ်ပြတော့ပါဘူး။  ဆောင်းပါးတွေက အမည်မဖေါ်ပြပေမဲ့ “အရင်းနှီးဆုံး သစ္စာဖောက်” တွေရဲ့ အကြောင်းကို ရေးသားလာကြပါတယ်။  ၁၉၇၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့  အမျိုးသားနေ့မှာ ခါတိုင်းလို တီယန်အန်မင် ရင်ပြင်မှာ ချီတက်ပွဲ၊ ကြွေးကြော်ပွဲတွေ ကျင်းပမနေဘဲ  သတင်းစာမှာ မော်ရဲ့ ဓါတ်ပုံတပုံကိုသာ ရိုးရိုးစင်းစင်း ဖေါ်ပြခဲ့ပါတယ်။

ခါတိုင်းကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ့ရှိတဲ့ အစောင့်တွေရဲ့လေသံကလည်း မပျော့ပြောင်းပေမဲ့ ပုံမှန်အခြေအနေနဲ့ ပြောဆိုတတ်လာပါတယ်။   တရုတ်ပြည်သူတွေက သူတို့လို ၀န်ထမ်းမျိုးကို  ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ “ပုတ်သင်ညိုတွေ” လို့ ခေါ်ကြပါတယ်။  ပါတီကချပေးတဲ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း ပြုမူနေထိုင်တတ်ကြလို့ပါ။   သူမက  ဆောင်းရာသီအတွက် အိပ်ယာခင်းနဲ့ အနွေးထည် လဲလှယ်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။  ခြောက်နှစ်ကြာခဲ့ပြီမို့ သူမရဲ့ အိပ်ယာခင်းနဲ့ အနွေးထည်တွေက အပေါက်ဗရပွဖြစ်နေပါပြီ။  ခေါင်းအုံးစွပ်ကလည်း လက်က အနာစည်းဖို့ ဆုတ်ဖြဲအသုံးပြုထားတာမို့ တ၀က်သာ ရှိပါတော့တယ်။  ထောင်ကျစဉ်က သူမထံကသိမ်းဆည်းထားတဲ့ ငွေကြေးအချို့ရှိသည်မို့  အဲဒီအထဲက ၀ယ်ခွင့်ပြုဖို့  တောင်းဆိုပါတယ်။  သူတို့က စဉ်းစားပေးမယ် တဲ့။

ရက်အနည်းငယ်အတွင်း  သူမဆီကို  အထုပ်တထုပ်ရောက်လာပါတယ်။  ပုံမှန်အားဖြင့် လစဉ် ထောင်ဝင်စာပို့တဲ့  ၅ရက်နေ့တိုင်း သမီးငယ်ကို မျှော်ရင်း ကြေကွဲနေကျ ဖြစ်ပါတယ်။  ဒါပေမဲ့  ပါတီဝင် သမီးငယ်ဟာ သစ္စာဖောက်လို့ စွပ်စွဲခံရတဲ့ မိခင်ကို လာမတွေ့ရဲတာဖြစ်မှာပါ လို့ သူမ ဖြေသိမ့်ပါတယ်။  နောက်ပြီး ဒီအကျဉ်းထောင်မြေကို သမီးလို နုနယ်တဲ့မိန်းကလေးတယောက် ခြေမချဖြစ်တာဟာ ကောင်းတဲ့အရာဘဲလို့  စဉ်းစားရင်း   နေသားတကျ ဖြစ်လာခဲ့ဘူးပါတယ်။   အထုပ်ကို ဖြေလိုက်ချိန်မှာတော့ သူမရင်ထဲကို သံသယအတွေးတွေ တလိပ်လိပ် ၀င်ရောက်လာစေခဲ့ပါတယ်။   သမီးရဲ့ အနွေးထည်နဲ့ မျက်နှာသုတ်ပုဝါက လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း မပြောင်းမလဲ အသစ်စက်စက်။  ရေနွေးမတ်ခွက်ရဲ့ အနားစွန်းတွေက အညိုရစ်တွေသန်းလို့ လက်ဖက်ခြောက်ဖတ်လေးအစအနတွေပင် ခွက်အောက်ခြေမှာ ကပ်လို့ - တခါမှ မဆေးကြောဘဲပစ်ထားတဲ့အသွင် ။  ဒါဆိုရင် သမီးလေး ဒီလောကမှာ သက်ရှိထင်ရှား ရှိမှ ရှိပါသေးရဲ့လား။ သူမက  အထုပ်လာပို့တဲ့ အစောင့်ကို   သမီးရဲ့ ကံကြမ္မာနဲ့ ပါတ်သက်ပြီး အဆက်မပြတ် မေးခွန်းထုတ်ပါတယ်။  ဒါပေမဲ့ မသိပါ၊ မမြင်ပါ ဆိုတဲ့အဖြေကိုသာ ရရှိခဲ့ပါတယ်။  ပြီးတော့ အခန်းထဲက အမြန်ထွက်သွားပါတယ်။  နောက်ထပ်  ဖြတ်သွားသမျှ အစောင့်ကို ခေါ်ပေမဲ့ ဘယ်သူမှ မလာတော့ပါဘူး။

သမီးအတွက် စိုးရိမ်စိတ်နဲ့ မအိပ်နိုင်မစားနိုင်ဖြစ်ပြီး  နောက်တကြိမ် အကြီးအကျယ် ဖျားပါတယ်။  သမီးဆီက စာတစောင်စောင် ယူလာပေးနိုင်မလားလို့  သူမက တောင်းဆိုပေမဲ့  စည်းကမ်းနဲ့မကိုက်ညီဘူးဆိုပြီး ပယ်ချ ခံရပါတယ်။  သူမက နောက်ဆုံး ဘုရားထံဆုတောင်းရင်းသာ စိတ်ကို ဖြေသိမ့်ရပါတယ်။  သမီးသာမရှိခဲ့ရင် သူမဘ၀က အဓိပ္မါယ်မဲ့နေတော့မှာပါ။  ဒါပေမဲ့ ဆက်လက်ရှင်သန်ဖို့ကို ဆုံးဖြတ်ထားတဲ့အတိုင်း   ပင်ပန်းတကြီး ကြိုးပမ်းအားထုတ်နေရပါတယ်။

----------------------------------------

၁၉၇၂ ဖေဖေါ်ဝါရီလမှာ သမ္မတ နစ်ဆင် တရုတ်ပြည်ကို လာလည်ပါတယ်။  မော်စီတုံးနဲ့ ပြုံးပြုံးရွှင်ရွှင်လက်ဆွဲ နှုတ်ဆက်ပါတယ်။   မော်စီတုံးရဲ့ အိမ်မှာ ညစာတည်ခင်းပါတယ်။  သမ္မတမပြန်ခင်မှာ ပူးတွဲကြေငြာချက်တစောင်ထုတ်ပါတယ်။   အမေရိကန်က တရုတ်ပြည်နဲ့ တိုင်ပေဟာ တနိုင်ငံတည်း ဖြစ်ကြောင်း အသိအမှတ်ပြုတဲ့အချက်ပါဝင်ပါတယ်။  ဘေကျင်းနဲ့ ရှန်ဟိုင်း ခရီးတလျှောက်လုံးကို  လိုက်ပါရသူက ၀န်ကြီးချူပ် ချူအင်လိုင်း ဖြစ်ပြီး သူ့ရဲ့ သံတမာန်စွမ်းရည်တွေကို အားလုံးက လေးစား အသိအမှတ်ပြုခဲ့ရပါတယ်။

------------------------------------------

အကျဉ်းထောင်ဝန်ထမ်းတွေဟာ အရင်လို စက်ရုပ်ဆန်ဆန် မဟုတ်ကြတော့ပါဘူး။  အသားဟငိးတွေလည်း ပုံမှန်ကျွေးမွေးလာပါတယ်။  ဒါပေမဲ့ စိတ်ဖိစီးမှုကြောင့် သူမရဲ့ ကျမ်းမာရေးက ပိုလို့သာ ဆိုးလာခဲ့ပါတယ်။  သွေးတွေ အဆက်မပြတ်ဆင်းတဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတဲ့အခါ “သားအိမ်ကင်ဆာ“ လို့ ပြောပါတယ်။   စမ်းသပ်စစ်ဆေးမှုတွေက စေ့စေ့စပ်စပ်မရှိတဲ့အပြင် ဆရာဝန်ကလည်း မည်ကာမတ္တ ဖြစ်တဲ့အတွက် ရောဂါစွဲဆိုချက်ကို သူမကတော့ သိပ်အယုံအကြည် မရှိပါဘူး။  အစောင့်တွေကတော့ သူမကို သနားသလိုအကြည့်တွေနဲ့ မကြာခဏ ကြည့်ကြပါတယ်။

၁၉၇၃ခုနှစ် မတ်လ ၂၇ရက်နေ့မှာတော့ အကျဉ်းတံခါးကို အစောင့်တယောက်က လာဖွင့်ပါတယ်။
“အထုပ်ပြင်ပါ”
“ဘာဖြစ်လို့လဲ“
“ အထုပ်ယူပြီးတော့သာ ထွက်ခဲ့ပါ“
သူမ သိလိုက်ပါပြီ။  နောက်ဆုံးတော့ ရှားပါးတဲ့ တရားမျှတမှုကို ရခဲ့ပြီ။  ခြောက်နှစ်ကျော် “အိမ်“ ဖြစ်ခဲ့ရတဲ့ အခန်းကျဉ်းလေးကို နောက်ဆုံးကြည့်လိုက်သည်။  အေးစက်တဲ့ သံလက်ထိပ်နဲ့  စိတ်သောက ရောက်စရာအဖြစ်တွေက အသစ်တဖန် ရင်ထဲကို ပြန်ရောက်လာသည်။
“မြန်မြန်ထွက်ခဲ့ပါ၊ အဲဒီအခန်းထဲမှာ ဒီလောက် နေပြီးလို့ မ၀သေးဘူးလား“  အစောင့်က လောဆော်သည်။
သူမ ဆရာဝန်နဲ့ ထပ်တွေ့ရပါသည်။   လိုအပ်သောဆေးတွေကို ပေးပြီး အပြင်က ဆရာဝန်နဲ့ ဆက်ပြပါ တဲ့။
” ကျေးဇူးတင်ပါတယ်”
“ခင်ဗျား မကြာခင်လွတ်တော့မယ်၊  ၀မ်းမသာဘူးလား”
“ အပြစ်မရှိတဲ့ လူတယောက်အတွက် ခြောက်နှစ်ခွဲ ထောင်ထဲမှာနေရတာဟာ ၀မ်းသာတဲ့လွတ်မြောက်မှု မဖြစ်နိုင်ပါဘူး ဒေါက်တာ“
ဆရာဝန်က မကြားဟန်ပြုပြီး ဆက်ပြောသည်။
“ခင်ဗျားအတွက် တခုတော့ အကြံပေးလိုက်ချင်တယ်။   လူတိုင်းခင်ဗျားလို ကံမကောင်းကြဘူး။  ပြောရမယ်ဆိုရင် အကျဉ်းသားထဲမှာ ခင်ဗျားလောက် ခေါင်းမာပြီး စောဒက သန်တဲ့သူမရှိဘူး။ ဒါပေမဲ့ အပြင်ရောက်သွားရင် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါ။  ရှန်ဟိုင်းဟာ တော်လှန်ရေးမတိုင်ခင်က ရှန်ဟိုင်းမဟုတ်တော့ဘူး။   ခင်ဗျား ဒီကို နောက်တခေါက်ပြန်ရောက်ချင်လိမ့်မယ် မဟုတ်ပါဘူး”
ခဏနေတော့ သူ ထွက်သွားပါသည်။

-------------------------------------

ထွက်ခါနီးမှာ သူမရဲ့အထုပိကို စေ့စေ့စပ်စပ် ရှာဖွေကြသည်။  နောက်ပြီး ရုံးခန်းထဲကိုခေါ်ကာ သုံးသပ်ချက်တစောင်ကို ဖတ်ပြသည်။
“ ..........................   အဆိုပါ အမည်ရှိ ပုဂ္ဂိုလ်သည်  တိုင်းပြည်တွင်းမှ ဆန်ခွဲတမ်းကို ပြည်ပသို့ဆက်သွယ်ပေးပို့မှုနှင့် လျှူရှောက်ချီအား ထောက်ခံပြောဆိုမှုတို့အတွက် အပြစ်ဒဏ် ခြောက်နှစ်ခွဲကို ကျခံပြီး ယခုအခါ အပြုအမူများ တိုးတက်ကောင်းမွန်လာသည့်အတွက် လွတ်မြောက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်”.............
သူမက သူတို့ကို ဒေါသဖြင့် စိုက်ကြည့်လိုက်သည်။
“ကျမ ဒီသုံးသပ်ချက်ကို လက်မခံနိုင်ဘူး။  အရင်ပြောခဲ့သလိုဘဲ တနိုင်ငံလုံးသိတဲ့ ဆန်ခွဲတမ်းကို အသစ်ရောက်လာမဲ့ ၀န်ထမ်းကို အသိပေးတာ သက်သက်ဘဲ။  နောက်တခုကလဲ စွပ်စွဲချက် သက်သက်ပဲ။  ဒီသုံးသပ်ချက်ကို ကျမရဲ့ ကိုယ်ရေးရာဇ၀င်ထဲ အပါမခံနိုင်ဘူး။  ဒီလိုမျိုးနဲ့တော့ ထွက်မသွားနိုင်ပါဘူး။ ဒီလိုသာဆိုရင်တော့ ကျမ အကျဉ်းထောင်ထဲမှာဘဲ ပြန်နေမယ်”
ရုံးခန်းထဲက လူကြီးတွေ အကြပ်ရိုက်သွားပါသည်။ 
 
“ထောင်တဲကထွက်ဖို့ ငြင်းဆန်တဲ့ အကျဉ်းသားမျိုး တခါမှ မတွေ့ဖူးဘူး။   ခင်ဗျား အခုပြောတာတွေကို  အထက်ကို တင်ပြပေးမယ်။  အခုတော့ ဒီကနေ ထွက်သွားပါ။  ဒီအကျဉ်းစခန်းက လူအိုရုံမဟုတ်ဘူး”
“ ကျမမှာ အပြစ်မရှိလို့ လွှတ်တာပါလို့ စာရေးပြီး ပြင်ပေးမှ ထွက်သွားပါမယ်”
“ခင်ဗျားတော်တော် ပြောရခက်ပါလား။  အပြင်မှာ ခင်ဗျားမိသားစု စောင့်နေတယ်”
မိသားစု။  မိသားစုဆိုတာ သမီးကိုပြောတာလား။  သမီးလေး မေပင်း အပြင်မှာ စောင့်နေတယ်ပေါ့။  တွေ့ချင်လိုက်တာ ၊ တွေ့ချင်လိုက်တာကွယ်။ ချက်ချင်းပင် အမျိုးသမီးအစောင့်နှစ်ယောက် ရောက်လာပြီး သူမကို ချိုင်းတဖက်စီက မပြီး အပြင်ကို ဆွဲထုတ်သွားတော့သည်။

အပြင်မှာ အပြာရောင် တက္ကစီကလေးတစီးရပ်ထားပြိး မိန်းမပျိုကလေးတယောက် ရပ်နေတာ တွေ့ရသည်။ သူမ အသေအချာကြည့်လိုက်တော့ ဒီမိန်းကလေး အရပ်က သမီးကလေး မေပင်းလောက် မမြင့်မားပါ။  သမီးလိုချစ်ရတဲ့ မိန်းကလေး   “ဟီယန်” ဆိုတာ သိလိုက်ရတော့သည်။

------------------------------

ဟီယန်က သူမကို တင်းတင်းဖက်ထားသည်။
“မေပင်းရော ဟင်၊ မေပင်း ဘယ်မှာလဲ”
ပြောလာမဲ့ အဖြေကို မကြားရဲပေမဲ့ အားတင်းပြီး မေးလိုက်သည်။ ဟီယန်က မဖြေဘဲ ပိုပြီး တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။  ကားပေါ်မှာလည်း နှစ်ဦးသား တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာကြသည်။ ကားက အုတ်တံတိုင်းကာရံပြီး ကျဉ်းမြောင်းမည်းမှောင်သော သစ်သားဂိတ်ဝ တခုရှေ့မှာ ရပ်လိုက်သည်။ အာဏာပိုင်တွေက သူမကို အစားပေးသည့်အိမ်ဟု ဟီယန်က ဆိုသည်။  သပ်ယပ်သန့်ရှင်းမှုအားနည်းသော အခန်းနှစ်ခန်းပါ အိမ်ခန်းတွဲဖြစ်သည်။   အောက်ထပ်ကိုတော့ အခြားမိသားစုတစုက လာနေမည်။  မူလ လူဦးရေ ၄သန်းမှ ယခု ၁၀သန်းအထိ ထူထပ်လာသော ရှန်ဟိုင်းမြို့တွင် အစိုးရက မိသားစုများကို အိမ်တအိမ်တည်းတွင် စုပေါင်းနေထိုင်စေခြင်းဖြစ်သည်။

အသက်ကြီးကြီး အဒေါ်ကြီးတယောက်ကို ဟီယန်က ငှားရမ်းပေးထားသည်။  သူမရဲ့ ကျမ်းမာရေးကြောင့် ခွင့်ပြုခြင်းဖြစ်သည်။  သူမ ပိုင်ဆိုင်မှုအားလုံးအနက်မှ ယွမ် ၅၀၀၀ကို အသုံးစရိတ် ပြန်ချပေးထားသည်- တဲ့။

ဟီယန်ဆီမှ ကြားရသည်က စစ်ဦးစီးလင်ပြောင်သည် အခြေအနေမလှသည့်အတွက် ရုရှကိုထွက်ပြေးရာမှ လေယာဉ်ပျက်ကျပြီး သေဆုံးသွားသည် -တဲ့။  လက်ရှိတွင် ၀န်ကြီးချူပ်ချူအင်လိုင်းက  မော်ပြီးလျှင် နံပါတ်၂ ဖြစ်နေသည် -တဲ့။ ဒါကြောင့်လည်း အခြေအနေအရပ်ရပ် တိုးတက်လာပြီး သူမပင် လွတ်မြောက်လာသည် မဟုတ်လား။
“ကဲ - တို့တွေ မေပင်းအကြောင်း ပြောကြရအောင်”  သူမက တောင်းဆိုတော့ ဟီယန်က သူမ အခြေအနေကို ခံနိုင်ရည်ရှိမရှိ အကဲခတ်ပြီး တလုံးချင်း ပြောပြသည်။
“ကျမလည်း အဲဒီအချိန်က ရှန်ဟိုင်းမှာ မရှိဘူး ဒေါ်ဒေါ်။  သိတဲ့အတိုင်း ယဉ်ကျေးမှုတော်လှန်ရေးစတော့ ကျမ ဂီတတက္ကသိုလ်က ဘွဲ့ယူပြီးပြီးချင်း သြဂုတ်လမှာ မေပင်းရဲ့မွေးနေ့ကို လာခဲ့ပါတယ်။ ၁၉၆၆ ဒီဇင်ဘာလမှာ  ကွေ့ယန်က စိုက်ပျိုးရေးဒေသမှာ  လုပ်အားပေးရပါတယ်။  သိပ်မကြာခင်ဘဲ မေမေက စာရေးလာတယ်။  မေပင်း သူ့ကိုယ်သူ သတ်သေသွားတယ် -တဲ့”
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။  စိတ်ထဲက ငြင်းဆန်ရင်း ကျမခန္ဒာကိုယ်က ယိမ်းယိုင်သွားတော့ ဟီယန်က ထွေးပွေ့လိုက်ပါသည်။  ကျမတို့ အတူတူ ငိုကြသည်။

“ဘာကြောင့်လဲ၊ ဘာကြောင့်များတဲ့လဲကွယ်”  “ ရုပ်ရှင်စတူဒီယိုက ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေရဲ့ စာရင်းဘဲထုတ်ပြန်တာပါ။ ဘာမှတော့ ရှင်းလင်းချက် မပေးပါဘူးဒေါ်ဒေါ်”
သမီးလို ငယ်ရွယ်ပြီးတက်ကြွတဲ့ မိန်းကလေးက ဘယ်တော့မှ သတ်မသေပါဘူး။  ဒီဖြစ်ရပ်ကို အမှန်အတိုင်းပေါ်အောင် ကြိုးစားမယ် လို့ စိတ်ထဲက ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တော့သည်။

-----------------------------------

ရေချိုးခန်းထဲက မှန်မှာ သူစိမ်းမိန်းမတယောက်ကို မြင်လိုက်ရသည်။  ခြောက်သွေ့ မွဲပြာနေသောဆံပင်များ၊ ဟောက်ပက်ပက်  မျက်လုံးများ နှင့် အရောင်အဆင်းမဲ့သော မျက်နှာတခု။  မှန်မကြည့်ရတာ ခြောက်နှစ်ခွဲ  ရှိခဲ့ပါပကော။   အိမ်အကူအဒေါ်ကြီးယူလာသော ရေနွေးဗူး ခြောက်ဗူးကုန်သည့်အထိ စိမ်ပြေနပြေ ရေချိုးပစ်လိုက်သည်။

အိမ်ဖော်အဒေါ်ကြီး (အာယီး)က ကြက်သားစွပ်ပြုတ်၊ ၀က်သားပြားကြော်နှင့် ဂေါ်ဖီရွက်ကြော်တို့ကို ဟီယန်တို့ သားအမိနှင့်အတူစားဖို့ ပြင်ဆင်ပေးသည်။  နှစ်ပေါင်းများစွာ ကင်းကွာနေသည့် စားကောင်းသောက်ဖွယ်များပေမင့်  စိတ်မကြည်လင်တာရော သွားဖုံးနာတာရောကြောင့် မစားနိုင်ပဲ အရည်သောက်များနှင့်သာ တင်းတိမ်လိုက်သည်။  ဟီယန်တို့နှင့် သွားဖုံးကုရန် သင့်တော်သည့် ဆရာဝန်ရှာပေးမည်ဟု ဆိုသည်။  သွေးဆင်းတာနှင့်ပါတ်သက်၍ နာကျင်မှုမခံစားရသည့်အတွက် ကင်ဆာဟု သူမမထင်ကြောင်း၊  စိတ်ချရသည့်ဆရာဝန်ရှာဖွေရန် အကူအညီတောင်းလိုက်သည်။

ညခင်းစောစောမှာ သပ်ယပ်သန့်ရှင်းသည့် အိပ်ယာပေါ် လှဲချပြီး အိပ်ဖို့ကြိုးစားလိုက်သည်။  ရင်ထဲက တင်းကြပ်ဆို့နင့်နေသဖြင့် အိပ်မရပါ။  ဟီယန်တို့သားအမိရှေ့တွင် မြိုသိပ်ထားသောခံစားမှုများကို ဖွင့်ထုတ်လိုက်သောအခါ မျက်လုံးထဲမှ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

------------------------------------------

နောက်တနေ့နံနက်မှာ ရုပ်ရှင်စတူဒီယိုမှ လူနှစ်ဦးလာပြီး မေပင်း၏ သေဆုံးမှုကို အတည်ပြု ပြောကြားပါသည်။
“ကျမသမီး ဘယ်အချိန်မှာ ဘယ်လိုဘယ်ပုံ သေဆုံးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ”
” ၁၉၆၇ ဇွန်လ ၁၆ရက်နေ့မှာ နန်ကင်းလမ်းက ရှန်ဟိုင်းအားကစားအသင်း အဆောက်အဦရဲ့ ကိုးထပ်မြောက် ပြူတင်းပေါက်က ခုန်ချခဲ့တာပါ”
“သူက ဘာလို့ အဲဒီကို ရောက်နေရတာလဲ”
“တော်လှန်ရေးအဖွဲ့တွေက စစ်မေးစရာရှိလို့ ခေါ်သွားတာပါ”
“ဘာအတွက် အစစ်ခံရတာလဲ”
“ဒါက အရေးမကြီးပါဘူး“   ထိုသူက မေးခွန်းကို လှီးလွှဲလိုက်သည်။
”အရေးကြီးတာပေါ့ရှင်။  ဒီအကြောင်းကြောင့် သူ သေခဲ့ရတာလေ” သူမက ခိုင်မာစွာဆိုသည်။ 

သို့သော် ထိုသူက လက်မခံပါ။  သူမသေဆုံးရမှုကို ရုပ်ရှင်စတူဒီယိုက စုံစမ်းစစ်ဆေးခဲ့ပါသလား ဟု သူမက ဆက် မေးသောအခါ  ထိုစဉ်က သတ်သေမှုများ တနေ့ကို တရာမက အလွန်များပြားသည့်အတွက် မစုံစမ်း မစစ်ဆေးနိုင်ပါ ဟုဆိုသည်။   သူမက ကိုယ့်စိတ်ကိုထိမ်းပြီး ဆက်မေးပါသည်။
“ ဥပဒေကြောင်းအရ  သတ်သေမှုတွေကို ဆေးစစ်ချက်ယူပြီးမှ သဂြှိုလ်ရပါတယ်။  အဲဒီစစ်ချက်ကို ကျွန်မ ကြည့်ချင်ပါတယ်”
ထိုသူက မေပင်း၏ ဆေးစစ်ချက်ရှိမရှိ သူ  မသိပါကြောင်း၊  ဖြေဆိုသည်။  ပြန်လိုသည့်အမူအယာဖြင့် ထ ရပ်သည်။  လက်ထဲက စာရွက်စာတမ်းနှင့် စာအိတ်တချို့ကို စားပွဲပေါ်တင်ပေးသည်။  မေပင်း၏ လစာငွေ၊  သေဆုံးသူအတွက် ထောက်ပံ့ငွေ နှင့် မေပင်း၏ ဒိုင်ယာရီစာအုပ်၊ အခြားစာရွက်အချို့..။

ဒိုင်ယာရီလေးကို သူမ မထိရဲ မကိုင်ရဲသလို ငေးကြည့်နေမိပါသည်..........။

------------------------------------

အိမ်မက်ထဲမှာ မေပင်းကို သွေးအိုင်ထဲမှာ ခွေခွေကလေးတွေ့ရသည်။  နန်ကင်းလမ်းပေါ်မှာ အသက်မဲ့နေတဲ့ မေပင်းရဲ့ ရုပ်ပုံလွှာ။  သူမ ၀မ်းနည်းထိတ်လန့်စွာ အိပ်ယာမှ လန့်နိုးလာခဲ့သည်။


မေပင်း သေဆုံးသည့်နေရာဟု ဆိုသော နန်ကင်းလမ်းက အမျိုးသားအားကစားအသင်းအဆောက်အဦကို သွားကြည့်ဖို့ သူမ ဆုံးဖြတ်ထားသည်။   ရုတ်တရက်ကြီး သွားလို့တော့မရ။   ဟီယန်ရဲ့အမေက တိုးတိုးတိတ်တိတ် မှာထားသည်။  အိမ်ဖေါ်အဒေါ်ကြီး အာယီး ကို မယုံပါနဲ့ - တဲ့။   အိမ်မှ နေ့စဉ် လမ်းလျှောက်ထွက်သည့်အလေ့အထ ကို အစပြုသည်။  ပြန်လာတိုင်း  အဒေါ်ကြီးက သောက်ရေခပ်ပေးရင်း “ အဝေးကြီးလျှောက်လိုက်တယ် ထင်ပါရဲ့၊ မျက်နှာတွေတောင် ရဲလို့” စသဖြင့် စကားဆိုတတ်ပေမဲ့ တဖြေးဖြေး ကျင့်သားရသွားတော့ အထူးအဆန်းလုပ်ပြီး ထပ်မမေးတော့။  နှစ်ပါတ်ကျော်ကြာသည့် နေ့တနေ့တွင် လမ်းလျှောက်ထွက်ရင်း မှတ်တိုင်ကနေ ဘတ်စ်ကားကြပ်ကြပ်စီးကာ  နန်ကင်းလမ်းကို ထွက်ခဲ့သည်။   ဆင်းရမည့်မှတ်တိုင်မှာ လမ်းဆင်းလျှောက်ပြီး ဘေးဘယ်ညာကို ကြည့်တော့ လူတွေ ဥဒဟိုသွားလာနေကြသည်။  မည်သူမှ သူမကို ထူးထူးခြားခြားသတိမထားမိကြပါ။

အမျိုးသားအားကစားအသင်း၏ ကိုးထပ်အခန်းကို မော့ကြည့်သည်။  နန်ကင်းလမ်းမဖက်တွင် ကိုးထပ်ကို ထင်ထင်ရှားရှား မမြင်ရ။  မြင်ရသည့်အခြားတဖက်မှကြည့်တော့ ပြူတင်းပေါက်ကို သံတိုင်များ ကာရံ ထားသည်ကို တွေ့ရသည်။  ခုန်ချလိုသူတယောက်အနေနှင့် ဒီသံတိုင်ကြားမှ ခက်ခက်ခဲခဲ တိုးထွက်လို့ ရနိုင်မလားဆိုတာ  အဝေးကမို့ မှန်းဆလို့ မလွယ်ပါ။  သူမ လျှောက်သွားရင်း  အဆောက်အဦအ၀င်ဝ အုတ်ခုံတနေရာမှာ ဇာပန်းထိုင်ထိုးနေသော အမျိုးသမီးလေးတယောက်ကို မိတ်ဖွဲ့လိုက်သည်။  ဘေဂျင်းမှ အလည်လာသူ အဒေါ်ကြီးတဦးဟု မုသားသုံးပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

ဒါနဲ့ စကားမစပ်ကွယ်။ ၁၉၆၇ လောက်မှာ ရုပ်ရှင်မင်းသမီးငယ်လေးတယောက် ဒီအဆောက်အဦ အပေါ်ထပ် ကနေ ခုန်ချပြီး   ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆို”

မိန်းကလေးက မျက်ခုံးကြောရှုံ့ပြီးစဉ်းစားသည်။

“ အဲဒါ ကျမတို့ လင်မယား ရှန်ဟိုင်းရောက်ပြီး နောက်တနှစ်ပဲ။  ကျမတို့က ဒီနားမှာဘဲ နေနေကြတာလေ။  အင်း- အဲဒီလိုမျိုး အဖြစ်အပျက် မကြားမိလိုက်ပါဘူး။  အဲဒီတုန်းက ဒီအဆောက်အဦးကြီးပြင်ဖို့ ငြမ်းတွေ ပါတ်ပါတ်လည် ထိုးထားတာလေ။   ပြင်လို့မပြီးခင်ကို အလုပ်သမားတွေ လက်စမသတ်ဘဲ ဒီအတိုင်း ပစ်ထားခဲ့ကြတာ အကြာကြီးပါဘဲ။

နန်ကင်းလမ်းက ပြန်လာပြီးနောက်ပိုင်း သူမရဲ့ အိမ်မက်တွေ ပြောင်းလဲသွားပြန်သည်။  ရိုက်နှက် ထုထောင်းမှုကြောင့် အညိုအမဲ စွဲနေသော၊   ခန္ဒာကိုယ့်အနှံ့ သွေးစလိမ်းကျံနေသော မေပင်းကို မြင်ရပြန်သည်။  
-----------------------------------


“သခင်မ၊  သခင်မ ”

တနေ့ တော့ လမ်းလျောက်ထွက်လာရင်း ခေါ်သံတခုကြားရသည်။  ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ကြောင့် ဒီအခေါ်အဝေါ်ကိုပင် အံ့သြထူးဆန်းနေမိသည်။  မိမိကို ခေါ်မည်လို့လည်း လုံးဝ ထင်မထား။  အပြေးကလေးလိုက်လာသူ အနားရောက်တော့မှ မိမိအရင်အိမ်က ဥယျာဉ်မှုး ဟောင်းဖြစ်နေသည်။ သူမရဲ့ကျေးဇူးရှင်။ အဖမ်းခံရမဲ့ညက  သူ့ကိုလခနှင့်ဆုကြေးပေးဖို့ ငွေတွေ အိတ်ကပ်ထဲ ပါလာခဲ့တာမို့ ထောင်ထဲမှာ လိုအပ်သည့်ပစ္စည်းလေးတွေ အတော်အသင့် ၀ယ်နိုင်ခဲ့သည်။
လာလည်ဖို့ အိမ်လိပ်စာပေးလိုက်သည်။ သူ့ကိုလည်း တင်နေသည့် ထိုအကြွေးပြန်ဆပ်ဖို့ရှိသည်။  အခြား အိမ်တော်ထိန်းတွေရဲ့ အခြေအနေကို မေးမြန်းလိုက်သည်။  နောက်ပြီး  တချိန်က မေပင်းရဲ့ချစ်သူ ဆွန်ကိုင်းကိုတွေ့ရင် ပေးဖို့ သူမရဲ့လိပ်စာကို ပေးလိုက်သည်။

အိမ်ဖေါ်ဟောင်း လောင်ချောင်နှင့်တွေ့သောအခါ သူမ သံသယက ပိုခိုင်မာသွားသည်။  သူမကို ဖမ်းသွားပြီးနောက်ပိုင်း  တော်လှန်ရေးအင်အားစုတွေက မေပင်းကို  အခြားအိမ်တအိမ်မှာ ပြောင်းရွှေ့ နေစေသည် တဲ့။  သူမကို အဲဒီအိမ်မှာဘဲ ပြည်သူ့စစ်အဖွဲ့တွေ ညကြီးမင်းကြီး လာခေါ် သွားသည်ဟု ကြားမိကြောင်း ပြောပြသည်။  အဲဒီအိမ်ကို ကိုယ်တိုင် သွားပြီးစုံစမ်းဖို့တော့ သူမက အားမပေး။  သူတို့အားလုံးကို ထုတ်မပြောဖို့ ပိတ်ထားပြီးဖြစ်ကြောင်း၊ အခုအချိန်မှာ မေပင်းအကြောင်း မေးလားမြန်းလားလုပ်တာက နျန်ချန်းအတွက် အန္တရာယ်ကြီးကြောင်း ပြောပါသည်။

ရက်အတော်ကြာသောအခါ ဆွန်ကိုင်းက သူမဆီ ရောက်လာပါသည်။  မေပင်းသာရှိခဲ့လျှင် သည်လူချောကလေးက သူမ၏ သမက်ကလေး ဖြစ်နေလောက်ပေပြီ။  ဆွန်ကိုင်းက မေပင်းအကြောင်း သူသိသမျှ ပြောပြသည်။  သူမကို ဖမ်းဆီးသွားပြီး တယောက်တည်းကျန်ခဲ့သည့်မေပင်းကို သူနှင့်သူ့မိသားစုက လက်ထပ်ပြီး အိမ်မှာခေါ်ထားလိုပေမဲ့ မေပင်းက လက်မခံ။  “အမေမရှိဘဲ ကျွန်မ လက်မထပ်နိုင်ဘူး၊ အပြစ်မရှိတဲ့ မေမေ မကြာခင် ပြန်လွတ်လာမှာပါ” တဲ့။  သူတို့အားလုံး ဒီအဖြစ်အပျက်ကြီးက တနှစ်လောက်မကြာခင် ပြီးဆုံးသွားမယ်လို့ ထင်ခဲ့ပါသည်။  အခုတော့ မေပင်းကို သူတို့ ဆုံးရှုံးခဲ့ကြသည်။  ဆွန်ကိုင်းက သူမရှေ့မှောက်မှာ ငိုကြွေးခဲ့ပါသည်။

------------------------------------

ပြင်ပမှာ နိုင်ငံရေးမုန်တိုင်းက ထန်နေဆဲ။
မဒမ်ချန်ချင်းခေါင်းဆောင်သော လေးဦးဂိုဏ်းက ၀န်ကြီးချူပ် ချူအင်လိုင်းနှင့် ဒူဝန်ကြီးချူပ် တိန့်ရှောင်ဖိန်ကို တဖက်လှည့်နှင့် တိုက်ခိုက်ဖို့ကြိုးစားနေကြသည်။  နာမကျန်းဖြစ်နေသော မော်စီတုံးကွယ်လွန်လျင် ချန်ချင်းက ထိုနေရာကို ရယူဖို့အထိရည်မှန်းချက်ထားသည်။  ချူအင်လိုင်းက သူမဘ၀တက်လမ်းအတွက် အဓိက အနှောင့်အယှက်ဖြစ်နေသည်။  သို့ရာတွင် ချူ က လိမ္မာပါးနပ်သဖြင့် လျှူရှောက်ချီလို  မော်လမ်းစဉ်ကို တိုက်ရိုက်မဝေဖန်၊  သူလုပ်စရာရှိသည်ကို ခေါင်းအေးအေးဖြင့် လုပ်ကိုင်သဖြင့် ပ ထုတ်ဖို့  အကွက်ရှာမရနိုင်သေး။  ချူ၏ တာဝန်က မော်လမ်းစဉ်နှင့် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် နစ်နာပျက်စီးမှုများကို နည်းနိုင်သမျှနည်းအောင် ကာကွယ်ဖို့၊ ပြုပြင်ဖို့ဖြစ်သည်။  ယခုအခါ ၀န်ကြီးချူပ် ချူ သည် ကင်ဆာရောဂါခံစားနေရသဖြင့် ဆေးကုသမှုခံယူနေရသည်ဟု သိုးသိုးသန့်သန့်ကြားသည်။  အကွက်ချောင်းနေသော ချန်ချင်းတို့လူသိုက်ကို မထောက်ခံသည့် ပါတီခေါင်းဆောင်များက  ချူအင်လိုင်း၏ လက်ထောက် တိန့်ရှောင်ဖိန်ကို ဆက်ခံဖို့ လိုလားလျက် ရှိကြသည်။
နောက်ပိုင်းမှ ပြန်လည်သိရှိရသည်မှာ နိုင်ငံခြားစီးပွားရေးမြှုပ်နှံမှုကို လိုလားသော ၀န်ကြီးချူပ် ချူအင်လိုင်းကို ဦးတည်တိုက်ခိုက်ရန်အတွက် ချန်ချင်းတို့အုပ်စုက သူမအပါအ၀င် နိုင်ငံခြားကုမ္မဏီ အကြီးအကဲများ၊၀န်ထမ်းများကို  သူလျိုများ၊ သစ္စာဖောက်များ ဆိုသည့် စွဲချက်ဖြင့် အတင်းအကြပ် ဖမ်းဆီး ၀န်ခံစေခဲ့ခြင်း ဖြစ်သည်။

--------------------------------------------

စိတ်ပြေလက်ပျောက်ဖြစ်အောင် သူမက ကျောင်းသားအချို့ကို အိမ်မှာ အင်္ဂလိပ်စာ သင်ပေးပါသည်။  အဲဒီအထဲမှာ ထူးခြားသော ကျောင်းသားလူငယ်ကလေးတဦးရှိသည်။  သူ့နာမည်က တားဒဲ့ ၊  နောက်ပြောင်ပြောင် ပေါ့ရွှတ်ရွှတ်ပြောတတ်ပေမဲ့ ထက်မြက်သောဥာဏ်ရည်နှင့်  အင်္ဂလိပ်စာ ထူးချွန်သည်။   အလုပ်လက်မဲ့ဟု သူ့ကိုယ်သူပြောသည်။  သူက အမြဲတမ်း အကြောင်းမရှိ အကြောင်းရှာပြီး သူမဆီကို ရှားပါးသော စားစရာ လက်ဆောင်တွေ ယူလာပေးတတ်သည်။

အိမ်အောက်ထပ်မှ မိသားစုကလည်း ထူးထူးဆန်းဆန်းပြုမူလေ့ရှိသည်။  အိမ်ရှင်မကြီးက သူမအခန်းကို ဧည့်သည် လာတိုင်း မယောင်မလည်နှင့် ခိုးနားထောင်တတ်သည်။  မြေးဖြစ်သူက သူမအပြင်ထွက်တိုင်း အပေါ်ထပ်သို့တက်လာပြီး ဟိုပစ္စည်းယူ သည်ပစ္စည်း ရှာဖွေယူငင်ခြင်း၊  မီးဖိုချောင်က အစားအသောက်များကို မသိမသာ နှိုက်စားခြင်း တို့ပြုတတ်သည်။  သူမက အဖွားဖြစ်သူကို တိုင်တန်းသောအခါ  အိမ်ရှင်မကြီးက နောက်တခါမဖြစ်စေရဟု ကတိပေးသည်။  သို့သော်လည်း အရင်လိုပဲ  ကြုံတွေ့မြဲပင်။

အကျဉ်းထောင်က လွတ်လာပေမဲ့ သူမကို နောက်ယောင်ခံ စောင့်ကြည့်နေသူ အများအပြားရှိကြောင်း နျန်ချန်းသိသည်။  သို့ရာတွင် အိမ်ဖေါ်အဒေါ်ကြီး၊  ထူးခြားသော အင်္ဂလိပ်စာကျောင်းသား၊ အောက်ထပ်က မိသားစုများသာမက နောက်ဆုံး ဟီယန်၏အမေ သူမငယ်သူငယ်ချင်းကိုယ်တိုင် သတင်းပေးတာဝန် မဖြစ်မနေ ထမ်းဆောင်နေရကြောင်း ရိပ်မိသိရှိလာရသောအခါ အလွန်ကြေကွဲ ၀မ်းနည်းရပါသည်။  သူမ၏ ဆွေမျိုးသားချင်းများကလည်း ( ယခင် သူမထောင်ကျစဉ်ကလည်း  သူတို့ကို သီးသန့်ခေါ်ယူ စစ်ဆေးမေးမြန်းကို ကြုံခဲ့ရဖူးသဖြင့်)  ယခုအခါ လာရောက် မဆက်သွယ်ကြပါ။   အထီးကျန်နေသော သူမသည် တရုတ်ပြည်ကို စွန့်ခွာပြီး အခြားနေရာတခုခုမှာ လွပ်လွပ်လပ်လပ် နေထိုင်လိုသောစိတ်ဆန္ဒသာ ပြင်းထန်နေခဲ့ပါသည်။  သို့ရာတွင် သူမ၏ သမီးကလေးအတွက် ဖြစ်ရပ်မှန်ဖေါ်ထုတ်ဖို့ တာဝန်တရပ် ကျန်ရှိနေသေးသည် မဟုတ်လား။

------------------------------------------

သူမသည် ပါတ်ဝန်းကျင်က စော်ကားမော်ကား တိုက်ခိုက်မှုများကို ရှိသမျှအားနှင့် တွန်းလှန်နေရဆဲပင်။
အိမ်ရှေ့ ဂိတ်ဝတွင် တယောက်ယောက်က “ မာနကြီးတဲ့ အရင်းရှင်နယ်ချဲ့နောက်လိုက်ခွေး” ဟုရေးသွားသည်။  အိမ်ဖေါ်အဒေါ်ကြီးက ရေစိုဝတ်ဖြင့် သုတ်ဖျက်ပစ်ရန်ပြင်သည်။  သူမက တားသည်။  “နေပါစေ-  အားယီ၊  အဲဒီလိုအရေးခံရတာ ကျွန်မတယောက်ထဲမဟုတ်တဲ့အတွက် ရိုးနေပါပြီ”

မနက်ပိုင်း လမ်းလျောက်ထွက်တိုင်း ကလေးအုပ်စုတစုက လမ်းထိပ်မှစောင့်၍ လှောင်ပြောင် သရော်ကြသည်။  သူမ အချိန်ကို အမျိုးမျိုးပြောင်း၍ လမ်လျှောက်ပေမဲ့ သူတို့က အမြဲရှိနေသည်။   နောက်ဆုံးသူမက ဥပေက္ခာပြုပြီး လမ်းကို လျောက်မြဲ လျောက်ဆဲပင်။ 

ထိုလမ်းထိပ်ကိုရောက်တိုင်း မလှမ်းမကမ်းတွင် လူတယောက် စက်ဘီးနှင့်ရပ်နေတာ တွေ့ရပြီး ကလေးတွေ လှောင်ပြောင်သည်နှင့် တပြိုင်နက် စက်ဘီးကို နင်းပြီးထွက်သွားတာ အကြိမ်ကြိမ် မြင်ရသည်။  ထိုလူကို သူမ မှတ်ထားလိုက်သည်။  အသက်သုံးဆယ်ခန့်၊ ဆံပင်နက်နက်ထူထူ၊  သူ့စက်ဘီးထိုင်ခုံစွပ်က အ၀ါရောင်။

နောက်ထပ် သူမဆီကို မမြင်ဖူးသည့် ဧည့်သည်တွေ တဖွဲဖွဲရောက်လာတတ်သည်။ သူတို့ကိုယ်သူတို့ မေပင်း၏ သူငယ်ချင်းတွေပါ ဟုဆိုသည်။  သူတို့အားလုံး၏ တူညီသော ရည်ရွယ်ချက်က  သူမ၏ ပါတီအပေါ် လက်ရှိသဘောထားနှင့် လုပ်ဆောင်ချက်များကို ထောက်လှမ်းပြီး သတင်းပို့ရန်ဖြစ်သည်။ သူမကို ပြန်လည်ဖမ်းဆီးနိုင်ရန် “ထောင်ချောက်” ဆင်ကြခြင်းပင်။

တယောက်ကဆိုလျှင် မေပင်းနှင့် ကျေးရွာလုပ်အားပေးစခန်းမှာ ခင်ခဲ့သည်ဟုဆိုသည်။  သူမက မေပင်း၏ အခင်ဆုံးသူငယ်ချင်းအမည်ကို မေးကြည့်တော့ သူသိသည်ဟု ဆိုသည်။  အုပ်စုဓါတ်ပုံထဲတွင် ထောက်ပြခိုင်းသောအခါ  လွဲမှားစွာ ပြသည်။  သူမက ပြုံးနေသောအခါ သူ့ကိုယ်သူ မှန်သည်ဟု ယူဆပြီး အားတက်သရော ဆက်ပြောသည်။  မေပင်း၏ လူသတ်မှုကို ဖေါ်ထုတ်ချင်ပါသည် -တဲ့။ သူမက  “ တချိန်ချိန်မှာ အစိုးရက တာဝန်ယူဖေါ်ထုတ်ပါလိမ့်မယ်။  အဒေါ်စောင့်နိုင်ပါတယ်” ဟုပြောသောအခါ သူက လက်မခံ။  နျန်ချန်းက နောက်ဆုံး  စဉ်းစားပါဦးမယ်။ လိုအပ်ရင်ဖုံးဆက်ဖို့ ထားခဲ့ပါ။  လိပ်စာကတ်လည်းပေးခဲ့ပါ လို့ပြောသောအခါ သူ့လိပ်စာကတ်ကို မပြချင်ပါ။   “လိပ်စာကတ်လေးရှိမှ တယောက်ကို တယောက် ယုံကြည်လို့ ရမှာပေါ့“ လို့ ပြောသောအခါ သူကပြလာသည်။  သူ့ စက်ရုံအလုပ်သမားကတ်တွင် “ လျို့ဝှက်” တုံးထုထားသဖြင့် နျန်ချန်းက အတွေ့အကြုံအရ တန်းသိလိုက်သည်။  သူသည် အစိုးရလက်နက်စက်ရုံက အလုပ်သမားတဦး။  သူမက အိမ်ဖေါ်အဒေါ်ကြီးကို သက်သေခေါ်ပြီး ထိုလူငယ်ကို ပြောလိုက်သည်။ 

“မင်း - နောက်ကို ဒီအိမ်ကိုထပ်မလာခဲ့ပါနဲ့၊ ပါတီဝင်တယောက်အနေနဲ့ တို့လို “အပြစ်ရှိတယ်လို့ စွပ်စွဲခံထားဖူးသူ” တယောက်နဲ့ အခုလိုစကားတွေပြောတာ မင်းအတွက် အလွန်အန္တရာယ်ကြီးပါတယ်။  ပြန်ရောက်ရင် ၀န်ခံချက် ပေးလိုက်ပါ၊ အဒေါ်ကြီး-  သူ့ကို နောက် တံခါးမဖွင့်ပေးပါနဲ့”  

သူမအိမ်ရှေ့တွင် “ ကျန်းမာရေးအခြေအနေအရ ကြိုတင်ချိန်းဆိုထားသူမှအပ တွေ့ဆုံခြင်းမပြုနိုင်ပါ” ဟု လက်မှတ်ရေးထိုး စာတန်းဆွဲထားလိုက်သည်။ ပထမတကြိမ်တွင် ဆိုင်းဘုတ်ကို မည်သူမှန်းမသိ ဖျက်ဆီးသွားရာ သူမက ရဲကိုသွားပြီး တိုင်ကြားလိုက်သည်။  သူမနှင့် ခင်မင်သော ရဲမှူးကို အကြောင်းကြားပြီးနောက်ပိုင်းတွင် ဖျက်ဆီးလည်းမခံရတော့၊ ဧည့်စိမ်းများလည်း မလာတော့။

သူမ၏ အထူးတပည့် ဖြစ်သူ တားဒဲ့ က မှတ်ချက်ချသည်။  “ ဆရာမဟာ ကျွန်တော့်အပေါ် အမေလောက်ကို ကောင်းခဲ့ပါတယ်။  ဒါကြောင့် တခုတော့ပြောချင်တယ်။  တချို့ကိစ္စတွေကို သူ့ဖာသာသူ လွှတ်ထားလိုက်ပါ။  သူတို့ခြေလှမ်းကို ကိုယ်ကကြိုသိနေတာမျိုး၊ ပြန်ပြီးတိုက်ခိုက်တာမျိုးကို “သူတို့”က သိပ်နာကျည်းတယ်၊ ဆရာမကို ဒုက္ခမရောက်ရောက်အောင် တိုးပြီးကြံစည်ကြလိမ့်မယ်”   တဲ့။  “သူတို့”ဆိုတာ ဘယ်သူတွေလဲဟု သူက တိတိကျကျ ထုတ်မပြောပါ။

တားဒဲ့ပြောတာ မှန်သည်ဟု ဆိုရမည်။  ရက်အနည်းငယ်ကြာသောအခါ သူမလမ်းလျှောက်နေစဉ်  လူရှုပ်သော လမ်းမတနေရာအရောက် နောက်ကျောမှ စက်ဘီးတစီးက ၀င်တိုက်ပြီး နင်းပြေးသွားသည်။  မျက်မြင်တွေ့လိုက်သူက စက်ဘီးသမား၏ ပုံပန်းသွင်ပြင်ကို ပြန်ပြောပြသောအခါ ထိုလူက ဆံပင်နက်နက်ထူထူ၊  စက်ဘီးထိုင်ခုံစွပ်က အ၀ါရောင် - တဲ့။

----------------------------------------------

တီးတိုးသတင်းတွေ ကြားရပြန်သည်။ သေအံ့မူးမူး ၀န်ကြီးချူပ် ချူအင်လိုင်းကို ဆေးရုံမှာ မော်စီတုံးက သွားတွေ့သည်တဲ့။  ချူအင်လိုင်းက သူ့ကိုဆက်ခံသူအဖြစ် တိန်ရှောင့်ဖိန်ကို ရွေးပါဟု ပြောသည်တဲ့။  မော်စီတုံးက အသံတိုးလွန်းလို့ မကြားရလေဟန် ဆောင်နေသည်- တဲ့။

ချူအင်လိုင်းကွယ်လွန်တော့ တိုင်းပြည်ထဲက လူတွေအားလုံးနီးပါး ၀မ်းပန်းတနည်း ဖြစ်ကြသည်။  အလောင်းကို ကြိုဆိုကြသည်။  တကယ်တော့ ချူအင်လိုင်းသည်  တရုပ်ပြည်အတွက် သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပေးသွားခဲ့သူ။  သူနှင့်သူ့ဇနီးတွင် ကလေးမရှိပါ။  နီးစပ်သူများက ဇနီးငယ်ငယ်ထပ်ယူပြီး မျိုးဆက်ချန်ခဲ့ဖို့ အကြံပေးသောအခါ သူက ပြောပါသည် “တရုပ်ပြည်ထဲက ကလေးတွေအားလုံးဟာ ကျွန်တော့်ကလေးတွေချည်းပါဘဲ” တဲ့။

ချူအင်လိုင်း၏ မသေမီဆန္ဒက သူ့အရိုးပြာကို နိုင်ငံအနှံ့ ဖြန့်ကျဲရန်ဖြစ်သည်။  ယင်းစကားကိုပင်  မဒမ်ချန်ချင်းတို့အုပ်စုဝင်ဟောင်းများ မြှုပ်နှံလေ့ရှိသော “မြင့်မြတ်သည့်တောင်ကုန်း” ပေါ်တွင် သူတို့နှင့်အတူယှဉ်တွဲ မနေလို၍ပေလားဟု ထင်မြင်ချက်ပေးသူများရှိသည်။

မဒမ်ချန်ချင်း၏ ရုပ်ပုံများက သတင်းစားများတွင် ပို၍နေရာယူလာသလို သူမကို မလိုလားသူများက  သူမ၏ အတွင်းရေးသတင်းများ၊  အရှုပ်တော်ပုံများ၊ အပုပ်နံ့များကို တီးတိုးဖြန့်ကျက် ပြောဆိုလာနေကြပါသည်။

-------------------------------------------

သူမ၏ အိမ်ရှေ့တွင် ဥယျာဉ်မှုးဟောင်း၏ ကူညီစီမံပေးမှုဖြင့် နှင်းဆီခင်းများ၊  ပန်းအလှပင်ကလေးများဖြင့် သာတောင့်သာယာ ဖြစ်နေပေပြီ။  အောက်ထပ်က အဒေါ်ကြီးကတော့ သူပိုင်သော ဥယျာဉ်တခြမ်းကို ဘာပင်မှ မစိုက်ပါနဲ့။  ဥက္ကဌကြီး“မော်”က မကြိုက်ဘူးတဲ့။  ခက်ပဲခက်ရချည့်။  သူမရဲ့ ကျန်းမာရေးလည်း တိုးတက်ကောင်းမွန်လာပြီး အသားအရေတွေ ပြည့်လာသည် ( ထောင်ကထွက်ခါစက  ၈၅ပေါင်သာရှိသည်၊ ထောင်ထဲမ၀င်မီက ၁၁၅ပေါင်ဖြစ်သည်)။   မူလက ညစ်ပတ်ပေရေနေသော အိမ်ခန်းနံရံတွေကိုလည်း ခင်မင်သူ လူငယ်လေးများက လာပြီး ဆေးသုတ်ပေးထားသဖြင့် ကြည့်ပျော်ရှုပျော်ရှိနေပါသည်။

------ တယောက်ကတော့ ပုံမှန်လည်ပတ်မြဲ။  နျန်ချန်းက သူ့ကို ပြည်သူ့စစ်အဖွဲ့ဝင်မှန်းသိပေမင့် မြိုသိပ်ထားသည်။ တခါတရံ စာသင်အပြီး အတူတူချက်ပြုတ်စားသောက်ကြသည်။ သူမက သူ့ကို မသိမသာ အသုံးချခဲ့ဖူးပါသည်- အထူးသဖြင့် ပါတီပုဂ္ဂိုလ်များ၊ တော်လှန်ရေးခေါင်းဆောင် အဖွဲများကို သူမပေးလိုသော  သတင်းစကား အချက်အလက်များကို တပည့်ငယ်ကို မသိမသာ ပြောလိုက်ရုံပင်။ တနေ့တခြား ရင်းနှီးခင်မင်လာသည့် သူမ၏ တပည့်ကလေးက နောက်ဆုံး သူ့ဇာတိအမှန်ကို ဖွင့်ပြော လာသည်။  သူ လက်ထပ်တော့မှာဖြစ်၍ လက်ရှိအလုပ်ကို စွန့်ခွာတော့မည် - တဲ့။ သူဟာ အရေးမပါတဲ့ သတင်းပေးတယောက်ပါ- တဲ့။  သူ့ဆီကနေ မေပင်းနဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တချို့ ထပ်ရခဲ့ပါသည်။  မေပင်းကို ပြည်သူ့စစ်အဖွဲ့က သူမမိခင်ကို ကိုယ်တိုင်ရှုံ့ချဖို့ဖိအားပေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  မေပင်းက လက်မခံခဲ့ပါ။  နောက်ဆုံး လက်လွန်ကာ သေဆုံးသွားရခြင်းဟူ၍ ပင်။  

------------------------------------------

မော်စီတုံးကွယ်လွန်ခဲ့ပြီ။  ထောင်ထဲမှာနေစဉ်က သူမအမြဲ မျှော်လင့်ဆုတောင်းခဲ့သောအရာ။  
ပါတီတွင်း အကွဲအပြဲများက ပိုဆိုးလာသည်။  ချန်ချင်းတို့က တိန့်ရှောင်ပင်းကို နေရာချထားလိုက်သည်။  ဟွာကိုဖုန်းက ခေါင်းဆောင်ဖြစ်လာသည်။  ဟွာကိုဖုန်းသည် အတွေ့အကြုံနုနယ်သူ၊  အင်အားအခိုင်အမာ ရှိသူတော့မဟုတ်။  သို့ရာတွင် တခုတော့ ကတိပြုသည်။  ယဉ်ကျေးမှုတော်လှန်ရေးအတွင်း မမျှတမှုခံစားခဲ့ရသူများအတွက် ကူညီဆောင်ရွက်ပေးမည်။  တိုင်ကြားမှုတွေ မရေမတွက်နိုင် ပေါ်ပေါက်လာသည်။   နောက်ပိုင်းမှာ မဒမ်ချန်ချင်း၏ လေးဦးဂိုဏ်း ဖမ်းဆီးထိမ်းသိမ်းခံရပြီး တိန့်ရှောင်ပင်းတယောက် နိုင်ငံရေး ရှေ့မျက်နှာစာကို ပြန်ရောက်လာခဲ့လေသည်။

နျန်ချန်းက အစိုးရအဖွဲ့ဝင်တွေဆီ  သူမ၏ သမီးငယ် သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးပါရန် အဆက်မပြတ် စာရေးသားတောင်းဆိုသည်။  တခါသော် အစိုးရအရာရှိတဦး သူမဆီရောက်လာသည်။  သူက ပြောပါသည်။

“ ခင်ဗျားသိအောင်ပြောမယ်။  ရှန်ဟိုင်းမှာ အဲဒီအချိန်က ထူးထူးခြားခြားသေဆုံးမှု တသောင်းလောက် ရှိတယ်။  အဖမ်းခံရတဲ့သူတွေက အဲဒီထက် အဆပေါင်းများစွာပိုတယ်။ ကျူပ်တို့မှာ လုပ်စရာ သုံးခုရှိတယ်။  ပထမတခုက အပြစ်မရှိဘဲ အကျဉ်းစခန်းရောက်နေသူတွေကို စိစစ်ပြီးလွှတ်နိုင်ဖို့၊ ဒုတိယက ခင်ဗျားလို မှားယွင်းစွဲချက်နဲ့ ပြန်လည်လွတ်လာတဲ့သူတွေကို နာမည်သန့်စင်ပေးဖို့၊ နောက်ဆုံးကျမှ မတရားသဖြင့် သေဆုံးရသူတွေကို စုံစမ်းဖို့။  အဲဒီတော့ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး။ စိတ်ရှည်ရှည်နဲ့စောင့်ပါ။  စာတွေ အကြိမ်ကြိမ်ထပ်မပို့ပါနဲ့တော့”

ထိုပုဂ္ဂိုလ်၏ ပြောကြားချက်မှာ အဓိပ္မါယ်ရှိပြီး မျှတသည်ဟု သူမ ထင်ပါသည်။

“ကောင်းပါပြီရှင်။ ကျမ သဘောပေါက်ပါပြီ။  ဒါနဲ့ ရှင်က ကျွန်မအရင်မြင်ဖူးတဲ့ ပါတီအရာရှိတွေနဲ့ သိပ်ကွာခြားတယ်လို့ ထင်ပါတယ်”

“ဟုတ်မှာပါ-  ကျူပ်က လွန်ခဲ့တဲ့ တနှစ်ကမှ အကျဉ်းစခန်းက ပြန်လာခဲ့သူလေ”

------------------------------------------

၁၉၇၈တွင် လွန်ခဲ့သော ၁၂နှစ်က သူမကို မှားယွင်းစွာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း တရားဝင်စာကိုရရှိခဲ့သည်။  သူမဆံမှ သိမ်းဆည်းထားသော ဘဏ်စာရင်းကို ကျသင့်သော အတိုးနှင့်တကွ ပြန်ပေးပါမည်ဟု ဆိုလာသည်။  သူမက တိုင်းပြည်၏ စီးပွားရေးအခက်အခဲကို ငဲ့ကွက်၍ မူလတန်ဖိုးကိုသာ ယူပါမည်ဆိုသော်လည်း မရပါ။

၁၉၇၈ နွေဦးရာသီ၊ တိတိကျကျဆိုရလျှင် အသတ်ခံရပြီး၁၁နှစ်အကြာတွင် မေပင်းနှင့်တကွ ရုပ်ရှင်စတူဒီယိုမှ သေဆုံးသူ ၂၉ဦးအတွက်  စုံစမ်းစစ်ဆေးရေး ကော်မီတီတရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ အစီရင်ခံစာတွင် မေပင်းကို ”သတ်သေခြင်း”အစား ”ဖိနှိပ်မှုကြောင့် သေဆုံးရသည်” ဟု ဖေါ်ပြသော်လည်း လက်သည်တရားခံကို တိကျစွာ ဖေါ်တုတ်ခြင်းမပြုသည့်အတွက် သူမက ကန့်ကွက်ခဲ့ပါသည်။  ထိုကိစ္စအတွက် အကြိမ်ကြိမ် ခေါ်ယူဆွေးနွေးမှုများပြုလုပ်ပြီး  အမည်နာမအတိအကျဖြင့် မဖေါ်ထုတ်နိုင်ခြင်းကို တောင်းပန်ဖြောင်းဖျ ခဲ့ပါသည်။  အမှန်တကယ် မေပင်းကလွဲ၍ ကျန် ၂၈ဦးလုံးမှာ မဒမ်ချန်ချင်းနှင့် တနည်းမဟုတ်တနည်း ပါတ်သက်ခဲ့သူများဖြစ်ပါသည်။  ၄င်းတို့ထဲတွင် သူမ မထင်မရှား မင်းသမီးဖြစ်စဉ်က နေရာကောင်းထားမပေးခဲ့သော ဒါရိုက်တာများ၊ သူမထက်ကျော်ကြားသော မင်းသမီးများ ပါဝင်သည်။   ရုပ်ရှင်စတူဒီယိုက မေပင်းအတွက် အမှတ်တရဆုတောင်းပွဲတခု ကျင်းပပေးခဲ့ပါသည်။  မေပင်း၏ ဆရာမဖြစ်သူ ရုပ်ရှင်စတူဒီယို ဒါရိုက်တာ၏ဇနီးက ၂၄နှစ်သမီး မေပင်း၏ ဘ၀ဖြတ်သန်းမှုနှင့် အမှတ်တရလေးများ၊ ကူညီဖေးမတတ်ပုံများကို ထုတ်နုတ်ပြောဆိုသွားပါသည်။ ရိုးသားမှု ခံစားချက်အပြည့်နှင့် ပြောသွားသောသူမ၏ မိန့်ခွန်းအတွင်း ငိုရှိုက်သံအချို့ ထွက်ပေါ်လာခဲ့ပါသည်။  ထို့နောက်  ၀မ်းနည်းကြေကွဲစရာ တေးဂီတနောက်ခံတွင် တက်ရောက်လာသူအသီးသီးက မေပင်း၏ ဓါတ်ပုံကို  ဦးညွှတ်အလေးပြုကြပြီး မိခင်နျန်ချန်းကိုလည်ုး လက်ဆွဲနှုတ်ဆက် အားပေးကြပါသည်။

ထိုညက သူမ အိပ်မပျော်ခဲ့ပါ။  အမှောင်ထဲမှာ လဲလျောင်းနေရင်းက သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ပြေးလွှားဆော့ကစားနေသော ပါးဖောင်းဖေါင်းနှင့်ကလေးမလေးတယောက်၊   ရှန်ဟိုင်းမြို့လမ်းမပေါ်က မိန်းမလှလေးတယောက်ကို သာ မြင်ယောင် တမ်းတနေမိပါတော့သည်။

---------------------------------------

၁၉၇၉ နှစ်သစ်ကူးတွင် တရုတ်နှင့် အမေရိကန် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်လိုက်ကြသည်။ သူမ မနက်တိုငင်း တိုက်ချိကစားလေ့ရှိသော အများပြည်သူပန်းခြံ၏ ခုံတန်းကလေးများပေါ်တွင် လူငယ်လူရွယ်လေးများသည် အင်္ဂလိပ်စာကို အားကြိုးမာန်တက် လေ့လာနေကြသည်။  သူမကို “နိုင်ငံခြားသူလျို” ဟု လမ်းဒေါင့်တွင်စောင့်၍ အော်ဟစ် လှောင်ပြောင်ခဲ့သော ကလေးငယ်များက  အင်္ဂလိပ်စာတပည့်များ ဖြစ်လာကြပြီး “မင်္ဂလာနံနက်ခင်းပါ” ဟု အပြုံးနှင့် နှုတ်ဆက်လာကြသည်။ ယခင်က အဆက်အသွယ်မလုပ်ခဲ့သော ဆွေမျိုးများက ပြန်လည်ဆက်သွယ်လာကြပြီး အချို့က သူတို့နှင့်အတူ လာနေပါဟု ဆိုကြသည်။  နိုင်ငံခြားဘာသာသင်ကျောင်းမှ အင်္ဂလိပ်စာဆရာခန့်ရန် ကမ်းလှမ်းသော်ငြား ကျန်းမာရေးအရ မိမိအိမ်တွင်သာ သင်နိုင်ပါမည်ဟု အလိမ္မာနှင့် ငြင်းပယ်ခဲ့ရပါသည်။  ရင်ကိုနာကျင်စေခဲ့သော အဖြစ်အပျက်များကို အမြဲသတိပေးနေမည့်  ဒီမြေဒီရေမှာ မနေလိုတော့ပြီ။

သူမကို အာဏာပိုင်များက သိမ်းဆည်းထားသော ကြွေထည်ပစ္စည်းအချို့ပြန်ပေးပါသည်။  အကောင်းဆုံးလက်/ရာ ၁၅ခုကိုမူ ရှန်ဟိုင်းပြတိုက်က ၀ယ်ယူလိုသည် ဟုဆိုသည်။  သူမက အပြီးအပိုင် လှူခဲ့ပါသည်။    ဘဏ်စာရင်းထဲမှ ငွေများကို ထုတ်ယူ၍  အများစုကို ဆွေမျိုးသားချင်းများ၊ အိမ်စေဟောင်းများကို မျှဝေ ပေးကမ်းလိုက်သည်။

အမေရိကတွင် နေထိုင်ကြသော ညီမနှစ်ယောက်ထံမှ ဖိတ်ခေါ်စာနှင့်အတူ ပတ်စပို့နှင့်ဗီဇာများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတော့သည်။

---------------------------------------------

၁၉၈၀ခုနှစ်၊ စက်တင်ဘာ ၂၀ရက်။
မိုးဖွဲဖွဲကျနေသည့်ကြားမှ လိုက်ပါပို့ဆောင်သူများကို လက်ပြနှုတ်ဆက်လိုက်ပါသည်။  သူတို့ကလည်း လက်ပြရင်း ညီမတွေနှင့် ပျော်ရွှင်စွာဆုံစည်းပါစေကြောင်း ဆုတောင်းပေးကြပါသည်။   ဘယ်တော့ပြန်လာမည်လဲဟု ဘယ်သူကမှ မမေးပါ။   ၀မ်းနည်းစရာ အမှတ်ရမှုများပြည့်နေတဲ့ ဒီမြေကို ပြန်လာမှာမဟုတ်တော့ဘူးဆိုတာ သူတို့ ကြိုတင် သိချင်လည်း သိနေကြပေမည်။

ရှန်ဟိုင်းက ဟောင်ကောင်ကိုထွက်ခွာမည့် သဘောင်္ဆိပ်ကမ်းကို ကားကရောက်လာခဲ့လေပြီ။  မိုးကလည်း သည်းသည်းမည်းမည်း ရွာချလိုက်တော့သည်။  ထီးမပါသဖြင့် သူမတကိုယ်လုံး စိုရွှဲသွားတော့သည်။ သူမ လိုက်ပါရမည့် ပထမတန်းအခန်းတွင် ရေချိုးခန်းငယ်ပါသဖြင့် ရေနွေးဖြင့် ရေချိုးသန့်စင်လိုက်ပြီးမှ ကုန်းပတ်ပေါ် ထွက်လာခဲ့သည်။  ရှန်ဟိုင်းမြို့ကို စိတ်ထဲက နှုတ်ဆက်နေမိပါသည်။  မိုးငွေ့ကြောင့် မှိုင်းမှုန်နေပေမဲ့ အဝေးက အဆောက်အဦများနှင့်အတူ သူမအရင်အလုပ်လုပ်ခဲ့သော ရှဲလ် ရုံးဟောင်းကို ခပ်ပြပြ မြင်နိုင်ပါသေးသည်။ 

သင်္ဘော ကျောက်ဆူးကို မ ယူ ပြီး တဖြေးဖြေးအရှိန်ယူ မောင်းနှင်လိုက်ပါသည်။
သူမ ရပ်ငေးကြည့်နေသော ကမ်းပါးစပ်မြင်ကွင်းက မျက်ဝန်းထဲမှာ တဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားပါသည်။ လေက တဟူးဟူးတိုက်ခတ် နေသဖြင့် ဆံနွယ်တို့က နောက်ဖက်မှာ လွင့်ပျံဝဲလို့နေသည်။    ဇာတိမွေးရပ်မြေကို အပြီးအပိုင် စွန့်ခွာရတာမို့လည်း ရင်ထဲမှာ နာကြင်ကြေကွဲနေသည်။   ကိုယ့်တိုင်းပြည်ကို ဘယ်လောက် ချစ်ခင်တွယ်တာခဲ့သလဲ သစ္စာရှိခဲ့သလဲဆိုတာ ဘုရားသာလျှင် အသိဆုံးဖြစ်ပေမည်။  သို့ပေမင့် ကိုယ့်ပယောဂမပါဘဲ  တည်ဆောက်ထားသမျှ တစစီကွဲကြေပျက်ပြုန်းခဲ့လေပြီ။ အခုတော့ဖြင့် အတိတ်က ကြေကွဲစရာများနှင့် ပို၍ပို၍ ဝေးရာဆီသို့သာ............................။

-----------------------၀၀၀၀၀၀---------------------

မိုးစက်ပွင့်

စာရေးသူက အရာရာကို ပြန်လည်တွေးတဲ့အခါတိုင်း ကြေကွဲဝမ်းနည်းရလွန်းလို့ အကြိမ်ကြိမ်အားယူပြီးမှ ဒီစာအုပ်ကို ပြီးဆုံးအောင် ရေးခဲ့ရတယ်လို့ ဆိုပါတယ်။ သမိုင်းနောက်ခံ စာအုပ်ကောင်းကလေးအုပ်ကို မျှဝေချင်စိတ်နဲ့  မူရင်းရသ မပျက်အောင်  အတတ်နိုင်ဆုံးကြိုးစားပြီး အကျဉ်းခြုံးတင်ပြပေးထားပါတယ်။  လိုအပ်ချက်ရှိရင် ကျွန်မရဲ့  မကျွမ်းကျင်မှုလို့ မှတ်ယူပေးပါနော်။  အလုပ်အားချိန်မှ ရေးရတော့ အပိုင်းတွေ ပြတ်ပြတ်နေတာ စိတ်မကောင်းပါ။ အပိုင်းတွေ သိပ်များနေမှာစိုးလို့ နောက်ဆုံးပိုင်းကို အရမ်းရှည်ရှည်ကြီးနဲ့ အဆုံးသတ်လိုက်ရပါတယ်။  စာအုပ်ငှားပေးတဲ့ မမK နဲ့ အမြဲစောင့်ဖတ်တဲ့ မမET နဲ့ အားပေးကြတဲ့ အခြားသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။  မူရင်းစာအုပ်လက်လှမ်းမှီရင်လည်း ပြည့်ပြည့်စုံစုံ ခံစားဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ နော်..။

Monday 23 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )-၃

အကျဉ်းစခန်းက နေ့ရက်များ

 သူမက ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်များကို အမျိုးမျိုးကြိုးစားပြီး နေထိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ သူမပိုင်ဆိုင်တဲ့ ပစ္စည်းအချို့ ကိုသုံးပြီး အခန်းကို နဲနဲပိုကောင်းလာအောင်ကြိုးစားတာကလည်း စိတ်ဓါတ်မြှင့်တင်ခြင်း တမျိုးပါ။ ဥပမာ-  တံပျက်စည်းငှားပြီး အခန်းထဲက ဖုန်တွေ လှည်းကျင်းပစ်တာမျိုး၊  ရေအိမ်သုံးစက္ကူတွေနဲ့ ညစ်ပေတဲ့ နေရာတွေကို သန့်စင်ပစ်တာမျိုး ပါ။ ဒါ့အပြင် သူမရဲ့ မိတ်ဆွေ “ပင့်ကူ” ကလေးတကောင်လည်း အခန်းထဲမှာ ရှိနေပါတယ်။  သူ့ရဲ့ လှုပ်ရှားမှုတွေ၊  သူ အိမ်ဆောက်နေတာကို ကို စောင့်ကြည့်ရတာဟာ သူမအတွက် နာကျင်ခံစားရမဲ့ အချိန်တွေကို လျော့နည်းစေပါတယ်။ တခါတလေ အချူပ်ထောင် နံရံက မြက်ပန်းပွင့်သေးသေးလေးတပွင့်ကလည်း အားမာန်သစ်တွေ ပေးစွမ်းခဲ့ပါတယ်။

အကျဉ်းခန်းမှာ နှစ်လခန်.ကြာနေပြီးလို့   တင်းမခံနိုင်လောက်တော့ဘူးလို့ အာဏာပိုင်တွေက ထင်တဲ့အချိန်မှာ သူမကို စစ်ဆေးမေးမြန်းသူနဲ့ တကြိမ်တွေ့စေပါတယ်။  စာအုပ်နီလေးပါ ယူခဲ့ပါ- တဲ့။  တပ်နီလူငယ်တွေလို မိုက်ရူးရဲ မဟုတ်တဲ့ စစ်ဆေးမေးမြန်းသူတွေဟာ အနည်းဆုံး ကျိုးကြောင်းဆင်ခြင်မှု တစုံတရာ ရှိကောင်းရဲ့ ဆိုတဲ့ အတွေးနဲ့ သူမ မျှော်လင့် စိတ်လှုပ်ရှား နေမိပါတယ်။ 
”ထိုင်ပါ”   စစ်မေးသူက သူ့ရှေ့ကခုံကို ညွှန်ပြပါတယ်။
သူမ ထိုင်ရမဲ့ခုံရဲ့ နောက်ကျော အပေါ်တည့်တည့်မှာ ပြူတင်းပေါက်သေးသေးတပေါက်နဲ့ ချောင်းကြည့် ပေါက် တပေါက်ကို တွေ့ရတာမို့  အံ့သြသွားမိပါတယ်။    စစ်မေးသူက သူမကို သိပ်မကြည့်ဘဲ တချိန်လုံး အဲဒီအပေါက်ကိုသာ စိတ်ရောက်နေတာမို့  တယောက်ယောက် အဲဒီမှာ စောင့်ကြည့်နေတာ သေချာ နေပါတယ်။  စစ်မေးသူက (ဟိုလူကြားအောင်) အသံကိုမြှင့်ပြီး သူမဟာ  နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး စပိုင်လုပ်နေတာမို့ အပြစ်ရှိသူတယောက်ဖြစ်ကြောင်း၊ သူတို့မှာ သက်သေ အထောက်အထားတွေ  အများအပြား ရှိကြောင်း ပြောပါတယ်။
“ ဒါဆိုရင် အဲဒီသက်သေတွေကို အခု ထုတ်ပြလိုက်ပါ၊  ဘာကြောင့် အချိန်ကုန်ခံပြီး ကျွန်မကို မေးမြန်း စစ်ဆေး နေရတာပါလဲ”   လို့ သူမက တောင်းဆိုပါတယ်။  
”ကိုယ်တိုင်ဝန်ခံရင် သက်ညှာတဲ့ အပြစ်ဒဏ်ရမယ်၊ တခြားတယောက်ယောက်ရဲ့ အပြစ်ကိုဖွင့်ပြောရင် ဆုလာဘ်တောင် ရဦးမယ်” တဲ့။ အဖန်တရာတေနေပြီဖြစ်တဲ့ ချော့လုံးမြှူလုံးတွေ ဆိုတာ သူမ သိပါတယ်။
“ မရှိတဲ့အပြစ်ကို ရှိလာအောင်လုပ်ပြီး ၀န်ခံဖို့ရာ ကျမက မျက်လှည့်ဆရာလည်း မဟုတ်ပါဘူး”  
“ မင်းမှာ ၀န်ခံဖို့ အသင့်မဖြစ်ရင် ဘယ်နှစ်နှစ်ကြာကြာ၊ ငါတို့ စောင့်မယ်” တဲ့။  သူမကို ထောင်နဲ့ခြိမ်းခြောက်ခြင်းပါ။
“ အနှစ်တသန်းကြာလဲ မပြောင်းလဲပါဘူး။  လိမ်ပြောဖို့ထက် သေခြင်းကိုပဲ ရွေးချယ်မှာပါ”   ပြီးတော့ သူမက   စာအုပ်နီထဲက စာတပိုဒ်ကို အလွတ်ရွတ်ပြပါတယ် ..။  “ ပင်ပန်းခက်ခဲတာကို မကြောက်နဲ့၊ သေရမှာတောင် မကြောက်နဲ့ လို့ ဥက္ကဌကြီးမော်က ပြောခဲ့တယ် မဟုတ်လား”
 
မေးမြန်းသူဟာ “သက်သေရှိတယ်” လို့ လိမ်ညာပြောမိတဲ့အတွက်  စိတ်ဓါတ်ရေးရာမှာ သူမကို တပန်းရှုံးသလို ဖြစ်နေပါတယ်။ နောက်ထပ် အပြန်အလှန်ပြောကြရင်း သူမက “ အစိုးရဆီက တရားမျှတမှုကို ကျမ မျှော်လင့်နေပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။  အဲဒီအခါ မေးမြန်းသူက   “  တရားမျှတမှု ဟုတ်လား၊ မင်းကတော့ အိမ်တဆောင်မီးတပြောင်နဲ့ နွေးနွေးထွေးထွေးနေလို့၊ သူများတွေက  အအေးးဒဏ်ခံစားလို့  ဒါကိုရော တရားတယ်လို့ ထင်လို့လား” တဲ့။  နျန်ချန်းက ဒီလိုဖြေခဲ့ပါတယ်။
“ လူမှုဆိုင်ရာမျှတမှုနဲ့ ဥပဒေဆိုင်ရာမျှတမှုကို   ရှင် ရောထွေးနေပြီ။  ကျမနဲ့ ကျမခင်ပွန်းကတော့  လူထုအစိုးရဟာ တရုပ်ပြည်ထဲက ဆင်းရဲသားတွေ အအေးဒဏ်ကနေ လွတ်မြောက်အောင် တိုးတက်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့  ယုံကြည်တဲ့အတွက် ၁၉၄၉မှာ တိုင်ပေကို ထွက်မသွားဘဲ တရုပ်ပြည်မှာဘဲ နေရစ်ခဲ့တာပါ”
တခါတရံ သူမရဲ့အဖြေတွေက မေးမြန်းသူကို တခဏ ဆွံ့အ သွားစေပါတယ်။  သူကဆက်ပြီး မကြာခင်ရောက်လာတော့မဲ့ ဆောင်းရာသီနဲ့ တမျိုး၊ သမီးငယ်ရဲ့ရှေ့ရေး တွေနဲ့ ခြိမ်းခြောက်ပါတယ်။  သူမက ဘာမှမပြောပဲ နှုတ်ဆိတ်နေခဲ့ပါတယ်။   နောက်ဆုံးတော့ သူက မေးမြန်းခြင်းကို ရပ်နားပြီး သူမကို အသေးစိတ်ကိုယ်ရေးရာဇ၀င်နဲ့  “ကိုယ့်ကိုယ်ကိုယ်သုံးသပ်ချက်” တစောင်ကို ပြုစုဖို့ တာဝန်ပေးလိုက် ပါတယ်။  နောက်တကြိမ် စစ်တဲ့အခါ သူမရေးထားတဲ့ ကိုယ်ရေးရာဇ၀င်က ပြည့်စုံမှုမရှိဘူး လို့ သူတို့က ဆိုပါတယ်။  သူတို့က သူမ အရင်တိုန်းက သွားခဲ့တဲ့ နိုင်ငံခြားခရီးစဉ်တိုင်းရဲ့ ပြောခဲ့တဲ့စကားနဲ့ တွေ့ခဲ့တဲ့ လူတွေအားလုံးကို ချရေးသင့်တယ် လို့ဆိုပါတယ်။

------------------------------

ခရစ္စမတ်ညကတော့ ထူးခြားမှုတခု ဖြစ်ခဲ့ပါတယ်။  အကျဉ်းထောင်တနေရာကနေ တရုတ်ဘာသာနဲ့ စပ်ဆိုထားတဲ့  “ Silent Night ”  သီချင်းသံ ထွက်ပေါ်လာပါတယ်။  သီဆိုနေတဲ့ အကျဉ်းသူ အမျိုးသမီး ကလေးဟာ ပါရမီရှိတဲ့ အဆိုပညာရှင် တဦးဦးဖြစ်နိုင်ပါတယ်။  အသံကို ချိုချိုမြမြနဲ့  ပြေပြေပြစ်ပြစ်လေး သီဆိုလိုက်တာမို့  အကျဉ်းသူအားလုံး ငြိမ်သက်ရင်ခုန်စွာ နားဆင်နေခဲ့ကြပါတယ်။  သီချင်းလေးက  သာသာယာယာ အဆုံးသတ်သွားပါတယ်။  မကြာခင်ဘဲ အစောင့်တွေ အပြေးရောက်လာပါတယ်။  ”သီချင်းဆိုတာ ဘယ်သူလဲ၊ ဘယ်သူက စည်းကမ်းဖောက်တာလဲ” လို့ အလောတကြီး မေးကြပေမဲ့ တယောက်မှ အဖြေမပေးခဲ့ကြပါဘူး။

နှစ်သစ်ကူးပြီး နောက်ရက်အနည်းငယ်မှာတော့ ”အထူးကြေငြာချက်“ တရပ်ကို နားထောင်ရပါတယ်။  မော်စီတုန်းနဲ့အတူ   ၊ ချန်ချင်းပါဝင်တဲ့ “လေးဦးဂိုဏ်း”က ခေတ်နောက်ပြန်ဆွဲသူတွေကို ဖယ်ရှားပြီး အာဏာအရပ်ရပ်ကို ချူပ်ကိုင်လိုက်တဲ့ သတင်းပါ။

နောက်ရက်များမကြာခင်မှာဘဲ  သေဒဏ်ကျခံရမဲ့သူတွေ၊  တသက်တကျွန်းကျခံရမဲ့ လူစာရင်းအရှည်ကြီးကို ကြေငြာပြန်ပါတယ်။   တီးတိုးသတင်းတွေအရ  လူသိန်းသန်းချီပြီး   မြို့ပေါ်ကပညာတတ်အလုပ်တွေကို  စွန့်လွှတ်ကာ တောအရပ်က အလုပ်ကြမ်းစခန်းတွေကို သွားရောက်လုပ်ကိုင်စေတယ် လို့ သိရပါတယ်။

-------------------------

တခါတရံ သမီးကို တမ်းတစိတ်တွေက ထိန်းလို့မရ။ 
မဖြစ်နိုင်မှန်း သိပါလျက်နှင့် အစောင့်ကို တောင်းပန်ကြည့်သည်။   “ ကျမသမီးလေးကို ဒီအချူပ်ထဲ အတူတူ ခေါ်ထားလို့ ရနိုင်မလား”  လို့ တောင်းဆိုကြည့်မိသည်။  အဖြေက ရှင်းသည်။  “ မရဘူး၊ သူ့မှာက အပြစ်မှ မရှိတာ”
“ကျမကိုယ်တိုင်လည်း အပြစ်မရှိဘဲ ဒီကိုရောက်နေတာဘဲလေ”  
တုန့်ပြန်ချက်အဖြစ် အကျဉ်းခန်းတံခါးကို ၀ုန်းကနဲ ပိတ်သွားတာဘဲ ရရှိလိုက်သည်။

သူမ တရက်မှာ ကိုယ်ပူပြီးဖျားပါသည်။  အေးစိမ့်နေတဲ့ တန်းစီကွင်းကို အချိန်မီ မလျောက်နိုင်တဲ့အတွက် ရိုက်နှက်ခံရသည်။  ပျင်းတယ်လို့ စွပ်စွဲသည်။  တုန်ရီပြီး လဲကျမတတ်ဖြစ်နေတာကိုမြင်တဲ့အခါမှ ဆေးစစ်ခွင့် ရခဲ့သည်။   ကုသဆောင်မှာ တန်းစီနေသော လူမမာတွေ အမြားအပျားပင်။
“၁၈၀၆”
သူမ စစ်ရန်အလှည့်ဖြစ်သည်။ အ၀တ်အစားတွေ အကုန်ချွတ်ပြီး စစ်ရတာမျိုးဖြစ်သည်။  ပါးစပ်ထဲကို သာမိုမီတာ တချောင်းထည့်ပေးသည်။  ရင်ဘတ်ကို နားကြပ်ဖြင့်ထောက်သည်။
“အသည်းရောင် ရှိတယ် ထင်တယ်”  
ဆရာဝန်ဆိုသူက ဆိုပါတယ်။  တကယ်တော့ သူမရဲ့ ရောဂါဟာ အသည်းနဲ့ မဆက်စပ်မှန်း ဆေးပညာ အသိနည်းနည်းကလေးရှိရင်တောင် သိနိုင်ပါတယ်။  ဘာပဲပြောပြော အဲဒီနေ့ကတော့ ရေနွေးခွဲတမ်း ပိုရတဲ့အတွက် ရေနွေးပူပူကိုသောက်ရင်း နေသာထိုင်သာ တော်တော်ရှိသွားပါသည်။

-----------------------------------

အချူပ်ထောင်ရက်များအတွင်း နောက်ထပ် အကြိမ်ကြိမ် စစ်မေးမှုတွေအပြင် အဖွဲ့ဝင်တွေရဲ့ ၀ိုင်းဝန်း ထိုးကြိတ်နှိပ်စက်တာကိုပါ ခံခဲ့ရပါသေးတယ်။  သူတို့က သူမကို လက်နောက်ပြန် လက်ထိပ်ခတ် လိုက်ပါတယ်။  သူမဟာ ကူမင်တန်အစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း “၀န်ခံ” မှသာ ပြန်ဖြုတ်ပေးမယ် လို့ဆိုပါတယ်။ 

ရက်တွေ ကြာလာတာနဲ့အမျှ လက်ထိပ်က အနာတွေ အများကြီး  ဖြစ်လာပါတယ်။ အနာကနေ သွေးတွေ ပြည်တွေ ထွက်ပါတယ်။ လှူပ်ရှားတဲ့အခါတိုင်း ၊ အသည်းခိုက်အောင်နာကျင်ပါတယ်။  ဒီအနာတွေက သေရာပါ အမာရွတ်တွေကို မွေးဖွားပေးခဲ့ပါတယ်။  သူမရဲ့ တသက်တာမှာ အေးတဲ့ရာသီဥတုတိုင်း ကိုက်ခဲတတ်တဲ့ ဝေဒနာတွေ ချန်ထားပေးခဲ့မှာ ဖြစ်ပါတယ်။   အစားအစာကို လက်နဲ့စားလို့မရပါဘူး။  ရှင်သန်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူမဟာ အစာစားဖို့မဖြစ်မနေကြိုးစားပြီး တိရိစ္ဆာန်တကောင်လို ငုံ့ပြီး စားရပါတယ်။  ဒါကတော့ သူမရဲ့ မာကြောတဲ့  စိတ်ဓါတ်ကို ရိုက်ချိုးဖို့အတွကိ ကြီးမားတဲ့ ထိုးနှက်ချက်တရပ် ဖြစ်ပါတယ်။

သွားဖုံးတွေက သွေးယိုပေမဲ့ လိုအပ်တဲ့ဆေးကို မရပါဘူး။ အနာတွေကို ဖန်ရည်ဆေးကြောဖို့ ဆေးရည်တမျိုးမျိုး တောင်းဆိုပေမဲ့ မပေးခဲ့ပါဘူး။  တခါတရံကျတော့  ဒီ ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ အရှုပ်အတွေးကြီး ပြီးတဲ့အထိ သူမ အသက်ရှင်မှ ရှင်ပါ့မလားလို့ သံသယ ဖြစ်လာပါတယ်..။  




---------------------------

ဆက်ရန်  (နောက်ဆုံးပိုင်း)

Saturday 21 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )-၂

မနက်ကိုးနာရီကနေ  ၁၂နာရီကျော်အထိ အစည်းအဝေးက မစနိုင်သေး။  အစည်းအဝေးကို စောင့်ဆိုင်းနေသူတွေက အခန်းနှင့်အပြည့်။ ခုံတန်းလျားစုတ်ကလေးတွေမှာ ကြပ်ကြပ်ညပ်ညပ်ထိုင်ရင်း  ပူလောင်အိုက်စပ်မှုကို အသီးသီး ခံစားနေကြသည်။  မကြာမီ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။  သက်ဆိုင်သူတွေ ရောက်လာကြပြီထင့်။  ရှပ်လက်တိုနှင့် ချည်ဘောင်းဘီပွပွကို ပစ္စည်းမဲ့ လူတန်းစားအသွင် ၀တ်ဆင်ထားတဲ့ အမျိုးသားအများအပြား ၀င်လာကြသည်။ ရာထူးအကြီးဆုံးဖြစ်ဟန်တူသူက စကား စပြောပါတယ်။
“ရဲဘော်တို့၊ ကျူပ်တို့ရဲ့ ခေါင်းတောင်ကြီးမော်ဟာ ကြီးမြတ်တဲ့ ပစ္စည်းမဲ့ မဟာတော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွဲနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ဆိုရှယ်လစ်ဝါဒရဲ့ ရန်သူတော်တွေကို အထူးသတိထားကြရမယ်။ သူတို့ဟာ အပြုံးတုအပြုံးယောင်တွေကို ဆင်မြန်းပြီး အလံနီကို ပုံမှားရိုက် ကိုင်စွဲထားကြတယ်။  အဲဒီလူတွေကို သတိပြုမိအောင်လို့ ကျူပ်တို့အားလုံးဟာ ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ အတွေးအခေါ်တွေကို ဆည်းပူးလေ့လာနေရမယ်။ အသိပညာတွေကို ချွန်မြနေအောင် သွေးထားရမယ်။ @#$%!^^&** -----------------  နိုင်ငံခြားကုမ္မဏီတွေဟာ နယ်ချဲ့အရင်းရှင်တွေရဲ့ လက်ပါးစေတွေဆိုတာ ကျူပ်တို့အားလုံး သိကြတယ်။ သူတို့ဟာ တရုပ်လူမျိုးတွေကို ဆက်လက်ပြီး ဂုတ်သွေးစုပ်ချင်ကြတယ်။  ဒီလိုအခြေအနေတွေကို ကျူပ်တို့ လက်မခံနိုင်လို့ ဒီကောင်တွေကို မောင်းထုတ်ပြီး တံခါးပိတ်ထားလိုက်တာဖြစ်တယ်။  ဒီကုမ္မဏီတွေဟာ ကျူပ်တို့လူမျိုးတချို့ကို သိမ်းသွင်းပြီး အတွေးအခေါ် မှားယွင်းအောင် လုပ်ခဲ့ကြတယ်။  အဲဒီလိုလူမျိုးတွေကို ကျူပ်တို့က သဘောတရားရေး သင်တန်း အကြိမ်ကြိမ်ပေးတယ်။  အဲဒီလိုလုပ်ပေးပေမဲ့ သူ့ကိုယ်သူ မပြုပြင်တဲ့အဆုံးမှာ တခြားလူတွေက ကူညီတဲ့အနေနဲ့ ၀ိုင်းဝန်းဝေဖန်ပေးရမဲ့တာဝန်ရှိပါတယ်။  ဒီနေ့ကတော့ ရှဲလ်ရဲ့ အိမ်စောင့်ခွေး “တုံးဖန်”ကို ၀ိုင်းဝန်းဝေဖန်ကြဖို့ ဖြစ်ပါတယ်။................................. 
ထိုလူက ဆက်လက်၍ တုံးဖန်အပေါ် စွဲချက်များစွာကို ဖတ်ကြားပါသည်။  သူ့စွဲချက်များထဲတွင် ၁၈၄၅ခုနှစ်တွင် ဗြိတိသျှတို့ကျူးလွန်ခဲ့သည့် ဘိန်းစစ်ပွဲအကြောင်းကိုပင် မနေ့တနေ့ကလို ပြန်ပြောင်းပြောပြနေသေးသည်။   လွန်ခဲ့သော နှစ်ပေါင်း တရာကျော်က အပြစ်ရှိခဲ့သော တိုင်းပြည်တပြည်၏ စီးပွားရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မိသည့်အတွက် အခုအပြစ်ရှိသလိုဖြစ်နေသည်။ သူမ သိသလောက် တုံးဖန်သည် ရှဲလ်ကုမ္မဏီ၏ သာမာန်စာရင်းကိုင်တယောက်သာဖြစ်သည်။ သို့သော် ပရိသတ်ထဲက မည်သူတဦးတယောက်မှ ပြန်လှန်မေးခွန်ထုတ်တာမျိုး၊ အပြင်ကို ထသွားတာမျိုး မလုပ်ရဲကြပါ။  မွန်းလွဲ တနာရီခွဲအထိ စွဲချက်တွေက မဆုံးသေး။  နောက်ဆုံးတော့ ထိုဖတ်ကြားနေသူက မောပန်းလာသဖြင့် အစည်းအဝေးကို ရပ်နားလိုက်သည်။

နှစ်နာရီတွင် အစည်းအဝေး ပြန်စပါသည်။  အခန်းထဲမှာ တုံးဖန်ကို “ နွားဘီလူး နှင့် မြွေဝိဥာဉ်” တခါတရံ သစ္စာဖောက်အဖြစ် စွပ်စွဲခံရသူများကို “နွား” များဟုခေါ်ပြီး သူတို့ကိုာ “ နွားတင်းကုပ်” အမည်ရှိ အဆောက်အဦများတွင် ထိမ်းသိမ်းထားသည်။  တုံးဖန်ရဲ့ ပုံစံဟာ တော်တော်ပြောင်းလဲသွားတာပဲ  ဟု သူမတွေးမိသည်။  အရင် ရုံးတက်စဉ်ကဆိုရင် ယုံကြည်ချက်အပြည့်ရှိတဲ့ ပုံစံမျိုး၊  အခုတော့ သူ့ကို တစစီရိုက်ချိုးထားသလို ကြောက်ရွံ့ သိမ်ငယ်နေသည်။ စာတန်းရေးထိုးထားသော စက္ကူဦးထုပ်တလုံးကိုဆောင်းပြီး ထိုင်ခိုင်းထားတာ တွေ့ရသည်။  ထိုအသုံးအနှုန်းကို မော်စီတုံးက စပြီး ထွင်ခဲ့တာဖြစ်သည်။

အခန်းဒေါင့်က တယောက်ယောက်က မော်စီတုံးလက်စွဲ စာအုပ်နီကလေးကို ကိုင်လျက် အသံကျယ်ကျယ် အော်လိုက်သည်။   
“  တုံးဖန် ကျဆုံးပါစေ”
လူအများအပြားကလည်း  လိုက်ပါကြွေးကြော်ကြသည်မှာ မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။
“အရင်းရှင်နောက်လိုက်ခွေး တုံးဖန် ကျဆုံးပါစေ”
“နယ်ချဲ့တွေ ကျဆုံးပါစေ”
“ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ”
လူတိုင်းကိုင်ထားကြသည့် စာအုပ်နီကလေးကို အိမ်မှာ မေ့ကျန်ခဲ့သည့်အတွက် သူမကိုယ်သူမ အပြစ်တင် မိသည်။ အံ့သြစရာကောင်းသည်က တုံးဖန်ကိုယ်တိုင် လက်သီးတင်းတင်းဆုပ်ကာ သူ့ကိုယ်သူ ကျဆုံးပါစေဟု ၀င်ရောက်ကြွေးကြော် နေခြင်းပင်....။

------------------------------------

တုံးဖန်ကိစ္စက သူမကို ပူပင်သောကရောက်စေခဲ့ပါသည်။  သူမရဲ့ မိတ်ဆွေပညာတတ်အများအပြားပင် အပယ်ခံ၊ အညှင်းဆဲခံ၊ ဘ၀ဖြင့် နယ်စွန်နယ်ဖျားရောက်သွားသူတွေရှိသည်။  တချို့လည်း မခံနိုင်သည့်အဆုံး မိမိကိုယ်ကို သေကြောင်းကြံသွားကြသည်။  သူမ စိတ်အပူပင်ဆုံးမှာ သမီးကလေး မေပင်း အတွက်ဖြစ်သည်။  

တကယ်တော့ မေပင်းသည် ပြည့်စုံသည့် မိသားစုမှ ပေါက်ပွားခဲ့သော်ငြား၊  ဆင်းရဲသားတွေကို အလွန်စာနာကူညီတတ်သူဖြစ်ပါသည်။  သူမ ကျောင်းနေစဉ်ကာလကပင်  မိမိတက်လိုသော ကျောင်းအတွက် ၀င်ခွင့်အမှတ်ကို မြှင့်ထားသော စံနစ်နှင့်ကြုံခဲ့ရသည်။  ဆင်းရဲသားတွေက အိမ်အလုပ်လုပ်နေရလို့ ပျမ်းမျှအမှတ် ၆၀နှင့် ၀င်ခွင့်ရပေမဲ့ မေပင်းအတွက်က ၈၀  တဲ့။  သူမက စိတ်ဆိုးမိပေမဲ့ မေပင်းကတော့ ပြုံးပြုံးရယ်ရယ် ပင်။  “ရပါတယ် မေမေရယ်၊ သမီး ၈၀ ရအောင် ဖြေပေးပါမယ်” တဲ့။  သူမ တကယ်လလုပ်နိုင်ခဲ့ပါသည်။   ကျောင်းအားလပ်ချိန်များတွင် ကျောင်းလုပ်အားပေးကို မခိုမကပ် အလုပ်လုပ်သည့်အပြင် အတန်းဖေါ် ဆင်းရဲသား သူငယ်ချင်းများ၏ အိမ်တွင် လိုက်ပြီး အလုပ်ကူညီလုပ်ပေးသေးသည်။  “သူတို့ ဘ၀က သနားစရာပါ မေမေရယ်” တဲ့။  အိမ်မှ စားကောင်းသောက်ဖွယ်များ၊ အ၀တ်အထည်များကို ယူဆောင် ပေးကမ်းတတ်သေးသည်။  အဲဒီအထိ သူမ လက်ခံပါသည်။ မကန့်ကွက်ပါ။  သို့သော် သူငယ်ချင်းအိမ်က အ၀တ်ဟောင်းများကို သယ်ယူလာပြီး အိမ်မှ အစေခံများကို လျှော်ဖွပ်ခိုင်းသည်အထိ  မရွှေမေပင်းက လုပ်ဆောင်လာတော့ စိတ်တိုစွာ ကန့်ကွက်ခဲ့ရတော့သည်။  မေပင်းသည် တခါက  လူမမာအဒေါ်ကြီးတယောက်ကို ကိုယ်တိုင် လှေလှော်ပြီး တဖက်ကမ်းက ဆေးရုံကို ပို့ပေးခဲ့ဖူးသည်အထိ စိတ်ကောင်း စေတနာရှိသူကလေးဖြစ်သည်။  သူမ အထက်တန်းကျောင်းပြီးတော့ ဘာဆက်လုပ်ချင်သလဲလို့  လွပ်လွပ်လပ်လပ် ရွေးချယ်စေခဲ့တော့ အနုပညာ တက္ကသိုလ်ကို ရွေးလိုသည်တဲ့။  သူမက ငယ်ငယ်ထဲက ဂီတကိုမွေ့လျော်သည်။  နောက်ပြီး သရုပ်ဆောင် မင်းသမီးတယောက် ဖြစ်လာမည်ဟုလည်း ယုံကြည်ပါသတဲ့။ မေပင်းက ရွယ်တူလူငယ်တွေနဲ့လည်း အလိုက်သင့် နေတတ်သည်။  လှုံ့ဆော်ရေးပိုစတာရေးဖို့ အတွက် ညဉ့်နက်သန်းခေါင် လုပ်အားပေးသည်။  အိမ်ပြန်ရောက်လာတိုင်း သူမလက်မှာ မင်မည်းမည်းတွေ အပြည့် စွန်းထင်းနေလေ့ရှိသည်။

အခုထိ မေပင်းအတွက် ပူပင်စရာမရှိသေး။  သို့သော်  ပူပန်စရာတခုရှိသည်က မေပင်းတို့ရဲ့ အနုပညာအကယ်ဒမီကျောင်းကို ဦးစီးသူက မော်စီတုံးရဲ့ မဟေသီ   ပြဇာတ်မင်းသမီးတဖြစ်လဲ မဒမ်ချန်ချင်း ဖြစ်နေခြင်းပင်။  သူမကိုယ်သူမ မော်စီတုံးရဲ့ ကိုယ်ရေးအရာရှိ၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ထားသော မဒမ်ချန်ချင်းသည်  အာဏာကို မက်မောပြီး သူမဖြစ်ချင်သလို နိုင်ငံရေးကို အကွက်ချကာ ကြိုးကိုင် ကစားတတ်သူတယောက် ဖြစ်လေသည်။

----------------------------------
 
တခါက မော်စီတုံးက ကြေငြာသည်။  တရုတ်ပြည်ရဲ့ ၃ရာနှုန်းမှ ငါးရာနှုန်းအတွင်းဟာ ဆိုရှယ်လစ်ဝါဒရဲ့ ရန်သူတွေပါ - တဲ့။  အဲဒီနောက်မှာတော့   ရုံးတိုင်း၊ ကျောင်းတိုင်း၊ အဖွဲ့အစည်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၃-၅%ကို သံသယနဲ့ ဖမ်းဆီးစစ်မေးပြီး တချို့ကိုထောင်ချ၊ တချို့ကို အလုပ်ကြမ်းစခန်းတွေဆီ ပို့လိုက်ကြတော့သည်။

----------------------------------

ထိုတနေ့ကိုတော့ သူမ (နျှန်ချန်း)  ဘယ်တော့မှ မမေ့နိုင်ပါ။
တပ်နီလူငယ်တွေ သူမအိမ်ထဲကို စီးနင်းဝင်ရောက်ကာ မွှေနှောက်ရှာဖွေကြသည်။   အဖိုးတန် ပစ္စည်းမှန်သမျှကို စောင်တထည်ပေါ်စုပုံထားကြသည်။   ရွှေငွေ လက်ဝတ်ရတနာ နာရီ  ကင်မရာ စသည်ဖြင့်။ ဒီအထိ သူမ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်။  အိမ်ဖေါ်အားလုံးကိုလည်း သည်းခံ စောင့်ကြည့်ဖို့မှာထားသည်။  သို့သော်-  ရှေးဟောင်းလက်ရာ ကြွေထည် ပစ္စည်းတွေ၊ ပန်းချီကားတွေကို ရိုက်ခွဲပစ်တာမျိုးကိုတော့ သူမ မခံစားနိုင်။   ဒီပစ္စည်းတွေက  ဘယ်တော့မှ ပြန်အစားမရတော့မဲ့ ရှေးဟောင်းအမွေအနှစ်တွေမို့  ရှန်ဟိုင်းသမိုင်းပြတိုက်ကို ပို့ပေးဖို့ တောင်းပန်ပေမဲ့ သူတို့က လက်မခံပါ။  ဒါက သမိုင်းအဟောင်းတွေ၊  ငါတို့ မလိုဘူး၊ သမိုင်းသစ်ကိုသာ ရေးရမှာ ... တဲ့။  သူမရဲ့ စာအုပ်တွေအားလုံးကို အိမ်ရှေ့ မြက်ခင်းပြင်ပေါ်မှာ စုပုံပြီး မီးရှို့လိုက်ကြသည်။ သူမရင်မှာ နာကျင်ကြေကွဲမှုများနဲ့  မွန်းကြပ်လို့ နေသည်။

သူမအပေါ်စွဲချက်က အရင်းရှင်ရဲ့ လက်ကိုင်တုတ် တဲ့။  အနောက်တိုင်းဝါဒကို ခုံမင်သူ တဲ့။ 
အိမ်ထဲမှာ တပ်နီလူငယ်တွေ တပ်စွဲထားကြသည်။   အိမ်ရှင်တွေကို မီးဖိုချောင်မှာသာ နေစေပြီး တအိမ်လုံး ထင်တိုင်းကြဲကာ ဖျက်ဆီးကြသည်။ အခုနေ အိမ်မှာ သမီးကလေး မေပင်း ရှိမနေတာကိုပင် ကျေးဇူးတင်နေမိတော့သည်။  လူယုံတော် လောင်ချောင်ကတဆင့် လူလွှတ်ပြီး မေပင်းကို အိမ်ပြန်မလာဖို့ မှာလိုက်သည်။

သူမကို အကြိမ်ကြိမ်စစ်မေးကြသည်။  ရှဲလ်ကုမ္မဏီအတွက် ဘာတွေလုပ်ပေးခဲ့ရသလဲ။   ၀န်ခံပါ၊၀န်ခံပါ၊၀န်ခံပါ တဲ့။   သူမရဲ့အဖြေက မပြောင်းလဲ။
“ကျမ  တရုတ်ပြည်ကိုထိခိုက်နစ်နာဖို့ရာ ဘယ်တုန်းကမှာ ဘာတခုမှ အမှားမလုပ်ခဲ့ဘူး”
လူတော်တော်များများ စစ်မေးသူတွေရဲ့ ဖိအားကိုမခံနိုင်လို့ နောက်ဆုံးမှာ မှားယွင်းဝန်ခံချက်တွေ ပေးခဲ့ကြတာကို သူမ သိနေသည်။  အဲဒီလိုမဖြစ်စေရဘူးလို့ စိတ်ကိုတင်းထားသည်။  အမှန်တရားကိုဘဲ ဆုပ်ကိုင်ထားစမ်းလို့  ကိုယ့်ကိုယ်ကို သတိပေးသည်။   ( နောက်ပိုင်းမှ ပြန်သိရတာက သူမသမီး မေပင်းကို အမေဖြစ်သူကို ရှုံ့ချဖို့ ဖိအားတွေ အကြိမ်ကြိမ်ပေးခဲ့သည်  - တဲ့။  မေပင်းက လက်မခံလို့  စစ်မေးမှုတွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်- တဲ့)။  ဖြေဆိုရလွန်းလို့ သူမ ကိုယ်ရော စိတ်ပါ မောပန်းနွမ်းနယ် နေပါပြီ။

နောက်ဆုံးတော့ ဂျစ်ကားလေးတစီး အိမ်ရှေ့ကို ထိုးဆိုက်လာပြီး သူမကို တနေရာ ခေါ်ဆောင်သွားတော့သည်။  ည ကိုးနာရီမို့ အပြင်မှာ မှောင်လို့ မည်းလို့။  ကားက အမှတ်(၁) ထိမ်းသိမ်းရေးစခန်း ရှေ့မှာ ထိုးဆိုက်သည်။   အလင်းရောင်မှန်ပြပြနဲ့ လမ်းကျဉ်းလေးကနေတဆင့် အခန်းတခုထဲကို လိုက်သွားရသည်။  အထဲမှာတော့  လူတဦးက စားပွဲမှာထိုင်ပြီး  မီးသီးနီကျင်ကျင်အောက်မှာ လေးလေးကန်ကန် စာရင်းဖြည့်သွင်းနေသည်။  သူစာရေးတာကို ကြည့်ခြင်းအားဖြင့် စာကောင်းကောင်း ရေးတတ်ဖတ်တတ်သူမဟုတ်မှန်း သိသာနေသည်။   မော်အစိုးရလက်ထက်မှာ စာတတ်ဖို့ထက် ယုံကြည်စိတ်ချရတဲ့ ကိုယ့်ဖက်သားဖြစ်ဖို့က အဓိကပင်။ လူရွယ်တယောက်က ကင်မရာတလုံးကိုယူပြီး သူမကို ဒေါင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်သည်။  သူမကို စာရွက်တရွက် ကမ်းပေးပြီး ဖတ်စေသည်။  အကျဉ်းထောင် စည်းကမ်းများ။
“ကဲ  -သွားတော့”  “ ဒီနေ့ကစပြီး နာမည် မသုံးရဘူး၊ ခင်ဗျား နံပါတ်က ၁၈၀၆၊   တန်းစီးက ၁၈၀၆ လို့ ခေါ်ရင် ထူးရမယ်”
ညစ်ပတ်ပေရေနေသော အခန်းကျဉ်းကလေးတခုထဲမှာ နေရာချပေးခံရသည်။
“ကျမ တာဝန်ရှိသူနဲ့ တွေ့ချင်တယ်၊ တကယ်တော့ ကျမကို အပြစ်မရှိဘဲ မှားယွင်းဖမ်းဆီးတာ ရှင်းပြချင်ပါတယ်”
“ ဘာမှ စကားမရှည်ပါနဲ့၊  အပြစ်မရှိဘဲ ဒီကိုမရောက်ဖူး၊   ဒီကိုလာတဲ့သူတိုင်း အပြစ်သားချည်းပဲ မှတ်ထား”  အစောင့် အမျိုးသမီးက ငေါက်ငမ်းသည်။

နောက်ဆုံးတော့ ကုတင်ပေါ်မှာ လဲလျောင်းရင်း ညစ်ပတ်နေတဲ့ နံရံတွေကို မမြင်ရအောင် မျက်လုံးမှိတ်ထားလိုက်သည်။ အခန်းထဲက စိုထိုင်းတဲ့ အောက်သိုးသိုးအနံ့တွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားလိုက်သည်။  ဆာဆာလောင်လောင် ၀ိုင်းကိုက်ကြတဲ့ ခြင်တွေကို တဖြတ်ဖြတ်ပုတ်ခါရင်း အတွေးနယ်ချဲ့လိုက်မိသည်။  အခုဆို သမီးလေး  မေပင်း ဘယ်လို အခက်အခဲတွေများ ရင်ဆိုင်နေရပါလိမ့်။ 

သူမကိုယ်တိုင်ပင် အမည်နာမ သတ်သတ်မှတ်မှတ်ရှိတဲ့ လူသားတယောက် မဟုတ်တော့။
သြော်-   ၁၈၀၆  တဲ့လား။

------------------------------

ဆက်ရန်

Friday 20 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )- ၁


LIFE AND DEATH IN SHANGHAI ( 1986, 1995)
Author- NIEN CHENG
Flamingo Press, London 
ကျက်သရေရှိစွာလှပသည် ။ ဥာဏ်ပညာထက်မြက်သည်။ သတ္တိရှိသည်။ ဂုဏ်ပုဒ်သုံးခုလုံးနဲ့ပြည့်စုံတဲ့  Nien Cheng အမည်ရှိ ရှန်ဟိုင်းသူ အမျိုးသမီးကြီးတယောက်ရဲ့ ဇာတ်ကြောင်းပါ။ ပိုင်ဆိုင်သမျှတွေ လုယက်ဖျက်ဆီးခံရ၊ အကျဉ်းထောင်ထဲမှာ  နှစ်အတော်ကြာကြာထိမ်းသိမ်းခံရ။ စစ်ကြောမေးမြန်းခံရ၊ တဦးတည်းသော ဖတဆိုး သမီးကလေး အသတ်ခံရတဲ့အထိ ဆင်းရဲဒုက္ခတွေကို အလံမလှဲစတမ်း ကြံ့ကြံ့ခံပြီး သူမရဲ့  အမှန်တရားကို သွေဖည်ပြီး မဟုတ်မမှန် ၀န်ခံထွက်ဆိုဖို့ ငြင်းဆန်ခဲ့သူ။ ကြမ်းတမ်းခက်ခဲတဲ့ ထောင်ခရီးကို  အကြိမ်ကြိမ်လဲကျပေမဲ့ အကြိမ်ကြိမ်ပြန်ထဖို့ အားမာန်တင်းခဲ့သူ။ သူမရဲ့ အချက်ကျကျ အဖြေတွေ၊ ပြန်လှန်မေးခွန်းတွေက စစ်ဆေးသူတွေ၊ ထောင်အာဏာပိုင်တွေကို အကြပ်ရိုက်၊ ချောင်ပိတ်မိစေခဲ့သူ။ ထောင်ကထွက်လာချိန်မှာ သမီးငယ်နဲ့ ပြန်မဆုံရ။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားပါတယ်လို့ အပြောခံရတဲ့ သမီးလေးရဲ့ နောက်ဆုံးအချိန် ဖြစ်ရပ်မှန်တွေကို  မရရအောင် ဖေါ်ထုတ်ခဲ့သူ။ စိတ်ဝင်စားဖွယ်ရာ ဒီဇာတ်ကြောင်းကို သူမကိုယ်တိုင် ပြန်လည် ရေးသားခဲ့တာဖြစ်သည်။

--------------------------------

အချိန်က ၁၉၆၆ခုနှစ်။  မဟာယဉ်ကျေးမှုတော်လှန်ရေးကြီး (Cultural Revolution)ရဲ့ အထွတ်အထိပ်ကာလ။ မော်စီတုန်းရဲ့ မြှောက်စားမှုနဲ့ တပ်နီ Red Guard  လူငယ်တွေ သွေးကြွကာ  ပစ္စည်းမဲ့တော်လှန်ရေးကြီးကို အင်တိုက်အားတိုက် ဖေါ်ဆောင်လှုပ်ရှားနေကြသည်။ ငွေကြေးပြည့်စုံသူတွေ၊ ပညာတတ်တွေ၊  အကြောင်းပြချက် တစုံတရာမရှိဘဲ  မယုံသင်္ကာခံရသူတွေကို အပြင်းအထန် နှိပ်ကွပ်နေကြချိန်။  မော်စီတုန်းရဲ့ ကတော် မဒမ်ချန်ချင်းအပါအ၀င် လေးဦးဂိုဏ်း (  Gang of Four ) က တန်ခိုးထက်နေချိန်။

ပူနွေးတဲ့ ဂျူလိုင်လရဲ့ ညချမ်းတခုမှာ Nien Cheng တယောက် စာကြည့်ခန်းထဲမှာ တကိုယ်တည်း ထိုင်လျက်ရှိနေသည်။ အအေးဖန်ခွက်ထဲက ရေခဲတုံးကလေးတွေပင် ပျော်ဝင်လုလု။ စာကြည့် စားပွဲစွန်းပေါ်က ကြွေသားဖန်အိုးထဲမှာစိုက်ထားတဲ့ ကာနေရှင်း ပန်းအဖြူကလေးတွေ ခေါင်းငိုက် ကျနေပေပြီ။  စာကြည့်စားပွဲရဲ့ တဖက်စွန်းမှာ အင်္ဂလိပ်နဲ့ တရုပ်စာအုပ် အများအပြားကို သပ်သပ်ရပ်ရပ်စီထားတဲ့ စာအုပ်စင်တွေရှိသည်။   သူမလက်ထဲက သတင်းစာကိုဖတ်ပြီး သက်ပြင်းတချက်ချလိုက်သည်။  ဒီ ဆောင်းပါး အရေးအသားတွေကို ဖတ်နေကျမို့  ရှေ့ဆက်ဘာတွေ ဖြစ်လာတော့မလဲဆိုတာ သူမ ကောင်းကောင်း သဘောပေါက်သည်။  မော်အစိုးရအနေနဲ့  ရှုံ့ချမှု တစုံတရာကို သတင်းစာထဲမှာ ဝေေ၀ဆာဆာ ဆောင်းပါးဖေါ်ပြပြီးပါက  လူဖမ်းပွဲ တခုခုကို ပြုလုပ်လေ့ရှိသည်။  ၀ါဒရေးရာ မတူညီသူတွေ၊ အစိုးရအဖွှဲုအတွင်း အားပြိုင်မှုတွေ၊ နောက်ပြီး အရင်းရှင်လို့ သူတို့ သတ်မှတ်ထားသူတွေ။  ဒီတခါရော ဘယ်သူတွေ ပါဦးမလဲ။

အတွေးမှာ မြောနေရာက အပူရှိန်ကြောင့် သူမ ကျောပြင်မှာ ချွေးတွေ စို့သီးလာတာကို သတိထားမိသည်။  အ၀တ်လဲဖို့ အိပ်ခန်းထဲကို ကူးလာခဲ့သည်။ အိပ်ယာဘေးက ဘီရိုပုလေးပေါ်မှာ အိမ်တော်ထိမ်း Lao Chao တင်ထားတဲ့ လက်ဖက်ရည်အေး ဓါတ်ဘူးကလေးကို ငှဲ့သောက်ရင်း  မျက်လုံးကို ဟိုဟိုဒီဒီဝေ့ရာက စားပွဲစွန်းက ခင်ပွန်းသည်ရဲ့ ဓါတ်ပုံကို သွားမြင်လိုက်သည်။  သူဆုံးခဲ့တာ ကြာပါပကော။  သူ့ခွဲခွာသွားတဲ့နေ့ကလိုဘဲ   နာကျင်ခံစားမှုတွေက နှလုံးအိမ်ထဲမှာ အခုအထိ ရှိနေတုန်းပဲဖြစ်သည်။ သူ့ကိုတွေးမိတိုင်း သူမတယောက်တည်း အထီးကျန်ခံစားချက်တွေ အသစ်တဖန်ဖြစ်လာမြဲပင်။  အခုလို တိုင်းရေးပြည်ရေး ရှုပ်ထွေးပွေလီနေချိန်မှာ အားကိုးစရာ တိုင်ပင်စရာ အဖေါ်မွန် သူရှိနေရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။
Nien Cheng နဲ့ သူမရဲ့ခင်ပွန်းလောင်း တို့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်တုန်းက လန်ဒန် London School of Economics မှာ ပညာသင်ရင်းတွေ့ခဲ့ကြတာဖြစ်သည်။ အဲဒီတုန်းက သူမက အသက် နှစ်ဆယ်။  ၁၉၃၈ခုနှစ်အရောက်၊ သူမရဲ့ ချစ်သူ Ph.D ပြီးတာနဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။  ခင်ပွန်းသည်က သံတမန် တယောက်အဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၄၈အထိ သြစတေးလျမှာ တာဝန်ကျခဲ့သည်။ ကူမင်တန် အစိုးရကို ဖြုတ်ချပြီး ကွန်မြူနစ်အစိုးရ တက်လာချိန်မှာလည်း သူက နိုင်ငံခြားရေးဌာနမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ရသေးသည်။ နောက်တနှစ်အကြာမှာတော့ လန်ဒန်အခြေစိုက် Shell ရေနံကုမ္မဏီရဲ့ ရှန်ဟိုင်းရုံးခွဲမှာ General Manager အဖြစ်တာဝန်ထမ်းဆောင်ဖို့ရန်အတွက် အစိုးရတာဝန်မှ အနားယူခဲ့သည်။  ၁၉၅၇ မှာတော့ ကင်ဆာရောဂါနဲ့ ခင်ပွန်းသည် ကွယ်လွန်ခဲ့တော့သည်။ Shell ကုမ္မဏီက ခင်ပွန်းသည်ရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ နိုင်ငံခြားသား မန်နေဂျာကို ကူညီဖို့ လက်ထောက်အကြံပေးအအရာရှိအဖြစ် သူမကို ကမ်းလှမ်းခဲ့သည်။ ဒါကလည်း သူမရဲ့ ပညာအရည်အချင်း၊ လိမ္မာပါးနပ်မှုနဲ့ ညှိနှိုင်းမှု စွမ်းရည်တွေကြောင့် ဖြစ်သည်။  သူမဟာ ၁၉၆၆ခုနှစ် နွေဦးရာသီ၊  ရှန်ဟိုင်းကနေ Shell ကုမ္မဏီ ပိတ်သိမ်းချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမဟာ ရှန်ဟိုင်းမှာ နာမည်ကြီး ကုမ္မဏီတခုရဲ့ ရာထူးကြီးကြီးပိုင်ဆိုင်သော တဦးတည်းသော မိန်းမသားဖြစ်ပါသည်။ မော်အစိုးရရဲ့ လက်ထက်မှာ  ကုမ္မဏီက ခက်ခက်ခဲခဲ ရပ်တည်ကျန်နေခဲ့တဲ့  နောက်ဆုံး နိုင်ငံခြားကုမ္မဏီဖြစ်သည်။  ကုမ္မဏီပိတ်သိမ်းချိန်မှာ ၀န်ထမ်းနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို အစိုးရလက်ထဲ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ကုမ္မဏီနှင့် အစိုးရရုံးပိုင်းဆက်ဆံရေး၊  ကုမ္မဏီနှင့်ဝန်ထမ်း အပေးအယူ လုပ်ငန်းစဉ်တွေအားလုံးကို စာချူပ်တစ်ရပ် ချူပ်ဆိုပြီးစီ်းသည်အထိ  သူမက ဦးဆောင် လုပ်ကိုင်ပေးခဲ့ရပါသည်။  အခုတော့ ကုမ္မဏီ ကိစ္စတွေ အနားရပြီမို့  ရုပ်ရှင်စတူဒီယိုမှာ သရုပ်ဆောင် အလုပ်လုပ်နေတဲ့ ချစ်သမီးလေး ” မေပင်း” အားတဲ့ရက်တွေမှာ အတူတူ  ဟောင်ကောင်ကို အနားယူ အလည်အပတ်ထွက်ရင် ကောင်းလေမလားလို့  တဆက်တည်း တွေးမိသွားသည်။ ဒါပေမဲ့လည်း အခုအချိန်မှာ နိုင်ငံခြားထွက်ဖို့ မလွယ်လောက်သေးပါဘူးလေ၊ နို့မို့ အငြင်းခံစာရင်းထဲပါသွားရင် နောက်ပိုင်းတွေ ပိုခက်ခဲလာနိုင်တယ်။  ဒီ အရှုပ်အတွေးတွေ နည်းနည်း ငြိမ်သွားမှ သွားပါတော့မယ် လို့ ဆုံးဖြတ်လိုက်သည်။


  လက်ဖက်ရည်အေးအေးကြောင့်လားမသိ၊ ကုတင်ပေါ်မှာ လဲလျောင်းနေရာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ လက်မောင်းကို ဖွဖွလေးထိတွေ့၊ ခေါ်သံသဲ့သဲ့ကြောင့် နိုးလာခဲ့ရသည်။  လူယုံတော် ချင်းမာ ပေဘဲ။ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ခြောက်နာရီခွဲသာ ရှိသေးသည်။
“အောက်မှာ ”ချီ”ရောက်နေပါတယ်- ရှင့်။  သခင်မနဲ့ တွေ့ချင်လို့ပါတဲ့”
” ဘယ်သူပါသေးလဲ ၊ ချင်းမာ”
” ပိန်ပိန်ရှည်ရှည် လူတယောက်ပါဘဲ၊  တပ်နီထဲကထင်ပါတယ်။  သူတို့ အပြုအမူတွေကလည်း တော်တော်ထူးဆန်းပါတယ်။ အရင်ကလို ခန်းမထဲကနေမစောင့်ဘဲ  ဧည့်ခန်းဆောင်ထဲကို တန်းဝင်လာပြီး ဆိုဖာပေါ် တန်းထိုင်ပါတယ်။  ဘာအကြောင်းကြောင့် တွေ့ချင်တယ်ဆိုတာလည်း မပြောပါဘူး”
”ကောင်းပြီလေ၊ ခဏနေရင် ဆင်းလာမယ်လို့ ပြောလိုက်ပါ- ချင်းမာ”
  အလုပ်သမားသမဂ္ဂကများလား။ သံသယအတွေးတွေနဲ့ သူမ မျက်နှာသစ်ပြီး၊ အ၀တ်လဲလိုက်သည်။ အ၀တ်ကို ဖြေးဖြေးချင်းလဲတာက ဖြစ်နိုင်ခြေတွေကို တွေးဖို့အချိန်ယူနေတာဖြစ်သည်။  အာဏာပိုင်တွေက သဘောတရားရေးသင်တန်းတက်ခိုင်းဖို့လည်း ဖြစ်နိုင်သည်။  များသောအားဖြင်းကြိုပြောလေ့မရှိ။  သူတို့ဘက်က အမြင်ကတော့ လူတိုင်းဟာ ဒီလိုသင်တန်းမျိုးတက်ဖို့ ဆင့်ခေါ်ရင် လက်ထဲကအလုပ်ကို လွှတ်ချပြီး ချက်ချင်းလာရမယ်လို့  မှတ်ယူထားတတ်ကြသည်။

ခဏအတွင်းမှာ တံခါးခေါက်သံ ကြားရပြန်သည်။
“ သူတို့က သခင်မကို မြန်မြန် ဆင်းလာပါ -တဲ့”
” ကောင်းပြီ- လောင်ချောင်။ သူတို့ကို အအေးနဲ့ စီးကရက် ဧည့်ခံထားလိုက်ပါ”
သူမက  ရှန်ဟိုင်းမြို့က အမျိုးသမီးတွေ အပြင်ထွက်ရင် ၀တ်လေ့ရှိတဲ့ ချည်ထည်ရှပ်အဖြူ၊ မီးခိုးရောင် ဘောင်းဘီပွနဲ့  ညှပ်ဖိနပ်အနက်ကိုစီးပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

--------------------------------

ဧည့်ခန်းထဲမှာ ရှဲလ် ကုမ္မဏီရဲ့ ၀န်ထမ်းဟောင်း ”ချီ”နဲ့ အခြားလူတယောက်ထိုင်နေသည်။  သူတို့ရှေ့က လိမ္မော်ရည်ခွက်တွေက အရာမယွင်းဘဲ ရှိနေသည်။  သူမကိုမြင်တော့ ချီက အကျင့်ပါနေသလို ထိုင်နေရာက မတ်တတ်ရပ်ပြီး နှုတ်ဆက်ဖို့ပြင်သည်။  ဒါပေမဲ့ တဖက်လူက ထိုင်မြဲထိုင်နေတာမြင်တော့ သတိပြန်ဝင်သွားသလို မျက်နှာရဲကနဲဖြစ်ပြီး ပြန်ထိုင်သွားသည်။  သူမက မသိဟန်ဆောင်ပြီး နှုတ်ဆက်လိုက်သည်။
”စောစောစီးစီးပါလား - ချီ၊ ဘာကိစ္စများ ရှိနေလို့လဲ”
”ကျူပ်တို့ အစည်းအဝေးလာဖိတ်တာပါ” - ချီက ပြန်ဖြေသည်။
”  ခင်ဗျားက သိပ်နှေးလွန်းတော့ အစည်းအဝေးနောက်ကျတော့မှာပဲ” - လူစိမ်းက ငေါက်ငမ်းသည်။
” ဘာအစည်းအဝေးလဲဟင် ၊ ဘယ်သူက တို့ကို ဖိတ်ခိုင်းတာတဲ့လဲ”
“ ခင်ဗျားသိပ်အမေးအမြန်းထူမနေနဲ့။  ရှဲလ် ၀န်ထမ်းဟောင်းတိုင်းတက်ရမဲ့အစည်းအဝေးပဲ ။  ကျူပ်တို့ ဖိတ်ရမဲ့ အခွင့်အာဏာမရှိဘဲ မလာဘူး။ ဒီအစည်းအဝေးက သိပ်အရေးကြီးတယ်။ ဒါနဲ့ ကျူပ်တို့ နိုင်ငံမှာ မဟာယဉ်ကျေးမှုတော်လှန်ရေးကြီး စ နေပြီဆိုတာ ခင်ဗျားမသိဘူးလား”   တက်ကြွသူ လူစိမ်းက အလောတကြီး ၀င်ပြောပြန်သည်။
”ယဉ်ကျေးမှုတော်လှန်ရေးဆိုတော့ တို့ရဲ့ ရှဲလ်လို စီးပွားရေးကုမ္မဏီနဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ”
”ဥက္ကဌကြီးမော်က လူတိုင်းလူတိုင်းပါဝင်ဖို့ လမ်းညွှန်ထားပါတယ်”  ချီက  ၀င်ဖြေသည်။
ချီရော ကိုလူစိမ်းပါ စိတ်မရှည်စွာ ထ ရပ်လိုက်ကြသည်။
သူမလည်း  ထီးအပြာလေးနဲ့  လက်ကိုင်အိတ်ကို အသာကောက်ယူလိုက်သည်။
“ငါ  နေ့လည်စာအမီ ပြန်လာခဲ့မှာပါ - ချင်းမာ”
မျက်နှာ မသာယာတဲ့ အိမ်ဖေါ်တွေကို နှုတ်ဆက်သည်။ 
အဲဒီတုန်းကတော့ သူမဘ၀ရဲ့ ပုံမှန်ဘ၀ ပုံမှန်နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်ဆိုတာ ဘယ်သိခဲ့ပါမလဲ..။

--------------------------------

ဆက်ရန်