Thursday 11 March 2010

နိုင်ငံတကာ အမျိုးသမီးများနေ့ ရုပ်ပုံလွှာ


ဒီပို့စ်ကို မတ်လ ၈ ရက်နေ့ ( နိုင်ငံတကာ အမျိုးသမီးများနေ့) ကို အမှတ်တရအဖြစ်ရေးပါတယ်။  ကျွန်မတို့ အဘွားတွေ၊ အမေတွေ၊ အစ်မတွေ၊ ညီမတွေအားလုံးကို ဂုဏ်ပြုအားသစ်လောင်းထားတဲ့ နေ့လေးတစ်နေ့မို့ လေးစားတန်ဖိုးထားမိပါတယ်။  တကယ်တော့ ကမ္ဘာအရပ်ရပ်က ခွဲခြားဖိနှိပ်ဆက်ဆံခံနေရတဲ့ မိန်းမသားထုအများစုကြီးအတွက် မီးမောင်းထိုးပြတဲ့နေ့ဟာ ဒီနေ့ဆိုရင် မှားမယ်မထင်ပါဘူး..။  နိုင်ငံတကာ အမျိုးသမီးများနေ့က ၁၉၇၅မှာ ကုလသမဂ္ဂက စတင်သတ်မှတ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်လေးက " Equal Right, Equal Opportunities: Progress for All"  " အခွင့်အရေးတူတူ၊ အခွင့်အလန်းတူ၊ အောင်မြင်အတူတကွ၊ ကျားနှင့် မ "  တဲ့...။


ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ.....ရှေးရှေးက....
- ခြေလက်တွေကို ချိုးပြီး သိမ်အောင်ကြပ်စည်းခံခဲ့ရတယ် (တရုတ်) ရည်ရွယ်ချက်က အိမ်အလုပ်ကို ကျွန်လို လုပ်ကြရတဲ့ ချွေးမတွေ၊ဇနီးမယားတွေ အိမ်က ထွက်ပြေးမှာ စိုးလို့ပါ...
- မဟာရာဇာရဲ့ ဇနီးတွေဟာ သူ့ခင်ပွန်းသေဆုံးတာနဲ့ သူလည်းပဲ မီးပုံထဲခုန်ချ သေဆုံးစေတဲ့ ထုံးတမ်းတွေ ရှိခဲ့တယ်  (အိန္ဒိယ) ရည်ရွယ်ချက်က ခင်ပွန်းရဲ့ပိုင်ဆိုင်မှူတွေကို ဆွေမျိုးတစ်စုက အပိုင်စီးချင်လို့ပါ...
- ၁၉၃၀အထိ မဲပေးခွင့်မရှိဘူး (အမေရိက) အမျိုးသမီးတွေကို လူမှူရေး နိုင်ငံရေး နားမလည်ဘူးလို့ သတ်မှတ်ထားပုံပါပဲ..
- (ကန်တော့ပါရဲ့)  မွေးကင်းစမိန်းကလေးငယ်လေးတွေရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပြီး၊ မိန်းမကိုယ်ကို သေးငယ်အောင်ပြုပြင်ချူပ်လုပ်မှုတွေကြောင့် ပိုးဝင်သေဆုံးမှုတွေ မရေမတွက်နိုင်သလို ဘ၀တစ်လျောက်လုံးနာကျင်ခံစားရတာတွေ ကြုံခဲ့တယ် (အာဖရိက) ဒီရည်ရွယ်ချက်တော့ မပြောပါရစေနဲ့တော့ ..ကိုယ့်ဖာသာတွေးသာကြည့်ပါတော့နော်....
ဒါတွေကတော့ များပြားလှသော ဖိနှိပ်ဆက်ဆံခံရမှူတွေထဲက နမူနာ တစ်ချို့တစ်လေသာ ဖြစ်ပါတယ်။


ဒီနေ့ဒီအချိန်မှာ အထက်ပါဖြစ်ရပ်မျိုးတွေ နည်းပါးလာပြီဆိုပေမဲ့ အောက်ပါဖြစ်ရပ်တွေက ရှိနေတုန်းပါ။
- ကလေးတစ်ဦးသာ မွေးခွင့်ရှိတာမို့  ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီးတာနဲ့ မိန်းကလေးသန္ဒေသားတွေဟာ ဖျက်ချခံရတယ် (တရုတ်)
- မိန်းကလေးဖက်က မင်္ဂလာကြေးပေးရတာမို့   မွေးကင်းစ မိန်းကလေးငယ်တွေကို သေဆုံးအောင်ပစ်ထားတာမျိုးတွေ (အထူးသဖြင့် ဆင်းရဲသားမိသားစုတွေမှာ) ရှိတယ်...  (အိန္ဒိယ)
- မိသားစု ဂုဏ်သိက္ခာကို ထိပါးစေတာမျိုး ဖြစ်ခဲ့ရင် (ဥပမာ- လက်မထပ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး) ၊ အဲဒီမိန်းကလေးကို ဖခင် မောင်ဘွားတွေက သတ်ဖြတ်ပစ်လေ့ရှိတယ်။ (အာရပ်ဒေသ)


တစ်ချို့တစ်ချို့သော စကားပုံတွေကလည်း အမျိုးသမီးတွေကို ခွဲခြားနှိမ်ချတာမျိုးရှိလေရဲ့။ ဥပမာ-  ”မိန်းကလေးဆိုတာ အ၀တ်ဖြူ - စွန်းထင်းပြီးရင် အကောင်းပြန်မဖြစ်နိုင်၊ ယောက်ျားလေးဆိုတာရွှေ၊ နွံထဲကျလဲ ကောက်ပြီးသန့်စင်ရင် ပကတိဖြစ်နိုင်ပေ”  (ကမ္ဘောဒီးယား စကားပုံ) ၊ ”ကြက်မတွန်လို့ မိုးမလင်း”  ”ယောက်ျားကောင်း မောင်းမတစ်ထောင်”  ”လှေခါးသုံးထစ် လူပျိုပြန်ဖြစ်” ဆူးနဲ့ဖက် ဥပမာ” စသဖြင့် စသဖြင့် မြန်မာစကားပုံပေါင်း သောင်းခြောက်ထောင်လည်း ရှိပါလေရဲ့.....။


တစ်ချို့နိုင်ငံတွေမှာ လိင်မှူကိစ္စ အကြမ်းဖက်ခံရတဲ့ အမှူမျိုးကို တရားသူကြီးက တရားလိုအမျိုးသမီးရဲ့ ၀တ်စားဆင်ယင်မှူကြောင့်ဆိုပြီး ပလပ်ပစ်တာမျိုးရှိသတဲ့။  အဆိုးဝါးဆုံးအမှူတစ်ခုကတော့ ၃နှစ်သမီးကလေးတစ်ယောက်ကို မြှူဆွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  စော်ကားသူကို အပြစ်ကနေလွှတ်ပစ်ခဲ့တာပါဘဲ။  (နိုင်ငံတော့ မေ့သွားလို့နော် - နောင်မှ ပြန်ရေးပေးပါမယ်)


ကိန်းဂဏန်းနဲ့ပြောရမယ်ဆိုရင်-
  • ကမ္ဘာ့ဆင်းရဲသားအများစုရဲ့ ၇၀ရာနှုန်းက အမျိုးသမီးတွေ
  • အလုပ်ချင်းတူရင် အမျိုးသမီးက ၇၅ရာနှုန်းသာ ၀င်ငွေရကြ
  • အမျိုးသမီးတွေဟာ ၆၀ရာနှုန်းအထက် သီးနှံစိုက်ပျိုးထုတ်လုပ်နေပေမဲ့ ၂ရာခိုင်နှုန်းသာ မြေယာပိုင်ကြ
  • ကမ္ဘာ့ချေးငွေရဲ့ ၁၀ရာခိုင်နှုန်းသာ အမျိုးသမီးတွေရရှိ
  • စာမတတ်သူများရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ
  • ကိုယ်ဝန်ဆောင်ခြင်းနှင့်မီးဖွားခြင်းနောက်ဆက်တွဲ ရောဂါများကြောင့် တစ်နှစ်မှာ အမျိုးသမီးငါးသိန်းကျော်သေဆုံးနေရ
  • အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှူ ခံနေရ
  • သားယောက်ျားကလေးလိုချင်ကြတဲ့ အတွက်  မိန်းကလေးသန္ဒေသားနှင့် မွေးကင်းစ သန်း၁၀၀ကျော် နှစ်စဉ်သေဆုံး၊ပျောက်ဆုံး နေရ (သဘာဝအလျောက်သေဆုံးခြင်းမပါဝင်ပါ)




ဒီလိုတွေရေးနေလို့  ကျွန်မ  feminist တစ်ယောက်မဟုတ်ပါဘူးနော်..။ ဒါပေမဲ့ တရားမျှတမှူကိုသာ လိုလားပါတယ်။  အမျိုးသားတွေ ခံစားရတဲ့ ကိစ္စတွေလည်း ရှိနေတာပါပဲ..။ ဥပမာ မဖြစ်မနေစစ်မှူထမ်းရတာ စစ်ပွဲတွေမှာ အများဆုံးသေကြေပျက်စီးရတာ..။ အီးမေးကပို့တဲ့ အောက်ပါ ကဗျာလေးကို ပြန်ပြီး မျှဝေချင်ပါတယ်...။

 အားနွဲ့ဟန်ဆောင်ရတာကို စိတ်ပျက်တဲ့ မိန်းမသားတို့အတွက်
အားကြီးလေဟန်ဆောင်ထားရတာ မောပန်းတဲ့ ယောက်ျားသားတို့အတွက်

မသိနားမလည်ဟန်ဆောင်ရတာကို စိတ်ညစ်တဲ့ မိန်းမသားတိုင်းအတွက်
ပညာရှိဂိုက်ဖမ်းနေရတာကို စိတ်ကုန်တဲ့ ယောက်ျားသားတိုင်းအတွက်

စိတ်ပျော့ခံစားလွယ်သူတွေလို့ အမည်တပ်ခံရတဲ့ မိန်းမသားတွေအတွက်
ခံစားရတာတောင်မှ လွပ်လပ်စွာ ငိုကြွေးခွင့်မရရှာတဲ့ ယောက်ျားသားတွေအတွက်

မိန်းကလေးမှ ပီသရဲ့လားလို့ မေးခွန်းထုတ်ခံရတဲ့ အားကစားသမတွေအတွက်
ကြမ်းတမ်းတဲ့ ပွဲစဉ်တွေနဲ့ ယောက်ျားပီသကြောင်း သက်သေထူနေရတဲ့ အားကစားသမားတွေအတွက်

လိင်မှူဆိုင်ရာ အပြုခံသတ္တ၀ါတွေအဖြစ် နှိမ့်ချကြည့်ခံနေရတဲ့ မိန်းမသားတွေအတွက်
စွမ်းဆောင်ရည်မပြည့်မှာ ကိုယ့်ကိုယ်ကိုအမြဲပူပန်နေရတဲ့ ယောက်ျားသားတွေအတွက်

တင့်တင့်တယ်တယ်လစာငွေ ရှာဖွေခွင့်မရတဲ့ မိန်းမသားတွေအတွက်
တခြားလူပိုတစ်ယောက်ကို ရှာကျွေးနိုင်ရမယ်လို့ အတင်းသတ်မှတ်ခံရတဲ့ ယောက်ျားသားတွေအတွက်

ကားမပြင်တတ်တဲ့ မိန်းမသားတွေရှိနေသလို
ကြက်ဥမပြုတ်တတ်တဲ့ ယောက်ျားသားတွေရှိတာ သဘာဝပါ..။

လူသားဆိုတာ တောင်ပံနှစ်ဖက်ပါတဲ့ ငှက်ပါ
တစ်ဖက်က (မ) တစ်ဖက်က (ဖို) သတ္တ၀ါ

အတောင်တစ်ဖက်ကျိုးတဲ့အခါ
လူသားမျိုးနွယ်တစ်ရပ်လုံး
ပျံသန်းခွင့် ဆုံးရှူံးတော့မှာပါ....။ 


မူရင်းစာရေးသူကို မသိပါဘူး ..... ။  အောက်ကကဗျာလေးကတော့ ကျွန်မတို့ ရုံးတွင်းမိသားစုတွေရဲ့ ပြိုင်ပွဲဝင် ဆုရ ကဗျာလေးပါ။

အတူတူ

နေနဲ့လ
အမှောင်နဲံအလင်း
အမှားနဲ့အမှန်
အနိုင်နဲ့အရှူံး
အပြုံးနဲ့အပျော်
အမုန်းနဲ့အချစ်
အသစ်နဲ့အဟောင်း
ပြောင်းပြန်နဲ့အတည့်
မတူညီခဲ့လည်း
ကျားနဲ့မ
ဘ၀တွေထပ်တူ
မျှယူ ကူထမ်း
ခွင့်တူတန်းစေ့
ဓလေ့ပယ်ရှား
မခွဲခြားပဲ
တူညီသွားကြ
ဘ၀ပင်လယ်
စီးဝင်ပေါင်းစပ်
ဘယ်သူမြတ်လဲ
တို့အားလုံး အတူတူပဲ။

(ချမ်းငြိမ်း)




အောက်ကပုံလေးကတော့ ၀န်ထမ်းတစ်ယောက်ရဲ့ သားသားလေး ဆွဲထားတဲ့ လက်ရာပါ။  မေမေကြီးရဲ့ ဥာဏ်တွေတော့ ပါမယ် ထင်ရဲ့ ...။




သမိုင်းအစဉ်အဆက်တစ်လျှောက်လုံး အမျိုးသားတွေနဲ့ အေးအတူ ပူအမျှ ၊ ဒုက္ခ သုခ အ၀၀ ကို မျှဝေခံစားခဲ့ကြတဲ့ အမျိုးသမီးတွေကို တန်းတူရည်တူ လက်တွဲဖေါ်တွေအဖြစ် နားလည်စာနာ အခွင့်အရေးပေးနိုင်ကြပါစေနော်...။


မိုးစက်ပွင့်

1 comment:

  1. မမိုးစက်ပွင့်ရေ
    အမျိုးသမီးတိုင်း အမျိုးသမီး အခွင့်အရေး ရကြဖို့
    လူတိုင်း လူတိုင်း လူ့ အခွင့်အရေး ရကြဖို့
    လူတိုင်းလူတိုင်း ၀ိုင်းလုပ်ဖို့ လိုတယ် ထင်ပါတယ်။ မဟုတ်ရင် ကိုယ်ရထားပြီးတဲ့ အခွင့်အရေးတွေ တောင် ပြန် ဆုံးရှုံး သွားလိမ့်မယ်။

    ပန်းချီလေး အရမ်းကောင်းတယ်။


    မအယ်

    ReplyDelete

ပဲ့တင်သံလေးတွေ .......