Showing posts with label germany. Show all posts
Showing posts with label germany. Show all posts

Wednesday, 30 September 2009

မြူနှင်းဝေေ၀ ဂျာမန်မြေ (၃)

ထုံးစံအတိုင်း သဘောကောင်းတဲ့ ဂျာမန်မလေး ရက်ဂီနာက ရထားလက်မှတ်ဝယ်ပေးပါတယ်။ ကျွန်မ သွားမဲ့ ခရီးစဉ်ရဲ့ အခြေအနေအရ ဈေးကြီးတဲ့ ရထား ICE- Intercity Express ကိုစီးရမယ်တဲ့။ ကျွန်မ ခပ်အအမှန်းသိလို့ထင်တယ်။ သူက ဘူတာရုံအထိလိုက်ပို့ပြီး ရထားစင်္ကြန်ပါ ရှာပေးသွားတယ်။ ဂျာမန်လို စင်္ကြန်ကို Glais ဂလိုက်ဇ် လို့ခေါ်ပါတယ်။ Glais 1,2,3 စသဖြင့် ရှာရတာပေါ့။ မယ်မင်းကြီးမ ကျေးဇူးကြီးလှပါရဲ့။ အသွားတစ်ကြောင်းကို ၇၃ယူရို ( ဒေါ်လာ ၁၀၀နီးပါး) ဆိုတော့ ဘုရားတ မိပါတယ်။ စီးရတာတော့ သက်တောင့်သက်သာရှိလှပါတယ်။ အမြန်နှုန်း ၁နာရီ ၁၂၅ကီလိုမီတာနဲ့မောင်းတာတောင် ငြိမ်လို့။ အော် အမြန်နှုန်းကို ရထားတွဲထဲက digital screen မှာပြထားတယ်လေ။ ဂျာမန်ရထားတွေအကြောင်းတော့ ဒီမှာ ဖတ်လို့ရပါတယ်။ ကျွန်မက အအေးဒဏ်ကာကွယ်ဖို့ သယ်လာတဲ့ အနွေးထည်တွေရော အိမ်ပြန်လက်ဆောင်တွေ ကြုံတိုင်းဝယ်တာရော အထုပ်တွေက လေးလံလှပါတယ်။ ရထားကလဲ နှစ်ဆင့်ပြောင်းစီးရသေးတယ်။ အအေးဒဏ်ကြောင့် နှာရည်ကလည်း တစ်ရွှဲရွှဲကျနေတာဆိုတော့ ရထားစင်္ကြန်ပြောင်းလို့ အထုပ်ဆွဲပြီး ခြေကျင်လျှောက်ရချိန်မှာ အထုပ်ချလိုက် နှပ်သုတ်လိုက် အထုပ်ပြန်ဆွဲလိုက်နဲ့ ဟမ်မယ်မင်းလို့သာ ဟစ်ငိုလိုက်ချင်တော့တယ်။ ရွှေပြည်ကြီးမှာသာဆို ငွေစက္ကူတစ်ချပ်နှစ်ချပ်ထုတ်ပြီး အလုပ်သမားကို သယ်ခိုင်းလို့ ရသေးရဲ့။ ခလုပ်ထိမှ အမိတ ဆိုထင့်။ စုစုပေါင်း ၅နာရီလောက်စီးပြီးမှ သူငယ်ချင်းလာကြိုတဲ့ ဘူတာကို ရောက်ပါတယ်။ သူတို့ စုံတွဲကို မြင်လိုက်ရတော့ ပျော်လိုက်တာ။ သူတို့ ကားလေးက ကိုယ်ကြိုက်တဲ့ ဖက်ဖူးစိမ်းရောင် ၀က်ဂွန်လေး။ အေးချက်ကတော့ အလွန်ပါပဲ။ ၅ ဒီဂရီဆိုလားမသိ။ ကားရပ်ထားတုန်းကျနေတဲ့ မှန်ပေါ်ကနှင်းခဲတွေတောင် နှင်းခြစ်တံနဲ့ခြစ်ပစ်ရသေးတယ်။ ဒုက္ခပါလားကွယ်။

သူငယ်ချင်းအိမ်ခန်းထဲရောက်မှ နွေးထွေးသွားတော့တယ်။ Heater ဖွင့်ထားတာကိုး။ အာကာသ၀တ်စုံလောက်ထူတဲ့ အကျီင်္အထပ်ထပ်ကို ချွတ်လိုက်တော့မှ ပေါ့ပါးသွားတော့တယ်။ မမ ရှင်လေးက နေ့လည်စာဟင်းအမြန်ချက်ပါတယ်။ သူကကျွမ်းကျင်သူဆိုတော့ သိပ်မကြာပါ။ ကျွန်မက မချက်တတ်သူဆိုတော့ ဘေးကနေ အာလူးဖုတ် (တော်ကီပွား) ပါတယ်။ အံ့သြမိခဲ့တာ က အသားထုပ်တွေကို အိမ်အပြင်က ဘောင်တန်းလေးပေါ်တင်ထားရုံနဲ့ ရေခဲသေတ္တာ ထဲမှာထားသလို တောင့်ခဲ နေတာကိုပါ။ ဦးသောမတ်က အလိုက်တသိရှောင်ပေးတာနဲ့ ကိုယ်တို့နှစ်ယောက် ပြောလိုက်ကြတဲ့စကားဆိုတာ နောက်ထပ် နှစ်ရက်လုံးလုံး မနားတမ်းပဲပေါ့။



နောက်တစ်နေ့မနက်မှာ သူတို့မြို့ကလေးက ချစ်စရာကော်ဖီဆိုင်လေးကို လိုက်ပို့ပေးပါတယ်။ ဆိုင်လေးရဲ့ အဆင်အပြင်က ဗိသုကာဆန်ဆန်၊ ဆေးရောင်တွေကလည်း အ၀ါ၊ ခရမ်း၊ လိမ္မော်စပ်မို့ မျက်စေ့နွေး သွားပါတယ်။ ထိုင်ခုံလှလှတွေနဲ့။ ခဏနေတော့ အိမ်နီးချင်းမိတ်ဆွေ Fabianne (”ဖားပျံ”လို့ ဗမာလို နောက်ပြီး ခေါ်ကြတယ်) က စက်ဘီးလေးတွန်းလို့ ရောက်လာတယ်။ သူပြောပြတဲ့ ဂျာမနီက လတ်တလော ဆရာဝန်ဆန္ဒပြပွဲတွေအကြောင်း နားထောင်ခဲ့ရတယ်။


ပြီးတော့ စာဆိုရှင် ဂိုသဲ (Gothe ) ရဲ့ မွေးရပ်မြေ တောမကျ မြို့မကျ နေရာလေးကိုလည်း လိုက်ပို့သေးတယ်။ Gothe Institute ဆိုတာလည်း တွေ့ခဲ့တယ်။ ဆက်သွားတော့ ရေခဲဖုံးတောင်ပေါက Black Forest ဆိုတဲ့နေရာကိုရောက်ပါတယ်။ တကယ်တော့ white forest လို့ခေါ်သင့်တယ်လို့တွေးမိခဲ့ပါတယ်။ တောင်တစ်ဝက်လောက်အထိ ကားနဲ့တက်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ရင်း မမရှင်လေးက ခပ်ဝေးဝေးတစ်နေရာကို လှမ်းပြပါတယ်။ ခပ်ပျပျမြင်နေရတာက ဆွစ်ဇာလန်နဲ့ ပြင်သစ် နယ်စပ် တဲ့။


ကျွန်မက စာအုပ်တွေဖတ်ပြီး ပြင်သစ်မြို့တော် ပါရီကို သိပ်သွားချင်တာလေ..။ အလုပ်မအားတဲ့ မမရှင်လေးက အာသာပြေ ပြင်သစ်နယ်စပ်မြို့လေး ( Strausbouag့) ကို လိုက်ပို့ပေးခဲ့ပါတယ်။ ဦးသောမတ်စ်လဲ ပါတယ်။ အမှတ်တရ ဖြစ်ခဲ့တာကတော့ အေးလွန်းလို့ နှစ်ယောက်လုံး မူးလဲမတတ်ခံစားခဲ့ရတာ၊ အနွေးဓါတ်ရှိတဲ့ ဘူတာရုံထဲ ပြေးဝင်ခဲ့ရတာတွေပါပဲ။ ဘူတာနားက ကော်ဖီဆိုင်မှာ ပြုံးချိုတဲ့ ပြင်သစ်ဝိတ်တာလေးကို အမှတ်တရရှိခဲ့တယ်။ လူတွေ stereotype လုပ်ထားတဲ့ လူမျိုးစရိုက်အရဆိုရင် ပြင်သစ်က easy-going ၊ ဂျာမန်က serious and over-concious ဖြစ်ပါသတဲ့။ ဟုတ်မဟုတ်တော့သေချာမသိပေမဲ့ ဦးသောမတ်တစ်ယောက် သူ့ရထားလက်မှတ်ကို ၆ခါထက်မနည်း ထုတ်ထုတ်စစ်နေလို့ သူငယ်ချင်းနှစ်ယောက် ဗမာလို အတင်းပြောပြီး ရယ်ခဲ့ကြရသေးတယ်...လေ။


ဂျာမနီမှာ ဖိလစ်ပိုင်သူ တော်တော်များများတွေ့ရတယ်။ အများစုက လာလုပ်ကြတာပါ။ နေထိုင်ခွင့်အဆင်ပြေအောင် ဂျာမန်တွေနဲ့ (အမည်ခံဖြစ်ဖြစ်) လက်ထပ်လိုကြပါသတဲ့။ နောက်တစ်ခု အမှတ်ရမိတာက သတင်းစာထဲက ဖူးစာရေးကြော်ငြာတွေပါ။ ကိုယ်ကမဖတ်တတ်တော့ မမရှင်လေးက ဖတ်ပြီး ဘာသာပြန်ပြတယ်လေ။ ကျွန်မက ဒိုင်ခံရယ်နေတာပေါ့။ အံမယ် ဘာတဲ့။ ရုပ်ရည်သင့်တင့်၊ အသက် ၄၅နှစ်ခန့်ရှိသော အိမ်ပိုင်ယာပိုင်ရှိအမျိုးသားက အသက် ၃၀ ကျော်၊ ရုပ်ရည်ကြည့်ကောင်းပြီး သီချင်းဆိုတတ်တဲ့ အမျိုးသမီး အလိုရှိပါတယ်တဲ့။ ဖုန်းနံပါတ်နဲ့ လိပ်စာက ဘာဘာညာညာ ပေါ့။ အသက်၆၀-၇၀ တစ်ကိုယ်တည်းသမားတွေလည်း ပါတယ်။ ယောက်ျားချင်း အဖေါ်ရှာတဲ့ ( Gay) တွေလည်း ကြော်ငြာထားတယ်။ ငါက ဟင်းချက်ကောင်းပါတယ်တဲ့။ ငါနဲ့ လက်တွဲမဲ့ ဖူးစာရှင်လေးကို မျှော်နေပါတယ် တဲ့။ အမျိုးသမီးတွေကတော့ နည်းပါတယ်။ ရှိတော့ရှိတယ်။ ကျွန်မကိုတောင် မမရှင်လေးက ကြော်ငြာ ထည့်သွားပါလား- တဲ့။


ဒီလိုနဲ့ ခွဲခွာရမယ့်အချိန်ကို ရောက်ခဲ့ပြီ။ ဘူတာရုံအထိ လိုက်ပို့ လက်ပြနှုတ်ဆက်ခဲ့တဲ့ ၀တ္တရားကျေလွန်းတဲ့ မမရှင်လေးနဲ့ ဦးသောမတ်ကို ကျေးဇူးတင်စွာ၊ ခင်မင်စွာနဲ့ လက်ပြခွဲခွာခဲ့ပါတယ်။ မြူးနစ်-ဘန်ကောက်-ရန်ကုန် ဆက်ပြီး ခရီးနှင်ရဦးမယ်လေ။ သြော်- အလည်တစ်ခေါက် တို့တွေရောက်ခဲ့ လွမ်းလောက်ပါတဲ့ဂျာမနီရယ် ....လို့။



မိုးစက်ပွင့်

မြူနှင်းဝေေ၀ ဂျာမန်မြေ (၂)


စနေ၊တနင်္ဂနွေမှာတော့ ရထားစီးပြီး မြို့ထဲထွက်လည်ကြပါသေးတယ်။ S-Bahn လို့ခေါ်တဲ့ မြို့ပါတ်ရထားတွေက အဆင်ပြေချောမွေ့စွာပြေးဆွဲနေကြပါတယ်။ သင်တန်းရဲ့ Coordinator ဂျာမန်လေးက Peter တဲ့။ သူက သိပ်ကူညီတတ်တယ်။ ယူရိုငွေလဲတာ၊ ဖုန်းကတ်ဝယ်တာ၊ ရထားစီးလက်မှတ်၊ မြေပုံ အားလုံးကို လိုလေသေးမရှိကူညီဆောင်ရွက်ပေးပါတယ်။ နောက် Ragina ရက်ဂီနာဆိုတဲ့ အချိန်ပိုင်း Assistant လုပ်နေတဲ့ ဂျာမန်မလေးကလည်း မျက်နှာချိုချိုနဲ့ ကူညီတတ်သူပါ။ နောက်မှသိရတာက သူက ဂျာမန်တက္ကသိုလ်တစ်ခုက PhD Candidate တစ်ယောက်ပါတဲ့။ သူတို့နဲ့တွေ့မှ Service ပေးတယ်ဆိုတဲ့စကားကို ပိုနားလည်လာခဲ့တယ်။ ကျွန်မက ဂျာမန်ဆိုရင် ရှုတည်တည်ကြီးတွေလို့ ဟစ်တလာတို့ စစ်ကားတို့ကြည့်ပြီး Stereotyping လုပ်ထားသူမို့ အရမ်းအံ့အားသင့်ခဲ့မိပါတယ်။ ကြာကြာမနေခဲ့ရလို့ မမရှင်လေးပြောပြတဲ့ သူများကို အထင်သေးတတ်တဲ့ ဂျာမန်လူဇိုးတွေနဲ့ တွေ့ခွင့်မကြုံခဲ့ပါဘူး။

အမှတ်မရှိ
Stereotyping လုပ်ရမယ်ဆိုရင် ဂျာမန်တွေရဲ့တိကျမှူကို သင်တန်းမှာမြင်တွေ့ခဲ့ရပါတယ်။ ဆင့်ပွားသင်တန်းပေးတဲ့အခါ ပြောရမယ့်စကားတစ်ဆင့်ချင်းနဲ့ ကြာချိန်၊ ကုန်မယ့်စာရွက်အရေအတွက်၊ သုံးသင့်တဲ့ Marker Pen မာကာပင်အမျိုးအစားနဲ့ မာကာပင့်ရဲ့ နစ်ထိပ်ဖျားအကျယ် ကို ဓါတ်ပုံနဲ့တစ်ကွ သတ်မှတ်ပေးလာပါတယ်။ ကျွန်မလဲ တတ်နိုင်သလောက်တော့ လိုက်နာခဲ့ပါတယ်။ အရာရာတိုင်း ရွှေပြည်ကြီးမှာ ရှာမရတာကတော့ တတ်နိုင်ဘူးကွယ်လေ့

အားလပ်ရက်တစ်ရက်မှာ ဘာဘေးရီးယားပြည်နယ်ရဲ့ မြို့တော်လဲဖြစ် ယဉ်ကျေးမှူအနုလက်ရာစုံတဲ့ မြူးနစ်မြို့တစ်ခွင် လည်ပတ်ခဲ့ပါသေးတယ်။ မြို့ထဲမှာ လှပတဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေကို လက်ညှိုးထိုးမလွဲ မြင်တွေ့နိုင်တာမို့ မျက်စေ့ပသာဒ ရှိလှပါတယ်။ ကျွန်မရောက်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းကြီးရဲ့အ၀င်ဝ တံခါးဘောင်နဲ့ အပေါ်ဖက်တွေမှာ တမန်တော်တွေရဲ့ ရုပ်ထုအမျိုးမျိုးကို မြင်တွေ့ရသလို အတွင်းပိုင်းမှာလည်း ခရစ်တော်နဲ့ မယ်တော်တို့ရဲ့ ရုပ်ထုတွေက အသက်ဝင် လက်ရာမြောက်လှပါပေရဲ့။ နံရံဟိုးမြင့်မြင့်က အပြာကဲတဲ့ ရောင်စုံဖန်သားချပ်တွေကို ဖေါက်ဝင်လာတဲ့ အလင်းရောင်ကြောင့် ဘုရားကျောင်းထဲမှာ အလင်းဖျော့ဖျော့ ရှိနေတယ်။ ၀တ်ပြုဆုတောင်းသူ တစ်ချို့ကိုလည်းတွေ့ရတယ်။ တိုးရစ်အများအပြား ၀င်ထွက်နေပေမယ့် ဘုရားရိပ်တရားရိပ်နဲ့ တိတ်ဆိတ်ငြိမ်းချမ်းလို့နေတယ်။ ဘုရားကျောင်းပြင်ပမှာတော့ အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်ကလေးတွေက အစီအရီပေါ့။

မြူးနစ်မြို့က ဘီယာနဲ့လည်း နံမည်ကြီးပါတယ်။ နိုင်ငံတကာ ဘီယာပွဲတော်တောင် နှစ်စဉ် ကျင်းပတာပဲလေ။ ဟပ်ဘင်ဟော့ဖ် ( Hupbenhorb?) ဘူတာရုံက ဘီယာဆိုင်ကို ရောက်ခဲ့ပါတယ်။ ဘူတာရုံရော ဘီယာဆိုင်ရော နှစ်ပေါင်းရာကျော်နေပြီမို့ သမိုင်းဝင်တွေလို့ပြောရမှာပါ။ သူတို့က လုပ်ငန်းနှစ်ရှည်တာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်တာကို ဂုဏ်ယူလေ့ရှိတယ်။ since 1883, 1904 စသဖြင့် ဆိုင်ဝမှာ တစ်ခုတ်တစ်ရရေးကြ ဖေါ်ပြကြတယ်။ အဲဒီ ခပ်မှောင်မှောင်ဆိုင်ထဲမှာစားသောက်နေကြတာ လူ ၂၀၀ထက်မနည်းဘူး။ ၀ိတ်တာတွေကလည်း သွက်လက်ဖျတ်လတ်လိုက်တာ လက်တစ်ဖက်စီမှာ ဘီယာအပြည့်ခွက်ကြီး ၆ခွက်လောက်ကိုင်ပြီး serve လုပ်နေကြတယ်။ Corner တစ်ခုမှာလည်း ဘူတာရုံတံဆိပ်နဲ့ ဦးထုပ် တီရှပ်အပါအ၀င် အမှတ်တရပစ္စည်းဆိုင်လေးရှိတယ်။ ကျွန်မကတော့ ဈေးအသက်သာဆုံး HB ဆိုတဲ့တံဆိပ်နဲ့ရင်ထိုးသေးသေးလေးပဲ ၀ယ်ခဲ့တယ်။ ခဏနေတော့ ဆိုင်အလည်က တီးဝိုင်းစင်မြင့်မှာ ငွေရောင်ဆံပင်နဲ့ အဖိုးကြီးလေးငါးယောက် တီးမှူတ်ဖျော်ဖြေကြတော့တယ်။ ရှေးဂီတထင်ပါရဲ့။ နောက်သိခဲ့ရတာတစ်ခုက ပုံမှန်ဖေါက်သည်တွေက ကိုယ့်ဘီယာခွက်ကိုကိုယ် Register လုပ်ပြီး ဆိုင်ရဲ့ Locker ထဲမှာသိမ်းထားခဲ့သတဲ့။ ရောဂါကာကွယ်တာတော့ဟုတ်ဟန်မတူပါ။ HB ဆိုင်ရဲ့ regular customer အဖြစ် ဂုဏ်ယူကြတာလို့ထင်ပါတယ်။

ကျွန်မတို့ မြို့ထဲလည်တဲ့နေ့က အေစီမီလန်နဲ့ ဘေယန်မြူးနစ်ကစားကြမှာတဲ့။ လက်မှတ်ခက အသက်သာဆုံးတောင် ယူရို၅၀ ဆိုတော့ ... တာ့တာ ပေါ့နော်။ ခုံမဲ့ မတ်တတ်ရပ်ရင် ၃၅ ယူရို ဆိုလား...ဟုတ်မဟုတ်မသိပါ။ အရပ် ကလန်ကလားနဲ့ ယူဂန်ဒါနိုင်ငံသား သူငယ်ချင်း အန်တိုနီက ငါတို့တစ်ဖွဲ့လုံး နင့်ကိုတစ်လှည့်စီထမ်းပြီး ရပ်ကြည့်ကြမယ်လို့ အရပ်ပုတဲ့ကျွန်မကို နောက်နေသေးတယ်။

ရှေးတုန်းက ဘုရင်ခေါ်မလား နယ်စားခေါ်မလား ရဲ့ ပြတိုက်နဲ့ သူ့ဘ၀အကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကြည့်ခဲ့တာ၊ သူကိုယ်သူသတ်သေခဲ့တဲ့ရေကန်ကြီးကို အလည်ရောက်ခဲ့တာတွေကို အခုတော့ ပြန်ရေးဖို့တောင် သေချာမမှတ်မိတော့ပါဘူး။

ဒီလိုနဲ့ ပျော်ရွှင်စရာ သင်တန်းလေး ပြီးဆုံးသွားခဲ့တော့ ၀မ်းသာ ၀မ်းနည်းမှူများစွာနဲ့ပေါ့။ သင်တန်းဆင်း လက်မှတ်တွေကို အပြန်အလှန်ပေးကြရင်း နှူတ်ဆက်စကားဆိုကြတယ်။ နှူတ်ဆက်ပွဲမှာ ကိုလံဘီယာသူလေးက ထူးထူးခြားခြားအကကောင်းလွန်းလို့ ချီးကျူးမိတယ်။ သူက နင့်ကိုသင်ပေးမယ်တဲ့။ သူသင်ပေးတဲ့အတိုင်းကကြည့်တော့ ခြေချော်လဲကျသွားပါလေရော။ အဲဒါကြောင့် ဖားတုပြီးခရုမခုန်သင့်ဘူး လို့ပြောခဲ့ကြတာဖြစ်မယ်။

အိမ်ပြန်ခရီးကိုတော့ နဂိုရ်ထဲက ကြံရွယ်စီစဉ်ထားတဲ့အတိုင်း ဖရိုင်းဘုတ်မြို့ အနီးက ဘက်ခရိုဇင်ဂျန်မှာနေတဲ့ သူငယ်ချင်း မမရှင်လေး ဆီကို သွားလည်ခဲ့ပါတယ်။ နောက်တစ်ပိုင်းကျမှ အသေးစိတ်ရေးပါမယ်နော်...၊


(ဆက်ရန်)

မိုးစက်ပွင့်

Monday, 28 September 2009

မြူနှင်းဝေေ၀ ဂျာမန်မြေ (၁)

ြဲမူးနစ်ဆို့တဲ့ အထင်ကရ ဂျာမန်မြို့လေးကို မထင်မှတ်ဘဲ ၂၀၀၅ နဲ့ ၂၀၀၆ မှာ နှစ်ကြိမ်ရောက်ခဲ့ပါတယ်။ မြို့တော်ဘာလင်ကိုတော့ မရောက်ခဲ့ပါဘူး။ ပထမတစ်ခေါက်က ပိုက်ဆံမရှိလို့။ ဒုတိယတစ်ခေါက်က သူငယ်ချင်းမမ အီးတီ ခေါ် မမရှင်လေး ရှိတဲ့ Bad Krozingen မြို့ကလေးကို သွားလည်ချင်လို့.....။


ပထမဆုံးအံ့သြမိတာက နှင်းပဲ။ ကိုယ့်မွေးရပ်မြေ မြစ်ဝကျွန်းပေါ်မှာက နှင်းဆိုလို့ ဆောင်းတွင်းမှာ မစို့မပို့ ဖွဲဖွဲလေးပဲကျတာလေ။ ရုပ်ရှင်ထဲမှာတော့ မြင်ဖူးတာပေါ့နော့။ နှင်းခဲလွင်ပြင် ဖြူဖြူကြီးကို အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ရတာကတော့ ပထမဆုံးပါပဲ။ မြက်ပင်အဖျားက နှင်းစက်လောက်ပဲ မြင်ဖူးခဲ့တာမို့ ဖွေးဖွေးလှူပ်နေတဲ့ နှင်းခဲလွင်ပြင်ကြီးက ကျွန်မကို တစ်အံ့တစ်သြဖြစ်စေခဲ့တာပါ။ ကြည့်ပါဦး... လမ်းဘေး ၀ဲယာက နှင်းပင်လယ်ကြီး...။


အပူချိန်က ၈ဒီဂရီလောက် ရှိမယ်ထင်တယ်။ လေဆိပ်ကထွက်ကထဲက မျက်နှာကို အအေးဓါတ်က ဖြန်းကနဲလာရိုက်တာ။ တစ်ကိုယ်လုံးကတော့ ထူပိန်းနေအောင်ဝတ်ထားတာမို့ မထောင်းတာဘူးပေါ့။ သင်တန်းက လာကြိုတဲ့ကားကလေးက ကိုယ့်အမည် ဆိုင်းဘုတ်ကိုင်ထားတဲ့ ဂျာမန်ကားဆရာနောက်ကို လိုက်ပါခဲ့ပါတယ်။ လေဆိပ်ကနေ ၄၅မိနစ်လောက် မောင်းရတဲ့ Feldafine ဆိုတဲ့ တောပိုင်းမကျတကျနေရာကလေးမှာ InWEnt သင်တန်းကျောင်းလေးက အိနြေ္ဒရရလေးကြိုလို့။ ကျောင်းကလေးလဲ နှင်းခဲထဲမှာ တစ်ပိုင်းမြုပ်နေပေါ့။ သင်တန်းသားတစ်ယောက်ကို အခန်းတစ်ခန်း ပေးထားပါတယ်။ ဇိမ်ခံပစ္စည်း ဘာမှမရှိပေမဲ့ ရေပူရေအေး ရေချိုးခန်းနဲ့ အိပ်ယာခင်းဖြူဖြူ စာကြည့်စားပွဲလေးနဲ့ နေချင်စဖွယ်လေးပါပဲ။ မှန်ပြူတင်းက လှမ်းကြည့်ရင်တော့ နှင်းဖြူဖြူတွေပဲမြင်ရတာ လွမ်းချင်စရာကြီး။


သင်တန်းက ဘူဖေး တစ်နေ့သုံးကြိမ်ကျွေးပါတယ်။ ဥရောပ အစားအစာပဲများပါတယ်။ စားဖိုမှူးတွေက ဂျာမနီမှာ ဒုတိယ အများဆုံးဖြစ်တဲ့ တူရကီလူမျိုးတွေ။ သင်တန်းသားတော်တော်များများက အာဖရိကတိုက်သားတွေ။ ကျွန်မတို့နဲ့ရုပ်ချင်းဆင်တဲ့ အရှေ့တောင်အာရှသားတွေတော့ အနည်းအကျဉ်းပါတယ်။


Training Method က မကြုံစဖူး ကောင်းလွန်းလှပါတယ်။ ကလေးတွေလို လက်ချာပေးတာမဟုတ်ဘဲ တစ်ယောက်တစ်လှည့် ဆွေးနွေးရတာပါ။ သင်တန်းဆရာမ Facilitator နှစ်ယောက်လုံးက ဂျာမန်တက္ကသိုလ်က ပရော်ဖက်ဆာတွေပါ။ အသက် ၄၀ကျော်လောက်ဘဲ ရှိဦးမယ်။ သင်ရိုးက ပုံသေမဟုတ်ဘဲ သင်တန်းသားတွေရဲ့ feedback နဲ့ evaluation ပေါ်မှာ နောက်တစ်နေ့ သင်ရိုးကို အတိုးအလျော့ပြင်တာ ဆိုတော့ သူတို့ တော်တော်ပင်ပန်းကြပါတယ်။ ညညဆို ၁၂နာရီ နာရီပြန်တစ်ချက်အထိမအိပ်ကြဘူး။ ရေးကြ၊ ကပ်ကြ၊ ညှပ်ကြနဲ့။ ဗမာဇာတိကပြလာတော့ ကိုယ့်သင်တန်းဆရာမတွေက ပင်ပန်းနေချိန်မှာ ကိုယ်ကအနားယူနေရတာ စိတ်မသန့်ဘူး။ ဘာကူရမလဲလို့ သွားသွားမေးမိတယ်။ သူတို့က အဲဒီလို မေးတာမျိုးကို မကြုံဘူးလို့ အထူးအဆန်းလို့များ ထင်နေမလားတော့မသိဘူး။ ရပါတယ်နေပါစေဘဲ ပြောလွှတ်တယ်။ သင်တန်းမှာ power point သိပ်မသုံးပါဘူး။ flip chart နဲ့ color card သုံးများတယ်။ Handout တွေ ဝေတယ်။ ဆွေးနွေးချက်တွေကို ကပ်ပြားလေးတွေပေါ်ချရေးခိုင်းတယ်။ ပြီးတော့မှ တူရာစုပြီး ဘုတ်ပြားပေါ်မှာ ပင်နဲ့ထိုးစိုက်တယ်။ ကတ်ပြားကို ပင်အပ်နဲ့စိုက်တဲ့နည်းက ဖြစ်ပြီး တူရာစုဖို့၊ ဖြန့်ဖို၊ ဖြုတ်ဖို့ အလွယ်တကူဖြစ်စေတယ်။ သင်တန်းသားအားလုံး တစ်ပြိုင်နက်တည်း ရေးရတာမို့ အချိန်ကုန်သက်သာတယ်။ Group work presentation များများလုပ်တယ်။ flip chart နဲ့ ရေးပြီး နံရံမှာ ကပ်ပေးထားတဲ့အတွက် ဆွေးနွေးပြီးသမျှကို ပြန်သတိရဖို့နဲ့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ဖို့ လွယ်ကူစေတယ်။ ( ဆရာမတွေကို ချီးကျူးတာကတော့ သင်တန်းအပြီးမှာ စာမျက်နှာ ၁၀၀ကျော်တဲ့ report တန်းထွက်ပါတယ်။ တစ်ချို့လဲ ကြိုပြင်ထားပုံရပါတယ်) သင်တန်းကရတဲ့ အကြောင်းအရာကိုဘေးဖယ်ထားဦး၊ သင်တန်းနည်းစံနစ်နဲ့တင် တော်တော် အသုံးဝင်လှပါတယ်။ နိုင်ငံပေါင်း ၂၃နိုင်ငံကလာတဲ့ မိတ်ဆွေတွေနဲ့ ချစ်ချစ်ခင်ခင် ဆွေးနွေးလုပ်ဆောင်ခွင့် ရခဲ့တဲ့ အတွက်လည်း စိတ်ကျေနပ်ူပျော်ရွှင်ခဲ့ရပါတယ်။ အသက်အရွယ်၊ အသားရောင်၊ လူမျိုးတွေ ဘယ်လိုပဲကွာခြားပါစေ သင်တန်းခန်းမထဲမှာတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ညီရင်းအစ်ကို မောင်ရင်းနှမတွေပဲ မဟုတ်ပါလား ရှင်....


(ဆက်ရန်)



မိုးစက်ပွင့်