ချင်းပြည်နယ်ကို ပထမဆုံးရောက်ခဲ့တဲ့ အကြောင်း ဒီမှာ ရေးခဲ့ပြီးပါပြီ။ အခု တတိယအကြိမ်သွားဖြစ်ခဲ့တော့ ချင်းပြည်နယ် ခရီးသွားပို့စ်တစ်ခု နောက်ထပ်ရေးချင်လာမိပါတယ်။



ညောင်ဦး- ဂန့်ဂေါ- ဟားခါး

ညောင်ဦးကနေ မနက်၆နာရီ ထွက်လာတော့ နေ့လည်၁နာရီကျော်မှာ ဂန့်ဂေါရောက်ပါတယ်။  မောင်းချိန် ၇နာရီကြာပါတယ်။  လမ်းတောက်လျောက်မှာ ပွင့်နေတဲ့ ၀ါးပင်တွေ တွေ့ခဲ့ရတယ်။  လဒငှက်ကြီးတကောင်လဲ တွေ့ခဲ့တယ်။ ဂန့်ဂေါမှာ ထမင်းစားပြီး သိပ်မနားနိုင်ပဲ ခရီးဆက်ကြရတယ်။  ဟားခါးကို နေ့ချင်းအမီ ရောက်ချင်တာကိုး။

တောပန်းကလေး(၂)တောပန်းကလေး(၁)ဂန့်ဂေါ ကနေ မိနစ်အနည်းငယ်မောင်းပြီးတာနဲ့   ချင်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ အောက်ချင်းငှက်နဲ့  ဆိုင်းဘုတ်ကို တွေ့ကြရတော့တယ်။  ဟားခါးသို့   (  --) မိုင်ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးကိုလဲ စိုက်ထားတယ်။  ထူးခြားတာက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးထားတာမှာ မိုင်အရှည်နှစ်ခုက  တမျိုးစီ ကွာခြားနေတာပါပဲ၊ ပေကြိုးမတူလို့  နေမှာပေါ့နော်  :-)

ဟားခါး တောင်ပေါ်လမ်းပိုင်းမှာတော့ တောအုပ်စိမ်းစိမ်းနဲ့ ချစ်စရာ တောပန်းလှလှလေးတွေကို မြင်ခဲ့ရပါသေးတယ်။ တခါတရံ ရေတံခွန် အသေးစားလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ၀ါဂွမ်းစိုင်လို တိမ်ဖြူဖြူတွေ၊ မီးခိုးရောင် သိုးမွေးချည်ပုံလို တိမ်စိုင် အလိပ်လိပ်တွေက တောင်တွေရဲ့ ခါးပန်းကို ရစ်သီဖွဲ့သိုင်းလို့။ တောင်ကိုပတ်ပြီး ဖေါက်ထားတဲ့ မြွေလိမ်မြွေကောက် လမ်းလေးမှာ ကိုယ်တို့ကားလေးက တရိပ်ရိပ်ပြေးလို့။ တစ်ဖက်ကတောင်၊ တစ်ဖက်က ချောက်ကမ်းပါး၊ ငုံ့ကြည့်ရင်အသည်းယားစရာ။ ကားလမ်း ကျဉ်းကျဉ်းလေးမှာ အကွေ့ကနေ ကားတို့ ဆိုင်ကယ်တို့ ဘွားကနဲ ပေါ်မလာတတ်လွန်းလို့   ယာဉ်တိုက်မှုမဖြစ်ရအောင် ကားဟွန်းကို တတီတီ ပေးလို့ မောင်းကြရတယ်။  ဒါပေမယ့် ရှူခင်းလှလှတွေရယ်၊ ကားပေါ်က ရောင်းရင်းတွေရဲ့  ဟာသ စကားတွေရယ်က ကြောက်ရမှန်း မသိအောင် ဖန်တိးပြီး ဒီခရီးမှာ ကိုယ်တို့အားလုံးကို အတိုင်းမသိ ပျော်ရွှင်စေခဲ့တယ်။