Tuesday 26 February 2013

ငွေဆောင်

 ငွေဆောင်ကို သွားတဲ့အကြောင်း အရင်က ရေးဖူးပါတယ်။ ဒီတကြိမ်ကတော့ ငွေဆောင်ကို တတိယအကြိမ် အလုပ်နဲ့ ဆက်စပ်ပြီး အလည်အပတ်ရောက်ဖြစ်ခဲ့တာပါ။ ငွေဆောင်လို့ အမည်ရတဲ့ သူကလေးနဲ့ ဝေးကွာခဲ့တာ   လေးနှစ်တောင် ရှိခဲ့ပေါ့။

ရန်ကုန်ကနေ မနက် ၇နာရီခွဲလောက်ထွက်ဖြစ်တော့ ပုသိမ်ကို ၁၁နာရီ   ကျော်ကျော်လောက်   ရောက်ပါတယ်။ ပုသိမ်က ခခကြီး ထမင်းဆိုင်မှာ ထမင်းစားဖြစ်ပါတယ်။  မစားရတာ  ကြာပြီဖြစ်တဲ့  ငါးသလောက်ပေါင်း နဲ့ပါ။  စားလို့ကောင်းပါတယ်။ ငွေဆောင်ကို နှစ်နာရီကျော်ကျော်လောက် ထပ်မောင်းရပါသေးတယ်။ ရောက်ပါပြီ ငွေဆောင်ကမ်းခြေနဲ့   sunny paradise hotel ......။ 




 ကြိုဆိုကမ်းလင့်တဲ့ အအေးတခွက်ကို သောက်သုံးအပြီးမှာ စိတ်မြန်တတ်သူမို့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ကိုယ့်အခန်းကို ကိုယ်အရှာထွက်ခဲ့တယ်။  ဟိုတစုဒီတစု ဘန်ဂလိုလေးတွေရဲ့အကြားမှာ ကိုယ့်အခန်းက ရှာရခက်နေလို့  ဟိုမေးဒီမေးနဲ့ တော်တော် ရှာလိုက်ရပါတယ်။  အခန်းတွေရဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ လူသွားလမ်းနဘေးမှာ တပ်မထားကောင်းလားလို့ ကျွဲမြီးတိုခဲ့ရသေးတာပေါ့..။  ဒါပေမဲ့လည်း    မြက်ခင်းစိမ်းတွေကြားက  ကဗျာဆန်တဲ့ လမ်းကွေ့ကွေ့ ကောက်ကောက်ကလေးတွေကတော့ ကိုယ့်ရင်ကို အေးမြစေခဲ့တယ်။
ညနေစောင်းတော့ ရေထဲဆင်းကြတယ်။  ရေကူး မကျွမ်းကျင်ကြတာမို့ တာယာကျွတ်တွေ ကိုယ်စီနဲ့။  တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မွေးနေ့ ဖြစ်နေတယ်။  ဘာရမလဲ။  ကမ်းခြေက ငါးကင်တွေ ပုဇွန်ကင်တွေ ၀ယ်ပြီး ရေပေါ် မွေးနေ့ပွဲ ဆင်နွဲလိုက်တယ်။  လက်ထဲက ငါး၊ပုဇွန် အကင်တံတွေကိုလည်း လှိုင်းပုတ်တော့ ဆားငန်ရည်စိုပြီး  စားတဲ့အခါ ငန်ကျိငန်ကျိ နဲ့ပေါ့..။  


-------------------------

နောက်တနေ့ ခြောက်နာရီမထိုးခင် မနက်စောစော ချစ်သူကျွန်းကို စက်ဘီးစီးခဲ့ကြတယ်။ ကမ်းခြေနဲ့အပြိုင် ရွာအတွင်းလမ်းက ကွန်ကရိခင်းလက်စမို့ တချို့နေရာတွေမှာ ဆင်းတွန်းရပါတယ်။ သဘာဝဆန်ဆန် မြေနီလမ်း မာမာလေးဆို သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်။ ခြောက်ခွဲလောက်မှာ ကျွန်းရှေ့ရောက်ပြီ ...... မောတော့ မောတာပေါ့..။ဘယ်တယောက်လဲ လို့တော့ မမေးနဲ့ ၊ ပြောဘူး၊ အသေသာသတ်ပစ်လိုက် :-D
ကမ်းခြေနဲ့ ရေစပ်က ကျောက်ဆောင်ကြီးတွေကတော့ တည်တည်ငြိမ်ငြိမ် ပါဘဲ။

 မချောတသိုက်ကတော့ ဓါတ်ပုံတွေ အသေအကြေ ရိုက်လို့ ကောင်းနေလေရဲ့.....။  ခက်ပါ့။ သူ့ဟာသူ အေးအေးဆေးဆေး လွမ်းနေတဲ့ ရေသူမအနားမှာ အလိုက်ကမ်းဆိုးမသိ ဆူညံဆူညံနဲ့။



 သူတို့ ဓါတ်ပုံရိုက်နေတုန်း အနားက ဆိုင်ကလေးဆီက တလုံး၅၀၀ ဆိုတဲ့ အုံးစိမ်းသီးရည် ( သူငယ်ချင်း ၀ယ်လာပေးတာ) ကို ပိုက်နဲ့ ဇိမ်ခံစုပ်နေရင်းက မနေနိုင်တော့ဘူး။  နောက်ကျမယ် ပြန်ကြစို့ လို့ လောဆော်ရတာ့တယ်။ ဟော - ဟိုမှာ နေတောင်ထွက်လာပြီလေ...။

အပြန်ကျတော့ ကမ်းခြေကနေ စီးကြတယ်။  စက်ဘီးကို သဲတွေသိပ်သည်း မာကျောနေတဲ့ ရေစပ်နားကို ကပ်နင်း ရတာပေါ့။  နို့မို့ဆို သဲတွေက ဆွဲထားမှာ။ စက်ဘီးကလေး နှစ်စီး ရပ်ထားတာ ကဗျာဆန်လွန်းလို့ မှတ်တမ်းတင်လိုက်တယ်။  ကိုယ် အကြိုက်ဆုံးထဲက တပုံဖြစ်သွားပါတယ်။
မရိုက်တော့ဘူး လို့ဘဲ။ လှိုင်းပန်းပုဆရာကြောင့် ပေါ်လာတဲ့ သဲတွေရဲ့  တွန့်ကောက်ကြောင်းလှလှက ကိုယ့်ကို ဆွဲဆောင်လွန်းတာနဲ့  ( အချိန်ကလည်း မရ)  စက်ဘီးပေါ်ကနေပဲ လှမ်းရိုက်လိုက်တယ်။ ခပ်ဝါးဝါးလေးပေမဲ့ မဆိုးဘူး ထင်ပါရဲ့။

လက်တွေ့သွားပြီး  လမ်းမှာ သူ့ဖာသူ ပြေးနေတဲ့လူကို နောက်ကနေ အလစ်ချိန်ပြီး ထပ်ရိုက်တယ်။ ပါပါရာဇီ ပေါ့။
လှိုင်းတွေ ပုတ်နေတာကိုလည်း  လှမ်းရိုက်တယ်။ 

 ဘာဖြစ်လဲ -မတော်လို့ စက်ဘီးလဲကျလည်း သဲပေါ်ဆိုတော့ နာပါဘူး -နော့်..။


တဖက်ခြမ်းက အုန်းတောတွေ ကိုလည်း မချန်ဘူး။

အကြော်ဆိုင်နဲ့ တူတဲ့ ဆိုင်စုစုလေးတွေကိုလည်း (မစားရပေမဲ့) ရိုက်တယ်။


မှိုပွင့်လိုလို ကျောက်တုံးကြီးနှစ်တုံးပေါ်မှာ တည်ထားတဲ့ ဘုရားညီနောင်လေး နှစ်ဆူကိုလည်း ရိုက်တယ်။

ဘုရားအနားကပ်ပြီး ဓါတ်ပုံရိုက်နေတဲ့ ကောင်မလေးကို ရိုက်တယ် (  ပါပါရာဇီ again )

ဟိုတယ် ကိုပြန်ရောက်ပြီ။ ၀မ်းသာလိုက်တာ ၊  breakfast စားရတော့မယ် :D

ဟယ်- ဘက်ထရီကုန်သွားပြီတော့ -။ ကတောက် - နာလိုက်တာ။

မိုးစက်ပွင့်