Saturday 27 February 2010

ပန်းမြို့တော် သို့တစ်ခေါက်

".....xxxxx မေမြို့ သို့မဟုတ် ပြင်ဦးလွင် xxx တောင်လှေခါးလေးများ ဖြတ်သန်းလာခဲ့လျှင် xxx လှမ်းကာလာရှင် xxx ပန်းကမ္ဘာမျှော်စင် xxxx မြွေလိမ်မြွေကောက်လမ်းကလေး အပြေးသာလာခဲ့ရှင် xxxx....."
နားထဲစွဲနေတဲ့ ရေဒီယိုသီချင်းသံ ချိုမြမြကလေး တစ်ပိုဒ် ပါ .... အစ အဆုံးတော့ မရဘူးပေါ့ .:))................။
အဲဒီ " မေမြို့" " ပြင်ဦးလွင်" "တောင်လှေခါးမြို့တော်" "နှင်းမြို့တော်" ""ပန်းမြို့တော်" စတဲ့ ငါးမည်ရမြို့တော်ဆီကို ခုတလောလေးကပဲ ရောက်ခဲ့ပါတယ်...။ မန္တလေး-မေမြို့ကားလမ်းကလေးက သီချင်းထဲကလို မြွေလိမ်မြွေကောက်ရော၊ ချိတ်ယက္ကန်းတွေလိုရော ဝေ့ကာဝိုက်ကာနဲ့ ပေသုံးထောင်ကျော်ကို တက်လာကြပါတယ်။ အောက်ကပုံကတော့ တောင်တက်လမ်းရှူခင်းတစ်ခုပါ...။
ပြင်ဦးလွင် (အရင်ကတော့ အင်္ဂလိပ်ဗိုလ်ချူပ်ကြီး မေ ကို အစွဲပြီး မေမြို့လို့ခေါ်ပါသတဲ့။ ) ဆိုတဲ့ မြို့ကလေးက ကျွန်မမျက်စေ့ထဲမှာ အမြဲလှပနေတာပါ။  မီးခိုးခေါင်းတိုင်ပါတဲ့၊ ကိုလိုနီခေတ် အိမ်လှလှကလေးတွေ၊ ရထားလုံး လို့ခေါ်တဲ့ မြင်းရထားတွေ၊  သန့်ရှင်းသပ်ယပ်တဲ့ ဝေ့ဝေ့၀ိုက်ဝိုက် လမ်းကလေးတွေ ... အို..အားလုံး အားလုံးက ချစ်စရာကောင်းနေပါတယ်။  ဒီတစ်ခေါက်တော့ စိန်ပန်းပြာတွေကို ရင်ထဲအေးသွားအောင် ဝေေ၀ဆာဆာ မမြင်ခဲ့ရတော့ပါဘူး။  ရာသီကုန်ခဲ့ပြီမို့  မစို့မပို့ လက်ကျန်လေးတွေပဲ မြင်ခဲ့ရပါတယ်..။


 
သူများတွေ တူစုံတွဲလို့ သွားကြလာကြတာ မြင်ရတော့လည်း ကိုသကောင့်သားကို သတိရပါ့ ...။ ဒါနဲ့ပဲ သူနဲ့အတူစားခဲ့ဘူးတဲ့ အောင်ပတ္တမြား ချစ်တီးထမင်းဆိုင်ကို တကူးတက သွားပြီး စားပစ်လိုက်တယ်  ဘာရမလဲ.။  စားလို့ကတော့ ကောင်းသလားမမေးနဲ့။  အနှစ်များများနဲ့  ဆိတ်သား၊ ပဲစဉ်းငုံဟင်းရည်၊ မနုတ်တာနီ ချဉ်ရည် တွေကလည်း ကောင်းမှကောင်း။ ဓါတ်ပုံတော့ မရိုက်ခဲ့မိဘူး။  သူများကို သွားရည်ယိုအောင် မနှိပ်စက်ရတော့ဘူးပေါ့။

တစ်ဖွဲ့လုံးရဲ့ ပထမဦးစားပေးဖြစ်တဲ့ အရင်တုန်းက ရုက္ခဗေဒဥယျာဉ်လို့ခေါ်တဲ့ အခု ကန်တော်ကြီးအမျိုးသားဥယျာဉ် (အမျိုးသမီးတွေနဲ့ မဆိုင်ဘူးထင်ပါ့) ကို သွားခဲ့တယ်။      ၀င်ကြေးက ၁၀၀၀၊ ကင်မရာခွန်က ၁၀၀၀ တဲ့။  ဒီဥယျာဉ်မှာ အပန်းဖြေဖို့က တစ်နေ့လုပ်တစ်နေ့စားနဲ့ သူတို့သားသမီး တွေအတွက် လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ...။ 


Friday 26 February 2010

စိတ်ကောက်ခြင်း အနုပညာ


”....  တို့နှစ်ယောက် ....တစ်ယောက်နဲ့တစ်ယောက်....စိတ်ကောက်ကြတုန်းက...... သူ့ကိုမခေါ် တို့ကိုမခေါ် နေခဲ့တယ်......(အလည်က ကျန်တဲ့ စာသားတွေ မေ့သွားပြီ).....အနိုင်နဲံပိုင်းသွားမှခက်မယ်.......သူကလည်းမရှက်နဲ့တော့ကွယ်.... မြန်မြန် မင်းကစ လို့ ခေါ်ပါကွယ်...”    
ကိုယ်ကြားဖူးတဲ့ ချစ်စရာ စုံတွဲသီချင်းကလေး တစ်ပိုင်းတစ်စပါ...။


အခုတစ်လော ကိုယ့်စိတ်က တယ်မကြည်ချင်ပါ ... မကြည်ဆို စိတ်ကောက်နေသည်လေ..။
ကောက်သာကောက်ရပေမယ့် အားကတော့ တယ်မပါလှပေဘူး။  ဘာကြောင့်လဲဆိုတော့ စိတ်ကောက်ခံ ပုဂ္ဂိုလ်က သိသလိုလို မသိသလိုလို လုပ်နေပေသကိုး..။


မိန်းကလေးတိုင်း သူတို့နဲ့ပါတ်သက်တဲ့  ကိုကိုမောင်မောင်တွေအပေါ် စိတ်ကောက်ဖူးကြမှာပါ (မညာကြေးနော်)။ ကျွန်မကတော့ ခဏခဏမဟုတ်ပေမဲ့ ရံဖန်ရံခါတော့ ကောက်မိတာပါဘဲ..။ သူငယ်ချင်းတွေ မိတ်ဆွေတွေအပေါ် ခွင့်လွှတ်နားလည်တတ်သူ (အဟဲ- ကြုံတုန်းကြွားတာ ....ဘယ်သူသိတာမှတ်လို့) ----  ဆိုပေမဲ့ သူ့အပေါ်တော့ အခွင့်အရေးယူချင်၊ အနိုင်ယူချင်၊ အသေးအမွှားကလေးကိုတောင် စိတ်ကောက်ချင် မိတာပါဘဲ..။


စိတ်ကောက်တာဟာ စိတ်ဆိုးတာရဲ့ အကျိုးဆက်ဆိုပေမဲ့ စိတ်ဆိုးတာနဲ့လည်း လုံးလုံးမတူပြန်ဘူး။ စိတ်ဆိုးတာက ပွင့်အံထွက်တဲ့သဘာဝရှိပြီး စိတ်ကောက်တာက မြုံနေတဲ့သဘာဝ ရှိပြန်တယ်။   နောက်ပြီး စိတ်ကောက်တာကို (မျက်စောင်းထိုးတာ၊ မျက်ရည်ကျတာလိုပဲ) မိန်းကလေးတွေက ရီဂျစ်စတာပြုပြီး မူပိုင်လုပ်ထားတဲ့ ကိစ္စ ရှိသေးတယ်။ (ဟင် ယောက်ျားကြီးတန်မဲ့ စိတ်ကောက်တတ်ရန်ကော) လို့ ဝေဖန်လိုက်ရင် သကောင့်သားတွေ တော်တော်နာကြပါတယ်။ 


မိန်းကလေးတွေရဲ့ စိတ်ကောက်တာကို သရုပ်ခွဲရရင်  (သကောင့်သားကို နောက် ဒီလို အလားတူ ကိစ္စမျိုးထပ်မလုပ်ချင်အောင်အပြစ်ပေးခြင်း) ဆိုတာအပြင် (အချော့ခံချင်တဲ့ စိတ်)ကလည်း တစ်မတ်သားလောက် ပါနေတာကို တွေ့ရပါတယ်..။ စာအုပ်ထဲမှာ ရုပ်ရှင်ထဲမှာဆိုရင် မင်းသားကလည်း ခခယယ ရှင်းပြ၊ မင်းသမီးလည်း မူလီတင်းနေ၊ နောက်မလုပ်ပါဘူး ဆိုပြီးတောင်းပန်၊ အထူးအခွင့်အရေးတွေရ၊ ပြန်ချစ်ကြနဲ့ တယ်လဲအဆင်ပြေသကိုး...။


ဒါပေမဲ့ ကိုယ့်မူပိုင်ရှင်က မတုန်မလှုပ် ကျောက်ဆစ်ရုပ်မို့လေ..။ တခါတလေ စိတ်ကောက်တာကို စိတ်ကောက်မှန်းမသိ၊ စိတ်ကောက်တာကလည်း ဖွင့်ပြောလို့အဆင်မပြေတဲ့ ကိစ္စမျိုးမို့လား...။ များသောအားဖြင့် စိတ်ကောက်ရင် မခေါ် မပြော မပါတ်သက် စသဖြင့် (မ) ပေါ်လစီတွေ အများကြီး ကျင့်သုံးကြတာလေ။  သကောင့်သားက ပြာပြာသလဲ၊ ခြေမကိုင်မိ လက်မကိုင်မိ ဘာမှမကိုင်မိဖြစ်လေ မချောတွေက တည်တည်ငြိမ်ငြိမ် နေပြလေ။ စိတ်ထဲကတော့ (ဟင်း ဒင်းသိပြီမို့လား၊ ငါက စိတ်ကြီးတာ။ မခေါ်မပြော ပစ်ထားလိုက်ဦးမယ်) စသဖြင့် ခံစစ်အသွင်ဆောင်သော တိုက်စစ်ကို ဆင်နွှဲတတ်ကြပြန်ပါတယ်။


ဒီကျောက်ဆစ်ရုပ်ကြီးကတော့ မသိသလိုလိုနဲ့ နေ့နေ့ညည အဝေးဖုန်းတွေဆက်၊ ကိုယ်က ဖုန်းမကိုင်တာမျိုး၊ ထူးရုံထူးပြီး ဖုန်းချပစ်တာမျိုး၊ ဖုန်းပိတ်ထားတာမျိုး လုပ်ပြန်တော့လည်း ဖုန်းကိုင်ကိုက်ချင်း သူ့ဖက်က ကိုယ်ကြားချင်တဲ့ (ကိုယ်ဘာမှားလို့လဲ) တို့ (ကိုယ်မှားသွားပါတယ်)တို့  ပြောဖို့ဝေလာဝေး၊ (ဘာဖြစ်နေတာလဲ)လို့တောင် မေးဖေါ်မရ၊ ခံစစ်ကို ခံစစ်နဲ့ တုန့်ပြန်နေပုံများလေ။


ဒီလိုနဲ့ တစ်ပါတ်လောက်ရှိနေပြီဆိုတော့ ကိုယ်လဲ ပျင်းလာပြီလေ။ ကျမမောင်လေး ငယ်ငယ်တုန်းက တစ်ယောက်ထဲအကြာကြီးငိုနေရင်း (ပျင်းတယ်ကွာ) ဆိုပြီး ရပ်ပစ်တာ သတိရလာသေးတော့တယ်။  ကိုယ်လဲ ပျင်းတယ်ကွာ ဆိုပြီးရပ်ရမလား၊ စဉ်းစားနေတယ်..။ ဒါပေမဲ့ ကိုယ်ကအရှူံးပေးသလိုကြီးလဲမဖြစ်ချင်ဘူး။  အတွေ့အကြုံကောင်း၊ အကြံကောင်းလေးများရှိရင် ပေးကြပါဦးနော်...။


သြော် နောက်ပြီး......မတော်လို့  သူငယ်ချင်းတစ်ယောက်ယောက်များ ကိုကျောက်ဆစ်ရုပ်နဲ့ လမ်းမှာတွေ့ခဲ့ရင် ကိုယ် စိတ်ကောက်နေတာ သူသိအောင် ပြောပေးကြပါဦးနော်...။


စာကြွင်း-  အားလုံး ၀ိုင်းအကြံပေးကြသလို စိတ်ကောက်ရာက ခဏ တန်းဖြုတ်ပြီး သူ့ကို ဘာကြောင့် မကြေနပ်တာကို သေသေချာချာ အသိပေးလိုက်တယ်။  ပြေပြေပြစ်ပြစ် မချော့တတ်တဲ့ သူ့ကို သီးသန့်အခွင့်အရေးတစ်ခုပေးလိုက်တယ်။  ”စာနဲ့ ရေးသားရှင်းလင်းခွင့်” ( စကားပြောမကောင်းပေမဲ့ စာရေးကောင်းသူမို့ သူ့ရဲ့စာတွေက ကိုယ့်အတွက် အမြဲ စိတ်ဝင်စားစရာ ကောင်းနေတတ်တယ်..။)   ဒီနေ့မနက်ပဲ  ကားကြုံနဲ့ သူ့စာရောက်လာတယ်... နောက်ဆုံးက စာတစ်ကြောင်းထဲနဲ့  ကိုယ် စိတ်ကောက်ပြေသွားပါတယ်။ ငိုချင်ရက် လက်တို့  ဆိုတာမျိုးဖြစ်နေမလားတော့ မသိဘူး။   ဘာရေးထားလဲ လို့တော့ မပြောပြတော့ဘူးနော်  :-)))))


နောက်ဆက်တွဲ - စိတ်ကောက်တာ တစ်ပါတ်တိတိကြာပါတယ်။ တိုက်ဆိုင်လွန်းသဖြင့် ဆက်စပ်ဖတ်ရန်.....  မအယ်ဇီ ရဲ့  သို့ .......မှ


မိုးစက်ပွင့်

Wednesday 17 February 2010

အမှတ်တရ ဘန်ကောက်ခရီး



အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘန်ကောက်ကို  တတိယအကြိမ်အဖြစ်ရောက်ခဲ့တဲ့အချိန်ကတော့ ရှပ်နီနဲ့ရှပ်ဝါတွေ ရန်စောင်နေဆဲကာလဖြစ်တဲ့ ဇန်န၀ါရီနှောင်းပိုင်းမှာပါ..။  မနှစ်က ရောင်းရင်းတချို့လို မတော်လို့ လေဆိပ်ပိတ်တာမျိုးတွေကြုံလာရင် ဆိုတဲ့အတွေးနဲ့ စိတ်ပူပန်ခဲ့ရပေမဲ့ ဘာမှ ထူးထူးထွေထွေမကြုံခဲ့ရပါဘူး။  ပြန်လာပြီး တော်တော်ကြာမှ ရာမလမ်းမကြီးကို ရှပ်နီတွေပိတ်ဆို့ကြတယ်လို့ သတင်းကြားရတော့ လွဲခဲ့ရတဲ့ ကံကိုပဲ ကျေးဇူးတင်မိပါသေးတယ်။


ဘန်ကောက်ခရီးအစရဲ့ မြန်မာလေဆိပ်အတွေ့အကြုံလေးကိုလည်း တဆိတ်မျှဝေပါရစေဦး။  လေဆိပ် check-in ၀င်တဲ့အခါကျတော့ ကိုယ့်ရဲ့ငွေသွင်းဘဏ်ချလန်ရှာမတွေ့တော့ဘူး။ မလွဲရရင် မနေနိုင်တဲ့သူ မို့ပါလေ။ ဒါနဲ့   ရုံးမှာပဲ ကျန်ခဲ့တယ်လို့ထင်တယ်။ စနေနေ့ဆိုတော့ ရုံးကလည်းပိတ်နေပြီ။  သူတို့က ပြာယာခတ်နေတဲ့ကိုယ့်ကို အမဲတစ်ကောင်လိုသဘောထားပြီး လေဆိပ်ရုံးခန်းထဲခေါ်သွားတယ်။  အကျိုးအကြောင်းရှင်းပြပြီး အကူအညီတောင်းပေမဲ့ ဟိန်ူးလားဟောက်လားလုပ်ပါတယ်။ တကယ်ကတော့ ခြောက်စားလုပ်ချင်လို့ပါ။ ကျမအရမ်းစိတ်တိုသွားပါတယ်။ ဒီခရီးကိုမသွားရလို့လဲ ဘာမှထူးထူးခြားခြား နစ်နာသွားမှာမဟုတ်သလို (ပြေပြေလည်လည်ပြောရင် ကျေးဇူးပြုဖို့ဝန်မလေးပေမဲ့) ဟောက်စားလုပ်နေတာကိုလည်း သည်းမခံနိုင်ပါဘူး။ ဘဏ်သွင်းတဲ့ ငွေ၂၀၀ထဲနဲ့ ကျွန်မတို့က မသွင်းဘဲမနေပါဘူး။ သွင်းလို့လဲ D-form ထွက်လာတာပေါ့ လို့   ပြန်ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်မှ သူတို့က ပိုဆိုးပါတယ်။ " ဟ - Electronic D-form ထဲက ဘဏ်ချလံနံပါတ်က လူတိုင်းရိုက်ထည့်လို့ရတာပဲ." .။ (အဲဒါက ရှင်တို့ရဲ့စံနစ်မလုံခြုံလို့ပေါ့ - စိတ်ထဲက)  "အစိုးရစာရွက်ဆိုတာ တန်ဘိုး ဘယ်လောက်ပဲဖြစ်ဖြစ်အရေးကြီးတယ်"။ (မှတ်သားလောက်ပါတယ်- စိတ်ထဲက)။ ပြီးတော့ "ဘဏ်စာရွက်မပါရင် မသွားနဲ့တော"့ တဲ့။ ( so what ) .... ငွေများများလိုချင်လို့ ဈေးတင်နေတာ မသိဘူးမှတ်နေသလားမသိ။ အောက်ကြို့ပြီး ပိုက်ဆံပေးဖို့တော့ လုံးဝ မစဉ်းစားခဲ့ပါဘူး။  နောက်ဆုံးအနေနဲ့ များပြားလှတဲ့ စာရွက်စာတမ်းတွေကြားထဲကို လှန်လှောလိုက်တော့ ဘယ်အချိန်ကညပ်နေမှန်းမသိတဲ့ ဘဏ်စာရွက်ကလေးက လှောင်ပြောင်သလိုလို ထွက်ကျလာတယ်။ "တွေ့ပြီ"....။ ရှေ့ကလူရဲ့မျက်နှာ မည်းကနဲဖြစ်သွားတယ်။ ခင်ဗျားတော်တော်ပေါ့ဆတာပဲ လို့  မခံချိမခံသာနဲ့ပြောတယ်။ သူစားရမယ်လို့ ထင်ထားတဲ့ အရာတစ်ခုကိုဆုံးရှူံးသွားလို့ထင်ရဲ့။ "ဆောရီးဘဲ"လို့ပြောပြီး ချာကနဲ ထွက်လာခဲ့တယ်။  ကူညီချင်စိတ်ခေါင်းပါးတဲ့၊ customer ကို ရည်ရည်မွန်မွန် မဆက်ဆံတတ်တဲ့သူတွေကို ကိုယ် ဒီ့ထက်တောင် ရိုင်းချင်ခဲ့တယ်။


ခရီးစဉ်တစ်လျှောက်ကတော့ အဆင်ပြေမှပြေဘဲ။ သုဝဏဘူမိလေဆိပ်သစ်ကြီးကို ပထမဆုံး ရောက်တာဆိုတော့ ဟိုကြည့်သည်ငေးပေါ့။  အတူသွားတဲ့အစ်မနဲ့အတူ ဖုန်းကတ်တွေ ၀ယ်ထည့်လိုက်ကြတယ်။ MPTဲ့ GSM ကဒ်လေးကို ပိုက်ဆံအိတ်ဇစ်အကန့်လေးထဲ သေသေချာချာ သိမ်းလိုက်တယ်။ ပြီးတော့ ရောက်ကြောင်းကို အိမ်ကိုလှမ်းပြီးဖုန်းဆက်တယ်။  အမှန်ကတော့ လက်ဆော့ချင်တာ..။ လေဆိပ်က Tour Company မှာ ထဲဝင်စပ်စုကြတယ်။  ကျွန်မတို့တည်းမဲ့ ဟိုတယ်က သူတို့ member မို့လို့   (ပြောတာပဲ)  special rate နှစ်ယောက် ဘတ်၅၀၀ ပါတဲ့။ တန်လိုက်တဲ့ဖြစ်ခြင်း။  ကြာသလားလို့ လက်မှတ် နှစ်စောင်။  ဈေးပိုများတဲ့ Limousine မစီးဘဲ မီတာ Taxi ကိုငှားလိုက်တယ်။ ချွေတာရမယ်မဟုတ်လား။ လေ့လာခဲ့တဲ့သတင်းအရ ကားမရှူပ်တဲ့ Express Way လမ်းမကြီးကဘဲမောင်းခိုင်းလိုက်တယ်။  Tollgate Fee ဘတ်၇၀ ပေးရပေမဲ့ မြန်မြန်ရောက်လို့  ပိုပြီးသက်သာ တွက်ချေကိုက်ပါတယ်။


ဟိုတယ်မှာ တစ်နာရီလောက်နားပြိးတော့  အသက် ၅၀လောက်ရှိတဲ့ တိုးဂိုက်တစ်ယောက်က ဆလွန်းကားအဖြူလေးနဲ့လာကြိုပါတယ်။  ဘတ်၅၀၀ထဲနဲ့ မြဘုရားတို့ဘာတို့လည်ရမယ်ဆိုတော့ အားနာလိုက်တာနော်။  ဇာတ်လမ်းက အဲဒီက စတာဘဲ...။


Saturday 13 February 2010

ကလလရေကြည် မှသည်

လူပီပီ ကိုယ့်အကြောင်းကိုယ် အကောင်းပြောရရင် ကျမက အမေ့ရဲ့ သမီးလိမ္မာလေးပါ။
ဘာလို့လဲ သိလား။  အမေ ကျမကို ကိုယ်ဝန်ဆောင်တော့ ဂျူးဒိတ်က ဖေဖေါ်ဝါရီအလယ်လောက်ဆိုတာ သိတယ်။  အမေက အစိုးရုံးမှာ အလုပ်လုပ်နေတာဆိုတော့ ရုံးသွားရုံးပြန် ဗိုက်ဖုံးအကျီင်္တကားကားနဲ့    ( စကားမစပ် - ကျမဆိုးပုံများ ခြောက်နှစ်သမီးလောက်မှာ အမေက ဗိုက်ဖုံးအကျီင်္လှလှတွေ သူများကို ပေးပစ်တော့ “သမီးဖို့ချန်ထားဦး၊ သမီးဖို့ချန်ထားဦး“ နဲ့   နှုတ်ခမ်းစူပြီး ဂျီကျတတ်ခဲ့တာ-ဟိ) ။  မိတ်ဆွေအပေါင်းအသင်းတွေက “ဒီဗိုက်ကြီး ဘယ်တော့မွေးမှာလဲ” လို့  မေးကြတိုင်း အမေက ခပ်တည်တည်နဲ့  “ပြည်ထောင်စုနေ့”  လို့  ဖြေခဲ့ပါသတဲ့။  ကျမဆိုတဲ့ကျမကလဲ  အမေ့ကို ရိုသေလိုက်ပုံ - သဘာဝအတိုင်း ပြည်ထောင်စုနေ့ မှာ မွေးခဲ့ပါတယ်။

မမွေးခင်ကတော့ နည်းနည်း ဆိုးပါတယ် ( ကဲ- ဆိုးတာကျတော့ ဖော့ပြောတယ် တွေ့လား)
ဗိုက်ကြီးသည်တွေ ချင်ခြင်း အမျိုးမျိုး တပ်ကြတယ်လို့ ကြားဖူးတယ်။  ရွာတွေမှာ တော့  ဆေးလိပ်ပြာ စားချင်လေ့ရှိတာ မကြာမကြာ တွေ့ဖူးတယ်။  ကျမကိုယ်ဝန်နဲ့   အမေ ချင်ခြင်းတပ်လိုက်ပုံက သရက်သီး စားချင်တယ်တဲ့။  သရက်သီးကလဲ  နှစ်မိုင်ကျော်လောက် ဝေးတဲ့ရွာက ဘကြီးတ၀မ်းကွဲရဲ့ ခြံထဲက သရက်သီး ကိုမှ စားချင်တာပါတဲ့။  ကျမအဖေမှာ ဗိုက်မျက်နှာနဲ့   ချက်ခြင်း စက်ဘီးလေး တွန်းပြီး သရက်သီး သွားတောင်းခူးပေးရပါတယ်။  တော်သေးတာပေါ့  - ချင်းတောင်ပေါ်က ပန်းသီး မဟုတ်လို့...............

အဲဒီလိုနဲ့    ပြည်ထောင်စုနေ့ရဲ့ မနက်ခင်းကလေးတခုမှာ “မိုးစက်ပွင့်” ဆိုတဲ့ လူသားကလေး “အူဝဲ” တေးကိုဆိုလို့   ကမ္ဘာမြေကို နှုတ်ဆက် ၀င်ရောက်ခဲ့ပါတယ်.............


(မွေးနေ့ အမှတ်တရ ပို့စ်)

မိုးစက်ပွင့်