လေယာဉ်အင်ဂျင်သံ တဝေါဝေါနဲ့ ငြိမ့်ကနဲရှေ့ကိုပြေးထွက်သွားတဲ့ ခံစားမှု၊ နောက်ပြီးသိမ့်ကနဲ လေထဲကို ကြွတက်သွားတော့မှဘဲ ဒီခရီးကိုသွားဖြစ်ပါလား ဆိုတဲ့အသိနဲ့ ဟင်းချနိုင်တော့တယ်။ တကယ်တော့ လွန်ခဲ့တဲ့ နာရီပိုင်းအထိ စိတ်မောပင်ပန်းနေရတုန်း။ စိတ်တွေက လွန်ခဲ့တဲ့ နှစ်ပါတ်အလိုကို ပြန်ရောက် သွားတယ်။ ဒီခရီးထွက်ရမယ်ဆိုတာ ကိုယ်သိရချိန်မှာ အရမ်းနီးကပ်နေခဲ့ပြီ။ မေ့မေ့ လျော့လျော့ ပစ်ထားမိတဲ့ ပတ်စ်ပို့လေးက သက်တမ်းမမီ့တမီ။ အပြေးအလွှား စီစဉ်ရတာ မောလွန်းသည်။ နောက်ဆုံး D-form က အချိန်မီမထွက်လို့ လေဆိပ်မှာ မျက်နှာငယ်ရပြန်သည်။ သည်းခံ၊ သည်းခံ။
ခရမ်းရောင်၊ပန်းရောင်၊ ရွှေဝါရောင်ဝတ်စုံနဲ့ TG လေယာဉ်မယ်လေးတွေကိုမြင်တော့မှ အမောပြေ တော့သည်။ ကိုယ့်ကိုယ်ကိုယ် အားနည်းနေတယ်ထင်လို့ ၀ိုင်မသောက်တော့ဘူး။ လိမ္မော်ရည်ပဲ လည်ချောင်းထဲကို အေးကနဲဆင်းသွားအောင် မော့ချလိုက်သည်။ ဒီခရီးက တနာရီတောင်မရှိတာဘဲ။ ဘေးနားက အင်္ဂလန်သွားမဲ့ သင်္ဘောသား အသက်ငယ်ငယ် ကောင်လေးက စကားခပ်များများ။ သူက ဘန်ကောက်ကို တခါမှမရောက်ဖူးဘူးတဲ့။ “ဘန်ကောက်သူတွေ ချောလားအစ်မ ” တဲ့။ လာစပ်စုနေသေးတယ်။ “ဘယ်လိုပြောရမလဲ၊ အစုံရောရာပေါ့၊ သူတို့ကတော့ ပိုစီးပွားရေးကောင်း၊ ပိုခေတ်မီတော့ တို့မြန်မာမတွေထက် အလှပိုပြင်နိုင်တာပေါ့” ပြောမိပြောရာ ပြောလိုက်တယ်။
ခဏနေတော့ လေယာဉ်မောင်က ခရီးသည် အမျိုးသမီးတိုင်းကို ခရမ်းရောင်သစ်ခွပန်းလေးတွေ တစ်ခက်စီ လာပေးတယ်။ ရနံ့မမွှေးပေမဲ့ အဆင်းလှတဲ့ ပန်းကလေး။
ဝါသနာအရ လေယာဉ်ခုံနောက်အိတ်ထဲက dutyfree ကက်တလောက်ကို ဆွဲယူဖတ်တယ်။