Saturday, 11 December 2010

အမြတ်နိုးဆုံး ဆောင်း

နှင်းတွေဖွေးဖွေးကျတဲ့ ဆောင်းတွေကို ချစ်ခဲ့ဖူးပါတယ်။ ခုထိလဲ ချစ်နေဆဲပါ။

ဒီဆောင်းရက်တွေပေါ့။
စောင် အထပ်ထပ်ခြုံလို့  ခေါင်းစွပ်၊ မာဖလာ၊ ခြေအိတ်တွေကို စွပ်လို့  ၊ မွေ့ယာထူထူပေါ်မှာ ကွေးခဲ့ရတဲ့ ကလေးဘ၀ အချိန်လေးတွေပါ။  အသက်ရှူဖို့ရာ မျက်နှာကလေးဖေါ်ထားတဲ့အခါ မျက်နှာကွက်ကွက်ကလေးက အေးလာလို့  စောင်နဲ့ခဏခဏ ပြန်အုပ်ထားပေးရတယ်။  မိုးစင်စင်လင်းပေမဲ့ ကိုယ်ငွေ့လေးနဲ့ နွေးနေတဲ့ အိပ်ယာလေးပေါ်က မခွာချင်ပြန်ဘူး။ အမေက ”ကျောင်းနောက်ကျမယ်၊ ထတော့” လို့  ဆိုတယ်။ တော်တော်လေး အပျင်းတက်ပြီးမှ စောင်ပုံထူထူကြီးကို ဘေးတွန်းချပြီး အိပ်ယာထ။ ရေတခွက်ကို ဓါတ်ဘူးထဲက ရေနွေး နည်းနည်းရောပြီး မျက်နှာသစ်လိုက်တယ်။  အင်း- မဆိုးပါဘူး။  ”၀ါး”ကနဲ အာခံတွင်းထဲက လေတွေကို မှုတ်ထုတ်လိုက်တော့ နဂါးငွေ့တန်းလို အဖြူရောင် အခိုးအငွေ့လေးတွေ လွင့်ထွက်လာတယ်။ အဲဒီလို အကြိမ်ကြိမ် လုပ်ရတာလည်း ကိုယ့်အတွက် အပျင်းပြေ ကစားနည်းတခု ဖြစ်နေပြန်တယ်။

ဒီဆောင်းရက်တွေပေါ့။
အိမ်အပြင်မှာတော့ လယ်ကွင်းရဲ့ စပါးကွင်းတွေ ရိုးပြတ်ခင်းတွေကို နှင်းဇာပုဝါတွေကြားက ၀ိုးတ၀ါးမြင်နေရတယ်။ ညှပ်ဖိနပ်ကလေးကိုစီးပြီး လယ်ကွင်းတွေကို ဖြတ်လျှောက်တော့ ရိုးပြတ်တံပေါ်က နှင်းစက်လေးတွေက ဖိနပ်ပါးပါးလေးကို ဖောက်ပြီး ခြေဖ၀ါးအထိ စိုစွတ်လာခဲ့တယ်။ သိုးမွေးခေါင်းစွပ်ကလေးကို နားရွက်အထိ ဆွဲချလို့ အအေးဒဏ်ကို ကာကွယ်ရပြန်တယ်။ နားရွက်လုံရင် အချမ်း လုံတယ်လို့  ကြားဖူးတယ်။  အရမ်းအေးရင်လည်း နားရွက်ပုပ်တတ်၊ ပြတ်ကျတတ်တယ်လို့  ကြားဖူးပေမဲ့ ကိုယ်တို့ မြစ်ဝကျွန်းပေါ်မှာ ဒီလောက်ထိတော့ မအေးဖူးခဲ့။ မျက်နှာကို ညင်ညင်သာသာတိုးဝှေ့လာတဲ့ နှင်းမှုန် အေးအေးကလေးတွေရဲ့ အထိအတွေ့ကို နှစ်သက်ခံစားမိသလို လတ်ဆတ်တဲ့ နှင်းရဲ့ရနံ့ကိုလည်း ကိုယ်က ကြိုက်မိနေသည်။ အမေက အိမ်ရှေ့မှာ သစ်ရွက်ခြောက်တွေကို တံမျက်စည်းရှည်နဲ့  စုသိမ်းပြီး မီးရှို့နေသည်။ အစမှာ နှင်းစိုနေတဲ့ သစ်ရွက်ခြောက် ကလေးတွေက မီးလောင်ဖို့ကို ငြင်းဆန်နေပေမဲ့ နောက်ဆုံးတော့ အပူဒဏ်ကို မခံနိုင်ဘဲ လောင်ကျွမ်း ကြရပြန်တာပါဘဲ။ မီးခိုးငွေ့တွေ တအူအူထွက်နေတဲ့ အိမ်ရှေ့က ဆောင်းမီးဖိုလေးမှာ ကျမရယ်၊ အမေရယ်၊ အိမ်ဘေးက အဒေါ်နဲ့  ဘကြီးတွေပါ လာပြီး မီးလှုံကြမြဲ။ တကယ်တော့ အချမ်းပြေ မီးလှုံရင်း ရောက်တတ်ရာရာ သာရေးနာရေး စီးပွားရေးတွေ ပြောတတ်ကြသေးတယ်။ ဒီနှစ် ဘယ်သူရဲ့ လယ်က စပါးအထွက်ကောင်းလို့ စိန်စတင်းဆိုင်းငှားပြီး အလှူကြီး လှူမတဲ့ ဆိုတာမျိုးတွေလည်း ပါရဲ့။ ဘယ်သူကဖြင့် အကြွေးမဆပ်နိုင်လို့ ကိုယ်ပိုင်လယ်ကထေး ထိုးဆပ် လိုက်ရသတဲ့ ဆိုတာမျိုး တွေလည်း ပါရဲ့။ ကျမကတော့ အကြီးတွေ ပြောသမျှ နားထောင်ရင်း လက်ဖ၀ါးလေး နှစ်ဖက်ကို ထောင်ပြီး မီးရောင်ပြ၊ တော်တော်ပူနွေးလာတော့ လက်ဖမိုးတွေကို တလှည့်ကင်။ မီးရှိန်ကျလာရင် ဘေးနားက သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်လေးတွေ ထပ်ထည့်။ မီးခိုးနံ့ သင်းသင်းကလေးကိုဘဲ ကြိုက်နေမိသေးပြန်တယ်။

ဒီဆောင်းရက်တွေမှာပေါ့။
အမေက အိပ်ယာက အတင်းနှိုးပြီး သူနဲ့ အတူ အပြေးလေ့ကျင့်ရမတဲ့။ အလိုလေး (၇)တန်းမြို့နယ် လူရည်ချွန်အတွက် အားကစားအမှတ်ကောင်းအောင် တဲ့။  အမေ့စိတ်ကူးယဉ်အိမ်မက်ထဲမှာတော့ ငပလီတို့   ရွှေဝါချိုင်တို့  မှာကျမက ဦးထုပ်ဖြူ လည်စည်းဖြူဖြူနဲ့  တောက်ပတဲ့အပြုံးလေးတွေနဲ့။  သုံးယောက်ပြေးရင် တတိယရလေ့ရှိတဲ့ ကျမက ကိုယ့်အကြောင်း ကိုယ်သိသပေါ့။ အမေ့ကို မလွန်ဆန်နိုင်လို့သာ ထပြေးရတာပါ။ တကယ်ဆို အိပ်ယာထဲမှာပဲ ဇိမ်နဲ့ ကွေးချင်တာလေ။ တကယ်လဲ မြို့နယ်အဆင့်နဲ့ဘဲ ပြုတ်ခဲ့ရ တာပါဘဲ။  ဒါပေမဲ့ အမေ စိတ်မပျက်အောင် (အမျိုးသားနေ့  ကျောင်းတွင်း စာစီစာကုံးဆုလေး တခု ယူပေးခဲ့ပါတယ်။ ဘာတွေရေးခဲ့လဲ အခုတော့ မမှတ်မိတော့။  (ဆောင်းလေ အေးအေးက အမျိုးသားရေးစိတ်ဓါတ်တွေ သယ်ဆောင် လာခဲ့တော့သည်) ဆိုလား တကြောင်းပဲမှတ်မိတော့တယ်။  အဲဒါကိုတွေးပြီး ခဏခဏပြုံးမိနေလို့။

ဒီဆောင်းရက်တွေမှာပေါ့။
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ခြေချခွင့်ခဲ့ရတာ။ ပုံပန်းမကျတဲ့ ဆံပင်၊ ကြောင်စီစီမျက်လုံးလေးနဲ့  ကချင်လွယ်အိတ် အစိမ်းလေးထဲမှာ ဗလာစာအုပ်တချို့ကိုထည့်လို့  ကိုယ်တက်ရမဲ့ အခန်း TE13 ထဲကို ၀င်မိတော့ အားလုံးက ကိုယ့်အတွက် သူစိမ်းတွေသာ။ မျက်စေ့မှုန်သူမို့  ရှေ့ဆုံးခုံမှာပဲ ၀င်လိုင်လိုက်တော့  ခဏအတွင်းမှာ နောက်ထပ် ကောင်မလေးနှစ်ယောက် ထပ်ရောက်လာတယ်။ အသားဖြူဖြူ၊ ဆံပင်ကုပ်ဝဲပျော့ပျော့ ဗာဒံစေ့ပုံမျက်လုံး ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးက “နင်က ဘယ်သူလဲဟင်၊ ငါ့နာမည်က ----” လို့ စ မိတ်ဆက်တော့ သူငယ်ချင်းတွေ ဖြစ်သွား ခဲ့တယ်။  နောက်ပိုင်းတော့ ပါးချိုင့်မလေး ဦးဆောင်တဲ့ ကိုယ်တို့  ငါးယောက်အဖွဲ့က ကင်တင်းပေါင်းစုံ၊ အတန်းပေါင်းစုံ လျောက်သွားပြီး အဖြူရောင်သန့်သန့် ပျော်စရာလေးတွေ အများကြီး လုပ်ခဲ့ကြတာပေါ့။ နောက်ပြီး အင်းလျားလေးကျွန်းမှာ ကြက်ခြေနီ သင်တန်း တက်လို့   “ဘယ်ညာ ဘယ်ညာ”နဲ့ သင်တန်းဆရာ တပ်စုမှူးက မောင်းတော့ ကိုယ့်ကချင်လုံချည်က ချွေးနဲ့  စိုကပ်ပြီး ဗြန်းကနဲ ဒူးဆစ်အထိ ကွဲသွားလို့  သူများတပ်စုတွေအထိ သတင်းပြန့်ခဲ့သေးတယ်။

ဒီဆောင်းရက်တွေမှာပေါ့။
ယောင်ချာချာဖြစ်နေတဲ့ကိုယ့်ကို အစ်မလိုချစ်ရတဲ့ စီနီယာ အစ်မလေး နှစ်ယောက်က  အချိန်ပိုင်း ကျူတာ လာဖြေဖို့ အားပေးခဲ့တာ။ (အဲဒီနှစ်ယောက်ထဲက တယောက်က ဂျာမနီရောက် မုန့်ဖုတ်ကောင်းတဲ့ ဘလော့ပိုင်ရှင်လေး ပါ- “မ”ရေ- ခွင့်မတောင်းဘဲ ပြောလိုက်မိပြီနော်) ဆရာတပိုင်း ကျောင်းသားတပိုင်း ကျူတာပေါက်စလေးမို့  ကြိမ်ခြင်းကလေးနဲ့ အကျီင်္ခါးတို၊ ဒေါက်ဖိနပ် မြင့်မြင့်လေးစီးလို့  အဓိပတိလမ်းရဲ့ ကံ့ကော်နဲ့  ရေတမာပင်တန်းတွေကို ယုံကြည်ချက်ရှိရှိ ဖြတ်သန်း လျောက်လှမ်း ခဲ့ရတာ။ ဒီဆောင်းမှာဘဲ တောက်ပတဲ့ မျက်ဝန်းတစုံရဲ့ အဓိပ္မါယ်ကို အဖြေရှာ ကြည့်မိခဲ့တာ။ နောက်ပြီး အမိ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုကို ပျော်ပျော်ကြီး ဆင်နွဲခဲ့ရတယ်။ အရမ်း တည်ငြိမ် အေးဆေးတဲ့ သူငယ်ချင်းလေး တယောက်ကဆို စင်ပေါ်တက်ပြီး ဖက်ရှင်ရှိုးတွေ ဘာတွေ လျှောက်လို့။ ကိုယ်ကလည်း မလုပ်စဖူး သူငယ်ချင်းတွေနဲ့အတူတူ အဆိုတော် ကို(ခိုင်ထူး)နဲ့ ဓါတ်ပုံတွေ တွဲရိုက်လို့။ သြော်- ပျော်စရာ ဆောင်းညလေး တည ပေပဲ။

ဘ၀မှာ ပျော်စရာတွေချည်းပဲ မဟုတ်လေတော့ ၀မ်းနည်းစရာ အချိန်တွေလည်း ရှိခဲ့တယ်။ ချစ်တဲ့သူတွေအပြင် မုန်းတဲ့သူတွေလည်း ရှိစမြဲမို့ ခါးသီးပူလောင် တဲ့ အချိန်တွေလည်း ရှိခဲ့လေရဲ့။ ကိုယ့်ရဲ့ အလင်းရောင်လေးအနေနဲ့ နေရောင်သာတဲ့ ကျွန်းကလေးတကျွန်းဆီကို ခဏတာ သွားခဲ့ရခြင်း ပဲပေါ့။ ဒီလိုနဲ့ ကိုယ်ချစ်တဲ့ မြကျွန်းသာရယ် သူငယ်ချင်းတွေရယ် ကိုလက်ပြပြီး တခြားဘ၀တခုကို အရှင်လတ်လတ် ပြောင်းခဲ့ရပြန်လေတယ်။

ဒီဆောင်းရက်တွေမှာပေါ့။
အချိန်တန်လို့ အိမ်ပြန်ခဲ့ပေမဲ့ မြကျွန်းသာနဲ့ ဝေးခဲ့ပြီ။ ဘ၀ရဲ့ ပေးလာတဲ့ အခြေအနေကို လက်ခံပြီး ပျော်ပိုက်အောင်ကြိုးစားရင်း အသားတကျဖြစ်လာခဲ့။ မှတ်မှတ်ရရဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ စူးစူးရှရှ ဆောင်းညတွေ။ ပိန်းပိတ်နေတဲ့ အဖြူရောင် နှင်းမြူတံတိုင်းကြီးကို တိုးခွဲပြီး လျောက်ခဲ့ရတဲ့ ကွေ့ကွေ့ကောက်ကောက် လှလှပပ လမ်းကလေးတွေ။ ထင်းရူးရနံ့၊ နှင်းဆီရနံ့၊ နှင်းရဲ့ရနံ့ ရောယှက်လို့။ ရှမ်းပြည်ဆောင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြန်တယ်။ အဲဒီမှာပဲ “သင့်အိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်” ဆိုတဲ့ ကယ်ရိုဆင်းဂင်း ဂီတတွေနဲ့ ရင်ခုန်ခဲ့ရဖူးတယ်။

အဲဒီနောက် ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားခဲ့တဲ့ တခြားတခြားသော အမှတ်တရ ဆောင်းရက်တွေ။
ပီကင်းရဲ့ ဆောင်း၊ မြူးနစ်ရဲ့ ဆောင်း၊ ဗီယင်နာရဲ့ ဆောင်း၊ တီဟီရန်ရဲ့ဆောင်း၊ ကိုင်ရိုရဲ့ဆောင်း၊ ဘန်ကောက်ရဲ့ဆောင်း၊ ဟားခါးရဲ့ ဆောင်း၊ ပြင်ဦးလွင်ရဲ့ ဆောင်း၊ အညာမြေရဲ့ဆောင်း ..... နောက်ပြီး ကိုယ့်အတွက် မရိုးနိုင်တဲ့ ရန်ကုန်ရဲ့ ဆောင်းရက်တွေ....။ ပူနွေးလာတဲ့ ကမ္ဘာကြီးကြောင့် အရင်ကလို မအေးမြနိုင်တော့ပေမဲ့ ရန်ကုန်ဆောင်းဟာ မနက်ခင်း အိပ်ယာထမှာတော့ သူတတ်နိုင်သလောက် ကပိုကရိုလေး လှနေတုန်းပါပဲ။

ဒီ ဆောင်းရက်တွေမှာ
နှင်းဖြူဖြူတွေ သိပ်လှနေတတ်လို့.....
နှင်းဆီပန်းကလေးတွေတောင် အသွေးအရောင်ပိုတောက်နေတတ်လို့....
တံဆိပ်ခေါင်းကပ်ထားတဲ့ ဆုမွန်ကောင်းလှလှလေးတွေ ရောက်ရောက်လာတတ်လို့
( အခုတော့ အီးမေးလ်နဲ့ပေါ့)
မိသားစု မိတ်ဆွေ သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေပိုပြီး နွေးထွေးလာတတ်လို့ ....
ဒီဇင်ဘာ ဆောင်းရက်တွေကို ကျမ သိပ်ချစ်ပါတယ်။ ဘ၀ရဲ့ အမှတ်တရကလေးများစွာကို သိမ်းဆည်းနိုင်ခဲ့တဲ့ ဆောင်းကာလပေါင်းများစွာအတွက် အမြဲလွမ်းတသသလည်း ဖြစ်နေမိမှာပါ။

ငယ်ငယ်ကတည်းက မနှင်းဖြူနဲ့ လူပုကလေး ၇ယောက် ( Snow White and Seven Dwarfs) ပုံပြင်ကို သိပ်ကြိုက်ခဲ့တာပေါ့။ ရွေးချယ်ခွင့်များရှိခဲ့ရင် ကျမ အလှဆုံးလို့ထင်တဲ့ ဒီဇင်ဘာလမှာ (မဖြစ်နိုင်တော့မှန်းသိပေမဲ့) မွေးဖွားခဲ့ချင်သလို ဘ၀ကိုစွန့်ခွာချိန်မှာလည်း ဒီလိုပဲ အေးချမ်းတဲ့ ဒီဇင်ဘာလလေးပဲ ဖြစ်နေစေချင်ပါတယ်လေ။ ချစ်သူခင်သူတွေကို စွန့်ပြီး လောကကြီးထဲက လက်ဗလာနဲ့ ထွက်သွားရတဲ့အချိန်မှာ နှင်းပွင့်လေးတွေတော့ ဘေးနားမှာ အဖေါ်အဖြစ် ရှိနေစေချင်သေးတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာ မဟုတ်လား။

မိုးစက်ပွင့်

(ပုံတွေကို ဒီက ယူပါတယ်)

Monday, 6 December 2010

မိတ်အင်ဘားမား (စကားထာ)

ကလေးဆန်တယ်လို့ ဆိုချင်ဆို။ ငယ်ငယ်ကလို စကားထာ ၀ှက်ကြည့်ရအောင်...
- ကျွန်ုပ်မှာ ခြေနှစ်ဖက် လက်နှစ်ဖက်ရှိတယ်။
- နေ့အခါမှာ ခွေခွေခေါက်ခေါက်အိပ်ပြီး ညအခါမှာ တကိုယ်လုံး ဆန့်အိပ်တတ်တယ်။
- ကျောကတော့ ဖြူဖြူ၊ ကိုယ်လုံးကတော့ ဖြူတဲ့အခါဖြူ၊ အရောင်စုံအသွေးစုံ ရှိတဲ့အခါလဲရှိ။
- လူတွေနဲ့ အနီးကပ် နေတတ်တယ်။ လူကိုလည်း အန္တရာယ်ကနေ ကာကွယ်ပေးလေ့ရှိပါတယ်။
- မြန်မာပြည်ထဲက အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။
- ကျွန်ုပ် ဘယ်သူလဲ
စဉ်းစားနော်၊ စဉ်းစားနော်၊ စဉ်းစားပြီး ဖြေနော်...... အောက်ကစာတွေ ငုံ့မဖတ်ကြေး.....။
V
ဘယ်လို ဘယ်လို - “ခွေး” ဟုတ်လား။ မှားပါတယ်။ “ကြောင်” ဟုတ်လား ၊ မမှန်သေးဘူး။
တကယ်က “ခြင်ထောင်” ပါ ။ မှန်ရင်တော့ နောင်ကြုံတဲ့အခါ လက်ဖက်ရည်တိုက်မယ်နော် :-)

မိုးစက်ပွင့်

(အိပ်ယာဝင်အတွေးလေးတခုပါ။ ခြင်ထောင် ထောင်အိပ်တဲ့ တခြားနိုင်ငံ ရှိသေးရင် ဗဟုသုတအနေနဲ့ ပြောခဲ့ပါလားရှင်၊ သုတေသန ပြုထားတာလည်း မတွေ့မိလို့ပါ။ လောလောဆယ်တော့ “ခြင်ထောင် အစ မြန်မာက” များ ဖြစ်နေမလားလို့ ဂုဏ်ယူချင်သလိုလို ဖြစ်နေမိပါတယ် )
(ပြင်ဆင်ချက်- “ခွေလုံးပြီးအိပ်”အစား “ခွေခွေခေါက်ခေါက်အိပ်”၊ “ဘယ်သတ္တ၀ါလဲ”အစား “ဘယ်သူလဲ”)

Friday, 3 December 2010

မျိုးနဲ့ ရိုးနဲ့ အားနာတတ်သူ



“မျိုးနဲ့ရိုးနဲ့ အားနာတဲ့သူ”ဆိုတာ ကျမ ကိုယ့်ကိုယ်ကိုယ် ပြောတာပါ။ ဘာကြောင့် မျိုးရိုးကိုဆွဲထည့်ရတာလဲဆိုတာ ပြောပြပါမယ်။

ကျမအဖေ လူပျိုပေါက်အရွယ်က ပွဲဈေးတန်းမှာ ဗလာဇာတ်ပွဲခေါ်မလား၊ အဲဒါ သွားကြည့်ပါသတဲ့။ ညံ့လိုက်တဲ့ဇာတ်၊ လူပြက်ကလည်းမကောင်း၊ မင်းသမီးကလည်း အဆို အက အလှ ဘာတခုမှ စိတ်ဝင်စားစရာမရှိ၊ ရာသီဥတုကလည်းအေး ဆိုတော့ လူတွေ တဖွဲဖွဲ ထပြန်ကြတာပေါ့။ အဲဒါကို စင်ပေါ်က ဇာတ်အဖွဲ့ကို မျက်နှာပူ၊ အားနာနေတာက ကျမအဖေပါ။ သူပါထပြန်ရင် လူပိုနည်းသွားမှာစိုးလို့ ပေတေပြီး ဇာတ်စင်အောက်မှာ ပုဆိုးခြုံကြည့်ခဲ့ပါသတဲ့။ ဇာတ်က မိုးလင်းတဲ့အထိ ဇွဲမလျော့တမ်း ကသလို အောက်က အံကြိတ်ပြီးအားပေးတဲ့ ပရိသတ်ကတော့ အဖေအပါအ၀င် ဆယ်ယောက် နီးပါးလောက်ပဲ ရှိတော့သတဲ့။

အမေကျတော့ တမျိုးပါ။ ကျမတို့ ခြံစည်းရိုးပါတ်လည်မှာ ကင်ပွန်းချဉ်ပင်တွေ စိုက်ထားပါတယ်။ ကိုယ်လဲစား၊ လာဝယ် လဲရောင်း၊ တောင်းရင်လည်း ပေးပါတယ်။ ဒါတောင်မှ အလစ်မှာ တိတ်တိတ်လေး လာလာခူးတဲ့သူတွေ ရှိသေးသတဲ့။ တနေ့ မနက်စောစော ပြူတင်းပေါက်က လှမ်းကြည့်တော့ လားလား အမျိုးသမီးတယောက်က ကပ်ကြေးတချောင်းနဲ့ ကင်ပွန်း ရွက်နုတွေ အားရပါးရ ညှပ်နေတာကိုး။ မျက်နှာသိတဲ့သူထဲကလည်းဖြစ်၊ ရုတ်တရက်ကြီး ကိုယ့်ကိုမြင်လိုက်ရင် သူရှက်သွားမှာ အမေက အားနာ မိပါတယ်။ ဒါနဲ့ပဲ အိမ်ထဲက ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အသံတော်တော်မည်အောင် လုပ်နေလိုက်ပါသတဲ့။ ဟင်းရွက်ခိုးခူးသူလည်း အချိန်မီ သုတ်ခြေတင်ရောပေါ့။ နောက်ပြီး အမေ မြို့ကပါလာတဲ့ အထည်တွေ ရောင်းရင် ၀ယ်သူတွေက အလကား အလှူပေးနေတယ် ထင်ရအောင် ၀ယ်ကြပါတယ်။ တကယ်လဲ အလကားပေးတာနဲ့ သိပ်မထူးပါ။ ရောင်းသမျှရဲ့ သုံးပုံနှစ်ပုံက အကြွေး၊ အဲဒီအကြွေးရဲ့ တ၀က်ကျော်က ပြန်မဆပ်ကြတော့တာမို့ပါ။

ဒီအဖေအမေက မွေးတဲ့သမီးကျတော့လည်း ဘယ်ခေလိမ့်မတုန်း။ မှတ်မှတ်ရရ တခါတုန်းက ဆွေမျိုးတွေရှိတဲ့ မြစ်ကမ်းနဖူးက မြို့ကလေးတမြို့ကို သူငယ်ချင်းနဲ့ကြုံလို့ အလည်လိုက်သွားပါလေရော။ တည်းတာကတော့ သူငယ်ချင်းအိမ်ပါ။ အဲဒီအချိန်မှာ ဆွေမျိုးအိမ်နှစ်အိမ်က ညစာ ထမင်းစား ဖိတ်ပါတယ်။ အဲဒီ ဆွေမျိုးနှစ်အိမ်က လုံးဝ အစေးမကပ် အခေါ်အပြော မလုပ်ကြ သူတွေပါ။ ကျမ တအိမ်အိမ်ကို ငြင်းလိုက်ရမှာ အလွန်အားနာပါတယ်။ ရက်ခွဲသွားဖို့လည်း အချိန်ကမရှိတော့ နှစ်အိမ် လုံးကို လက်ခံ လိုက်ပါတယ်။ တအိမ်မှာ သွားစားမဲ့အကြောင်းကို နောက်တအိမ်က လုံးဝ မသိစေချင်တာလည်း ပါပါတယ်။ သူငယ်ချင်းက (နင်ဘယ်လိုလုပ်မလဲ) လို့မေးတော့ (တ၀က်စီ စားမယ်ဟာ) လို့ ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ ပထမအိမ်မှာ ခပ်စောစောလေး ထမင်းသွားစားပါတယ်။ ဟင်းတွေ ကတော့ စားချင်စဖွယ်၊ သွားရေယိုစဖွယ်တွေချည်းပါဘဲ။ ဒါပေမဲ့ စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်လိုက်ရပါတယ်။ နောက်တပွဲ ကျန်သေးတယ် မဟုတ်လား။ သူငယ်ချင်းကိုလည်း မျက်စပစ်ပြီး သတိပေး လိုက်သေးတယ်။ လျှော့စားမယ်လို့ ဆုံးဖြတ်ထားပေမဲ့ အမျိုးတွေက ထမင်းအုပ်ကိုကိုင်ပြီး ဇွန်းနဲ့ခပ် ထည့်လိုက် ဟင်းခပ်ဇွန်းကြီးနဲ့ ဆီပြန်အသားဟင်းတွေ ထည့်ပေးလိုက်နဲ့ မငြင်းသာ တော့ဘဲ အသားကုန်အုပ်ခဲ့ရပါတော့တယ်။

Thursday, 2 December 2010

အားနာတတ်သလား




အားနာတတ်တဲ့ အကြောင်းလေးတွေးမိရင် ငယ်ငယ်က ရေဒီယိုဇာတ်လမ်း လေးတပုဒ်ကို အမြဲသတိရတယ်။ အဲဒီတုန်းက ရေဒီယိုတွေပဲ အဓိက နားထောင်ကြရတာ ( အမ်- ပြောရင်းနဲ့ အသက်ကို ခန့်မှန်းကြဦးမယ်)။ ဇာတ်လမ်းပမာ နားဆင်စရာ ကဏ္ထမှာ အပြောကောင်းတဲ့ ဦးဇော်ဝင်းက ဒန့်ဒလွန်သီးသည်ကြီးပေါ့။ ခြံထွက် ဒန့်သလွန်သီးကို တအိမ်တက်ဆင်း ရောင်းလာလိုက်တာ။ သုံးတောင့်တဆယ်နဲ့ ရောင်းရာကနေ၊ ၀ယ်သူတွေက မရမက ဆစ်လို့ လေးတောင့်၊ ငါးတောင့်၊ ခြောက်တောင့်၊ ခုနှစ်တောင့်နဲ့ ပေးပေးလာလိုက်တာ နောက်ဆုံး အရင်ဝယ်ထားတဲ့သူတွေက သူ့နောက်လိုက်ပြီး မျက်နှာလိုက်ရပါမို့လားနဲ့ ကက်ကက်လန် ၀ိုင်းရန်တွေ့ကြလို့ မရှူနိုင်မကယ်နိုင်ဖြစ်၊ နောက်ဆုံး “အကုန်လုံး အလကားသာ ယူကြပါဗျာ၊ ပြန်အမ်းပါ့မယ်ဗျာ” ဆိုပြီး ဖြေရှင်းလိုက်ရတဲ့ ဟာသ ဇာတ်လမ်းလေး။ ကျမတို့ အိမ်မှာတောင် တခုခုကို အလျှော့ပေးလွန်းရင် “ဒန့်ဒလွန်သီးသည် ဖြစ်နေမယ်နော်” လို့ အခုထိ သတိပေး တတ်ကြသေးတာ..။

“အားနာတယ်” ဆိုတာ မြန်မာစကားမှာပဲ ရှိတယ်လို့ တော်တော်များများက ပြောတတ်ကြပါတယ်။ ကိုယ့်လူမျိုးကို အမွှန်းတင်ရင်း တခြားလူမျိုးတွေက အားမနာတတ်ဘူး လို့ အပြစ်ပြောချင်တာပေါ့။ အဲဒီမှာ ပြဿနာ နှစ်မျိုး တွေ့ရပါတယ်။ (၁) လူမျိုးတိုင်းမှာ အားနာတာ ရှိသလား၊ မရှိဘူးလားနဲ့ (၂) အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာပါ။

ပထမဆုံး အားနာတာ ရှိမရှိနဲ့ပါတ်သက်လို့ကတော့ မြန်မာလူမျိုးမှာပဲ အားနာတဲ့စကားရှိတယ်၊ မြန်မာတွေဘဲ အားနာတတ်တယ် ဆိုတဲ့ အဆိုကို ကျမက ငြင်းပယ်ပါတယ်။ ဘာသာစကား များများမတတ်တဲ့အတွက် သက်သေမပြနိုင်ပေမဲ့ အားနာတယ် အတိအကျ မဟုတ်ရင်တောင် အားနာခြင်းနဲ့ ဆင်တူတဲ့စကားတော့ ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း တွေ့ဖူးကြုံဖူးတဲ့ လူမျိုးတချို့ရဲ့ အမူအကျင့်ကို အခြေခံပြီး ပြောရခြင်းဖြစ်ပါတယ်။ ပါတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှုကိုလိုက်လို့ အားနာတတ်မှု အနည်းနဲ့အများ ဒီဂရီ တော့ ကွာခြားနိုင်ပါတယ်။

အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာကတော့ တော်တော် ယေဘုယျဆန်တဲ့ မေးခွန်းပါ။ အချိန်အခါ နေရာဒေသ နဲ့ အခြေအနေကို လိုက်လို့ အဖြေတွေ ကွဲသွားနိုင်ပါတယ်။ အခုတလော တီဗွီမှာခေတ်စားနေတဲ့ စကားနပမ်း လုပ်ကြည့်ရအောင်။

(အဆို) အားနာတာ ကောင်းတယ်
အားနာတယ် ဆိုတာ လှပတဲ့ စိတ်ကလေးတခု။ သူများကို ကိုယ်ရောစိတ်ပါ ကသိကအောက်ဖြစ်စေမှာ မလိုချင်တဲ့စိတ်။ အနိုင်ယူဖို့ထက်၊ ကြုံလာရင် ကိုယ်သာလျှင်အနစ်နာခံပစ်လိုက်ချင်တဲ့စိတ် ကလေးပါ။ အလွန်အကျွံ မသုံးစွဲသရွေ့ပေါ့ကွယ်။

အားနာတတ်တဲ့သူဟာ ဘယ်တော့မှ သူများ မျက်ခုံးမွေးပေါ် စကြံင်္မလျှောက်ဘူး။ မနီဇူလိုင်က သူ့ကဗျာလေးထဲမှာ (မဟာမြတ်မုနိကို အားနာတယ်၊ မနူဟာကို အားနာတယ်၊ ကမ္ဘောဇဟော်နန်းကို အားနာတယ်) တဲ့။ ကဲ ဘယ်လောက်လှတဲ့ စိတ်ကလေးလဲ။ အဲဒီလိုမျိုးသာ လူတိုင်းက တွေးမိရင် စစ်ပွဲတွေမရှိတဲ့ ငြိမ်းချမ်းရာမြေ ဖြစ်နေမှာပဲနော်။

ရခိုင်လူမျိုးတွေက (အားမနာ) ဆိုတဲ့စကားကို ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးတတ်ကြလေရဲ့။ “ဒီကောင်နှယ် အားမနာ” ဆိုရင် အလိုက်မသိသူ၊ ရိုင်းပြသူ၊ မောက်မာသူ စသဖြင့် အဓိပ္မါယ်အများကြီး ထွက်တာ သတိထားမိပါတယ်။

ကျမတို့ လမ်းသွားရင်း မတော်တဆ ကိုယ့်ပခုံးနဲ့ သူများပခုံးဝင်တိုက်မိပြီ ဆိုပါစို့။ သာမာန်စိတ်ထားရှိသူတောင် အားနာသွားမှာ အမှန်ပဲ။ မြန်မာဆန်တဲ့ ကျမအမေက ဘယ်သူ့ကိုပဲ မတော်တဆ ထိမိတိုက်မိပါစေ- “ကန်တော့”“ကန်တော့”လို့ ပြောရမယ်လို့ ငယ်ငယ်က စွဲနေအောင် သင်ထားပေးတယ်။ (ကန်ခိုင်းတာမဟုတ်ပါ၊ ဦးချတောင်းပန်ပါတယ် ဆိုတဲ့ အဓိပ္မါယ်ပေါ့) အခုတော့လည်း ကျမကိုယ်က ကမ္ဘာဆန်လာသလားတော့ ငယ်ငယ်ကလို “ကန်တော့” သိပ်မပြောဖြစ်တော့ပါဘူး။ မတော်တဆ ကြုံလေတိုင်း “အိုး- မတော်လို့” “ဆောရီး” စသဖြင့် ပေါ့လေ။ ကိုယ်က အားနာမှန်းသိတော့လည်း ဘယ်သူမှ ရန်စွယ်ငေါငေါ မတုန့်ပြန်ကြတော့ဘူး။ ကဲ ဘယ်လောက် အေးချမ်းလဲ။

ကျမတို့ လူသားဆန်စွာ အားနာတတ်ကြရအောင်နော်။

(အချေ) အားမနာတာ ကောင်းတယ်
“အားနာလို့လိုက်လျောတာ အ တယ်လို့ထင်”တဲ့။ “အားနာရင် ခါးပါတယ်”တဲ့။ အဲဒါက ယဉ်ယဉ်ကျေးကျေး ပြောထားတဲ့ စကားပုံတွေပါ။ ကျမတို့ ငယ်ငယ်က ခပ်ကြမ်းကြမ်းပြောလေ့ရှိတဲ့အိမ်နီးခြင်း အဒေါ်ကြီးကတော့ သူ့သမီးကို ဆုံးမပုံက “ဟဲ့- နင်ကြပ်ကြပ် အားနာနေ၊ တော်ကြာ ကလေးတွေ ခြင်းတောင်းနဲ့ လိုက်ကောက်နေရမယ်”တဲ့ လေ။ တကယ့်ပြင်ပလောကမှာလည်း အားနာတတ်သူတွေဟာ လူလည်တွေ မျက်စေ့ကျတဲ့ အမဲတမျိုးပါဘဲ။

တခါတလေ အားနာတာက ပြဿနာတခုကို ပိုပြီးကြီးထွားစေတယ်။ ဆိုပါစို့- လူတယောက်ဆီက ငွေတရာချေးထားတယ်။ ပြန်ပေးမယ်ဆိုတဲ့အချိန်မှာ မပေးနိုင်သေးဘူး။ သူ့ကို ရင်ဆိုင်ရမှာ အားနာနေတယ်၊ မရဲဘူး၊ ဒါနဲ့ပဲ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေမယ် ဆိုရင် တဖက်လူက ဘယ်လိုထင်မလဲ။ မိန်းကလေးတယောက်က ကိုယ့်ကို ချစ်ရေးဆိုတဲ့သူကို ငြင်းလိုက်ရမှာ အားနာနေတယ်။ သူပေးတဲ့ ပန်းတို့ ဘာတို့လဲ အားနာနာနဲ့ ယူထားမိတယ် ဆိုပါစို့။ ကြာလာရင် ဘာဖြစ်သွားနိုင်လဲ။ အဲဒီအဖြစ်မျိုးတွေ အားလုံး မြင်ဖူးကြားဖူးကြမယ် ထင်ပါတယ်။

အားနာတာက မပွင့်လင်းတဲ့ သဘောကို ဦးဆောင်သွားတယ်။ တခါတရံ မရိုးသားတဲ့ဘက်ကိုတောင် ရောက်သွား တတ်သေးတယ်။ ကိုယ်ဖက်က တတ်နိုင်တဲ့အတိုင်းအတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက တဖက်သားကိုလည်း သေသေချာချာ စဉ်းစားဖို့ အထောက်အကူ ဖြစ်စေတယ်။ စိတ်မပါဘဲ ကိုယ်မတတ်နိုင်ဘဲ ကူညီမဲ့အစား ပွင့်ပွင့်လင်းလင်း No  လို့ ပြောလိုက်တာ ပိုကောင်းတယ်ဆိုတဲ့အကြောင်းကို မရှင်လေးက ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ အနောက်တိုင်းသား တော်တော်များများက အဲဒီလိုမျိုး ကျင့်သုံးနိုင်ကြတာ အတုယူ အားကျစရာပါ။  အလော့ဂါဇောင်းကလည်း သူ့ရဲ့ ပို့စ်လေးတခုမှာ “အားနာတာဟာ အားနည်းချက်တခုပဲ၊ အားနာတာဟာ အရှူံးတ၀က် ရောက်နေတယ်။ အားနာတဲ့စိတ်ကြောင့် ဘ၀ပါ မွဲပြာကျသွားစေနိုင်တယ်တဲ့”.။ အမှန်တွေ ကိုယ့်ရှေ့မှာရပ်ပြောနေသလိုပါဘဲကွယ်။

မှတ်မှတ်ရရ ငယ်ငယ်တုန်းက အားနာတတ်တဲ့ သူငယ်ချင်းလေးတယောက် ရှိတယ်။  အတန်းဖေါ်တွေက သူ့ဆီက ခဲတံပေတံ ငှားပြီးရင် ဘယ်တော့မှ ပြန်မပေးဘူး။ သူကလည်း အားနာတော့ ပြန်မတောင်းဘူး။ အဖေအမေကို ခဏခဏ ပူဆာနေရတော့ သူ့ ကိုမိဘက စိတ်မရှည်တော့ဘူး။ မကြာမကြာ အဆူခံနေရတယ်။ ဒါနဲ့ပဲ သူဆုံးဖြတ်လိုက်တယ်။  ငါ- နောက်ခါ အားမနာတော့ဘူး။ ပြန်တောင်းမယ်ပေါ့။ ဒါပေမဲ့ အားနာတဲ့အကျင့်က တော်တော် ဖျောက်ရခက်တာမျိုးကလား။ နောက်ဆုံးတော့ သူ့ကိုယ်သူ တွန်းအား တခု ထည့်လိုက်တယ်။ ပစ္စည်းတခုငှားပြီးတိုင်း ဒီတခါ ငါ့ပစ္စည်း ပြန်မတောင်းဖြစ်ရင် ငါစာမေးပွဲကျပါစေ လို့ ကျိန်လိုက်တယ်တဲ့။ အဲ့လိုကျ သူကြောက်တယ်လေ။ (စာမေးပွဲကျမှာကြောက်လို့) သူ့ပစ္စည်းလေးတွေ မဖြစ်မနေ ပြန်တောင်းရတော့တာပဲ။

အားနာတတ်သူကို လူတွေက ပိုပြီး ချစ်ခင်ကြမယ်၊ လေးစားကြမယ် ထင်နေပါသလား။ အဖြေကတော့ No Way ပါ။ ကဲ- ကျမတို့ကိုယ်ထဲမှာ ကပ်ပါးပိုးလို တွယ်နေတဲ့ အားနာမှုတွေကို ဖျောက်ကြပါစို့။

ဒီစာလေးကိုဖတ်ပြီး သူငယ်ချင်းတို့ ဘယ်အဆိုဖက်ကို အလေးသာသလဲဆိုတာ-
- အားနာရင်လည်း တခုခု ရေးသွားလိုက်ပါ
- ဒါမှမဟုတ် အားမနာတမ်း လှည့်ပြန်သွားလို့ရပါတယ် လို့...။   (အဟဲ-နောက်တာပါ)

မိုးစက်ပွင့်

Wednesday, 1 December 2010

ရာသီမဲ့ အချစ်

မိလေပြေ
နွေရဲ့ အလှ
အရိုင်းဆန်တဲ့ အပျိုစင်မ
မေ၀သန်
ငွေမျှားတံ ပိုင်စိုးတဲ့
မိုးမင်းသမီးတိမ်ဇာပုဝါရှင်
မနှင်းဖြူ
ဖွေးလွလွ သရဖူနဲ့
မဟာဆန်တဲ့ ဆောင်းအလှမယ်

ရာသီစက်ဝိုင်း လည်ပတ်တိုင်း
သူတို့အလှပုံရိပ်ဟောင်းကို
အသွင်အမျိုးမျိုးပြောင်းခဲ့ကြတယ်....။

တခါတခါ
မာရ်နတ်ရဲ့ သမီးပျိုသုံးပါးလို
(မင်းကိုများ မေ့မလားလို့)
သူတို့အလှအပတွေနဲ့
ကိုယ့်ကိုလာလာ 
ဖျားယောင်းတတ်ကြလေရဲ့....။

ဒါပေမဲ့
ဒါပေမဲ့ကွယ်
နွေ မိုး ဆောင်း
ရာသီတွေဘယ်လိုဟောင်းဟောင်း
နိမိတ်ပုံတွေ ဘယ်လိုပြောင်းပြောင်း
ကိုယ့်အထီးကျန်ကမ္ဘာလေးထဲ
ဘယ်တော့မှ မပြောင်းမလဲ
အမြဲလိုတမ်းတ
လွမ်းနေရတာ
မင်းကိုပါပဲ
ညီမလေး “.....” ရယ်။
(Sweet December ရဲ့ အမှတ်တရ)
☆ ★SWEET ☆ ★
。☆。 。☆。
★。\|/。 ★
。 DECEMBER。
★。/|\。 ★
。☆。 。☆。

Tuesday, 30 November 2010

“ကျူ” ခြင်း အနုပညာ


“ကျူ” တယ် ဆိုတာ တန်းစီစောင့်ဆိုင်းခြင်း ( Queue ) ကို မြန်မာမှု ပြုထားတာပါ။ ဒီ ပို့စ်တလျှောက်လုံး ငါးပိသံနဲ့ အားရပါးရ ကျူတယ်လို့ ပြောသွားမှာပါ။

ကျမတို့ ရွှေမြန်မာတွေဟာ ကျူခြင်းနဲ့ မစိမ်းပါဘူး။ သမ၀ါယမဆိုင်၊ ဂျီအီးစီ၊ ဓါတ်ဆီဆိုင်၊ ဆေးခန်း တွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျူဖူးခဲ့ကြပါတယ်။ ရုပ်ရှင်လက်မှတ်တွေ မှောင်ခိုရောင်းတဲ့ခေတ်တုန်းက “ကျူ“ စားတဲ့ လူတန်းစားတောင် ရှိတယ်။ နောက်ကျမှ လာတဲ့ ရုပ်ရှင်ကြည့်သူတွေကို လက်မှတ်တွေ အမြတ်တင်ပြီး ရောင်းတဲ့အခါ နေ့တွက်ကိုက်သတဲ့။ လက်မှတ်တင် မဟုတ်ဘဲ ကျူထားတဲ့ နေရာကိုတောင် ရောင်းစားလို့ ရခဲ့သေးသတဲ့။ တခါ ပန်းဆိုးတန်းတ၀ိုက်က စတုဒီသာ အလှူပေးနေသလို ကျိတ်ကျိတ်တိုးနေတဲ့ ပတ်စ်ပို့ရုံးကြီးမှာလည်း ကောင်တာအဆင့်ဆင့်မှာ ကျူ ရတာပါဘဲ။ စံနစ်တကျတော့ မဟုတ်ဘူးပေါ့။

ကျမတို့ တက္ကသိုလ်တက်စဉ်က ကျောင်းလခသွင်းရမဲ့ အချိန်ဆိုရင် သိတ်စိတ်ညစ်ခဲ့တာ။ အတန်းလိုက် စံနစ်တကျ ကျူ တာမဟုတ်ဘဲ ရေထဲကျတဲ့ ပေါင်မုန့်ကို ငါးတွေဝိုင်းတွတ်သလို ကောင်တာပေါက်ကျဉ်းကျဉ်းလေးကို ယောက်ျားလေး မိန်းကလေးအားလုံး ၀ိုင်းပြီးစုပြုံ တိုးဝှေ့နေကြတာပါ။ အရပ်ရှည်သူများက တပန်းသာပေမဲ့ ပုတဲ့သူတွေမှာတော့ လူမွန်းတဲ့ ဒဏ်ကိုလည်း ခံရပါသေးတယ်။ အိမ်က ဘယ်လောက်ပဲ သပ်သပ်ယပ်ယပ် ၀တ်စားဆင်ယင်ခဲ့ပါစေ၊ ပိတ်လှောင် အိုက်စပ် နေတာနဲ့ဘဲ ချွေးတွေထွက်၊ ကိုယ့်ချွေး သူ့ချွေးရောပြီး ချဉ်စူးစူးအနံ့တွေထွက်၊ အကျီင်္ လုံချည်တွေ ကြေမွကုန်ကြတာပါဘဲ။ (စကားချပ်- ရည်းစားသနံ ရှိသူများ ကတော့ ကိုယ်တိုင်မတိုးဘဲ ကြွကြွရွရွကလေး ရပ်စောင့်ကြတာကို မနာလိုစရာ တွေ့ရပါတယ်) အလျင်လိုသူများကလည်း သူများအရင်ရအောင် ကိုယ့်ဘောက်ချာလေး နေရာပြောင်း၊ စာရေးမလက်နား တိုးပေး လုပ်ကြလို့ အချင်းချင်း ငြိုငြင်ကြ၊ စာရေးမက မျက်စောင်းခဲလိုက် စူလိုက် ဆောင့်လိုက်။ လူ့ ဂုဏ်သိက္ခာတွေ တအိအိ ကြွေကျ။

နောက်ထပ် စံနစ်တကျ မကျူခဲ့ရတာက ဘတ်စ်ကားဂိတ်မှာ။ ကားလာရင် သူ့ထက်ငါ တက်ရဖို့ကို မာရသွန် ပြိုင်ပွဲပမာ။ အလုအယက် တိုးကြ ဝှေ့ကြ။ လောဘ ဒေါသတွေ ပွားကြ။ လူ့ ဂုဏ်သိက္ခာတွေ ကျပြီးရင်းကျ။ supply နဲ့ demand မမျှတဲ့ ဒုက္ခ။ ကျူတန်းမစီတဲ့ ဒုက္ခ။ ( နှစ်တော်တော်များများ ကြာလာပြီဆိုတော့ အဲဒါမျိုးတွေ နည်းနည်းတော့ လျော့ပါး သွားတယ်လို့ ထင်မိတယ်။ လူကြပ်တဲ့ ရုံးတက် ရုံးဆင်းချိန်က လွဲလို့ပေါ့)ဒါပေမဲ့ အဲဒီအချိန်တုန်းက အဲဒီဒုက္ခတွေ နေ့တဓူဝ ကြုံနေတဲ့အခါကျတော့ စိတ်ထဲမှာ သိပ်မထူးဆန်းသလို ဖြစ်လာပါတယ်။

နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်ရောက်တော့ လေဆိပ်မှာ စ တွှေုတာပါဘဲ။ လေဆိပ်အထွက်မှာ ခရီးသည်တွေ တန်းစီပြီး ကိုယ်သွားချင်တဲ့နေရာအတိုင်း လက်မှတ်ဖြတ်၊ တက္ကစီခကြိုရှင်းပေး၊ ဘောက်ချာယူ၊ ကိုယ့်ရှေ့ဆိုက်လာတဲ့ တက္ကစီကားကို ဘောက်ချာပြပြီး အဆင်သင့်တက်စီးရုံသာ။ စကားအပို တခွန်းတောင် ပြောစရာမလို။ တချို့ ဘတ်စ်ကားဂိတ်မှာဆိုလည်း လူတွေ ကျူ နေတာ ကြုံဖူးပါတယ်။ ကား ထိုးရပ်တာနဲ့ တန်းစီထားတဲ့ လူတန်းကြီးက တယောက်ပြီးတယောက် တရွေ့ရွေ့ တက်သွားလိုက်တာ၊ လုတက်စရာမလို၊ တတောင်နဲ့ အသာကလေး ကာထားစရာမလို၊ ငဖယ်တိုးကလေးနဲ့ လှိမ့်ဝင်စရာမလို၊ ရွေ- နိပ်လိုက်လေ။

အဲဒီလိုနဲ့ ကျူခြင်းရဲ့အရသာတွေကို ကောင်းကောင်းသိသွားတဲ့ ကျမဟာ ကိုယ့်ဇာတိမြေကို ပြန်ရောက်တော့ အလိုမကျမှုတွေရဲ့ ဖိစီးနှိပ်စက်ခြင်းကို ကောင်းကောင်းကြီး ခံစားရပါတော့တယ်။

ဆိုကြပါစို့ ။ နေမကောင်းလို့ ဆေးခန်းသွားပြတယ် ဆိုရင်ဘဲ တိုကင်ယူ၊ စာအုပ်ထပ်ပြီး ကိုယ့်အလှည့်ကို စောင့်ကြရတာ ထုံးစံပါ။ နေမကောင်းပါတယ်ဆိုမှ ဆေးခန်းမှာ ကြာရှည်လေးမြင့် ဘယ်သူမှ မထိုင်ချင်ပါ။ ဒါပေမဲ့ သားသားနားနား ၀တ်စားထားတဲ့ အမျိုးကောင်းသားသမီးတွေက မကြာခဏဆိုသလို ဆရာဝန်အခန်းထဲ ကြားဖြတ်ဝင်ဝင်သွားကြတာမို့ ကြာသင့်တာထက် ပိုကြာသွားရတဲ့အခါ အလွန်စိတ်တိုရပါတယ်။ တာဝန်ကျ နာ့စ်များကလည်း မပြောရဲပါ။ သူတို့က ဆရာဝန်ကြီးရဲ့ ခင်မင်ရာ ခင်မင်ကြောင်း အထူးဧည့်သည်တွေမို့ပါ တဲ့။

နယ်ကနေ ရန်ကုန်ကို အဝေးပြေးကားစီးပြီး ပြန်လာတယ်ဆိုရင်ဘဲ ဂိတ်မှာ ကားဆိုက်တာနဲ့ လူတောင် ကားပေါ်က မဆင်းရသေးဘူး။ အလုအယက်ခေါ်နေလိုက်ကြတာ။ “ဟို အကျီင်္အဖြူနဲ့ အမကြီး- ကားငှားမလား” “ဟို မျက်မှန်နဲ့ ဦးလေးကြီး ကားငှားမလား” “ဟေ့- ငါခေါ်ထားတာကွ” “ပေး၊ ပေး၊ အထုပ်ပေး” စသဖြင့် အလုအယက် ခေါ်နေကြတာ ဆွဲတော့မလို လွဲတော့မလို လုပ်နေကြတာတွေဟာ ကျမကို အကြီးအကျယ် စိတ်ပျက်စေပါတယ်။ များသောအားဖြင့် သူတို့အားလုံးကို ငြင်းပယ်ပြီး အေးချမ်းတဲ့ တနေရာမှာ အငှားကား ရှာစီးလေ့ရှိပါတယ်။ ၀မ်းရေးအတွက် လုယက် ရှာစားနေရတာကို နားလည်ပေမဲ့ ဒီလိုမျိုးအထိ လိုအပ်သလားဆိုတာ တွေးမိ နေပါတယ်။ ဆိုပါစို့ - ဒီ အဝေးပြေးမှာ အငှားကားစီးမဲ့ခရီးသည် ၁၅ ဦးပါလာရင် သူတို့ဟာ စီးကို စီးမှာပဲ။ အော်ဟစ် ဆွဲလွဲ ခေါ်နေတာဟာ သူတို့အချင်းချင်းရဲ့ ပြိုင်ဆိုင်မှု။ သူ့ထက်ငါ အနိုင်ရလိုမှုပါ။ ဒါကို စံနစ်တကျဖြစ်အောင် ကြီးကြပ်ထိမ်းကွပ်ပေးမဲ့ system တရပ် လိုပါတယ်။ အလှည့်ကျစံနစ်ကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖေါ်နိုင်ပါမှ လှူုဂုဏ်သိက္ခာ တက်လာပါမယ်။

ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ ခရီးက နာရီပေါင်းများစွာ ကြာတာမို့ လမ်းက စားသောက်ဆိုင်တွေမှာ လေး ငါးနာရီခြားတခါ ကားရပ်ပေးလေ့ရှိပါတယ်။ ဗိုက်ဆာရင် မုန့်စား၊ အပေါ့အလေးသွားချင်ရင် ရေအိမ်တက် ပေါ့။ အဲဒီမှာ ကျမတို့လူမျိုးတွေ မကျူတတ်တာကို ကွက်ကွက်ကွင်းကွင်း တွေ့ရပါတယ်။ အန္တရာယ်ကို မလွယ်နိုင်လို့ လာရပေမဲ့ အနံ့အသက်ရှိတဲ့ ရေအိမ်ကို ဘယ်သူမှ အနီးကပ်ပြီး မရပ်ချင်ကြပါဘူး။ ဒီတော့ တတ်နိုင်သမျှ ခပ်ခွာခွာလေး ရပ်ပြီး တန်းစီရပါတယ်။ တံခါးပိတ်ထားတဲ့ ရေအိမ်တလုံးရှေ့မှာ ရပ်နေတာ မြင်ကတည်းက တန်းစီစောင့်နေသူ တယောက်ဆိုတာ သိသင့်ပါလျက် လူရှေ့ကို အတင်းကျော်ရပ်၊ တံခါးပွင့်လာတာနဲ့ ခပ်သုတ်သုတ် ဖြတ်ကျော်လျောက်တာမျိုးတွေ အကြိမ်ပေါင်းများစွာ ကြုံလာရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒီလောက်ကိစ္စလေးနဲ့ ပြောလိုက်ရင် အရေပြားပါးရာ၊ သဘောထား သေးသိမ်ရာ ကျ မလား ဆိုပြီး သည်းခံခဲ့တဲ့ အကြိမ်တွေ တော်တော် များသလို၊ လူမှုတာဝန်အရ ပညာပေးလိုက်ဦးမှ ဆိုပြီး ခပ်ဆတ်ဆတ် ကလေး ပြောထည့်လိုက်မိတဲ့ အကြိမ်တွေလည်း ရှိပါတယ်။ (မအောင့်နိုင်လို့ ပါ) လို့ ပြောပြီး ကျော်တက်ရင် နားလည်ပေးမှာ ဖြစ်ပေမဲ့ လူလည်ကျသလိုမျိုး၊ ဂရုမစိုက်သလိုပုံစံမျိုးလုပ်တာကတော့ ခံစားရတာ တော်တော်ကလေး ဆိုးဝါးပါတယ်။ ဒါတွေက လောကနီတိ နဲ့ဆိုင်ပြီး ကျောင်းပညာရေးမှာတောင် ထည့်သင်ပေးသင့်တဲ့ ကိစ္စမျိုးလို့ ကြီးကြီးကျယ်ကျယ် တွေးမိခဲ့ပါသေးတယ်။

ဆေးခန်းမှာ ကားဂိတ်မှာ အိမ်သာရှေ့မှာ ကျူတန်းစီတာဟာ အသေးအဖွဲကလေးတခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ် ရသင့်ရထိုက်တဲ့အခွင့်အရေးကိုသာယူဖို့၊ သူများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့၊ တယောက်ရဲ့ ဂုဏ်သိက္ခာကို တယောက်က လေးစားတတ်ဖို့ ဆိုတဲ့ လောကပါလအခြေခံတရားတွေအတွက် တိုင်းထွာစရာ စံပေတံကလေးတချောင်း ဖြစ်နေမှာပါ။ ဒါတွေကို ကျမတို့ကိုယ်တိုင် စံပြလိုက်နာရမှာ၊ ကလေးလေးတွေကို လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်သလို၊ လူ့အဖွဲ့အစည်း နဲ့ အုပ်ချူပ်စီမံခန့်ခွဲသူတွေကလည်း စံနစ်ကောင်းတရပ်နဲ့ ပြုပြင်ထိမ်းမတ်သင့်ပါတယ်လို့ ခံစားမိသလို ပြောချင်ပါတယ်။

မိုးစက်ပွင့်

ပုံတွေကို ဒီက ယူပါတယ်။

ဖတ်ရင်းပြုံး၊ ပြုံးရင်းဖတ်

အီးမေးလ်ထဲမှာ တခါတခါ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့ရတယ်။ ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်လို့ ပို့စ်လေးတခုအဖြစ် သိမ်းထားလိုက်ပါတယ်။ မြန်မာပြန်နဲ့ ကိုယ်ရေးချင်တာလေးတွေပါ ဖြည့်စွက်လိုက်သေးတယ်။ တချို့လည်း ဖတ်ဖူးမှာပါ။


CIGARETTE:
A pinch of tobacco
Rolled in paper
With fire at one end
And a fool at the other!
စီးကရက်ဆိုတာ အစွန်းတဖက်မှာ မီး၊ နောက်အစွန်း တဖက်မှာ သူ့ကိုခဲထားတဲ့ အရူးတယောက်ရှိနေတဲ့ ဆေးရွက်ကြီးစက္ကူလိပ် တခု။ ( ဆေးလိပ်ဖြတ်ချင်သူများ မကြာမကြာဖတ်သင့်တဲ့ ဆောင်ပုဒ်)

MARRIAGE:
It's an agreement
Wherein
A man loses his bachelor degree
And a woman gains her master
လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးက bachelor ဘွဲ့ကိုစွန့်ပြီး မိန်းကလေးက master ဘွဲ့ကို ရသွားတဲ့ စာချူပ်မျိုး။ ( ဒီနေရာမှာ bachelor နဲ့ master ကို အဓိပ္မါယ် နှစ်မျိုးနဲ့ ဟာသလုပ်ထားတယ်)

LECTURE:
An art of transmitting Information
From the notes of the lecturer
To the notes of students
Without passing through the minds
Of either
လက်ချာပေးတယ်ဆိုတာ ဆရာ့ဆီက ကျောင်းသင်ခန်းစာမှတ်စုတွေကို ကျောင်းသားတွေရဲ့ ဦးနှောက်ကိုမဖြတ်ဘဲ သူတို့စာအုပ်ထဲ တိုက်ရိုက်သွားတဲ့ အတတ်ပညာတခု။ (ဆရာကျောင်းတွေကို ဆော်ပဟေ့)

CONFERENCE:
The confusion of one man
Multiplied by the
Number present
ညီလာခံဆိုတာ လူတယောက်ရဲ့ စိတ်ရှုပ်ထွေးမှုကို လူအများက ဆပွားပေးတာ။ တက်တဲ့သူများလေလေ ပိုရှုပ်လေလေ။ ( တိုက်ဆိုင်လို့ ပြုံးမိသွားတယ်)

COMPROMISE:
The art of dividing
A cake in such a way that
Everybody believes
He got the biggest piece
ညှိနှိုင်းခြင်းအတတ်ပညာဆိုတာ လူတိုင်းက ကိုယ့်ဖက်ကအသာစီးရသွားတယ်လို့ ထင်သွားအောင် လုပ်တာ။ (ဟင်- တမျိုးကြီးပဲနော်)


TEARS:
The hydraulic force by which
Masculine will power is
Defeated by feminine water-power!
မျက်ရည်ဆိုတာ “မ”တို့ရဲ့ အရည်စွမ်းအင်က “ကျား”တို့ရဲ့ စိတ်စွမ်းအင်ကို အနိုင်တိုက်နိုင်တဲ့ ရေဓါတ်။ (မကြာမကြာ နဲ့ များများသုံးပေးသင့်ပါတယ်)

CLASSIC:
A book
Which people praise,
But never read
ဂန္ထ၀င်စာပေ ဆိုတာ လူတိုင်းတဖွဖွချီးကျူးပြီး ဘယ်တော့မှ ဖတ်ဖို့မကြိုးစားတဲ့ စာအုပ်။

Monday, 15 November 2010

ကျေးလက်အညာ မင်္ဂလာပွဲ

ဆက်ဆက်လာပါနော် လို့  ဖိတ်ထားတဲ့ မောင်ငယ်လေးတယောက်ရဲ့ မင်္ဂလာပွဲကို ကျမတို့   တအုပ်စုလုံး တက်ညီလက်ညီ ချီတက်ခဲ့ကြတယ်။  ရုံးပိတ်ရက်လဲ ဖြစ်တာမို့  စုစုပေါင်း ၇ယောက်။

ခရီးက မနီးလှပါ။  နာရီတော်တော်ကြာ ကားစီးပြီးမှ ညောင်ဦးဇက်ဆိပ်ကို ရောက်ခဲ့ကြပါတယ်။  ဇက်စောင့်နေကြတဲ့ ကားကြီးကားငယ်တွေ၊  မြစ်ကမ်းနားက အရောင်စုံတဲ့ လှေ သမ္မာန် ကလေးတွေ ၊  သဲသောင်စပ်က စိမ်းစိမ်းစိုစို သီးနှံစိုက်ခင်းတွေ၊ မြင်နေကျပေမဲ့ ကျမအတွက်  မရိုးနိုင်တဲ့ မြင်ကွင်း ကလေးတခုပါ။   ခပ်ဝေးဝေးမှာ မြန်မာနိုင်ငံမှာ အရှည်ဆုံး  ဖြစ်လာမဲ့  ဧရာဝတီမြစ်ကူးတံတား (ညောင်ဦး)ရဲ့  တည်ဆောက်မှု တပိုင်းတစကို မြင်နေရပါသေးတယ်။ ဒီတံတားကြီးပြီးရင်တော့ ဇက်ကူးတာတွေ စောင့်ရတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။  ဧရာဝတီကတော့ ဒီ ဖြစ်တည်မှုတွေ အားလုံးကို မသိကျိုးကျွန် ဥပေက္ခာပြုရင်း ငြိမ်သက်မျက်လွှာချလို့။  ဒီ ဧရာဝတီကို ကူးကြရဦးမယ်လေ။


ကားတွေကြပ်နေတာမို့   အနီးဆုံး ဇက်တခေါက်မှာ  ကျမတို့ကားကလေး လိုက်ခွင့်မသာပါဘူး။  စောင့်ရင်း အချိန်မပုပ်ချင်တာမို့  လူချည်းပဲ စင်းလုံးငှား သမ္မာန်နဲ့  ကူးခဲ့ကြပါတယ်။  မိနစ် ၂၀ကြာ ခရီးအတွက် ပုံမှန်ဈေး ၁၂၀၀၀ တဲ့။  မြစ်ပြင်ကျယ်ကိုရောက်တော့ ရွက်လွှင့်နေတဲ့ နာဝါလှေကလေးတွေကို မြင်ရပြန်တယ်။  ကမ်းစပ်မှာတုန်းက တည်ငြိမ်လှတယ်လို့ ထင်ရတဲ့ မြစ်ရေပြင်ကလည်း ခုတော့ လှိုင်းကြက်ခွပ်လေးတွေ တလှုပ်လှုပ်၊ လှိုင်းတံပိုးလေးတွေ တထန်ထန်နဲ့။

တံတားတည်ဆောက်ရေးကို ဒီလို အနီးကပ် မြင်ခဲ့ရတယ်။
ဒါက တံတား လုပ်ငန်းခွင်ရဲ့ အဝေးမြင်ကွင်း။

မြစ်ကမ်းနားမှာတော့  ရေချိုးသူ၊ အ၀တ်လျှော်သူတွေနဲ့  စည်စည်ကားကား။
မြစ်ကမ်းဆိပ်မှာ လှေကလေးတွေ အစီအရီ ထိုးဆိုက်ထားပုံက ချစ်စရာ။
ဒါနဲ့ပဲ ပခုက္ကူဆိပ်ကမ်းကို ရောက်ခဲ့ပြန်ပါရော။  မြို့ထဲရောက်ဖို့  ဆိုက်ကား၊ မြင်းလှည်း၊ ထော်လာဂျီ ကြိုက်ရာရွေးပြီး စီးနိုင်တယ်။   အတွေ့အကြုံလည်းရ၊ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးလည်းဖြစ်အောင် မြင်းလှည်းပဲစီးရအောင်လို့  အကြံပေးလိုက်မိတယ် (တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်ရေးနဲ့တော့ ငြိကောင်း ငြိနိုင်တယ်:-)) မြို့ထဲကို စီးတဲ့သူ ငါးယောက်အတွက် ၁၅၀၀ တဲ့။

Wednesday, 10 November 2010

အသက်လား....... သူခရီးသွားနေတယ်

တချို့ဓလေ့ထုံးစံတွေမှာ အသက်မေးတာ ရိုင်းတယ်ဆိုဘဲ။
အမျိုးသမီးတွေကို အသက်မမေးပါနဲ့  လို့ လည်း လူမှုအသိုင်းအ၀ိုင်းမှာ ပြောစမှတ်ရှိတယ်။
နောက်ပြီး ဘာတဲ့။ အမျိုးသမီးမိတ်ဆွေတွေရဲ့ မွေးနေ့ကို မှတ်ထားပါ၊ အသက်တွေကို မေ့ပစ်ပါ တဲ့။
ဒါကလည်း ဇရာက အမျိုးသမီးတွေရဲ့ ရန်သူ နံပါတ်တစ်လို့  ပြောချင်တာဖြစ်ပါလိမ့်မယ်။

ကျမတို့ လူမျိုးတွေမှာတော့ အဲဒီလို သတ်သတ်မှတ်မှတ် ကန့်သတ်ချက်ထားတာ မတွေ့ရပါဘူး။  အထူးသဖြင့် ကျေးလက်တောရွာတွေမှာပေါ့။  ပထမဆုံးတွေ့တဲ့ လူစိမ်းကို အသက်မေးကြတာဟာ သူတို့အတွက် ထူးတဲ့ ဆန်းတဲ့ အလေ့အထ မဟုတ်ကြပါ။  ဂါရဝေါစ နိဝါတောစ ဆိုတဲ့အတိုင်း အသက်အားဖြင့် ကြီးသောသူ၊ ဂုဏ်အားဖြင့်ကြီးသောသူ ဆိုတဲ့နေရာမှာ တနေ့တရက် တနံနက် ပိုကြီးရင်တောင် ရိုသေရမယ်လို့   လူကြီးသူမတွေက ဆုံးမခဲ့ကြတာကိုး။  ကိုယ့်ထက်ကြီးသူကို တန်းတူဆက်ဆံမိမှာ၊ အငယ်လို ဆက်ဆံမိမှာ သူတို့ အလွန်ကြောက်ကြတာလေ။

ကျမ  အဘွားလေး (အပျိုကြီး) တယောက်ရဲ့ ၀ါသနာက တမျိုးပါ။  အိမ်ရဲ့ လွတ်နေတဲ့ နေရာတိုင်းကို ကျောက်သင်ပုန်းသဖွယ် သဘောထားပြီး မြေဖြူခဲနဲ့  သူရေးချင်ရာရေးတတ်ပါတယ်။ ( Mr. Guiter  ဆိုင်က အုတ်နံရံမှာ စာရေးခိုင်းတဲ့ နေမျိုးဆေးရဲ့ အိုင်ဒီယာထက် သူက အများကြီး စောတာပေါ့)။  တခါတခါ ကျမ ပျင်းရင် သူရေးထားတာတွေ လိုက်ဖတ်ပြီး တအားရီရတယ်။  ဦးပဇင်း မြင့်ဦး တန်ဆောင်မုန်းလဆန်း ၄ရက်နေ့  ပြန်ကြွ ဆိုတာမျိုးလဲ ပါရဲ့။ နောက်တခါ အေးဘုံ-၅ရက်၊ လှသိန်း -ဂရက်၊ တင်ဦး- ၆-ရက် စသဖြင့်ပေါ့။ အဲဒါက အလုပ်သမားတွေရဲ့ လုပ်ရက်တွေပါ။  နောက်ပြီး သူ့လယ်ထွက်သီးနှံစာရင်းတွေ၊ အကြွေးစာရင်းတွေလည်း အိမ်နံရံမှာ မှတ်ထားတတ်သေးရဲ့။  အဲဒီ သူ့ရဲ့    ”Public Diary” ထဲမှာ ကျမ အပါအ၀င် မြေးတွေရဲ့ မွေးနေ့ကိုလည်း အလွတ်မပေးခဲ့ပါဘူး။  ကျမက အသက်လေး နည်းနည်းရလာတော့ ကန့်ကွက်ခဲ့ပါတယ်။  ဟိုလူမြင် ဒီလူမြင်နဲ့  အဖွားလေးရယ်- လို့။  သူကတော့ ဘာဖြစ်တုန်းဟဲ့ လို့ ပြောပြီး ဖျက်မပေးပါဘူး။

ကျမတို့ ငယ်ငယ်ကတော့ အရမ်းအသက်ကြီးချင်ခဲ့တာလေ။ ခန့်မှန်းခြေ အသက် ဆယ်နှစ်နဲ့  ဆဲ့လေးငါးနှစ်ကြားလောက်လို့  ထင်တာပဲ။  လူကြီးတွေ လူရာဝင်တာကို အားကျတတ်တဲ့ အချိန်ပေါ့။  မှတ်မှတ်ရရ  သူငယ်ချင်းတွေနဲ့  ထိုင်ပြီး “ ငါတို့  လူကြီးဖြစ်လာရင် --------ဘာလုပ်မယ်------” စသဖြင့်။ နောက်ပြီး “ငါ ငယ်ငယ်တုန်းက --------” ဆိုတဲ့ အကြောင်းတွေနဲ့   ကိုယ်ငါးနှစ် ခြောက်နှစ်လောက်က အကြောင်းတွေ ပြန်ပြန် ပြောတတ်ကြတော့ ကြားတဲ့ လူကြီးတွေက ရယ်ကြတယ်။  အဲဒီတုန်းက ကိုယ့်ကိုယ်ကို ကလေးလို့လဲမထင်၊ လူကြီးရယ်လဲမဟုတ်၊ ဘယ်လိုများသတ်မှတ်ထားခဲ့သလဲ မဆိုနိုင်အောင်ပါဘဲ။

တက္ကသိုလ်စတက်တော့ ဟောကျူတာကို မမ ၊ အဆောင်မှူးကို မမ လို့ဘဲ ခေါ်ရတယ်။  အဆောင်မှူးက ကြီးဒေါ်အရွယ်လောက်ဆိုတော့ ခေါ်ရတာ လည်ပင်းနင်သလိုလို၊ လျှာယားသလိုလို။  နောက်တော့လည်း အသားတကျရှိလာခဲ့။ 

Saturday, 6 November 2010

ဘေးလူ

မသီတာ ရုံးကပြန်ရောက်တော့  အိမ်ရှေ့မှာ မျက်စေ့မျက်နှာပျက်ပျက်နဲ့ ထိုင်နေသော အမေနှင့် ဒေါ်လေးစိန်ကို တွေ့ရလေသည်။  သူတို့နဲ့အတူ အသားညိုညို၊ ပိန်ပိန်၊ မျက်တွင်းချိုင့်ချိုင့်နဲ့   မိန်းကလေးတယောက်ကို ကျူံ့ကျူံ့ကလေး ထိုင်နေတာ မြင်ရပြန်တော့ မြင်ဖူးသလိုလို။  အသက်က အစိတ်ကျော်ကျော်၊ သုံးဆယ်နီးပါး လောက်ရှိပြီး အ၀တ်အစားကလေးများက အရောင်လွင့်ကာ နွမ်းဖတ်နေသည်။
“ ဧည့်သည်လား ဒေါ်လေးစိန်”
“အေးလေ၊ သေသေချာချာ ကြည့်ပါဦးအေ့၊ မှတ်မိရဲ့လားလို့”
သံချေးတက်နေတဲ့ ဦးနှောက်ကို တဖြစ်ဖြစ်မည်အောင် ညှစ်ပြီးစဉ်းစားလိုက်သည်။  ဟုတ်ပြီ- ဒီမျက်လုံးကျဉ်းကျဉ်းလေးတွေကို မှတ်မိပြီ။ မသီတာ မိဘတွေရဲ့ ဇာတိရွာက ရပ်ဆွေရပ်မျိုး ကောင်မလေး။ သူ့ကို မတွေ့တာ ဆယ်နှစ်နီးပါး ရှိခဲ့ပြီလေ။  
“ဟဲ့-  မဌေး မဟုတ်လား” 
သူမက နွမ်းယဲ့ယဲ့ကလေး ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
   “သြော်- စောစောထဲက နှုတ်ဆက်လိုက်ပြီးရော၊ သက်သက် ခေါင်းစားအောင်လုပ်တယ်၊ ကောင်မလေး၊  ဘာလာလုပ်တာလဲ၊ ပိန်သွားလိုက်တာ၊ ဒါနဲ့   နင် ကလေးတွေ အများကြီးရနေပြီဆို”
  ပါးစပ်က တရစပ် ပြောလည်းပြော လက်ကလည်း အလုပ်ဆွဲခြင်းထဲက ထမင်းချိုင့်တွေ စာအုပ်တွေကို နေရာချနေလိုက်သည်။
“ မဌေးက အခု သူ့ယောက်ျားဆီက ထွက်ပြေးလာတာ တဲ့”
ဒေါ်လေးသိန်းစကားကြောင့် လုပ်လက်စအလုပ်တွေ တန့်ခနဲ။ မျက်ခုံးက ပင့်ကနဲ။
  “ဟင် - ဟုတ်လား၊  ဘာလို့  .................”
မေးခွန်းမဆုံးခင် တချိန်လုံး ငြိမ်သက်နေတဲ့ အမေက ၀င်ပြောသည်။  
“  အရက်မူးပြီး သူ့ကို ဒါးနဲ့  လိုက်ခုတ်လို့တဲ့ လေ၊   သူကိုယ်တိုင်ကတော့ မယားငယ် ထားသေးတာ..အံ့ရောပဲ.”  
မသီတာ သက်ပြင်းကို ခပ်လေးလေး ချလိုက်သည်။ 
“ ဒါဆို ဒီကိုလာတာ သူမသိဘူးပေါ့”
“ သူ သိရင် လိုက်လာချင်လာမှာ၊ သမီး မှာ ဘယ်အချိန် သူလည်ပင်းထညှစ်မလဲပဲ စိတ်ပူရတာနဲ့   ကောင်းကောင်းတောင် မအိပ်ရဘူး။  အရက်ကလည်း နေကုန်သောက်နေတာ။  သူရှာတဲ့ ပိုက်ဆံလည်း သမီး သုံးရတယ် မရှိပါဘူး။  သမီးဟာသမီး  အလုပ်လုပ်ပြီး ကလေးတွေ မငတ်အောင် ကျွေးထားရတာ။  အရိုက်အနှက်လဲ ခဏခဏခံရတယ်။ အခု တခေါက်တော့ ဒါးနဲ့ပါလိုက်ခုတ်လို့  ကလေးတွေနဲ့အတူ ယောက္ခမအိမ် ပြေးပုန်းရင်း အ၀တ်တထည် ကိုယ်တခုနဲ့ သမီးထွက်လာခဲ့တာ။  ကားသမားတွေကိုတောင် သနားအောင် တောင်းပန်ပြီးမှ ဒီအထိ စီးလာခဲ့တာ။ တော်ပြီ- သမီး သူ့ကိုလည်း ဆက်မပေါင်းနိုင်တော့ဘူး။  သူ - ဟိုမိန်းမနဲ့  အတည်ယူပြီးမှ ပြန်ပါရစေ” 
သူမက ပြောရင်းနဲ့   ရှိုက်သံတွေပါလာသည်။ ဟင်း- ဒါတွေ စိတ်ညစ်လို့  အပျိုကြီးလုပ်နေတာဟေ့  လို့ မသီတာ ရင်ထဲက အသံတိတ်ပြောရင် ထ လာခဲ့သည်။  မိမိတို့ အိမ်တွင် ပါးစပ်တပေါက် တိုးလာပြီဆိုတာတော့ အလိုလို နားလည်လိုက်မိသည်။
---------------------------------------------

မဌေးက  သိတတ် ပါသည်။ ပျင်းပျင်းရိရိ မရှိတတ်ချေ။  အိမ်မှုကိစ္စ အ၀၀ကို ဒေါ်လေးစိန်ကို ကူညီသည်။ အမေ့ကို ဆံပင်ဖြူနှုတ်၊ နင်းနှိပ် ပေးတတ်သည်။ သူမ လက်ရာကြောင့်  မသီတာရဲ့ ရုံးထမင်းချိုင့် ကလေးပင် ပိုလို့ ဖွယ်ဖွယ်ရာရာ ဖြစ်လာသည်။  အလုပ်မှပြန်လာလျှင် မဌေးက သူ့မျက်စေ့ မှေးမှေးကလေးတွေ ပိတ်သွားမတတ် ပြုံးလို့ ကြိုနေတတ်သည်။  သူမပါးပေါ်မှာ သနပ်ခါး ထူထူကလေးတွေ ပါးကွက်ကြားကလေး လိမ်းထားတတ်သည်။  သူမ ကိုယ်လုံးပိန်ပိန်ကလေးပင် နှစ်လ သုံးလအတွင်း ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာ တော့သည်။  မသီတာရဲ့ အကျီင်္၊ လုံချည်ကလေးတွေနဲ့   သပ်သပ်ယပ်ယပ် ဖြစ်လာသည်။ သူမက  အမေ နှင့် မသီတာ ပေးသော မုန့်ဖိုးကလေးတွေကို ကျစ်ကျစ်ပါအောင် စုထားတတ်ပြန်သည်။


“နင့်ကလေးတွေကို သတိမရဘူးလား”  လို့   စပ်စပ်စုစု မေးကြည့်ဖြစ်တော့ 

Thursday, 4 November 2010

အသည်းကင်ဆာ နဲ့ ဆေးဝါး

အမေ့ အသည်းက ခွဲဖို့ ရက်ချိန်းယူပြီး တရက်အလိုကျမှ မခွဲဖြစ်တော့ပါဘူး။  ဖြစ်ပုံက ဒီလိုပါ။

မူလတတည်းက  အသည်းပါရဂူနဲ့ ခွဲစိတ်ပါရဂူ ဆရာကြီးနှစ်ဦးအနေနဲ့  အမေ့ စိတ်ဓါတ်၊ သွေးပေါင်ချိန်၊ နှလုံးနဲ့  ဆီးချိုကင်းတာတွေကိုကြည့်ပြီး နောက်တကြိမ်ခွဲဖို့  စိတ်အားထက်သန်နေကြပေမဲ့  ကျမတို့ သားသမီး တသိုက်ကတော့ ရတက်မအေးနိုင်ကြပါဘူး။ ပထမတကြိမ်ခွဲစိတ်တုန်းကလည်း အမေ့အသည်းက လေးပုံတပုံလောက် ဖြတ်ထုတ်ခံရပြီးပြီ၊ အခု အနာမကျက်ခင် ဒုတိယအကြိမ်ထပ်ပြီး ခွဲရဖြတ်ရ ဦးမယ် ဆိုတော့ အသက် ၇၀ ကျော် အမေအိုအတွက် အားလုံးရဲ့ ရင်က ခပ်လေးလေးရယ်။  ဒါနဲ့ပဲ  နောက်ထပ် ပါရဂူနှစ်ဦးနဲ့   သီးခြားစီ ထပ်တွေ့ခဲ့ကြပါတယ်။ 

ပထမတွေ့ခွင့်ရခဲ့တဲ့  ဆရာဝန်မကြီးက စီတီစကင်အဖြေ ဖလင်တွေချပ်ကို အလင်းရောင်ပိတ်ကားပေါ်မှာ ထပ်တင်လို့ ကျမတို့ကို အေးဆေး တည်ငြိမ်စွာနဲ့  ရှင်းပြပါတယ်။

  (၁) အမေ့အခြေအနေက အသည်းမှလွဲလို့  တခြား အစိတ်အပိုင်းများကို မပြန့်သေးတဲ့ primary  အဆင့် ၂ အသည်းကင်ဆာ ဖြစ်တယ်  (၂) နောက်တကြိမ် ထပ်ပြီး ခွဲစိတ် လှီးဖြတ်ရင်  လက်ကျန် အသည်းအရွယ်အစားက အလွန် သေးသွားမယ် (၃) ခွဲပြီးလို့  ကျန်နေတဲ့ အပိုင်းမှာလည်း ကင်ဆာအမြစ် ကျန်နေဖို့ များတယ်၊  အခုလိုပဲ နောက်ထပ် ပြန်ဖြစ်လာနိုင်တယ်  (၄) အခု ကင်ဆာကျိတ်ရှိနေတဲ့နေရာက အသည်းထဲက သွေးကြောကြီးနဲ့  အလွန်နီးတဲ့အတွက် ကင်ဆာဆဲလ်တွေတခြားကို  ပြန့်ဖို့  အထောက်အကူ အလွန် ဖြစ်နေတယ်၊  ပြန့်ပွားနှုန်း ပိုမြန်စေနိုင်တယ်   (၅) ဒါကြောင့် ခွဲစိတ်ခြင်းကို အားမပေးပါ  (၆) အကုန်အကျခံနိုင်ရင်တော့ နိုင်ငံခြားကို သွားကုကြည့်ပါ၊  ဒါမှမဟုတ်ရင်လည်း သက်တမ်းကို ဆွဲဆန့်နိုင်ဖို့    ကင်ဆာတန့်ဆေး တမျိုး သောက်နိုင်တယ်၊ အဲဒီဆေးက တရက် တသိန်းလောက်ကျမယ်တဲ့။ 

 ကြားရတာက မောစရာ တွေချည်းပါပဲ။ ဒါပေမဲ့ ဆရာမက အချိန် မိနစ် ၂၀ လောက်ပေးပြီး ရှင်းပြတဲ့အတွက် အထူး ကျေးဇူးတင်ရပါတယ်။ (အရင်ဆရာကြီးတွေတုန်းက ငါးမိနစ်၊ ဆယ်မိနစ် ထက် ပိုမရပါ)  သူမရဲ့ အကြံပြုချက်တွေက ကိုယ်တို့   အနေနဲ့  လူအား ငွေအား လိုက်မမီနိုင်တာပဲ ရှိပါတယ်။

နောက်တနေ့ သွားတွေ့တဲ့ ဆရာဝန်ကြီးက ကင်ဆာနဲ့ ခွဲစိတ်အထူးကုပါ။  အထူးပြု ဘာသာရပ်နှစ်ခုကို ကံကောင်းစွာ ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ကြီးပေါ့။  ဘာသာရေးစာပေအများအပြားကို ရေးသား ပြုစုခဲ့သူ ကိုယ်တိုင်လဲ တရားရှိသူမို့လားမသိ၊  သူ့ မျက်နှာက မာနကင်းစင်ပြီး တည်ငြိမ်အေးဆေးလို့နေတယ်။  အမေ့ ၀မ်းဗိုက်ကို သေသေချာချာ စမ်းသပ်တယ်။  အနာအကျင်သက်သာအောင်အောင် ဆေးထိုးပေးတယ်။ ပြီးတော့ လူနာရှင်နဲ့ သီးသန့်  စကား ပြောတယ်။  ဒီဆရာဝန်ကြီးကလည်း ခွဲစိတ်မှုထက် အခြား ကုထုံးများကိုသာ အလေးသာ နေပြန်ပါတယ်။  သူ ညွှန်းလိုက်တဲ့ ဆေးက Sorafenib  (Nexavar) တဲ့ ။  အဲဒီဆေး ရက်၂၀ သောက်ပြီးရင် တခေါက်ပြန်ဆေးစစ်၊ ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါမယ်တဲ့။

ဒါနဲ့ပဲ ဒုတိယအကြိမ် ခွဲစိတ်မှုကို ဖျက်သိမ်းလိုက်ပါတယ်။  (လူဆိုတာ မွေးလာရင် တနေ့ သေရမှာပဲ၊ အမေ မကြောက်ဖူး သိလား၊ သားတို့သမီးတို့  ကြို့က်သလိုကုပါ) လို့  ပုံအပ်ထားတဲ့ အမေက  ခွဲဖို့ စိတ်ဖို့ မလိုတော့လို့  ၀မ်းသာလိုက်တာ လို့  ပြောရှာပါသေးတယ်။  ကျမတို့ မျက်နှာတွေကတော့ မချိသွားဖြဲလေးတွေ ဖြစ်နေမယ်ထင်ပါရဲ့။

Thursday, 28 October 2010

သူက ကျမရဲ့ မောင်လေး

မောင်လေးရေ .....
ထပါတော့.......
ရောင်နီ လာမှပေါ့......
အဆိုတော် တင်တင်မြရဲ့ ကရုဏာသံအပြည့်နဲ့  ဆိုထားတဲ့ (တကျော့နှစ်ကျော့ တေးကိုသီ) သီချင်းလေးကို ကြားတိုင်း ကိုယ့်နေရာကို ၀င်ဆိုနေသလို ခံစားရတယ်။  ဘာကြောင့်လဲဆိုတော့ ကျမမှာ တစ်ဦးတည်းသော မောင်လေး တယောက် ရှိနေလို့ပါဘဲ။  သူငယ်ငယ်ကလည်း အိပ်ယာထ ပျင်းရှာသူကလေးပါ။ ငယ်ငယ်က ကျောင်းသွားဖို့ကို  ချိုချိုသာသာ နှိုးရာကနေ။  လေသံမာမာ၊ နောက်ဆုံး ဆွဲထူ ကိုင်လှူပ်ပြီးနှိုးရတဲ့အထိ သူက အအိပ်မက်ပါတယ်။

အဲဒီမောင်ကလေး မွေးကာစက အလိုလို “တဦးတည်းသော သမီး” ရာထူးလျှောသွားတဲ့ သုံးနှစ်သမီး ကျမက တော်တော်လေး မနာလို ဖြစ်နေခဲ့ဖူးသည်တဲ့။  ဒါနဲ့ဘဲ လူကြီးတွေရဲ့ attention ရအောင် တရှုံ့ရှူံ့ ငိုနေတတ်လို့   အမေက  “ သမီး ၊ ခဏခဏ ငိုရင် ပါးရေတွန့်ပြီး မျက်နှာကြီး ရုပ်ဆိုးတတ်တယ်” လို့    ပြောမှ တိတ်ခဲ့တာတဲ့ ။  နောက်တာ့  အရုပ်သစ် ကလေးတခုရသလို သူ့ကို တချီချီ တပွေ့ပွေ့နဲ့ ပျော်နေခဲ့ပြန်သည်။  ဒါပေမဲ့ သူ့အပေါ် ကျမ ဆိုးခဲ့ တာတွေ ရှိပါသေးသည်။  သူ့မျက်တောင် ရှည်ရှည် ကော့ကော့တွေကို “မျက်စေ့ရှုပ်တယ်” ဆိုပြီး ညှပ်ပစ်လိုက်လို့  တုံးတိတိ ဖြစ်သွားပြီး၊ မျက်တောင် အသစ် ပြန်ထွက်လာတော့ မကော့တော့ဘဲ စင်းစင်းကြီးတွေ ဖြစ်နေခဲ့တယ်လို့  အမေက ပြန်ပြောပြလေသည်။

 သူလေးနှစ်၊ ကိုယ် ခုနှစ်နှစ် လောက်ကစပြီး ကျမ ဆယ်နှစ်၊ ဆဲ့တစ်နှစ်လောက်အထိ တူတူဆော့ပါတယ်။ ကစားပွဲတွေမှာ ကျမက ဦးဆောင်သူဖြစ်လေတော့ သူက မိန်းကလေး ကစားနည်းတွေ လိုက်ဆော့ရ ပါတယ်။   ကျမတို့  သူငယ်ချင်းတသိုက် ကတိုင်းခုန်တိုင်း ဆော့ရင်ဖြစ်ဖြစ်၊ ဈေးရောင်းတမ်းကစားရင်ဖြစ်ဖြစ် သူ ပါပါတယ်။ ကျမက ဆရာဝန်လုပ်ရင် သူက လူနာလုပ်ရပြီး ၀ါးတံချွန်ချွန်လေးနဲ့ ဆေးထိုးခံရတယ်။ အမေ့စကပ်ဖ် ခေါင်းစည်းပုဝါတွေစည်းပြီး အလှပြင်ပေးရင်လည်း (အတူဆော့ချင်လွန်းလို့) သူက ခံပါတယ်။  ခေါ်လိုက်ရင် မိန်းကလေးလို ”ရှင်” ထူးခိုင်းပါတယ်။ စကားကို “ညည်း” “ကျူပ်” နဲ့  ပြောခဲ့ပါတယ်။ (တော်သေးတာပေါ့ ......  ကျမကြောင့် သူ ဂေး ဖြစ် မသွားခဲ့တာ)   နောက်ပိုင်းကျတော့ သူနဲ့  ညီအကို တော်ချင်လာပြန်တဲ့ ကျမက  “ကျွန်တော်” “ခင်ဗျား” နဲ့  သူ့ကို ပြောပြန် ပါတယ်။ တယောက်နဲ့တယောက် “ဟိတ်ကောင် .....ရေ” လို့  ခေါ်ကြပါသေးတယ်။  အသက် တဆဲ့လေး၊ငါးနှစ်လောက်ရောက်မှ  “မောင်လေး” “မမကြီး” ဆိုပြီး  ပုံမှန် ပြန်ဖြစ်သွားပါတယ်။  ကျမတို့က အဲဒီလို ခွတီးခွကျ မောင်နှမပါ။

Wednesday, 27 October 2010

ဒုတိယအကြိမ် အသည်းခွဲခံရခြင်း

သူငယ်ချင်းတို့ ရေ.......မိုးစက်ကို တမျိုးတော့ မထင်ကြပါနဲ့ နော်....( ကိုယ့်ဟာကိုယ် မရှင်းမရှင်း ခေါင်းစဉ်တပ်ပြီးခါမှ) 

ယောက္ခမ မေမေ ခွဲစိတ်ခံရတော့မယ်ဆိုတဲ့ အကြောင်း ဒီမှာ ရေးခဲ့ဘူးပါတယ်။ ကင်ဆာကျိတ်ရှိတဲ့ အသည်းကို သုံးပုံတပုံလောက် ဖြတ်ပြီးလှီးထုတ်လိုက်တာပါ။ သွေးတပုလင်းသွင်းရတဲ့ တနာရီခွဲကြာ ခွဲစိတ်မှုက အောင်မြင်တယ်လို့ ပြောကြပါတယ်။ ခွဲပြီးတာနဲ့ ဆေးရုံမှာ တပါတ်နားပြီး နယ်ကိုပြန်သွားလိုက်တာ အခု နှစ်လပြည်တော့့ check-up တခေါက် ပြန်လာပြရပါတယ်။

လက်ရှိ အမေ့ အခြေအနေကတော့ စားနိုင်သောက်နိုင် သွားနိုင် လာနိုင် ထူထူထောင်ထောင်ပါဘဲ။
“တချက်တချက်တော့ စစ်ကနဲ စစ်ကနဲ နာသေးတယ် သမီးရဲ့”  “အော်- အမေကလဲ အသည်းကြီးတခုလုံး ခွဲထားတာ ချူပ်ရိုးက နာဦးမှာပေါ့” “အင်း၊ အမေလဲ အရင်ဘ၀က ငါးအရှင်တွေ အများကြီး ဗိုက်ခွဲခဲ့တယ် ထင်ပါရဲ့ကွယ်၊ ဒီဘ၀မှာတော့ ငါးဆိုရင် အသေပဲ ၀ယ်စားတယ် သမီးရယ်”   တဲ့။
ဆေးခန်းမှာ ခွဲစိတ်ဆရာဝန်ကြီး ခိုင်းတဲ့အတိုင်း သွေးစစ်ရတယ်၊ အာထရာဆောင်း ရိုက်ရတယ်။
ကိုယ်ဖတ်တတ်သလောက် သွေးအဖြေတွေက အကုန် normal range ထဲ ၀င်နေတယ်။  အာထရာဆောင်းအဖြေမှာ အားလုံးကို  normal လို့ပဲ မှတ်ချက်ပေးထားတာမြင်ရတော့ အားလုံးက ပျော်နေတယ်။  အဖြေစာရွက်ရဲ့ ဒေါင့်နားမှာတော့  မဖတ်တတ်သော လက်ရေးစာလုံးတချို့ကို ( ???? ) တွေနဲ့ တွေ့တော့ စိတ်ထဲကတော့ ထင့်ကနဲ။

အတ္တ ကို တိုက်စားတဲ့ နာရီများ


အချိန်ဟာ အရှိန်နဲ့ပြေးနေတဲ့ မျှားတစင်းလား
တသွင်သွင်စီးနေတဲ့ မြစ်တစင်းလား

ရပ်နားခြင်း ဘူတာမရှိတဲ့ ရထားတစီးလား
နောက်ပြန်မလည်တဲ့ လှည်းတစီးရဲ့ ဘီးလား
များပြားလှတဲ့ ရူပက အလင်္ကာတွေ......။

ဒီမှာ 

သေချာတာက 
စက္ကန့်ခြောက်ဆယ် တမိနစ်
မိနစ် ခြောက်ဆယ် တနာရီ
ရာသီမလပ်
မှန်မှန်ကြီးလည်ပတ်
ဘယ်သူမှ မရပ်နိုင်ဘူး..။

Saturday, 2 October 2010

ဗူးသီးနုနု

မနေ့က  Gender-based Violence & Harmful Practices  အကြောင်း တို့ထိမိရာကနေ Documentary  လင့်ခ်လေးတခု ကို ရောက်သွားပါတယ်...။ အမည်က "Child Bride: Stolen Lives"  တဲ့။  ကော်နက်ရှင်က သဘောကောင်းနေလို့  အထစ်အငေါ့မရှိ ကြည့်ခွင့် ရသွားပါတယ်။ စစချင်း သိပ်မကြာဘူးထင်လို့  ကလစ်လိုက်မိရင်း ဆွဲဆောင်မှု ရှိတာနဲ့  တနာရီကြာတဲ့ ဒီဇာတ်လမ်းကို အဆုံးထိ ကြည့်ဖြစ်သွားပါတယ်။ အိန္ဒိယ၊ အာဖရိက တို့မှာ  ၄-၅ နှစ် ကနေ ၁၃-၁၄ နှစ်အတွင်း ရှိတဲ့  မိန်းကလေး ငယ်ငယ်လေး တွေကို လက်ထပ်ပေးကြတဲ့ ဓလေ့ အကြောင်းလေးပါ။

ရာစုနှစ်ချီပြီဖြစ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်ရော၊ စီးပွားရေး အဆင်မပြေမှု အပြင် မိသားစုရဲ့ ဖိအား အမျိုးမျိုး ကြောင့်ရော သန်းပေါင်း များစွာသော မိန်းကလေး ငယ်လေးတွေဟာ သူတို့ ကိုယ်တိုင် မရွေးချယ်ရပါဘဲ၊ သူတို့ ကိုယ်တိုင် အဆင်သင့် မဖြစ်သေးချိန်မှာဘဲ၊ ကုန်ပစ္စည်းတခု အရောင်းအ၀ယ် လုပ်တဲ့ပမာ မိသားစုနဲ့ ဝေးရာ တခြားလူလက်ထဲ အလိုလို ရောက်သွားကြရပါတယ်။

အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်က ဂျေပူရ်မြို့နားက ဘီန၀ါဆိုတဲ့ ရွာကလေး တရွာကနေ ဇာတ်လမ်းစ ထားပါတယ်။   ၁၂နှစ်သမီးကလေး “မာတာ” ဆိုတဲ့ မိန်းကလေးက ၇နှစ်သမီး ကတည်းက ဘာမသိ ညာမသိ လက်ထပ်ခဲ့ရတာပါတဲ့။ မာတာ ရဲ့အမေက ပြောပြပါတယ်။   သတို့သားကိုပေးဖို့  လက်ဖွဲ့ကြေးမရှိ ဆင်းလဲ ဆင်းရဲတဲ့ သူမတို့လို မိသားစုတွေမှာ ပါးစပ်တပေါက် လျော့သွားရင်လဲ မနည်းဘူးလို့  ဆိုပါတယ်။

တကယ်တော့အိန္ဒိယမှာ ကလေးသူငယ် လက်ထပ်တာကို ပေါ်ပေါ်ထင်ထင် လုပ်လို့မရပါဘူး။ ဒါကြောင့်လဲ  ညသန်းခေါင်မှာ တိုးတိုးတိတ်တိတ် လက်ထပ်ပေးတဲ့ အခန်းအနားတွေ ကျင်းပ ပေးကြပါတယ်။ ဧည့်သည် တွေထဲက  ဖွက်ထားတဲ့ ကင်မရာနဲ့ တိတ်တိတ်ခိုး ရိုက်ထားပြတဲ့ ကလေးစုံတွဲ မင်္ဂလာဆောင် တခုမှာ ၃-၄နှစ်အရွယ် မိန်းကလေးနဲ့  ၆-၇ နှစ်အရွယ်ကောင်ကလေးတို့ကို လက်ထပ်ပေး နေကြပါတယ်။  ကာယကံရှင် ကလေး နှစ်ဦးက ဒီမင်္ဂလာပွဲကို ဘာတခုမှ နားမလည်နိုင်တဲ့ မျက်လုံး လေးတွေနဲ့  ကြည့်နေ ကြပါတယ်။ တကယ်တော့  ဒီအခမ်းအနားဟာ ကလေးသတို့သမီးလေးအတွက် နှစ်ပေါင်းများစွာ ခံစား ရတော့မဲ့ ၀န်ထုပ်ဝန်ပိုးကြီးတခု ပခုံးပေါ် တင်ပေးလိုက်တာဘဲ ဖြစ်ပါတယ်။

သုတေသန ပြုချက်များအရ ကလေးသတို့သမီး သုံးပုံနှစ်ပုံဟာ ရိုက်နှက်ညှင်းဆဲမှု ကြုံရတယ် လို့  ဆိုပါတယ်။ အခုအချိန်မှာ ၂၁ နှစ်ရှိပြီဖြစ်တဲ့ ရှုခါ ဆိုတဲ့ အမျိုးသမီးလေးက ငါးနှစ်သမီးမှာ စတင် လက်ထပ်ခဲ့ရသူလို့  ဆိုပါတယ်။ သူမကို ယောက်ျားနဲ့ ယောက္ခမတွေက အပြစ်ရှာ ရိုက်နှက်လို့  ကိုယ်ဝန်ပါ ပျက်ခဲ့ရပါတယ်။  အနှစ်နှစ်အလလက ဒဏ်ရာတွေက မျက်နှာ၊ လက်နဲ့  ခြေထောက်တွေမှာ ဗရပွဖြစ်နေပါတယ်။ အခုအခါမှာ သူမကို ရုပ်ဆိုးလွန်းလို့၊ ပျင်းလို့၊ ဆိုတဲ့ အကြောင်းပြချက်နဲ့  နှင်ချထားလို့  မိဘအိမ် ပြန်ရောက်နေပါတယ်။

Thursday, 30 September 2010

ယဉ်ကျေးမှုရယ်၊ ဓလေ့ထုံးစံရယ်၊ အယူအစွဲရယ်၊ အင်နားရှားရယ်


ကျမ အိမ်နီးချင်း အဒေါ်ကြီးရဲ့အမည်က ဒေါ်သိန်းနုတဲ့။  သူက မုဆိုးမ ပါ။ သူ့သမီးက ပူတူးမ။  အသက် ၂၅ နှစ်လောက် ကိုယ့်ညီမ အထွေးဆုံးလေး အရွယ်။  ပူတူးမ ခင်ပွန်းက အဝေးမှာ အလုပ်ထွက်လုပ်နေတယ်။  ပူတူးမ သမီးအကြီးလေးက ၃ နှစ်။  ပူတူးမှာ ဒုတိယကိုယ်ဝန်ကြီး မပေါ့မပါးနဲ့။  မွေးခါနီးပြီ ထင်ရဲ့။

 မနေ့ကတော့  ဒေါ်သိန်းနုကြီး ပြာယာခပ်နေတာတွေ့လို့   အကျိုးအကြောင်း မေးကြည့်မိတယ်။  “ ပူတူးမ မွေးပြီလေ။  ဆေးရုံမှာ။  ရေမြွှာပေါက်တာ ၂၄နာရီကျော်တဲ့အထိ ဗိုက်မနာလို့   ဆေးထိုးမွေးရတယ်။  ဆရာမတွေက လာတာ နောက်ကျလို့  ဆူသေးတယ်။  ကျမလဲ ရပ်ကွက်ထဲက သားဖွား ဆရာမနဲ့ အပ်ထားတာပဲ။  သူက သုံးရက်အထိ စောင့်လို့ရတယ် ပြောလို့။  ”    “တော်သေးတာပေါ့” လို့  ကျမ သက်ပြင်းချမိပါတယ်။  လက်ရှိ ကလေးလေးနဲ့  ကလေးအမေ ကျမ်းမာရေး မေးတော့  “ ပူတူးကတော့ နေကောင်းပါတယ်၊ ဒါပေမဲ့ နို့ ကောင်းကောင်း မထွက်ဘူး”  ”ကလေးလေးကတော့ အသားဝါဖြစ်လို့    အထူးခန်းမှာ ထားရတယ်၊  တခြားကလေး တွေလဲ အများကြီးပဲ” တဲ့။  ကလေးက အလေးချိန် ငါးပေါင်တောင် မပြည့်ကြောင်း၊  ကိုယ်ဝန်ဆောင် ကာလမှာ မျှစ်နဲ့ ငရုပ်သီး စားတာ များလို့   ခေါင်းမွေး ကျဲပါးကြောင်းလည်း ဆက်ပြောပါတယ်။  “အင်း- ဘဲဥများ စားမိရင် ကတုံးတောင် ပြောင်ချင် ပြောင်နေမှာ” လို့   လွှတ်ကနဲ ပြောမိတော့မလို့။     ကလေးလေးက  အိမ်မက်အရ ကွယ်လွန်ဆုံးပါးခဲ့တာ (၈) နှစ်ကျော်ပြီဖြစ်တဲ့ သူ့ခင်ပွန်း ပြန်ဝင်စားတာ ဖြစ်ကြောင်း လည်း ပြောပြနေပါသေးတယ်။  ဒါကြောင့်လဲ အမေ နို့စို့မှာမဟုတ်ဘူးလို့  ဗေဒင်က ပြောထားကြောင်း ထပ်လောင်း သက်သေထူ နေပါသေးတယ်။  နားထောင်နေရင်း  ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးလေး တွေကတော့.....    ကျမ်းမာရေးအသိနည်းတာနဲ့      အယူသည်းတာက  မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့  နာတာရှည်ရောဂါတွေဘဲ လို့။  

 တဆက်တည်း သမီးအကြီးလေး ပုံ့ပုံ့အကြောင်း စပ်စုမိတော့ - “ ပုံ့ပုံ့က ခုတလော နေမကောင်းဘူး ရယ်။  လူ ပြုစားတာလေ။  ဗူးသွင်းထားတာလို့   ဆေးဆရာက ပြောတယ်။ ကလေးက  မျက်ကြောကြီး စင်းပြီး၊ မျက်လုံးကြီး တချက်တချက်လှန်ကြည့်နေတာ။  အဲဒါ ပူတူးမ ဆေးရုံဆင်းမှ ဆက်ကုရမယ်” တဲ့။  “ဟုတ်ပါ့မလား အဒေါ်ရယ်၊ ဒီလို ကလေး သေးသေးလေးကို” ကို မရဲတရဲ ကန့်ကွက်မိတော့ သူက အခိုင်အမာ ဆက်ပြောနေပြန်သည်။  အင်း- ဒီကလေးကို မုံ့ကျွေးမိတဲ့အထဲမှာ ကိုယ်လဲ ပါတယ်ဆိုတော့ မတော်တဆ စွပ်စွဲခံရမဲ့ အရေး ကျောတောင် ချမ်းလာ သလိုလိုပဲ။  “ဒါဆို ပယောဂဆရာနဲ့  ပြတာလဲပြ၊   တဖက်ကလည်း ဆရာဝန်နဲ့  ပြပြီး ကု ပေါ့နော်၊ နှစ်ဖက်လုံး ဆိုတော့ စိတ်ချရတာပေါ့”  လို့    ပြောကြည့်တော့ စိတ်မပါတပါနဲ့   ခေါင်းညိတ် ပြသည်။  ကျမ တော်တော်လေးတော့ ရင်လေးမိပါသည်။  ဖြူစင်တဲ့ ပန်းကလေးတပွင့်  နွမ်းကြွေမှာ စိုးမိသည်။ 


++++++++++++++++++++++

ဒေါ်သိန်းနုနဲ့   တွေ့ပြီးမှ နောက်ထပ် ဆင့်ပွား တွေးစရာတွေ ရလာပြန်သည်။  ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ “အင်နားရှား” အကြောင်း။  ရပ်နေတဲ့ အရာတခုခု စရွေ့ဖို့ဘဲ ဖြစ်ဖြစ်၊   ရွေ့နေတဲ့အရာတခု ရုတ်တရက် ရပ်လိုက်ရင်ပဲဖြစ်ဖြစ် ခက်ခဲတဲ့အကြောင်း။  “အင်နားရှား” ကို “နေမြဲ နေလိုမှု၊ သွားမြဲသွားလိုမှု” လို့  ဆရာမက  အဓိပ္မါယ် ဖွင့်ခဲ့သည် ထင်သည်။  ဥပမာကတော့ - ရပ်နေတဲ့ ရထားထွက်ချင်မှာ တုန့်ကနဲ နောက်ပြန်ဆွဲတာ၊   သွားနေတဲ့ကား ရပ်ချိန်မှာ လူတွေ ရှေ့ကို ငိုက်ကနဲ ဖြစ်သွားတာ။  အဲဒီဥပမာနဲ့ စဉ်းစားတော့  “အင်း- တို့လူမျိုးတွေ တော်တော် အင်နားရှား ကြီးတာပဲ” လို့    မှတ်ချက်ချမိပြန်သည်။ 

Monday, 27 September 2010

ကြိုးပြတ်စွန်

( အဆုံး ၏ အစ)

“ညီမလေးကို ဒီအဖြစ်အပျက်တွေ ပြန်ပြောပြတာ ငါလို ယောက်ျားမျိုးနဲ့  တွေ့မှာ စိုးလို့  ”  လို့   ကိုနေက ပြောခဲ့သည်။ သူ့အကြောင်းတွေကို ကောင်းတာရော မကောင်းတာရော မခြွင်းမချန် ပြောပြခဲ့စဉ်က ဘယ်လို မှတ်ချက် မျိုးမှ မပေးတတ်ခဲ့အောင် သူမ စိတ်မော နောက်ကျူ ခဲ့ရသည်။  သောက်လက်စ အအေး ဖန်ခွက်ပေါ် သီးနေတဲ့ ရေမှုန်ရေစက်များက မျက်ရည်ဥလို စုပြီး ခွက်အောက်ခြေမှတဆင့် အပြာနုရောင် စားပွဲခင်း ကလေးပေါ် စီးကျသွားတာ တွေ့ရသည်။  နောက်ဆုံးမှ သက်ပြင်းတချက် ရှိုက်လိုက်ပြီး  “ကိုနေ တော်တော် ဆိုးခဲ့တာပဲ”  လို့   ပြောတော့ သူက ဘာမှပြန်မပြောဘဲ စီးကရက်ခိုးများကို အကွင်းလိုက် မှုတ်ထုတ်ရင် အဝေးကို ငေးလို့  တွေးတွေးဆဆ ပုံဖမ်းနေခဲ့တော့သည်။

*********************
( အစ ၏ အစ)
 ကိုနေက အင်ကြင်း  ထက် အသက် ငါးနှစ်ကျော်ကျော်လောက်ကြီးတာမို့   အိမ်က အကိုကြီး အကြီးဆုံး ကိုအောင်လင်း နှင့်မှ ရွယ်တူ ဖြစ်သည်။  အကိုကြီး၊ အကိုငယ်တို့က ကိုနေနှဲ့ သက်တူရွယ်တူ တလမ်းတည်းသား ဆိုပေမဲ့ စရိုက်မတူလို့    ပေါင်းလို့မရခဲ့။  ကျွတ်ဆတ်ဆတ်၊  မာကြောကြော၊ မွေးစားအဖေ မျက်ရည်ကျအောင် ဆိုးတတ်သည့် ကိုနေကို  အားကစားထူးချွန်တဲ့  ကိုကြီး အောင်လင်း၊ စာတော်တဲ့ ကိုငယ် သော်လင်း  တို့က ရှောင်စရာ သတ္တ၀ါတကောင်လိုသာ သဘောထားသည်။  မိဘတွေကလည်း သူတို့ သားသမီးတွေကို လူဆိုးလေး ကိုနေနဲ့  ပေါင်းသင်းမှာကို မလိုလားကြ။  မိတဆိုးကလေး ကိုနေကို သားသမီးမရှိတဲ့ အဒေါ်အရင်း နဲ့ သူ့ခင်ပွန်း တရုပ်ကြီးက မွေးစားပြီး၊ ကျောင်း ကောင်းကောင်း ထားပေးသည်။  ဒါပေမဲ့ သူက ကျောင်းပြေးပြီး ဖဲဝိုင်းတကာမှာ အချိန်ကုန်သည်။ လက်စွပ်ကိုချွတ်ရောင်းလို့ ကုန်တော့ အဒေါ့် ရွှေစိုက်ဘီးကို ထက်ပိုင်းချိုးပြီး ရောင်းချ ဖဲရိုက်ပစ်သည်။ နောက်တခါ ဖဲဝိုင်းသွားရင် ရိုက်မည်ဟု မွေးစား အဖေက ကြိမ်းတော့ “ အခု စိတ်ရှိသလောက် ကြိုရိုက်ထားပါအဖေ၊ ကျွန်တော် သွားကိုသွားမှာမို့၊  စိတ်အေးအေးသွားရအောင် အကြွေးဆပ်ထားချင်လို့”  လို့ ပြောတော့ တရုပ်ကြီး လက်မြှောက် လိုက်ရတော့သည်။

ကိုနေက ကိုးတန်းအထိ တနှစ်တတန်းတော့ မှန်မှန်အောင်သည်။  စာတပုဒ်ကို မှတ်လွယ် ရလွယ်သည် ထင်သည်။  စာမေးပွဲနားနီးလျှင်  ခဏတဖြုတ်အချိန်ပေးပြီး စာဖတ်လိုက်သည်။  ဘောပင်ပါမလာဘဲ စာမေးပွဲခန်း ၀င်တတ်တဲ့ ကျောင်းသားဆိုးကလေးလဲ ဖြစ်သည်။  ကိုးတန်းရောက်တော့ နှစ်ခါကျသည်။ ဆယ်တန်းမှာ တခါကျ ပြန်သည်။

ကိုနေရဲ့ ကောင်းကွက်လေးတချို့ကတော့ မလိမ်မညာတတ်တာ နဲ့   သူများကို ကူညီတတ်တာ ဘဲဖြစ်သည်။  ငွေရေးကြေးရေး အခက်အခဲကြုံသော အပေါင်းအသင်းတချို့ကို သူ့အိတ်ထဲ ပါသမျှ မရေဘဲ ထုတ်ပေး တတ်တာ၊ ငွေမရှိရင် ပေါင်သုံးဖို့  သူ့လက်က နာရီ ချွတ်ပေးတဲ့အထိ ရက်ရောတတ်သူ ဖြစ်ပေမဲ့ တဖက်သား ကျေးဇူးတင်ခြင်းကိုတော့ နည်းနည်းမှ ခံယူလိုစိတ် မရှိတတ်ပေ။

အင်ကြင်းနဲ့  စပြီး ခင်မင်ခဲ့တာက လမ်းထိပ်က “အိုင်ဒီယာ”   စာအုပ်အငှားဆိုင်လေးမှာ့ ဖြစ်သည်။  အဲဒီ စာအုပ်အငှား ဆိုင်လေးရဲ့ ပုံမှန်ဖေါက်သည် သူတို့နှစ်ဦးက မျက်မှန်းတန်းပြီး ပြုံးပြရုံလောက်သာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်ကြင်းဖတ်သင့်တဲ့ စာအုပ်လေးတွေကို ကို နေက ညွှန်းတတ်ခဲ့တာမို့    ရင်းနှီးခင်မင် လာခဲ့မိသည်။  သူမ နာမည်ကိုတော့ တော်တော်ကြာတဲ့အထိ မမှတ်မိဘဲ “အောင်လင်းညီမလေး” လို့  ကိုကြီးနာမည်နဲ့ တွဲပြီး သူက ခေါ်ခဲ့သည်။  “ ဟဲ့- အောင်လင်း ညီမလေး၊ စာမေးပွဲနီးပြီလေ၊ ကျောင်းစာတွေ ဖတ်ဦး၊ ဒီမဂ္ဂဇင်းတွေက ထွက်မပြေးပါဘူးဟ၊ ကျောင်းပိတ်မှဖတ်” လို့  ထိပ်ပုတ်ပြီး ကျီစယ်တတ်သည်။  ကိုနေက ရယ်လိုက်ရင် နှစ်လိုဖွယ်ကောင်းသော ရုပ်ရည်သန့်သန့်  ပိုင်ဆိုင်ထားပေမဲ့  ဆံပင်ရှည်နဲ့မို့  ညှင်းသိုးသိုး ဖြစ်နေတတ်သလို တီရှပ်အဟောင်း အရောင်လွင့်လွင့်တွေသာ ၀တ်ဆင်တတ်လေသည်။  ဆိုင်ပိုင်ရှင် အမကြီးကတော့ “ အမယ်လေး၊ အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားကတော့ ကိုနေနဲ့ ကျမှ ပြောင်းပြန်လှန်ရတော့မှာဘဲ” လို့  နောက်ကွယ်မှာ ပြောတတ်ခဲ့သည်။ 

ကိုနေ ဆယ်တန်း ဒုတိယနှစ်မှာ မွေးစားအဖေ တရုတ်ကြီးဆုံးသည်။  “ သားက အဖေတို့ဆီမှာ ဟိုရှေးဘ၀က တင်နေတဲ့  အကြွေးရှိလို့   ပြန်လာယူတာ နေမှာပါကွယ်” လို့   ၀မ်းပမ်းတနည်း ခဏခဏ ပြောတတ်တဲ့ ကျေးဇူးရှင် အဖေကြီးကိုတော့ သူချစ်ပါသည်။  “အဖေ သားဆိုး  သားမိုက်အတွက် စိတ် မဆင်းရဲ ရတော့ဘူးပေါ့”  လို့    အလောင်းမြေချတော့ သူပြောခဲ့သည်။  စိတ်မကောင်းတာတွေကို စာဖက် လှည့်လိုက်တော့ ဖဲဝိုင်းဖက် အရောက်ကျဲသွားသည်။  ဒါနဲ့ပဲ ဆယ်တန်းကို လှုပ်လှုပ်ကပ်ကပ် အောင်သွားသည်။  အဒေါ်ကတော့ ၀မ်းသာမဆုံး၊ “ သွားလေသူ  နင့်အဖေကို မြင်စေချင်လိုက်တာ” လို့   မျက်ရည်စမ်းစမ်း နှင့် ဆိုရှာသည်။  ကောက်သောခွေးမြီးက ကျည်တောက်စွတ်ရုံနဲ့   ပြန်မစန့် နိုင်တာတော့အမှန်။  အောင်စာရင်းထွက်တာနဲ့   ဖဲဝိုင်းဖက်ကို ခြေဦး ပြန်လှည့်ပြန်သည်။  အရက်ကလေးပင်  မစို့မပို့ သောက်စပြုလာသည်။ ဘယ်မှာ ချိန်းပွဲ ရန်ပွဲ ကိုနေ ပါမြဲ၊    ထီကနဲဆိုရင် ကိုနေ ဖြစ်လာသည်။  အရိုးကျိုး၊  ထိပ်ပေါက် ခေါင်းကွဲပြီး အိမ်းပြန်ရောက်တဲ့ အကြိမ်တွေ မနည်းတော့။   ဒီတော့လည်း အဒေါ်က  “နင့်အဖေအရင်းရဲ့ သွေးတွေက ဇာတိပြလာတယ်ထင်ပါရဲ့“  လို့  စိတ်နာနာနှင့် ပြောပြန်သည်။ ကိုနေကလည်း မခံပါ။  “ အမေ တို့က မြွေပွေးကို နို့တိုက် မွေးလာတာကိုးဗျ၊ စိတ်ဆင်းရဲမှာပေါ့ ၊ ကျွန်တော်ကို  ငယ်ငယ်ထဲက ခေါင်းအုံးနဲ့  ဖိသတ်ပစ်လိုက်ရင် ပြီးရော” လို့    ပြန်ပက်တတ်သည်။ သူ့ ငယ်နိုင်ဖြစ်တဲ့ အဒေါ်ခမျာမှာတော့ ဘာမှ မပြောသာတော့၊  မချိတင်ကဲ  မျက်ရည်နဲ့  မျက်ခွက်ပေါ့။

Monday, 13 September 2010

ကျမရဲ့ အသည်းကျော် ခွေးကလေးများ


ခွေးဟာ လူရဲ့ အကောင်းဆုံး မိတ်ဆွေ လို့   ပြောကြတယ်မဟုတ်ပါလား။  ခွေးတွေက တိရိစ္ဆာန်ထဲမှာ အသိဥာဏ်လည်း မြင့်ကြတယ်။ သခင်ကိုလည်း သစ္စာရှိကြတယ်။ ကျမဘ၀မှာ မှတ်မှတ်ရရ ပြောစရာဆိုလို့   အထက်တန်းကျောင်းသူဘ၀က ခွေးကလေးတကောင်၊ ၀န်ထမ်းဘ၀မှာ နောက်တကောင် မွေးခဲ့ဖူးတယ်။  သူတို့နှစ်ကောင်လုံးက လိမ္မာတာ၊ သစ္စာရှိတာ၊ ချစ်စရာကောင်းကြတာ အတူတူပါပဲ။

ပထမခွေးကလေးနာမည်က “ရာဟု”တဲ့။  ကျော်ဟိန်း ရုပ်ရှင်ကားတကားထဲက မင်းသားနာမည် ပါ။  သူ့ကို အဖေ ဘယ်က တောင်းယူလာလဲ မမှတ်မိတော့ဘူး။  အရွယ်က သားခွဲစလေးဘဲ ရှိသေးတယ်။   အညိုရောင် အင်းခွေးစပ်ကလေး။ အင်းခွေးဆိုတာ အနံ့ခံကောင်းပြီး (ကြိုးချည် မွေးရင်) သူစိမ်းကို ရန်မူတတ်လို့  ဗမာခွေးထဲမှာ အိမ်လုံတယ်လို့ နာမည်ကြီးပဲ။ ရန်စွာတဲ့ ဗီဇရှိတဲ့ အင်းခွေးလဲ လူဝင်လူထွက်များတဲ့ ကျမတို့အိမ်ရောက်တော့ လူယဉ်ပြီး အမြီးတနှံ့နှံ့နဲ့  ပေါချာချာကလေး ဖြစ်သွားတာပါဘဲ။ ကျမတို့ကလဲ ကိုက်ဖို့မွေးတာမဟုတ်၊ ချစ်ဖို့မွေးတာလေ။ သူ့ခေါင်းပိုင်းနဲ့ လည်ဆံမွေးက ကိုယ်လုံးထက် အများကြီး ရှည်တယ်။  ကိုယ်လုံးကျတော့ အမွေးတိုကပ်ကပ် ခါးသိမ်သိမ်လေးနဲ့မို့  ခြင်္သေ့နဲ့ တူတယ်။

သူက ဘာမဆို အရမ်းသင်ပေးလို့ကောင်းတယ်။  ပဲလှော်နဲ့ ထန်းလျက်ကြိုက်တယ်။ ထန်းလျက်ခဲကို သူ့အရပ်ထက် မြင့်အောင် ကိုင်ပြထားတာကို ခုန်ခုန်ဟပ်ရင်း နှစ်ပေကျော်သုံးပေလောက် ခုန်နိုင်တဲ့ “အမြင့်ခုန် ခွေးချန်ပီယံ” ဖြစ်သွားပါတယ်။ အမေတို့ကတော့ “လက်ကို ကိုက်မိမယ်” “ချက်ချင်းမကျွေးဘဲ ညှဉ်းဆဲရင် ငရဲကြီးမယ်” နဲ့  ပြောကြပေမဲ့  ကျမက ဇွတ်လုပ်တတ်သူလေ။ ရာဟုကလည်း ဘယ်တော့မှ လက်ကို မကိုက်မိအောင် ဖွဖွလေးငုံပြီး ယူစားတတ်ပါ့။  ပဲကြီးလှော်လေးများ တစေ့ချင်း ပစ်ပေးရင် ပါးစပ်နဲ့ လိုက်ဟပ်ဖမ်းတာ ဆယ်စေ့မှာ ရှစ်စေ့လောက်တော့ မိတယ်။  နောက်ထပ် တတ်တာတခုက ကုက္ကိုသီးခြောက် ကောက်စုတာပါ။  အမေက နွားစာကောက်တာကို မှတ်ထားပြီး လိုက်လုပ်တာလေ။  အိမ်ဘေးက ကုက္ကိုပင်မှာကောက်ပြီး အိမ်အောက်မှာ လာလာပုံထားတာ။ အိပ်ရင်တော့  ခွေးပျင်းလို ဘေးတစောင်း ခွေမအိပ်ဘဲ  ကျားလို သူ့လက်ကလေး နှစ်ဖက်ပေါ် မေးတင်ပြီး အိပ်တတ်ပါတယ်။

ခွေးတိုင်းတတ်အပ်တဲ့ အဌာရသထဲက အခြေခံဖြစ်တဲ့ လက်ပေးခြင်း ပညာ ကိုလည်း သူတတ်ပါတယ်။  ဟိုဖက်လက်ပေး၊ ဒီဖက်လက်ပေးနဲ့  သူ့ကို အမျိုးမျိုး ပြောင်းခိုင်းရတာ ပျော်စရာပါ။  နောက်ထပ် သူအတတ်ထူးပုံကတော့ “သီချင်းဆိုစမ်း” လို့  ခိုင်းလိုက်တိုင်း လည်တံလေးကိုမော့စင်းပြီး “၀ူး..အူး..အူး” လို့   အူတတ်တာ။ စိတ်တိုရင် “၀ု” လို့  အသံပြတ် တခွန်းပဲ အူပါတယ်။  “အရှည်......ကြီး ဆို” လို့  ပြောမှ နောက်ထပ် ပိုပြီး ရှည်ရှည် အူပြပါတယ်။ ကျမတို့အိမ်နဲ့ မနီးမဝေးမှာ အလယ်တန်း ကျောင်း ရှိတာမို့  သူအူတာကို သဘောကျတဲ့ ကျောင်းသားတွေက မုန့်ကျွေးကြပါတယ်။  မောင်မင်းကြီးသားက ကျောင်းလွှတ်ခေါင်းလောင်း ထိုးတာနဲ့   ကျောင်းဂိတ်ဝကို ပြေးစောင့်တော့တာပါဘဲ။  ကျောင်းလွှတ် ခေါင်းလောင်းနဲ့   အချိန်ပြောင်းခေါင်းလောင်းကို သူဘယ်တော့မှ မမှားပါ။ 

Saturday, 11 September 2010

ကျမရဲ့ ကြောင်ကလေး

ပြီးခဲ့တဲ့ညက Links ဆိုတဲ့ ဆိုမာလီစစ်ပွဲနောက်ခံ  ၀တ္တုကလေး ဖတ်နေရင်း အဲဒီအထဲမှာ  အဓိကဇာတ်ကောင်ရဲ့ သမီးကလေးမွေးထားတဲ့ 'Burmese Cat" ဆိုတာလေး တွေ့လိုက်ရတော့  တခါမှ မကြားဖူးလို့  စိတ်ဝင်စားသွားတယ်။  နောက်တနေ့ မနက်အထိတော့ စိတ်ရှည်ရှည်နဲ့  စောင့်ရတာပေါ့နော်။  နောက်နေ့ ဂူးဂဲလ် ထဲမှာ ရှာလိုက်တော့ ပုံနှင့်တကွ တွေ့ပါပြီ  'Burmese Cat" ဆိုတာလေးတွေ၊  အံမယ်- သူတို့ကလည်း  'Burmese Python" ကဲ့သို့  အမေရိကမှာ နာမည်ကြီးနေတဲ့ အိမ်မွေးသတ္တ၀ါလေး တမျိုးပါလား။  ၀ီကီ အဆိုအရ ၁၉၃၀မှာ  ဒေါက်တာ သွန်ပဆင် ဆိုသူက မြန်မာပြည်ကနေ အမေရိကကို  Wong Mau ဆိုတဲ့ ကြောင်ညိုမလေး တကောင် သယ်လာပြီး သူ့အရင် ရှိနေတဲ့ ထိုင်းကြောင်နဲ့စပ်ရာကနေ  'Burmese Cat"  မျိုးပွားလာခဲ့တာတဲ့..။ မြန်မာကြောင် မျိုးနွယ်ကလေးတွေက တခြား ကြောင်တွေထက်စာရင် ယဉ်ပါးတယ်၊ လူခင်တယ်၊ ဥာဏ်ကောင်းတယ် တဲ့။   သူတို့က အဆော့သန်ပြီး သူ့ထက်ကြီးတဲ့ ကြောင်တွေကိုတောင် ခုခံနိုင်တယ်တဲ့။ သူတို့ အမွေးက တိုတဲ့အတွက် ညှပ်ပေးစရာ မလိုဘူး။ သူတို့ရဲ့အသံက ထိုင်းကြောင်တွေထက် နူးညံ့ချိုသာတယ်၊  သခင်ကို တွယ်တာတယ်၊  တကောင်တည်း သီးသီးသန့်သန့် မနေတတ်ဘူးတဲ့။

 You Tube  ထဲမှာလည်း  မြန်မာ ကြောင်ကလေးတွေ ပုံစံအမျိုးမျိုးတွေ့ရလေရဲ့။  ဒါပေမဲ့ ကျမ တွေ့ရသလောက် အားလုံးက ချောကလက်ရောင်၊ အညိုရောင်၊ အနက်ရောင် ဂျစ်ကန်ကန် ဂျစ်ပစီ ရုပ်ကလေး တွေပဲများတယ်။ အဲဒီ You Tube မှာဘဲ လူတွေကတော့ ချစ်စရာ ကောင်းလိုက်တာ ဘာညာနဲ့  ချီးကျူးထောပနာ ပြုနေကြပေမဲ့ ကျမမျက်စေ့ထဲတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ အတွေ့များတဲ့ အဖြူဆွတ်ဆွတ် ၊ အဖြူအနက်ကျား၊ အ၀ါစင်းကျား ကြောင်ကလေး တွေလောက် လှတယ်လို့  မထင်တာ အမှန်ပါ။
 မြန်မာပြည်မှာရှိတဲ့  မြန်မာကြောင်ကလေးတွေမှာ အ၀ါရောင်အများဆုံးလို့   ကျမ ထင်ပါတယ်။ ကြောင် ကာလာ ဆာဗေးတော့ မလုပ်မိဘူးပေါ့နော်။  ဒါပေမဲ့ ကြောင်နံမည်တွေဆိုရင် “ရွှေဝါ” လို့  ခေါ်တာ များတယ်မဟုတ်လား (ကောင်းလိုက်တဲ့ လောဂျစ်)။  အဲ - ဖြူတုတ်တို့    မိကျားတို့တော့ ရှိတာပေါ့လေ။  ဘုန်းကြီးကျောင်းမှာတော့ ကြောင်အနက်တွေ တော်တော်များများ တွေ့ရတယ်။  လူတွေက အိမ်မှာ ကြောင်အနက် မွေးရင် ခိုက်တတ်တယ် လို့   အယူရှိကြတယ်လေ။  ကြောင်အနက် မွေးရင် ဘုန်းကြီးကျောင်း ပို့ပစ်တာ များတယ်။ “မကောင်း ကျောင်းပို့“ ဆိုတဲ့စကားက အဲဒီက ပေါ်လာတာလားမသိ။

Wednesday, 8 September 2010

သင်္ကြန်ကို မုန်းသည်

 တကယ်ဆို သင်္ကြန်ကို မုန်းခြင်းမဟုတ်၊  သင်္ကြန်ကို ကပ်ပါးပိုးလိုတွယ်နေတဲ့  အညစ်အကြေးများကို မုန်းခြင်းဖြစ်သည်။

ကျမရဲ့ ငယ်ငယ်က သင်္ကြန်တွေက ချစ်စရာကောင်းလှသည်။  ကျမတို့  နယ်မြို့ကလေးရဲ့ သင်္ကြန်မှာ မုံ့လုံးရေပေါ် ရှိသည်။ စတုဒီသာ ရှိသည်။ ပိတောက်ဝါနဲ့အတူ တူးပို့သီချင်း ရှိသည်။ သပြေခက်နဲ့   ရေပက်တဲ့ ခေတ်မဟုတ်ပေမဲ့ အိမ်ရှေ့မှာ အုံးလက်မဏ္ဍပ်နဲ့   ရေပုံးနဲ့ ဖလားခွက်တွေနဲ့  လမ်းသွားလမ်းလာတွေကို စောင့်ပက်သူတွေ ရှိသည်။   လူကြီးသူမတွေကို ခေါင်းလျှော်၊ လက်သည်းညှပ် ကြတာ ရှိသည်။  သက်ကြီးပူဇော်ပွဲ ရှိသည်။ ဥပုသ်သီလ ယူသူ အများအပြားရှိသည်။ လွန်လွန်ကဲကဲ ပြောစရာ ဆိုလို့   ခပ်ရဲရဲ မိန်းမကြီးတွေက ကာလသားတွေကို ဖမ်းပြီး အိုးမဲသုတ်၊ မျောက်က က ခိုင်းတာ ပဲ ရှိသည်။  ခိုက်ရန်ဖြစ်ပွားတယ်လို့  မကြားမိသလောက်ပင်။  မြို့ကြီးပြကြီးတွေမှာ ပိုလို့စည်ကားပေမဲ့ ယဉ်ကျေးမှု အသွင်ဆောင် သေးသည်။    မြို့တော်ဝန် ဆုဖလားကို မှန်းကြတဲ့  အလှပြယာဉ်တွေ ကလည်း သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ ပေါ့။

Saturday, 4 September 2010

ပန်တော်ကျ

“ဟိ..ဟိ.........ချမ်းတယ်...ချမ်းတယ်...၀ူး“
“ဗွမ်း“   “ဗွမ်း”
“ခစ်..ခစ်..ခစ်...ခွိခွိခွိ...ဟိ”
ခုန်ဆွ ခုန်ဆွနဲ့   ရေကန်ကိုပတ်ပြေးရင်း အတူတူရေချိုးရင်း ပျော်ရွှင်နေကြတဲ့ ၆နှစ်အရွယ်ကလေးမလေး နှစ်ဦးကတော့  သူဌေးကြီး ပရာဆပ်ရဲ့ တဦးတည်းသော သမီးကလေး “ဒေ၀ီ” နဲ့   သူ့သူငယ်ချင်းမကလေး “ချမ်ကီး”တို့ ဖြစ်ပါတယ်။    ဒေ၀ီက ရေအေးအေးလေးတွေကို ရေခွက်နဲ့  ခပ်ယူပြီး ချမ်ကီးကို ရွှဲရွှဲစိုအောင် ပက်ဖြန်း ကျီစယ်နေသလို ချမ်ကီးကလဲ  သူမ လက်ခုပ်နဲ့  ပုံးထဲက ရေတွေကိုခပ်ပက်ပြီး တုံ့ပြန် ရေတိုက်ပွဲ နွှဲနေခြင်းဖြစ်သည်။  ရေစက် ရေပေါက်လေးတွေက နူးညံ့တဲ့ သူတို့ အသားလေးတွေပေါ်မှာ နှင်းသီး နှင်းစက် ကလေး တွေလို ကပ်တွယ် နေကြသည်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေက အပြစ်ကင်းသော ပျော်ရွင်မှူတွေနှင့် စိုလက် လို့ နေကြသည်။ သူတို့က သိပ်ချစ်ကြတဲ့ ကစားဖော် သူငယ်ချင်း တွေဖြစ်သည်။ သူတို့ကိုကြည့်ရတာ ဥယျာဉ်ထဲက မနက်ခင်း နှင်းရည်ဖြန်းထားတဲ့ ပန်းရိုင်းကလေး နှစ်ပွင့်ပမာ။

 ချမ်ကီး အမေက ပရာဆပ် မိသားစုရဲ့ အိမ်အလုပ်သမားတွေထဲက တယောက်ဖြစ်သည်။ မကွယ်လွန်ခင်က ချမ်ကီး အဖေလည်း ဒီအိမ်ရဲ့ မာလီ အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာမို့   လူယုံတွေလိုဖြစ်နေသည်။ ဒီမိဘနှစ်ပါးရဲ့ သမီးကလေး ချမ်ကီးကလည်း ပရာဆပ်အိမ်ရဲ့ ငယ်မွေးခြံပေါက် လိမ္မာရေးခြားရှိတဲ့ မိန်းကလေးတယောက် ဖြစ်သည့်ပြင် “ဒေ၀ီ” နဲ့ သက်တူရွယ်တူလဲဖြစ်သည်မို့   အထူးအခွင့်အရေး ရနေလေသည်။  သူတို့  နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေက မိုးနဲ့ မြေ ကွာခြားပေမဲ့ သူတို့ကြားက ခင်မင်မှူက  ဘယ်လိုမှ ထိခိုက်ခြင်း မရှိပေ။

မနက်ခင်းများမှာဆို သူတို့ နှစ်ယောက် ပန်းခြံထဲမှာ တူတူဆော့ကစားရင်း ရောင်စုံပန်းပွင့် လှလှ ကလေးများကို ခူးဆွတ် ဆော့ကစား တတ်ကြသည်။  ညနေစောင်းများမှာဆို  ဒေ၀ီက သီချင်းဆိုရင်း ချမ်ကီးက တကယ့် ကချေသည်မိန်းမကြီးများကို အတုခိုးပြီး ဖန်လက်ကောက် ကလေးများ အချင်းချင်း ထိခတ်ပြီး တချွင်ချွင် အသံမြည်အောင် လှည့်ပတ် က လေ့ရှိသည်။  ချမ်ကီးတို့ အိမ်မှာ ဖုတ်တဲ့ ဂျူံမုန့်ကို ဒေ၀ီက နှစ်သက်ခုံမင်သလို သူမရဲ့ လှပပေမဲ့ ၀တ်ဖို့မလိုတော့တဲ့ အ၀တ်အစားတချို့ကိုလည်း ချမ်ကီးကို ပေးပါရစေလို့   သူ့အမေကို ပူဆာတတ်သည်။  ဒေ၀ီရဲ့မိခင် ရာဟေနား ကလည်း သဘောကောင်းသူ အမျိုးသမီးကြီးပီပီ သမီးရဲ့ဆန္ဒကို ကြည်ကြည်ဖြူဖြူ သဘောတူ ခဲ့သည်သာ ဖြစ်သည်။

********************

ခုနှစ်နှစ်အရွယ်ရောက်လာတော့  ဒေ၀ီိကို ဆရာမတယောက်က အိမ်လာပြီး စာသင်ပေးသည်။  ပါဠိ၊ ကဗျာ၊ လင်္ကာတွေအပြင်၊ တေးဂီတ နဲ့   ကျမ်းစာတွေ အစုံ ဖြစ်သည်။  ချမ်ကီးကတော့ အမေ့ကိုကူရင်း မီးဖိုချောင် ပညာတွေကို လက်တွေ့ဆည်းပူး ခဲ့ရတော့သည်။ သင်ယူ တတ်လွယ်သော ချမ်ကီးတယောက် နှစ်အနည်းငယ် အတွင်းမှာပင် ပရာဆပ်တို့   နောက်ဖေးမီးဖိုချောင်ရဲ့ စီမံခန့်ခွဲမှူပိုင်းမှာ အရေးပါ အရာရောက်သော မိန်းကလေးတယောက် ဖြစ်လာခဲ့တော့သည်။  ဒေ၀ီနဲ့   ချမ်ကီးတို့   လွပ်လွပ်လပ်လပ် ကစားခုံစားချိန် နည်းလာတော့သည်။  ဒါပေမဲ့ သူတို့  ရဲ့ ရှားရှားပါးပါး ကိုယ်ပိုင်အချိန် ကလေးတွေမှာတော့ ပန်းခြံထဲမှာ အတူတူထိုင်ရင်း အတွေ့အကြုံလေးတွေကို ဖလှယ်ကြမြဲ ဖြစ်သည်။  ဒေ၀ီ ပြောတတ်တဲ့ စကားလေးတွေက “ ဆရာမ ဒီးနာ ဒီနေ့သင်တဲ့ ဂီတသင်ခန်းစာတွေက သိတ်ခက်တာပဲကွယ်၊  ကိုယ်ကတော့လေ ရာမာယန ဇာတ်လမ်းတွေ ဖတ်ရတာဘဲ ကြိုက်တယ်”  ဆိုတာမျိုးပေမဲ့  ချမ်ကီးကတော့ မီးဖိုချောင်ထဲက အိမ်စေ မိန်းကလေးတွေ နမော်နမဲ့ နိုင်သည့် အကြောင်း၊  သူမ တီထွင်စမ်းသပ်ခဲ့သည့် ဂျူံအဆာသွတ် မုန့်အသစ် တမျိုးအကြောင်း စသဖြင့် မတူကွဲပြား နေပေရာ  ကြာလာသောအခါ သူတို့နှစ်ယောက်စလုံးမှာ တဦးကိုတဦး စိတ်မ၀င်စား နိုင်တော့ပေ။ တယောက်နဲ့ တယောက် ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောနေတဲ့ သူစိမ်း တွေလို ခံစားမိစ ပြုလာတော့သည်။

Friday, 3 September 2010

ငါးခူတစ်ကောင်ရဲ့ ရင်ခုန်သံမှတ်စု

ကျူပ်နာမည်က ဖိုးရှူပ်၊ အသားရောင်ကမည်းကြုတ်ကြုတ်၊ ခန္ဒာကိုယ်က ၀တုတ်တုတ်၊ နှုတ်ခမ်းမွေး က တလှူပ်လှူပ် နဲ့ပေါ့ဗျာ...။ ဗျာ...အသက်လား.. မွေးစာရင်း မရှိတော့လဲ သေသေချာတော့ သိဘူးဗျို့၊ သေချာတာကတော့ ကျူပ် လူပျိုပေါက်ဖြစ်ပြီ ဆိုတာပါဘဲ...။ ဘယ်လိုသိလဲ ဟုတ်စ...။ ရွယ်တူ ငါးခူ အပျိုမလေးတွေ ကိုယ့်ရှေ့က  ပြုံးစစနဲ့ ဖြတ်ဖြတ် သွားတိုင်း ကျူပ်ရင်ထဲမှာ သံစုံဘင်ခရာတီးဝိုင်းလို တဒိန်းဒိန်းမည်ပြီး ရေယက်တွေကို မသယ်ချင် မဆွဲချင်အောင် နုံးချိချိကြီး ဖြစ်ဖြစ်သွားတယ်ဗျာ... ကဲ   ဒါဆို ကျူပ်လူပျိုဖြစ်တာ ခင်ဗျားတို့ လက်ခံပြီမို့လား။

တကယ်တော့ ကျူပ်တို့ ငါးခူတွေဆိုတာ ဆွေကြီးမျိုးကြီးပါ..။ ကမ္ဘာပေါ်မှာ အန္တာတိကတိုက်ကလွဲရင် နေရာတိုင်းမှာ ရှိကြပါတယ်။ ရုပ်ရည်တွေက အမျိုးမျိုးကွဲပေမယ့် အကြေးခွံမပါတာကတော့ တူသဗျို့..။ ကျူပ်တို့က ရေချိုငါးအစစ်၊ ပြီးတော့ စီးဆင်းနေတဲ့ ရေစပ်စပ်ကလေးတွေမှာ ပိုပြီးပျော်တတ်တာ..။ တီလားပီးယားလိုပဲ သူများအသားစားတဲ့ ငါးလဲဖြစ်တယ်ဗျ...။ ကျူပ်တို့အသားက နူးညံ့ပြီးချိုတော့ မြန်မာ အိမ်ရှင်မတွေအကြိုက်ပေါ့.. ။ ဘာတဲ့.. ငါးခူစင်းကော၊ ငါးခူရဲယိုရွက်ထုပ်၊ ငါးခူကြော်နှပ်၊ ယိုးဒယား ငခူအမွကြော် ...အံမယ်လေးဗျာ ပြောရတာတောင် ကြက်သီးဖြန်းပြီး ကျောထဲက စိမ့်လာပြီ..။

လက်ရှိအနေအထားက အဲဒီလို ဟင်းအမယ်တမျိုးမျိုးဖြစ်ဖို့ တော်တော်နီးစပ်နေပြီဗျို့........ ကြည့်လေ ...အခုဆို ဈေးဗန်းထဲမှာ ဘ၀တူတွေနဲ့ ဖျပ်ဖျပ်လူးနေရတာ...။ မလွတ်နိုင်မှန်းသိရက်နဲ့ ဟိုတိုးဒီတိုး ကူးခတ်နေရတာ..။ ဗန်းက ပက်ပက်ကလေးမို့ ခုန်ထွက်ရင်လွတ်တာပေါ့ဗျာ.. ဒါပေမဲ့ ငါးသည်မကြီးရဲ့ ၀ရဇိန်လက်နက် တွေဖြစ်တဲ့ ၀ါးတုတ်တို့  အလေးတို့  နဲ့တော့မလွတ်နိုင်ဘူးဗျို့ ... တကတည်း (အလေးကိုင်လျက် ငါးသည်စက်) ဆိုပြီး စက်ကြီးတစ်ပါး ထပ်တိုးရတော့မလိုဘဲ...။ ကျူပ်တို့ရှေ့မှာပဲ ငါးသည်မရဲ့ အတွင်းအားအပြည့်ပါတဲ့ အလေး လက်နက်ကြောင့် ခုန်ထွက်လိုက်တဲ့ ရောင်းရင်းတစ်ကောင် ဇိကနဲ အသက်ပျောက်သွားပြီလေ..။ ဘာဖြစ်လို့ ဒီရောက်နေရသလဲဟုတ်စ...။ ကြမ္မာဝဋ်ကြွေး ပြေးမလွတ်လို့ပေါ့ဗျ..။ 


မွေးကတည်းက အမေပေးတဲ့ ဖိုးရှူပ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ကျူပ်က လည်လည်ပတ်ပတ်ရှိပါတယ်..... ကျူပ်နေတဲ့ ချောင်းထဲကို ကလေးတွေ ငါးလာမျှားတော့ လုံးဝမဟပ်ပါဘူးဗျ...။ သူတို့ချပေးတဲ့ တီကောင် အသေရဲ့နောက်မှာ ငါးမျှားချိတ်ပါတာ ကျူပ်သိတယ်လေ..။ အဟမ်း ...ဒီလို သိလို့ သတိပေးတာကို နားမထောင်တဲ့ ကျူပ်အစ်ကို ဖိုးငမ်း တစ်ယောက်တောင် ငါးမျှားချိတ်နောက် တန်းလန်းတန်းလန်းနဲ့   ပါသွားသေးတယ်။ အဲ မနေ့ကတော့ ... မပြောချင်ပါဘူးဗျာ..... ပိုက်ကွန်အကြီးကြီးနဲ့ အုပ်ပြီးဆွဲလိုက်တာ ကျူပ်ရော ကျူပ်ဘေးနားက ပျော်ပွဲစားနေတဲ့ ရောင်းရင်းတွေရော တသီကြီး မိကြတာပါဘဲ...။ ကျူပ်တို့ကို ဖမ်းလာတဲ့ တံငါသည်က ဒီငါးသည်မကြီးကို ဖောက်သည်ပြန်ရောင်းလို့ ပါလာတာဗျ..။ ကျူပ်တို့အထဲက အကြီးဆုံးနှစ်ကောင်ကိုတော့ တံငါသည်မိန်းမက အိမ်မှာဟင်းစားဆိုပြီး နှုတ်ယူထားလိုက်သေးတယ်..။ သွားပေတော့ ရောင်းရင်းတို့ရေ.... နောက်ဘ၀မှာ ပြန်ဆုံတာပေါ့..။ ဒါပေမယ့်နောက်ဘ၀တော့ ငါးမဖြစ်ချင်တော့ဘူးဗျာ.... ရေသတ္တ၀ါချင်း အတူတူ မိချောင်းတို့ ငါးမန်းတို့ဆိုရင် တော်သေးရဲ့။ ဒါမှ နည်းနည်း လူရှိန်မယ်ထင်တယ်....။ အနည်းဆုံး ကိုယ့်ကိုယ်ကို ခုခံကာကွယ် နိုင်တာပေါ့ဗျာ...။