Showing posts with label အညာ. Show all posts
Showing posts with label အညာ. Show all posts

Saturday, 19 February 2011

အညာဓါတ်ပုံများ (၂)

ပခုက္ကူကနေ မနက် ဆယ်နာရီလောက်ပြန်ထွက်လာပါတယ်။ ပခုက္ကူ- ကျွန်းချောင်း- ဆိပ်ဖြူ-ချောက် လမ်းအတိုင်း သွားပါတယ်။  သဲချောင်းတွေကို ဖြတ်ပြီး နာရီဝက်လောက် မောင်းပြီးတဲ့အခါမှာတော့ “မြစ်ခြေ”ကို ရောက်ပါတယ်။  မြစ်ခြေက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။  တိုက်နယ်ဆေးရုံလည်း ရှိတာမို့ မြို့အငယ်စားလေး တခုပါပဲ။  စိုက်ပျိုးရေးလည်း တော်တော်ဖြစ်ထွန်းပါတယ်။ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ခင်းတွေက စိမ်းစိုလို့။  ပခုက္ကူ ဆေးပေါင်း စက်ရုံအတွက် ကုန်ကြမ်းတွေ ဖြစ်လာမှာပါ။

နောက်တနေရာမှာတော့ ငရုပ်သီးတွေ နေပူလှန်းနေတာ မြင်ကြရပါတယ်။  နီနီရဲရဲ အရောင်တွေရဲ့ ဆွဲဆောင်မှုကြောင့် မနေနိုင်တော့ပဲ ဓါတ်ပုံဆင်းရိုက်မိပါတော့တယ်။  သူတို့လည်းပျော်အောင် (ချက်မစားပေမဲ့) ငရုပ်သီး တယောက် တပိသာစီဝယ်လာခဲ့သေးတယ်။ တပိသာကို ၃၀၀၀ ပါတဲ့။ ဒီနှစ် ငရုပ် အထွက်ရော ဈေးရော ကောင်းတယ် လို့ ဆိုပါတယ်။

ကျွန်းချောင်း ဓါတ်မြေသြဇာစက်ရုံက ၀န်ထမ်းအိမ်ယာတွေအများအပြားကို လမ်းဘေးဝဲယာမှာ တွေ့ရပါတယ်။  ကျွန်းချောင်းမှာ လှလှပပ ဆေးပြာရောင်လေးသုတ်ထားတဲ့ အများသုံးအိမ်သာကလေးတွေ တွေ့လို့ ကျမတို့အဖွဲ့ ၀င်ရောက် အားပေးလိုက်ကြပါသေးတယ်။  အတွင်းပိုင်းကတော့ သန့်ရှင်းရေး သိပ်မကောင်း လှပါဘူး။ ရေရှိလို့သာ တော်သေးရဲ့ ဆိုရပါမယ်။  ကျမ ရောက်ဖူးသမျှထဲမှာ  မန္တလေး-လားရှိုး လမ်းတ၀ိုက်က အများသုံးအိမ်သာတွေက အသန့်ရှင်းဆုံးလို့ ထင်မိတယ်။

Friday, 18 February 2011

အညာဓါတ်ပုံများ (၁)

ခရီး ပြန်ရောက်ရောက်ချင်း ဓါတ်ပုံကလေးတွေ သတိတရ တင်လိုက်ပါတယ်။  သူငယ်ချင်းတို့လည်း ကျမနဲ့အတူ ခရီးသွားကြရအောင်ပါနော်။  စာနည်းနည်း ပုံများများပဲ တင်ပါတော့မယ်။

ထွက်ချိန်အတိအကျမရှိတဲ့ အစောဆုံးဇက်ရေယာဉ်ကို မှီဖို့ရာအတွက် ညောင်ဦး ဇက်ဆိပ်ကို မနက်ခြောက်နာရီခွဲအရောက် သွားချင်တာမို့ ကားကို သွက်သွက်လေး မောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ထွက်ပြူစ မနက်ခင်းနေလုံးကြီးကိုမြင်တော့ ကြုံခဲဘိခြင်းမို့ ဆင်းပြီး ဓါတ်ပုံရိုက်မိပါတယ်။
ရိုက်မိမှတော့ တပုံတည်းနဲ့ မပြီးပါဘူး။ နေ တဖြေးဖြေးမြင့်လာတာကို ရိုက်ရင်း   ဆယ်မိနစ်လောက်များ ကြာသွားမလားဘဲ။  သတိရလို့ ဇက်ဆိပ်ကို အမြန်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါတယ်။ အခုလေးပဲ ထွက်သွားတာပါတဲ့။ စောင့်ပေဦးတော့ပေါ့နော်။ ငါးမရရင် ရေချိုးတတ်တဲ့ ကျမတို့အဖွဲ့က ပါလာတဲ့ ထမင်းနဲထုပ်တွေကို ဖွင့်ပြီး ဆိတ်သားကြော်နဲ့ မနက်စာလွေးကြပါတယ်။ နာရီဝက်လောက်ဘဲ စောင့်လိုက်ရတယ်....။ ဟိုဖက်ကမ်းက ဇက်တစင်း ကူးလာတာမို့  ကျမတို့အားရ၀မ်းသာ ခရီးဆက်ခဲ့ရပါတယ်။

ကမ်းကခွာပြီ။ မြင်နေကျ ကြက်သွန်ခင်းစိမ်းစိမ်းနဲ့  အကြော်တဲလေး။
ရေလည်ခေါင် ရောက်တော့ လတ်ဆတ်တဲ့ နေရောင်အောက်မှာ မြစ်ကူးတံတားစီမံကိန်းကိုမြင်ရတယ်။  ၂၀၁၁ အလယ်လောက်မှာ ပြီးမယ်လို့ ပြောသံကြားမိပါရဲ့။

Friday, 4 February 2011

ဆံရစ်ဝိုင်း

ဆံရစ်ဝိုင်းဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ရှေးက မြန်မာ လုံမငယ်တို့ ဆင်ယင်ထုံးဖွဲ့လေ့ရှိသော ဆံပင် ပုံစံတမျိုးကို ခေါ်ခြင်းဖြစ်သည်။ နဖူးဆံစ ဦးခေါင်း ပါတ်ပါတ်လည် စက်ဝိုင်းသဏ္ကာန် ရစ်ထားသောဆံပင်များကို အောက်သို့ အတန်းလိုက် ချတာကချ၊ အပေါ်သို့စုထုံးဖို့ လှန်တင်တာက တင်ထားရသည်။ ပန်းကုံးညီမှလှသည်။ ဆံရစ်ဝိုင်းပုံစံမှာ အရိုးရှင်းဆုံးနှင့် အကြော့ရှင်းဆုံးဖြစ်ပြီး ကလေးဆန်ခြင်းကို ပြသည့်သဘောလည်းဖြစ်သည်။ အသက် လေးငါးနှစ်သမီး အရွယ် ဆံပင်စထားပြီ ဆိုကတည်းက ဆံရစ်ဝိုင်းပုံကို စတင်ထားတတ်ကြသည်မှာ ရှေးမြန်မာတို့ဓလေ့ပဲ ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်ရောက်လျှင်တော့ ဆံပင်ကို အုပ်လုံးသုံးပြီး ဆံထုံး၊ ဆံတောက် စသဖြင့် အလှအပ အဆင်တန်ဆာတွေ စိတ်ကြိုက်ပြုပြင်ကြတော့သည်။
(ခင်ခင်ထူး - ဆံရစ်ဝိုင်း ၀တ္တုတိုများ မှ)

ဆံရစ်ဝိုင်းလေးတွေက မြန်မာရိုးရာစစ်စစ်ဖြစ်ပြီး ချစ်စရာလည်းကောင်းပါတယ်။ ဒါပေမဲ့ ပြောင်းလဲတိုးတက်လာသော ခေတ်နဲ့အညီ ဆံရစ်ဝိုင်းဟာ ရာဇ၀င်ထဲမှာ ကျန်ခဲ့ပြီမို့ တော်တော်ကို ဝေးလံတဲ့ ကျေးလက်ဒေသများမှာဘဲ တွေ့နိုင်ပါတော့တယ်။  တလောက ရေစကြိုမြို့နယ်က “အညာတော” ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ပါတယ်။   အတူပါလာတဲ့ ညီမလေးက “အစ်မ ဒီရွာမှာ ဆံရစ်ဝိုင်းလေးတွေ အများကြီးပဲ”  လို့ ဆိုလာပါတယ်။  ဒီနေ့ခေတ်အခါမှာ မြင်တွေ့ဖို့ ရှားသွားပြီဖြစ်တဲ့ ဒီဆံပင်ပုံစံလေးတွေကို ကျမလည်း တအားစိတ်ဝင်စားသွားပါတယ်။ ဒါကို အရိပ်အကဲ သိတဲ့ ရွာက ဘကြီးတယောက်က သူတို့ကို တစုတဝေးထဲ တွေ့ရမဲ့ စာသင်ကျောင်းကလေး ဆီသို့ ကျမကို ဦးဆောင်ပြီးခေါ်သွားပါတယ်။  ကျောင်းလွှတ်ချိန်မို့  အတော်ပင်။ ဘကြီးက “ဆံရစ်ဝိုင်းလေးတွေ ဒီကိုလာဦးဟေ့” လို့ လူစုပေးတာနဲ့ ချစ်စရာကလေးငယ်ကလေးတွေကို မှတ်တမ်းတင်ခွင့် ရလိုက်ပါတယ်။

ဂျပန်ဆံတောက်လို့ ခေါ်တဲ့ ကုပ်ဝဲဆံပင်လေးတွေ၊ ခပ်တိုတို ဘိုကေလေးတွေနဲ့  ကျောင်းသူ မိန်းကလေး တချို့ရှိပေမဲ့ အများစုက ဆံရစ်ဝိုင်း ကလေးတွေနဲ့ပါ။  ကြည့်ပါဦး ပါးကွက်လေးနဲ့ ချစ်စရာ- ရိုးသားတဲ့ ဖိုးသခွား အဲ အဲ  မိသခွားလေး။

Sunday, 8 August 2010

အညာမြင်ကွင်း

 ကျွန်မခရီးသွားတိုင်း လမ်းကလေးတွေကို ခံစားကြည့်မိပါတယ်။
ရှမ်းပြည်က ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းကလေးတွေ၊ ချင်းတောင်က မတ်စောက်မြင့်မားတဲ့ ချောက်ကမ်းပါးက ထင်းရူးနဲ့ ချယ်ရီ စီသောလမ်းကလေးတွေ ကို စွဲလမ်းမိသလို  ဒီအညာမြေရဲ့ ဖြောင့်ဖြောင့်တန်းတန်း အရိပ်ဝေသော အစိမ်းရောင်လမ်းကလေးတွေကို ချစ်ခင်နှစ်သက်မိပါတယ်။
ဒီလမ်းကလေးက ( ရန်ကုန်-နေပြည်တော်လမ်းမဖေါက်ခင်အထိ) မြန်မာပြည်မှာ တဆက်တည်း အဖြောင့်တန်းဆုံးလမ်းကလေး ဖြစ်ခဲ့တယ်တဲ့။  လမ်းဘေးမှာ ကျမကြိုက်တဲ့ ညောင်မုတ်ဆိတ် ပင်ကြီးတွေရှိတယ်။ အသက် ရာကျော်နေပြီလို့ ထင်ရတယ်။ ဘယ်သူကများ စိတ်ကူး ကောင်းကောင်းနဲ့စိုက်ခဲ့ပါလိမ့်နော်။  တချို့နေရာမှာ ညောင်မုတ်ဆိတ်ပင်တွေ လမ်းဝဲယာမှာ အကိုင်းချင်းယှက်မိုးနေလိုက်တာ နေပြောက်မထိုးနိုင်တဲ့ မြစိမ်းရောင်လှိုဏ်ဂူကလေး လိုဖြစ်နေတယ်။

 တခေါက်က ရေထားတာ ညောင်ဦးကနေ ရေနံချောင်း အထိ ၁၂၈ ပင်ရှိတယ်။  တခါတလေ မိုးကြိုးပစ်လို့ ဒါမှမဟုတ် အိုလွန်းလို့ လဲကျသေနေတဲ့ ညောင်မုတ်ဆိတ်ပင်တွေကိုတွေ့ရရင် စိတ်မကောင်းဖြစ်မိတယ်။ 

အပေါ်ပုံတွေက ဘုရားဟောတဲ့ အနိစ္စတရားကို သရုပ်ပြနေသလိုပဲနော်.....သြော် “အိုခြင်း၊နာခြင်း၊ သေခြင်း”  ဒီလမ်းကလေးမှာ ရှုတတ်ရင် တရားရတာပ....။

 ဒါကတော့ ကျောက်ပန်းတောင်းနားက ဂွေးချိုဆိုတဲ့ရွာကလေးရဲ့ ရှုခင်းပါ။  ကျော်ဟိန်းနဲ့  မင်းသမီး သိဂီင်္ထွန်း တို့  “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ရုပ်ရှင်ရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာ လို့ ဆိုပါတယ်။ ရေနည်းချိန်မို့  ရွှံ့ရောင်ထ နေပေမဲ့ မိုးတွင်းအလယ်ဆို ရေပြင်ဖွေးဖွေးနဲ့ သိပ်လှပါတယ်။


အားလုံးကြားဖူးကြမဲ့   “နွေဦးကာလ၊  မြူထသောခါ....... ” အစချီ ၀န်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဖွဲ့ ကဗျာလေးကို   မြင်ယောင်မိစေပါတယ်။  သူကအဲဒီလိုအပင်မျိုးတနေ့ကို ၂၀ ကနေ အစိတ် တက်ရပါသတဲ့။
ဟော- သူ ထန်းသီးတွေဆီ ရောက်သွားပြီ။

ဇနီးက ဒီလို မြူအိုးတွေကို ပြင်ဆင်ရပါတယ်။
 “တဆေး” နည်းနည်းစီထည့်မှ ထန်းရည်ကောင်းကောင်းဖြစ်လာမယ်။  လတ်လတ်ဆတ်ဆတ် ပုဇွန်ဆိတ်ခုန်နေတဲ့ ပင်ကျရည်လေး တလီတာလောက် ပေးပါနော်.........။

အညာမြင်ကွင်းကို တူရွင်းတောင်ပေါ်ကမြင်ရတဲ့  မြကန်အလှနဲ့   အဆုံးသတ်ပါရစေ....

မိုးစက်ပွင့်

Monday, 11 May 2009

အညာမြေအလှ



Mt. Poppa
Mt. Poppa

Tamarid road in Pauk
Tamarind road in Pauk

MoHnyin Thanbuddhay Zedi
MoHnyin Thanbuddhay Zedi

suset in Maungdaw
suset in Maungdaw

panoramic view of Maungdaw
panoramic view of Maungdaw
A farm land in Yenanchaung





Yenanchaung farmland 

ဟယ် မောင်တော နှစ်ပုံတော့ ရောပါသွားတယ်... ဒါပေမဲ့ ဖြုတ်တော့ပါဘူး.....
 
မိုးစက်ပွင့်