Showing posts with label ကိုယ့်အကြောင်း. Show all posts
Showing posts with label ကိုယ့်အကြောင်း. Show all posts

Wednesday, 25 April 2012

ဒီသင်္ကြန်

 ဒီသင်္ကြန်မှာ ဘာလုပ်မလဲ တဲ့၊ ချစ်ရတဲ့ သူငယ်ချင်းကလေးတချို့က မေးတယ်။ ကိုယ့်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိတာကြောင့် “ အိမ်တွင်း ပုန်းဖြစ်မယ် ထင်တယ်"   လို့ဘဲ ဖြေဖြစ်ခဲ့တယ်...။     နဂိုကတည်းက ရေထိမှာ  ကြောက်ရတဲ့အထဲ မီးသတ်ပိုက်တို့ ဘာတို့နဲ့ ကြမ်းကြမ်းတမ်းတမ်း ရေပက်ကြမှာကို အတွေးနဲ့တင် ကြောက်တတ်တဲ့အတွက်  အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေမိတာပါ။  ဒါပေမဲ့  ရေမပက်သေးတဲ့ အကြိုနေ့မနက် ခပ်စောစောမှာတော့ အာသာပြေ မြို့တပါတ် လှည့်ကြည့်ပစ်လိုက်တယ်။ 


လှတဲ့ ပိတောက်
 သင်္ကြန်လက်ဆေးမိုး ဟုတ်တိပတ်တိ မရွာပေမဲ့ အဲဒီအကြိုနေ့မှာ တမြို့လုံးက ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ကြတာများ ၀ါလို့ ၀င်းလို့။  မွှေးလို့ သင်းလို့။ အိမ်နီးချင်းကပိတောက်ပန်းလာပေးလို့ ဘုရားတင်တယ်၊ စားပွဲပေါ်မှာ ငွေဖလားလေးနဲ့ အလှထိုးတယ်။  တအိမ်လုံးအနှံ့ ပိတောက်ပန်းတွေ လိုက်ထိုးထားလိုက်တယ်။ ပိတောက်ရနံ့ကို နမ်းရှုရတာ သိပ်ကြိုက်တာလေ။  ဒါပေမဲ့ ညနေစောင်းတော့ နွမ်းနေတဲ့ ပန်းကလေးတွေ စွန့်ရတာ၊ ပန်းကြွေလေးတွေ လိုက်ကောက်ရတာတော့ သိပ်မနှစ်ခြိုက်လှ။  နုလိုက်တဲ့ပန်းကလေး။ တကယ်ဆို သင်္ကြန် သုံးလေးရက်လုံး မနွမ်းမကြွေ ရှိစေချင်ပါတယ်။  ပိတောက်ပန်း(Pterocarpus macrocarpus) က မြန်မာရဲ့ national flower လေ။ ဒီနေ့မှာ ၀ီကီမှာရှာရင်း တိုက်တိုက်ဆိုင်ဆိုင် မှတ်သားမိတာက  ထိုင်းရဲ့  national flower က “ငုပန်း”  တဲ့။  ကိုယ်ဖြင့် ဒီမတိုင်ခင်အထိ  ထိုင်းရဲ့ပန်းက ခရမ်းရောင် သစ်ခွလို့ ထင်ထားတာ။  နှံ့စပ်ပုံများ ပြောပါတယ်။


သတင်းဆိုး
အဲဒီအကြိုနေ့မှာဘဲ မြို့ထဲက မဏ္ထ္စပ်တခုမှာ လူတယောက် ရေစိုနေတဲ့ မီးကြိုးကနေ ဓါတ်လိုက်ပြီး သေသွားတယ် လို့  ကြားလိုက်ရတယ်။   မဏ္စ္ထပ်လည်း ပိတ်လိုက်ရတယ်တဲ့။  စိတ်မကောင်းစရာပါဘဲ။


တရားသဘင်
အိမ်နားမှာ လမ်းမနှစ်ခုဆုံတဲ့အတွက် ရပ်ကွက်ထဲမှာ  တရားမဏ္စ္ထပ် တခုဆောက်ပြီး ညစဉ်တရားပွဲ လုပ်ပါတယ်။  အကြိုနေ့ကနေ နှစ်ဆန်းတရက် အထိ ခြောက်ရက်ခြောက်ည တဲ့။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ တနေကုန် ဖွင့်ထားတဲ့ သီချင်းတွေက  ဆူညံသံတွေ ဖြစ်လာတယ်။ ဘုရားသီချင်း၊ သင်္ကြန်သီချင်းတွေဆိုရင်လည်း တော်သေးရဲ့။  အခုတော့ ဒုံဒုံဂွမ်ဂွမ် များနေတယ်။ ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ကလည်း  မိုက်ကရိုဖုန်းကို လက်က မချတမ်း ပြောဟောနေလေရဲ့။  မှတ်လောက် သားလောက်စရာတော့ သိပ်မပါလှ။  အလှူရှင်အများစုကလည်း “ကွယ်လွန်သူ ----- ကို ရည်စူး၍” ဆိုတာတွေများတယ်။ မိတ်ဆွေတယောက်ပြောတဲ့ (ငါ့ဘကြီးလည်း ဖျားနေပါပြီကွ) အားကျမခံ ပြောတာလေးကို သတိရမိတယ်။  ကိုယ်တိုင် အလှူသွားထည့်ရင်း အလှူရှင် နံမည်မကြေငြာပါနဲ့လို့ ပြောတာလည်း သူတို့က လက်မခံဘူး။  အများသာဓုခေါ်နိုင်အောင် လုပ်ပေးရမှာပေါ့ဆိုပြီး မိုက်ကရိုဖုန်းနဲ့ ၃-၄ခါထပ်ပြီး  ကြေငြာပါတယ်။ Customer ရဲ့ သဘောထားကို မလေးစားတာပေါ့နော်......။

ဘုန်းဘုန်းတွေဟောတဲ့ တရားတွေကိုတော့ အိမ်ကဘဲ ဒရင်းဘက် လေးနဲ့ ဇိမ်ကျကျနာလိုက်တယ်။  ပရိတ်အသင်းက ၀တ်သံပြိုင်ရွတ်လို့၊ တရားတောင်းစာတွေ ဖတ်လို့၊  ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်း လိုက်ခဲ့ဖူးတာ သတိတရ ဖြစ်သွားပါတယ်။ အလယ်ညမှာ ဟောတဲ့ ဆရာတော်က  တရားနာနည်း လေးနည်း ( ခွာနာ၊ ရှာနာ၊ ၀ဌ်နာ၊ ကံနာ) ထဲမှာ  “ခွာနာ  ဆိုတာ အဝေးကနေ တရားကို ခပ်ခွာခွာလေးနာတာ၊ ဥပမာ- ကက်ဆက်ကလေးပဲ ဖွင့်ဖွင့်ပြီး တရားနာတာ၊ အိမ်ကနေ လှမ်းလှမ်းပြီး တရားနာတာ)”  လို့ဟောတော့ ကိုယ့်ကို ရည်ညွှန်းပြီးပြောနေသလိုလို မလုံမလဲ ဖြစ်လို့....။ နောက်ဆုံးညက ကိုယ်တော်လေးက ကြာနီကန်ကိုယ်တော်နဲ့ ဘွဲ့ရော၊ အသံနေအသံထား၊ လေယူလေသိမ်း တူတယ်။ နောက်ဆုံး အဟမ်း ဆိုပြီး ခပ်ကျယ်ကျယ် ချောင်းဟန့်တာကအစ တူတယ်။ ကြာနီကန် ကိုယ်ပွားပေါ့။ တချို့ကိုယ်တော်တွေက ဟောရင်းလည်နေတယ်။  ၀ိပဿနာအားထုတ်ဖို့ ဟောတဲ့ ဒုတိယညကတရားကို အကြိုက်ဆုံးပါဘဲ။ တရားနာရတာ နှစ်သက်ပေမဲ့ ခြောက်ရက်တိုင်တိုင် တနေကုန်အသံချဲ့စက်နဲ့ နှိပ်စက်တာတော့ မခံစားနိုင်ဘူး။  နောင်နှစ်ကျရင် တနေရာရာ ခရီးထွက်မယ်လို့ အိမ်ကလူက ပြောပါတယ်...။


အစားအသောက်
အချိန်တွေ ပိုပိုလျံလျံရှိနေတာမို့  မုန့်ဟင်းခါးတို့၊  သာကူ၊ မုန့်နှပ် လုပ်စားဖြစ်တယ်။ မုန့်ဟင်းခါးကလွဲရင် ကျန်တဲ့နှစ်မျိုးက (အရမ်းလွယ်ပေမဲ့) ကိုယ့်ဖာသာကိုယ် ပထမဦးဆုံးအကြိမ် လုပ်စားဖြစ်တာမို့ အချိန်အဆက သေချာမသိ၊  ဒေါ်ရမ်းချက်ပေါ့ ။  အကဲ့ရဲ့ခံရမှာစိုးလို့ အရသာ အကြိမ်ကြိမ်မြည်းပြီးမှ အိမ်နီးနားချင်း၃-၄ အိမ်ကို ဝေရဲတယ်။ အောင်မြင်သွားတော့ မာန်တွေတက်ပြီး  နောက်တခါ ပေါက်ဆီ လုပ်စားမယ်။  သူငယ်ချင်းတွေ ဘလော့ထဲမှာ ကြည့်လုပ်မယ် လို့ အိမ်သားအချင်းချင်း ကြွားပစ်လိုက်တယ်။

အိမ်သန့်ရှင်းရေး
အမေက နှစ်ဆန်းတရက်နေ့ဆိုရင် အမြဲတမ်း အိမ်က အသုံးကြာတဲ့ပစ္စည်းတွေကို ဂရုစိုက်ပြီး ဆေးကြောလျှော်ဖွပ်လေ့ရှိတယ်။  ( တနှစ်မှတခါလျှော်တာတော့ မဟုတ်ဘူးပေါ့)။  ကိုယ်က အဲဒီလို တထစ်ချကြီး အစွဲအလန်းမထားပေမဲ့ အချိန်ရတုန်း အိမ်မှာရှိတဲ့ စောင်၊ခြင်ထောင်၊ ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း အပါအ၀င်၊  ရတတ်သမျှ သန့်ရှင်းရေး လုပ်တယ်။  အများကြီးဆိုတော့ ကိုယ့်ဖာသာ ကိုယ်လည်းလုပ်၊ သူများကိုလည်း အကူအညီ ခေါ်ရတာပေါ့ကွယ်..။
ပုံကို ဒီက ယူပါတယ်



အီး သင်္ကြန်
ဖတ်ဖို့ အကြွေးတင်နေတဲ့ စာအုပ် သုံးလေးအုပ်လောက် ပြီးအောင် ဖတ်ဖြစ်တယ်။ TV မှာ National Geographic နဲ့     Knowledge Channel  အေးအေးဆေးဆေး ကြည့်ဖြစ်တယ်။  ကွန်ပြူတာမှာ  Zuma ကစားတယ်။ ရုပ်မြင်သံကြား  Channel အသီးသီးကနေ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အသီးသီးမှာ ရေကစားတာ ဖျော်ဖြေတာတွေ၊  အင်တာဗျူးတွေကို  Live ပြသတာကြောင့်  ဟိုဖက်ဒီဖက်ပြောင်းပြောင်း ကြည့်ရင်း  ခြေမညောင်း၊ နေမပူ၊ ရေမစိုဘဲ  သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်..။ အီး သင်္ကြန်ပေါ့..။

အ၀တ်အစား
ခုတလော သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး  အင်တာနက်မှာ အသံတွေ ဆူညံနေပါတယ်။  ကျမရဲ့ ကိုယ်ပိုင်သဘောထားကတော့ ခေတ်နဲ့အညီ ပြောင်းလဲ ၀တ်ဆင်ကြတာကို နှစ်သက်လက်ခံနိုင်ပေမဲ့ အမျိုးသားပွဲတော်မှာ National Identity ကို ထိပါးလာတဲ့အထိ  ၀တ်စား ဆင်ယင်ကြတာမျိုးကိုတော့ တယ်ပြီး ခံတွင်းမတွေ့လှဘူး...။  သူများယဉ်ကျေးမှုကိုပုံတူကူးချရင်း  ကိုယ့်ရဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့်------။ ကိုယ့် အမေကတော့ အပြင်ထွက်တိုင်း  သတိပေးတတ်တယ်။ ဒီခရီးနဲ့ ဒီထီး”  ” ဒီလမ်းနဲ့ ဒီပန်း”  သင့်အောင် ဆင်ရမတဲ့။  စကပ်တိုနဲ့  သူများ  အလှူမင်္ဂလာပွဲ  မသွားသင့်သလို၊  ဘတ်စကားစီးပြီး အလုပ်ခွင်ဆင်းတဲ့အခါ လုံချည် ခြေမျက်စိဖုံးနဲ့ လှုပ်လီလှုပ်လဲ့ သွားနေတာထက် ဂျင်းဘောင်းဘီဝတ်ပြီး သွားတာက ပိုပြီး လက်တွေ့ကျသလိုပေါ့။   မိမိ တကိုယ်ရည် လွပ်လပ်မှုဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ( cultural values) တွေကို  မခြိမ်းခြောက်သင့်ပါဘူး။  ဒီကိစ္စမှာ  ဘယ်သူနဲ့မှ မငြင်းခုံချင်ပေမဲ့ တွေးမိသလိုလေးဘဲ ရေးချမိတာပါ..။


ဘာပဲပြောပြော ကောဇာသက္ကရာဇ် ၁၃၇၃ ကနေ ၁၃၇၄ ကူးမြောက်ခဲ့ပြီ....။ ဘ၀ ခရီးသည်တွေ ဆက်လက် လိုက်ပါသည်ဖြစ်စေ၊ ဆင်းကျန်ခဲ့သည်ဖြစ်စေ အချိန်ရထားကြီးကတော့ တနှစ်ကို ၃၆၅မိုင်နှုန်းနဲ့  သူ့ဟာသူ မှန်မှန်ကြီး ခုတ်မောင်းနေဆဲပါဘဲ။


မိုးစက်ပွင့်

Monday, 5 March 2012

ငယ်နာမည် ကြက်ကြီး၊ အခုတော့ ချက်ကြီး


 မိုးစက်တို့ တက္ကသိုလ် တက်စဉ်ကဆို မိန်းကလေးတွေက ရှပ်အကျီင်္ဖားဖားကြီးဝတ်၊ လုံချည်တိုတို၊ ဆံပင်ဖားလျားချပြီး လွယ်အိတ်အမွေးပွကြီးတွေကို ကျော်သူထုံးလို့ခေါ်တဲ့ အဖုထုံးပြီး ကျောင်းတက်ကြတာပေါ့ ။  အဲဒီတုန်းက ကြားဖူးနားဝရှိခဲ့တဲ့ ကံ့ကော်တောပုံပြင်တွေထဲမှာ အချစ်ပုံပြင်၊ ဟာသပုံပြင်၊ အသည်းကွဲပုံပြင်တွေအပြင် စာကျက်လွန်းလို့ ၊ စိတ်ဖိစီးမှုများလွန်းလို့ စိတ္တဇဝေဒနာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ပုံပြင်တွေလည်း အများကြီးပင်။  ဘယ်တုန်းက ဘယ်အဆောင်က ကျောင်းသူလေးက စာမေးပွဲနီးတော့ စိတ်ကြောင်ပြီး အပေါ်ထပ်ကနေ ခုန်ချသွားတာတဲ့။  ဘယ်တက္ကသိုလ်က ကျောင်းသားကတော့  ဆရာတွေကို တယောက်ပြီးတယောက် လိုက်တွေ့ပြီး  ကျွန်တော် အိပ်ချင်တယ်၊ အိပ်ပါရစေလို့ တတွတ်တွတ် လိုက်ပြောနေတော့သတဲ့ စသဖြင့် စသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်။  အဲဒီအထဲမှာ ကိုယ်တိုင်ဇာတ်လိုက်ကျော် တယောက်မဖြစ်လိုက်ရတာ အတော်ကံကောင်းသည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိုးစက်တယောက် ကိုယ့်ကိုယ်ကိုယ် ကြိမ်တို့ပြီး အသေအလဲ စာကျက်ခဲ့ရလို့ပါဘဲ။

ငယ်စဉ်ကစပြီး အတွက်အချက် ၀ါသနာထုံသော်လည်း ဆယ်တန်းရမှတ် အခြေအနေအရ ကျက်စာသီးသီးသာရှိသော ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသာ ပို့ချသင်အံလေ့ရှိသော အထူးပြုဘာသာရပ်ကို ယူဖြစ်ခဲ့သည်။ စာကျက် တကယ်ပျင်းသော်လည်း  ယောင်တောင်ပေါင်တောင်နဲ့ တော်တော်လေး စာကျက်ဖြစ်ခဲ့သည်။  ကိုယ့်သူငယ်ချင်း အချင်းချင်း တွေ့ရင် အရင်ဆုံးမေးဖြစ်တဲ့ စကားက ... “နင်ညက ကျက် ဖြစ်သေးလားဟင်”  ...လို့-ပေါ့။  နောက်တတ်တဲ့ သူငယ်ချင်းတယောက်က “ ဟင့်အင်း၊ ကြက်မဖြစ်ပါဘူး -  ငါ လုံးဝ ကြက်မဖြစ်ခဲ့ပါဘူးဟာ” ဆိုပြီး ပြာပြာသလဲ ငြင်းနေလို့ အားလုံး တသောသော ရယ်ကြရသေးသည်။ အဲဒီကစပြီး စာကျက်သန်သူတွေကို စာကြမ်းပိုးလို့ မခေါ်ဘဲ “ကြက်ကြီး” လို့ နာမည်ပြောင် ပေးခဲ့ကြသည်။ 
photo credit
မိုးစက်တယောက် စာ အသည်းအသန်ကျက်ရတဲ့ အကြောင်းရင်းသုံးခု ရှိပါသည်။ အမှတ်စဉ်တစ်က  မှတ်ဥာဏ်အားနည်းတာဖြစ်သည်။  သူများတွေ တနာရီကျက်ရတဲ့စာကို ကိုယ်က နှစ်နာရီကျက်ရသည် ဟုထင်သည်။  တခါကျက်ပြီးရင်လည်း မမှတ်မိတတ်။  နောက်တချက်က  အောင်စာရင်းထွက်လို့မှ လူရိုသေ ရှင်ရိုသေ ဂုဏ်ထူးကလေးတခုနှစ်ခု မပါမဖြစ် ပါရလေအောင်ရည်မှန်းချက် ချထားလို့ဖြစ်သည်။  နောက်ဆုံးအချက်က စာခိုးချဖို့ သတ္တိရော အရည်အချင်းပါ မရှိလို့ဖြစ်သည်။  အခုအချိန်ပြန်တွေးတော့ ကျောင်းသက်တလျောက်လုံး စာမခိုးချဖူးခဲ့ပါလားလို့ ကြံဖန်ပီတိဖြစ်ရသည်။

မှတ်မှတ်ရရ ပထမနှစ် ကျူတိုရီယယ်ဖြေတော့ အိမ်က ကျက်လာခဲ့တဲ့ စာက သိပ်မကြေ။  ပထမ တပိုဒ်လောက်ရေးပြီး မေ့နေသည်။  ခေါင်းကိုကုတ်သည်- မထွက်။  မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်သည်  - လုံးဝမပေါ်။ ခက်ချေပြီ။  ဘေးနားက သူငယ်ချင်းကို  တီးတိုးမေးလိုက်သည်။ “ဟဲ့- လဲ့နွယ်၊  ဒုတိယပိုဒ်အစက ဘာလဲဟင်”  သူက တခုခုကို ရွတ်ပြသည်။  မကြားရသဖြင့် ထပ်မေးလိုက်သည်။ သူက ထပ်ရွတ်ပြပြန်သည်။  မသဲကွဲပြန်ပါချေ။  သုံးလေးခါ လောက်ကျတော့ သူလည်း စိတ်မရှည်တော့။ ကိုယ်လည်း အားနာပြီး ထပ်မမေးဖြစ်တော့။  တကယ်တော့ သူငယ်ချင်းက သူ့ ခြောက်မြှောင့်ပုံစံ ရာဘာဘောပင်မှာ ကွန်ပါချွန်နဲ့ စာလုံးသေးသေးလေးတွေ အတန်းလိုက်ရေးထားပြီး အဲဒါဘောပင်ကလေးကို လှည့်လှည့်ပြီး တပုဒ်လုံး အထစ်အငေါ့မရှိ ပိပိယိယိ ဖြေသွားနိုင်သူပါ။  ဒါနဲ့ သူက ကျွန်မကို လက်ဖျားခါလေသည်။  နင်အဲ့လောက် တုံးတာ၊ နင်နဲ့သာ အတူတူ ခိုးစားရင် ငါ ထောင်ခဏခဏ ကျမှာပဲ- တဲ့။

ပြောရရင် မိုးစက်တို့အုပ်စုထဲက “မှန်ကြောင်လေး” လို့ နာမည်ပြောင်ရထားတဲ့ သူငယ်ချင်းတယောက်က တတန်းလုံးမှာ ပထမ ရတဲ့အထိ အစွမ်းပြနိုင်သူ။  စာမှန်မှန် ကျက်သူ။  မိုးစက် အဆောင်က အခန်းဖေါ်ကလည်း မနက်လေးနာရီကနေစပြီး   သူနဲ့ကိုယ်ကြားက လိုက်ကာကလေး တခုကို ဆွဲကာပြီး သူ့ကုတင်ပေါ် တင်ပလ္လင်ခွေကာ တနေ့သင်သမျှ စာအားလုံး တနေ့အပြတ်ကျက်တတ်တဲ့သူ ဆိုတော့ .....အင်း- မလွယ်ပါလားနော်။  သူ့လောက် မကျက်နိုင်ပေမဲ့  ကိုယ်နဲ့ တတန်းတည်းသားရဲ့ စာကျက်သံကို လျစ်လျှူရှုကာ စောင်ခေါင်းမြီးခြုံပြီး အိပ်နေရ လောက်အောင်လည်း အသည်းမမာနိုင်ပါပေ။  အင်း-အဲ ညည်းညူပြီး ငါးနာရီခွဲ၊ ခြောက်နာရီလောက်ဆို စာစဖတ်ဖြစ်တော့သည်။  ဒီတော့လည်း အခန်းဖေါ်က ကြက်ကြီးစီနီယာဆိုရင် မိုးစက်က ကြက်ကြီးဂျူနီယာ ဖြစ်ရပေတော့မည်။


သူငယ်ချင်းတွေကို တခါတခါ ပြောဖြစ်သည်။  “ငါလေ သေရမှာ သိပ်ကြောက်တာပဲဟာ” - လို့။  သူတို့က နားမလည်စွာ ဘာဖြစ်လို့လဲလို့ ပြန်မေးကြသည်။  ကျွန်မအဖြေကတော့ -  “ နောက်ဘ၀ လူပြန်ဖြစ်ရင် အခုလို ပင်ပင်ပန်းပန်း စာကျက်ရမှာ ကြောက်လို့”   တဲ့။

-------------------------------------

“ချက်ကြီး” အကြောင်း ပြောပြချင်ပါသေးတယ်...။

 မိန်းကလေး ပီသရမှာ ၀န်လေးတတ်တဲ့ မိုးစက်ဟာ  ဟင်းကောင်းကောင်း စားရတာကြိုက်ပေမဲ့ ဟင်းချက်ရမှာ အတန်ငယ် တွန့်ဆုတ် ၀န်လေး လေ့ရှိပါတယ်။  အဆောင်နေ ကျူတာပေါက်စဘ၀တုန်းကတော့ ရတဲ့ လခနဲ့ ကာမိအောင် မဖြစ်မနေ ချက်စားရပါတယ်။  အမြဲချက်လေ့ရှိတဲ့ ဟင်းကတော့  ချဉ်ပေါင်၊မျှစ်၊ ဇရစ်ရိုး၊ ကင်ပွန်းချဉ်ရွက် တွေကို အိမ်ကသယ်လာတဲ့ ပုဇွန်ခြောက်နိုင်ချင်းနဲ့ ငြုပ်သီးသုံးမျိုး ( ဟင်းချက်မှုန့်၊ လေးစိတ်ကွဲမှုန့်၊ ငြုပ်စိမ်း) နဲ့ ငံပြာရည်နိုင်နိုင်ထည့် ကြော်ထားတဲ့  ”ရွက်စုံကြော်” ဟင်းပါ။  ခြောက်ခြောက်လေး ချက်ထားရင် နှစ်ရက်သုံးရက် ဆက်စားလို့ ရပါတယ်။  ကျွန်မက သူ့တမျိုးတည်းကိုလည်း ထမင်းနဲ့ စားတတ်ပါတယ်။  ဘယ်အချိန်ချက်ချက် ဘယ်အခါစားစား စားကောင်းတယ်လို့လည်း ထင်ပါတယ်။ အတူဝိုင်းစားနေကျ သူငယ်ချင်းတွေကလည်း အားနာပါးနာပဲ ဖြစ်ဖြစ် ငတ်ကြီးကျလို့ပဲဖြစ်ဖြစ်  တော်တော်ကောင်းတယ်လို့ ပြောကြတာပေါ့နော်။

သတိဝီရိယ ရှိသော ကိုယ့်အရည်အချင်းကို ကိုယ်တိုင်ကြော်ငြာဝင်ရမည်ဆိုလျှင်  ဟော့ပလိတ် မီးမပိတ်မိဘဲ ထမင်းအိုးနှပ်ပြီး  ထားပစ်ခဲ့သဖြင့် အိုးတူးငွေ့တထောင်းထောင်း ဘေးအခန်းတွေ မခံနိုင်အောင်ထွက်သဖြင့် တံခါးကို ရိုက်ဖျက်ပြီး ထမင်းအိုးကို ကယ်ဆယ်ကြရ၏။  သို့သော် အသက်မမီချေ။  ထမင်းအိုးမှာ မဲခြောက်ထူပိန်းပြီး ရုပ်မပေါ်တော့သဖြင့် ဒန်အိုးစုတ်ဝယ်သူပင် စိတ်ဝင်စားမည်မဟုတ်။  နောက်တခါ ဆီဒယ်အိုးတည်စဉ် မီးပျက်သွားသဖြင့် ပြန်လာနိုးစောင့်ရင်း  မေ့သွားပေရာ  အလုပ်သွားချိန်တွင် သတိမမူမိဘဲ ဒီတိုင်းထားသွားလိုက်သည်။ နောက်တခါ လျှပ်စစ်မီးလာချိန်တွင် ဆီပူအိုးထဲ မီးဝင်တောက်ကာ   မီးစွယ်မီးညွန့်တို့ တရှိန်ရှိန်တက်ပြီး လက်နှီးကိုပါ စွဲလောင်ကာ မီးပုံပွဲသဖွယ် ဖြစ်နေတော့သည်။  မေ့ပြီးဖွင့်ထားခဲ့မိသော ပြူတင်းပေါက်မှ မီးတောက်မီးလျှံများကို အပြင်မှမြင်လိုက်ရသော အိမ်နီးချင်းတို့က မနေသာသဖြင့် တယောက်တလက် ၀ိုင်းဝန်းငြိမ်းသတ်ကြရာ မိုးစက်တယောက် ရှိတာအကုန်ပြုတ်ပြီး လူကိုယ်တိုင် အချူပ်ခန်း စံမြန်းရမည့် ဘေးက ကင်းသွားလေသည်။

--------------------------------------


အဲသလို အချက်အပြုတ်ကို စိတ်နာခဲ့တဲ့ မိုးစက်ဟာ လခ အသင့်အတင့်ကောင်းတဲ့ ဒုတိယအလုပ်ကို ၀င်ပြီးကတည်းက လုံးဝ ထမင်းချက် မစားတော့ပါဘူး။  အချိန်မရှိလို့၊ ဘာဖြစ်လို့ မျိုးစုံအကြောင်းပြကာ ချိုင့်ဆွဲတမျိုး၊  ဆိုင်မှာတဖုံ စားပါတယ်။  နောက်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းကို စားဖို့အတွက် ငြုပ်သီးထောင်းစရာ မလို၊ ပန်းကန် ဆေးစရာမလို၊  ဆီပူလောင်စရာ မလိုတာမို့ သိပ်သက်သာတယ်လို့ ထင်ခဲ့ပါတယ်။  အိမ်ထမင်း အိမ်ဟင်းလောက် စားမကောင်းတော့လည်း ဘော်ဒီဝိတ် ထိန်းပြီးသား ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြေပါတယ်။  ခွင့်ရက်ယူလို့ အမေ့အိမ်ပြန်မှ ဗိုက်ခွေးနမ်းမတတ် စားပါတယ်။  အမေကတော့ ကရုဏာတွေ အကြီးအကျယ် သက်လို့ ပေါ့။  အဲဒီလို နှစ်ပေါင်းများစွာ နေလာတဲ့အခါ ထမင်းဟင်း ချက်ချင်စိတ်က အလိုလို ကွယ်ပျောက်လို့ သာ နေပါတော့တယ်။


အမေက သူ့သမက်လောင်းနဲ့ ပထမဆုံး စကားစပြောတော့ “ သမီးက ထမင်းမချက်တတ်ဘူး” လို့ ပြောပါတယ်။  အမေ့ပုံစံက တင်တင်စီးစီး ပြောတဲ့ ပုံစံမျိုးဟုတ်ဘဲ ကျွန်မတို့ရှေ့ရေးကို အမှန်တကယ် ပူပူပင်ပင် ကြောင့်ကြောင့်ကြကြ ပြောတဲ့ပုံဆိုတာ သူရော ကျွန်မရော ခံစားသိရှိခဲ့ပါတယ်။  သူက ကျွန်မပြောပြဖူးလို့ အကြောင်းစုံ သိနေပြီးသားပါ။  ဒါပေမဲ့ သူ အမေ့ကို ဘယ်လို တုန့်ပြန်မလဲဆိုတာ့ ကျွန်မ မျက်လုံးဒေါင့်ကနေ ခိုးကြည့်ပြီး နားရွက်နှစ်ဖက်လုံးကို ကားနေအောင် စွင့်ထားလိုက်ပါတယ်။  “ကျွန်တော် ချက်တတ်ပါတယ်” တဲ့။  ရွေ- နိပ်ပဟ လို့ စိတ်ထဲက ကြုံးဝါးလိုက်တယ်။  အဲဒီကနေစပြီး ကျွန်မက မီးဖိုချောင်ကို မနေအပ်တဲ့အရပ်လို သဘောထားခဲ့ပါတယ်။

တကယ်တော့ ကျွန်မက ဟင်းချက်ခြင်း အတတ်ပညာကို စိတ်ဝင်စားပါတယ်။  အမေချက်ရင်လည်း သဘောတကျ ဘေးကနေ ဟိုဟာလေးကူလုပ် ဒီဟာလေး ကူလုပ် လုပ်တတ်ပါတယ်။  ထမင်းဟင်းချက်ရင်း တတွတ်တွတ် သွန်သင်နေတတ်တဲ့  အမေ့ရဲ့ လက်ချာတွေလည်း အလွတ်ရနေပြီးသားပါ။
- ဘဲဥခွဲရင် အပ်ချည်ကို ပါးစပ်ကိုက်ပြီး ထက်ခြမ်းခွဲ၊ ဓါးနဲ့ဆို  အခြမ်းမလှဘူး။
- အရွက်ကြော်ရင် မီးပြင်းပြင်းနဲ့ အမြန်ကြော်မှ စိမ်းစိမ်းလေးရတယ်။ အရိုးကို အရင်ကြော်ပြီးမှ အရွက်ကို ထည့်ရတယ်။
- သီးစုံဟင်းမှာ မန်ကျည်းရည်ကို အသီးအားလုံးနူးမှထည့်၊ နို့မို့ရင် အသီးတွေ မာတောက်ဆတ်ကြီး ဖြစ်သွားမယ်။
- ဟင်းရွက်ပြုတ်ကို အသက်သေရုံ ရေနွေးပွက်ပွက်ဆူထဲ နှစ်ပြီးရင်၊ ရေအေးဇလုံထည်းမှာ ပြန်စိမ်ထားမှ အရွက်အရောင်မပျက်တာ တို့   အို- စုံလို့စုံလို့ပါဘဲ။

“ သမီးက ထမင်းချက်တဲ့ အိမ်ရှင်မ မလုပ်ဘူး အမေ” လို့ အသံတိတ် ပြောနေမိတာ အမေမသိပါ။ တအိုးတအိမ် ထူထောင်ကြတော့ ကျွန်မက ဟင်းချက်ဖို့ အချိန်အကြာကြီးမပေးချင်သလို၊  အိမ်တအိမ်မှာ ယောကျာ်းလေးတွေ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တာ အရမ်းသဘောကျသူပါ။  ထမင်းဟင်းချက်မဲ့ အချိန်တွေကို စာဖတ်လို့သာ နေချင်ခဲ့မိတယ်။  ဒါကြောင့် ချက်ရေးပြုတ်ရေး ဘာမှမသိတဲ့သူတယောက်လိုဘဲ နေလာခဲ့တာပါ။  သူချက်သမျှ ကောင်းတယ်၊ ကောင်းတယ်နဲ့ အားပေးရတာလည်း အမောပါဘဲ။  တခါတလေတော့ သူ့လက်ရာတွေက စားလို့သောက်လို့ သိပ်အဆင်မချောတဲ့ အခါတွေလည်း ရှိပါတယ်။


ဒါနဲ့ သူဖတ်လို့ရအောင် အင်တာနက်ထဲက လုလု၊ မရှင်လေး၊ စူးနွယ်လေး၊  မချော၊ ကိုအင်ဒီ၊ စန္ဒကူး၊ တမင်းအိုး၊ စတဲ့စတဲ့ ဘလော့ဂါပေါင်းစုံရဲ့ ဟင်းချက်နည်း တရာကျော်ကို ကူးယူစုဆောင်းပြီးသကာလ ပရင့်ထုတ်ပြီး  စာအုပ်တအုပ် ချူပ်လိုက်ပါတယ်။  ခေါင်းစဉ်ကိုတော့  “ဟင်းချက်နည်း အမျိုးမျိုး - အိမ်ရှင်မတဦး စုစည်း တင်ပြသည်” ဆိုပြီးတပ်လိုက်တယ်။  သူက မျက်ရည်ထွက်မတတ်ရီပါတယ်။


------------------------------------- 

တနင်္ဂနွေတနေ့ကတော့ အိမ်မှာ ဧည့်သည်တယောက် ထမင်းလာစားပါတယ်။  ဧည့်သည်လာမယ်ဆိုတော့ ကျမလည်း တတ်သလောက် မှတ်သလောက် ကူချက်ပါတယ်။  ဖြစ်ချင်တော့ ထောင်းထားတဲ့ ငဆုပ်လုံးက ဆန်မှုန့်များပြီး ၀ါးလို့အဆင်မပြေလောက်အောင် အရမ်းမာနေပါတယ်။  အသုပ်က အချဉ်ကဲနေပါတယ်။  ပဲသီးနှပ်ကလေးကသာ ပုဇွန်ခြောက်တွေ မနိုင်ရင်ကာ ထည့်ထားတာမို့ သိပ်မဆိုးလှ။ “နောက်လည်း လာစားနော်၊ စားလို့ရရဲ့လား” လို့ မေးတော့ ဧည့်သည်က “ စားလို့ရပါတယ်” လို့ ဖြေပါတယ်။   အဲဒါနဲ့     “ ဒီနေ့ကတော့ ဟင်းချက်တာက တခုခု ဘာလိုမှန်းတော့မသိဘူး၊ အရသာ နည်းနည်း လိုသွားတယ်”  လို့ အရှက်ပြေပြောလိုက်တော့  “နေ့တိုင်း အလုပ်တက်ရတဲ့သူတွေ ဆိုတော့လည်း ဟင်းချက်တဲ့ ဖက်ကို ဘယ်သိပ် အာရုံစိုက်နိုင်ပါ့မလဲ”  လို့ ပြောပြန်ပါတယ်။  ကဲ- အရသာ မကောင်းတာတော့ ရှင်းနေပြီပေါ့။


-------------------------------------

မခံချင်စိတ်လို့ ပြောရမလား။  အဲဒီနေ့ကစပြီး - မိုးစက်လည်း   အားထည့်ပြီး ချက် ဖြစ်တော့တာဘဲ။  ကိုယ်ချက်ထားတဲ့ဟင်းတွေကို ဇွန်းနဲ့ မြည်းပြီး အိမ်ကလူကြီးက မျက်ခုံးပင့်တယ်။  ပုဇွန်ခြောက် ထည့်သေးလား လို့ ခပ်ငေါ့ငေါ့မေးသည်။  “ ပုဇွန်ခြောက်မပါဘူး၊  အချိုမှုန့်မပါဘူး၊ သဘာဝအတိုင်း ချက်ထားတာကို  ချိုနေတာ”  လို့ ခပ်တင်းတင်း ပြန်ဖြေလိုက် တာပေါ့။  “ဒီနေ့ကစပြီး ကျွန်မလည်း မီးဖိုချောင်ဝင်မယ်၊ ဒါပေမဲ့  ၅၀-၅၀ နော်၊ တယောက်က breakfast  ချက်ရင်၊ နောက်တယောက်က   lunch ပေါ့” လို့ တခါတည်း အမွေခွဲလိုက်တယ်။


အခုထိ ချက်ထားတဲ့အထဲက တချို့ ပေါ့။ (မယုံမှာစိုးလို့-အဟဲ)
ခရမ်းချဉ်သီး၊ ဗူးသီး၊ဒန့်ဒလွန်သီး၊အာလူး၊ ငါးအရေခွံလိပ်၊ နံနံပင်အုပ်
ငါးပိကင်၊ ကြက်သွန်ဖြူ၊ မရမ်းသီး၊ ငြုပ်သီးစိမ်းလှော် (ပုဇွန်ခြောက်မှုန့်မေ့သွားသည်)
ဆိတ်သားဒိန်ချဉ်နှပ်၊ ပြုတ်ကြော်
မုန့်ဖတ်၊ ပဲကြော်၊ ငံပြာရည်၊ ငြုပ်မှုန့်၊ နံနံပင်၊ ရှောက်သီးစိတ်၊ မုန့်ဟင်းရည်
ဆိတ်သား၊ခရမ်းချဉ်သီး အစပ်ချက်




အင်း- ဘယ်လောက်အထိ ဆက် ချက် ဖြစ်ဦးမယ် မသိပေမဲ့ လောလောဆယ်တော့ ဈာန်ဝင်ပြီး ဆက်တိုက် ဆိုသလို ချက်ကြီးမမ ဖြစ်နေပါကြောင်း။


မိုးစက်ပွင့်

Tuesday, 5 July 2011

အညာမိသူ

ပြီးခဲ့တဲ့ စနေတနင်္ဂနွေက မိဘနဲ့အဒေါ်တွေကို ပုဂံ၊ ပုပ္မါး အလည်ပို့ဖြစ်ပါတယ်။  နှစ်ညအိပ် ခရီးတိုလေးဘဲ ဖြစ်ပါတယ်။  ဘုရားအစုံ မဖူးနိုင်ပေမဲ့   မဖြစ်မနေ ဖူးရမယ့် အထင်ကရဘုရားတွေတော့ ပို့ခဲ့ပါတယ်။
- အစောဆုံးတည်ခဲ့တဲ့  ငှက်ပစ်တောင်စေတီ
- တန်ခိုးအကြီးဆုံးဆိုတဲ့ ရွှေဆံတော်စေတီ
- ဆုတောင်းပြည့်တယ် ဆိုတဲ့ အလိုတော်ပြည့်စေတီ
- လက်ရာအမြောက်ဆုံး အာန္ဒာ စေတီ
- ဥာဏ်တော်အမြင့်ဆုံး  သဗ္ဘညု စေတီ
- ထုထည်အကြီးဆုံး ဓမ္မရံကြီး စေတီ
- ကျောက်စာ နာမည်ကျော်တဲ့ မြစေတီ 
- မူရင်းနံရံဆေးရေးပန်းချီတွေကျန်သေးတဲ့ ဂူပြောက်ကြီးပုထိုး
- အံ့သြခြင်း၊ကရုဏာသက်ခြင်း ရသအဖုံဖုံပေးစွမ်းနိုင်တဲ့ မနူဟာစေတီ
- မြစ်ပြင်ရှုခင်းသာယာတဲ့ ဗူးဘုရား နဲ့  လောကနန္ဒာ စေတီ တို့ပါဘဲ။

အဲဒီမှာ သူတို့နဲ့ တွေ့တာပေါ့။
“သမီးရယ်၊ နဂါးမောက်ပန်းတွေ ၀ယ်သွားပါဦး၊ အစေ့ကို သွေးလိမ်းရင် ဒူးနာ ခါးနာ ကောင်းတယ်” 
ရွှေစည်းခုံ ဘုရားစောင်းတန်းက အသက်ခြောက်ဆယ်ကျော်လောက်ရှိမဲ့ ဈေးသည် အမေကြီးတယောက်၊ သူမရှေ့က ဒန်လင်ဗန်းထဲမှာ ထူးထူးဆန်းဆန်း အ၀ါဆံ အသီးကလေးနှစ်လုံးကို အပေါ်က နဂါးအမောက်လိုပွင့်ဖတ်စိမ်းကလေးအုပ်ထားတဲ့ ပန်းပွင့် အခက် ကလေးတွေ  အများကြီးပါ။ ကျမက  တချက်လှည့်ကြည့်ပြီး ထွက်သွားဖို့ကြိုးစားပေမဲ့ သူမက ထပ်ခါတလဲလဲ ခေါ်နေတာနဲ့  အားပေးခဲ့ပါတယ်။  ပစ္စည်းမယူဘဲ ဒီတိုင်း ပိုက်ဆံပေးလိုက်ရင်လည်း မကောင်းဘူးမဟုတ်လား။

နောက်တခါ လောကနန္ဒာမှာ လူကြီးတွေ ဘုရားတက်ဖူးတုန်း ကိုယ်က သူတို့ စလင်းဘက်အိတ်တွေ လေးမှာစိုးလို့ စုသိမ်းပြီး အောက်မှာစောင့်ကျန်ရစ်တယ်။ လှေခါးရင်းက အုတ်ခုံလေးမှာ အေးအေး လူလူထိုင်လို့ ။  ဧရာဝတီမြစ်ပြင်ကို ငေးလိုက်၊ ခရီးသွားလှေတွေကို ဓါတ်ပုံရိုက်ချင်လာတဲ့အခါ ကောက်ရိုက်လိုက်နဲ့ စိမ်ပြေနပြေ ကာလလေးမှာပေါ့။  အနားကို ဈေးရောင်းသမလေး တယောက် လာထိုင်တာ သိလိုက်တယ်။ သူ့ဗန်းထဲက ပစ္စည်းလေးတွေကို တတွတ်တွတ်ရောင်းတော့တာဘဲ။  
“၀ယ်သွားပါဦး အမကြီးရယ် မဉ္ဖူသကနတ်ပန်းတွေပါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကောင်းတယ်။ တထုပ်မှ ၃၀၀ နှစ်ထုပ်မှ ၅၀၀ထဲရယ်”
ကျမ သူ့ကို ပြုံးပြခေါင်းခါပြီး မြစ်ပြင်ရှုခင်းကို ဆက်ငေးနေလိုက်တယ်။
“နော် နော် ဈေးဦးမပေါက်သေးလို့ အားပေးပါဦး”
“တို့မှာ ဘာရောဂါမှ မရှိဘူး၊ ညီမလေးရဲ့” လို့ ခပ်အေးအေးပြောတော့ သူက မလျော့သေး။
“ လက်ဆောင်ပေးလို့ရတယ်လေ၊ အမူးအမော်လည်းပြေတယ်၊ ရေနွေးကြမ်းထဲ ခတ်သောက်ရင် ရောဂါကာကွယ်တယ် အစ်မရဲ့”
“နေပါစေတော့ကွယ်”
ဇနက္ကနှင့် နင်လားငါလား အပြိုင်နွှဲမယ့် ထိုသူမကလေးဟာ ကျမအနားမှာ တောက်တဲ့ကပ်ကပ်ကာ နားညည်းအောင်ပြောလှသည်မို့ မယုံပါဘဲ တထုပ်ဝယ်လိုက်တော့သည်။    သူမကို တချက်တော့ “စ”လိုက်သေးသည်။  “မဉ္ဖူသကပန်းတွေက ခရေပန်းခြောက်တွေနဲ့ တူလိုက်တာနော်”
“မဟုတ်ပါဘူး အစ်မရဲ့၊ ခရေပန်းက အသားမရှိပါဘူး၊ ဒီမဉ္ဖူသကပန်းကအသားရှိတယ်” တဲ့။ ဟုတ်တော့ဟုတ်ပါသည်။ ပန်းခြောက်ကလေးတွေက အရောင် ၀ါညိုညို၊ အသားက အိစက်စက်။ အလဲ့-အိတ်က တံဆိပ်နဲ့ ဆေးညွှန်းနဲ့။

ပုပ္မါးတောင်ပေါ်အဆင်းမှာ အမေ့ကို ဈေးသည်မတွေက လမ်းပိတ်ပြီး ”ဆေးမြစ်စုံ” ရောင်းကြပြန်သည်။  အားနာတတ်တဲ့အမေက အဲဒီမှာ ၀ယ်ခဲ့ပြန်ရော။ ကျမက ”အမေ့ သစ်မြစ်စုံတွေ” လို့ နောက်ပြောင် နေမိသေးသည်။  ဒါတောင်မှ လမ်းက ထန်းလျက်ဖိုမှာရောင်းတဲ့ တောရှောက်မြစ်အရက်စိမ် လိမ်းဆေးပုလင်းကို မကြာခဏ ဒူးနာတတ်တဲ့ အမေက လိုချင်ဟန်ပြနေလို့  ၀ယ်ခဲ့ပြန်သေးသည်။

အိမ်ကိုပြန်ရောက်တော့ အထုပ်အပိုးတွေ ဧည့်ခန်းထဲမှာ တပုံတပင်ချထားတုန်း အိမ်မှာစောင့်ကျန်ခဲ့တဲ့ အိမ်ဦးနတ်က တအံ့တသြမေးလာပါတယ်။
“ဒီ မယ်ဇယ်ပွင့်တွေ ဘာလုပ်ဖို့ ယူလာတာလဲ” တဲ့။
“ အဲဒါ မဉ္ဖူသက နတ်ပန်းတဲ့လေ”
“ဒီဟာကရော”
“ နဂါးမောက်ပန်းနဲ့နဂါးမောက်သီးတဲ့”
“အဲဒါက မုန်တိုင်ပွင့် ဆိုတာ မသိဘူးလား”
“ဟားဟား  မြင်မှ မမြင်ဖူးပဲ”
ကျမတို့နှစ်ယောက် အားရပါးရ ဟားနေတုန်း အမေကတော့ သူ့ဆေးမြစ်စုံထုပ်ကလေးနဲ့ တောရှောက်မြစ်အရက်စိမ်လိမ်းဆေးပုလင်း ကို လူမမြင်အောင် ရွှေ`့ထားလိုက်ပါတယ်။

ရယ်တုန်းကရယ်ခဲ့ပေမဲ့ ပြန်တွေးတော့ စိတ်မသက်သာလှ။
သမ္မာဇီဝဆိုတာ ဘာလဲလို့ အတွေးနယ်ချဲ့မိသည်။
  ငါ့ဝမ်းပူဆာ မနေသာလို့” “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားပုံတွေကိုတော့ ကြားဖူးမိသားပင်။
တကယ်ဆို ရထားပေါ် ကားပေါ်မှာ ရောင်းတဲ့ ဆေးနဲ့ ပစ္စည်းတော်တော်များများကို ဘယ်သောအခါမှ ကျမ ၀ယ်လေ့မရှိပါ။  သူတို့ ရောင်းချလိုက်သူတွေက များသောအားဖြင့် တခါဘဲတွေ့ရမဲ့သူတွေမို့ လိမ်ရဲညာရဲကြသည်။  အခုတော့ သာသနာ့နယ်မြေမှာပါ လိမ်ညာကုန်ကြပြီလား။

ဘုရားစောင်းတန်းမှာ သူတို့ရွတ်ပြတဲ့ ရောဂါတွေ မပျောက်ဘူးဆိုတာ သိနေပေမဲ့ ပန်းအမည်တွေကတော့ အမှန်ဘဲလို့ထင်ခဲ့တာ။  ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်ပေမဲ့ အခုလို ပန်းအမည် လိမ်ညာရောင်းခံ တာကတော့ တော်တော် အောင့်သက်သက် ခံစားမိပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဦးရှံစား ကာတွန်းထဲကလို ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ရွတ်ရတော့လေမလား မသိပါ။

မိုးစက်ပွင့်

Friday, 8 April 2011

တက္ကစီသမားများနှင့် စကားစမြည်

" မြို့ထဲလမ်းမပေါ်  xxx ကားရောင်စုံများစွာ xxxx တစီးမှကိုယ်ပိုင်မပါ xxxxx" ဆိုတဲ့ ကိုဇော်ဝင်းရှိန်ရဲ့ “ပိုင်ရှင်“ သီချင်းချိုချိုလေး တပိုင်းတစ လိုပါဘဲ။  ကျမမှာ ကိုယ်ပိုင်ကားမရှိပါ။ ဒါပေမဲ့ စိတ်မပျက်ပါဘူး။  ကိုယ်ပိုင်ကားမရှိခြင်းရဲ့ အားသာချက် တွေထဲက  ဒရိုင်ဘာအတွက်ခေါင်းခြောက်စရာမလိုခြင်း၊ ကားပါကင် ရှာစရာမလိုခြင်း၊ သူများ ကား ကိုယ့်ကားကို လာတိုက်မှာ ပူမနေရခြင်း၊ ဓါတ်ဆီတန်းစီရလို့ အိပ်ရေးပျက်ခြင်း တွေအပြင် ပြသနာပေါင်း သောင်း ခြောက်ထောင် လျော့တယ်လို့ ယူဆပါတယ် ။  (မစားရတဲ့ စပျစ်သီးချဉ်သလိုပေါ့)။  ကျမ ပြောလေ့ ရှိတာက “အို- ကားမရှိတော့ ပိုတောင်ကောင်းသေး၊ လမ်းမပေါ် တက်လိုက်တာနဲ့ တက္ကစီ အ၀ါရောင် အတုံးလေးတွေ တင်ထားတဲ့ကားဆို ကိုယ့်ကားချည်းဘဲ၊ စီးချင်တဲ့အချိန် လက်တားစီးလို့ရတယ်“  ဆိုတာမျိုးပေါ့။ တကယ်ပါ။ တက္ကစီစီးရတာကို ကျမ နှစ်သက်ပါသည်။

တက္ကစီ စီးရတာများ ဘာကြိုက်တာတုန်းလို့ နှာခေါင်းရှုံ့မယ်ဆိုရင် ကျမမှာ အကြောင်းပြချက်တွေ ရှိပါတယ်။  ကျမက တပါတ်မှာ ၇ရက်နီးနီးလောက် ရုံးတက်ဖြစ်နေတာမို့ တခါတရံ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသလိုဖြစ်နေတော့ တက္ကစီစီးရင်းနဲ့ လူတွေရဲ့အကြောင်း လူတွေရဲ့ ခံစားချက်တွေကို  အင်တာဗျူးလေ့ရှိပါတယ်။  နာရီဝက် တနာရီလောက် ကိုယ်မသိဘူး မမြင်ဘူးတဲ့ လူတယောက်ရဲ့ အတွင်း အစ္ဖျတ္တကို လေ့လာတီးခေါက်ခွင့်ရတဲ့ ကိစ္စမျိုးက ကျမအတွက် စိတ်ဝင်စားစရာ ဖြစ်လို့နေသည်။

ကျမ တက္ကစီစီးရင် တတ်နိုင်သမျှ နောက်ခန်းကဘဲ စီးလေ့ရှိပါတယ်။ ဒါကလည်း သူငယ်ချင်းလေး တယောက်ရဲ့ အကြံပေးချက်အရ ပိုပြီး လုံခြုံတယ်လို့ ကြားဖူးလို့ပါ။  ကိုယ်က နောက်ကလူဆိုတော့  သူတခုခု လှုပ်ရှားရင် ကိုယ်ကအသာစီးက ရှိနေမယ်တဲ့။  မှတ်စုစာအုပ်ထဲမှာ ကိုယ်စီးတဲ့ တက္ကစီနံပါတ်ကို အမြဲရေးမှတ်ထားဖို့ တယောက်က အကြံပေးဖူးပါတယ်။  တော်တော်ကောင်းတဲ့အကြံပေမဲ့ စာအုပ်တွေ ဘောပင်တွေ ထုတ်ရမှာပျင်းတာနဲ့ များအားဖြင့် အားဖြင့် မလိုက်နာမိပါ။ ဖုန်းတွေထဲမှာ အဲလိုမှတ်လို့ရတဲ့ ဆော့ဖ်ဝဲရှိရင် ကောင်းမှာပဲ။ ပြည်ပက တချို့ဟိုတယ် bellboy များကတော့ လေဆိပ်ဆင်းတဲ့အခါ ကိုယ်စီးသွားတဲ့ တက္ကစီနံပါတ်ကို ရေးမှတ်ပြီး ခရီးသည် လက်ထဲထည့်ပေးခြင်းဖြင့် ၀န်ဆောင်မှု ပေးတတ်ကြပါတယ်။ 

တလောက ဂျာနယ်ထဲမှာ ကားထဲကတီဗွီအသေးစားလေးမှာ မတော်တရော် နိုင်ငံခြားကားတွေ ဖွင့်ကြည့်ပြီး ခရီးသည်မိန်းကလေးကို ညစ်ညမ်းတဲ့ စကားပြောတဲ့ တက္ကစီသမားတွေအကြောင်း ဖတ်လိုက်ရသည်။  အင်း တက္ကစီ အစီးရေ သိန်းကျော် နေတာမို့ ဒီလို စုန်းပြုးတွေ၊ ဒီလိုအဖြစ်မျိုးတွေ ရှိမှာပါဘဲ။  တက္ကစီသမားက ခရီးသည်ကို အန္တရာယ်ပြုတာ၊ ခရီးသည်က တက္ကစီသမားကို အန္တရာယ်ပြုတာ စတဲ့ အဖြစ်အပျက်မျိုး ဆန်ဆန်တွေလည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ ကျမ ကြုံဖူးသလောက်ကို အခြေခံပြောရရင် ရန်ကုန်က တက္ကစီဒရိုင်ဘာ တော်တော်များများဟာ ပညာတတ်သူ၊ ရည်မွန်သူ၊ ဗဟုသုတကြွယ်သူ၊ ဘ၀နာသူ စသဖြင့် ရေခံမြေခံကောင်းသူတွေ ဖြစ်နေတတ် ပါတယ်။

တက္ကစီကားစီးတဲ့အခါ အဓိကကတော့  common sense ကိုပဲ သုံးပါတယ်။ ကားပေါ်ရောက်ပြီး ငါးမိနစ်အတွင်းမှာ၊ စကားနှစ်ခွန်းသုံးခွန်း ပြောအပြီးမှာ သူ့စိတ်ဓါတ်  ၈၀%လောက်ကို ခန့်မှန်းလို့ရနေပါပြီ။ သူဟာ စိတ်တိုပြီး အလျင်စလို မောင်းတတ်သူလား၊ သတိရှိပြီး အေးဆေးတည်ငြိမ်သူလား၊ ပေါက်ပေါက်ဖောက်သလို တရစပ် စကားပြောတော့မဲ့ သူလား၊  မထုံတက်တေး လူစားမျိုးလား ဆိုတာကိုပါ။  ပုဂ္ဂိုလ်ရေးဆန်ဆန် စပ်စုတတ်တွေ ဆိုလာရင်တော့ စကားနည်းနိုင်သမျှနည်းအောင်ပြောပြီး ကိုယ်ကိုယ်တိုင် ရေငုံနှုတ်ပိတ်နေရတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။  နှစ်သက်စရာကောင်းတဲ့ စိတ်ဓါတ်မျိုးရှိသူ၊ ဖေါ်ရွေပြီး ဗဟုသုတရှိသူလို့ ထင်ရင်တော့ စကား သေသေချာချာ ပြောပါတယ်။ ဒီရက်ထဲမှာ မိုးရွာသေးလား (နယ်ကပြန် လာတဲ့အခါ)၊ ဓါတ်ဆီဈေး ဘယ်လောက်ဖြစ်နေပြီလဲ ၊ ကားမောင်းရတာ အဆင်ပြေရဲ့လား   စသဖြင့်  ပြောရင်းနဲ့ လူမှုရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေးမှသည် ဘောလုံး အားကစားတွေအထိ ရောက်သွားတတ်ပါတယ်။ တခါတလေလဲ သူတို့ကစပြီး မီးပွိုင့်အကြောင်း၊ လူကူးမျဉ်းကြားအကြောင်း ပြောရင်းနဲ့ အကြောင်းအရာ တဆုံးတစ ကျယ်ပြန့်သွားတတ်ပါတယ်။  ခုမှတွေ့တဲ့သူတယောက်ကို ပြောသမျှ အစစ မျက်စေ့မှိတ် ယုံလို့တော့ မရဘူးပေါ့။  စကားတွေထဲမှာ မှားတာလဲပါမယ်၊ ကြွားတာလဲပါမယ်၊ မှန်တာလဲပါမယ်၊ ဖန်တာလဲပါမယ်၊ တကယ့် ဗဟုသုတ မြင်ကွင်းကျယ်ပါဘဲ။

မှတ်မိတာလေးတချို့ ပြန်ပြောပြပါဦးမယ်။
(၁)  အသက်ခြောက်ဆယ်ခန့် ဦးလေးကြီး။ ညိုညို၀၀ ထောင်ထောင်မောင်းမောင်း။  အမည်မသိ (မေးလေ့လည်းမရှိ)။ ပြောရင်းနဲ့သိလာတာက သူက မာဒေးကားလက်ရွေးစင်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အင်ဒိုနီးရှားကို သွားကစားခဲ့သူတဲ့။  ပြိုင်ပွဲကအပြန် အဖွဲတဖွဲ့က(ကျမ မမှတ်မိ) လေယာဉ်ပေါ်မှာ ရွှေနှစ်ကျပ်သား တစ်တုံးစီ ဂုဏ်ပြုဆုချခံရတော့ ပျော်မဆုံး ပါတဲ့။ အဲဒါကို အဖွဲ့ဦးဆောင်သူ တာဝန်ရှိသူက အသင်းနှင့်ဆိုင်သည်၊ နိုင်ငံတော်ပိုင်သည်ဆိုပြီး သိမ်းသွားလိုက်တော့ ဆို့နင့်ကြေကွဲ ခဲ့ရတာကို ပြန်ပြောပြခဲ့သည်။ အူမ မတောင့်တဲ့အတွက် ချစ်သောအားကစားကို ဆက်ပြီး မလုပ်နိုင်ခဲ့တော့ပါ။  အခုတော့ တက္ကစီမောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ် တဲ့။
(၂) အသက်လေးဆယ့်ငါး ၀န်းကျင် တက္ကစီဆရာ။  ပျော်တတ်ပုံရတယ်။ သူ့မိသားစု အကြောင်းပြောပြတယ်။  သမီးကလေးက ဆယ်တန်း။  အိမ်မှာ သားသမီးလိုမွေးထားတဲ့  ကြောင်ကလေး တကောင် ရှိပါသတဲ့။ ကြောင်ကလေးနဲ့ သူတို့မိသားစုကြားက သံယောဇဉ်တွေအကြောင်း နားထောင်ရပြန်တယ်။ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းကလေး တပုဒ်ပါဘဲ။
(၃)  အသက် အစိတ်ခန့်လူငယ်ကလေး။ အိမ်က ဇနီးသည်က လမ်းဘေးအသုပ်စားပြီး အူလမ်းကြောင်းရောဂါနဲ့ အရေးပေါ် ပုဂ္ဂလိက ဆေးခန်းတင်လိုက်ရသတဲ့။  ကြီးမားလှတဲ့ ကုန်ကျစရိတ်နဲ့ ညံ့ဖျင်းလှတဲ့ ၀န်ဆောင်မှုအကြောင်း လေ့လာခဲ့ရပြန်သည်။
(၄)   လွန်ခဲ့တဲ့ သုံးနှစ်က တနင်္သာရီဒေသက ဆီအုန်းစိုက်ခင်းမှာ အလုပ်သွားလုပ်ရင်း အကြီးအကျယ်ဖျားရာကနေ သေကံမရောက် သက်မပျောက် ပြန်လာခဲ့တဲ့ လူတစ်ဦး။ ခုတော့ တက္ကစီမောင်းနေတယ်။  ကျမ်းမာရေးဆရာမက ရောဂါအမည်တပ်မှားပြီး ဆေးမှားထိုးလို့ သေလုမြောပါးခံလိုက်ရတဲ့အကြောင်းတွေ ပြောပြတယ်။  ဦးနှောက်တောင် နည်းနည်း ထိသွားပါသတဲ့။ “တခါတခါ ကိုယ်မောင်းမဲ့ လမ်းကြောင်းတွေကို ဗြုန်းကနဲ စဉ်းစားလို့ မရဘူး ၊ မေ့မေ့နေတာလို့ ပြောပြတယ်။  “အခုတော်တော် ကောင်းလာပါပြီ”  လမ်းပျောက်မှာ စိတ်ပူနေတဲ့ ကျမကို အားပေးခဲ့တယ်။

ဇာတ်လမ်းတွေအစုံစုံ၊ လူတွေ အစုံစုံ။  ပျော်စရာ၊ မောစရာ၊ လွမ်းစရာတွေမှ စုံလို့။ ၀တ္တုရေးသူ သူငယ်ချင်းသာ ရှိခဲ့ရင် တနေကုန် တက္ကစီစီးပြီး ကုန်ကြမ်းရှာဖို့ အကြံပေးမိလိမ့်မယ်။

 ပြည်ပ တက္ကစီဆရာတိုင်း ကျမကို တသံတည်း မေးလေ့ရှိတာက “ဘယ်နိုင်ငံကလဲ” တဲ့။  တချို့ကျတော့ သူတို့ဖာသာ ခန့်မှန်းလိုက်တယ်။ အင်ဒိုနီးရှားကလား၊ ဖိလစ်ပိုင်ကလား၊ ထိုင်ဝမ်ကလား တဲ့ ( နှာခေါင်းပြားလို့ ထင်ပါရဲ့ အိန္ဒိယကလားလို့တော့ တခါမှ အမေးမခံရဖူးဘူး :D  ကျမက “မြန်မာ” လို့ အမြဲဖြေမိတယ်။ အိမ်နီးချင်း နိုင်ငံကလူတွေက လွဲလို့  မသိတဲ့သူ များပါတယ်။ အဲဒါနဲ့  အိန္ဒိယနဲ့ တရုတ်ကြားက လို့ ပြောတဲ့အခါပြော၊ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းပါလို့ ဆိုတဲ့အခါဆို၊ အဲဒီတော့မှ ယောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ကြလေရဲ့။ တချို့ကတော့ ခေါင်းမာမာနဲ့  “You Philippine” “You Philippine” လို့ ဆက်ပြောနေလို့ ဒေါသ ထွက်မိပါရဲ့။ အထူးသဖြင့် စင်္ကာပူမှာ တက္ကစီဆရာက Philipino လားလို့ မေးလိုက်တိုင်း တီကောင်ဆားနဲ့တို့သလို တွန့်ကနဲ ဖြစ်သွားပြီး မြန်မြန် ဖြေရှင်းချက်ထုတ်မိပါတယ်။ ဘာကြောင့်လဲ သိတယ်ဟုတ်။

 ကျမကတော့ (တနေ့ ကိုယ်ပိုင်ကား ရှိလာမယ် ဆိုရင်တောင်) တက္ကစီလေးတွေကို ကြုံရင်ကြုံသလို စီးရင်း  Snapshot Interview လေးတွေ နှစ်သက်စွာ ဆက်လုပ်မိနေဦးမှာပါ။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မိုးစက်ပွင့်

Thursday, 27 January 2011

နေရစ်တော့ စံပယ်တင် (၂)


ကျမရဲ့ပါးက မှဲ့ကလေး ခွဲမဲ့နေ့ ၁၄ရက်နေ့ မတိုင်ခင်ကတည်းက အိမ်မှာ လူတွေတော်တော် စည်နေပါတယ်။ ကိုယ်ကြောက်တတ်မှန်းသိလို့ လာပြီး အားပေးကြတာပေါ့။  အဒေါ်၊ ယောင်းမ၊ အစ်မ၊ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်စရာကြီး။ နောက်ပြီး ကိုယ့်ရဲ့ အဖေါ်မွန် “သူ” ကလည်း ခွင့်တွေဘာတွေ ယူလို့။ (နို့မို့ဆို တသက်လုံး စကားနာထိုးတော့မှာ သိနေပုံပဲ)  အလည်အပတ် ခရီးထွက်နေတဲ့ အမေကို သတ်မှတ်ရက်ထက် စောစောပြန်လာဖို့ လှမ်းမှာတော့ အိမ်ရှင် ကျမမောင်လေးက ကျွဲမြီးတိုလိုက်သေးတယ်။ “ဆုးစူးသလောက်ကလေးကိုများ” တဲ့။  အင်း- သူ့ဖက်က ကြည့်တော့လည်း ဟုတ်တုတ်တုတ်ပါဘဲ။ ဆင်လဲ ဆင့်အထွာနဲ့ပေါ့။ ကျမ ငယ်ငယ်က ဆေးထိုးရမယ်ဆိုရင် သုံးလေးနာရီ ငိုနေတတ်တာ၊ ဆေးထိုးအပ်ကျိုးအောင် ရုန်းကန်ပစ်ခဲ့တာတွေ သူသတိရတော့မှာ မဟုတ်။ အိမ် ပြန်ချင်နေတဲ့ အမေကလည်း (ငိုချင်လျက် လက်တို့) ပါပဲ။  အမေ တောင်းဆိုလွန်းတော့ မောင်လေးက အလျှော့ပေးလိုက်ပုံပါဘဲ။ မခွဲမီ တရက်တလိုမှာ  ပြန်ရောက်လာပါတယ်။ ၁၄ရက်နေ့ မနက်မှာတော့ လူသိပ်များရင် မကောင်းတတ်တာမို့ အားလုံးမလိုက်ဖို့ တောင်းပန်ပြီး အမေ၊ ကိုသကောင့်သား၊ ညီမ နဲ့ ယောင်းမ တို့ အတူလိုက်ပါလျက် ဆေးရုံဆီ ချီတက်ခဲ့ပါတော့တယ်။ 

မနက် ၈နာရီ
တခုခု မလွဲရရင် မနေတတ်တဲ့ မိုးစက်ပွင့်တို့ ထုံးစံအတိုင်း  ဖြစ်ချင်တော့ (စာရင်းသွင်းသူရဲ့ ပေါ့ဆမှူကြောင့်) ခွဲစိတ်မဲ့ စာရင်းမှာ ကိုယ့်နာမည်က မပါလာဘူး ဖြစ်နေတယ် ။  နောက်တပါတ်တော့ ပြန်မစောင့်နိုင်ဘူးလေ။ ဆရာဝန်ကြီးကို တောင်းပန် အသိပေး လိုက်တော့ အရင်ဆုံး ခွဲပေးမယ်တဲ့။ အဟောဝတ ကောင်းလေစွ။ အဲဒီအချိန်အထိ ကြောက်စိတ်မ၀င်သေးဘူး။ တမင် ရယ်စရာတွေ ပြောလို့ ပေါ့ပေါ့ပါးပါး နေလိုက်တယ်။ ဘ၀တူ လူနာတွေက သူတို့ အတွေ့အကြုံတွေ ပြောပြနေတယ်။  ကိုယ့်ဘေးက ညိုညို၀၀ အမျိုးသမီးက ကလေးသုံးယောက်မွေးတာ ဗိုက်မနာပဲ တယောက်မွေးတိုင်း ငါးမိနစ်နဲ့ ပြီးသွားတယ် ဆိုလို့ အားကျအံ့သြ မိပါရဲ့။ သူက ရင်သားအဆီကျိတ်လာခွဲတာ။ ဘေးနားက အစ်မက ကျောက်ကပ်ကို စက်နဲ့ ခြေတဲ့အကြောင်း ပြောပြနေပြန်ရော။ ဆီးအိမ်မှာ တည်နေတဲ့ ကျောက်တွေ မှုန့်အောင် အချက် ၂၀၀၀ ကျော် ထုရသတဲ့။ 

၉နာရီ ၂၅ မိနစ်
လေတွေကန်နေတုန်း ကိုယ့်နာမည်ခေါ်လိုက်တော့ ကမန်းကတန်းပြေးသွားရတယ်။ အ၀တ်တွေကို ခွဲခန်းဝတ်စုံနဲ့ လဲရတယ်။ ခေါင်းစွပ်စွပ်ရတယ်။ ကပ်လျက်အခန်းထဲက ကုတင်ပေါ်ကို လှဲချလိုက်ရတော့မှ စိတ်တွေ လေးလံလာတော့တာ။ ဆေးဝန်ထမ်းတွေက တော်တော်လေး ဖေါ်ရွေကြပါတယ်။ အခန်းထဲမှာ အေးစိမ့်နေတော့ ဂွမ်းစောင်တထည် လာခြုံပေးတယ်။  “ထုံဆေး ထိုးဖူးတယ်” လို့ သူတို့မမေးခင် ကြိုပြောထားလိုက်တယ်။ တည့်မတည့် ဆေးစမ်းနေရင် ထပ်နာမှာစိုးလို့။ လွန်ခဲ့တဲ့ သုံးနှစ်က မျက်စေ့ကို ထုံဆေးသုံးပြီး ခွဲဖူးတယ်လေ။

Tuesday, 4 January 2011

နေရစ်တော့ စံပယ်တင်


သူမ မွေးစကတည်းက ပါးပြင်အစပ် နှုတ်ခမ်းထောင့်မှာ မှဲ့နက်သေးသေးလေး တလုံးပါလာခဲ့သည်။ နှမ်းစေ့အရွယ်လောက်ရှိပြီး စက္ကူတရွက်စာ အထူလောက်တော့ အသားပေါ်မှာ ကြွနေမည်ထင်သည်။ ကျောင်းစတက်တော့ အတန်းပိုင် ဆရာမက သူမကို “မှဲ့စံပယ်”လို့ ချစ်စနိုးခေါ်သည်။ ဆွေမျိုးတွေက နှုတ်ခမ်းဖျားမှာ မှဲ့ကလေးရှိတာမို့ “အစားကောင်းကောင်း ကြိုက်မဲ့ကလေး” လို့ ထောပနာ ပြုကြသည်။

မှဲ့ကလေးက သူမအသက်အရွယ်နဲ့အမျှ ကြီး ကြီးလာသည်။ မှန်ကြည့်တိုင်း မှဲ့ကလေးကို ဂရုတစိုက် ကြည့်မိသည်။ လူတွေက သူမကို မှဲ့ကလေးနဲ့ တွဲသိနေကြတာမို့ ကိုယ်ပိုင် trademark ဖြစ်နေသည်ကိုး။ ဆယ်နှစ်သမီးအရွယ်လောက်မှာ အဖိုးလေး ၀မ်းကွဲ တော်သူတယောက်က “ မိန်းကလေးဆိုတာ ပြစ်မျိုးမှဲ့ မထင်ရဘူး၊ ဆူးနဲ့ထွင်ပစ်လိုက် ”တဲ့။ တော်တော် အယူသည်းတဲ့ ဘကြီး။ တကယ်တော့ သူက တချိန်တခါမှာ အာဏာစက် ပြင်းခဲ့တဲ့ သူကြီးဟောင်းပါ။ သူ့ရွာမှာ မူးယစ် ရမ်းကားသူမရှိ။ အုတ်လမ်းပေါ် ခုံဖိနပ်သံကျယ်ကျယ်မလျှောက်ရ။ သီချင်း အော်မဆိုရ။ မိန်းကလေးတွေ လက်ပြတ်အကျီင်္ မ၀တ်ရ၊ အော်ကြီးဟစ်ကျယ်မရယ်ရ။ အဲလို ကန့်သတ်တတ်သူ ဆိုတော့ စဉ်းစားကြည့်ပါတော့။ သူမကတော့ မှဲ့ဟာ မွေးရာပါ အပြစ်တခုအနေနဲ့ ပြောတာ လက်မခံနိုင်ပါ။ ဒီဘကြီးနဲ့ နောင်မတွေ့အောင် ရှောင်နေလိုက်ရုံသာ။ သူငယ်ချင်းတွေထဲက မှဲ့ဖျက်နည်း ဆေးမြီးတို ညွှန်းကြတဲ့အခါတိုင်း “ဟင့်အင်း- ဒီမှဲ့ကို မဖျက်ပါဘူး” လို့ ပြန်ပြောနေကျ။ တချို့သူငယ်ချင်းတွေကကျတော့လည်း ရယ်ရတယ်။ “မဖျက်လိုက်နဲ့နော်။ မှဲ့မရှိရင် နင့်ကိုမခင်တော့ဘူး” တဲ့။

မှတ်ပုံတင်လုပ်တော့ မှဲ့ကလေးက သူမရဲ့ “ထင်ရှားသည့်အမှတ်အသား” ဖြစ်လာသည်။ ကိုယ့်ရဲ့ တရားဝင်ရပ်တည်မှုနဲ့ ဆက်စပ်နေတဲ့ ဒီအစိတ်အပိုင်းကလေးကို ခွဲခွာပစ်လိုက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။

သူမတက္ကသိုလ်တက်တော့ မှဲ့ကလေးက ပဲစေ့သေးသေးလေးလောက် ဖြစ်လာပြီး အသားပေါ်မှာ ခုံးထလာသည်။ အမွေးကလေးနှစ်ပင် သုံးပင် ပေါက်လာသည်။ ဒီအတိုင်း ထားလိုက်တာပါပဲ။ အမွေးကလေးတွေက ကွေးညွှတ်ပြီး နှုတ်ခမ်းစပ်အထိ လာလာထိနေကြတော့ သတိရတဲ့အခါ နည်းနည်း တိပေးလိုက်သည်။ ခင်တဲ့ ကျူတာမမ မသန္တာက “ညီမလေး မှဲ့က အမွေးလေးတွေက ကြောင်ကလေးနဲ့ တူစေတယ်။ ညှပ်ပစ်လိုက်နော် ” တဲ့။ စေတနာနဲ့ ပြောလာတယ်လို့ ခံစားမိလို့ ပိုပြီး တိုတိုတိတိ ညှပ်လိုက်ပေမဲ့ အရင်းနား ထိတော့ ကပ်ပြီးမညှပ်ရဲ။ မတော်ရင် မှဲ့ကလေးကို ထိခိုက်ပြီး သွေးထွက်သွားနိုင်လို့ ပါ။

အရွယ်လေးရလာတော့ ဗဟုသုတလေးတွေနဲ့ “မှဲ့ကင်ဆာ” ဆိုတာ ကြားဖူးလာသည်။ အသိမိတ်ဆွေ ဆရာဝန်တွေက ဂရုတစိုက် မေးဖူးသည်။ ကြီးလာသလား၊ ယားသလား၊ နာသလား၊ သွေးထွက်တတ်သလား ပေါ့လေ။ သူ့ရဲ့ အရွယ်ကြီး လာတာတော့ အမှန်ပါပဲ။ ကျန်တဲ့ ခံစားမှုတွေကတော့ မဖြစ်ပါဘူးပေါ့။ ကိုယ့်ရဲ့ အမှတ်အသားလေးမို့ တတ်နိုင်သမျှ ဖက်တွယ် ထားချင်နေသည်။ ရုပ်ဆိုးလောက်အောင် ကြီးနေတာလည်းမဟုတ်လို့ ဖျက်မပစ်ချင်တာပါ။

ရေဒီယိုက “ကျမရဲ့ပါးပြင် xxx ထင်ရှားတဲ့စံပယ်တင် xxx ယဉ်ပါသော်ကောရှင့်”   ဆိုတဲ့သီချင်းကိုကြားရင် သဘောကိုကျလို့။ စင်ဒီကရောဖို့ပါးက မှဲ့ရော၊ မို့မို့မြင့်အောင်နဲ့ ထွန်းအိန္ဒြာဗိုရဲ့ မေးဖျားကမှဲ့တွေရော အမျိုးစပ်ပစ်လိုက်မိသေးတယ်။ နောက်ပြီး မှဲ့အဟောကျမ်းတွေကို တွေ့ရင်လည်း ကိုယ့်မှဲ့နေရာကိုရှာပြီး ရှေ့ဖြစ်နောက်ဖြစ် ဖတ်မိပါသေးရဲ့။

မှတ်မှတ်ရရ တခါက သူတို့ဖာသာ စိတ်ကူးဖဲရိုက်နေတဲ့ ယောကျာ်းလေးရှင်မိဘအသိုင်းအ၀ိုင်းက သူမရဲ့ ဒီမှဲ့ကို မျက်ရည်စီးဆင်းရာ လမ်းကြောင်းမှာ ရှိသမို့ “မျက်ရည်ခံမှဲ့” တဲ့လေ။ မုဆိုးမ ဖြစ်တတ်တယ်တဲ့။ သူတို့သားကို “ခိုက်”မှာ စိုးသတဲ့။ ဒီလို အယူသည်းမှုမျိုးကို သူမကတော့ ရယ်နေလိုက်ပါတယ်။ ဒါဆို မုဆိုးမတိုင်း မျက်ရည်ခံမှဲ့ ရှိကြလို့လား လို့ ပြန်မေးလိုက် ချင်ပါရဲ့။ ဒီကိစ္စကြောင့် ထူးထူးခြားခြား စိတ်မပျက်ခဲ့မိပါဘူး။
-----------------------------------------

ဒီလပိုင်းတွေအတွင်း ယောက္ခမ မေမေက အသည်းကင်ဆာ ဝေဒနာသည် ဖြစ်လာတော့ သူမအနေနဲ့ ဆေးရုံ ဆေးခန်း ဆရာဝန်တွေနဲ့ လွန်းပျံယာဉ်လို ကူးချည်သန်းချည် ကောင်းကောင်း ထိတွေ့ဆက်ဆံရတော့တာ။ ကင်ဆာ၊ ကင်ဆာ၊ ကင်ဆာ။ ကင်ဆာနဲ့ ရင်ဆိုင် တိုက်ပွဲဟာ အထိအခိုက် အဆုံးအရှုံးများသလောက် အနိုင်ရဖို့ တော်တော်ခက်ခဲမှန်း သိလိုက်ရပါတယ်။ အို ကြောက်လိုက်တာကွယ်။

မေမေ့ကို ပုံမှန်ကြည့်ပေးနေတဲ့ ဆရာကြီးက ခွဲစိတ်နဲ့ ကင်ဆာ ပါရဂူ တဲ့။ ထူးထူးခြားခြား ပါရဂူဘွဲ့နှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူ။ မောက်မာခြင်းကင်းပြီး တည်ကြည်အေးဆေးတဲ့သူ။ တရက်မှာတော့ သူမကိုစိုက်ကြည့်ပြီး သူက မထင်မှတ်တဲ့ စကားတခုကို ပြောလိုက်သည်။ “သမီးရဲ့ပါးက မှဲ့အရောင် ( pigmentation ) ရင့်လွန်းတယ်၊ ဆရာ တွေ့စထဲက သတိထားမိနေတာ၊ စိတ်ချရအောင် ခွဲထုတ်လိုက်ပါလား၊ ပြီးမှ biopsy ယူလိုက်” တဲ့။ စကားအပိုမပြောတတ်တဲ့ သူတယောက်မို့ အလေးအနက်ထားပြောတာ သေချာပါတယ်။ သူမ စိတ်ပူပင်ခဲ့ရပါပြီ။ ကင်ဆာဆိုတာ တိတ်တိတ်ကလေး ပုန်းရာကနေ ပေါ်လာတတ်တာမျိုးဆိုတာ လက်တွေ့ သိပြီးတဲ့နောက်မှာတော့ မပေါ့ဆရဲတော့ပြီ။

စားစားသွားသွား ဒီစိတ်က ဖိစီးလို့နေသည်။ ပါးဆိုရင် ဦးနှောက်နဲ့ နီးတာမို့ ဖြစ်ရင် မြန်မြန်ကိစ္စပြတ်မှာဘဲ လို့လည်း ထင်သည်။ အင်တာနက်မှာ ရှာကြည့်သည်။ နေဦး- ဘာ keyword နဲ့ရှာရပါ့။ mole cancer/cancerous mole/ dangerous mole စသဖြင့်ရှာမိသည်. တွေ့တဲ့ဆောင်းပါးတွေက သိပ်နည်းလွန်းသည်။ နောက်ပြီး နေရောင်ခြည် ခံတာများလို့ အရေပြားကင်ဆာ ဖြစ်လာတာနဲ့ပဲ ဆက်စပ်ရေးထားကြတာ တွေ့ရသည်။ မွေးရာပါမှဲ့အကြောင်း သိပ်မတွေ့မိ။

ပါးပြင်မှာမဟုတ်ဘဲ တခြား ခြေတို့ လက်တို့ ကျောတို့သာဆိုရင် ခွဲစိတ်ဖို့ကို ဒီလောက် စဉ်းစားမိမှာ မဟုတ်ဘူးလို့ ထင်သည်။ ငါ့အမှတ်အသား ပျောက်သွားရင် ငါဟာ ငါမဟုတ်တော့ဘူးပေါ့လို့ ခပ်ပေါပေါ တွေးမိသေးသည်။ surgeon တွေ ဓါးသိပ်ထက်သည်။ ဓါးသိပ်စမ်းချင်သည်။ လူတွေ့ရင် ရောဂါနည်းနည်းတွေ့ရင် ခွဲချင် စိတ်ချင် ဖြတ်ချင် တောက်ချင်တာ အလွန်ဘဲ ဆိုတဲ့ ကြားဖူးနားဝတွေကို သတိရပြီး ဒီတိုင်းထားလိုက်ရမလား လို့လည်းစဉ်းစားမိသေးသည်။ တဖက်ကလည်း မိုးမပြိုဘူး ပြိုခဲ့သော် ဆိုတဲ့အတွေးက ချောက်လှန့်နေသည်။

ဒီလိုနဲ့ ညတော်တော်များများ အိပ်မပျော်နိုင် တလူးလူး တလွန့်လွန့်နဲ့ အချိန်တွေကုန်ခဲ့ရပြန်သည်။ အိပ်ပျော် သွားပြီးတဲ့နောက်မှာလည်း နောက်ဆက်တွဲ အိမ်မက်ဆိုးတွေက နှိပ်စက်လာပြန်တယ်။ သူမပါးမှာ ကြက်ဥလောက် အပေါက်ကြီးဖြစ်သွားလို့ တဲ့။ ခက်ပြီ။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရတော့မယ် ထင်ပါရဲ့။

--------------------------------------

မိုးလင်းလင်းချင်း လုပ်နေကျအတိုင်း မှန်တင်ခုံက မှန်ကိုကြည့်မိသည်။
အို- ဘာပဲဖြစ်ဖြစ် ခွဲပစ်လိုက်တာပဲ ကောင်းပါတယ်။ သူလဲ အူအတက်လိုဘဲ အပိုပစ္စည်းတခုဘဲလေ။ မြင်နေကျမှဲ့ကလေးက ခါတိုင်းလို ကိုယ့်စိတ်မှာ နှစ်သက်စရာကောင်းမနေဘဲ အကြမ်းဖက်သမားလက်ထဲက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတလုံးလို မြင်နေမိသည်။ သြော်- လူ့စိတ်များ ပြောင်းလဲတတ်ပုံ။

ဘာပဲပြောပြော လူသာမာန်တွေဟာ ကိုယ့်အသက်ကိုတော့ ကိုယ် အခင်တွယ်ဆုံးဘဲ မဟုတ်လား။

မိုးစက်ပွင့်

( လောလောဆယ် ဇန်န၀ါရီ ၁၄ရက်နေ့ ရက်ချိန်းယူထားပါတယ်၊ ခွဲပြီးရင် အတွေ့အကြုံလေးကို နောက်ဆက်တွဲ တင်ပါဦးမယ်)

Wednesday, 10 November 2010

အသက်လား....... သူခရီးသွားနေတယ်

တချို့ဓလေ့ထုံးစံတွေမှာ အသက်မေးတာ ရိုင်းတယ်ဆိုဘဲ။
အမျိုးသမီးတွေကို အသက်မမေးပါနဲ့  လို့ လည်း လူမှုအသိုင်းအ၀ိုင်းမှာ ပြောစမှတ်ရှိတယ်။
နောက်ပြီး ဘာတဲ့။ အမျိုးသမီးမိတ်ဆွေတွေရဲ့ မွေးနေ့ကို မှတ်ထားပါ၊ အသက်တွေကို မေ့ပစ်ပါ တဲ့။
ဒါကလည်း ဇရာက အမျိုးသမီးတွေရဲ့ ရန်သူ နံပါတ်တစ်လို့  ပြောချင်တာဖြစ်ပါလိမ့်မယ်။

ကျမတို့ လူမျိုးတွေမှာတော့ အဲဒီလို သတ်သတ်မှတ်မှတ် ကန့်သတ်ချက်ထားတာ မတွေ့ရပါဘူး။  အထူးသဖြင့် ကျေးလက်တောရွာတွေမှာပေါ့။  ပထမဆုံးတွေ့တဲ့ လူစိမ်းကို အသက်မေးကြတာဟာ သူတို့အတွက် ထူးတဲ့ ဆန်းတဲ့ အလေ့အထ မဟုတ်ကြပါ။  ဂါရဝေါစ နိဝါတောစ ဆိုတဲ့အတိုင်း အသက်အားဖြင့် ကြီးသောသူ၊ ဂုဏ်အားဖြင့်ကြီးသောသူ ဆိုတဲ့နေရာမှာ တနေ့တရက် တနံနက် ပိုကြီးရင်တောင် ရိုသေရမယ်လို့   လူကြီးသူမတွေက ဆုံးမခဲ့ကြတာကိုး။  ကိုယ့်ထက်ကြီးသူကို တန်းတူဆက်ဆံမိမှာ၊ အငယ်လို ဆက်ဆံမိမှာ သူတို့ အလွန်ကြောက်ကြတာလေ။

ကျမ  အဘွားလေး (အပျိုကြီး) တယောက်ရဲ့ ၀ါသနာက တမျိုးပါ။  အိမ်ရဲ့ လွတ်နေတဲ့ နေရာတိုင်းကို ကျောက်သင်ပုန်းသဖွယ် သဘောထားပြီး မြေဖြူခဲနဲ့  သူရေးချင်ရာရေးတတ်ပါတယ်။ ( Mr. Guiter  ဆိုင်က အုတ်နံရံမှာ စာရေးခိုင်းတဲ့ နေမျိုးဆေးရဲ့ အိုင်ဒီယာထက် သူက အများကြီး စောတာပေါ့)။  တခါတခါ ကျမ ပျင်းရင် သူရေးထားတာတွေ လိုက်ဖတ်ပြီး တအားရီရတယ်။  ဦးပဇင်း မြင့်ဦး တန်ဆောင်မုန်းလဆန်း ၄ရက်နေ့  ပြန်ကြွ ဆိုတာမျိုးလဲ ပါရဲ့။ နောက်တခါ အေးဘုံ-၅ရက်၊ လှသိန်း -ဂရက်၊ တင်ဦး- ၆-ရက် စသဖြင့်ပေါ့။ အဲဒါက အလုပ်သမားတွေရဲ့ လုပ်ရက်တွေပါ။  နောက်ပြီး သူ့လယ်ထွက်သီးနှံစာရင်းတွေ၊ အကြွေးစာရင်းတွေလည်း အိမ်နံရံမှာ မှတ်ထားတတ်သေးရဲ့။  အဲဒီ သူ့ရဲ့    ”Public Diary” ထဲမှာ ကျမ အပါအ၀င် မြေးတွေရဲ့ မွေးနေ့ကိုလည်း အလွတ်မပေးခဲ့ပါဘူး။  ကျမက အသက်လေး နည်းနည်းရလာတော့ ကန့်ကွက်ခဲ့ပါတယ်။  ဟိုလူမြင် ဒီလူမြင်နဲ့  အဖွားလေးရယ်- လို့။  သူကတော့ ဘာဖြစ်တုန်းဟဲ့ လို့ ပြောပြီး ဖျက်မပေးပါဘူး။

ကျမတို့ ငယ်ငယ်ကတော့ အရမ်းအသက်ကြီးချင်ခဲ့တာလေ။ ခန့်မှန်းခြေ အသက် ဆယ်နှစ်နဲ့  ဆဲ့လေးငါးနှစ်ကြားလောက်လို့  ထင်တာပဲ။  လူကြီးတွေ လူရာဝင်တာကို အားကျတတ်တဲ့ အချိန်ပေါ့။  မှတ်မှတ်ရရ  သူငယ်ချင်းတွေနဲ့  ထိုင်ပြီး “ ငါတို့  လူကြီးဖြစ်လာရင် --------ဘာလုပ်မယ်------” စသဖြင့်။ နောက်ပြီး “ငါ ငယ်ငယ်တုန်းက --------” ဆိုတဲ့ အကြောင်းတွေနဲ့   ကိုယ်ငါးနှစ် ခြောက်နှစ်လောက်က အကြောင်းတွေ ပြန်ပြန် ပြောတတ်ကြတော့ ကြားတဲ့ လူကြီးတွေက ရယ်ကြတယ်။  အဲဒီတုန်းက ကိုယ့်ကိုယ်ကို ကလေးလို့လဲမထင်၊ လူကြီးရယ်လဲမဟုတ်၊ ဘယ်လိုများသတ်မှတ်ထားခဲ့သလဲ မဆိုနိုင်အောင်ပါဘဲ။

တက္ကသိုလ်စတက်တော့ ဟောကျူတာကို မမ ၊ အဆောင်မှူးကို မမ လို့ဘဲ ခေါ်ရတယ်။  အဆောင်မှူးက ကြီးဒေါ်အရွယ်လောက်ဆိုတော့ ခေါ်ရတာ လည်ပင်းနင်သလိုလို၊ လျှာယားသလိုလို။  နောက်တော့လည်း အသားတကျရှိလာခဲ့။ 

Thursday, 4 November 2010

အသည်းကင်ဆာ နဲ့ ဆေးဝါး

အမေ့ အသည်းက ခွဲဖို့ ရက်ချိန်းယူပြီး တရက်အလိုကျမှ မခွဲဖြစ်တော့ပါဘူး။  ဖြစ်ပုံက ဒီလိုပါ။

မူလတတည်းက  အသည်းပါရဂူနဲ့ ခွဲစိတ်ပါရဂူ ဆရာကြီးနှစ်ဦးအနေနဲ့  အမေ့ စိတ်ဓါတ်၊ သွေးပေါင်ချိန်၊ နှလုံးနဲ့  ဆီးချိုကင်းတာတွေကိုကြည့်ပြီး နောက်တကြိမ်ခွဲဖို့  စိတ်အားထက်သန်နေကြပေမဲ့  ကျမတို့ သားသမီး တသိုက်ကတော့ ရတက်မအေးနိုင်ကြပါဘူး။ ပထမတကြိမ်ခွဲစိတ်တုန်းကလည်း အမေ့အသည်းက လေးပုံတပုံလောက် ဖြတ်ထုတ်ခံရပြီးပြီ၊ အခု အနာမကျက်ခင် ဒုတိယအကြိမ်ထပ်ပြီး ခွဲရဖြတ်ရ ဦးမယ် ဆိုတော့ အသက် ၇၀ ကျော် အမေအိုအတွက် အားလုံးရဲ့ ရင်က ခပ်လေးလေးရယ်။  ဒါနဲ့ပဲ  နောက်ထပ် ပါရဂူနှစ်ဦးနဲ့   သီးခြားစီ ထပ်တွေ့ခဲ့ကြပါတယ်။ 

ပထမတွေ့ခွင့်ရခဲ့တဲ့  ဆရာဝန်မကြီးက စီတီစကင်အဖြေ ဖလင်တွေချပ်ကို အလင်းရောင်ပိတ်ကားပေါ်မှာ ထပ်တင်လို့ ကျမတို့ကို အေးဆေး တည်ငြိမ်စွာနဲ့  ရှင်းပြပါတယ်။

  (၁) အမေ့အခြေအနေက အသည်းမှလွဲလို့  တခြား အစိတ်အပိုင်းများကို မပြန့်သေးတဲ့ primary  အဆင့် ၂ အသည်းကင်ဆာ ဖြစ်တယ်  (၂) နောက်တကြိမ် ထပ်ပြီး ခွဲစိတ် လှီးဖြတ်ရင်  လက်ကျန် အသည်းအရွယ်အစားက အလွန် သေးသွားမယ် (၃) ခွဲပြီးလို့  ကျန်နေတဲ့ အပိုင်းမှာလည်း ကင်ဆာအမြစ် ကျန်နေဖို့ များတယ်၊  အခုလိုပဲ နောက်ထပ် ပြန်ဖြစ်လာနိုင်တယ်  (၄) အခု ကင်ဆာကျိတ်ရှိနေတဲ့နေရာက အသည်းထဲက သွေးကြောကြီးနဲ့  အလွန်နီးတဲ့အတွက် ကင်ဆာဆဲလ်တွေတခြားကို  ပြန့်ဖို့  အထောက်အကူ အလွန် ဖြစ်နေတယ်၊  ပြန့်ပွားနှုန်း ပိုမြန်စေနိုင်တယ်   (၅) ဒါကြောင့် ခွဲစိတ်ခြင်းကို အားမပေးပါ  (၆) အကုန်အကျခံနိုင်ရင်တော့ နိုင်ငံခြားကို သွားကုကြည့်ပါ၊  ဒါမှမဟုတ်ရင်လည်း သက်တမ်းကို ဆွဲဆန့်နိုင်ဖို့    ကင်ဆာတန့်ဆေး တမျိုး သောက်နိုင်တယ်၊ အဲဒီဆေးက တရက် တသိန်းလောက်ကျမယ်တဲ့။ 

 ကြားရတာက မောစရာ တွေချည်းပါပဲ။ ဒါပေမဲ့ ဆရာမက အချိန် မိနစ် ၂၀ လောက်ပေးပြီး ရှင်းပြတဲ့အတွက် အထူး ကျေးဇူးတင်ရပါတယ်။ (အရင်ဆရာကြီးတွေတုန်းက ငါးမိနစ်၊ ဆယ်မိနစ် ထက် ပိုမရပါ)  သူမရဲ့ အကြံပြုချက်တွေက ကိုယ်တို့   အနေနဲ့  လူအား ငွေအား လိုက်မမီနိုင်တာပဲ ရှိပါတယ်။

နောက်တနေ့ သွားတွေ့တဲ့ ဆရာဝန်ကြီးက ကင်ဆာနဲ့ ခွဲစိတ်အထူးကုပါ။  အထူးပြု ဘာသာရပ်နှစ်ခုကို ကံကောင်းစွာ ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ကြီးပေါ့။  ဘာသာရေးစာပေအများအပြားကို ရေးသား ပြုစုခဲ့သူ ကိုယ်တိုင်လဲ တရားရှိသူမို့လားမသိ၊  သူ့ မျက်နှာက မာနကင်းစင်ပြီး တည်ငြိမ်အေးဆေးလို့နေတယ်။  အမေ့ ၀မ်းဗိုက်ကို သေသေချာချာ စမ်းသပ်တယ်။  အနာအကျင်သက်သာအောင်အောင် ဆေးထိုးပေးတယ်။ ပြီးတော့ လူနာရှင်နဲ့ သီးသန့်  စကား ပြောတယ်။  ဒီဆရာဝန်ကြီးကလည်း ခွဲစိတ်မှုထက် အခြား ကုထုံးများကိုသာ အလေးသာ နေပြန်ပါတယ်။  သူ ညွှန်းလိုက်တဲ့ ဆေးက Sorafenib  (Nexavar) တဲ့ ။  အဲဒီဆေး ရက်၂၀ သောက်ပြီးရင် တခေါက်ပြန်ဆေးစစ်၊ ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါမယ်တဲ့။

ဒါနဲ့ပဲ ဒုတိယအကြိမ် ခွဲစိတ်မှုကို ဖျက်သိမ်းလိုက်ပါတယ်။  (လူဆိုတာ မွေးလာရင် တနေ့ သေရမှာပဲ၊ အမေ မကြောက်ဖူး သိလား၊ သားတို့သမီးတို့  ကြို့က်သလိုကုပါ) လို့  ပုံအပ်ထားတဲ့ အမေက  ခွဲဖို့ စိတ်ဖို့ မလိုတော့လို့  ၀မ်းသာလိုက်တာ လို့  ပြောရှာပါသေးတယ်။  ကျမတို့ မျက်နှာတွေကတော့ မချိသွားဖြဲလေးတွေ ဖြစ်နေမယ်ထင်ပါရဲ့။

Thursday, 28 October 2010

သူက ကျမရဲ့ မောင်လေး

မောင်လေးရေ .....
ထပါတော့.......
ရောင်နီ လာမှပေါ့......
အဆိုတော် တင်တင်မြရဲ့ ကရုဏာသံအပြည့်နဲ့  ဆိုထားတဲ့ (တကျော့နှစ်ကျော့ တေးကိုသီ) သီချင်းလေးကို ကြားတိုင်း ကိုယ့်နေရာကို ၀င်ဆိုနေသလို ခံစားရတယ်။  ဘာကြောင့်လဲဆိုတော့ ကျမမှာ တစ်ဦးတည်းသော မောင်လေး တယောက် ရှိနေလို့ပါဘဲ။  သူငယ်ငယ်ကလည်း အိပ်ယာထ ပျင်းရှာသူကလေးပါ။ ငယ်ငယ်က ကျောင်းသွားဖို့ကို  ချိုချိုသာသာ နှိုးရာကနေ။  လေသံမာမာ၊ နောက်ဆုံး ဆွဲထူ ကိုင်လှူပ်ပြီးနှိုးရတဲ့အထိ သူက အအိပ်မက်ပါတယ်။

အဲဒီမောင်ကလေး မွေးကာစက အလိုလို “တဦးတည်းသော သမီး” ရာထူးလျှောသွားတဲ့ သုံးနှစ်သမီး ကျမက တော်တော်လေး မနာလို ဖြစ်နေခဲ့ဖူးသည်တဲ့။  ဒါနဲ့ဘဲ လူကြီးတွေရဲ့ attention ရအောင် တရှုံ့ရှူံ့ ငိုနေတတ်လို့   အမေက  “ သမီး ၊ ခဏခဏ ငိုရင် ပါးရေတွန့်ပြီး မျက်နှာကြီး ရုပ်ဆိုးတတ်တယ်” လို့    ပြောမှ တိတ်ခဲ့တာတဲ့ ။  နောက်တာ့  အရုပ်သစ် ကလေးတခုရသလို သူ့ကို တချီချီ တပွေ့ပွေ့နဲ့ ပျော်နေခဲ့ပြန်သည်။  ဒါပေမဲ့ သူ့အပေါ် ကျမ ဆိုးခဲ့ တာတွေ ရှိပါသေးသည်။  သူ့မျက်တောင် ရှည်ရှည် ကော့ကော့တွေကို “မျက်စေ့ရှုပ်တယ်” ဆိုပြီး ညှပ်ပစ်လိုက်လို့  တုံးတိတိ ဖြစ်သွားပြီး၊ မျက်တောင် အသစ် ပြန်ထွက်လာတော့ မကော့တော့ဘဲ စင်းစင်းကြီးတွေ ဖြစ်နေခဲ့တယ်လို့  အမေက ပြန်ပြောပြလေသည်။

 သူလေးနှစ်၊ ကိုယ် ခုနှစ်နှစ် လောက်ကစပြီး ကျမ ဆယ်နှစ်၊ ဆဲ့တစ်နှစ်လောက်အထိ တူတူဆော့ပါတယ်။ ကစားပွဲတွေမှာ ကျမက ဦးဆောင်သူဖြစ်လေတော့ သူက မိန်းကလေး ကစားနည်းတွေ လိုက်ဆော့ရ ပါတယ်။   ကျမတို့  သူငယ်ချင်းတသိုက် ကတိုင်းခုန်တိုင်း ဆော့ရင်ဖြစ်ဖြစ်၊ ဈေးရောင်းတမ်းကစားရင်ဖြစ်ဖြစ် သူ ပါပါတယ်။ ကျမက ဆရာဝန်လုပ်ရင် သူက လူနာလုပ်ရပြီး ၀ါးတံချွန်ချွန်လေးနဲ့ ဆေးထိုးခံရတယ်။ အမေ့စကပ်ဖ် ခေါင်းစည်းပုဝါတွေစည်းပြီး အလှပြင်ပေးရင်လည်း (အတူဆော့ချင်လွန်းလို့) သူက ခံပါတယ်။  ခေါ်လိုက်ရင် မိန်းကလေးလို ”ရှင်” ထူးခိုင်းပါတယ်။ စကားကို “ညည်း” “ကျူပ်” နဲ့  ပြောခဲ့ပါတယ်။ (တော်သေးတာပေါ့ ......  ကျမကြောင့် သူ ဂေး ဖြစ် မသွားခဲ့တာ)   နောက်ပိုင်းကျတော့ သူနဲ့  ညီအကို တော်ချင်လာပြန်တဲ့ ကျမက  “ကျွန်တော်” “ခင်ဗျား” နဲ့  သူ့ကို ပြောပြန် ပါတယ်။ တယောက်နဲ့တယောက် “ဟိတ်ကောင် .....ရေ” လို့  ခေါ်ကြပါသေးတယ်။  အသက် တဆဲ့လေး၊ငါးနှစ်လောက်ရောက်မှ  “မောင်လေး” “မမကြီး” ဆိုပြီး  ပုံမှန် ပြန်ဖြစ်သွားပါတယ်။  ကျမတို့က အဲဒီလို ခွတီးခွကျ မောင်နှမပါ။

Wednesday, 27 October 2010

ဒုတိယအကြိမ် အသည်းခွဲခံရခြင်း

သူငယ်ချင်းတို့ ရေ.......မိုးစက်ကို တမျိုးတော့ မထင်ကြပါနဲ့ နော်....( ကိုယ့်ဟာကိုယ် မရှင်းမရှင်း ခေါင်းစဉ်တပ်ပြီးခါမှ) 

ယောက္ခမ မေမေ ခွဲစိတ်ခံရတော့မယ်ဆိုတဲ့ အကြောင်း ဒီမှာ ရေးခဲ့ဘူးပါတယ်။ ကင်ဆာကျိတ်ရှိတဲ့ အသည်းကို သုံးပုံတပုံလောက် ဖြတ်ပြီးလှီးထုတ်လိုက်တာပါ။ သွေးတပုလင်းသွင်းရတဲ့ တနာရီခွဲကြာ ခွဲစိတ်မှုက အောင်မြင်တယ်လို့ ပြောကြပါတယ်။ ခွဲပြီးတာနဲ့ ဆေးရုံမှာ တပါတ်နားပြီး နယ်ကိုပြန်သွားလိုက်တာ အခု နှစ်လပြည်တော့့ check-up တခေါက် ပြန်လာပြရပါတယ်။

လက်ရှိ အမေ့ အခြေအနေကတော့ စားနိုင်သောက်နိုင် သွားနိုင် လာနိုင် ထူထူထောင်ထောင်ပါဘဲ။
“တချက်တချက်တော့ စစ်ကနဲ စစ်ကနဲ နာသေးတယ် သမီးရဲ့”  “အော်- အမေကလဲ အသည်းကြီးတခုလုံး ခွဲထားတာ ချူပ်ရိုးက နာဦးမှာပေါ့” “အင်း၊ အမေလဲ အရင်ဘ၀က ငါးအရှင်တွေ အများကြီး ဗိုက်ခွဲခဲ့တယ် ထင်ပါရဲ့ကွယ်၊ ဒီဘ၀မှာတော့ ငါးဆိုရင် အသေပဲ ၀ယ်စားတယ် သမီးရယ်”   တဲ့။
ဆေးခန်းမှာ ခွဲစိတ်ဆရာဝန်ကြီး ခိုင်းတဲ့အတိုင်း သွေးစစ်ရတယ်၊ အာထရာဆောင်း ရိုက်ရတယ်။
ကိုယ်ဖတ်တတ်သလောက် သွေးအဖြေတွေက အကုန် normal range ထဲ ၀င်နေတယ်။  အာထရာဆောင်းအဖြေမှာ အားလုံးကို  normal လို့ပဲ မှတ်ချက်ပေးထားတာမြင်ရတော့ အားလုံးက ပျော်နေတယ်။  အဖြေစာရွက်ရဲ့ ဒေါင့်နားမှာတော့  မဖတ်တတ်သော လက်ရေးစာလုံးတချို့ကို ( ???? ) တွေနဲ့ တွေ့တော့ စိတ်ထဲကတော့ ထင့်ကနဲ။

Monday, 13 September 2010

ကျမရဲ့ အသည်းကျော် ခွေးကလေးများ


ခွေးဟာ လူရဲ့ အကောင်းဆုံး မိတ်ဆွေ လို့   ပြောကြတယ်မဟုတ်ပါလား။  ခွေးတွေက တိရိစ္ဆာန်ထဲမှာ အသိဥာဏ်လည်း မြင့်ကြတယ်။ သခင်ကိုလည်း သစ္စာရှိကြတယ်။ ကျမဘ၀မှာ မှတ်မှတ်ရရ ပြောစရာဆိုလို့   အထက်တန်းကျောင်းသူဘ၀က ခွေးကလေးတကောင်၊ ၀န်ထမ်းဘ၀မှာ နောက်တကောင် မွေးခဲ့ဖူးတယ်။  သူတို့နှစ်ကောင်လုံးက လိမ္မာတာ၊ သစ္စာရှိတာ၊ ချစ်စရာကောင်းကြတာ အတူတူပါပဲ။

ပထမခွေးကလေးနာမည်က “ရာဟု”တဲ့။  ကျော်ဟိန်း ရုပ်ရှင်ကားတကားထဲက မင်းသားနာမည် ပါ။  သူ့ကို အဖေ ဘယ်က တောင်းယူလာလဲ မမှတ်မိတော့ဘူး။  အရွယ်က သားခွဲစလေးဘဲ ရှိသေးတယ်။   အညိုရောင် အင်းခွေးစပ်ကလေး။ အင်းခွေးဆိုတာ အနံ့ခံကောင်းပြီး (ကြိုးချည် မွေးရင်) သူစိမ်းကို ရန်မူတတ်လို့  ဗမာခွေးထဲမှာ အိမ်လုံတယ်လို့ နာမည်ကြီးပဲ။ ရန်စွာတဲ့ ဗီဇရှိတဲ့ အင်းခွေးလဲ လူဝင်လူထွက်များတဲ့ ကျမတို့အိမ်ရောက်တော့ လူယဉ်ပြီး အမြီးတနှံ့နှံ့နဲ့  ပေါချာချာကလေး ဖြစ်သွားတာပါဘဲ။ ကျမတို့ကလဲ ကိုက်ဖို့မွေးတာမဟုတ်၊ ချစ်ဖို့မွေးတာလေ။ သူ့ခေါင်းပိုင်းနဲ့ လည်ဆံမွေးက ကိုယ်လုံးထက် အများကြီး ရှည်တယ်။  ကိုယ်လုံးကျတော့ အမွေးတိုကပ်ကပ် ခါးသိမ်သိမ်လေးနဲ့မို့  ခြင်္သေ့နဲ့ တူတယ်။

သူက ဘာမဆို အရမ်းသင်ပေးလို့ကောင်းတယ်။  ပဲလှော်နဲ့ ထန်းလျက်ကြိုက်တယ်။ ထန်းလျက်ခဲကို သူ့အရပ်ထက် မြင့်အောင် ကိုင်ပြထားတာကို ခုန်ခုန်ဟပ်ရင်း နှစ်ပေကျော်သုံးပေလောက် ခုန်နိုင်တဲ့ “အမြင့်ခုန် ခွေးချန်ပီယံ” ဖြစ်သွားပါတယ်။ အမေတို့ကတော့ “လက်ကို ကိုက်မိမယ်” “ချက်ချင်းမကျွေးဘဲ ညှဉ်းဆဲရင် ငရဲကြီးမယ်” နဲ့  ပြောကြပေမဲ့  ကျမက ဇွတ်လုပ်တတ်သူလေ။ ရာဟုကလည်း ဘယ်တော့မှ လက်ကို မကိုက်မိအောင် ဖွဖွလေးငုံပြီး ယူစားတတ်ပါ့။  ပဲကြီးလှော်လေးများ တစေ့ချင်း ပစ်ပေးရင် ပါးစပ်နဲ့ လိုက်ဟပ်ဖမ်းတာ ဆယ်စေ့မှာ ရှစ်စေ့လောက်တော့ မိတယ်။  နောက်ထပ် တတ်တာတခုက ကုက္ကိုသီးခြောက် ကောက်စုတာပါ။  အမေက နွားစာကောက်တာကို မှတ်ထားပြီး လိုက်လုပ်တာလေ။  အိမ်ဘေးက ကုက္ကိုပင်မှာကောက်ပြီး အိမ်အောက်မှာ လာလာပုံထားတာ။ အိပ်ရင်တော့  ခွေးပျင်းလို ဘေးတစောင်း ခွေမအိပ်ဘဲ  ကျားလို သူ့လက်ကလေး နှစ်ဖက်ပေါ် မေးတင်ပြီး အိပ်တတ်ပါတယ်။

ခွေးတိုင်းတတ်အပ်တဲ့ အဌာရသထဲက အခြေခံဖြစ်တဲ့ လက်ပေးခြင်း ပညာ ကိုလည်း သူတတ်ပါတယ်။  ဟိုဖက်လက်ပေး၊ ဒီဖက်လက်ပေးနဲ့  သူ့ကို အမျိုးမျိုး ပြောင်းခိုင်းရတာ ပျော်စရာပါ။  နောက်ထပ် သူအတတ်ထူးပုံကတော့ “သီချင်းဆိုစမ်း” လို့  ခိုင်းလိုက်တိုင်း လည်တံလေးကိုမော့စင်းပြီး “၀ူး..အူး..အူး” လို့   အူတတ်တာ။ စိတ်တိုရင် “၀ု” လို့  အသံပြတ် တခွန်းပဲ အူပါတယ်။  “အရှည်......ကြီး ဆို” လို့  ပြောမှ နောက်ထပ် ပိုပြီး ရှည်ရှည် အူပြပါတယ်။ ကျမတို့အိမ်နဲ့ မနီးမဝေးမှာ အလယ်တန်း ကျောင်း ရှိတာမို့  သူအူတာကို သဘောကျတဲ့ ကျောင်းသားတွေက မုန့်ကျွေးကြပါတယ်။  မောင်မင်းကြီးသားက ကျောင်းလွှတ်ခေါင်းလောင်း ထိုးတာနဲ့   ကျောင်းဂိတ်ဝကို ပြေးစောင့်တော့တာပါဘဲ။  ကျောင်းလွှတ် ခေါင်းလောင်းနဲ့   အချိန်ပြောင်းခေါင်းလောင်းကို သူဘယ်တော့မှ မမှားပါ။ 

Saturday, 11 September 2010

ကျမရဲ့ ကြောင်ကလေး

ပြီးခဲ့တဲ့ညက Links ဆိုတဲ့ ဆိုမာလီစစ်ပွဲနောက်ခံ  ၀တ္တုကလေး ဖတ်နေရင်း အဲဒီအထဲမှာ  အဓိကဇာတ်ကောင်ရဲ့ သမီးကလေးမွေးထားတဲ့ 'Burmese Cat" ဆိုတာလေး တွေ့လိုက်ရတော့  တခါမှ မကြားဖူးလို့  စိတ်ဝင်စားသွားတယ်။  နောက်တနေ့ မနက်အထိတော့ စိတ်ရှည်ရှည်နဲ့  စောင့်ရတာပေါ့နော်။  နောက်နေ့ ဂူးဂဲလ် ထဲမှာ ရှာလိုက်တော့ ပုံနှင့်တကွ တွေ့ပါပြီ  'Burmese Cat" ဆိုတာလေးတွေ၊  အံမယ်- သူတို့ကလည်း  'Burmese Python" ကဲ့သို့  အမေရိကမှာ နာမည်ကြီးနေတဲ့ အိမ်မွေးသတ္တ၀ါလေး တမျိုးပါလား။  ၀ီကီ အဆိုအရ ၁၉၃၀မှာ  ဒေါက်တာ သွန်ပဆင် ဆိုသူက မြန်မာပြည်ကနေ အမေရိကကို  Wong Mau ဆိုတဲ့ ကြောင်ညိုမလေး တကောင် သယ်လာပြီး သူ့အရင် ရှိနေတဲ့ ထိုင်းကြောင်နဲ့စပ်ရာကနေ  'Burmese Cat"  မျိုးပွားလာခဲ့တာတဲ့..။ မြန်မာကြောင် မျိုးနွယ်ကလေးတွေက တခြား ကြောင်တွေထက်စာရင် ယဉ်ပါးတယ်၊ လူခင်တယ်၊ ဥာဏ်ကောင်းတယ် တဲ့။   သူတို့က အဆော့သန်ပြီး သူ့ထက်ကြီးတဲ့ ကြောင်တွေကိုတောင် ခုခံနိုင်တယ်တဲ့။ သူတို့ အမွေးက တိုတဲ့အတွက် ညှပ်ပေးစရာ မလိုဘူး။ သူတို့ရဲ့အသံက ထိုင်းကြောင်တွေထက် နူးညံ့ချိုသာတယ်၊  သခင်ကို တွယ်တာတယ်၊  တကောင်တည်း သီးသီးသန့်သန့် မနေတတ်ဘူးတဲ့။

 You Tube  ထဲမှာလည်း  မြန်မာ ကြောင်ကလေးတွေ ပုံစံအမျိုးမျိုးတွေ့ရလေရဲ့။  ဒါပေမဲ့ ကျမ တွေ့ရသလောက် အားလုံးက ချောကလက်ရောင်၊ အညိုရောင်၊ အနက်ရောင် ဂျစ်ကန်ကန် ဂျစ်ပစီ ရုပ်ကလေး တွေပဲများတယ်။ အဲဒီ You Tube မှာဘဲ လူတွေကတော့ ချစ်စရာ ကောင်းလိုက်တာ ဘာညာနဲ့  ချီးကျူးထောပနာ ပြုနေကြပေမဲ့ ကျမမျက်စေ့ထဲတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ အတွေ့များတဲ့ အဖြူဆွတ်ဆွတ် ၊ အဖြူအနက်ကျား၊ အ၀ါစင်းကျား ကြောင်ကလေး တွေလောက် လှတယ်လို့  မထင်တာ အမှန်ပါ။
 မြန်မာပြည်မှာရှိတဲ့  မြန်မာကြောင်ကလေးတွေမှာ အ၀ါရောင်အများဆုံးလို့   ကျမ ထင်ပါတယ်။ ကြောင် ကာလာ ဆာဗေးတော့ မလုပ်မိဘူးပေါ့နော်။  ဒါပေမဲ့ ကြောင်နံမည်တွေဆိုရင် “ရွှေဝါ” လို့  ခေါ်တာ များတယ်မဟုတ်လား (ကောင်းလိုက်တဲ့ လောဂျစ်)။  အဲ - ဖြူတုတ်တို့    မိကျားတို့တော့ ရှိတာပေါ့လေ။  ဘုန်းကြီးကျောင်းမှာတော့ ကြောင်အနက်တွေ တော်တော်များများ တွေ့ရတယ်။  လူတွေက အိမ်မှာ ကြောင်အနက် မွေးရင် ခိုက်တတ်တယ် လို့   အယူရှိကြတယ်လေ။  ကြောင်အနက် မွေးရင် ဘုန်းကြီးကျောင်း ပို့ပစ်တာ များတယ်။ “မကောင်း ကျောင်းပို့“ ဆိုတဲ့စကားက အဲဒီက ပေါ်လာတာလားမသိ။

Tuesday, 17 August 2010

အမေ့ကို ဘယ်လိုပြောရပါ့


အခုတလော မိုးစက်ပွင့်တယောက် မအားလပ်နိုင်အောင်ဖြစ်နေရပါတယ်။ အကြောင်းကတော့  သူ့ရဲ့မေမေ (ကိုယ့်ယောက္ခမ) တော်တော်လေး နေမကောင်း ဖြစ်နေလို့ပါ။  အမေ့ ၀မ်းဗိုက်ညာဖက်ခြမ်းက တင်းတင်းပြီး  နည်းနည်းနာနေလို့     ဆေးခန်းလာပြတာပါ။ အထွေထွေကု ဆရာဝန်ကြီးက ၀မ်းဗိုက်ပိုင်းကို အာထရာဆောင်း၊ ဓါတ်မှန် နဲ့   CT scan ရိုက်ခိုင်းပါတယ်။ result ဖတ်ပြီးတော့ ဆွေမျိုးလိုခင်တဲ့ ဆရာဝန်ကြီးရဲ့ မျက်နှာသိပ်မကောင်းတော့ဘဲ အသည်းအထူးကု ဆရာဝန်ကြီးတစ်ယောက်ဆီကို ထပ်လွှဲပါတယ်။ လိုအပ်ချက်အရ ပင်လုံဆေးရုံမှာ နောက်ထပ် တကြိမ် CT scan အသေးစိတ် ထပ်ရိုက်ရပြန်ပါတယ်။  နောက်ဆုံးတော့ ထွက်လာတဲ့ အဖြေက early stage of liver cancer တဲ့။  နှစ်ခါတောင်စစ်ပြီးပြီမို့  သေချာနေပေမဲ့  မယုံဘူး မယုံဘူးလို့ စိတ်ထဲက ဇွတ် ငြင်းနေမိတယ်။  ပင်ပန်းမှာစိုးလို့ဆိုပြီး အမေ့ကို အိမ်မှာထားခဲ့တယ်။ ကိုယ်တို့ နှစ်ယောက် ဆေးခန်း ပေါင်းစုံကို ခြေရာချင်းထပ်အောင် သွားပြီး အမေ့အတွက် အသင့်တော်ဆုံး ကုထုံးကို ဆရာကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ အသည်းရဲ့ သုံးပုံတစ်ပုံကို လှီးဖြတ်ပစ်ရမယ်  တဲ့။ အသည်းက မူလအရွယ်ရဲ့ ရှစ်ပုံတပုံ ကျန်တဲ့အထိ ကာယကံရှင် အသက်ရှင် နေနိုင်သေးသတဲ့။  အံ့သြစရာ ပါပဲလား။

အဲဒီအချိန်မှာ အဓိကမေးခွန်းက အမေ့ကို သူ့ရောဂါအကြောင်း အမှန်အတိုင်း ပေးသိမလား၊ ပေးမသိဘူးလား ဆိုတာပါ။  အမေက ဆေးပညာအကြောင်းလဲ သိပ်မသိတော့ ကိုယ်တို့  မျက်နှာရိပ်မျက်နှာကဲပဲ ဖတ်နေတာပါ။  သူအကြောက်ဆုံးကလဲ (အမေ့အစ်ကိုအရင်းတယောက် လပိုင်းအတွင်း ဆုံးပါးဘူးတာမို့) အဲဒီအသည်းကင်ဆာပါ။  ဖွင့်ပြောလိုက်တော့မှ အမေက စိတ်အားငယ်ပြီး ပိုဆိုးသွားမှာလား။ နောက်ဆုံးတော့  ပြောလိုက်ရင် သူသိပ်စိတ်ဓါတ်ကျသွားမှာစိုးတာနဲ့  ကိုယ်တို့က ရိုးရိုးအကျိတ် လို့ဘဲ ပြောထားခဲ့ပါတယ်။  “ကင်ဆာကျိတ် မဟုတ်ဖူးတဲ့”- အဖေ့ဆီကို လှမ်းဖုံးဆက်ရင်း  ပျော်နေတဲ့ အမေ့မျက်နှာကို ကိုယ်တို့  စေ့စေ့ မကြည့်ရဲပါဘူး။

တခါက ၀မ်းကွဲအစ်မ ဆရာဝန်မက ပြောဖူးပါတယ်။  အခုခေတ်ဆေးပညာလောကမှာ လူနာကို ရောဂါအကြောင်း သေသေချာချာ ရှင်းပြရမယ် ဆိုတဲ့ အယူအဆ ပိုပြီးတွင်ကျယ်လာတယ်တဲ့။ အဲဒါ ဆေးလောကရဲ့  ethic  ပဲ တဲ့။ လူနာစိတ်ချမ်းသာအောင် ဆိုပြီး လှည့်ပတ်လိမ်ညာတာမျိုးမလုပ်ရဘူး။ အဲဒါ လူနာရဲ့ အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဘဲ  တဲ့။  သူပြောတုန်းက ကိုယ်သဘောကျ၊ သဘောတူခဲ့တယ်။  ကိုယ်ကိုယ်တိုင်သာဆိုရင် ကိုယ့်ရောဂါကို အမှန်အတိုင်းသိချင်မှာဘဲ လို့လည်း တွေးမိခဲ့တယ်။  ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ  ရောဂါပြင်းနေတဲ့ လူနာတွေကို ဆရာဝန်တွေက သူဘယ်လောက်ပဲ အသက်ရှင်တော့မယ်ဆိုတာ ပြောပြောပြနေတာလည်း တွေ့ဖူးနေကျပဲလေ။  

အင်း ဒါပေမဲ့ ဒီလိုကိစ္စမျိုးကလည်း ဖွင့်ပြောတဲ့သူက  counseling  သဘောတရား နားလည်နေရမှာဖြစ်သလို ခံယူသူကလည်း တည်တည်ငြိမ်ငြိမ်လက်ခံနိုင်တဲ့ အရည်အချင်းရှိဖို့ လိုတယ်လို့ ကိုယ်ထင်တယ်လေ။  လူနာတယောက် ကို ၃မိနစ်၊ ၅မိနစ်ထက်ပိုပြီး အချိန်မပေးနိုင်တဲ့ ဒီကအထူးကုဆရာဝန်ကြီးတွေက ဘယ်လို  counseling သေသေချာချာ ပေးနိုင်မှာလဲ။ ကိုယ်တို့လို  ဆေးပညာအကြောင်း ဘာတခုမှ ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့သူတွေကဆို ပိုဆိုးသေး။  လူနာကို ဘယ်လို အကောင်းဆုံး မက်ဆေ့ခ်ျပေးပြီး ရှင်းပြနိုင်မှာလဲ။   ဒါတွေက အခုတလော ရင်ထဲမှာ ဗြောင်းဆန်နေတဲ့ အတွေးတွေပါ။ 

လောလောဆယ်တော့ အမှန်တ၀က် မုသားတ၀က် စကားလေးတွေနဲ့  အမေ့ရဲ့ ကျမ်းမာရေးကို ၀ိုင်းစောင့်ရှောက်နေကြတယ်။  အကျိတ်ရှိတဲ့ အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဆရာဝန်ကြီးက အောင်အောင်မြင်မြင် ဖြတ်ထုတ်လိုက်လိုက်တယ်။ ခွဲစိတ်ချိန် တနာရီခွဲကြာပြီး ခွဲစိတ်မှုအောင်မြင်တယ်။ သွေးနှစ်ပုလင်းသွင်းရတယ်။   အမေ့ကို ဖုံးကွယ်ထားတာ ကိုယ်တို့မှားသလားမှန်သလား မသိပါ။ အမေက နာကျင်လွန်းလို့  နဖူးမှာ ချွေးတွေသီးနေပေမဲ့ တရားနှလုံးသွင်းပြီး ဝေဒနာကို ဖြေဖျောက်နေခဲ့တယ်။ စိတ်ပူနေတဲ့ သားသမီးတွေကို ပြောသေးတယ်... “အမေနေကောင်းလာရင် လိမ္မော်သီး ၀ယ်ကျွေးနော်” တဲ့။  စိတ်ချပါအမေရယ်။  သားတွေ မြေးတွေကို အချစ်ကြီးတဲ့အမေ၊ ဒီအရွယ်အထိ ထမင်းမြိန်မဲ့ လက်ရာလေးတွေကို မညည်းမညူတမ်း ချက်ပြုတ်ကျွေးတတ်တဲ့ အမေ၊ အချိန်အားတိုင်း တရားဓမ္မနဲ့ မွေ့လျော်တတ်တဲ့အမေ။ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လဲလျောင်းပြီး အေးချမ်းတဲ့ မျက်နှာလေးနဲ့  အိပ်ပျော်နေတဲ့ အမေ့ကို ကြည့်ရင်း အိမ်မက်လှလှလေးများသာ မက်ပါစေလို့  ဆုတောင်းနေမိပါတော့တယ်။

မိုးစက်ပွင့်

Thursday, 24 June 2010

ဘောလုံး နှင့် မိုးစက်ပွင့်

ဘလော့တော်တော်များများမှာ ဘောလုံးအကြောင်း ရေးထားလို့    .... သူငယ်ချင်းတယောက် ခေါက်ဆွဲစားရင်း ဘောလုံးပွဲကြည့်တဲ့ ပို့စ်လေးတစ်ခုကို ဖတ်မိလို့    သဘောကျပြီး ရောရောင်လိုက်ပီး ရေးမိတာပါ။

ခေါင်းစဉ်ကိုကြည့်ပြီး မိုးစက်ပွင့်တို့   အမျိုးသမီးဘောလုံးအသင်းမှာ ပါခဲ့ဘူးသလား၊ မိုးစက်ပွင့်ဆိုတာ အခုတလော ဘောလုံးကန်ဖို့ ကျင့်နေတဲ့ မော်ဒယ်မလေးတွေထဲက တစ်ယောက်ယောက်များလားလို့  မထင်လိုက်ကြပါနဲ့ နော်။  လုံးဝ လုံးဝ မဟုတ်ပါဘူး လို့။  

ငယ်ငယ်ကတော့ အလုံးကလေးတစ်လုံးကို ဟိုဖက်ဆဲ့တစ်ယောက် ဒီဖက်ဆဲ့တစ်ယောက် ၀ိုင်းကန်တာကို ဘာလို့များ လူတွေ သည်းသည်းလှုပ်ကြပါလိမ့်ဆိုတဲ့ စကားလေးတစ်ခွန်းကိုကြားပြီး ထောက်ခံချင်သလိုလို ဖြစ်ခဲ့ဖူးတယ်။  ကိုယ့်မောင်လေး ရွှံ့ထဲရေထဲ မိုးထဲ ဘောလုံးကန်နေရင်လဲ စိတ်ပူ စိတ်တို ခဲ့ရသေးတယ်။  ပထမဆုံး ဘောလုံးနဲ့   ပါတ်သက်ခဲ့ရတာက ကိုယ်တို့   ရွာကလေးက မြို့နယ်ဖလားရခဲ့တဲ့ အချိန်မှာပေါ့။  ဖိုင်နယ်ပွဲစဉ်မှာ ရွာကလူတွေ တော်တော်များများ ကားတွေငှားလိုငှား၊ လှည်းတွေ၊ စက်ဘီးတွေ ရရာနဲ့  မြို့က ဘောလုံးကွင်းမှာ အားပေးကြတာပါ။  မိုးစက်တယောက်လည်း ပါလေရာငပိချက် ဖြစ်ခဲ့ပြီး ပွဲစဉ်တစ်ယောက် အော်လိုက်ရတာ အသံပြာပြီး အသံဝင် မတတ်ပါဘဲ။   ရွာထဲက အဒေါ်ကြီးတွေဆိုရင် ဘောလုံး သမား နာမည်တွေခေါ်ခေါ်ပြီး အားပေးလိုက်ကြတာ ခါးကလုံချည်လျောကျတာတောင် သတိမထားမိခဲ့ပါဘူး။  တကယ်ဆိုရင် တဖက်အသင်းကို နိုင်ဖို့  မလွယ်လှပါဘူး။ တကယ်တော့ တဖက်အသင်းက အချိတ်အဆက်မိမိ အကွက်ချ ကစားနေတာပါ။  ကျမတို့ဘက်က အသင်းကတော့ သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်မို့   တွေ့ရာကြုံရာ ဆွဲကန်ရင်း တဖက်အသင်းရဲ့ အကွက်တွေ ပျက်သွားခဲ့ရတာပါ။  ကိုယ်တို့  ဂိုးသမားကလည်း အရပ်ခြောက်ပေခွဲလောက်ကလန်ကလားနဲ့   သူ့ခြေတံလက်တံကြီးတွေနဲ့   ဘောလုံးကို အမိအရ ဟန့်တားပိတ်ဆို့  နိုင်ခဲ့လို့   နောက်ဆုံးမှာ သောင်းသောင်းဖျဖျ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။   ဆူဖလားကြီးကို တနှစ်တာ လက်ဝယ်ပိုင်ဖို့  သယ်ဆောင်လာရတဲ့ အချိန်မှာ ကြည်နူးပီတိ ခံစားရတာဟာ မဖေါ်ပြတတ်အောင်ပါဘဲ။  ဒီတော့မှ ဘောလုံးပွဲဟာ အလုံးကလေးတစ်ခု ဂိုးတိုင်ပေါက်ထဲဝင်တဲ့အခါ ခံစားရတဲ့ အောင်မြင်မှုအသေးစားကလေးတွေ၊ အဲဒီကနေမှ တပွဲလုံးနိုင်လို့  ပြိုင်ဘက်အပေါ် အနိုင်ယူလိုက်နိုင်တဲ့ အောင်မြင်မှု ကနေရတဲ့   ပီတိတွေ၊ ဒါ့အပြင် အဲဒီ အောင်မြင်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်ပါတ်သက်သယောင်ယောင် ကူးစက်ခံစားရတာတွေပါ  ရောနှော ပါဝင်နေတာကို  ကိုယ်တိုင်ခံစားလိုက်ရပါတယ်။  ရွာကိုပြန်ရောက်တော့  အားလုံးက ရက်ပေါင်းများစွာ ကြာတဲ့အထိ ဘောလုံးပွဲ အတွေ့အကြုံကို  တခုတ်တရ ပြောကြဆိုကြ ဖြစ်နေတာကိုလည်း  မှတ်မိပါသေးတယ်။

နောက်တော့ ကွဲပြားစွာ နားလည်လာခဲ့ရတယ်။ တကယ်တော့ အဲဒီ လိမ့်နေတဲ့အလုံးလေးတွေထဲမှာ ကိုယ့်အသင်းအတွက် ပရိသတ်တွေရဲ့ စိတ်ခွန်အားတွေ သတ္တိတွေ ဇွဲမာန်တွေ မျှော်လင့်ချက်တွေ စနစ်တကျ ထုပ်ပိုးထားခဲ့သလိုပါဘဲ။  ဘောလုံးပွဲနဲ့ ၀ါသနာရှင်တွေအပေါ် နားလည်မှု သာ ရှိလာခဲ့ပေမဲ့ ကိုယ်တိုင် စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်တဲ့ အဆင့်ကိုတော့ မရောက်ခဲ့ပါဘူး။

နောက်တကြိမ် ဘောလုံးနဲ့  ပါတ်သက်တာက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကမ္ဘာ့ဖလား ပွဲစဉ်တခုပါ။  ကျမတို့ သူငယ်ချင်းတစုနဲ့  လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိသူက ဘောလုံးဝါသနာရှင်ပါ။  သူက အသင်းတိုင်းရဲ့ ဘောလုံးသမားတိုင်းကို သိနေပါတယ်တဲ့။  သူနောက်တနေ့   စိတ်ဝင်တစား ပြောမဲ့ အကြောင်းအရာတွေကို နားလည်ဖို့ရာအတွက် ညတနာရီ နှစ်နာရီအထိထိုင်ပြီး ကိုယ်စောင့်ပြီး ဘောလုံးပွဲကို ကြည့်ပါတယ်။  ဒီလိုနဲ့ အ၀ါကတ်တွေ အနီကတ်တွေ ပြစ်ဒဏ်ဘောတွေ ထောင့်ကန်ဘောတွေ ဥပဒေသတွေကို နားလည် လာခဲ့ရပါတယ်။  သူ့ကိုနားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ သူကတော့ ဒါတွေကို သိခဲ့ပုံ မပေါ်ပါဘူး။  နောက်ဆုံး သူနဲ့   နောက်ဆုံး စိတ်ဝမ်းကွဲခဲ့ရတာလဲ  ဘောလုံးပွဲကြည့်နေရင်း ချိန်းထားတာ မေ့သွားလို့ဆိုတဲ့ ဆင်ခြေတွေကို တခါမက အခါခါ ကြားလာရတဲ့အခါ သူ့ရဲ့အလေးမထားမှုတွေက သိပ်ကို သိသာလာတဲ့အခါ ရင်နာစွာ မေ့ဖို့ကြိုးစားခဲ့ရတာပါဘဲ။

ကိုယ့်ရဲ့ မူပိုင်ရှင်ဖြစ်လာခဲ့တဲ့သူကလည်း တိုက်တိုက်ဆိုင်ဆိုင် ဘောလုံးဝါသနာအိုးတယောက်ပါ။  တောင်ပေါ်မြို့ကလေးမှာ တာဝန်ကျလို့  ကိုယ်တယောက်တည်း နေရတဲ့အခါမှာ သူ့ကို ဖုန်းဆက်လို့   ဘာလုပ်နေလဲလို့  မေးလိုက်တဲ့အခါတိုင်း  ဘောလုံးပွဲရှိတဲ့အချိန်ဆိုရင် သူ ကြည့်နေတာ များပါတယ်။  ကိုယ်လဲ ဘာရမလဲ ဒီဖက်ကနေ တီဗီဖွင့်ပြီး ကြည့်လိုက်တာပေါ့။  ဖုန်းထဲကနေ ”ဟော ဟော ဂိုးတော့မယ်“  ” ဟာ အနီကတ်ထိသွားပြီ“  “ ဆွဲထားတယ် ဆွဲထားတယ်” နဲ့    ပြောရင်းဆိုရင်း အတူတူကြည့်ကြတာပါ။  တခါတခါ တယောက်ထဲဆိုတာ မေ့သွားပြီး ကိုယ့်အနားမှာ သူထိုင်ပြီး ဘောလုံးပွဲကြည့်နေတယ်လို့   ခံစားရတယ်။  အဲ့လို ဘောလုံးပွဲ ကြည့်ခဲ့ရတာ အရမ်းပျော်စရာကောင်းပါတယ်။  

ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲရာသီမှာကတော့  ကိုယ့်မှာ ကြည့်ဖို့  အခွင့်မသာတော့ပါဘူး။  ကြုံလို့ သူပြန်ပြောပြတဲ့ ပွဲစဉ်တွေအကြောင်းကိုပဲ နားထောင်ပေးခဲ့တယ်။  သူ့ဝါသနာလေးက သူ့ကို တယောက်ထဲ အထီးကျန် ဖြစ်မနေစေတာကိုပဲ ၀မ်းသာနေမိတယ်။  ကိုယ်မရှိတဲ့အချိန်တွေမှာ သူ့ကိုအဖေါ်လုပ်ပေးလို့   အရမ်းကို ကျေးဇူးတင်ပါတယ် ဘောလုံးလေးရယ်။

(နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်တယ် ...လို့   .....ဆိုဆို)

မိုးစက်ပွင့်

Monday, 21 June 2010

ကိုယ်ရှိတဲ့နေရာ

ကိုယ်ရှိတဲ့နေရာမှာ ဇွန် ၁၅ရက်ကစပြီး  ဒီလိုဒီလိုတွေ ဖြစ်နေခဲ့လို့  .......


လူတွေလဲ ဗင်းနစ်မြို့ကို ရောက်နေသလိုပဲပေါ့။ အဲဒီ ရေထဲလမ်းလျှောက် သွားနေတဲ့ လူတွေထဲမှာတော့ ကို.ယ်မပါပါဘူးနော်........ ရေကျသွားတဲ့အခါကျတော့  လောလောဆယ် ဒါမျိုးဒါမျိုးလေးတွေ နည်းနည်းပါးပါး များများစားစား ဖြစ်ကျန်ခဲ့တယ်...........

သူတို့အတွက် ကိုယ် တတ်နိုင်သလောက် ကူညီစီစဉ်ပေးနေရတာနဲ့   ပါတ်သက်ပြီး  အရမ်းအလုပ်ပွေနေပါတယ်.....  ဒါနဲ့ပဲ  အိမ်လည်ဖို့  စာဖတ်ဖို့  အကြွေးတွေ အများကြီး ဖြစ်နေပြီ.... နေနှင့်ဦးပေါ့ - တေးထားတယ် သိလား...


သေချာတာ တစ်ခုကတော့ လောလောဆယ် ကိုယ်ရှိတဲ့နေရာဟာ သူမရှိတဲ့နေရာပါပဲ.....အားပေးဖေါ်မဲ့စွာ (သနားမလားလို့   .......ပြောကြည့်တာ..ဟာဟ) ... သနားစရာအသံလေးနဲ့   အဝေးဖုန်းတွေ ပြောပြောနေမိတယ်...။ သို့ပေမဲ့  လူကတော့ အလတ်ကြီး အလန်းကြီးပါဘဲ...။

သူငယ်ချင်းအားလုံး ကျမ်းမာ ပျော်ရွှင်ကြပါစေ....

မိုးစက်ပွင့်

(Photo Credit:  TZ, TTL)

Wednesday, 31 March 2010

လွမ်းပါဘိ အမိတက္ကသိုလ်

လွမ်းစရာအတိတ်ဆိုတာ လူတိုင်းကိုယ်စီ ရှိကြစမြဲပါ။
တက္ကသိုလ်၊ တက္ကသီလာ၊ မြကျွန်းသာ၊ စိန်ပန်းမြေ၊ ကံ့ကော်မြေ၊ စတဲ့ အမည်အမျိုးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ လှပတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာရင်နို့ သောက်စို့ခဲ့ကြသူတိုင်း ဘယ်တော့မှမမေ့နိုင်တဲ့ အတိတ်ကလေးတွေ ရှိကြစမြဲ။  ချစ်သူရှိသူဖြစ်စေ ချစ်သူမရှိသည်ဖြစ်စေ အနည်းနည်းအဖုံဖုံ ပျော်ရွှင်စရာ ကာလလေးတွေကို မျှဝေ ပေးတတ်စမြဲ။  မိခင်ဟာ သူ့သားသမီးတွေကို ဆိုးဆိုးကောင်းကောင်း  တော်တော်ညံ့ညံ့ ဆင်းရဲချမ်းသာမရွေး မေတ္တာဓါတ်အပြည့်ပေးနေသလို အမိတက္ကသိုလ်မြေကလည်း နွေးထွေးသော မေတ္တာဓါတ်တွေကို အစဉ် ထုတ်လွှတ်ဖြန့်ကျက်ပေးနေသလိုပါဘဲ။  ဒါကြောင့်လည်း အတောင်အလက်စုံလို့ အမေ့ရင်ခွင်က ထွက်ခွာသွားခဲ့တဲ့သားသမီးတွေရဲ့ လွမ်းချင်း တမ်းချင်း ကဗျာတွေ စာတွေ သီချင်းတွေက အနုညာ ပန်းစုံတောမှာ ရေတွက်မကုန်အောင် များပြားလှသည်လေ....။
                       ရန်ကုန်တက္ကသိုလ်ဆိုတာ ခန့်ထည်တဲ့ ဗိသုကာလက်ရာမွန်တွေနဲ့   ရင့်ကျက်တည်ငြိမ်တဲ့နေရာ၊  ရှည်ကြာတဲ့ သမိုင်းကြောင်းနဲ့    အမှတ်တရဖြစ်စရာ၊ ပျော်စရာ၊လွမ်းစရာ၊ ကြေကွဲစရာ၊ ဂုဏ်ယူစရာ၊ တမ်းတစရာ အတိတ်ပေါင်းများစွာကို သူ့ရင်ဘတ်ထဲမှာ သိုမှီးသိမ်းဆည်းထားတဲ့နေရာ။  လှတဲ့ပန်း၊ မွှေးတဲ့ပန်း၊ အညတြပန်း၊ ပင်မြင့်စံပန်း၊ အရိုင်းပန်း အားလုံးတို့ စုစည်းခုံလှုံရာ ဥယျာဉ်သာ။  ကိုယ်လဲ အဲဒီပန်းတွေထဲက မလှမပ အညတြပန်းကလေး တစ်ပွင့်ရယ်ပါ။
                        ပထမဦးဆုံး အမိတက္ကသိုလ်ကို ခြေချတာနဲ့  ကျွန်မအာရုံကိုဖမ်းစားလိုက်တာက သစ်ပုတ်ပင်ကြီးပါ။  သက်တမ်းဘယ်လောက်ရှိမှန်းမသိပေမဲ့ တော်တော်ကို ရင့်ကျက်အိုမင်းနေတာ သေချာပါတယ်။  တက္ကသိုလ်နယ်မြေကြီးတစ်ခုလုံးကို သူ့လက်တံ ရှည်မားမားကြီးတွေ ဖြန့်မိုးပြီး စီးကြည့်နေသလား ထင်ရပါတယ်။  သူ့ရဲ့   ရင်ကွဲမြစ်ဆုံကြီးနားကိုသွားပြီး ဓါတ်ပုံမရိုက်ဖူးတဲ့ ကျောင်းသူ မရှိလောက်ဘူးထင်ပါရဲ့။  သူက ဇွဲသတ္တိ အားမာန်တွေရဲ့ သင်္ကေတ ထင်ပါရဲ့။ နာဂစ်တိုက်တုန်းကတောင် သူကြံ့ကြံ့ခံနိုင်ခဲ့တယ်။  ဒီမှာလေ - သူ့အကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာလေး...။


သစ်ပုတ်ပင်


နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ


တင်မင်းထက်
၂ဝဝ၉


                                နောက်ထပ် အထင်ကရနေရာတစ်ခုက ဘွဲ့နှင်းသဘင်ခန်းမကြီးပါ။  သူ့ရှေ့က အဓိပတိလမ်းမကြီးကို ခပ်တည်တည် ငေးစိုက်လို့  ။ သူ့ရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ကလည်း ၀င့်ဝင့်ကြွားကြွား၊ လက်ရာမြောက်လှပါဘိတယ်။  ကိုယ်မြင်ခါစက ဘာကြောင့် ဒီခန်းမကြီးကို သစ်သစ်လွင်လွင် ဆေးမသုတ်သလဲလို့  မေးကြည့်ဘူးတယ်။  ကိုယ့်ထက် နှစ်တန်းကြီးတဲ့ အစ်ကိုဝမ်းကွဲက သူကြားဖူးတာကို ဖေါက်သည်ချပါတယ်။  “ဘွဲ့နှင်းသဘင်တို့၊  ဂျပ်ဆင်တို့ ၊ ကို ဆေးမသုတ်ရဘူး၊  ဟိုးခေတ်ကဆောက်ထားတဲ့ အင်းဝ၊ ပဲခူး၊ ရွှေဘို စတဲ့အဆောင်တွေကို အနီရောင်ကလွဲလို့ တခြားအရောင် မသုတ်ရဘူး၊  အဓိပတိလမ်းမအ၀င်က တံခါးကို ဘယ်တော့မှ မပိတ်ရဘူး၊ ခိုက်တတ်တယ်၊ သွေးထွက်သံယို ဖြစ်တတ်တယ်” တဲ့။  သူပြောတာ သိပ္ပံနည်းကျမဟုတ်ပေမယ့် နာခံတတ်တဲ့ ကျွန်မက ခေါင်းတညိတ်ညိတ်ပေါ့။ တကယ်တော့ သမိုင်းဝင် နေရာတွေကို ရှေးလက်ရာမပျက် ထိမ်းသိမ်း စောင့်ရှောက် ထားသင့်တယ်ဆိုတာ တော်တော်ကြီးလာမှ သိတာပါ။
                 ဘွဲ့နှင်းသဘင်ရှေ့က  တရုတ်စကားပင်ကြီးကလည်းသူ့ပန်းပွင့် ဖြူလွလွလေးတွေကို မြက်ခင်းစိမ်းပေါ် ခြွေချလို့။   ကချင်လွယ်အိတ်နဲ့  ဆံပင်ရှည်ကောင်မလေးတွေ၊  လွယ်အိတ် အမွေးဖွားဖွားနဲ့    ခေတ်ဆန်ဆန် မိန်းမပျိုလေးတွေက  မြက်ခင်းပေါ်မှာ အလှဆုံးပို့စ်တွေပေးလို့ ။  ရယ်သံလွင်လွင်လေးတွေက ပေါ့ပေါ့ပါးပါး။  ရန်ကုန်တက္ကသိုလ်ရဲ့ နာမည်ကြီးဓါတ်ပုံဆရာ ဦးစိန်ဝင်းကလည်း မချောလေးတွေကို လှသထက်လှအောင် လက်စွမ်းပြနေလေရဲ့...။  မနီးမဝေး အုတ်ခုံပေါ်မှာတော့  သမာဓိပိုးလှမ်းလှမ်းပိုးနေတဲ့ ကောင်ကလေး တစ်သိုက်။   သူတို့က တရုတ်စကားပင်ကြီးအနားကနေ ထင်းရူးတောလမ်းကလေးဆီ ဖြတ်သွားတဲ့ ကျောင်းသူလေးတွေကိုလည်း နောက်နောက်ပြောင်ပြောင် စကားလုံးလေးတွေနဲ့  မနာမကျင် ပစ်ပေါက်တတ်သေးတယ်။
                   ပြည်လမ်းကိုမျက်နှာမူထားတဲ့ ဂျပ်ဆင်အဆောက်အဦကြီးကတော့ လူနှစ်ယောက်လျှောက်သာရုံသာရှိတဲ့ ချစ်သူလမ်းကြားကလေးကို သူ့ကျောမှာ ၀ှက်ထားတတ်တယ်။  ဂျပ်ဆင်ကြီးရဲ့ ရှေ့တူရူက ရေတမာပင်တွေရဲ့ မြရွက်ချွန်တွေကလည်း သူတကာတွေထက် ပိုစိမ်းနေကြသလိုပါဘဲ။  ဂျပ်ဆင်ဟောကြီးရဲ့  မုခ်ဦးအ၀င်ပေါက်က တိုင်ကွယ်ကလေးတွေမှာ တွတ်ထိုးနေကြတဲ့အတွဲကလေးတွေ အနည်းဆုံး နှစ်တွဲ သုံးတွဲတော့ အမြဲရှိတတ်တာပေါ့။  ကိုယ်တို့  သူငယ်ချင်းတစ်သိုက် စိတ်ဝင်စားတာကတော့ အတွဲတွေ မဟုတ်ပါ။ ဂျပ်ဆင်ဘေးက နီနီရဲရဲ ချဉ်ချဉ်စပ်စပ် ဇီးသီး၊ ဂွေးပြား၊ ရှောက်သီးကွင်း အသုပ်တွေပါ။
                ဂျပ်ဆင် ဘုရားကျောင်းရဲ့ မျက်စောင်းထိုးက ဘင်တန်ဟောလ်လို့ အရင်က နာမည်ကြီးခဲ့တဲ့ သီရိဆောင်ကြီးကတော့ အနီရင့်ရောင်ဝတ်စုံနဲ့  ကံ့ကော်ပန်းတွေ ၀န်းရံခလို့  ရင့်ကျက်တဲ့အလှတစ်ပါးပါဘဲ။  ဥပဒေကျောင်းသူမမတွေရဲ့ ကွန်းခိုရာပေါ့။ 
                 ကျွန်မတို့ ခြေရာချင်းထပ်ခဲ့တဲ့ ဂျပ်ဆင်မှသည် အမရဆောင်သွားရာလမ်းမှာတော့ ရွှေဘိုဆောင်ကို မဖြစ်မနေဖြတ်ရသေးတာ။  ရွှေဘိုဆောင်သားတွေကလည်း ကဲမှကဲ။  အပေါ်ကနေ ညောင်နာနာရော စွာတာတာရော အသံမျိုးစုံနဲ့   ခြေလှမ်းမှားအောင် အော်ဟစ်နောက်ပြောင် တတ်ကြပါသေးတယ်။  “ဘူမိဗေဒ အရာရှိလောင်းကတော် ဖြစ်ချင်သူများ စာရင်းပေးသွင်းနိုင်ပါပြီခင်မျာ..” တို့ ဘာတို့ အော်တတ်သေးတာ။ အဲဒီနားကိုဖြတ်တော့မယ်ဆိုရင်  အသက်မှန်မှန်ရှု၊ ခြေလှမ်းမမှားနဲ့ ၊ ခလုတ်မတိုက်မိစေနဲ့   .....။ တစ်ချို့တွေဆို ကြံကြံဖန်ဖန် ရယ်စရာ ပြောတတ်လွန်းလို့ မရယ်မိအောင် ကိုယ့်လျှာကိုယ်ကိုက်ထားရတယ်။
                အမရဆောင်ဘေးက ၀ိဇ္ဇာကင်တင်းန်ကလည်း ကျွန်မတို့အတွက် အိုအေစစ်လေးတစ်ခုပါ။  ဆိုင်တွေက မိသားစုလို ဖြစ်နေပြီမို့  အကြွေးစားရင်တောင်ရသေး။   ကျွန်မတို့  ထိုင်နေကျကတော့ “အန်တီမြ” ဆိုင်ပါ။  ဌာနစုံက ဆရာတွေ သူငယ်ချင်းတွေနဲ့ တစ်ဟေးဟေး တစ်ဟားဟား ၊ ရယ်စရာတွေလည်းပါရဲ့၊ ဗဟုသုတ ရစရာတွေလည်းပါရဲ့။  ဘယ်အချိန်ကြည့်ကြည့် ပွဲတက်ဆံထုံးကို သေသေသပ်သပ် ထုံးဖွဲ့ထားတတ်တဲ့ အန်တီမြကြီးကတော့ ကျွန်မတို့တစ်ယောက်ယောက်ကို မြင်တာနဲ့   “လာပါ လာပါ...ဘယ်ဆရာကတော့ ပြန်သွားပြီ...ဘယ်ဆရာမ ဘယ်ကျောင်းသားကတော့ မရောက်သေးဘူး” နဲ့    ခရီးဦးကြို ပြုတတ်ပါသေးတယ်။  ဒါကြောင့်ဘဲ အန်တီမြ လက်ဘက်ရည်ကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သောက်ကြ ၊ စားကြ၊ လေကန်ကြနဲ့ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ...။
                ကျောင်းလခသွင်းဖို့   ငွေစာရင်းဌာနကို ချီတက်ရတော့မယ်ဆိုရင်တော့ တော်တော်ကို ခြေညောင်းပါတယ်။  သူက သိပ္ပံဖက်ခြမ်းနဲ့  ပိုနီးတာ မို့ပါ။  ဟိုရောက်ရင်လည်း တော်တော် စိတ်ရှည်စွာ ငွေပေးသွင်းရပါတယ်။  ကိုယ်တို့က မိန်းကလေးတွေမို့   နာမည်ပျက်မခံချင်။  နယ်ကျောင်းသား အစ်ကိုတွေကတော့ တစ်နှစ်လုံးကျောင်းလခ မသွင်းဘဲ သုံးစားပစ်ကြပါတယ်။   စာမေးပွဲပြီးလို့ အောင်စာရင်းထွက်ခါနီး reminder လာမှ သွင်းကြပါတယ်။  ဒါတောင် အဆောင်ကို သူတို့မို့လာပြီဆိုရင် ဘုရားတ နေရပါတယ်။  သုံးခေါက်မှာ နှစ်ခေါက်က ပိုက်ဆံချေးဖို့လာတာ ဖြစ်နေလို့ပါ။  ညက အဆောင်မှာ“၀ိုင်းကောင်း“ သွားလို့ပါ တဲ့။
                  အမိတက္ကသိုယ်ရဲ့ စာကြည့်တိုက်အဆောက်အဦကြီးကလည်း အလွန်ခံ့ညားတာပါ။  အထဲရောက်ရင် အေး စိမ့်နေသလို ခံစားရတယ်။  စာအုပ်တော်တော်များများကတော့ ပျောက်ဆုံးနေတယ်ထင်ပါရဲ့။  ကျွန်မတို့က ကက်တလောက်တွေထဲမှာ ကြိုးစားပမ်းစားရှာပြီး စာရွက်လေးတွေမှာ ရေးမှတ်၊ ကောင်တာစာရေးမက ပုံးကြီးတစ်ခုထဲထည့်ပြီး အောက်ထပ်အထိ ကြိုးနဲ့ ချပေးတယ်လို့မှတ်မိတယ်။  မျှော်လင့်ချက်နဲ့ မိနစ်ပေါင်းများစွာ ရပ်စောင့်ခဲ့ရသမျှ ကိုယ်ငှားတဲ့ စာအုပ်ကလေးထွက်လာရင်တော့ ၀မ်းသာရပါတယ်။  ခြေလှမ်းတွေတောင် မြောက်ကြွကြွဖြစ်လို့  ပေါ့။   ဒါမှမဟုတ်လို့   “မရှိပါ” ဆိုရင်တော့ နွမ်းလျအိမ်ပြန် ပဲပေါ့။  နှစ်ပေါင်းများစွာက သတင်းစာတွေတော့ ဖတ်လို့ရပါတယ်။  သူများ တွေမှာ ကွန်ပြူတာနဲ့ စာအုပ်ရှာ၊ ကိုယ့်ဘာသာကိုယ်ဆွဲယူ၊ ငှားထားရင်လည်း ဘယ်တော့ပြန်ရမယ်ဆိုတာပါ ပြထားတဲ့ အချက်အလက်တွေမြင်ရတော့ အမိတက္ကသိုလ်အတွက် စိတ်မကောင်းခြင်းနဲ့ သတိရမိပြန်တယ်။
                  အမှတ်တရ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် စိန်ရတုသဘင်မှာ ကျွန်မတို့တွေ ပါဝင်ခွင့်ရခဲ့ပါတယ်။  စိန်ရတုခန်းမကြီးကလည်း ဖွင့်ကာစ။  မော်ဒယ်ရှိုးလျောက်တဲ့သူကလျှောက်။ က တဲ့သူက က။  ကျွန်မတို့က အနုပညာဆိုလို့  ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတာ။ ဒါတောင် ခွဲတမ်းကျအနေနဲ့   အုပ်စု သီချင်းဆိုတဲ့အထဲမှာ ပါခဲ့ရပါသေးတယ်။  ကျွန်မက “သီချင်း”ဆိုလို့ ကမ္ဘာမကြေလောက်သာဆိုဖူးပေမဲ့၊ ပတ္တလားပေါ် ကြောင်ပြေးသလောက်တောင် ကီးမ၀င်တဲ့ အသံပေမဲ့ အုပ်စုလိုက်ဆိုတော့ မဆိုးဘူးပေါ့။  မှေးလိုက်ရုံဘဲလေ။  မဆိုချင်ဘူး မရိုက်ချင်ဘူး။ ငြင်းလို့လဲ မရနိုင်ပါဘူး။  မေဂျာတိုင်းက သီချင်းတစ်ပုဒ်တော့ ထွက်ကိုထွက်ရမယ်လို့ သတ်မှတ်ထားတယ်မို့လား။ တကယ်တမ်းအဆိုကျင့်ကြတော့လည်း ကောင်းကောင်းလေးဖြစ်ချင်လို့ အသံဝင်တဲ့အထိ သီချင်းတိုက်ကြပါတယ်။  ဒါပေမဲ့ ရင်နာစရာကောင်းလှပါတယ်။  ကျွန်မတို့ရဲ့ ကြိုးစားပမ်းစား အာပေါက်မတတ်ဆိုထားတဲ့ အသံကလေးတွေကို  မသုံးဘဲ  စတူဒီယိုမှာ တခြားမိန်းကလေးတွေနဲ့ သွင်းထားတဲ့အသံကို dubbing လုပ်မယ်တဲ့။ လုပ်ကြပေါ့လေ။  ဒါနဲ့ပဲ  မြန်မာ့အသံမှာရော မြ၀တီမှာပါ ဗီဒီယို ရိုက်ရပါတယ်။  လိမ်းခြယ်ထားတဲ့ မိတ်ကပ်ထူထူတွေရယ်၊ ၀တ်စားထားတဲ့ ချိတ်လုံချည် မာတောင့်တောင့်တွေရယ်၊ ၀ိုင်း ထိုးထားတဲ့ မီးရောင်စူးစူးတွေရယ်ကို စိတ်ကုန်လိုက်တာ။  သီချင်းက ပါးစပ်လှုပ်ရုံလေး ဆိုရတာပါ။  နောက်ပိုင်းမှာ သူများအသံလွှင့်မှာမို့ ဖီးလ်ကလည်း ငုပ်နေတာရော၊ ကိုယ်တိုင်က မနေတတ် မစားတတ်တာရော ဖြစ်နေခဲ့တာပါ။  ရိုက်ပြီး ပြန်ပြတဲ့အချိန်မှာ လူကိုယ် မြေခွဲပြီး အမျိုခံချင်စိတ် ပေါက်မိပါတယ်။  အားလုံးထဲမှာ ကိုယ့်ရုပ်က အဆိုးဆုံး၊ နောက်ပြီး တောင့်တောင့်ကြီးရပ်လို့၊ ကင်မရာချိန်လိုက်တိုင်း မျက်လွှာကြီးချပြီး ပါးစပ်ကလည်း ဆီမန်းမန်းသလိုလုပ်နေတာမို့   ဘယ်လိုမှ ကြည့်မကောင်းပါ။  တစ်ယောက်ချင်း အနီးကပ်ဆွဲရိုက်ထားတဲ့ ရိုက်ချက်ကိုမြင်ရချိန်မှာတော့ ဘုရား ဘုရား လို့  တ မိပါရဲ့။  တစ်ချို့သူတွေလည်း အမှားမကင်းဘူးပေါ့။  သုံးခါလောက် ပြန်ရိုက်ပြီးတော့ ကင်မရာမင်းက ရပြီလို့ပြောတယ်။  ကိုယ်ကတော့ မရွှင်သောနှလုံးသားနဲ့  ရုပ်သံခန်းမက ခွာခဲ့ပါတယ်။  အဲဒီနေ့က ရိုက်ထားတဲ့ သီချင်းကို ( ကိုယ့်ရုပ်နဲ့  သူများအသံ) နောက်ရက်တွေမှ အလှည့်ကျ ပြန်ပြန်ပြီး လွှင့်ပေးတယ် ပြောပါတယ်။  အဲဒီသီချင်းလာချိန်မှာ ကိုယ်သိတဲ့လူတွေ မတော်တဆ မကြည့်မိပါစေနဲ့လို့ ဆုတောင်းရတာ အမောပါဘဲ။ နောက်ပိုင်းမှာ တစ်ချို့သော ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက “တီဗီထဲမှာ သီချင်းဆိုတာ တွေ့တယ် ”လို့ ပြုံးစစနဲ့ ပြောကြလေတိုင်း ပါးတွေနားတွေ ပူထူရှိန်းပြီး ထွက်ပြေးချင်စိတ် ပေါက်မိပါတယ်။
                       သြော် တက္ကသိုလ်ဘ၀ကို လွမ်းလိုက်ပါဘိခြင်း..............။


မိုးစက်ပွင့်


(အဆောင်သူဘ၀ နဲ့ တက္ကသိုလ်မှသူငယ်ချင်းတွေအကြောင်း နောက်မှ ရေးပါဦးမယ်)
ကံ့ကော်ပန်းပုံကို ဒီက ယူပါတယ်။