Showing posts with label အတွေးစာစု. Show all posts
Showing posts with label အတွေးစာစု. Show all posts

Wednesday, 25 April 2012

ဒီသင်္ကြန်

 ဒီသင်္ကြန်မှာ ဘာလုပ်မလဲ တဲ့၊ ချစ်ရတဲ့ သူငယ်ချင်းကလေးတချို့က မေးတယ်။ ကိုယ့်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိတာကြောင့် “ အိမ်တွင်း ပုန်းဖြစ်မယ် ထင်တယ်"   လို့ဘဲ ဖြေဖြစ်ခဲ့တယ်...။     နဂိုကတည်းက ရေထိမှာ  ကြောက်ရတဲ့အထဲ မီးသတ်ပိုက်တို့ ဘာတို့နဲ့ ကြမ်းကြမ်းတမ်းတမ်း ရေပက်ကြမှာကို အတွေးနဲ့တင် ကြောက်တတ်တဲ့အတွက်  အပြင်ထွက်ဖို့ကို တွန့်ဆုတ်နေမိတာပါ။  ဒါပေမဲ့  ရေမပက်သေးတဲ့ အကြိုနေ့မနက် ခပ်စောစောမှာတော့ အာသာပြေ မြို့တပါတ် လှည့်ကြည့်ပစ်လိုက်တယ်။ 


လှတဲ့ ပိတောက်
 သင်္ကြန်လက်ဆေးမိုး ဟုတ်တိပတ်တိ မရွာပေမဲ့ အဲဒီအကြိုနေ့မှာ တမြို့လုံးက ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ကြတာများ ၀ါလို့ ၀င်းလို့။  မွှေးလို့ သင်းလို့။ အိမ်နီးချင်းကပိတောက်ပန်းလာပေးလို့ ဘုရားတင်တယ်၊ စားပွဲပေါ်မှာ ငွေဖလားလေးနဲ့ အလှထိုးတယ်။  တအိမ်လုံးအနှံ့ ပိတောက်ပန်းတွေ လိုက်ထိုးထားလိုက်တယ်။ ပိတောက်ရနံ့ကို နမ်းရှုရတာ သိပ်ကြိုက်တာလေ။  ဒါပေမဲ့ ညနေစောင်းတော့ နွမ်းနေတဲ့ ပန်းကလေးတွေ စွန့်ရတာ၊ ပန်းကြွေလေးတွေ လိုက်ကောက်ရတာတော့ သိပ်မနှစ်ခြိုက်လှ။  နုလိုက်တဲ့ပန်းကလေး။ တကယ်ဆို သင်္ကြန် သုံးလေးရက်လုံး မနွမ်းမကြွေ ရှိစေချင်ပါတယ်။  ပိတောက်ပန်း(Pterocarpus macrocarpus) က မြန်မာရဲ့ national flower လေ။ ဒီနေ့မှာ ၀ီကီမှာရှာရင်း တိုက်တိုက်ဆိုင်ဆိုင် မှတ်သားမိတာက  ထိုင်းရဲ့  national flower က “ငုပန်း”  တဲ့။  ကိုယ်ဖြင့် ဒီမတိုင်ခင်အထိ  ထိုင်းရဲ့ပန်းက ခရမ်းရောင် သစ်ခွလို့ ထင်ထားတာ။  နှံ့စပ်ပုံများ ပြောပါတယ်။


သတင်းဆိုး
အဲဒီအကြိုနေ့မှာဘဲ မြို့ထဲက မဏ္ထ္စပ်တခုမှာ လူတယောက် ရေစိုနေတဲ့ မီးကြိုးကနေ ဓါတ်လိုက်ပြီး သေသွားတယ် လို့  ကြားလိုက်ရတယ်။   မဏ္စ္ထပ်လည်း ပိတ်လိုက်ရတယ်တဲ့။  စိတ်မကောင်းစရာပါဘဲ။


တရားသဘင်
အိမ်နားမှာ လမ်းမနှစ်ခုဆုံတဲ့အတွက် ရပ်ကွက်ထဲမှာ  တရားမဏ္စ္ထပ် တခုဆောက်ပြီး ညစဉ်တရားပွဲ လုပ်ပါတယ်။  အကြိုနေ့ကနေ နှစ်ဆန်းတရက် အထိ ခြောက်ရက်ခြောက်ည တဲ့။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ တနေကုန် ဖွင့်ထားတဲ့ သီချင်းတွေက  ဆူညံသံတွေ ဖြစ်လာတယ်။ ဘုရားသီချင်း၊ သင်္ကြန်သီချင်းတွေဆိုရင်လည်း တော်သေးရဲ့။  အခုတော့ ဒုံဒုံဂွမ်ဂွမ် များနေတယ်။ ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ကလည်း  မိုက်ကရိုဖုန်းကို လက်က မချတမ်း ပြောဟောနေလေရဲ့။  မှတ်လောက် သားလောက်စရာတော့ သိပ်မပါလှ။  အလှူရှင်အများစုကလည်း “ကွယ်လွန်သူ ----- ကို ရည်စူး၍” ဆိုတာတွေများတယ်။ မိတ်ဆွေတယောက်ပြောတဲ့ (ငါ့ဘကြီးလည်း ဖျားနေပါပြီကွ) အားကျမခံ ပြောတာလေးကို သတိရမိတယ်။  ကိုယ်တိုင် အလှူသွားထည့်ရင်း အလှူရှင် နံမည်မကြေငြာပါနဲ့လို့ ပြောတာလည်း သူတို့က လက်မခံဘူး။  အများသာဓုခေါ်နိုင်အောင် လုပ်ပေးရမှာပေါ့ဆိုပြီး မိုက်ကရိုဖုန်းနဲ့ ၃-၄ခါထပ်ပြီး  ကြေငြာပါတယ်။ Customer ရဲ့ သဘောထားကို မလေးစားတာပေါ့နော်......။

ဘုန်းဘုန်းတွေဟောတဲ့ တရားတွေကိုတော့ အိမ်ကဘဲ ဒရင်းဘက် လေးနဲ့ ဇိမ်ကျကျနာလိုက်တယ်။  ပရိတ်အသင်းက ၀တ်သံပြိုင်ရွတ်လို့၊ တရားတောင်းစာတွေ ဖတ်လို့၊  ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်း လိုက်ခဲ့ဖူးတာ သတိတရ ဖြစ်သွားပါတယ်။ အလယ်ညမှာ ဟောတဲ့ ဆရာတော်က  တရားနာနည်း လေးနည်း ( ခွာနာ၊ ရှာနာ၊ ၀ဌ်နာ၊ ကံနာ) ထဲမှာ  “ခွာနာ  ဆိုတာ အဝေးကနေ တရားကို ခပ်ခွာခွာလေးနာတာ၊ ဥပမာ- ကက်ဆက်ကလေးပဲ ဖွင့်ဖွင့်ပြီး တရားနာတာ၊ အိမ်ကနေ လှမ်းလှမ်းပြီး တရားနာတာ)”  လို့ဟောတော့ ကိုယ့်ကို ရည်ညွှန်းပြီးပြောနေသလိုလို မလုံမလဲ ဖြစ်လို့....။ နောက်ဆုံးညက ကိုယ်တော်လေးက ကြာနီကန်ကိုယ်တော်နဲ့ ဘွဲ့ရော၊ အသံနေအသံထား၊ လေယူလေသိမ်း တူတယ်။ နောက်ဆုံး အဟမ်း ဆိုပြီး ခပ်ကျယ်ကျယ် ချောင်းဟန့်တာကအစ တူတယ်။ ကြာနီကန် ကိုယ်ပွားပေါ့။ တချို့ကိုယ်တော်တွေက ဟောရင်းလည်နေတယ်။  ၀ိပဿနာအားထုတ်ဖို့ ဟောတဲ့ ဒုတိယညကတရားကို အကြိုက်ဆုံးပါဘဲ။ တရားနာရတာ နှစ်သက်ပေမဲ့ ခြောက်ရက်တိုင်တိုင် တနေကုန်အသံချဲ့စက်နဲ့ နှိပ်စက်တာတော့ မခံစားနိုင်ဘူး။  နောင်နှစ်ကျရင် တနေရာရာ ခရီးထွက်မယ်လို့ အိမ်ကလူက ပြောပါတယ်...။


အစားအသောက်
အချိန်တွေ ပိုပိုလျံလျံရှိနေတာမို့  မုန့်ဟင်းခါးတို့၊  သာကူ၊ မုန့်နှပ် လုပ်စားဖြစ်တယ်။ မုန့်ဟင်းခါးကလွဲရင် ကျန်တဲ့နှစ်မျိုးက (အရမ်းလွယ်ပေမဲ့) ကိုယ့်ဖာသာကိုယ် ပထမဦးဆုံးအကြိမ် လုပ်စားဖြစ်တာမို့ အချိန်အဆက သေချာမသိ၊  ဒေါ်ရမ်းချက်ပေါ့ ။  အကဲ့ရဲ့ခံရမှာစိုးလို့ အရသာ အကြိမ်ကြိမ်မြည်းပြီးမှ အိမ်နီးနားချင်း၃-၄ အိမ်ကို ဝေရဲတယ်။ အောင်မြင်သွားတော့ မာန်တွေတက်ပြီး  နောက်တခါ ပေါက်ဆီ လုပ်စားမယ်။  သူငယ်ချင်းတွေ ဘလော့ထဲမှာ ကြည့်လုပ်မယ် လို့ အိမ်သားအချင်းချင်း ကြွားပစ်လိုက်တယ်။

အိမ်သန့်ရှင်းရေး
အမေက နှစ်ဆန်းတရက်နေ့ဆိုရင် အမြဲတမ်း အိမ်က အသုံးကြာတဲ့ပစ္စည်းတွေကို ဂရုစိုက်ပြီး ဆေးကြောလျှော်ဖွပ်လေ့ရှိတယ်။  ( တနှစ်မှတခါလျှော်တာတော့ မဟုတ်ဘူးပေါ့)။  ကိုယ်က အဲဒီလို တထစ်ချကြီး အစွဲအလန်းမထားပေမဲ့ အချိန်ရတုန်း အိမ်မှာရှိတဲ့ စောင်၊ခြင်ထောင်၊ ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း အပါအ၀င်၊  ရတတ်သမျှ သန့်ရှင်းရေး လုပ်တယ်။  အများကြီးဆိုတော့ ကိုယ့်ဖာသာ ကိုယ်လည်းလုပ်၊ သူများကိုလည်း အကူအညီ ခေါ်ရတာပေါ့ကွယ်..။
ပုံကို ဒီက ယူပါတယ်



အီး သင်္ကြန်
ဖတ်ဖို့ အကြွေးတင်နေတဲ့ စာအုပ် သုံးလေးအုပ်လောက် ပြီးအောင် ဖတ်ဖြစ်တယ်။ TV မှာ National Geographic နဲ့     Knowledge Channel  အေးအေးဆေးဆေး ကြည့်ဖြစ်တယ်။  ကွန်ပြူတာမှာ  Zuma ကစားတယ်။ ရုပ်မြင်သံကြား  Channel အသီးသီးကနေ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အသီးသီးမှာ ရေကစားတာ ဖျော်ဖြေတာတွေ၊  အင်တာဗျူးတွေကို  Live ပြသတာကြောင့်  ဟိုဖက်ဒီဖက်ပြောင်းပြောင်း ကြည့်ရင်း  ခြေမညောင်း၊ နေမပူ၊ ရေမစိုဘဲ  သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်..။ အီး သင်္ကြန်ပေါ့..။

အ၀တ်အစား
ခုတလော သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပါတ်သက်ပြီး  အင်တာနက်မှာ အသံတွေ ဆူညံနေပါတယ်။  ကျမရဲ့ ကိုယ်ပိုင်သဘောထားကတော့ ခေတ်နဲ့အညီ ပြောင်းလဲ ၀တ်ဆင်ကြတာကို နှစ်သက်လက်ခံနိုင်ပေမဲ့ အမျိုးသားပွဲတော်မှာ National Identity ကို ထိပါးလာတဲ့အထိ  ၀တ်စား ဆင်ယင်ကြတာမျိုးကိုတော့ တယ်ပြီး ခံတွင်းမတွေ့လှဘူး...။  သူများယဉ်ကျေးမှုကိုပုံတူကူးချရင်း  ကိုယ့်ရဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့်------။ ကိုယ့် အမေကတော့ အပြင်ထွက်တိုင်း  သတိပေးတတ်တယ်။ ဒီခရီးနဲ့ ဒီထီး”  ” ဒီလမ်းနဲ့ ဒီပန်း”  သင့်အောင် ဆင်ရမတဲ့။  စကပ်တိုနဲ့  သူများ  အလှူမင်္ဂလာပွဲ  မသွားသင့်သလို၊  ဘတ်စကားစီးပြီး အလုပ်ခွင်ဆင်းတဲ့အခါ လုံချည် ခြေမျက်စိဖုံးနဲ့ လှုပ်လီလှုပ်လဲ့ သွားနေတာထက် ဂျင်းဘောင်းဘီဝတ်ပြီး သွားတာက ပိုပြီး လက်တွေ့ကျသလိုပေါ့။   မိမိ တကိုယ်ရည် လွပ်လပ်မှုဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ( cultural values) တွေကို  မခြိမ်းခြောက်သင့်ပါဘူး။  ဒီကိစ္စမှာ  ဘယ်သူနဲ့မှ မငြင်းခုံချင်ပေမဲ့ တွေးမိသလိုလေးဘဲ ရေးချမိတာပါ..။


ဘာပဲပြောပြော ကောဇာသက္ကရာဇ် ၁၃၇၃ ကနေ ၁၃၇၄ ကူးမြောက်ခဲ့ပြီ....။ ဘ၀ ခရီးသည်တွေ ဆက်လက် လိုက်ပါသည်ဖြစ်စေ၊ ဆင်းကျန်ခဲ့သည်ဖြစ်စေ အချိန်ရထားကြီးကတော့ တနှစ်ကို ၃၆၅မိုင်နှုန်းနဲ့  သူ့ဟာသူ မှန်မှန်ကြီး ခုတ်မောင်းနေဆဲပါဘဲ။


မိုးစက်ပွင့်

Thursday, 5 April 2012

ပထမဦးဆုံး ”မိုး”

ပြူတင်းတံခါးဖွင့်လိုက်တာနဲ့ မြေသင်းနံ့တွေ နှာသီးဖျားဆီ  ပြေးဝှေ့နှုတ်ဆက်ကြတယ်။  မြို့ပြမှာ အနေကြာပေမဲ့ ကျေးလက်က သူမရဲ့ ငယ်ဘ၀ကို အမှတ်ရစေသော မြေသင်းနံ့လေးတွေ ကို ချစ်မြတ်နိုးတတ်သူရယ်ပါ ။  အစိမ်းနုရောင်သစ်ရွက်ဖျားမှာ တင်ကျန်နေဆဲ ငွေရောင် မိုးရေစက်ကလေးတွေက ဖန်တုံးကလေးတွေ၊ စိန်ပွင့်ကလေးတွေလို လင်းလက်ဆဲ။ သြော်- မနေ့က တကယ်ပဲ မိုးရွာခဲ့သည်လေ ...။ 


--------------------------

မနေ့ကမိုးက စံချိန်တင်အောင် ပူလောင် အိုက်စပ်လှတဲ့ သူမနေထိုင်ရာ အ၀ါရောင်မြို့ကလေးမှာ သင်္ကြန်မတိုင်ခင် ဦးဦးဖျားဖျားရွာပေးခဲ့တာဖြစ်ပါတယ်။ မိုးမရွာခင် အချိန်ကလေးမှာ   သူမရင်ထဲက တဒင်္ဂ ခံစားချက်တွေ တရစ်ပြီးတရစ် တင်းတင်း နှောင်ဖွဲ့ကာ တင်းကြပ် ရှုပ်ထွေးနေခဲ့တာ အခုထိ အမှတ်ထင်ထင် ဖြစ်မိပြန်သေးတယ်။ 

အဲဒီ မနက်ခင်းက  မိုးသားတိမ်လိပ်တွေ ညို့ညို့ မှိုင်းမှိုင်း အုံ့ဆိုင်းလို့၊ ခါတိုင်းဆို ကျစ်ကျစ်တောက် ပူလောင်ပြင်းပြတတ်တဲ့  ရှင်နေမင်း ကလည်း သူ့အရှိန်အ၀ါကို တိမ်သားနောက် ယာယီ ကွယ်ဝှက်ကာ အိနြေ္ဒရင့်ကျက်ဟန် အသွင်ကို ဆောင်ယူလို့၊  ပါတ်ဝန်းကျင် လေထုကလည်း မိုးငွေ့နဲ့ နေပူရှိန် ပေါင်းစပ်ထားတဲ့ အိုက်စပ်ပူနွေးနေတဲ့ ခံစားချက်ကို ဖန်တီးလို့။   မိုး-  မိုး ရွာပါတော့ကွယ်  လို့ သူမနှုတ်ဖျားက တီးတိုးတမ်းတ မိနေခိုက်မှာဘဲ လေပြင်းနှင်လို့ အဝေးကို တိမ်းပါးလွင့်စင်သွားတဲ့ မိုးတိမ်စိုင် မိုးတိမ်ထုတွေရဲ့ အကြောင်း သတိတရ ဖြစ်မိပြန်တယ်။ ဒီမိုးစက်တွေ ငံ့လင့်နေသူအတွက် မချင့်မရဲ ဖြစ်တဲ့စိတ်နဲ့ နာကျင်ခံစားခဲ့တဲ့ အချိန်တွေလည်း အတိတ်မှာ ရှိခဲ့ဘူးတာပေါ့။ အခုရော- တကယ်ဘဲ ရွာဦးမှာလား မိုးရယ် လို့ သံသယ အတွေးနဲ့ ပူပင်သောက  ဖြစ်နေရပြန်သည်။  တကယ်တော့ သူမဟာ မိုးမျှော်သူ သက်သက်တော့ မဟုတ်ပါလေ။  မိုးငွေ့မိုးစက်တွေရဲ့ မိတ်ဆွေဟာ သစ်ပင်လေးတွေဆိုတာ ကောင်းကောင်းသိသူမို့  အမြဲစိမ်းသစ်ပင်ကလေးတွေ အဆက်မပြတ် စိုက်ခဲ့သည်ဘဲလေ။  တပင် နှစ်ပင် တရာ နှစ်ရာ ငါးရာ တထောင် -  အို   အခွင့်အရေး ရတဲ့ အခါတိုင်းမှာပေါ့။

ဟော- ပြောရင်းဆိုရင်း မိုးခြုံးသံသဲ့သဲ့ကြားရပြီလေ။ ခြံထဲက ပန်းပွင့်ပျိုမလေးတွေကလည်း သူမတို့ရဲ့ ပွင့်ချပ်လွှာလေးတွေ မဟတဟနဲ့။  ရွက်ကြွေကိုင်းဖျားက ပုရစ်နုအငုံကလေးတွေက ပြူတစ်ပြူတစ်နဲ့ မိုးစက်တို့အလာကို ငံ့လင့်နေကြတယ်။  ဟော- ပြောရင်းဆိုရင်း တိမ်ညိုတို့  မြေပြင်ဆီ နိမ့်ဆင်းလို့  မိုးရွာဖို့ ဟန်ပြင်လေတယ်။  လေအေးတချက် ဝေးကနဲအတိုင်းမှာ ရွက်ကြွေလေးတွေ မြေပြင်တဖက်ကို လိမ့်ဆင်းသွားတယ်။  မန်ကျည်းကိုင်းပေါ်က ၀မ်းစာအတွက် ပိုးကောင်ကလေးတွေကို အစာစားဖို့ ချောင်းနေတဲ့  ငှက်ညိုကလေးက သူ့ရဲ့ လုံခြုံရာအသိုက်ဆီ  ဖြုတ်ကနဲထပျံသွားတော့တယ်။
ကောင်းကင်ဆီက ငွေမျှားတံကလေးတွေ တဖွဲဖွဲ ကျလာတာကို သူမ ကြည်နူးစွာ ငေးကြည့်နေမိတော့ မိုးစက်တချို့က  မျက်နှာဆီ  ပါးပြင်ဆီ နှုတ်ခမ်းတွေဆီ အနမ်းနဲ့ နှုတ်ဆက်သလို ပြေးဝင်ထိတွေ့လာကြတယ်။ ပျော်လိုက်တာကွယ်။ ဟင့်အင်း- မျက်နှာပေါ်က ရေစက်တွေ မသုတ်ပစ်ချင်ပါဘူး၊ ပြူတင်းတံခါးကိုလည်း မပိတ်ချင်ပါဘူး၊  နွေဦးပေါက်ကာလ တလျှောက်လုံး မျှော်လင့်နေခဲ့ရတဲ့ ဒီမိုး၊  ရွာစမ်းပါစေ၊ သည်းစမ်းပါစေ၊ အေးစမ်းပါစေ -  လို့။

----------------------------

မိုးရွာစဉ်ခိုက်မှာ သိသိသာသာကြီး အေးစိမ့်သွားပေမဲ့ ၊ မိုးစဲသွားချိန်မှာ မဟာပထ၀ီမြေကြီးက ကာလရှည်ကြာ အောင်းထားရတဲ့ အပူတွေကို  သက်ပြင်းရှည်ကြီးတချက်မှုတ်ပြီး ဖြေလျှော့ လွှတ်ထုတ် လိုက်တာမို့ ၀န်းကျင်တခိုက လေထုထဲမှာ ခပ်နွေးနွေးဖြစ်နေပြန်တော့တယ်။  မိုးကိုမျှော်နေတဲ့  ပင်မြင့်ပေါ်က မြစိမ်းရောင် ပိတောက်ဖူးတွေက ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး နဲ့ ရွှေဝါရောင်ပွင့်ချပ်လွှာတွေ ထုံသင်းတဲ့ မွှေးရနံ့ တွေကို သူတို့ရင်မှာ သိမ်းဝှက်ထားတုန်းပဲ ဖြစ်နေသေးတယ်။  တကယ်ဆို မုတ်သုန်ရဲ့ ပထမဆုံးမိုးဟာ အလည်လာရုံသာ ရှိသေးတာ မဟုတ်လား။  မိုးဖြိုင်ဖြိုင်ကျဖို့ ကျန်နေသေးတဲ့ နွေရက်ရှည်ကို ဖြတ်သန်းရပေဦးမယ်..။

ပထမဦးဆုံးမိုးက လှပခဲ့တယ်.....
 ပထမဦးဆုံးမိုးက အေးမြမှုတချို့ပေးခဲ့တယ်....
ပထမဦးဆုံးမိုးက မြေသင်းနံ့ကလေးတွေကို ဖန်တီးပေးခဲ့တယ်....
ပထမဦးဆုံးမိုးက  မြေပေါ်က ဖုန်မှုန့်တချို့ကို သိပ်သည်းသွားစေခဲ့တယ်...
ပထမဦးဆုံးမိုးက ကောင်းကင်မှာ သက်တန့်ရောင်စုံတိမ်ပန်းချီကို ရေးချယ်ပြခဲ့တယ်...
ပထမဦးဆုံးမိုးက  နားခိုရာ အိမ်မဆောက်ရသေးတဲ့ ငှက်တေလေလေးတွေကို သတိပေးခဲ့တယ်.....
ပထမဦးဆုံးမိုးက  အနင်းခံမြက်ကလေးတွေကို ဆက်လက်ရှင်သန်ဖို့ အားသစ်လောင်းပေးခဲ့တယ်.... 
ပထမဦးဆုံးမိုးက  ပုရစ်နုသစ်လေးတွေကိုဝေပြီး  ပန်းပွင့်လေးတွေ လန်းဆန်းဖူးပွင့်လာဖို့  ကူညီခဲ့တယ်...
အဲဒီပထမဦးဆုံးမိုးကဘဲ  သူမရင်ကို အတိုင်းမသိ ကြည်နူးချမ်းမြေ့ သာယာစေခဲ့တယ်....
နောင်ကိုလည်း မိုးတွေ သည်းသည်း ဆက်လို့ ရွာနိုင်ပါစေသားကွယ် .......



မိုးစက်ပွင့်

( စာကြွင်း  -   ရည်ရွယ်ရာသို့  ရည်ရွယ်ပါသည်....)

Monday, 19 March 2012

ပိုးသတ်ဆေး

နေ့ခင်းဘက် ထမင်းစားပြီး ထန်းပက်လက်ကုလားထိုင်မှာ နာရီဝက် တနာရီ မှိန်းတတ်တာ ကိုတက်တူ အကျင့်။ ဒီနေ့ ထမင်းစားရတာလည်း အတော်ခံတွင်းမြိန်ခဲ့တယ်။  ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ၊ ငါးငပိရေကျို ပျစ်ပျစ်နှစ်နှစ်ကို  ငြုပ်သီးစိမ်းထောင်းနိုင်နိုင်နဲ့၊ ယာခင်းထွက် ခရမ်းကြွပ်သီးနဲ့ ဆလပ်ရွက် နံနံပင် သခွားသီးတို့စရာ လတ်လတ်ဆတ်ဆတ်၊  ငါးကလေးအိုးကပ်။ သားကြီးငါးကြီး မပါဘဲနဲ့ ဗိုက်ထဲ ငရုပ်ကျည်ပွေ့နဲ့ ထောင်းသွင်းသလို ၀င်တာပ။  ထမင်းပူပူဟင်းချိုပူပူနဲ့ဆိုတော့ နားသယ်စပ်နှစ်ဖက်ကတောင် ချွေးပြိုက်ပြိုက်စီးလို့၊ ပုခုံးပေါ်က ပုဝါပိုင်းနဲ့ သုတ်သုတ်ပစ်ရတယ်။  သုံးပန်းကန် မောက်မောက် အဆက်မပြတ် စားပြီးတော့မှ ရပ်နိုင်တယ်။  လက်ဆေးရေ ကမ်းပေးတဲ့ ရှင်မက မျက်စောင်း ချိုချို ချိတ်လို့။  ထိုင်နေကျကုလားထိုင်ပေါ် ပက်လက်မှိန်း နေရင် အိပ်ချင်သလိုလို  ငိုက်မျဉ်းလာပြန်တယ်။  အိမ်ရှေ့က ၀ါးကွပ်ပျစ်နံဘေးက အညာနွေကိုအံတုပြီး ထီးလိုမိုးပေးထားတဲ့ ထနောင်းပင်ကြီးက သူ့အာရုံထဲမှာ နီးလာလိုက် ဝေးသွားလိုက် ကြီးလာလိုက် သေးသွားလိုက်။ ဇရက်မင်းစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့..။

(ကျွတ် ကျွတ်) မတိုးမကျယ်  အိမ်မြှောင်စုတ်ထိုးသံကြောင့် မျက်လုံးဖျပ်ကနဲပွင့်လာပြီး   အငိုက်ပြေသွားတယ်။ လူ့စိတ်ကလည်း အခက်သားကလား။  အိပ်ချင်စိတ်တွေက အပူပြင်းပြင်းပေးလိုက်တဲ့ ရေခိုးရေငွေ့တွေလို   တမုဟုတ်ချင်း ပါးလျားပျောက်ကွက်သွားတာ အစအနတောင် ရှာလို့မရတော့ပါဘူး။ ဇိမ်ဖျက်တဲ့သတ္တ၀ါကို မလိုတမာ စောင်းငဲ့ကြည့်လိုက်တော့ သင်းက နံရံမှာ အမြီးတရမ်းရမ်းနဲ့။  ဘာရယ်မဟုတ်။ သူနဲ့မလှမ်းမကမ်း ဖုန်အလိမ်းလိမ်းတက်နေတဲ့  ကြွက်လျှောက်တန်းပေါ်မှာ သုံးလက်စ ပိုးသတ်ဆေး တပုလင်းကို သွားမြင်တယ်။ အိမ်မြှောင်က ပိုးသတ်ဆေးကို စားစရာမဟုတ်မှန်းသိသလိုလို ဂရုပင်မစိုက်ဘဲ ကျောခိုင်းလို့ ၊ သူ့အတွက် နေ့လည်စာအဖြစ် မျက်စေ့လည် လမ်းမှားလာမဲ့  ပိုးကောင်မွှားကောင် တကောင်တလေများ ရမလားလို့ ၀ီရိယထားပြီး တွင်တွင်ချောင်းနေတယ်။  တကယ်တော့ ဒီပိုးသတ်ဆေးက သူ့ ငရုပ်ခင်းနဲ့ ခရမ်းခင်းတွေမှာ လက်စွဲအဖြစ်သုံးခဲ့တာပေါ့။  အလို ငါနောက်ဆုံး  ပိုးသတ်ဆေးဖြန်းခဲ့တာ ဘယ်ရက်ပါလိမ့်လို့ သူ မျက်စေ့မှေးပြီး စဉ်းစားမိတယ်။  ပြီးခဲ့တဲ့ တပါတ်ကလား ဆယ်ရက်ကလား။  အသက်ကလေးရလာတော့ မှတ်ဥာဏ်တွေလဲ မှုန်ဝါးလာသလိုပါဘဲ။ ဒီလိုပိုးသတ်ဆေးတွေ သူ့စိုက်ခင်းမှာသုံးခဲ့တာ ဆယ်စုနှစ်တစုတောင် မကတော့။ ဒီပိုးသတ်ဆေးတွေကို  စိုက်ပျိုးရေးရဲ့ ရဲဘော်ရဲဘက်လို့တောင် အမည်ပေးလိုက်ချင်တယ်။ တနှစ်ပြီးတနှစ် တံဆိပ်တွေသာ အမျိုးမျိုးပြောင်းသွားတယ်။  ပိုးသတ်ဆေးကတော့ ပိုးတွေရဲ့ ဇီဝိန်ကို မှန်မှန်ခြွေနေမြဲ။  ဒီ သီးနှံဖျက်ပိုးမွှားတွေကို မသတ်ချင်လို့လဲမရ။  တောင်းပန်လို့လည်းမရ၊ မောင်းထုတ်လို့လည်း မနိုင်တဲ့ အမျိုးတွေ။ ကိုယ့်လည်ချောင်းထဲရောက်မဲ့ အစားအစာတွေ သင်းတို့က  အုပ်နဲ့ ကျင်းနဲက  လုယက်ယူငင် စားသုံးတော့မှာမို့ လူနဲ့ သတ္တ၀ါတို့ရဲ့ အစာလုပွဲမှာ အားကြီးသူ နိုင်စတမ်းပေပ။ 

ရွာတွေမှာက ဗဟုသုတကနည်း စာမတတ် ပေမတတ်မို့ ကိုယ့်အတတ်ကိုယ်ပြန်စူးတဲ့ ဖြစ်ရပ်တွေ လည်း မနည်းလှတော့။  မယုံမရှိနဲ့။  တမြန်နှစ်က ငရုပ်ခင်းတွေ ပိုးသတ်ဆေးဖြန်းရင်း ပိုက်ဆို့နေလို့ ပါးစပ်နဲ့ မှုတ်ထုတ် တဲ့ ရွာထဲကကောင်လေး တယောက် ယာခင်းထဲတင် စင်းစင်းသေပါရောလား။  မြို့ပေါ်က တူတယောက်ကတော့ ဟင်းသီးဟင်းရွက်တွေ ရေဆေးတာ နည်းလို့ ထင်ရဲ့ လင်မယားနှစ်ယောက်လုံးရော၊ ကလေးတွေပါ ဆေးရုံတက်လိုက်ရတယ်။  ဒါဆိုရင် ကိုယ့်လက်နက် ကိုယ့်ပြန်စူးပြီထင်ပါ့။   ခြေရင်းအိမ်က ကိုကျွဲသမီး အပျိုပေါက်မကတော့ ရည်းစားနဲ့ကွဲပြီး သူ့အဖေယာခင်းထဲပက်မဲ့ ပိုးသတ်ဆေးကို ပုလင်းတ၀က်လောက် မော့သောက်လိုက်တာ၊ ရေရောပြီးသားမို့လို့တကြောင်း  ဆေးရုံ ချက်ချင်းပို့နိုင်လို့ တကြောင်း သေတွင်းထဲက သီသီလေး လွတ်ခဲ့သပေါ့။   အခုတော့ ရပ်ထဲရွာထဲမှာ လင်မယားချင်း ခိုက်ရန်ဖြစ်ရင်တောင် ပိုးသတ်ဆေးပုလင်း ၀ှက်ထားရပေါ့။

ဟိုတလောက ငယ်သူငယ်ချင်းတယောက် သူ့ဆီ လမ်းကြုံလို့ အလည်လာတုန်း ပြောသွားတာတွေ အခုထိမှတ်မိသေးတယ်။  သူက မြို့မှာစာသင်၊  အဲဒီမှာဘဲ အလုပ်ဝင်၊ မြို့သူနဲ့အိမ်ထောင်ကျ၊ အခုတော့ ဘာတဲ့ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ပရဟိတလုပ်ငန်း လုပ်နေတယ် ဆိုလား။ သူက ပြောသေးတယ်။  “ဟ-ကောင်ရ၊ ငါတို့ငယ်ငယ်က ယာခင်းထဲမှာ တွေ့တဲ့အသီးခူးပြီး ရေမဆေး ဘာမဆေး ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားခဲ့တာ ချိုလည်းချို သိပ်အရသာရှိတာဘဲ မောင်၊  အခုတော့ဖြင့် လက်လွတ်စပယ် မစားရဲပေါင်ကွာ၊ မင်းတို့အဲဒီ ပိုးသတ်ဆေးဆိုတာကြီး မသုံးလို့ မရဘူးလား” တဲ့ ။   ပြီးတော့ ပိုးသတ်ဆေးရဲ့ ဆိုးကျိုး ဆိုးမွေတွေ ဆက်ပြောနေသေးရဲ့။  ပိုးသတ်ဆေးကြောင့်  လူကို အကျိုးပြုတဲ့ တခြားအင်းဆက်သတ္တ၀ါတွေ သေကြေရသတဲ့။ မြေဆီလွှာတွေ ပျက်ယွင်းသတဲ့။ ပါတ်ဝန်းကျင် ညစ်ညမ်းသတဲ့။ လူတွေ ကျမ်းမာရေးထိခိုက်သတဲ့။ အင်း- သူနဲ့ အခြေအတင်ပြောမနေတော့ပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသကိုး ။  ဘယ်သူက အလကား ငွေကုန်ခံ၊ ပါဏာတိပါတာ အကုသိုလ်တက်ခံ ချင်ပါ့မလဲ။ ကိုယ့်အခင်းက ပိုးသတ်ဆေးမဖျန်းရင် ပိုးသတ်ဆေးဖျန်းထားတဲ့ သူများအခင်းက ပိုးတွေ ကိုယ့်ဆီ စုပြုံလာမှာပေါ့။  စိုက်ခင်းတွေ ပျက်ကုန်ရင် ဘယ်လိုထမင်းစားရမလဲ။  အခုလို ထမင်းဝရုံသာသာ ရုန်းကန်နေရတဲ့အချိန်မှာ ဘယ်လိုလုပ် ဒါတွေ ဂရုစိုက်နိုင်ပါ့မလဲ။  အင်း၊ သူပြောသွားတဲ့ “ဘိုင်အို နည်းပညာ” တို့ “ဇီဝ ပိုးသတ်ဆေး” တို့ ကိုယ့်ရွာနီးချူပ်စပ်မှာ လွယ်လွယ်ကူကူ လက်လှမ်းမှီမဲ့ အချိန်ရောက်ရင်တော့ တမျိုးပေါ့လေ။

စိတ်ထွေထွေနဲ့ တီဗွီကြည့်ရင်ကောင်းမလား စဉ်းစားပြီး ရီမုတ်ကို ရှာတယ်။ တီဗွီရီမုတ်ကို နှိပ်ကြည့်လိုက်တော့ ထင်းရူး သေတ္တာစုတ်ပေါ်က ဘက်ထရီအိုးနဲ့ တွဲထားတဲ့ ၁၄လက်မ အဖြူအမည်းတီဗွီကလေးက တာဝန်ကျေစွာ တရှဲရှဲ ခဏမြည်ပြီး ပုံရိပ်တချို့  ပေါ်လာတယ်။  အပြိုင်းအရိုင်း အောင်မြင်နေတဲ့ သီးနှံခင်းတွေထဲမှာ  နောက်ခံ တေးဂီတနဲ့အတူ ပျော်ရွှင်ကခုန်နေကြတဲ့  နံမည်ကျော်မင်းသားနဲ့ မင်းသမီးလေးစုံတွဲကို ပိုးသတ်ဆေးပုံးကိုလွယ်ပြီး ဆေးဖြန်းပိုက်တရမ်းရမ်းနဲ့  ဂိုက်ပေးကြမ်းကြမ်း သရုပ်ဆောင်နေတာ တွေ့ရတယ်။  တိုက်ဆိုင်လိုက်ပုံများ ပြောဘဲမပြောချင်။ အမှတ်မထင် သူ့ညာဖက်လှည့်ကြည့်လိုက်တော့ အိမ်နံရံမှာ ချိတ်ထားတဲ့ မှန်ပေါ်မှာ သူ့ရုပ်ကို သူပြန်မြင်လိုက်ရတယ်။  အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ ၊  ဆံပင် ဖြူတ၀က် နက်တ၀က်နဲ့ ထူးမခြားနား မြင်နေကျမျက်နှာ။  အဲ- ထူးခြားတာက သူ့မျက်စေ့တွေက ပိုးသတ်ဆေးစားမိထားတဲ့ ဖားတကောင်လို  ပြူးကျယ်ကျယ် ဖြစ်နေတယ်လို့ ခံစားရတယ်။  ချက်ချင်း အသက်ရှုကြပ်ချင်သလိုဖြစ်လာတာနဲ့ ကုလားထိုင်လက်တန်းကို တင်းတင်းဆုပ်ထားလိုက်မိတယ်။  ရှင်မရေ ရှင်မ။ အသံက လည်ချောင်းထဲမှာပဲ တိမ်ပြီးပျောက်သွားတယ်။ ဗိုက်ထဲက ထိုးအောင့်ပြီးနာလာတယ်၊  လေချဉ်တချက်တက်တယ်  ပြီးတော့ နားခေါင်းထဲမှာ၊ ပါးစပ်ထဲမှာ ပိုးသတ်ဆေးနံ့တွေ စူးရှလာပြန်တယ်။

မိုးစက်ပွင့်