မတ်လ တလလုံး ခြေထောက်မှာ ဗွေပေါက်လေသမျှ ဌာနေကို ပြန်ရောက်ခဲ့ပါပြီ။
ခရီးစဉ်သုံးခုအနက် ရခိုင်ခရီးစဉ်ကို သူငယ်ချင်းတို့ကို အရင်ဆုံး မျှဝေချင်ပါတယ်။
ဒီခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တဲ့အကြောင်း က Air Mandalay က MAI ကို စတစ်ကာကပ်ပြီး ပျံသန်းနေတဲ့အကြောင်းပါ။ သူတို့လေယာဉ်က ပြင်ဆင်နေလို့ပါတဲ့။ နားလည်ပေးသင့်တယ်ပဲပြောပြော စိတ်ထဲမှာတော့ ခိုးလိုးခုလုကြီးပေါ့။ စစ်တွေလေဆိပ်ရောက်တော့လည်း baggage တွေက နာရီဝက်မက လေးဆဲ့ငါးမိနစ်လောက်နီးနီး အကြာကြီးစောင့်ရလို့ စိတ်မကြည်။ တွေးမိပါတယ်.... ကိုယ်ကပဲ သိပ်ပြီး demanding ဖြစ်နေလေသလားလို့ ....။
စစ်တွေမြို့လည်က “ကစ္ဆပနဒီ“ ဆိုတဲ့ အမည်လှလှနဲ့ ထမင်းဆိုင်ကလေးမှာ နေ့လည်စာစားကြတယ်။ မှတ်မှတ်ရရ စားကောင်းခဲ့တာကတော့ ငရုပ်သီးစိမ်း နိုင်းချင်းနဲ့ ပြည်ကြီးငါးရခိုင်သုပ် စပ်စပ်ကလေး။ ဓါတ်ပုံတွေ ရိုက်မထားခဲ့ဘူး။ သူစိမ်းတွေ ၀ိုင်းထဲမှာ ရှိနေတော့ ရှက်လို့ပါ။
စစ်တွေ ဘူးသီးတောင် အမြန်ယာဉ် စပိဘုတ်လေးပေါ်တက်လိုက်မှ ပျော်သွားတယ်။ ဒီသုံးနာရီခရီးက ဘယ်လောက်စီးစီး ကိုယ့်အတွက် မရိုးနိုင်ပါလေ။ ကမ်းဘေးဝဲယာကို ငေးရင်းမောရင် ဓါတ်ပုံတွေရိုက်ရင်း။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆို ဒီမြစ်နဒီတကြောမှာ ကျမ စုန်ဆန်ကူးသန်းခဲ့ဖူးတာပေါ့။ အခုတော့လည်း အလွမ်းပြေတခေါက်လို့ ပြောရတော့မှာပါဘဲ။ ပင်လယ်ဝလို ရေပြင်ကျယ်မှာ ရွက်လှေကလေးလွှင့်လို့ အေးအေးလူလူ ခရီးသွားနေကြတဲ့သူတွေလည်း ရှိရဲ့။
အရှိန်ပြင်းပြင်းမောင်းနေတဲ့ ဘုတ်ကလေးရဲ့ ဘေးဝဲယာမှာ ရေစက်ရေမွှာတွေက တဖွားဖွားလွင့်လို့။ လက်ဖ၀ါးနဲ့ ထိတွေ့လိုက်တော့ စိတ်ထဲမှာပါ အေးမြလန်းဆန်းသွားတယ်။ ဘုတ်နောက်မြီးက ရေစီးကြောင်းတွေက ဧရာမ မြွေဖြူဖြူကြီးတွေလိုဘဲ။
တနာရီခွဲလောက်ကြာတော့ “ရသေ့တောင်“ ဆိုတဲ့ အေးချမ်းတဲ့ မြို့ကလေးကို ရောက်လာခဲ့တယ်။