(၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာမလို့ ဆိုကြတဲ့ ဗာဂျီးနီးယားဝုဖ်၏ အရေးအသားတွေ တော်တော်များများက လျို့ဝှက်နက်နဲပြီး မော်ဒန်သင်္ကေတတွေနဲ့ ပြည့်နှက်နေလေတော့ တစ်ချို့ကို ကျွန်မ နားမလည်နိုင် ဖြစ်ရပါတယ်။ ဒီဝတ္တုလေးကတော့ ဇနီးဆုံးခါစ လင်ယောက်ျားတစ်ယောက်ရဲ့ အတွေးတွေကို ရိုးရိုးရှင်းရှင်းလေးနဲ့ သရုပ်ဖေါ်ထားပြီး နှစ်သက်စရာကောင်းတာမို့ ပြန်လည် မျှဝေလိုက်ပါတယ် - မိုးစက်ပွင့်)
”စီစီမေလာအတွက် ဆိုပါလား”
ဂီးလ်ဘတ်ကလင်ဒွန်သည် သူ့ဇနီး၏ သီးသန့်ဧည့်ခန်းထဲရှိ စားပွဲခုံလေးပေါ်တွင် ပြန့်ကျဲနေသော လက်စွပ်ကလေးများ၊ ရင်ထိုးကလေးများထဲမှ ပုလဲရင်ထိုးတစ်ခုကို ကောက်ယူကြည့်ရှူပြီး၊ ရင်ထိုးတွင် ဆွဲထားသော စာတန်းကို ဖတ်မိလိုက်ခြင်း ဖြစ်သည်။ ”စီစီမေလာအတွက် အချစ်များစွာဖြင့် -မမ”
အင်ဂျလာသည် သူမ၏ အတွင်းရေးမှူးဖြစ်သူ စီစီမေလာကိုပင် အမေ့မလျော့ အမှတ်တရ ရှိသွားပုံရသည်။ ထူးတော့ အတော်ထူးသည်ဟု ဂီးလ်ဘတ်ကလင်ဒွန် စဉ်းစားမိသည်။ သူ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေတိုင်းအတွက် လက်ဆောင်ကလေး တစ်ခုမဟုတ်တစ်ခု အစီအစဉ်တကျထားခဲ့သည်မှာ ထူးဆန်းသောလုပ်ရပ်တစ်ခုဟု သူတွေးနေမိသည်။ ယခုကဲ့သို့ သူမလုပ်သွားပုံက သူမသေရတော့မည်ကို ကြိုတင်သိမြင် ထားသည့်အလားပင်။ အမှန်ဆိုလျှင် လွန်ခဲ့သည့် ရက်သတ္တပတ် ခြောက်ပတ်တစ်မနက်ခင်းက နေအိမ်မှ အပြင်သို့ ထွက်သွားစဉ် သူမမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပကတိ ရှိနေခဲ့သည်။ ပစ်ကယ်ဒလီ လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်လမ်းသို့ကူးရန် လမ်းမကြီးပေါ်ရောက်မှ တစ်ဖက်ကား တစ်စီးက သူမကို ၀င်တိုက်၍ အသက်ဇီဝိန် ကြွေသွားခဲ့ရသည်။
စီစီမေလာကို အိမ်သို့လာရောက်ရန် ဖိတ်ခေါ်ထားသဖြင့် ယခု သူစောင့်နေခြင်းဖြစ်သည်။ သူတို့ဇနီးမောင်နှံနှင့် စီစီမေလာ အတူတကွ နေထိုင် လုပ်ကိုင်ခဲ့ကြသော နှစ်ကာလများအတွက် ရင်းနှီးခင်မင်မှူ အမှတ်တရအဖြစ် သည်ရင်ထိုးလေးကို သူမအား မဖြစ်မနေ ပေးရမည်ဟု သူစိတ်စွဲနေ၏။ စီစီမေလာကို ထိုင်စောင့်နေဆဲမှာပင် အတွေးရေယဉ်ကြောမှာ သူမြောပါသွားပြန်သည်။ အင်ဂျလာသည် သူမကိုယ်ပိုင်ပစ္စည်းမှန်သမျှကို ယခုလို စံနစ်တကျထားခဲ့ပုံက အံ့သြစရာကောင်းနေသည်။ သူမ၏ ခင်မင်မှုအမှတ်တရ အမွေအဖြစ် လက်ဆောင်ပစ္စည်းကလေးများကို မိတ်ဆွေတိုင်းအတွက် အသေအချာ ထားခဲ့သည်။ လက်စွပ်ကလေးများ၊ ပုတီးကလေးများကအစ တရုတ်ကြွေအစ်ကလေးများအဆုံး မိတ်ဆွေတစ်ဦးစီအတွက် နံမည်ထိုး၍ ထားခဲ့သည်။ ကြွေအစ်ကလေးများဆို၍ အင်ဂျလာသည် ကြွေအစ်ကလေးများကို ထူးထူးခြားခြား စွဲလမ်းကြိုက်နှစ်သက်သူဖြစ်၏။ ထိုအစ်ကလေးတစ်ခုစီသည် သူ့အတွက် အမှတ်ရစရာ အဖြစ်အပျက် တစ်ခုစီ ကျန်ရစ်ပါသည်။ သည်တစ်ခုဆိုလျှင် သူ ဗင်းနစ်မြို့၏ နောက်ဖေးလမ်းကြားတစ်ခုမှာ ၀ယ်ပေးခဲ့သည့် အရုပ်ကလေး။ ပတ္တမြားမျက်လုံးအစုံနှင့် ကြွေလင်းပိုင်ရုပ်ကလေး။ မထင်မှတ်ဘဲ သည်အရုပ်ကလေးကို သူမတွေ့၍ လိုချင်ကြောင်းပူဆာသောအခါ သူဝယ်ပေးခဲ့သည်။ ၀မ်းသာအားရအော်လိုက်သည့် သူမအသံကလေးကိုပင် သူနားထဲ ပြန်ကြားယောင်လာသည်။
သူ့အတွက်ကိုမူ အင်ဂျလာ ဘာမှ ထူးထူးခြားခြား ချန်မထားရစ်ပါ။ သူမ၏ နေ့စဉ်မှတ်တမ်းစာအုပ်များမှ လွဲလျှင်ပေါ့။ သူ့ကျောဘက်ရှိ သူမ၏ စာရေးစားပွဲပေါ်တွင် သားရေအစိမ်းရောင်ဖုံးထားသည့် နေ့စဉ်မှတ်တမ်းစာအုပ် ဆယ့်ငါးအုပ်က အထပ်လိုက် ရှိနေသည်။ သူတို့လက်ထပ်သည့်နေ့မှစ၍ နေ့စဉ်မှတ်တမ်းမှာ သူမရေးလာခဲ့သည်။ သူတို့ အိမ်ထောင်သက်တမ်းတလျှောက် မကြုံဖူးသလောက်ရှားပါးသည့် အငြင်းအခုံဖြစ်ရခြင်း (ရန်ဖြစ်ခြင်းဟု သူ မပြောနိုင်ပါ) နည်းငယ်မှာ၊ အချို့တစ်ဝက်မှာ ဤဒိုင်ယာရီစာအုပ်များအတွက်ကြောင့် ဖြစ်သည်။ သူမ နေ့စဉ်မှတ်တမ်းရေးနေခိုက် အခန်းထဲ မမျှော်လင့်ဘဲ သူဝင်လာသည်နှင့်ကြုံလျှင် ရေးလက်စစာအုပ်ကို သူမ ပိတ်ပစ်သည့်အခါ ပိတ်ပစ်၊ လက်နှင့် ဖုံးကွယ်သည့်အခါ ဖုံးနှင့် လုပ်ပစ်တတ်သည်။ သူတောင်းဖတ်လျှင် ”ဟင့်အင်း၊ ပေးမဖတ်နိုင်ပါဘူး၊ ကျွန်မ သေသွားပြီးနောက်တော့လည်း ဖတ်ချင် ဖတ်ပေါ့လေ” ဟု ပြောတတ်သည်။ ယခုမှ သူမ နိမိတ်ဖတ်ခဲ့သည့်အတိုင်း အလွမ်းပြေဖတ်စရာအဖြစ် ဒိုင်ယာရီ စာအုပ်များ ထားခဲ့ပါပြီ။ သူမအသက်ရှင်စဉ်အခါက သူတို့နှစ်ယောက် အတူဝေမျှမခံစားခဲ့သော အရာဆို၍ သည်စာအုပ်များကိစ္စ တစ်ခုဆည်းသာ ရှိသည်။ သူကမူ သူမကို သူ့ထက် အသက်ပိုရှည်ရှည် နေရမှာပါဟု အမြဲအားပေးခဲ့သည်။ အလုပ်လုပ်သည့်အခါ ကမူးရှူးထိုးမလုပ်ဘဲ အလုပ်ခင် ခေတ္တမျှ တင်ကြိုစဉ်းစားပြီးမှ လုပ်လျှင် ယခုထိ သူမ အသက်ရှင်ဆဲရှိနေမှာ သေချာပါသည်။ သို့ရာတွင် ပလက်ဖေါင်းပေါ်မှ သူမ လှမ်းဆင်းလိုက်ပုံမှာ ဘေးဘီကို လုံးဝမကြည့်ဘဲ အလျင်စလိုနှင့် ဆင်းလိုက်ဖြင်းဖြစ်သည်ဟု ကားမောင်းသူက ရဲအစစ်ခံချက်တွင် ထွက်ဆိုခဲ့သည်။ သူ့ခမျာ ကားကို ဘရိတ်အုပ်ချိန်ပင် မရလိုက်ပါဟု ပြောပြသည်။ သူ အတွေးစများကို အိမ်ဖော်၏ အသံက နှောင့်ယှက်ရပ်ဆိုင်း ပစ်လိုက်၏။
”မစ္စမေလာ ရောက်လာပါပြီရှင့်”
မရှေးမနှောင်းမှာပင် စီစီမေလာ အခန်းတွင်းသို့ဝင်လာသည်။ သူ့တစ်သက်တာတွင် သူမနှင့် ယခုကဲ့သို့ တစ်ယောက်ချင်း တစ်ကြိမ်မျှ မဆုံဘူးခဲ့ပါ။ သူမကို ယခုကဲ့သို့ မျက်ရည်လည်ရွဲနှင့်လည်း တစ်ခါမျှ မတွေ့ခဲ့စဖူးပါ။ အံ့သြစရာတော့လည်း မဟုတ်ပါချေ။ အင်ဂျလာသည် သူမအဖို့ အလုပ်ရှင်တစ်ဦးထက်ပို၍ တန်ဖိုးထားရသူတစ်ယောက်၊ သူမ၏ မိတ်ဆွေရင်းချာတစ်ယောက် ဖြစ်၍ပင် ဖြစ်သည်။ စီစီမေလာထိုင်ရန် ထိုင်ခုံကို ထိုးပေးလိုက်ပြီး ဂီးလ်ဘတ် စိတ်ထဲတွင် စဉ်းစားခန်းဝင်နေပြန်သည်။ သူ့အမြင်တွင် စီစီမေလာမှာ သူမနှင့် အလုပ်တူ၊ အရွယ်တူ အခြားမိန်းကလေးများနှင့် ထူးမခြားနားပင်ဖြစ်သည်။ ၀တ်စုံအနက်ကိုဝတ်၊ စာရွက်စာတမ်းများထည့်သည့် သေတ္တာလေးကို လက်မှာဆွဲထားသော ဆွဲဆောင်မှူမရှိသည့် စီစီမေလာ များစွာအနက်မှ တစ်ယောက်သာ။ သို့ရာတွင် သနားညှာတာတတ်ရာ၌ သူမတူသည့် အင်ဂျလာသည် စီစီမေလာထံတွင် အမျိုးမျိုးအဖုံဖုံသော အရည်အချင်းများကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ စီစီမေလာသည် စိတ်ဓါတ်မှန်ကန်သူ၊ စကားအပို ပြောလေ့မရှိသူ၊ ယုံကြည်စိတ်ချစရာ အကောင်းဆုံးသူ၊ အင်ဂျလာ၏ တိုးတိုးဖေါ် စသည် စသည် တို့ဖြစ်သည်။
ထိုင်ခုံတွင် ထိုင်ချပြီးသေည်လည်း စီစီမေလာမှာ မည်ကဲ့သို့ စကားစရမည်ကို မသိ ဖြစ်နေသည်။ စို့တက်လာသည့် မျက်ရည်စများကို လက်ကိုင်ပုဝါ ထောင့်စလေးနှင့် တို့ နေသည်။ ပြီးမှ အားတင်း၍ စကားစပြောသည်။ ”ကျွန်မ စိတ်မထိန်းနိုင်တာကို ခွင့်လွှတ်ပါ ဆရာ”
အသံတိုးတိုးလေးဖြင့် သူ အင်း လိုက်သည်။ အမှန်လည်း သူကိုယ်ချင်းစာပါသည်။ ဤသို့ဖြစ်ရသည်မှာ သဘာဝလည်းကျသည်။ သူ့ဇနီးမှာ စီစီမေလာအတွက် မည်မျှအရေးပါသည်ကို တွက်ဆနိုင်ပါပြီ။ အခန်းပါတ်လည်ကို ဝှေ့ယမ်းကြည့်ရှုရင်း သူမ စကားဆက်သည်။ ”ဒီမှာ အလုပ်လုပ်ခဲ့ရတာ ကျွန်မ အင်မတန်ဘဲ စိတ်ချမ်းသာခဲ့ရပါတယ်” သူမ မျက်လုံးအကြည့်က သူ့ကျောဘက်ရှိ စားပွဲပေါ်အရောက်မှာ ရပ်တန့်သွားသည်။ သည်နေရာတွင် သူမတို့နှစ်ဦး အလုပ်အတူ လုပ်ခဲ့ကြသည်ပဲ။ သူမနှင့် အင်ဂျလာ တို့ပင်။ အင်ဂျလာမှာ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ - သူ၏ ဇနီုးဖြစ်လာရသဖြင့် မျှဝေထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများ ရှိလာသည်။ နိုင်ငံရေး အလုပ်သက်သက်ဖြင့် ဘ၀ရပ်တည်သူ ဂီးလ်ဘတ်အတွက်လည်း အများဆုံးသော အကူအညီများကို အင်ဂျလာထံမှသာ ရရှိခဲ့သည်။
အင်ဂျလာနှင့် စီစီမေလာတို့ ယင်းအလုပ်စားပွဲတွင် အတူထိုင်၍ အလုပ်လုပ်နေကြသည်ကို ကြိမ်ဖန်များစွာ သူ တွေ့ခဲ့သည်။ အင်ဂျလာက စာများကို နှုတ်တိုက်ချပေးပြီး စီစီမေလာက လက်နှိပ်စက်ဖြင့် လိုက်ရိုက်သည်။ မစ္စမေလာသည် ယင်းအဖြစ်အပျက်များကို ပြန်ပြောင်းတွေးမိနေမှာ သံသယဖြစ်စရာမလိုပါ။ မစ္စမေလာအတွက် လောလောဆယ် သူလုပ်ပေးနိုင်သည်မှာ အင်ဂျလာ ထားရစ်ခဲ့သော အမှတ်တရလက်ဆောင် ရင်ထိုးလေးကို ပေးရုံသာ။ တကယ်တော့ ဒီလိုလက်ဆောင်မျိုး မပေးသင့်ဟု သူ့စိတ်မှာ ဖြစ်နေမိသည်။ ငွေကြေးအသင့်အတင့် ပေးခဲ့လျှင်ပေးခဲ့၊ ယုတ်စွအဆုံး သူမရိုက်နေကျ လက်နှိပ်စက်ကလေး ပေးချင်ပေးခဲ့မည်ဆိုပါက ပို၍သင့်လျော်သည်ဟု သူ ထင်သည်။ သို့သော် ”စီစီမေလာအတွက် - အချစ်များစွာဖြင့် -မမ” ဟု စာဆွဲခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့်ပင် ရင်ထိုးလေးကို လှမ်းယူ၍ သူမကို ကမ်းပေးရင်း ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးများကို ပြောလိုက်ရသည်။ သည်လက်ဆောင်လေးကို သူမ တန်ဖိုးထားလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ သူ့ဇနီသည်မှာလည်း သည်ရင်ထိုးလေးကို မကြာခဏ ၀တ်ဆင်လေ့ရှိကြောင်း စသည်တို့ဖြစ်သည်။ စီစီမေလာကလည်း သူမ ပြန်ပြောမည့်စကားကို ကြိုတင် စဉ်းစားလာပုံရသည်။ သည်ရင်ထိုးလေးကို သူမ တစ်သက်တာပါတ်လုံး တန်ဖိုးထားသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပြောသည်။ သူမ ယခု ၀တ်ဆင်လာသော ၀တ်စုံနှင့်စာလျှင် အခြားသော ၀တ်စုံများကသာ သည် ပုလဲရင်ထိုးနှင့် ပို၍ လိုက်ဖက်မည်။ သူမ ၀တ်လာသည်က အနက်ရောင် ကုတ်အကျီင်္နှင့် စကတ်ကလည်း အနက်ရောင်၊ ၀မ်းနည်း ကြေကွဲခြင်း ပြယုဂ်။ သူမတွင်လည်း ၀မ်းနည်းကြေကွဲဖွယ်ကိစ္စတစ်ခု ရှိနေပါသေးလားဟု သူ သတိရသွားသည်။ အင်ဂျလာမဆုံးမီ တစ်ပါတ် (သို့မဟုတ်) နှစ်ပါတ်ခန့်က သူမ ချစ်ခင်မြတ်နိုးရသော အစ်ကိုရင်းတစ်ယောက် သေဆုံးသွားခဲ့သည်။ အင်ဂျလာ ကဲ့သို့ပင် ကားတိုက်ခံရ၍ ကွယ်လွန်သွားခြင်း ဖြစ်မည် ထင်သည်။ အင်ဂျလာ့အပြောအရသာ သိရပြီး သူသိပ်မမှတ်မိချင်တော့ပါ။ မဟာဂရုဏာရှင် အင်ဂျလာကတော့ ထိုအချိန်တုန်းက စီစီမေလာနှင့် မျှဝေ၍ ၀မ်းနည်း ပူဆွေးနေခဲ့သေးသည်ပဲ။ သူ့အတွေး မဆုံးမီ စီစီမေလာ ထရပ်လိုက်ပြီး လက်အိတ်များကို ပြန်ဝတ်သည်။ သူ့ကို ဆက်လက် အနှောင့်အယှက်ပေး ရန် မသင့်တော့ဟု ယူဆလိုက်ပုံရသည်။ သို့သော် သူမ၏ အနာဂတ်အရေးနှင့် ပါတ်သက်၍ တစ်စုံတစ်ရာ ဖျောင်းဖျ ပြောဆိုရခြင်းမရှိဘဲနှင့် သူမ မပြန်စေရပါ။ သူမ ရှေ့ဆက် ဘာလုပ်မည်နည်း၊ သူကူညီနိုင်မည့်ကိစ္စများ ရှိမည်လား။
စီစီမေလာမှာ သူမစာရိုက်နေကျ လက်နှိပ်စက် ရှိရာ ဒိုင်ယာရီတင်ထားသည့် စားပွဲဆီသာ ငေးစိုက်ကြည့်နေသည်။ အမှတ်ရစရာ အတိတ်ရေယဉ်ကြောထဲ မျောပါသွားသော သူမခမျာ သူ ဘာအကူအညီပေးရမည်နည်းဟု မေးလိုက်သည်ကို မကြားလိုက်တော့။ ထို့ကြောင့် သူက ထပ်မေးရသည်။
”ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးထားသလဲ မစ္စမေလာ”
”ကျွန်မ ရှေု့အစီအစဉ်ကို ပြောတာလား၊ အို အားလုံး အဆင်ပြေပါတယ် ဆရာ၊ ကျွန်မအတွက် ဘာမှ ဒုက္ခထပ်မခံပါနဲ့တော့”
လတ်တလော သူမအနေနှင့် ငွေရေးကြေးရေး အကူအညီ လိုအပ်ပုံမရသေးဟု သူ အဓိပ္ပါယ်ကောက်သည်။ သည်ကိစ္စမျိုးကလည်း ပါးစပ်နှင့် ပြောသည်ထက် စာနှင့် ရေးသားပြောဆိုရသည်က ပိုကောင်းပါသည်။ သို့နှင့်ပင် သူမလက်ကို ခပ်ဖွဖွညှစ်၍ နှုတ်ဆက်ရင်း သူပြောဖြစ်သည်။
”ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စရှိရင် လိုလိုလားလား အကူအညီ ပေးနိုင်တယ်ဆိုတာ တစ်ခုကိုတော့ဖြင့် စိတ်ထဲမှာ စွဲမှတ်ထားစေချင်ပါတယ် မစ္စမေလာ”
ထို့နောက် တံခါးဖွင့် ပေးလိုက်သည်။
သူမ အပြင်ထွက်သွားပြီး ပေါ်တီကိုအောက်ရောက်မှ တစ်စုံတစ်ရာပြောစရာ ကျန်နေသည်ကို တွေးမိသလိုမျိုး ရုတ်တရက် ရပ်လိုက်သည်။ သူမ၏ပုံပန်းက သူ၏ သောကများကို မျှဝေခံစားပုံရသော်လည်း သူ့မျက်နှာကို စူးစမ်းအကဲခတ်နေပုံရသည့်အတွက် သူအံ့သြသွားသည်။
”ဆရာ့ကို တစ်ခုပြောစရာ ကျန်နေသေးလို့ပါ။ ဆရာလိုချင်တာရှိရင် အချိန်မရွေး ကျွန်မ အကူအညီပေးနိုင်တယ်ဆိုတာကိုလည်း ဆရာ သိစေချင်ပါတယ်။ ဆရာ့ဇနီးဟာ ကျွန်မအပေါ် အများကြီး ကောင်းခဲ့တာ မို့လို့ပါ”
သည်စကားကိုပြောပြိး သူမထွက်သွားသည်။ သူမ၏ ထိုစကားနှင့် မျက်နှာသွင်ပြင်တို့ကို သူ မျှော်လင့်မထားခဲ့ပါ။ သူမပြောသွားပုံက သူမကို သူက မလွဲမသွေ လိုအပ်လာလိမ့်မည်ဟု လုံးဝ စိတ်ချယုံကြည်ထားပုံပါပေ။ ထိုင်ခုံရှိရာသို့ သူပြန်လာခိုက် ပေါက်ပေါက်ရှာရှာ အတွေးတစ်ခု သူ့စိတ်ထဲကို ရောက်လာသည်။ ထူးထူးခြားဖြား အတွေးတစ်ခုဟုဆိုလျှင် ပိုမှန်မည်။ ကုန်လွန်ခဲ့သော နှစ်များအတွင်း သူကသာသူမကို ဂရုမစိုက်မိသော်လည်း စာရေးဆရာများ ရေးလေ့ရေးထရှိသကဲ့သို့ သူမက သူ့ကို ကြွေနေလေတာလား။ ကြည့်မှန်ရှေ့ကို သူဖြတ်လာရင်း မှန်ထဲမှ သူ့ပုံရိပ်ကို သူပြန်ကြည့်မိသည်။ အသက် ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း မှန်ထဲတွင်မြင်ရသော သူ့ပုံရိပ်မှာ ထူးထူးခြားခြား ကြည့်၍ကောင်းနေဆဲဟု ကိုယ့်ငါးချဉ် ကိုယ်ပြန်ချဉ်နေမိသည်။
“စီစီမေလာ့ပုံစံကဖြင့် အတော် သနားဖို့ကောင်းနေတာပဲ”
ရယ်ရွှန်းပတ်ရွှန်းဖြင့် သူ့ဘာသာသူ ပြောမိသည်။ သူ့ဇနီးသာရှိနေခဲ့သေးလျှင် စီစီမေလာကဖြင့် သူ့ကိုကျနေပြီဟု ဟာသလုပ်ပြီး ပြောချင်စိတ်များပင် ပေါ်လာသည်။ သို့ဆိုလျှင် အင်ဂျလာတစ်ယောက် မည်ကဲ့သို့ နေမှာပါလိမ့်။
ရယ်ရွှန်းပတ်ရွှန်းဖြင့် သူ့ဘာသာသူ ပြောမိသည်။ သူ့ဇနီးသာရှိနေခဲ့သေးလျှင် စီစီမေလာကဖြင့် သူ့ကိုကျနေပြီဟု ဟာသလုပ်ပြီး ပြောချင်စိတ်များပင် ပေါ်လာသည်။ သို့ဆိုလျှင် အင်ဂျလာတစ်ယောက် မည်ကဲ့သို့ နေမှာပါလိမ့်။
(ဆက်ရန်)
မိုးစက်ပွင့်
(ရေးသူ- ဗာဂျီးနီးယားဝုဖ်) (The Legacy) ဘာသာပြန်- လူချို { ဟန်သစ်၊ အမှတ်(၉၇) ဧပြီ ၂၀၀၂)
ဆက်ပါဦး၊
ReplyDeleteဗာဂျီးနီးယားဝုဖ်ရဲ့ ၀တ္ထုတွေကို ကြိုက်တယ်။
စိတ်ဝင်စားဖို့ကောင်းတယ်။
စီစီမေလာနဲ့ စထားတော့ ဘယ်လို ဆုံးမလဲ သိချင်သွားတယ်။