ခုတလော ကိုယ့်အကြောင်းတွေပဲ ရေးဖြစ်နေတယ်။ အေးလေ- ကိုယ့်အကြောင်းပဲ ကိုယ်အသိဆုံးဆိုတော့။ မျှဝေစရာ ဘာပညာမှ မည်မည်ရရ မရှိတဲ့သူဆိုတော့ ကိုယ့်အကြောင်းတွေပဲ ကိုယ်ရေးတော့မယ်- အဟား။ “ပန်းကြိုက်သူ“ ရေးရမလား “ပန်းချစ်သူ” ရေးရမလား။ ချစ်တာနဲ့ကြိုက်တာ ဘာကွာသလဲ...။ ခေါင်းထဲမှာ အတွေးတွေ ပွစိတက်။ အို- ရှုပ်ပါတယ်လေ။ ပန်းချစ်သူဆိုတာ သီချင်းတွေ ကဗျာတွေအများကြီး ရှိပြီးသား။ ဒီတော့ ပန်းကြိုက်သူပဲ ရေးတော့မယ် .......... ။
ပန်းကတော့ ငယ်ငယ်ထဲက ကြိုက်တာပါ။
ခရေ- ငယ်ငယ်က ရွာဦး ရွာထိပ် ဘုရားဝင်းကြီးထဲမှာ ခရေပင်အကြီးကြီးရှိတယ်။ ပင်စည်လုံးပတ်က လူတစ်ဖက်လောက်ရှိမယ်ထင်ရဲ့။ အပွင့်တွေကလည်း လတ်ဆတ်ဖွံ့ထွားလိုက်တာ။ မနက်စောစော သူငယ်ချင်းတွေနဲ့အတူ ခရေပန်းသွားကောက်ရတာလည်း အရသာတစ်ခုပါပဲ။ ခရေရွက်ခြောက်ညိုညိုတွေပေါ်မှာ နှင်းပွင့်လေးတွေ စိုနေတဲ့ ခရေပန်းကလေးတွေ ပြန့်ကျဲလို့။ ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့် လောဘတကြီး ကောက်ရင်း တဖြည်းဖြည်း မိုးလင်းလာပါရော။ အိမ်ကယူလာတဲ့ နှီးဗန်းကလေးထဲမှာလည်း ခရေပန်းကလေးတွေက အပြည့်အမောက်။ ရွရွကလေးအုပ်ကိုင်လိုက်ရင် နူးညံ့တဲ့ ပွင့်ဖတ်ချွန်လေးတွေရဲ့ အထိအတွေ့။ အိမ်ကိုရောက်တာနဲ့ နှီးပင်သေးသေးကလေးနဲ့သီ၊ တစ်ချို့ကို ဘုရားတင်၊ တစ်ချို့က ဆရာမဖို့၊ နောက်ဆုံးတစ်ကုံးက ကိုယ်ပန်ဖို့ပါလေ။ အဲဒီအပင်ကြီး အခု ရှိသေးလား မသိတော့ပါ။
ဆိတ်ဖလူး - “ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏....” ဆိုတဲ့ကဗျာထဲကလို အရမ်းမွှေးပျံ့တဲ့ ပန်းကလေးတွေပါ။ အိမ်ခေါင်းရင်းမှာကို ရှိတယ်။ တချို့က သူ့အနံ့ကို မွှေးလွန်း စူးလွန်းလို့ မကြိုက်ဘူး။ ကျွန်မကတော့ ပွင့်ဖတ်ဖြူဆွတ်ဆွတ်ကလေးရယ်။ အရိုးတံ လိမ္မော်ရောင်တောက်တောက် ရိုးတံလေးတွေကို ချစ်လို့။ အရိုးတံလေးကို ညှစ်ခြေလိုက်ရင် လက်ထိပ်လေးတွေ လိမ္မော်ရောင်စွန်းကုန်ပါတယ်။ သူလဲ ခရေလို မြေပေါ်ကို ကြွေကျပေးပါတယ်။
စံပယ်- ငယ်ငယ်ကတော့ အကြိုက်ဆုံးပန်းပါ။ ဘာလို့လဲ- ဟုတ်လား။ ဖြူစင်တယ် ရိုးသားတယ် ဘာညာ စာတွေဖတ်ပြီး ကြိုက်တာ။ သူ့အနံ့ကလည်း ယဉ်တယ်လေ။ အဖြူဆွတ်ဆွတ် စံပယ်ပွင့် အသေးလေးတွေကို အ၀ါနုရောင်သန်းတဲ့ အိုးပုတ်စံပယ် လုံးလုံးကြီး ၀၀ကြီး တွေထက်ကြိုက်ပါတယ်။ စံပယ်ပန်း ပုံရှာတော့ “ယုဇန” တို့ ”ဇွန်ပန်း၊” တို့ တခြား အပွင့်ဖြူချပ်လေးတွေပါတဲ့ ပန်းပွင့်လေးတွေကို jasmine အုပ်စုထဲမှာ တွေ့ရတယ်။ ကိုယ်ပြောချင်တဲ့ စံပယ်နဲ့ အနီးစပ်ဆုံးပုံကိုပဲ ယူလိုက်ပါတယ်။
နှင်းဆီ- ငယ်ငယ်က မုန်းခဲ့တယ်။ ဒါလည်း ကဗျာတွေ စာတွေ မတောက်တခေါက်ဖတ်ပြီး ဆူးတွေပါတယ်၊ မာနကြီးတယ် ဆိုတာတွေရဲ့ အစွဲကြောင့်ထင်ပါရဲ့။ အလုပ်တွေ ဘာတွေဝင်ပြီး နောက်ပိုင်းကျတော့ နှင်းဆီပန်းလေးတွေကို နှစ်သက် မြတ်နိုးတတ်လာတယ်။ ဘာကြောင့်ရယ်မသိ။ နှင်းဆီဝါကို ပိုပြီး နှစ်သက်မိပါတယ်။ ကျောက်နှင်းဆီ သေးသေးကလေးတွေကိုလည်း ကြိုက်တယ်။ ဒီတစ်ပုံပဲ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံပါ။
ပိတောက် - အမျိုးသားပန်း လည်းဖြစ်လို့။ ဆွဲဆောင်နိုင်တဲ့ အရောင်နဲ့ အနံ့ကြောင့် ကြိုက်တာ။ ကြွေလွယ်တဲ့ သူ့သဘာဝကိုတော့ မကြိုက်ချင်။ အိမ်ရှေ့က ပိတောက်ပင်ကြီးက သင်္ကြန်အကြိုနေ့ဆို အမြဲပွင့်တယ်။ သူက အပွင့်ပွင့်ချိန်မှာ သနားစရာကောင်းလောက်အောင် အကိုင်းတွေအများကြီး အချိုးခံရတဲ့အပင်လေ။ တစ်နှစ်မှာ ပိတောက် သုံးခါပွင့်တယ်လို့ ပြောကြတယ်။ မှတ်မှတ်ရရ စင်္ကာပူမှာ ပိတောက်နံ့ကလေး ရတော့ ဟိုဟိုသည်သည် ရှာလိုက်ရတာ။ တွေ့ပါပြီ- လမ်းဘေးနားမှာ ပွင့်နေတဲ့ ပိတောက်ပင်ကြီး။ နိုင်ငံရပ်ခြားမှာ ကိုယ့်အမျိုးတွေ့သလို ပျော်သွားတယ်။
ကံ့ကော်- တက္ကသိုလ်ပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်နေတဲ့ပန်း။ သူက ၀တ်ဆံဝါ၀ါ၊ ပွင့်ဖတ် ဖြူဝိုင်းဝိုင်းလေးတွေနဲ့ အိနြေ္ဒရှင် ပန်းကလေးပါ။ ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ရှေးကလူတွေ စိတ်ကူးကောင်းကောင်းနဲ့ စိုက်ခဲ့တဲ့ ကံ့ကော်ပင်ကြီးတွေ အများကြီး ရှိတယ်။ ကံ့ကော်တွေကိုမြင်ရင် ချစ်သောကျောင်းကြီးကို သတိရတယ်။ ကျောင်းဝန်းထဲမှာ ဗန်းကလေးနဲ့ ကံ့ကော်ပန်းကလေးတွေ ထိုင်ရောင်းနေတဲ့ သူကလေးတွေပါ သတိရတယ်။ အစည်းလိုက်လေးဝယ်ပြီး သူများတွေနဲ့မျှပန်တာ သူငယ်ချင်းလေးတွေ ၀ယ်လာရင်လည်း ၀မ်းသာအားရ မျှယူခဲ့ရတာ။ ၀တ်ဆံခြောက်ကလေးတွေက သနပ်ခါးထဲ ထည့်သွေးရင် မွှေးမွှေးချောချောလေး။
သဇင်- ကြီးမှကြိုက်တဲ့ ပန်းပါ။ ငယ်ငယ်ကတော့ သူများတွေ တယုတယပန်နေတာ၊ ပြန်လာရင် ရေစပ်စပ်လေးနဲ့ တရိုတသေ သိမ်းထားကြတာ၊ ပန်းပန်ပါတယ်ဆိုမှ ဥကြီးတွဲလျက်ဖြစ်နေတာတွေကို မျက်မုန်းကျိုးခဲ့သပေါ့။ သိပ်လဲ မလှဘူးလို့ထင်တာလေ။ နောက်တော့လည်း သူ့ရဲ့ ယဉ်စစအလှနဲ့ သင်းရနံ့ကလေးတွေက ကိုယ့်ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။
ကြာပန်း- ကြီးလာတဲ့အခါ သိပ်မကြိုက်ပေမဲ့ ငယ်ငယ်ကတော့ အဖေါ်ပါ။ ဖြူနီပြာ ရောင်စုံရှိတတ်ပေမဲ့ အများဆုံးတွေ့ရတာက နီလဲ့လဲ့ကြာကလေးတွေပါ။ ကြာဆစ်ချိုး ဆွဲကြိုးလေးရဲ့ လည်ကုပ်ပေါ်က အေးမြလတ်ဆတ်တဲ့ အထိအတွေ့ကို မှတ်မိနေတုန်းပဲ။ ကြာပန်းနံ့သင်းသင်းကလေးကို ခံစားရတိုင်း ဟိုးငယ်ငယ်ဘ၀ကို အမှတ်ရမိတယ်။
ကြာပန်း- ကြီးလာတဲ့အခါ သိပ်မကြိုက်ပေမဲ့ ငယ်ငယ်ကတော့ အဖေါ်ပါ။ ဖြူနီပြာ ရောင်စုံရှိတတ်ပေမဲ့ အများဆုံးတွေ့ရတာက နီလဲ့လဲ့ကြာကလေးတွေပါ။ ကြာဆစ်ချိုး ဆွဲကြိုးလေးရဲ့ လည်ကုပ်ပေါ်က အေးမြလတ်ဆတ်တဲ့ အထိအတွေ့ကို မှတ်မိနေတုန်းပဲ။ ကြာပန်းနံ့သင်းသင်းကလေးကို ခံစားရတိုင်း ဟိုးငယ်ငယ်ဘ၀ကို အမှတ်ရမိတယ်။
ဒါတွေကတော့ ကိုယ် အမှတ်အရဆုံး ပန်းကလေးတွေပါ။ အနံ့မမွှေးတဲ့ နေကြာတို့၊ စက္ကူပန်းတို့၊ ရွက်လှ၊ ဒေလီယာ၊ သစ်ခွတို့တော့ သိပ် စိတ်မ၀င်စားလှဘူး။ ကိုယ်လက်လှမ်းမမီဘဲ ပုံကြည့်ပြီး စိတ်ဝင်စားတာတွေလည်း ရှိသေးတာပေါ့။ ဥပမာ- Tulip တို့ Deffodil တို့ ပေါ့။
ငယ်ငယ်က ကစားလို့ ကိုယ်နိုင်ခြေရှိလာရင် ပန်းပေးပြီလား ပန်းပေးပြီလား လို့ တစ်ဖက်ကို မေးရတာလေ။ သူက ပန်းပေးတယ်ဆိုရင် သူအရှုံး ကိုယ်အနိုင်နဲ့ ပွဲရပ်ခဲ့ကြတာပေါ့။ ဘာကြောင့် အရှုံးပေးတာကို ပန်းပေးတယ် ခေါ်သလဲဆိုတာ ကိုယ်မသိပါ။
ဒီလိုနဲ့ နည်းနည်းကြီးလာတော့ ချစ်သူတွေပန်းပေးကြတယ်ဆိုတာ သိလာတယ်။ အဲဒီလိုနဲ့ ပန်းပေးမဲ့ မင်းသားလေးကို စောင့်လိုက်တာ ဗာလင်တိုင်းနေ့တွေသာ အလီလီကျော်ဖြတ်သွားတယ်။ တစ်ယောက်တစ်လေမှ မတွေ့ရဘူး။ ၀မ်းနည်းပါဘိ။ အနားကို ပူးကလေးရောက်လာတော့လည်း (ပန်းကြိုက်သူပီပီ) အမှတ်တရ ပန်းပေးစေချင်ခဲ့တယ်။ သူက လုံးဝ အလိုက်မသိဘူး။ သူက လက်တွေ့သမား၊ သူပေးဖူးတာက သဇင်ပန်းတုံးတစ်တုံး။ (ကိုယ့်ဘာသာ ရေလောင်း၊ ကိုယ့်ဘာသာ ခူးပန် လို့ ဆိုလိုချင်တာလားမသိ)။
ဒီလိုနဲ့ နည်းနည်းကြီးလာတော့ ချစ်သူတွေပန်းပေးကြတယ်ဆိုတာ သိလာတယ်။ အဲဒီလိုနဲ့ ပန်းပေးမဲ့ မင်းသားလေးကို စောင့်လိုက်တာ ဗာလင်တိုင်းနေ့တွေသာ အလီလီကျော်ဖြတ်သွားတယ်။ တစ်ယောက်တစ်လေမှ မတွေ့ရဘူး။ ၀မ်းနည်းပါဘိ။ အနားကို ပူးကလေးရောက်လာတော့လည်း (ပန်းကြိုက်သူပီပီ) အမှတ်တရ ပန်းပေးစေချင်ခဲ့တယ်။ သူက လုံးဝ အလိုက်မသိဘူး။ သူက လက်တွေ့သမား၊ သူပေးဖူးတာက သဇင်ပန်းတုံးတစ်တုံး။ (ကိုယ့်ဘာသာ ရေလောင်း၊ ကိုယ့်ဘာသာ ခူးပန် လို့ ဆိုလိုချင်တာလားမသိ)။
ပန်းပန်တဲ့ အလေ့အထဟာ မြန်မာဓလေ့လို့ ပြောရင် မှန်မလားဘဲ။ တွေ့ဖူးသလောက် နိုင်ငံခြားသူတွေ ပန်းပန်လေ့မှမရှိတာ။ တီဟီတီကျွန်းရဲ့ အမှတ်အသား ခေါင်ရမ်းပန်းတွေကို နားရွက်ကြားညှပ်တာတို့၊ ဘာလီ ကျွန်းသူလေးတွေ ပန်းကုံးခေါင်းစွပ်တာတို့ လောက်ပဲ မြင်ဖူးပါတယ်။ မြန်မာအမျိုးသမီးလေးတွေကတော့ ပွဲတက်ပြီဆို ဆံထုံးနဲ့ ပန်းနဲ့ပုဝါနဲ့မှ အင်္ဂါစုံပြီး တင့်တယ်တာ မဟုတ်လား။ (ဒီနေ့ခေတ်ကတော့ ပန်းပန်တာနည်းပြီး ရတနာဆံထိုးလေးတွေ ပိုသုံးလာသလိုပဲ) ပန်းပန်နည်းတောင် အမျိုးမျိုးရှိပါသေးတယ်။ မှတ်မိသလောက် ဆံထုံးနဲ့ နားရွက်ကြားမှာ ပန်းပွင့်လေးကို အလိုက်သင့်ကပ်ပြီး၊ အပွင့်ကလေးတွေဘေးကိုပြူထွက်နေအောင် ပန်တာကို “ခင်ယုမေ ပန်းပန်နည်း“ တဲ့။
သြော် ပြောရင်းနဲ့ မြန်မာဆန်ဆန် ပန်းပန်လေ့ရှိတဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ယောက်ကို သတိရမိသေးတော့-။
မိုးစက်ပွင့်
photo credit: fotosearch.com
ကိုယ်လည်းပန်းကြိုက်တယ်၊
ReplyDeleteဆိတ်ဖလူးပန်းဆိုတာ ကြားဖူးတယ်၊ မမြင်ဖူးဘူး ထင်တာပဲ၊
သိပ်မွှေးတာတော့ သိတယ်။
ကံ့ကော်၊စံပယ်၊ ပိတောက်၊ ကြိုက်တယ်။
ReplyDeleteဒီမှာပန်းတွေက မမွှေးဘူး။
တခါတလေလည်း ဆံတုံးထုံးပြီး ပန်းပန်ချင်တယ်။
ပန်းနဲ့ပန်းပင် မကြိုက်တတ်သေးပါ...လှရင်တော့ ကြည့်ပါတယ်..ကိုယ်တိုင်တော့ မပန်လို မစိုက်လိုသေးဘူး... သီးပင်စားပင် ပိုကြိုက်တယ်..နောက်ကျရင်တော့ အကြိုက်ပြောင်းသွားမလားမသိ:)
ReplyDeleteအပြုံးပန်း နောက်တစ်ခါကြုံရင် ဆိတ်ဖလူးပန်းပုံ ဓါတ်ပုံရိုက်ပြီး တင်ပေးမယ်နော်...
ReplyDeleteမမ အီးတီ... တစ်ခါလောက် ဆံထုံးထုံး ပန်းပန်ပြီး ဆရာမလို ၀တ်သွားပါလား..ဂျာဂျာတွေ မျက်လုံးပြူးသွားအောင်..
စူးနွယ်ရေ .... ပန်းကလေးတွေက မျက်စေ့နဲ့ စိတ်ကို အာဟာရလည်းဖြည့်ပေးတယ်..အပန်းလည်းပြေစေတယ်လေ ... ပန်းကလေးတွေကို “သက်ရှိအရာဝတ္တူကလေးတွေ”လို့ မြင်ကြည့်လိုက်ရင် ပိုချစ်လာလိမ့်မယ်ထင်တယ်...