ကျောင်းပိတ်ချိန်မို့ အဖိုးအဖွားတွေရှိတဲ့ ရွာမှာ နေချိန်တွေကလည်း ပျော်စရာပါ။ ရွာဆိုတော့ ဆော့လို့ပိုကောင်းတယ်။ လက်ပံပွင့်နီနီဖားဖားတွေ၊ ကုက္ကိုပွင့် ပန်းရောင် ၀တ်ဆံဖွာဖွာလေးတွေ၊ လိမ္မော်ရောင်တောက်တောက်နဲ့ ပေါက်ပွင့်ကလေးတွေက ကျွန်မတို့ရဲ့ ကစားဖေါ်တွေပါ။ ကစားနည်းကတော့ စုံပါတယ်။ ကောက်ရိုးပုံပေါ်တက်ပြီး ကျွမ်းထိုးချကြလားချရဲ့။ အောက်မှာ ကောက်ရိုးမွေ့ယာခင်းထားတော့ မနာပါ။ ရေချိုးချိန်ကျရင်သာ အသားတွေ စပ်ဖျဉ်းစပ်ဖျဉ်းဖြစ်လို့ တအားအော်နေရတာ။ နောက်တစ်မျိုးက ဈေးရောင်းတမ်း ကစားတာပါ။ ညောင်ရွက်ခူးပြီး ရွှံ့ရေဖျော် ကွမ်းယာရောင်းတမ်း၊ ချွဲတဲ့အရွက်တွေရေဖျော်ပြီး ဆီရောင်းတမ်း ဆော့ခဲ့ပါတယ်။ ကုက္ကိုရွက်တွေကတော့ ပိုက်ဆံအဖြစ်သုံးတာပေါ့။ မကျည်းရွက်နုတွေခူးပြီး၊ ဆား၊ငြုပ်သီးထည့် ၊ လုံအောင်ထုပ်၊ မြေမြှုပ်ပြီး ဖနောင့်နဲ့ ၀ိုင်းပေါက်ပြီး ဘုတ်မဆီဆမ်း ခွေးသေးပန်း လုပ်စားကြတာ အရမ်းအရသာရှိခဲ့ပါတယ်။
ညအခါ လသာသာဆိုရင်တော့ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အိမ်ရှေ့က ကတ္တရာလမ်းမမှာ တစ်ဝေးဝေး ဆူညံလို့...... ကစားနည်းတွေက တစ်မျိုးပြိးတစ်မျိုးပေါ့။ လူများရင် ထုတ်စီးတိုးတမ်း၊ ဒီဒီဒီ ဆိုပြီး အသံရှည်ဆွဲပြီး အခေါက်ရေပြိုင်ပြေးရတဲ့ ကစားနည်း၊ အတန်းလိုက် တစ်ယောက်ခါး တစ်ယောက်ဆွဲပြီး မထွေးကို ကာကွယ်ရတဲ့ ရွှေစွန်ညို ကစားနည်းတွေက အများဆုံး ဆော့ကြပါတယ်။ လူကြီးတွေက ညဖက်ဆို တူတူပုန်းတမ်းပေးမဆော့ပါဘူး။ နတ်ဖွက်တတ်တယ် တကယ်ပျောက်သွားတတ်တယ်တဲ့။ (တကယ်တော့ မြွေပါးကင်းပါး စိုးရိမ်တာ ထင်ပါရဲ့။) ကိုယ်လုံးသေးပြီး နှေးကွေးတဲ့ ကျွန်မရဲ့ အကြိုက်ဆုံးကစားနည်းကတော့ အင်အားမသုံးရတဲ့ ပြဇာတ်ကခြင်း ပါ။ ကြားဖူးသမျှ ရုပ်ရှင် ဇာတ်လမ်း ကက်ဆက်ဇာတ်လမ်းမကျန် ရောသမမွှေပြီး ကိုယ်ဟာကိုယ် ဇာတ်လမ်းဆင်ပါတယ်။ ပြီးတော့ ကျရာနေရာက သရုပ်ဆောင်ကြတယ်။ အစလောက်ပဲစဉ်းစားပြီး ကရင်းနဲ့ ဇာတ်လမ်းက ဆက်စီစဉ်သွားကြတာပါ။ မှတ်မိသလောက် ခေါင်းကွဲပြီး အတိတ်မေ့တဲ့ဇာတ်လမ်းတွေ တော်တော်များများ က ဖြစ်တယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်နေကြတာပဲ။ မှောင်ရီပျိုးထဲက ဆော့လိုက်ကြတာ ညဥ့်နက်လို့ အဖေအမေတွေက ဆူဆူပူပူ လှမ်းခေါ်တော့မှ အိမ်ပြန် အိပ်ကြပါတယ်....။ အဖြူရောင်ဘ၀လေးတွေပါ....။
မှတ်မှတ်ရရ ရှိခဲ့တဲ့ ကစားနည်းတခု ကတော့ မောင်နှမနှစ်ယောက် ရေကန်ထဲဆင်းပြီး ကြာပန်းခူးကြပုံပါ။ အိမ်နောက်ဖေးမနီးမဝေးက လယ်ကွင်းထဲမှာ ကန်ကြီးတစ်ခုရှိပြီး ကြာဖြူ နီပြာတွေ ပွင့်နေတာ အရမ်းလှပါတယ်။ အသက်နှစ်နှစ်လောက်ပဲ ကွာတဲ့မောင်နှမမို့ တူတူဆော့ကြပြီး အကြီးဖြစ်တဲ့ ကျွန်မက ကြာဆင်းခူးရအောင်ဆိုတာနဲ့ မောင်လေးကလည်း ရေထဲဆင်းပြီးသားပါပဲ။ ကြာပန်းတွေ တစ်ပွေ့တစ်ပိုက်ခူးပြီး ပျော်ပျော်ကြီးပြန်လာတဲ့ မောင်နှမကို အဒေါ်က ကောင်းကောင်းကြီး ကြိမ်လုံးစာကျွေးတော့တာပါပဲ။ အဲဒီကန်ထဲမှာ ချောက်နက်နက်တွေ ရှိသတဲ့။ ကလေးတစ်ယောက်လည်း ရေနစ်သေဘူးသတဲ့။ သိမှသိဘဲလေ ....။
အဲဒီ အဖြူရောင်ဘ၀နဲ့ ပျော်စရာအချိန်လေးတွေကို အခုတွေးရင် အခုလွမ်းမိပါတယ်.......
မိုးစက်ပွင့်
ငယ်ငယ်က နတ်ပွဲတွေကြည့်တယ်။ မောင်ဝမ်းကွဲတစ်ယောက်ဆို
ReplyDeleteကြီးလာရင် ပတ်မကြီတီးမယ်ဆိုပဲ။
ခေါင်ရမ်းပန်း အရွက်တွေကို ရေဖျော်ပြီး ဆီလုပ်ရောင်းတမ်း လည်းကစားဖူးတယ်။
ငယ်ငယ်က သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ကစားရတာ...
မသေကောင်း မပျောက်ကောင်း...
ReplyDeleteးဝ)