Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, 2 March 2012
သမီးချော့ တေး
; ; ; ; ; ; ; ; ; ; ; ; ; ;
; ; မျက်တောင်ကော့စင်း
ပုခက်တွင်းမှာ
နှင်းဝါခဲနု ပုလဲဥလို
နုစို ရွှေသွေး
သမီးလေး။
; ; ဖူးသစ်စပန်း
နေခြည်ဖြန်းသို့
နှုတ်ခမ်းသန္တာ
ပန်းနုလွှာက
အိမ်မက်ကမ္ဘာထဲ
ဘာကို မြင်၍
ပြုံးသည်လဲကွယ်..။
; ; ချစ်သမီးရဲ့
ဘ၀ခရီးတလျှောက်
ရောက်လေရာရာ
စခန်းသာတွင်
လိပ်ပြာချိုတေး
စမ်းရေအေးနှင့်
ထုံမွှေး ပန်းပွင့်
အရံသင့်စေလိုပါရဲ့..။
; ; ဒါပေမဲ့ကွယ်..
ဘ၀ဆိုတာ
ရေစီးနဲ့ရေသာ
တမာနဲ့ပျား
ရောယှက်ထားသတဲ့
ဘ၀ရဲ့ဇာတ်ဆရာ
သူစေစားသမျှ
လူသားတိုင်း က ခဲ့ရပေါ့။
; ; မေ့သမီးရဲ့
ရှေ့ခရီးတလျှောက်
ချိုတဲ့ ပျားတွေ
မလိုတဲ့ ကျားတွေ
နှင်းတောင်တန်းတွေ
အဖျင်းအမှောင်လမ်းတွေ
ခင်သူ ကြင်သူ  
နှင်သူ လျင်သူ  တွေ
ဘ၀င်ပြုံးချိုစရာတွေ
ရင်နှလုံးဖိုစရာတွေ အပြင်
တမင်အမုန်းပိုစရာတွေကိုလည်း
တွေ့လိမ့်မပေါ့…။
; ; ဒီတော့ သမီးငယ်ရေ…
လောက ခရီးရှည်မှာ
မေတ္တာ ၀တ်ရုံကို လုံအောင်ဆင်ပြီး
သစ္စာ ဆိုတဲ့ ဖိနပ်တရံကိုလည်း 
အမြဲသာ စီးထားလိုက်ပါကွဲ့….
ပညာကို မှန်လိုကြည့်၊
သတိကို အမြဲယှဉ်
အသိ ဆိုတဲ့ လက်နက်ကိုင်စွဲလို့
ဇွဲ ရှိရှိသာ ခရီးနှင်ပါနော်….။
; ; မမောမပန်း
သည်တောလမ်းတလျောက်
အစဉ်သာ သမီးဘ၀င် မညှိုးရအောင်
(မေ အသက်ရှင်သမျှ)
အကြင်နာ ထီးလိုမိုးပါလို့
မေတ္တာကို ဖျာခင်း
ကရုဏာ နှင်းစက်ရည်ဖျန်းမယ်ပေါ့
ဘ၀ပန်းတိုင်ခရီး 
မညည်းစတမ်း
နီးအောင်ပင် လှမ်းလေတော့
ချစ်ရပါသော သမီးငယ်…။
(ပြာရီမိုးညို - ၂၊၃၊၂၀၁၂)
Thursday, 1 March 2012
မောဟ ဝေဒနာ
flickr.com
အော်ဂလီဆန်တယ်
လက်ညှိုးထိုးပြီး အန်ပစ်လိုက်တော့
အစာအိမ်ထဲက ဆွေးမြေ့နေတဲ့
 အိမ်မက်တွေ
အကုန်လုံး ပါသွားပေါ့..။
“သွားတော့မယ်” တဲ့
ကြွေခါနီးသစ်ရွက်က
 ငါ့ကိုနှုတ်ဆက်တယ်
သယ်ဆောင်သူ လေရူးက
နှုတ်ဆိတ်နေတဲ့ ငါ့ကို
 ခနဲ့ပြုံးများ ပြုံးပြသွားခဲ့သေးသလား
တကယ်တော့ မသေချာ
ငါ့အမြင်အာရုံတွေ “မှုန်” နေတယ်...။
သောက်နေကျ စီးကရက်တရှိုက်
ဘယ်လိုပဲ ဖွာပစ်လိုက်ပေ့စေ
ဆားမပါတဲ့ ဟင်းလို
အရသာမဲ့ကင်း
ငါ့ရဲ့ ခံတွင်းတွေ “ပျက်”နေတယ်။
ကလောင်ကိုင်ထား
လက်များ တုန်လျက်
စာရွက်ဖြူတထပ်ရဲ့
လှောင်မဲ့မဲ့အပြုံး
အို- မုန်းလိုက်တာ
ငါ့ရဲ့ အကြည်ဓါတ်တွေ “ ကုန်”နေတယ်...။ 
ဘ၀ဖေါ် သူ့အတွက်
အေးစက်စိမ်းကား
နံရံ၏အခြားတဖက်က ငါ
ရင်ခုန်သံ ကာရံပျက်
ငါ့ရဲ့ နှလုံးသား “ထုံ” နေတယ်...။
အချိန်ကြောင့်လား
ဖြတ်သန်းမှုကြောင့်လား
ရိုက်ခတ်မှုကြောင့်လား
ဝေဒနာကြောင့်လား
------  လား
------- လား
------- လား
ငါ့ရဲ့ ဘယ်ဖက်ရင်ဘတ်တခြမ်းလုံး ”မြုံ”  နေတယ်....။
မိုးစက်ပွင့်
Sunday, 18 September 2011
သတို့သမီးရဲ့ ငိုရှိုက်သံ
ဟိုး...ဝေးဝေး
အတီတေကာလ
ပျူ၊ ပေါက္ကံ၊ အင်းဝ၊ အမရပူရ
ခေတ်အဆက်ဆက်မှသည်
မြန်ပြည်ရဲ့ ရင်သွေးတွေ
မချို့ငဲရအောင်
ကျွေးခဲ့ မွေးခဲ့ ပေးခဲ့တဲ့
အားလုံးရဲ့ အမိ ဧရာဝတီ ....။
Tuesday, 28 June 2011
ပိုးဖလံတို့ရဲ့ည
ရွှေရောင်ညတည
အပေါင်းအဖေါ်တစုနဲ့ 
အလုအယက် သူ့ထက်ငါ
လင်းလက်တဲ့ အဆင်းရှိရာအရပ်ဆီသို့ .......
အပျော်လွန်ညတညရဲ့
တိုတောင်းတဲ့ တခဏ
စူးရှရှ မီးရောင်အောက် 
အရိုင်းအက နဲ့ မရဏသံစဉ် ချိုချို
တေးသွားတွေ သီဆိုလို့
ပြေးတမ်းလိုက်တမ်း
မမောတမ်းပေါ့
နောက်ဆုံးတော့
တကောင်ခြေရင်း တကောင်ဝပ်စင်းလို့
နုရွတဲ့ တောင်ပံကြွေလေးတွေ ဟိုဒီမှာ ပျံ့ကြဲလို့
ငြိမ်းချမ်းစွာ ထာဝရအိပ်စက်ခြင်းနဲ့
နယ်ခြားမဲ့ ၀ိဥာဉ်ကမ္ဘာ ဟိုးဝေးရာဆီသို့ .....။
မိုးစက်ပွင့်
Monday, 4 April 2011
မိုးစက်ဝိုင်
မိုးရေဆိုတာ သန့်သန့်ရှင်းရှင်း
အရောင် အနံ့ အရသာ ကင်းသတဲ့......
ဟော....ကြည့်ပါ့
ခံစားချက် ကောင်းကင်ပြာကြီးကနေ မွေးဖွား
သမုဒယ  မိုးသားပြာတွေကနေ ငွေ့ရည်ဖွဲ့
တအိအိ လျှံကျလာတဲ့
ရင်ခုန်သံ အပြာရောင် မိုးရေစက်များ.....
အရောင်အနံ့အရသာမကင်းလို့
မသန့်ရှင်းဘူးဘဲဆိုဆို
ချစ်ခြင်းတို့ ပျော်ဝင်နေခဲ့......
သူ့လက်ထဲက
အနီရောင်စပျစ်ဖျော်ရည်ခွက်ထဲ ဖိတ်ကျပျော်ဝင်ခဲ့တဲ့
အပြာရောင်မိုးရေစက် တွေကြောင့်
ခရမ်းရောင် အချစ်ဖျော်ရည်တခွက် ဖြစ်သွားခဲ့လေသလား ......
Wednesday, 1 December 2010
ရာသီမဲ့ အချစ်
မိလေပြေ
နွေရဲ့ အလှ
အရိုင်းဆန်တဲ့ အပျိုစင်မ
မေ၀သန်
ငွေမျှားတံ ပိုင်စိုးတဲ့
မိုးမင်းသမီးတိမ်ဇာပုဝါရှင်
မနှင်းဖြူ
ဖွေးလွလွ သရဖူနဲ့
မဟာဆန်တဲ့ ဆောင်းအလှမယ်
ရာသီစက်ဝိုင်း လည်ပတ်တိုင်း
သူတို့အလှပုံရိပ်ဟောင်းကို
အသွင်အမျိုးမျိုးပြောင်းခဲ့ကြတယ်....။
တခါတခါ
မာရ်နတ်ရဲ့ သမီးပျိုသုံးပါးလို
(မင်းကိုများ မေ့မလားလို့)
သူတို့အလှအပတွေနဲ့
ကိုယ့်ကိုလာလာ 
ဖျားယောင်းတတ်ကြလေရဲ့....။
ဒါပေမဲ့
ဒါပေမဲ့ကွယ်
နွေ မိုး ဆောင်း
ရာသီတွေဘယ်လိုဟောင်းဟောင်း
နိမိတ်ပုံတွေ ဘယ်လိုပြောင်းပြောင်း
ကိုယ့်အထီးကျန်ကမ္ဘာလေးထဲ
ဘယ်တော့မှ မပြောင်းမလဲ
အမြဲလိုတမ်းတ
လွမ်းနေရတာ
မင်းကိုပါပဲ
ညီမလေး “.....” ရယ်။
(Sweet December ရဲ့ အမှတ်တရ)
☆ ★SWEET ☆ ★
。☆。 。☆。
★。\|/。 ★
。 DECEMBER。
★。/|\。 ★
。☆。 。☆。
Wednesday, 27 October 2010
အတ္တ ကို တိုက်စားတဲ့ နာရီများ
အချိန်ဟာ အရှိန်နဲ့ပြေးနေတဲ့ မျှားတစင်းလား
တသွင်သွင်စီးနေတဲ့ မြစ်တစင်းလား
ရပ်နားခြင်း ဘူတာမရှိတဲ့ ရထားတစီးလား
နောက်ပြန်မလည်တဲ့ လှည်းတစီးရဲ့ ဘီးလား
များပြားလှတဲ့ ရူပက အလင်္ကာတွေ......။
ဒီမှာ 
သေချာတာက 
စက္ကန့်ခြောက်ဆယ် တမိနစ်
မိနစ် ခြောက်ဆယ် တနာရီ
ရာသီမလပ်
မှန်မှန်ကြီးလည်ပတ်
ဘယ်သူမှ မရပ်နိုင်ဘူး..။
Thursday, 2 September 2010
စွဲ
ဖြတ်ကနဲ
မှန်ထဲကိုကြည့်လိုက်ချိန်
တစ္ဆေလို             မင်းအရိပ်
ငါထိတ်နဲ ဖြစ်သွားတယ်
“ရော်-ခက်ပြီကွယ်”
//    //   //    //
 \\  \\   \\  \\
//  //  //  //
\\ \\ \\ \\
ထမင်းစားချိန်  မှာလည်း
ငါ့ပန်းကန်ပြားပေါ်ရစ်ဝဲ
အိပ်တဲ့အချိန်မှာလည်း
အိမ်မက်ချိုတွေထဲထိ
အရိပ်လို မခွဲခွာ
သူအမြဲလာ နှောင့်ယှက်တတ်လေရဲ့
ရုန်းကန်လှူပ်ရှား
လုပ်ငန်းခွင် အချိန်များစွာထဲ
မင်းအနားမခွာဘဲ ငါအမြဲ  ရှိနေချင်မိ
စားပွဲပေါ်ပုံနေတဲ့ ငါ့အလုပ်ကြွေး တချို့အတွက်
   အခမဲ့  နာရီပေါင်းများစွာကို  ကြိတ်ဝါး
 ရခဲ့တဲ့ရင်ခုန်မှုများကတော့ ဆုလာဒ်ပေါ့
မင်းကို မေ့ပစ်ဖို့ အလီလီ  ကြိုးစားခဲ့ပေမဲ့လည်း
ဖြတ်တောက်ဖို့ အကြိမ်ကြိမ် ငါကြိုးစားလည်း
ရုန်းထွက်ဖို့ အခါခါ ငါ ကြိုးစားလည်း
မင်းသာပဲ စိုးမိုးလို့နေ၏
သြော်
မမြင်ရတဲ့ 
မှော်အတတ်နဲ့ 
လူတကာကို ဖမ်းစား
မင်းမာယာများလွန်းလှရဲ့
ထွက်ပေါက်မဲ့ ထောင်ခြောက်ထဲ
သမုဒ်ပြင်နက်ရှိုင်း ခရမ်းပြာWeb လှိုင်းတွေထဲ
ရီဝေယစ်မူး ကူးခတ်နေသူထဲက တယောက်သော “ငါ“
။။
။။
။။
။။
ဘာ
ဘာရယ်
မဟုတ်
shopaholic
workaholic
alcoholic
chocoholic
အဲဒါတွေ
ဘာတခုမှ
မဟုတ်တဲ့
"blogoholic"
အခုတော့ 
ငါကိုယ်တိုင်
ဖြစ်နေခဲ့ပြီပေါ့
။။
။။
။။
။။
မိုးစက်ပွင့်
(စာကြွင်း။  ကဗျာဖတ်ရင်း  ဒိုးနတ်၊ ကော်ဖီ၊ ဘာဂါ၊ ဆင်းဒွစ်၊ ဆာတေး  ကြိုက်တာစားသွားနော့- အားမနာနဲ့  )
Friday, 16 July 2010
ဧည့်ဆိုး”မောင်”
“မောင်”
ပိန်းပိတ်အောင်မှောင်တဲ့
သန်းခေါင်ကျော် အချိန်မျိုး
သူ့ခေါ်သံတိုးတိုးကြောင့်
လန့်ပြီးတော့ နိုးလာခဲ့ .........
အတိတ်ဆိုးတွေ အရိပ်ထိုးနေသလား
မျက်ရည်စီးသံလား ရွက်ကြွေညည်းသံလား
ရင်မှာစိုးထိတ် ဟိုးအမှောင်ရိပ်က
သူ့ခြေသံဖွဖွ ကြားမိရဲ့...။
စံပယ်နံ့သင်းသင်း
သက်ပြင်းတရှိုက်
 အပြစ်မကင်းတဲ့ ချစ်ခြင်းကြောင့်
ရင်မှာမောဟိုက်  
အိုး......ခက်လိုက်တာကွယ် .......
မခေါ်ပဲလာ မနှင်ပဲပျောက်
ကြောက်စရာ ဧည့်ဆိုး
အိမ်မက်တံခါးကိုဖျက်ချိုး
အမှောင်ကိုအားကိုးပြီးမှ လာတတ်တယ်...။
ဒါကြောင့်လေ...
လူခြေတိတ်ဆိတ်
ညမှောင်ရိပ်ဆို
အိပ်ငွေ့မပြယ်တပြယ်
အတိတ်မေ့နေချင်တယ် ”မောင်”..။
Monday, 5 July 2010
မှော်ဆရာမလေး
ကိုယ်သာ
မှော်ဆရာမလေးဆိုရင်
Crystal Ball လေးထဲမှာ
နောင်အနှစ်နှစ်ဆယ်အတွက်
ကြိုတင်ကာ တို့အနာဂါတ်ကို
ဖတ်ကြည့်ချင်တယ်........
လျှပ်ပြက်သလို Magic Cane လေး တချက်အဝှေ့မှာ
ကိုယ်တသက်မမေ့တဲ့  လင်းလက်အပြုံးနဲ့
မင်းရဲ့ ပုံတူ ရုပ်ထုလေး 
လက်တွေ့ဖန်ဆင်း
ပြီးတော့မှ..... အသက်သွင်းလိုက်မယ်........
မှော်ဆံနွယ်တွေ ခါအယမ်း
စေညွှန်ရာ ဒီနှုတ်ခမ်းအဖွင့်မှာ
ပန်းကလေးတွေ အလိုလိုပွင့်စေ
စမ်းကလေးတွေ အလိုလိုစီးပစေ
သင်းပျံ့တဲ့ စံပယ်ရုံ ၊ မြတ်လေးခတ္တာငုံ တွေအပြင်
နှင်းဆီဝါခြုံကလေးတွေပါ ဖန်ဆင်းလိုက်မယ်....
နောက်ပြီး.....
ဝိုင်ချိုချိုလေး တစ်ခွက်
ဂစ်တာအိုကလေးတလက်
မြက်ခင်းကလေးစိမ်းစိမ်း
လေယူရာယိမ်းတဲ့ ကိုင်းပင်ဖြူဖြူလေးတွေပါ ဖန်ဆင်းလိုက်မယ်...
Magic Power နဲ့
စက္ကန့်တွေကို ဖမ်းဆုပ်၊ နာရီတွေကို ထိမ်းချူပ်
ပြက္ခဒိန်တွေကို အေးခဲ၊ ငှက်တွေအဖြစ်ပြောင်းလဲ
လေထဲမှာ ပျံဝဲခိုင်းလိုက်မယ်ဆို
တို့နှစ်ယောက်အတွက်  ဘာလိုသေးလဲအချစ်ရယ်.........
အင်း..ခုတော့...
ကိုယ်တယောက်တည်း  
တော်ရာခဏအဝေးမှာ ရူးနေရော့သလား
ပျော်စရာဘ၀ကလေးကို  စိတ်ကူးတွေယဉ်လို့
ကိုယ်လေ..................
မှော်ဆရာမလေး ဖြစ်ဖူးချင်နေတယ်.......။
မိုးစက်ပွင့်
Photo credit:  http://www.flickr.com 
( အဟဲ- Harry Potter ထဲက စုန်းမကြီးကိုတော့ မြင်ယောင်မကြည့်နဲ့နော် ....)
Monday, 31 May 2010
To Eternity
Dear My Love,
When you like this garden to nurture;
I will love to enjoy the flowers.
When you like to play the music;
I will love to listen with my heart to it.
When you like to taste the red wine with a toast of bread;
I will love to prepare candle lights on the table set.
So,
The love and life we share,
The tear and sadness we bear,
The hundred kisses and thousand hugs we take together;
You, being my closest friend and sibling,
Offering firmest shoulder to lean on and warmest hand to hold on;
You, being my dearest husband,  who will be  by my side forever.
Let me whisper, only for your ears,
You know, my dear?  
At every second, I love you more and more....
Please be my lifelong partner in our glorious future;
Moe Sett Pwint
(Dedicated for our 3rd anniversary :P )
Thursday, 27 May 2010
တွေ့ရိချက် ၂၀၁၀
ငါ့ကိုယ်ငါပျောက်လို့ရှာ
ငါဘယ်မှာလဲ.............??????
ကမ္ဘာတစ်ပါတ် ခြေရာထပ်ခဲ့ပေါ့။
..
လူတကာတွေ ကြားမှာလည်းမရှိ
မြူလွှာတွေကြားမှာလည်းမရှိ
တိမ်ပြာတွေအောက်မှာလည်းမရှိ
ရေလွှာပြင်အောက်မှာလည်းမရှိ
မဟာတံတိုင်းနောက်မှာလည်းမရှိ
ဘာလင်တံတိုင်းနောက်မှာလည်းမရှိ
 အမေဇုန်တောမှာမရှိ
အေဒင်ဥယျာဉ်မှာမရှိ
အပူနွေကန္တာရထဲမှာလည်းမရှိ
ကမာခွံလှလှတွေထဲမှာလည်းမရှိ
စပျစ်ခိုင်တွေထဲမှာမရှိ
အနှစ်မလိုင်တွေထဲမှာမရှိ
အယုအယတွေထဲမှာမရှိ
သမုဒယတွေထဲမှာမရှိ
အနုအလှတွေထဲမှာမရှိ
သြော်- ခက်....ခက်ပါဘိ။
ဒီလိုနဲ့ ....
အချိန်ရထား
တရွေ့ရွေ့သွား
နာရီစက္ကန့် လှိုင်းတံပိုးများ
ဘ၀ကျောက်ဆောင်ကို မှန်မှန်တိုက်စား
တဖြေးဖြေး ပါးလာခဲ့ပေါ့။
ဟော- အခုတော့  တွေ့ပြီလေ....
အူတူတူ အတတ 
အညတြတစ်ယောက်ရဲ့
(သိုးဆောင်းအဆိုအရ)
ဘ၀စတဲ့အရွယ်တိုင်အောင်
မာနကျောက်ဆောင်အောက်က
အတ္တခွံထူထူထဲမှာ
သူတစ်ယောက်တည်း
တိတ်တိတ်ကလေး ပုန်းနေခဲ့ပေါ့...။
Tuesday, 25 May 2010
အနက်ရောင်ဝတ်ရုံ ခြုံထားတဲ့ ကဗျာ
၂၀၀၈ မှာ မွှေတဲ့ နာဂစ်
အပြစ်ကင်းတဲ့ ကလေးငယ်တွေတောင်မချန်ဘူး။
၂၀၀၉မှာ  မိုးမရွာတဲ့ အညာ
သောက်စရာရေတောင် မကျန်ဘူး။
၂၀၁၀မှာ  ပိတောက်ဝါတွေသွေးနီစွန်းခဲ့
တူးပို့  နဲ့ ပျော်နေသူတွေ  အသက်မရှူ မျက်ဖြူဆိုက်
ဘယ်ဆရာကြိုက်ဖို့ရယ် မသိဘူး။
မီးမလာ ရေမလာ
မြေလွှာအက်ကွဲ သောက်ရေတောင်မရှိတဲ့အထဲ
”မီး”တဲ့.......”မီး”တဲ့
နူရာဝဲစွဲ လဲရာ သူခိုးထောင်း
ဘ၀ကံမကောင်းလိုက်ပုံက
ရာထောင်ချီတဲ့ ဈေးဆိုင်ခန်းတွေ ပြာကျ
ကူကယ်ရာမဲ့ လက်လုပ်လက်စား ဈေးအထမ်းသမားလေးရဲ့ ဘဝ
မီးတောက်ပြင်းပြင်းက ၀ါးမျိုချခဲ့ပေါ့။
သြော် - ဆိုးလှပါဘိ
မြန်မာပြည်အမိရယ်
ရင်မှာ မချိပါပြီကော ...လေ..။
ဘ၀တွေက အဆင်းခက်တဲ့ တွင်းနက်နက်
(ထမင်းချက်ဖို့တောင် အနိုင်နိုင်....)
သဘာဝတရားက  မညှာမတာနှက်
သန်းကောင်ထက်နက်တဲ့ညဥ့်
ဘယ်မှာ ရှာလို့တွေ့မလဲရှင့်......။
မိုးစက်ပွင့် 
(၂၄.၅.၁၀  မင်္ဂလာဈေး မီးကြီး နှင့် ဈေးအလုပ်သမား လက်လုပ်လက်စားတွယ်ရာမဲ့ဘ၀များအား ၀မ်းနည်းစွာဖြင့်-) 
"photo credit:  Nyi Lynn Seck.( http://blog.nyilynnseck.com/)
Friday, 30 April 2010
မှာတမ်း
ချစ်သူရေ .....ဆင်ခြင်ကွဲ့  
တစ်ယောက်နဲ့ တစ်ယောက်
တို့တွေ  ဘယ်လောက်ချစ်စေ
နှစ်တွေပြောင်းလို့  အချစ်တွေဟောင်းတဲ့အခါ
နှစ်တွေကြာလို့   အပြစ်တွေရှာတတ်တဲ့အခါ
ရင်နာစေမဲ့စကားလုံး ဘယ်ခါမှ မင်းမသုံးနဲ့နော် ....။
ချစ်သူရေ ......မထားခဲ့နဲ့...
ကိုယ်က အားငယ်တတ်သူလေးပါ
မြစ်ယံချောင်းပါး ကိုရွှေငါးလို
မင်းကူးချင်ရာကူးသွားတဲ့အခါ
အချစ်ရွာမှာ သွေ့ခြောက် ကိုယ်တစ်ယောက်တည်းမို့
လွမ်းလို့ကျန်ရစ်ခဲ့မှာ မင်းအားနာတယ်ဆိုရင်
အကြင်နာခွန်အားသစ်   ကိုယ့်အတွက်ထာဝရဖြစ်စေသောဝ် .....။
ချစ်သူရေ.......ခေါ်ပါလှည့်
မင်းနဲ့ သာဆို  ကိုယ်လေ..........
အရပ်ရှစ်မျက်နှာ ဘယ်ကိုပဲသွားသွား မကျန်ခဲ့ချင်ဘူး
တစ်လောကလုံးက ဘယ်သူပဲတားတား နားမ၀င်ဘူး
ယုယအနားတိုး အားကိုးယုံကြည် ပခုံးစွန်းနွဲ့မှီလို့
ဆယ်ကမ္ဘာဆီ မငြူစူစတမ်း
ရွယ်ကာအတူတူ လျောက်လှမ်းရအောင်နော် ......။
မိုးစက်ပွင့်
Thursday, 1 April 2010
ရထားထွက်ချိန်
မျှော်လင့်ခြင်းရထားက
အင်နားရှားဘူတာမှာထိုးဆိုက်ထားခဲ့။
အပူရှိန်ပြင်းပြင်း
နေမင်းက ကောင်းကင်ထက်
ခရီးသည်တွေကိုနှိပ်စက်
ချွေးတစ်စက်စက်ယိုစီး
ဤခရီး မနီးဘူးလား...။
ရုံပိုင်ကိုမျက်နှာချိုသွေး သတင်းမေးသူကမေး
ရထားအချိန်မှန်စေဖို့ အဓိဌာန်ပုတီး စိပ်သူစိပ်
အိတ်ထဲက၀ီစီထုတ်  မှုတ်တဲ့သူကမှုတ်
ကိုယ့်အထုပ်ကိုယ်ပိုက်  ငိုက်တဲ့သူကငိုက်
စိတ်အိုက်အကြံခက် ဘေးထွက်ရပ်သူကရပ်
စက်မပါတဲ့ နာရီကိုပတ်ထားပြီး အချိန်လေးစားပါလို့ ပြောတဲ့သူပြော
အိတ်ထဲက လက်ပ်တော့ကိုထုတ် ကီးဘုတ်ကိုနှိပ်
ကမ္ဘာနဲ့ ချိတ်ဆက်လိုက်ဦးမတဲ့
စိတ်ပျက်သွားမလား မိတ်ဆွေ..။
“ရေ...ရေ...ရေမယ်.... ရေရမယ်”
မျှော်လင့်ခြင်းခရီးသည်များရဲ့အိပ်ကပ်ကို
မျှော်လင့်ခြင်းမျက်ဝန်းနဲ့ ကြည့်တတ်တဲ့
ကလေးငယ် ဈေးသည်လေးရဲ့
မျှော်လင့်ခြင်းအသံ..။
မျှော်လင့်ခြင်းရထား
စက္ကန့်မိနစ်ပေါင်းများစွာ
နာရီနေ့ရက်ပေါင်းများစွာ  
လ နှစ် သက္ကရာဇ် ပေါင်းများစွာ 
“ဗျာ”
ခေါင်းတွဲကို သော့ခတ်ထားသတဲ့လား.......။
မိုးစက်ပွင့်
Wednesday, 24 March 2010
ချစ်သူ့ နွေမှာတမ်း
နွေဦးချိန်ခါ  လေညှင်းလာသည်
ပိတောက်နှံဝါ  ယိမ်းကာနွဲ့ ...........။
နှစ်ဦးအတာ  တို့ဝေးကွာသည်
မထောက်မညှာ  စိမ်းပါနဲ့.........။
 ရေအေးကြည်သာ  ပက်ဖြန်းလာသည်
တစ်ယောက်ကညာ နွမ်းပါရဲ့..။
 အဝေးနေရာ  မောင်လွမ်းပါသော်
အရောက်ပြန်ကာ  သိမ်းပါလှည့် .............။
မိုးစက်ပွင့်
Tuesday, 23 March 2010
အတောင်ပါတဲ့  ကဗျာလေးတွေ
ဒီနေ့ သူငယ်ချင်းတစ်ယောက်က facebook မှာ တင်ထားလေရဲ့ ... ဆရာကြီးတင်မိုးရဲ့ ကျော်ကြားလှတဲ့ ကဗျာတိုလေး .....။ စာပေ ပညာရှင်တွေကြားမှာတောင် အငြင်းအခုန် ဖြစ်စေခဲ့တဲ့ သို့လော သို့လော အတွေးပွားစရာ လက်ရာမွန်တစ်ခု..။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါတော့ 
(ဧည့်သည်ကြီး)
သူ့ကိုနောက်ချင်တာနဲ့ပြန်ရေးလိုက်တယ်...။
အရက်လဲကုန်
လက်လဲတုန်ပြီ
ငါ့အိမ်ကို ထမ်းပို့ပါလော့..။  
( ယစ်ထုပ်ကြီး)
သူကလည်း ကိုယ့်ကို ချက်ခြင်း ပြန်ခွပ်ပါတယ်...။
မျက်စေ့လည်းမွဲ
အမြင်နည်းပြီ
ငါ့ကိုတောင်ဝှေး ပေးပါတော့..။
(အမယ်အို)
မြွေမြွေချင်း ခြေမြင်တယ်လေ...။ ပြန်ဆော်ရသေးတာပ။
မျက်စေ့လည်းညောင်း
အတွဲချောင်းသည်
ငါ့အား မှန်ပြောင်း ပေးပါလော့..။
(နှာဘူးကြီး) 
အချိန်ပိုင်းအတွင်းမှာ တုန့်ပြန်ချက်က အပြင်းစား...။
အဆီတွေထပ် ၍
အခေါက်ထူပြီ
ငါ့ကို လစ်ပို*စုပ်ကြပါတော့...။
(ဗိုက်ပူမ)
*Liposuction
အဲဒီမှာ ကော်မန့်တစ်ခု ရလာတယ်။ ဒီကဗျာတွေကိုမြင်ရင် ဆရာကြီးက နှစ်ခါပြန်သေချင်သွားလိမ့်မယ်- တဲ့။  ကိုယ့်သူငယ်ချင်းက တောင်းပန်ပြီး ကဗျာ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။
ကိုယ်ဇဝေဇ၀ါစဉ်းစားမိတာက ကိုယ်တို့ရဲ့ကဗျာတွေက ဆရာကြီးကို ”အဂါရ၀“ ဖြစ်သွားစေသလား လို့ပေါ့လေ။  ဆရာကြီးရဲ့ ကဗျာတွေနဲ့ကြီးပြင်းခဲ့တာမို့ ဆရာကြီးကိုလေးစားပါတယ်။  သူ့ရဲပြုံးချိုနေတဲ့ ပုံစံကြီးကိုလည်း အရမ်းချစ်တယ်။  သူ့ရဲရပ်တည်ချက်ကိုလည်း ဦးညွှတ်တယ်။  တစ်ခုဘဲ- စိတ်ထဲမှာ ပျော်ရွှင်ပြီး ဥာဏ်ပွင့်နေချိန်မှာ ဆရာကြီးရဲ့ ကဗျာရစ်သမ်လေးကိုယူပြီး သူငယ်ချင်း နှစ်ယောက် စကားလုံးဘောလီဘော ပုတ်ကြတယ်။ ကဗျာလေးတွေက အတောင်ပါတဲ့ပျားကလေးလို ဟိုဟိုဒီဒီ ပျံဝဲလို့ မူလနေရာနဲ့ တော်တော်ဝေးတဲ့နေရာကို ရောက်သွားတယ်။
ကော်မန့်ပေးသူကလည်း ဆရာကြီးကို သိပ်လေးစားသူ ဖြစ်မှာကတော့ သေချာတယ်။ ဒါကြောင့်လည်း ရှေ့ဆက်မရေးကြဖို့ ၀င်ပြီးဟန့်တာ ဖြစ်ပါလိမ့်မယ်။
သူငယ်ချင်းတို့ရေ- အမြင်လေးတွေ ရေးပေးပါလား။ တကယ်လို့  အမှန်ပဲ “အဂါရ၀”ဖြစ်စေတယ်ဆိုရင် ကိုယ် ဒီပို့စ်လေးကို ဖျက်ပစ်လိုက်ပါတော့မယ်...။
လေးစားစွာဖြင့်-
မိုးစက်ပွင့်
(photo credit:  fotosearch.com)
Thursday, 18 March 2010
နောက်ဆုံးနှုတ်ဆက်ခြင်း
ကန္တာရနှင်းဆီလေး .....ရေ
ခဏ နေပါဦးလားကွယ်....
                   တခဏဆိုမှ အဲဒီ တခဏ
                   နွမ်းလျ မွန်းသိပ်  လရိပ်ပြာရဲ့ ဟိုးအဝေးဆီ...
မြက်ဖျားမှာသီးတဲ့ နှင်းရည်စက်
မြေရင်ခွင်  မကြွေသက်မီ....
                 အုန်းလက်ဖျားက လမင်းဝါ
                 ပင်လယ်ပြာထဲ မအိပ်စက်မီ........
ရွက်ဝါငယ်တွဲလောင်း
မြေလွှာထက် မလဲလျောင်းမီ.......
                 ဓါးသွားရှတ 
                 ချိုမြမြပျားရည်စက်တွေ မခြောက်ခန်းမီ .....
ချစ်သူ မျက်ဝန်းက ပုလဲဥ
နုပါးပြင်သွယ်တန်း သူလမ်းမဖေါက်မီ.....
                ဆုံမှတ်လမ်းခွဲမှာ
                အလွမ်းသက်ရင့်ကျောက်တွေ မအက်ကွဲမီ......
လေပြေငယ်သွေး
ချစ်သူရနံ့ ဆောင်ယူမပြေးမီ
                ယုယပိုက်ထွေး
                တခဏလေး မကွယ်ပျောက်မီ.....
ရင်ထဲကသစ္စာစကား
ချစ်သူကြားအောင်ပြောချင်သည်.....
            ”....    အမြတ်နိုးဆုံးအချစ်နဲ့
               ကိုယ်ချစ်ခဲ့မိသည်.....” 
ညီမလေး....ရေ
              ” မင်းဟာ ကိုယ့်အတွက်
               ကန္တာရတောက
               တစ်ပွင့်တည်းသော
                ဆူးနှင်းဆီ.....”.။
မိုးစက်ပွင့်
Wednesday, 17 March 2010
တားမြစ်နယ်မြေ
ပွင့်ဦးကြွေ
ပွင့်သစ်တွေဝေခါမှ
ပွင့်ဖူးမြေ  ပြန်ကာမလှည့်ပါနဲ့
ပွင့်ခြွေသူရဲ့.....။
 မိုးစက်ပွင့်