Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Monday, 19 March 2012

ပိုးသတ်ဆေး

နေ့ခင်းဘက် ထမင်းစားပြီး ထန်းပက်လက်ကုလားထိုင်မှာ နာရီဝက် တနာရီ မှိန်းတတ်တာ ကိုတက်တူ အကျင့်။ ဒီနေ့ ထမင်းစားရတာလည်း အတော်ခံတွင်းမြိန်ခဲ့တယ်။  ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ၊ ငါးငပိရေကျို ပျစ်ပျစ်နှစ်နှစ်ကို  ငြုပ်သီးစိမ်းထောင်းနိုင်နိုင်နဲ့၊ ယာခင်းထွက် ခရမ်းကြွပ်သီးနဲ့ ဆလပ်ရွက် နံနံပင် သခွားသီးတို့စရာ လတ်လတ်ဆတ်ဆတ်၊  ငါးကလေးအိုးကပ်။ သားကြီးငါးကြီး မပါဘဲနဲ့ ဗိုက်ထဲ ငရုပ်ကျည်ပွေ့နဲ့ ထောင်းသွင်းသလို ၀င်တာပ။  ထမင်းပူပူဟင်းချိုပူပူနဲ့ဆိုတော့ နားသယ်စပ်နှစ်ဖက်ကတောင် ချွေးပြိုက်ပြိုက်စီးလို့၊ ပုခုံးပေါ်က ပုဝါပိုင်းနဲ့ သုတ်သုတ်ပစ်ရတယ်။  သုံးပန်းကန် မောက်မောက် အဆက်မပြတ် စားပြီးတော့မှ ရပ်နိုင်တယ်။  လက်ဆေးရေ ကမ်းပေးတဲ့ ရှင်မက မျက်စောင်း ချိုချို ချိတ်လို့။  ထိုင်နေကျကုလားထိုင်ပေါ် ပက်လက်မှိန်း နေရင် အိပ်ချင်သလိုလို  ငိုက်မျဉ်းလာပြန်တယ်။  အိမ်ရှေ့က ၀ါးကွပ်ပျစ်နံဘေးက အညာနွေကိုအံတုပြီး ထီးလိုမိုးပေးထားတဲ့ ထနောင်းပင်ကြီးက သူ့အာရုံထဲမှာ နီးလာလိုက် ဝေးသွားလိုက် ကြီးလာလိုက် သေးသွားလိုက်။ ဇရက်မင်းစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့..။

(ကျွတ် ကျွတ်) မတိုးမကျယ်  အိမ်မြှောင်စုတ်ထိုးသံကြောင့် မျက်လုံးဖျပ်ကနဲပွင့်လာပြီး   အငိုက်ပြေသွားတယ်။ လူ့စိတ်ကလည်း အခက်သားကလား။  အိပ်ချင်စိတ်တွေက အပူပြင်းပြင်းပေးလိုက်တဲ့ ရေခိုးရေငွေ့တွေလို   တမုဟုတ်ချင်း ပါးလျားပျောက်ကွက်သွားတာ အစအနတောင် ရှာလို့မရတော့ပါဘူး။ ဇိမ်ဖျက်တဲ့သတ္တ၀ါကို မလိုတမာ စောင်းငဲ့ကြည့်လိုက်တော့ သင်းက နံရံမှာ အမြီးတရမ်းရမ်းနဲ့။  ဘာရယ်မဟုတ်။ သူနဲ့မလှမ်းမကမ်း ဖုန်အလိမ်းလိမ်းတက်နေတဲ့  ကြွက်လျှောက်တန်းပေါ်မှာ သုံးလက်စ ပိုးသတ်ဆေး တပုလင်းကို သွားမြင်တယ်။ အိမ်မြှောင်က ပိုးသတ်ဆေးကို စားစရာမဟုတ်မှန်းသိသလိုလို ဂရုပင်မစိုက်ဘဲ ကျောခိုင်းလို့ ၊ သူ့အတွက် နေ့လည်စာအဖြစ် မျက်စေ့လည် လမ်းမှားလာမဲ့  ပိုးကောင်မွှားကောင် တကောင်တလေများ ရမလားလို့ ၀ီရိယထားပြီး တွင်တွင်ချောင်းနေတယ်။  တကယ်တော့ ဒီပိုးသတ်ဆေးက သူ့ ငရုပ်ခင်းနဲ့ ခရမ်းခင်းတွေမှာ လက်စွဲအဖြစ်သုံးခဲ့တာပေါ့။  အလို ငါနောက်ဆုံး  ပိုးသတ်ဆေးဖြန်းခဲ့တာ ဘယ်ရက်ပါလိမ့်လို့ သူ မျက်စေ့မှေးပြီး စဉ်းစားမိတယ်။  ပြီးခဲ့တဲ့ တပါတ်ကလား ဆယ်ရက်ကလား။  အသက်ကလေးရလာတော့ မှတ်ဥာဏ်တွေလဲ မှုန်ဝါးလာသလိုပါဘဲ။ ဒီလိုပိုးသတ်ဆေးတွေ သူ့စိုက်ခင်းမှာသုံးခဲ့တာ ဆယ်စုနှစ်တစုတောင် မကတော့။ ဒီပိုးသတ်ဆေးတွေကို  စိုက်ပျိုးရေးရဲ့ ရဲဘော်ရဲဘက်လို့တောင် အမည်ပေးလိုက်ချင်တယ်။ တနှစ်ပြီးတနှစ် တံဆိပ်တွေသာ အမျိုးမျိုးပြောင်းသွားတယ်။  ပိုးသတ်ဆေးကတော့ ပိုးတွေရဲ့ ဇီဝိန်ကို မှန်မှန်ခြွေနေမြဲ။  ဒီ သီးနှံဖျက်ပိုးမွှားတွေကို မသတ်ချင်လို့လဲမရ။  တောင်းပန်လို့လည်းမရ၊ မောင်းထုတ်လို့လည်း မနိုင်တဲ့ အမျိုးတွေ။ ကိုယ့်လည်ချောင်းထဲရောက်မဲ့ အစားအစာတွေ သင်းတို့က  အုပ်နဲ့ ကျင်းနဲက  လုယက်ယူငင် စားသုံးတော့မှာမို့ လူနဲ့ သတ္တ၀ါတို့ရဲ့ အစာလုပွဲမှာ အားကြီးသူ နိုင်စတမ်းပေပ။ 

ရွာတွေမှာက ဗဟုသုတကနည်း စာမတတ် ပေမတတ်မို့ ကိုယ့်အတတ်ကိုယ်ပြန်စူးတဲ့ ဖြစ်ရပ်တွေ လည်း မနည်းလှတော့။  မယုံမရှိနဲ့။  တမြန်နှစ်က ငရုပ်ခင်းတွေ ပိုးသတ်ဆေးဖြန်းရင်း ပိုက်ဆို့နေလို့ ပါးစပ်နဲ့ မှုတ်ထုတ် တဲ့ ရွာထဲကကောင်လေး တယောက် ယာခင်းထဲတင် စင်းစင်းသေပါရောလား။  မြို့ပေါ်က တူတယောက်ကတော့ ဟင်းသီးဟင်းရွက်တွေ ရေဆေးတာ နည်းလို့ ထင်ရဲ့ လင်မယားနှစ်ယောက်လုံးရော၊ ကလေးတွေပါ ဆေးရုံတက်လိုက်ရတယ်။  ဒါဆိုရင် ကိုယ့်လက်နက် ကိုယ့်ပြန်စူးပြီထင်ပါ့။   ခြေရင်းအိမ်က ကိုကျွဲသမီး အပျိုပေါက်မကတော့ ရည်းစားနဲ့ကွဲပြီး သူ့အဖေယာခင်းထဲပက်မဲ့ ပိုးသတ်ဆေးကို ပုလင်းတ၀က်လောက် မော့သောက်လိုက်တာ၊ ရေရောပြီးသားမို့လို့တကြောင်း  ဆေးရုံ ချက်ချင်းပို့နိုင်လို့ တကြောင်း သေတွင်းထဲက သီသီလေး လွတ်ခဲ့သပေါ့။   အခုတော့ ရပ်ထဲရွာထဲမှာ လင်မယားချင်း ခိုက်ရန်ဖြစ်ရင်တောင် ပိုးသတ်ဆေးပုလင်း ၀ှက်ထားရပေါ့။

ဟိုတလောက ငယ်သူငယ်ချင်းတယောက် သူ့ဆီ လမ်းကြုံလို့ အလည်လာတုန်း ပြောသွားတာတွေ အခုထိမှတ်မိသေးတယ်။  သူက မြို့မှာစာသင်၊  အဲဒီမှာဘဲ အလုပ်ဝင်၊ မြို့သူနဲ့အိမ်ထောင်ကျ၊ အခုတော့ ဘာတဲ့ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ပရဟိတလုပ်ငန်း လုပ်နေတယ် ဆိုလား။ သူက ပြောသေးတယ်။  “ဟ-ကောင်ရ၊ ငါတို့ငယ်ငယ်က ယာခင်းထဲမှာ တွေ့တဲ့အသီးခူးပြီး ရေမဆေး ဘာမဆေး ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားခဲ့တာ ချိုလည်းချို သိပ်အရသာရှိတာဘဲ မောင်၊  အခုတော့ဖြင့် လက်လွတ်စပယ် မစားရဲပေါင်ကွာ၊ မင်းတို့အဲဒီ ပိုးသတ်ဆေးဆိုတာကြီး မသုံးလို့ မရဘူးလား” တဲ့ ။   ပြီးတော့ ပိုးသတ်ဆေးရဲ့ ဆိုးကျိုး ဆိုးမွေတွေ ဆက်ပြောနေသေးရဲ့။  ပိုးသတ်ဆေးကြောင့်  လူကို အကျိုးပြုတဲ့ တခြားအင်းဆက်သတ္တ၀ါတွေ သေကြေရသတဲ့။ မြေဆီလွှာတွေ ပျက်ယွင်းသတဲ့။ ပါတ်ဝန်းကျင် ညစ်ညမ်းသတဲ့။ လူတွေ ကျမ်းမာရေးထိခိုက်သတဲ့။ အင်း- သူနဲ့ အခြေအတင်ပြောမနေတော့ပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသကိုး ။  ဘယ်သူက အလကား ငွေကုန်ခံ၊ ပါဏာတိပါတာ အကုသိုလ်တက်ခံ ချင်ပါ့မလဲ။ ကိုယ့်အခင်းက ပိုးသတ်ဆေးမဖျန်းရင် ပိုးသတ်ဆေးဖျန်းထားတဲ့ သူများအခင်းက ပိုးတွေ ကိုယ့်ဆီ စုပြုံလာမှာပေါ့။  စိုက်ခင်းတွေ ပျက်ကုန်ရင် ဘယ်လိုထမင်းစားရမလဲ။  အခုလို ထမင်းဝရုံသာသာ ရုန်းကန်နေရတဲ့အချိန်မှာ ဘယ်လိုလုပ် ဒါတွေ ဂရုစိုက်နိုင်ပါ့မလဲ။  အင်း၊ သူပြောသွားတဲ့ “ဘိုင်အို နည်းပညာ” တို့ “ဇီဝ ပိုးသတ်ဆေး” တို့ ကိုယ့်ရွာနီးချူပ်စပ်မှာ လွယ်လွယ်ကူကူ လက်လှမ်းမှီမဲ့ အချိန်ရောက်ရင်တော့ တမျိုးပေါ့လေ။

စိတ်ထွေထွေနဲ့ တီဗွီကြည့်ရင်ကောင်းမလား စဉ်းစားပြီး ရီမုတ်ကို ရှာတယ်။ တီဗွီရီမုတ်ကို နှိပ်ကြည့်လိုက်တော့ ထင်းရူး သေတ္တာစုတ်ပေါ်က ဘက်ထရီအိုးနဲ့ တွဲထားတဲ့ ၁၄လက်မ အဖြူအမည်းတီဗွီကလေးက တာဝန်ကျေစွာ တရှဲရှဲ ခဏမြည်ပြီး ပုံရိပ်တချို့  ပေါ်လာတယ်။  အပြိုင်းအရိုင်း အောင်မြင်နေတဲ့ သီးနှံခင်းတွေထဲမှာ  နောက်ခံ တေးဂီတနဲ့အတူ ပျော်ရွှင်ကခုန်နေကြတဲ့  နံမည်ကျော်မင်းသားနဲ့ မင်းသမီးလေးစုံတွဲကို ပိုးသတ်ဆေးပုံးကိုလွယ်ပြီး ဆေးဖြန်းပိုက်တရမ်းရမ်းနဲ့  ဂိုက်ပေးကြမ်းကြမ်း သရုပ်ဆောင်နေတာ တွေ့ရတယ်။  တိုက်ဆိုင်လိုက်ပုံများ ပြောဘဲမပြောချင်။ အမှတ်မထင် သူ့ညာဖက်လှည့်ကြည့်လိုက်တော့ အိမ်နံရံမှာ ချိတ်ထားတဲ့ မှန်ပေါ်မှာ သူ့ရုပ်ကို သူပြန်မြင်လိုက်ရတယ်။  အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ ၊  ဆံပင် ဖြူတ၀က် နက်တ၀က်နဲ့ ထူးမခြားနား မြင်နေကျမျက်နှာ။  အဲ- ထူးခြားတာက သူ့မျက်စေ့တွေက ပိုးသတ်ဆေးစားမိထားတဲ့ ဖားတကောင်လို  ပြူးကျယ်ကျယ် ဖြစ်နေတယ်လို့ ခံစားရတယ်။  ချက်ချင်း အသက်ရှုကြပ်ချင်သလိုဖြစ်လာတာနဲ့ ကုလားထိုင်လက်တန်းကို တင်းတင်းဆုပ်ထားလိုက်မိတယ်။  ရှင်မရေ ရှင်မ။ အသံက လည်ချောင်းထဲမှာပဲ တိမ်ပြီးပျောက်သွားတယ်။ ဗိုက်ထဲက ထိုးအောင့်ပြီးနာလာတယ်၊  လေချဉ်တချက်တက်တယ်  ပြီးတော့ နားခေါင်းထဲမှာ၊ ပါးစပ်ထဲမှာ ပိုးသတ်ဆေးနံ့တွေ စူးရှလာပြန်တယ်။

မိုးစက်ပွင့်

Friday, 4 November 2011

ယောချောင်း ကျိန်စာ



“သြော်.. လူလှ….လူလှ”…..  

ယောချောင်းနဘေးက ကမူကလေးမှာ ထိုင်ရင်း သားနာမည်ကို ဘိုးတင် တီးတိုးရေရွတ်နေမိ၏။  ဘိုးတင်၏ မှုန်ဝါးဝေသီနေသော မျက်ဝန်းတွင် မျက်ရည်ခိုးများနှင့် ပို၍ မှိုင်းမှုန်လို့နေသည်။ ဘိုးတင်မိန်းမ ဒေါ်ရွှေ ကတော့ တခြမ်းပြိုပျက်နေသည့် အိမ်ကလေး၏ အိမ်ရှေ့ကြမ်းပြင်တွင် တုံးလုံးပက်လက်မှိန်းလျှက်။ အိပ်ပျော်နေတာတော့ မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် အမယ်ကြီး၏ မျက်လုံးထောင့်မှ စီးကျနေသည့် မျက်ရည်စများကို သူမြင်နေရသည်။  ထိုအချိန်တွင် လူလှအကြောင်းတွေးနေမှာဘဲဟု သူအတပ်သိသည်။

ထိုစဉ် ကျောပိုးအိပ်ကိုလွယ်၍ လူရွယ်လေးတစ်ယောက် သူတို့ဘက်သို့ လျောက်လာသည်ကို မြင်ရသည်။  မသစ်လွင်လှသေည်လည်း သေသပ်သည့် အ၀တ်အစားကြောင့် ဒီရွာက မဟုတ်မှန်းတော့ သူသိသည်။ ပြုံးပြရင်း  “အဘက ဒီရွာကလား” ဟု နှုတ်ဆက်၏။ “အေး” ဟုသာ ဖြေလိုက်ရသည်။

“ ကျွန်တော်က ရေဘေးကူညီရေး အဖွဲ့ကပါ၊ ရိက္ခာထုတ်တွေ ဝေပေးနေတာ အဘတို့အိမ် ရပြီးပြီလား..”

“ အဘ ချွေးမ သွားယူထားပါတယ်ကွယ်”

“ အဘတို့ ရေဘေး ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ ပြောလို့ရရင် ပြောပြပါလားအဘ ”

တကယ်ဆို သူအဲဒီအကြောင်း ပြန်မတွေးချင်။  ခြောက်အိမ်မက်ကြီးလို ဖြစ်နေသည်။ သို့ပေမယ့် လူရွယ်လေး၏ ရည်မွန်သည့် တောင်းဆိုချက်ကို သူမငြင်းနိုင်။ ချောင်းတချက်ဟန့်ရင်း သူ့ရင်ထဲက တစ်ဆို့နေသည့် နာကျင်မှုတွေကို အရင်ရှင်းလိုက်သည်။ 

“ အိမ်း…၊ အဘတို့တစ်သက်၊ အဖေတို့တစ်သက် မကြားဖူးပါဘူး လူကလေးရယ်..၊  ဒီယောချောင်းကြီးကို မှီပြီး အဘတို့  ကြက်သွန်စိုက်၊ ပဲစိုက် အသက်မွေးခဲ့တာပါ၊ နှစ်စဉ် ရေတက်ရေကျတော့ ရှိစမြဲပေါ့..၊ တခါတလေလဲ ဒူးလောက်ပေါင်လောက် ရှိပါရဲ့..၊  အခုလို ကြောက်ခမန်းလိလိ တက်တာမျိုးကတော့ …….” 

လူရွယ်လေးက သူ့ရှေ့တွင် အသာအယာ ထိုင်လိုက်သည်။  နားလည်သော အားပေးသော အပြုံးဖွဖွဖြင့် သူ့စကားကို ငံ့လင့်သည်။  သူ့မျက်စေ့ထဲတွင် မြင်နေရသည်က မနက်စောစောကြီး ရေတွေ အိမ်အောက်ကို ဒလဟော စီးဝင်လာတာ၊ လူတွေ ပြေးကြလွှားကြတာ၊ နွားတွေအော်သံ၊ ဆိတ်တွေအော်သံ၊  နောက်ပြီး ယောချောင်း၏ ကြုံးဝါးသံ။

ရင်ထဲ ဆို့နင့်လာသဖြင့် နောက်တကြိမ် ထပ်မံ၍ သူ ချောင်းဟန့်ရပြန်သည်။


AAAAA


“ ဟဲ့…. မယ်ရွှေ မယ်ရွှေ ထစမ်း ထစမ်း၊ လူလှ လူလှ ” 

မိန်းမနှင့် အိမ်ထဲက သားကို သူ လှမ်းနှိုးလိုက်သည်။  

“ ကျွန်တော် ဒီမှာပါ အဖေ၊ ရေတွေ အရမ်းတက်လာတာ ထကြည့်နေတာ၊ ကျွန်တော် အခြေအနေ သွားကြည့်လိုက်ဦးမယ်”

အိမ်ရှေ့မှာ ရှိနေတဲ့ သား၏ အသံ။

“ ဟုတ်ပါ့… ဒီကောင် ငါ့ထက် အအိပ်ဆတ်တာပဲ၊  ၀ီိရိယ ကောင်းချက်ကတော့ ငယ်ငယ်ထဲက  ရွာမှာ သာရေးနာရေးဆို သူအိပ်ပျက်ခံပြီး ရှေ့ဆုံးက..၊  ဒါကြောင့်လည်း တစ်ရွာလုံးက လူလှမပါရင် ပွဲမစည်ဘူးလို့ ဆိုကြတာ ”

ရသမျှ စက္ကန့်ပိုင်းမှာ သားအကြောင်း အမွှမ်းတင်ပြီး တွေးမိလိုက်သေးသည်။  လူကတော့ ငုတ်ခနဲ ထထိုင်လိုက်မိသည်။  မယ်ရွှေနှင့်ချွေးမ သန်းမေတို့လည်း သူ့အနားသို့  စုပြုံရောက်လာကြ၏။  အပြင်မှာတော့ မိုးက သွန်ချသလို တဝေါဝေါ သည်းနေသည်။ မိနစ်ပိုင်းအတွင်းမှာပင် အိမ်အောက်မှာ ရေက ကြမ်းခင်းကိုပင် တိုက်တော့မတတ် တရိပ်ရိပ် မြင့်တက်လာသည်။ ရွာထဲတွင် ကလေးသံ၊ ခွေးသံ၊ နွားတွေ နှာမှုတ်သံဖြင့် ဆူညံနေသည်။  လူလှက အပြင်က အပြေးကလေး ပြန်ရောက်လာသည်။  

“ အဖေရေ..၊ ရေကတော့ မနည်းဘူးဗျ..၊ ယောချောင်းဖက်ကလည်း ရွာထဲကို ဒရဟော စီးနေတာ၊  တောင်ပိုင်းက လူတွေတော့ ဘုရားကုန်းပေါ်တက်ကုန်ကြပြီ..၊ ကျွန်တော်တို့ကတော့ ရွာလယ်က ရိုးချောက်ကြီးကို ကျော်လို့ ရမှာမဟုတ်ဘူး၊ ရေက ရင်စို့ ကျော်လောက်တယ်၊  လိုရမယ်ရ မန်ကျည်းပင်ပေါ် တက်နေရင်ကောင်းလိမ့်မယ်”

အိမ်ကြမ်းပြင်ကို ထိလုနီးနီး တက်လာသည့် ရေများကို ကြည့်ပြီး သားလူလှပြောတာ မှန်တယ်ဟု တွေးမိသည်။ ခေါင်းရင်းက မန်ကျည်းပင်ကြီးက နှစ်ပေါင်းရာချီနေပြီ။  ယောကျာ်းသုံးယောက် လက်ချင်းဆက်လို့ရအောင် ပင်စည်က တုတ်ခိုင်သည်။  သူ့အကိုင်းအခက်တွေက ဖြာဖြာဝေလို့။

 “အေး အေး အပင်ပေါ်ပဲ တက်ကြတာပေါ့ကွာ၊ ငါ့သား မင်းအမေနဲ့ မိန်းမကို တွဲ၊ သြော် ဟဲ့ မယ်ရွှေ၊ ဒီပစ္စည်းတွေ သယ်မနေနဲ့လေ၊ သြော်- နင့်မလဲ၊ ထားခဲ့ပါဟ၊ လူအန္ကရာယ်မကျဖို့က အဓိကဘဲ” လို့ သူ ငေါက်လိုက်မိသည်။ 

“အိမ်ထောင်ဦး ပစ္စည်းလေးတွေ မို့ပါတော်”

မယ်ရွှေက သူ့ကို တုန်တုန်ချိချိ ဆိုရှာသည်။ 

“ ကဲ အဖေ လာ လာ” 

ဘိုးတင်က အိမ်ထဲကနေ ရေထဲကို ခုန်ချလိုက်ကာ သားဖြစ်သူ လက်ကိုအားပြုပြီး မကျည်းပင်ပေါ် တက်လိုက်သည်။  ငယ်ငယ်ကတော့ ဒီလိုအပင်မျိုးကို တက်လိုက်ဆင်းလိုက် ဘယ်မှုလိမ့်မည်နည်း။ အခုတော့ အသက်က စကားပြောလေပြီ။ သားက အပင်ခွမှာ မြဲမြဲထိုင်မိသည်အထိ တွန်းတင်ပေးသည်။  အကိုင်းကြီးကြီးတစ်ခုကို ဖက်တွယ်ထားလိုက်သည်။  သူပြီးတော့ အမယ်ကြီးအလှည့်။  အမေဖြစ်သူကိုတော့ သားက မချီပိုးယုံတမယ် တွဲဖက် ခေါ်လာရသည်။ ခက်ခက်ခဲခဲ အပင်ပေါ် တင်ပေးရပြန်၏။ အမယ်ကြီး၏ လက်ကို အပင်ပေါ်ကနေ သူ လှမ်းဆွဲ ယူလိုက်သည်။  မိုးတွေ ရေတွေက ပိုလို့ပင် သည်းကာ စီးဆင်းလာပြန်သည်။  ရွှဲရွဲစိုနေသဖြင့်  မေးချင်းရိုက် မတတ်ဖြစ်နေ၏။   ရေစီးက ပိုသန်လာသည်။  ယောချောင်းဖက်က လှိုင်းလုံးကြီးတွေပင် လှိမ့်တက်လာသည်။

“ ဟဲ့.. ဘာကြီးတုန်း” 

ရေထဲမှာ ပေါ်ချည်၊ မြုပ်ချည်နဲ့ အရာကြီးကို မန်ကျည်းပင်ပေါ်ကနေ သေသေချာချာ ငုံ့ကြည့်လိုက်တော့  အိမ်နီးချင်း မယ်ချစ်တို့ အိမ်က နွားကြီးရွှေနီ ဖြစ်နေသည်။  ရွှေနီက မကျည်းပင်ဘေးကနေ လျှင်လျှင်မြန်မြန် မျောပါသွားသည်။ 

“သားရေ သန်းမေကို တင်ပြီးရင် မင်း မြန်မြန်တက်ဟေ့”

သူ စိုးရိမ်ကြောင့်ကြစွာ လှမ်းအော်သည်။  ရေက ခါးလည်လောက် မြင့်တက်နေလေပြီ။  သန်းမေက တုန်ရီဖြူရော်နေပြီး လူလှလက်ကို မဖြုတ်တမ်း ဆုတ်ကိုင်ထားသည်။  ရေတွေက တဝေါဝေါ စီးဆင်းနေသည်။ စီးဆင်းနေသည့် ရေထဲတွင် အမှိုက်များ၊ ပစ္စည်းများ၊ တ၀ဲဝဲလည်လျှက် မျောပါနေကြသည်။

“သန်းမေ…နင် အရင်တက်ဟ၊ ငါတွန်းတင်မယ် နှစ်ယောက်တွဲကြီး တက်လို့ မရဘူးလေ” 

လူလှက စိတ်မရှည်စွာ ပြောရင်း တွန်းတွန်းထိုးထိုး တင်ပေးလိုက်သည်။

“သား.. သား… တက်…တက် ”  သန်းမေကို လှမ်းဆွဲရင်း အဖွားကြီးက အော်ပြောသည်။ တစ်ချိန်တည်းမှာ သူတို့ အိမ်ကလေး၏ အဖီတခြမ်းက ရေစီးဒဏ်ကြောင့် ၀ုန်းခနဲ လဲပြိုမျောပါသွားတော့သည်။  လူလှက မန်ကျည်းပင်စည်ပေါ်ကို စ၍ တက်လိုက်သည်။ ထိုအခိုက် ရေထဲတွင် ယက်ကန်ယက်ကန်ဖြင့် သျှောင်ပေစူးလေး မြုပ်ချည်ပေါ်ချည်နှင့် ကလေးတစ်ဦး မျောလာသည်ကို တွေ့လိုက်ရသည်။ ကလေး၏ လက်ကလေးတစ်ဖက်ကို လူလှ လှမ်းဆွဲလိုက်မိ၏။

“ ဟာ... မင်းမင်းလေး ပါလား” 

မယ်ချစ်၏ တစ်ဦးတည်းသော ဖတဆိုးသားကလေး မင်းမင်း။ လူလှက မင်းမင်းလေးကို  မကျည်းပင်ပေါ် တွန်းတင်သည်။ 

“ ဦီလေး လူလှ ၊ ကယ်ပါဦး၊ အမေ အမေ၊ မျောသွားပြီ”  မင်းမင်းက ကယောင်ကတမ်း အော်သည်။

“ အေးအေး၊ သားလေး မင်းအရင် အပင်ပေါ်တက်” 

မင်းမင်းက မန်ကျည်းသီး တက်ခူးနေကျမို့  လူလှ၏ ပခုံးပေါ်ကနေတစ်ဆင့် မကျည်းပင်ခွကို မြန်မြန်တက်လာ၏။ ထိုအခိုက်တွင် လှိုင်းလုံးကြီးတစ်လုံး ၀ုန်းခနဲ ပုတ်လိုက်သဖြင့် လူလှ ဆယ်ပေလောက် လွင့်ထွက်သွားသည်။ 

“ အိုး  ကိုလူလှ ”  “ သားလေး ”  “ လူလှ”  “ ဦးလေး ” 

တစ်ပြိုင်နက်တည်း အားလုံးက စိုးရိမ်တကြီး လှမ်းအော်သည်။  လူလှ သည်ဖက်ကို ပြန်ကူးခတ်လာသည်။  ရေစီးနှင့် မျောလာသည့် ပလပ်စတစ်ပုံးတစ်လုံးကို လက်နှင့် လှမ်းဆွဲရန် ကြိုးစား၏။  ပုံးကို လက်တစ်ဖက်က မှီလုမှီခင်မှာ နောက်ထပ် လှိုင်းတစ်လုံးက ၀ုန်းခနဲ ပုတ်လိုက်တော့သည်။ 

“ အမလေး ”

သန်းမေ၏ အလန့်တကြား အော်သံနှင့်အတူ လူလှလည်း ရေစီးထဲ မျောပါသွားတော့သည်။ 

“သား… သား” 

သူရော၊ မယ်ရွှေပါ အော်ခေါ်ဖို့ ကြိုးစားကြပေမယ့် အသံများက လည်ချောင်းထဲတွင် ပျောက်ကွယ်သွားလေသည်။  လူလှကို မမြင်ရတော့လေပြီ။ လူလှ၏ လက်ကလေးတစ်ဖက်ကိုသာ နောက်ဆုံး မြင်လိုက်ရတော့သည်။  သစ်ပင်ပေါ်မှာ လူသားသုံးဦးလုံး ငိုလို့နေကြသည်။  သန်းမေက ခုန်ချမည် တကဲကဲမို့ ဆွဲထားရသည်။  မပေါ့မပါးကြီးနှင့်မို့ တစ်သက်က နှစ်သက်သုံးသက် ထပ်မဆုံးရှုံးချင်တော့ပါ။  လင်းအားကြီးချိန်မှ စခဲ့သည့် အိမ်မက်ဆိုးက နေ့လည်ပိုင်း ရေကျသွားချိန် သစ်ပင်ပေါ်မှ ကူချပေးမည့်သူတွေ ရောက်လာသည်အထိ အထပ်ထပ် မက်နေဆဲ။  မယ်ရွှေကတော့ တွေ့သမျှလူတွေကို လူလှကိုရှာပေးဖို့ တတွတ်တွတ် တောင်းပန်နေသည်။  လူလှနှင့်အတူ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ကျွဲနွားများကတော့ တစ်ရွာလုံးနီးပါး ပျက်စီးကုန်ကြသည်။  ကျောင်းထိုင်ဆရာတော်က ကျန်ရစ်သူများကို တရားချ၏။

“ ပစ္စည်းသင်္ခါရ လူသင်္ခါရပါ ဒကာကြီးတို့…၊ ကိုယ်တိုင်လဲ တစ်နေ့ ဒီလမ်းလိုက်ရမှာ…”

ပြောမည့်သာပြောရသည်၊ ဆရာတော်ကိုယ်တိုင်လည်း မျက်ရည်များ  ၀ိုင်းလျှက်။


AAAAA



အဖြစ်သနစ်ကို ပြန်ပြောင်းပြောရင်း ဘိုးတင် သက်ပြင်းတစ်ချက်ချသည်။  ယနေ့ဆိုလျှင် လူလှတစ်ယောက် ရေမှာ မျောပါသွားခဲ့တာ သုံးရက်တိုင်ခဲ့ပြီ။ သတင်းအစအန မရသေး။  ယောချောင်းကြီးက သူချစ်သော တစ်ဦးတည်းသား၊ အလိမ္မာ သားကလေးကို ရက်ရက်စက်စက် ခွဲထုတ်သွားခဲ့သည်။  သည်အဖေအမေ နှစ်ယောက်တည်း မည်သို့ ရပ်တည်ရှင်သန်ရမည်ကို မတွေးဝံ့တော့။

“ ငါ့သားအစား ငါသာ ရေထဲပါသွားခဲ့ရမှာ ”  ဟု တဖွဖွ ညည်းတွားရုံကလွဲ၍ မတတ်နိုင်။  ဆုံးရှုံးသွားသည့် ကြက်သွန်ပျိုးခင်းများ၊  နွားနှင့် ဆိတ်များ၊ အိမ်ထောင်ဦးပစ္စည်းများ၊ ထိုအရာများအတွက်ကို သူ ၀မ်းမနည်းမိ။ သူတို့၏  သုဝဏ္ကသာမလို သားရတနာကလေးကိုသာ နှမျောတသနေမိသည်။  မြို့ပေါ်တက်ပြီး ကုန်ရောင်းပြန်လာတိုင်း အဖေအမေအတွက် စားစရာတစ်ခုခုမပါဘဲ မပြန်တတ်ခဲ့သည့် သားလူလှ၊  အသက်နှစ်ဆယ်ပြည့်၍ ရဟန်းခံပေးစဉ်ကပင်  နှစ်လပြည့်အောင်ပင် မနည်းနေခိုင်းခဲ့ရသည်။  “သားမရှိရင် အဖေနဲ့အမေ ပင်ပန်းနေမှာပေါ့ ” ဟု အလိုက်တသိ ပြောခဲ့သည့် သည်သား ။  “သားမရှိရင် ....... သားမရှိရင်.... ” တဲ့။ အခုတော့…။

သူရော၊ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသည့် မယ်ရွှေပါ၊ စေတနာရှင်များ ပေးကမ်းထားသည့် ထမင်းထုပ်များ၊ မုန့်ထုပ်များကို စားချင်စိတ်လည်းမရှိ။  သား ပြန်လာတာ မြင်ရနိုးနိုးနှင့် ယောချောင်းအစပ်ကို မျှော်လို့သာနေမိသည်။ ချွေးမသန်းမေကလည်း ကယောင်ကတမ်းပြောလိုက်၊ ငိုင်ငိုင်တွေတွေ နေလိုက်၊ တငိုငို တရီရီလုပ်လိုက်နှင့် ကျန်းမာရေးက စိတ်မချရသည်မို့ အနီးကပ် စောင့်ရှောက်ပေးမည့် သူ့အစ်မမိသားစုနှင့် ပြန်နေခိုင်းလိုက်သည်။ ယခုတော့ အဖိုးကြီးနှင့် အမယ်ကြီးနှစ်ယောက်တည်း။  ဆရာတော်ကျောင်းမှာ မိသားစု တစ်ရာလောက် မှီခိုနေကြသော်လည်း သူကတော့ ကိုယ့်အိမ်ကလေးကိုဘဲ ဖြစ်သလို ထောင်မတ်ပြီး ၀ါးတိုင်နဲ့ထောက်၊ အမိုးပေါက်တွေကို တာရပတ်အုပ်ပြီး ယာယီတဲကလေး ထိုးနေလိုက်သည်။ ဒီနေရာကလေးကနေဘဲ သားကို မျှော်ချင်သည်။  သားကို လွမ်းချင်သည်။ 

 “ သြော်… ဒီယောချောင်းကြီးကို မှီပြီး တို့တတွေ အသက်မွေးခဲ့ကြတယ်၊ ကြက်သွန်ခင်း ပဲခင်းတွေ စိမ်းလန်းစိုပြည်ခဲ့ရတယ်၊  သားကလေးကိုလည်း အိုးစည်ဗုံမောင်းတီးလို့ ခြိမ့်ခြိမ့်သဲသဲ ရှင်ပြုခဲ့ရတယ်၊  စားစရာ ၀၀လင်လင်နဲ့ မပူမပင် တို့မိသားစုတတွေ ပျော်ရွှင်ခဲ့ရတယ်၊  အခုတော့ ယောချောင်းကြီးက ငြိုငြင်ရက်ပြီပေါ့နော်၊ ကျူပ်တို့ ယောချောင်းကြီးကို ဘာတွေများ အပြစ်လုပ်မိလို့လဲဗျာ၊ တစ်ခါမှ မမြင်ဘူးမတွေ့ဘူးခဲ့တဲ့ပုံစံနဲ့ ဒေါသတကြီးလာပြီး သားကလေးကို ကျူပ်တို့ ရင်က ခွဲထုတ်သွားခဲ့တယ်၊  အခုတော့လည်း သူ့ရဲ့ သဲသောင်ခုံတွေက တင်းလို့၊ ရေတွေ လှိုင်းတွေမရှိပဲ တည်ငြိမ်နေလိုက်တာများ၊ ကြမ်းခဲ့ရမ်းခဲ့တာ သူမဟုတ်ခဲ့သလိုဘဲနော်…. ဟင်း.. ” 

ဘိုးတင်က  လူရွယ်လေးကို မကြည့်ဘဲ တစ်ကိုယ်တည်း လေးလေးပင်ပင်ကြီး ရေရွတ်ရင်း သက်ပြင်းအခါခါချလျှက်။ ဘိုးတင်၏ အသက်သခင် ကျေးဇူးရှင် မကျည်းပင်ကြီးကလည်း စာနာဝမ်းနည်းစွာ သူ့အရွက်ကလေးများကို ပိတ်သိမ်းလျှက်....။

မိုးစက်ပွင့်

( ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရွာတရွာမှ ရေဘေး ခံစားရသူ မိသားတစု၏ ဖြစ်ရပ်မှန်ပေါ်တွင် ခံစားရေးဖွဲ့ပါသည်...)

Saturday, 6 November 2010

ဘေးလူ

မသီတာ ရုံးကပြန်ရောက်တော့  အိမ်ရှေ့မှာ မျက်စေ့မျက်နှာပျက်ပျက်နဲ့ ထိုင်နေသော အမေနှင့် ဒေါ်လေးစိန်ကို တွေ့ရလေသည်။  သူတို့နဲ့အတူ အသားညိုညို၊ ပိန်ပိန်၊ မျက်တွင်းချိုင့်ချိုင့်နဲ့   မိန်းကလေးတယောက်ကို ကျူံ့ကျူံ့ကလေး ထိုင်နေတာ မြင်ရပြန်တော့ မြင်ဖူးသလိုလို။  အသက်က အစိတ်ကျော်ကျော်၊ သုံးဆယ်နီးပါး လောက်ရှိပြီး အ၀တ်အစားကလေးများက အရောင်လွင့်ကာ နွမ်းဖတ်နေသည်။
“ ဧည့်သည်လား ဒေါ်လေးစိန်”
“အေးလေ၊ သေသေချာချာ ကြည့်ပါဦးအေ့၊ မှတ်မိရဲ့လားလို့”
သံချေးတက်နေတဲ့ ဦးနှောက်ကို တဖြစ်ဖြစ်မည်အောင် ညှစ်ပြီးစဉ်းစားလိုက်သည်။  ဟုတ်ပြီ- ဒီမျက်လုံးကျဉ်းကျဉ်းလေးတွေကို မှတ်မိပြီ။ မသီတာ မိဘတွေရဲ့ ဇာတိရွာက ရပ်ဆွေရပ်မျိုး ကောင်မလေး။ သူ့ကို မတွေ့တာ ဆယ်နှစ်နီးပါး ရှိခဲ့ပြီလေ။  
“ဟဲ့-  မဌေး မဟုတ်လား” 
သူမက နွမ်းယဲ့ယဲ့ကလေး ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
   “သြော်- စောစောထဲက နှုတ်ဆက်လိုက်ပြီးရော၊ သက်သက် ခေါင်းစားအောင်လုပ်တယ်၊ ကောင်မလေး၊  ဘာလာလုပ်တာလဲ၊ ပိန်သွားလိုက်တာ၊ ဒါနဲ့   နင် ကလေးတွေ အများကြီးရနေပြီဆို”
  ပါးစပ်က တရစပ် ပြောလည်းပြော လက်ကလည်း အလုပ်ဆွဲခြင်းထဲက ထမင်းချိုင့်တွေ စာအုပ်တွေကို နေရာချနေလိုက်သည်။
“ မဌေးက အခု သူ့ယောက်ျားဆီက ထွက်ပြေးလာတာ တဲ့”
ဒေါ်လေးသိန်းစကားကြောင့် လုပ်လက်စအလုပ်တွေ တန့်ခနဲ။ မျက်ခုံးက ပင့်ကနဲ။
  “ဟင် - ဟုတ်လား၊  ဘာလို့  .................”
မေးခွန်းမဆုံးခင် တချိန်လုံး ငြိမ်သက်နေတဲ့ အမေက ၀င်ပြောသည်။  
“  အရက်မူးပြီး သူ့ကို ဒါးနဲ့  လိုက်ခုတ်လို့တဲ့ လေ၊   သူကိုယ်တိုင်ကတော့ မယားငယ် ထားသေးတာ..အံ့ရောပဲ.”  
မသီတာ သက်ပြင်းကို ခပ်လေးလေး ချလိုက်သည်။ 
“ ဒါဆို ဒီကိုလာတာ သူမသိဘူးပေါ့”
“ သူ သိရင် လိုက်လာချင်လာမှာ၊ သမီး မှာ ဘယ်အချိန် သူလည်ပင်းထညှစ်မလဲပဲ စိတ်ပူရတာနဲ့   ကောင်းကောင်းတောင် မအိပ်ရဘူး။  အရက်ကလည်း နေကုန်သောက်နေတာ။  သူရှာတဲ့ ပိုက်ဆံလည်း သမီး သုံးရတယ် မရှိပါဘူး။  သမီးဟာသမီး  အလုပ်လုပ်ပြီး ကလေးတွေ မငတ်အောင် ကျွေးထားရတာ။  အရိုက်အနှက်လဲ ခဏခဏခံရတယ်။ အခု တခေါက်တော့ ဒါးနဲ့ပါလိုက်ခုတ်လို့  ကလေးတွေနဲ့အတူ ယောက္ခမအိမ် ပြေးပုန်းရင်း အ၀တ်တထည် ကိုယ်တခုနဲ့ သမီးထွက်လာခဲ့တာ။  ကားသမားတွေကိုတောင် သနားအောင် တောင်းပန်ပြီးမှ ဒီအထိ စီးလာခဲ့တာ။ တော်ပြီ- သမီး သူ့ကိုလည်း ဆက်မပေါင်းနိုင်တော့ဘူး။  သူ - ဟိုမိန်းမနဲ့  အတည်ယူပြီးမှ ပြန်ပါရစေ” 
သူမက ပြောရင်းနဲ့   ရှိုက်သံတွေပါလာသည်။ ဟင်း- ဒါတွေ စိတ်ညစ်လို့  အပျိုကြီးလုပ်နေတာဟေ့  လို့ မသီတာ ရင်ထဲက အသံတိတ်ပြောရင် ထ လာခဲ့သည်။  မိမိတို့ အိမ်တွင် ပါးစပ်တပေါက် တိုးလာပြီဆိုတာတော့ အလိုလို နားလည်လိုက်မိသည်။
---------------------------------------------

မဌေးက  သိတတ် ပါသည်။ ပျင်းပျင်းရိရိ မရှိတတ်ချေ။  အိမ်မှုကိစ္စ အ၀၀ကို ဒေါ်လေးစိန်ကို ကူညီသည်။ အမေ့ကို ဆံပင်ဖြူနှုတ်၊ နင်းနှိပ် ပေးတတ်သည်။ သူမ လက်ရာကြောင့်  မသီတာရဲ့ ရုံးထမင်းချိုင့် ကလေးပင် ပိုလို့ ဖွယ်ဖွယ်ရာရာ ဖြစ်လာသည်။  အလုပ်မှပြန်လာလျှင် မဌေးက သူ့မျက်စေ့ မှေးမှေးကလေးတွေ ပိတ်သွားမတတ် ပြုံးလို့ ကြိုနေတတ်သည်။  သူမပါးပေါ်မှာ သနပ်ခါး ထူထူကလေးတွေ ပါးကွက်ကြားကလေး လိမ်းထားတတ်သည်။  သူမ ကိုယ်လုံးပိန်ပိန်ကလေးပင် နှစ်လ သုံးလအတွင်း ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာ တော့သည်။  မသီတာရဲ့ အကျီင်္၊ လုံချည်ကလေးတွေနဲ့   သပ်သပ်ယပ်ယပ် ဖြစ်လာသည်။ သူမက  အမေ နှင့် မသီတာ ပေးသော မုန့်ဖိုးကလေးတွေကို ကျစ်ကျစ်ပါအောင် စုထားတတ်ပြန်သည်။


“နင့်ကလေးတွေကို သတိမရဘူးလား”  လို့   စပ်စပ်စုစု မေးကြည့်ဖြစ်တော့ 

Monday, 27 September 2010

ကြိုးပြတ်စွန်

( အဆုံး ၏ အစ)

“ညီမလေးကို ဒီအဖြစ်အပျက်တွေ ပြန်ပြောပြတာ ငါလို ယောက်ျားမျိုးနဲ့  တွေ့မှာ စိုးလို့  ”  လို့   ကိုနေက ပြောခဲ့သည်။ သူ့အကြောင်းတွေကို ကောင်းတာရော မကောင်းတာရော မခြွင်းမချန် ပြောပြခဲ့စဉ်က ဘယ်လို မှတ်ချက် မျိုးမှ မပေးတတ်ခဲ့အောင် သူမ စိတ်မော နောက်ကျူ ခဲ့ရသည်။  သောက်လက်စ အအေး ဖန်ခွက်ပေါ် သီးနေတဲ့ ရေမှုန်ရေစက်များက မျက်ရည်ဥလို စုပြီး ခွက်အောက်ခြေမှတဆင့် အပြာနုရောင် စားပွဲခင်း ကလေးပေါ် စီးကျသွားတာ တွေ့ရသည်။  နောက်ဆုံးမှ သက်ပြင်းတချက် ရှိုက်လိုက်ပြီး  “ကိုနေ တော်တော် ဆိုးခဲ့တာပဲ”  လို့   ပြောတော့ သူက ဘာမှပြန်မပြောဘဲ စီးကရက်ခိုးများကို အကွင်းလိုက် မှုတ်ထုတ်ရင် အဝေးကို ငေးလို့  တွေးတွေးဆဆ ပုံဖမ်းနေခဲ့တော့သည်။

*********************
( အစ ၏ အစ)
 ကိုနေက အင်ကြင်း  ထက် အသက် ငါးနှစ်ကျော်ကျော်လောက်ကြီးတာမို့   အိမ်က အကိုကြီး အကြီးဆုံး ကိုအောင်လင်း နှင့်မှ ရွယ်တူ ဖြစ်သည်။  အကိုကြီး၊ အကိုငယ်တို့က ကိုနေနှဲ့ သက်တူရွယ်တူ တလမ်းတည်းသား ဆိုပေမဲ့ စရိုက်မတူလို့    ပေါင်းလို့မရခဲ့။  ကျွတ်ဆတ်ဆတ်၊  မာကြောကြော၊ မွေးစားအဖေ မျက်ရည်ကျအောင် ဆိုးတတ်သည့် ကိုနေကို  အားကစားထူးချွန်တဲ့  ကိုကြီး အောင်လင်း၊ စာတော်တဲ့ ကိုငယ် သော်လင်း  တို့က ရှောင်စရာ သတ္တ၀ါတကောင်လိုသာ သဘောထားသည်။  မိဘတွေကလည်း သူတို့ သားသမီးတွေကို လူဆိုးလေး ကိုနေနဲ့  ပေါင်းသင်းမှာကို မလိုလားကြ။  မိတဆိုးကလေး ကိုနေကို သားသမီးမရှိတဲ့ အဒေါ်အရင်း နဲ့ သူ့ခင်ပွန်း တရုပ်ကြီးက မွေးစားပြီး၊ ကျောင်း ကောင်းကောင်း ထားပေးသည်။  ဒါပေမဲ့ သူက ကျောင်းပြေးပြီး ဖဲဝိုင်းတကာမှာ အချိန်ကုန်သည်။ လက်စွပ်ကိုချွတ်ရောင်းလို့ ကုန်တော့ အဒေါ့် ရွှေစိုက်ဘီးကို ထက်ပိုင်းချိုးပြီး ရောင်းချ ဖဲရိုက်ပစ်သည်။ နောက်တခါ ဖဲဝိုင်းသွားရင် ရိုက်မည်ဟု မွေးစား အဖေက ကြိမ်းတော့ “ အခု စိတ်ရှိသလောက် ကြိုရိုက်ထားပါအဖေ၊ ကျွန်တော် သွားကိုသွားမှာမို့၊  စိတ်အေးအေးသွားရအောင် အကြွေးဆပ်ထားချင်လို့”  လို့ ပြောတော့ တရုပ်ကြီး လက်မြှောက် လိုက်ရတော့သည်။

ကိုနေက ကိုးတန်းအထိ တနှစ်တတန်းတော့ မှန်မှန်အောင်သည်။  စာတပုဒ်ကို မှတ်လွယ် ရလွယ်သည် ထင်သည်။  စာမေးပွဲနားနီးလျှင်  ခဏတဖြုတ်အချိန်ပေးပြီး စာဖတ်လိုက်သည်။  ဘောပင်ပါမလာဘဲ စာမေးပွဲခန်း ၀င်တတ်တဲ့ ကျောင်းသားဆိုးကလေးလဲ ဖြစ်သည်။  ကိုးတန်းရောက်တော့ နှစ်ခါကျသည်။ ဆယ်တန်းမှာ တခါကျ ပြန်သည်။

ကိုနေရဲ့ ကောင်းကွက်လေးတချို့ကတော့ မလိမ်မညာတတ်တာ နဲ့   သူများကို ကူညီတတ်တာ ဘဲဖြစ်သည်။  ငွေရေးကြေးရေး အခက်အခဲကြုံသော အပေါင်းအသင်းတချို့ကို သူ့အိတ်ထဲ ပါသမျှ မရေဘဲ ထုတ်ပေး တတ်တာ၊ ငွေမရှိရင် ပေါင်သုံးဖို့  သူ့လက်က နာရီ ချွတ်ပေးတဲ့အထိ ရက်ရောတတ်သူ ဖြစ်ပေမဲ့ တဖက်သား ကျေးဇူးတင်ခြင်းကိုတော့ နည်းနည်းမှ ခံယူလိုစိတ် မရှိတတ်ပေ။

အင်ကြင်းနဲ့  စပြီး ခင်မင်ခဲ့တာက လမ်းထိပ်က “အိုင်ဒီယာ”   စာအုပ်အငှားဆိုင်လေးမှာ့ ဖြစ်သည်။  အဲဒီ စာအုပ်အငှား ဆိုင်လေးရဲ့ ပုံမှန်ဖေါက်သည် သူတို့နှစ်ဦးက မျက်မှန်းတန်းပြီး ပြုံးပြရုံလောက်သာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်ကြင်းဖတ်သင့်တဲ့ စာအုပ်လေးတွေကို ကို နေက ညွှန်းတတ်ခဲ့တာမို့    ရင်းနှီးခင်မင် လာခဲ့မိသည်။  သူမ နာမည်ကိုတော့ တော်တော်ကြာတဲ့အထိ မမှတ်မိဘဲ “အောင်လင်းညီမလေး” လို့  ကိုကြီးနာမည်နဲ့ တွဲပြီး သူက ခေါ်ခဲ့သည်။  “ ဟဲ့- အောင်လင်း ညီမလေး၊ စာမေးပွဲနီးပြီလေ၊ ကျောင်းစာတွေ ဖတ်ဦး၊ ဒီမဂ္ဂဇင်းတွေက ထွက်မပြေးပါဘူးဟ၊ ကျောင်းပိတ်မှဖတ်” လို့  ထိပ်ပုတ်ပြီး ကျီစယ်တတ်သည်။  ကိုနေက ရယ်လိုက်ရင် နှစ်လိုဖွယ်ကောင်းသော ရုပ်ရည်သန့်သန့်  ပိုင်ဆိုင်ထားပေမဲ့  ဆံပင်ရှည်နဲ့မို့  ညှင်းသိုးသိုး ဖြစ်နေတတ်သလို တီရှပ်အဟောင်း အရောင်လွင့်လွင့်တွေသာ ၀တ်ဆင်တတ်လေသည်။  ဆိုင်ပိုင်ရှင် အမကြီးကတော့ “ အမယ်လေး၊ အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားကတော့ ကိုနေနဲ့ ကျမှ ပြောင်းပြန်လှန်ရတော့မှာဘဲ” လို့  နောက်ကွယ်မှာ ပြောတတ်ခဲ့သည်။ 

ကိုနေ ဆယ်တန်း ဒုတိယနှစ်မှာ မွေးစားအဖေ တရုတ်ကြီးဆုံးသည်။  “ သားက အဖေတို့ဆီမှာ ဟိုရှေးဘ၀က တင်နေတဲ့  အကြွေးရှိလို့   ပြန်လာယူတာ နေမှာပါကွယ်” လို့   ၀မ်းပမ်းတနည်း ခဏခဏ ပြောတတ်တဲ့ ကျေးဇူးရှင် အဖေကြီးကိုတော့ သူချစ်ပါသည်။  “အဖေ သားဆိုး  သားမိုက်အတွက် စိတ် မဆင်းရဲ ရတော့ဘူးပေါ့”  လို့    အလောင်းမြေချတော့ သူပြောခဲ့သည်။  စိတ်မကောင်းတာတွေကို စာဖက် လှည့်လိုက်တော့ ဖဲဝိုင်းဖက် အရောက်ကျဲသွားသည်။  ဒါနဲ့ပဲ ဆယ်တန်းကို လှုပ်လှုပ်ကပ်ကပ် အောင်သွားသည်။  အဒေါ်ကတော့ ၀မ်းသာမဆုံး၊ “ သွားလေသူ  နင့်အဖေကို မြင်စေချင်လိုက်တာ” လို့   မျက်ရည်စမ်းစမ်း နှင့် ဆိုရှာသည်။  ကောက်သောခွေးမြီးက ကျည်တောက်စွတ်ရုံနဲ့   ပြန်မစန့် နိုင်တာတော့အမှန်။  အောင်စာရင်းထွက်တာနဲ့   ဖဲဝိုင်းဖက်ကို ခြေဦး ပြန်လှည့်ပြန်သည်။  အရက်ကလေးပင်  မစို့မပို့ သောက်စပြုလာသည်။ ဘယ်မှာ ချိန်းပွဲ ရန်ပွဲ ကိုနေ ပါမြဲ၊    ထီကနဲဆိုရင် ကိုနေ ဖြစ်လာသည်။  အရိုးကျိုး၊  ထိပ်ပေါက် ခေါင်းကွဲပြီး အိမ်းပြန်ရောက်တဲ့ အကြိမ်တွေ မနည်းတော့။   ဒီတော့လည်း အဒေါ်က  “နင့်အဖေအရင်းရဲ့ သွေးတွေက ဇာတိပြလာတယ်ထင်ပါရဲ့“  လို့  စိတ်နာနာနှင့် ပြောပြန်သည်။ ကိုနေကလည်း မခံပါ။  “ အမေ တို့က မြွေပွေးကို နို့တိုက် မွေးလာတာကိုးဗျ၊ စိတ်ဆင်းရဲမှာပေါ့ ၊ ကျွန်တော်ကို  ငယ်ငယ်ထဲက ခေါင်းအုံးနဲ့  ဖိသတ်ပစ်လိုက်ရင် ပြီးရော” လို့    ပြန်ပက်တတ်သည်။ သူ့ ငယ်နိုင်ဖြစ်တဲ့ အဒေါ်ခမျာမှာတော့ ဘာမှ မပြောသာတော့၊  မချိတင်ကဲ  မျက်ရည်နဲ့  မျက်ခွက်ပေါ့။

Saturday, 4 September 2010

ပန်တော်ကျ

“ဟိ..ဟိ.........ချမ်းတယ်...ချမ်းတယ်...၀ူး“
“ဗွမ်း“   “ဗွမ်း”
“ခစ်..ခစ်..ခစ်...ခွိခွိခွိ...ဟိ”
ခုန်ဆွ ခုန်ဆွနဲ့   ရေကန်ကိုပတ်ပြေးရင်း အတူတူရေချိုးရင်း ပျော်ရွှင်နေကြတဲ့ ၆နှစ်အရွယ်ကလေးမလေး နှစ်ဦးကတော့  သူဌေးကြီး ပရာဆပ်ရဲ့ တဦးတည်းသော သမီးကလေး “ဒေ၀ီ” နဲ့   သူ့သူငယ်ချင်းမကလေး “ချမ်ကီး”တို့ ဖြစ်ပါတယ်။    ဒေ၀ီက ရေအေးအေးလေးတွေကို ရေခွက်နဲ့  ခပ်ယူပြီး ချမ်ကီးကို ရွှဲရွှဲစိုအောင် ပက်ဖြန်း ကျီစယ်နေသလို ချမ်ကီးကလဲ  သူမ လက်ခုပ်နဲ့  ပုံးထဲက ရေတွေကိုခပ်ပက်ပြီး တုံ့ပြန် ရေတိုက်ပွဲ နွှဲနေခြင်းဖြစ်သည်။  ရေစက် ရေပေါက်လေးတွေက နူးညံ့တဲ့ သူတို့ အသားလေးတွေပေါ်မှာ နှင်းသီး နှင်းစက် ကလေး တွေလို ကပ်တွယ် နေကြသည်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေက အပြစ်ကင်းသော ပျော်ရွင်မှူတွေနှင့် စိုလက် လို့ နေကြသည်။ သူတို့က သိပ်ချစ်ကြတဲ့ ကစားဖော် သူငယ်ချင်း တွေဖြစ်သည်။ သူတို့ကိုကြည့်ရတာ ဥယျာဉ်ထဲက မနက်ခင်း နှင်းရည်ဖြန်းထားတဲ့ ပန်းရိုင်းကလေး နှစ်ပွင့်ပမာ။

 ချမ်ကီး အမေက ပရာဆပ် မိသားစုရဲ့ အိမ်အလုပ်သမားတွေထဲက တယောက်ဖြစ်သည်။ မကွယ်လွန်ခင်က ချမ်ကီး အဖေလည်း ဒီအိမ်ရဲ့ မာလီ အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာမို့   လူယုံတွေလိုဖြစ်နေသည်။ ဒီမိဘနှစ်ပါးရဲ့ သမီးကလေး ချမ်ကီးကလည်း ပရာဆပ်အိမ်ရဲ့ ငယ်မွေးခြံပေါက် လိမ္မာရေးခြားရှိတဲ့ မိန်းကလေးတယောက် ဖြစ်သည့်ပြင် “ဒေ၀ီ” နဲ့ သက်တူရွယ်တူလဲဖြစ်သည်မို့   အထူးအခွင့်အရေး ရနေလေသည်။  သူတို့  နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေက မိုးနဲ့ မြေ ကွာခြားပေမဲ့ သူတို့ကြားက ခင်မင်မှူက  ဘယ်လိုမှ ထိခိုက်ခြင်း မရှိပေ။

မနက်ခင်းများမှာဆို သူတို့ နှစ်ယောက် ပန်းခြံထဲမှာ တူတူဆော့ကစားရင်း ရောင်စုံပန်းပွင့် လှလှ ကလေးများကို ခူးဆွတ် ဆော့ကစား တတ်ကြသည်။  ညနေစောင်းများမှာဆို  ဒေ၀ီက သီချင်းဆိုရင်း ချမ်ကီးက တကယ့် ကချေသည်မိန်းမကြီးများကို အတုခိုးပြီး ဖန်လက်ကောက် ကလေးများ အချင်းချင်း ထိခတ်ပြီး တချွင်ချွင် အသံမြည်အောင် လှည့်ပတ် က လေ့ရှိသည်။  ချမ်ကီးတို့ အိမ်မှာ ဖုတ်တဲ့ ဂျူံမုန့်ကို ဒေ၀ီက နှစ်သက်ခုံမင်သလို သူမရဲ့ လှပပေမဲ့ ၀တ်ဖို့မလိုတော့တဲ့ အ၀တ်အစားတချို့ကိုလည်း ချမ်ကီးကို ပေးပါရစေလို့   သူ့အမေကို ပူဆာတတ်သည်။  ဒေ၀ီရဲ့မိခင် ရာဟေနား ကလည်း သဘောကောင်းသူ အမျိုးသမီးကြီးပီပီ သမီးရဲ့ဆန္ဒကို ကြည်ကြည်ဖြူဖြူ သဘောတူ ခဲ့သည်သာ ဖြစ်သည်။

********************

ခုနှစ်နှစ်အရွယ်ရောက်လာတော့  ဒေ၀ီိကို ဆရာမတယောက်က အိမ်လာပြီး စာသင်ပေးသည်။  ပါဠိ၊ ကဗျာ၊ လင်္ကာတွေအပြင်၊ တေးဂီတ နဲ့   ကျမ်းစာတွေ အစုံ ဖြစ်သည်။  ချမ်ကီးကတော့ အမေ့ကိုကူရင်း မီးဖိုချောင် ပညာတွေကို လက်တွေ့ဆည်းပူး ခဲ့ရတော့သည်။ သင်ယူ တတ်လွယ်သော ချမ်ကီးတယောက် နှစ်အနည်းငယ် အတွင်းမှာပင် ပရာဆပ်တို့   နောက်ဖေးမီးဖိုချောင်ရဲ့ စီမံခန့်ခွဲမှူပိုင်းမှာ အရေးပါ အရာရောက်သော မိန်းကလေးတယောက် ဖြစ်လာခဲ့တော့သည်။  ဒေ၀ီနဲ့   ချမ်ကီးတို့   လွပ်လွပ်လပ်လပ် ကစားခုံစားချိန် နည်းလာတော့သည်။  ဒါပေမဲ့ သူတို့  ရဲ့ ရှားရှားပါးပါး ကိုယ်ပိုင်အချိန် ကလေးတွေမှာတော့ ပန်းခြံထဲမှာ အတူတူထိုင်ရင်း အတွေ့အကြုံလေးတွေကို ဖလှယ်ကြမြဲ ဖြစ်သည်။  ဒေ၀ီ ပြောတတ်တဲ့ စကားလေးတွေက “ ဆရာမ ဒီးနာ ဒီနေ့သင်တဲ့ ဂီတသင်ခန်းစာတွေက သိတ်ခက်တာပဲကွယ်၊  ကိုယ်ကတော့လေ ရာမာယန ဇာတ်လမ်းတွေ ဖတ်ရတာဘဲ ကြိုက်တယ်”  ဆိုတာမျိုးပေမဲ့  ချမ်ကီးကတော့ မီးဖိုချောင်ထဲက အိမ်စေ မိန်းကလေးတွေ နမော်နမဲ့ နိုင်သည့် အကြောင်း၊  သူမ တီထွင်စမ်းသပ်ခဲ့သည့် ဂျူံအဆာသွတ် မုန့်အသစ် တမျိုးအကြောင်း စသဖြင့် မတူကွဲပြား နေပေရာ  ကြာလာသောအခါ သူတို့နှစ်ယောက်စလုံးမှာ တဦးကိုတဦး စိတ်မ၀င်စား နိုင်တော့ပေ။ တယောက်နဲ့ တယောက် ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောနေတဲ့ သူစိမ်း တွေလို ခံစားမိစ ပြုလာတော့သည်။

Friday, 3 September 2010

ငါးခူတစ်ကောင်ရဲ့ ရင်ခုန်သံမှတ်စု

ကျူပ်နာမည်က ဖိုးရှူပ်၊ အသားရောင်ကမည်းကြုတ်ကြုတ်၊ ခန္ဒာကိုယ်က ၀တုတ်တုတ်၊ နှုတ်ခမ်းမွေး က တလှူပ်လှူပ် နဲ့ပေါ့ဗျာ...။ ဗျာ...အသက်လား.. မွေးစာရင်း မရှိတော့လဲ သေသေချာတော့ သိဘူးဗျို့၊ သေချာတာကတော့ ကျူပ် လူပျိုပေါက်ဖြစ်ပြီ ဆိုတာပါဘဲ...။ ဘယ်လိုသိလဲ ဟုတ်စ...။ ရွယ်တူ ငါးခူ အပျိုမလေးတွေ ကိုယ့်ရှေ့က  ပြုံးစစနဲ့ ဖြတ်ဖြတ် သွားတိုင်း ကျူပ်ရင်ထဲမှာ သံစုံဘင်ခရာတီးဝိုင်းလို တဒိန်းဒိန်းမည်ပြီး ရေယက်တွေကို မသယ်ချင် မဆွဲချင်အောင် နုံးချိချိကြီး ဖြစ်ဖြစ်သွားတယ်ဗျာ... ကဲ   ဒါဆို ကျူပ်လူပျိုဖြစ်တာ ခင်ဗျားတို့ လက်ခံပြီမို့လား။

တကယ်တော့ ကျူပ်တို့ ငါးခူတွေဆိုတာ ဆွေကြီးမျိုးကြီးပါ..။ ကမ္ဘာပေါ်မှာ အန္တာတိကတိုက်ကလွဲရင် နေရာတိုင်းမှာ ရှိကြပါတယ်။ ရုပ်ရည်တွေက အမျိုးမျိုးကွဲပေမယ့် အကြေးခွံမပါတာကတော့ တူသဗျို့..။ ကျူပ်တို့က ရေချိုငါးအစစ်၊ ပြီးတော့ စီးဆင်းနေတဲ့ ရေစပ်စပ်ကလေးတွေမှာ ပိုပြီးပျော်တတ်တာ..။ တီလားပီးယားလိုပဲ သူများအသားစားတဲ့ ငါးလဲဖြစ်တယ်ဗျ...။ ကျူပ်တို့အသားက နူးညံ့ပြီးချိုတော့ မြန်မာ အိမ်ရှင်မတွေအကြိုက်ပေါ့.. ။ ဘာတဲ့.. ငါးခူစင်းကော၊ ငါးခူရဲယိုရွက်ထုပ်၊ ငါးခူကြော်နှပ်၊ ယိုးဒယား ငခူအမွကြော် ...အံမယ်လေးဗျာ ပြောရတာတောင် ကြက်သီးဖြန်းပြီး ကျောထဲက စိမ့်လာပြီ..။

လက်ရှိအနေအထားက အဲဒီလို ဟင်းအမယ်တမျိုးမျိုးဖြစ်ဖို့ တော်တော်နီးစပ်နေပြီဗျို့........ ကြည့်လေ ...အခုဆို ဈေးဗန်းထဲမှာ ဘ၀တူတွေနဲ့ ဖျပ်ဖျပ်လူးနေရတာ...။ မလွတ်နိုင်မှန်းသိရက်နဲ့ ဟိုတိုးဒီတိုး ကူးခတ်နေရတာ..။ ဗန်းက ပက်ပက်ကလေးမို့ ခုန်ထွက်ရင်လွတ်တာပေါ့ဗျာ.. ဒါပေမဲ့ ငါးသည်မကြီးရဲ့ ၀ရဇိန်လက်နက် တွေဖြစ်တဲ့ ၀ါးတုတ်တို့  အလေးတို့  နဲ့တော့မလွတ်နိုင်ဘူးဗျို့ ... တကတည်း (အလေးကိုင်လျက် ငါးသည်စက်) ဆိုပြီး စက်ကြီးတစ်ပါး ထပ်တိုးရတော့မလိုဘဲ...။ ကျူပ်တို့ရှေ့မှာပဲ ငါးသည်မရဲ့ အတွင်းအားအပြည့်ပါတဲ့ အလေး လက်နက်ကြောင့် ခုန်ထွက်လိုက်တဲ့ ရောင်းရင်းတစ်ကောင် ဇိကနဲ အသက်ပျောက်သွားပြီလေ..။ ဘာဖြစ်လို့ ဒီရောက်နေရသလဲဟုတ်စ...။ ကြမ္မာဝဋ်ကြွေး ပြေးမလွတ်လို့ပေါ့ဗျ..။ 


မွေးကတည်းက အမေပေးတဲ့ ဖိုးရှူပ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ကျူပ်က လည်လည်ပတ်ပတ်ရှိပါတယ်..... ကျူပ်နေတဲ့ ချောင်းထဲကို ကလေးတွေ ငါးလာမျှားတော့ လုံးဝမဟပ်ပါဘူးဗျ...။ သူတို့ချပေးတဲ့ တီကောင် အသေရဲ့နောက်မှာ ငါးမျှားချိတ်ပါတာ ကျူပ်သိတယ်လေ..။ အဟမ်း ...ဒီလို သိလို့ သတိပေးတာကို နားမထောင်တဲ့ ကျူပ်အစ်ကို ဖိုးငမ်း တစ်ယောက်တောင် ငါးမျှားချိတ်နောက် တန်းလန်းတန်းလန်းနဲ့   ပါသွားသေးတယ်။ အဲ မနေ့ကတော့ ... မပြောချင်ပါဘူးဗျာ..... ပိုက်ကွန်အကြီးကြီးနဲ့ အုပ်ပြီးဆွဲလိုက်တာ ကျူပ်ရော ကျူပ်ဘေးနားက ပျော်ပွဲစားနေတဲ့ ရောင်းရင်းတွေရော တသီကြီး မိကြတာပါဘဲ...။ ကျူပ်တို့ကို ဖမ်းလာတဲ့ တံငါသည်က ဒီငါးသည်မကြီးကို ဖောက်သည်ပြန်ရောင်းလို့ ပါလာတာဗျ..။ ကျူပ်တို့အထဲက အကြီးဆုံးနှစ်ကောင်ကိုတော့ တံငါသည်မိန်းမက အိမ်မှာဟင်းစားဆိုပြီး နှုတ်ယူထားလိုက်သေးတယ်..။ သွားပေတော့ ရောင်းရင်းတို့ရေ.... နောက်ဘ၀မှာ ပြန်ဆုံတာပေါ့..။ ဒါပေမယ့်နောက်ဘ၀တော့ ငါးမဖြစ်ချင်တော့ဘူးဗျာ.... ရေသတ္တ၀ါချင်း အတူတူ မိချောင်းတို့ ငါးမန်းတို့ဆိုရင် တော်သေးရဲ့။ ဒါမှ နည်းနည်း လူရှိန်မယ်ထင်တယ်....။ အနည်းဆုံး ကိုယ့်ကိုယ်ကို ခုခံကာကွယ် နိုင်တာပေါ့ဗျာ...။

Tuesday, 10 August 2010

ရင်ကွဲတေး

 ညရဲ့အမှောင်ကို ဆန်းစလကွေးကွေးရဲ့ အလင်းရောင်ဖျော့ဖျော့က အံတုထိုးဖေါက်လို့နေသည်။ သစ်ရွက်တွေ သစ်ကိုင်းတွေကြားက ဟိုတပြောက် ဒီတပြောက် အလင်းကွက်ကလေးတွေက မြေကြီးပေါ်မှာ ငွေမင်ရည် ကျဲကျဲပက်ထားသလို။ ခေါင်းရင်း ပြူတင်းမှာရပ်နေတဲ့ သူမဆံနွယ်တွေကို လေပြေ အေးလေးတချက်က ကျီစယ် သွားသည်။ လေပြေသယ်ဆောင်လာတဲ့ ညမွှေးပန်းရနံ့တွေက စူးလှချည့်။  သံပြိုင်အော်နေတဲ့ ပုစဉ်းရင်ကွဲတွေ တချက်တချက် ရပ်သွားတော့ ကမ္ဘာကြီးလည်း သူ့ဝင်ရိုးပေါ်မှာ လည်ပတ်ရာကနေ ခဏရပ်တံ့သွားသလိုပဲလို့    သူမ တွေး မိပြန်သည်။

”မောင်”....... ကိုယ်တယောက်တည်း ခေါ်တဲ့ သူ့နာမည်ကို ရေရွတ်ကြည့်မိသည်။  အဲဒီခေါ်သံလေးက နှလုံးသားနံရံကို ရိုက်ခတ်ပြီး အဆုံးမဲ့စွာ ပဲ့တင်ထပ်လို့ နေပြန်တယ်။  ဒီအချိန်ဆို ရှင်ရှိရာကမ္ဘာခြမ်းမှာ မနက်ခင်းပေါ့ ။ ရှင်ဘာတွေများလုပ်နေမှာပါလိမ့်။  ကျမ အမှောင်ထဲမှာ ကြေကွဲနေချိန်မှာ ရှင်က နေ့အလင်းမှာ ရွှင်မြူးတက်ကြွနေလိမ့်မယ်ထင်ရဲ့။ တကယ်ဆို ရှင့်အကြောင်း မတွေးချင်ဘူး .......ဒါပေမဲ့ ကျမနှလုံးသားတံခါးဟာ ရှင် တယောက်တည်းအတွက် ဖွင့်ထားပြီးကတည်းက နောက်တကြိမ်ပြန်ပိတ်ဖို့ ခွင့်မပြုတော့ဘူးလေ..။  ရှင့်နဲ့ပါတ်သက်တဲ့အတွေးတွေက လေပြေတွေလို ဒြပ်မဲ့စွာ တိတ်တဆိတ် ၀င်ရောက်၊ ရင်ကို လေနီကြမ်းလို မဆင်မခြင် မွှေနှောက်ပြီး..... မုန်တိုင်းတခုလို အရှိန်ပြင်းပြင်းနဲ့ ပြန်လည်ထွက်ခွာသွားတော့တယ်.... မောင်.....။



Wednesday, 21 July 2010

ချစ်သောဖြူလေး

သူ အိမ်ပြန်ရောက်တော့  မှောင်တရီဖြစ်နေပြီ။
 အိမ်ခန်း သော့ကို ဖွင့်လိုက်တော့ အထဲမှာ မှောင်နက်မည်းမည်း ဖြစ်နေသည်။ မီးခလုပ်ကို စမ်းပြီး ချောက်ကနဲဖွင့်လိုက်တော့ အိမ်ထဲမှာ အလင်းတန်းတွေ လျှံကျသွားသည်။  ဆက်တီ၊ စားပွဲ၊ ပန်းအိုး၊ အခန်းထောင့်က စာရေးခုံလေး၊ စာအုပ်စင်၊ အားလုံး ခြေရာလက်ရာမပျက်။  ဒါပေမဲ့ သူအိမ်အပြန် ကြိုနေကျ ချစ်သူလေး သူမကို မမြင်ရတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်ရသည်။

“ဖြူလေး” “ဖြူလေးရေ”  သူခေါ်မိသည်။  အိပ်ခန်းထဲကို သွားကြည့်သည်၊ ရေချိုးခန်း နဲ့  မီးဖိုချောင်ထဲမှာများ ရောက်နေရော့သလား၊ မတွေ့ပါ ...ဘယ်မှာမှမတွေ့  ပါ။   “၀ှူး”  ဆက်တီပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်နဲ့  ခေါင်းကို အုပ်ကိုင်ထားမိသည်။  အ၀တ်လဲဖို့ တောင် သူ့မှာ အားမရှိတော့ပါ။   ဖြူလေး ဘယ်ရောက်နေသလဲ လို့  ကိုယ့်ဘာသာမေးခွန်းထုတ်မိသည်။ ရီဝေနေသော သူ့ခေါင်းထဲကို မနေ့က တိတိကျကျဆိုရရင် မနေ့ကညက အဖြစ်တွေ သူ့ခေါင်းထဲကို ရောက်လာသည်။ “ကိုယ် တကယ်ပဲ မှားခဲ့ပါတယ် ကလေးရယ်”.....................

xxxxxxxxxxxxxxxxxxxx

အထီးကျန်တဲ့ သူ့ဘ၀ထဲကို ဖြူလေးရောက်လာခဲ့တာက မနှစ်ကရဲ့ မြူနှင်းဝေသော ဆောင်းရက်တရက်မှာဖြစ်သည်။  မရောက်တာကြာတဲ့ အဒေါ်ဝမ်းကွဲတယောက်အိမ် သွားအလည်မှာ ဖြူလေးကို သူရုတ်တရက် မြင်လိုက်ရတာပဲဖြစ်သည်။  သူ့ကိုတွေ့လိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ ကန့်လန့်ကာနောက်ကွယ်ကို ရိပ်ကနဲဝင်သွားပေမဲ့ သပြေတို့အရွယ် သူမလေးရဲ့  လှပ၀ိုင်းစက်တဲ့ မျက်ဝန်းလေးတွေကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။  အဒေါ်က ထွက်လာပြီး နှုတ်ဆက်တော့ အလ္လာပသလ္လာပ ပြောရင်း ဖြူလေးအကြောင်း မသိမသာ “တောက်” ကြည့်မိသည်။  “မိဘမဲ့လေးပါကွယ်၊ မင်းညီမလေး ၀ါဝါ ပဲခူးဖက်သွားရင်း ချစ်လို့ သနားလို့  မွေးစားဖို့ ခေါ်လာခဲ့တာ၊  ခုတော့ အိမ်မှာ ၀ါဝါလည်း  အဖေါ်ရသွားတာပေါ့”...။  ချစ်ခြင်းမှာ သနားခြင်း စွက်တော့ သူ့ရင်ဘတ်ထဲမှာ ဖြူလေးအကြောင်းနှင့် မဆံ့တောင်ဖြစ်လာတော့သည်။  သြော်- ဖြူလေး ဖြူလေး၊ အထီးကျန်တဲ့ တို့နှစ်ယောက် အတူတူနေနိုင်ရင် သိပ်ကောင်းမှာဘဲကွာ  -လို့။

Friday, 25 June 2010

ကျွန်တော် မောင်ဘောလုံး ပြောရအုံးမယ်

 ကျွန်တော့်နာမည်က မောင်ဘောလုံး တဲ့။  အင်္ဂလိပ်တွေကတော့ ဖွတ်ဘော ( Foot ball) လို့  ကျွန်တော့်ကို ခေါ်တယ်။  ဒါကလည်း သူတို့ဆီမှာ လက်နဲ့ ပစ်ပေါက်ကစားရတဲ့ ဘေ့စ်ဘော (Base ball) နဲ့  ကွဲပြားအောင် ထင်ပါတယ်။  ဘာပဲပြောပြော ကျွန်တော်ကတော့ ဖွတ်ပါတဲ့ နာမည်မို့မကြိုက်ဘူး။ မြန်မာဆန်ဆန် အာလုပ်သံပါပါနဲ့   ဘောလုံး၊ ဘောလုံးကြီး လို့  ခေါ်တာကိုပဲ ကြိုက်ပါတယ်။

ကျွန်တော်က ခေတ်အဆက်ဆက် စူပါစတားပါ။  ဒီလိုပြောလို့ လွန်တယ်ထင်သလား။  မိုက်ကယ် ဂျက်ဆင်ကိုကြည့်ဗျာ။  သူ့ပရိသတ်ဟာ ကျွန်တော့်ပရိသတ်ထက် အရေအတွက် များမယ်ထင်သလား။     နိုင်ငံတကာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ချင်း တူတယ် ဆိုစေဦး၊ ကျွန်တော်က နှစ်ပေါင်းများစွာ သူ့ထက်စောခဲ့သလို နောင် နှစ်ပေါင်းများစွာ (ကမ္ဘာတည်သရွေ့ လို့တောင် ပြောချင်တယ်)  ကြိုက်နေကြဦးမှာ။  

အဲလို ပြောလို့  ကျွန်တော်ကို မောက်မာတဲ့ ကျောက်ဖျာလို ငတိ လို့  နာမည်မတပ်လိုက်ပါနဲ့ ဗျာ။  တကယ်တော့ ကျွန်တော်ရဲ့  အနုံ့စိတ် အငုံ့စိတ်ကလေး တွေကို ကျွန်တော်ပဲ သိပါတယ်။  ဒါတွေကိုလည်း ခင်ဗျားကို ရင်ဖွင့်ပြချင်လို့ပါ။

တကယ်တော့ ပရိသတ်ဆိုတာ ဘောလုံးသမားကို အားပေးတာ၊ ဘောလုံးကို အားပေးတာမဟုတ်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။  ကျွန်တော့်ကို လူပေါင်း ၂၂ယောက်က ဟိုဖက်က ကန်လိုက် ဒီဖက်က ကန်လိုက် နဲ့  ချာချာလည် မူးနေတာတောင်မှ ပရိသတ်ရဲ့ လက်ခုပ်သံတွေဟာ ကျွန်တော့်အတွက် မဟုတ်ဘဲ၊  ကျွန်တော့်ကို ကန်တဲ့ ဘော်ဒါ ဘောလုံးသမားကြီးတွေအတွက်ပဲဆိုတာ သိသမှ သိပ်သိပေါ့။  ဒါပေမဲ့ ဂိုးပေါက်ထဲကို ဂိုးဝင်သွားတဲ့အခါတိုင်း ဝေါခနဲကြားလိုက်ရတဲ့ လက်ခုပ်သံတွေ အားပေးသံတွေဟာ ကျွန်တော့် နှလုံးသားထဲစိမ့်သွားအောင် ပီတိဖြစ်စေခဲ့တယ် ဆိုတာ ခင်ဗျား ယုံသလား။ 

ခင်ဗျားက မေးချင်မေးလိမ့်မယ်။  နှစ်ဖက်အသင်း ရှိရာမှာ ဘယ်ဖက်ကိုဝင်ရင် ပျော်ပြီး ဘယ်ဖက်ကိုဝင်ရင် ၀မ်းနည်းတာမျိုးရှိသလား လို့။  အဲဒီလိုတော့မရှိဘူးဗျို့   ။ ကျွန်တော်က ဘော်ဒါ ဘောလုံးသမား အားလုံးကို မျှမျှတတ ခင်တာပါ။  သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဂိုးတိုင်ထဲကို ဘောလုံးဝင်ဖို့။ အဲဒီလို ဖြစ်ဖို့အတွက် ပါဝင် သရုပ်ဆောင်ရတဲ့ ကျွန်တော်မောင်ဘောလုံးဟာ  ဂိုးသမားလက်က လွတ်လွတ်ကျွတ်ကျွတ် တိုင်ထဲဝင်ခွင့်ရလို့ကတော့ အမြဲတမ်း ပျော်နေသူပါ။  ကျွန်တော်ကတော့ ဘယ် ဂိုးတိုင်ပဲဖြစ်ဖြစ် ဂိုးဖမ်းသမားကို ကျော်လွန်ပြီး ဂိုးတိုင်ထဲကို တာဝန်ကျေကျေ လှလှပပလေး လှိမ့်ဝင်ဖို့  အမြဲ ရည်ရွယ် ထားသူပါ။  အဲဒီအောင်မြင်မှုက ၁၁ယောက်သော ဘော်ဒါကြီးများနဲ့ ပရိသတ်တွေအတွက် ၀မ်းနည်းစရာ ဖြစ်ခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။ တကယ်ကတော့ ဘောလုံးပွဲမှာ (သူမသာ၊ ကိုယ်မနာ) ဆိုတဲ့ ၀င်းဝင်း တံဆိပ် ဖယောင်းတိုင်တွေ မရှိပါဘူးဗျာ။ တယောက်နိုင်ရင်၊ တယောက်ရှူံးမယ်။  ဂိုးဝင်တာမှာလည်း နှစ်ဂိုးခွဲ၊ တစ်ဂိုးနဲ့ တမတ်တို့ မရှိပါဘူးဗျာ။  နိုင်ရင်နိုင်၊ ရှူံးရင်ရှူံး၊ သရေမှာတောင် အမှတ်နဲတွက်ပြီး အရှူံးအနိုင် ဖြတ်လို့ရသေးရဲ့။  အဲဒီလို ပြတ်သားလို့၊ လိမ်ညာမရလို့   ဘောလုံးပွဲကို လူတွေ အသည်းခိုက်တာလို့ ပြောတဲ့လူက ပြောကြတယ်။  ကျွန်တော်ကတော့ အဲဒီအဆိုကို အပြတ်ထောက်ခံတယ်ဗျို့။  ကိုယ့်ကို အကောင်းပြောလို့ကတော့ ချွင်းချက်မရှိထောက်ခံသူတွေထဲမှာ ကျွန်တော်လဲပါတယ်။

ဘောလုံးသက်ကြာလာတာနဲ့အမျှ ကျွန်တော့မှာ ဘောသံဝေဂတွေ အများကြီးရလာတယ်။  အရင်တုန်းက ပရိသတ်ရဲ့ အချစ်တော် ဘောလုံးရွှေမင်းသားလေးတွေ၊ အခုတော့ လူတွေက မေ့နေကြပြီ ဆိုတာမျိုးတွေ။  ဘောလုံးဘယ်လောက်ပဲတော်တော် ပရိသတ်ကို မထီမဲ့မြင်လုပ်လို့ကတော့ လှလှပပ ဒဏ်ခတ်ခံရတတ်တယ် ဆိုတာမျိုးတွေပေါ့။  နောက်ပြီး အသက်နဲ့ အတွေ့အကြုံကြောင့်တခါတခါ ဘောလုံးကွင်းထဲက အဖြစ်တွေကို လူ့ဘ၀ လူ့သဘောတွေနဲ့  နှိုင်းယှဉ်တတ်လာတယ်။ 
ကွင်းထဲမှာ ဘောလုံးကိုမကန်ဘဲ  လူချကစားတတ်တဲ့သူတွေ
-  ဘောလုံးကို အပေးမယူမလုပ်ပဲ ကိုယ့်ခြေထဲမှာပဲ ကစားသွားတဲ့သူတွေ၊
-  ပရိသတ်ကို လက်ခလယ်ထောင်ပြဖို့ ၀န်မလေးတဲ့ ကစားသမားတွေ
- အဂတိလိုက်စားတဲ့ ဒိုင်လူကြီးတွေ
- အ၀ါကတ်ရပြီးသားမို့   ခပ်ကြမ်းကြမ်းထပ်မကစားရဲတော့တဲ့သူတွေ
- တချိန်က ပရိသတ်ချစ်ခဲ့ပေမဲ့ ပရိသတ်ကို နှုတ်နဲ့ပြန်စော်ကားလို့  ဇာတာမှေးမှိန်သွားသူတွေ
- ကိုယ့်အသင်းအလဲလဲ အကွဲကွဲရှုံးခဲ့တာတောင် နိုက်ကလပ်အသွားမပျက်တဲ့ ကြေးစားအားကစားသမားတွေ
- ခေါင်းအကွဲခံပြီး ဂိုးကို ကာကွယ်ခဲ့တဲ့ ဂိုးဖမ်းသူတွေ
- အကြိမ်ကြိမ်လဲကျပေမဲ့ အကြိမ်ကြိမ် ပြန်ထပြီး ဇွဲမာန်မလျော့တဲ့ ကစားသမားတွေ
- တိုက်စစ်မှူးဂိုးသွင်းနိုင်အောင် မထင်မရှားနေရာက ကစားကွက်ပုံဖေါ်ပေးခဲ့ရသူတွေ
- အရံခုံမှာထိုင်ရင်း ကိုယ့်အလှည့်ကို မျှော်တလင့်လင့်ဖြစ်နေသူတွေ

အို- စုံလို့စုံလို့ ပါပဲဗျာ။  သတိထားကြည့်မယ်ဆိုရင်  အိမ်တွေမှာ၊ ရုံးတွေမှာ၊ ကျောင်းတွေမှာ ၊ နိုင်ငံတွေမှာ အထိ ဒီလိုလူမျိုးတွေနဲ့   ဒီလိုအဖြစ်မျိုးတွေ တွေ့ရတတ်ပါပေရဲ့။

ဒါကြောင့် ဘောလုံးပွဲကြည့်တာကို “ငွေကုန်၊ သံပြာ”  “မျက်စေ့ညောင်း၊ အိပ်ရေးပျက်၊ ကွာစေ့ကုန်” တို့ဘာတို့ မပြောနဲ့ဗျ။  ကြည့်တတ်ရင် တရားရတယ်။  ယူတတ်ရင် တရားရတယ်။ များများသာ ကြည့်ကြပါ။

ဘောလုံးပွဲပြီးလို့    အနိုင်ရအားကစားသမားတွေ ခုန်ပေါက် ပွေ့ဖက်ပြုံးပျော်နေချိန်မှာ၊  ဂိုးတိုင်ဒေါင့်တစ်နေရာမှာ ငြိမ်ငြိမ်ကလေး ရပ်ပြီး ပီတိဖြာနေတဲ့ ကျွန်တော် မောင်ဘောလုံးကလေးကိုလည်း တချက်ကလေးဖြစ်ဖြစ် သတိရကြမယ်ဆိုရင် တဖုန်းဖုန်း အကန်ခံရကျိုးနပ်ပါပြီလို့   ပြောလိုက်ချင်တယ်ဗျာ။




 မိုးစက်ပွင့်


ပို့စ်လေးတင်ပြီးတော့မှ ညက သတိရတာလေးတွေ ပြန်ဖြည့်ရေးမလို့    ... ဒါပေမဲ့ သူငယ်ချင်းတွေက ဖတ်ပြီးသားလေးဖြစ်နေတော့  စာတစ်ပုဒ်ဖြစ်အောင် သတ်သတ်ကလေး ရေးလိုက်တာပါ)

Friday, 21 May 2010

ငိုချင်းသယ် မပုတင်

မပုတင် က စကားသာ လေးလုံးကွဲအောင် မပြောတတ်တာ။ အငိုမှာတော့ ချန်ပီယံဆုရလောက်တယ်။  ငိုတယ်လို့ဆိုရအောင် ယောက်ျားနှိပ်စက်လို့တော့ မဟုတ်ပါဘူး။ သူ့ယောက်ျား ကိုငွေမောင်းက ရေခဲတုံးပါ။ ရိုက်ဖို့ဝေလာဝေးရော။  အဲ  သူငိုတာက အသုဘတွေမှာ ငိုတာ။

မပုတင် ငိုချင်းချတဲ့ဝါသနာက ဘကြီးဘုန်းကြီးပျံက စတယ်လို့ ပြောရမလားပဲ။ အဲဒီတုံးက အသက် ၇နှစ် ရှစ်နှစ်လောက်ပဲ ရှိဦးမှာပေါ့။  ခေါင်းပေါ်မှာတောင် ကြက်တောင်စည်းလေး မဖြုတ်ရသေးဘူး။ ”ဘုန်းကြီးသေရင် ရွာကြေတယ်” တဲ့။  အဲဒီဆိုရိုးလေးက ဘုန်းကြီးပျံစီစဉ်ရလွန်းလို့ လူတွေပင်ပန်း၊ ငွေတွေကုန်တာကို ပြောတာပါ။  အဲဒီတုန်းက တစ်ရွာလုံးအုံးအုံးကြွက်ကြွက်ဘဲ။ မပုတင်တို့  ကံကုန်းရွာကသာမက ရွာနီးချူပ်စပ်ကပါ ကိုးကွယ်တဲ့ ဘဘုန်းကြီး၊ သက်တော် ၈၀  ၀ါတော်၆၀ ငယ်ဖြူဘုန်းကြီး၊  သူသဘောမတွေ့ရင် ရွာလူကြီးကအစ ကာလသားအဆုံး ကြိမ်နဲ့ ဆော်နိုင်လောက်အောင် သြဇာညောင်းတဲ့ ဘုန်းကြီး ပေပဲ။  ရွာမှာကလည်း တလင်းပေါ်ချိန် ငွေပေါ်ချိန် ဆိုတော့ ရွာ့မိရွာ့ဖတွေက  ဘုန်းကြီးပျံ ဈာပနကို အစည်ကားဆုံးဖြစ်အောင် လုပ်မတဲ့။  သေတာတောင် အချိန်ရွေးသေတတ်ပါပေ့ ဘဘုန်းကြီးရယ် လို့  ကလေးအတွေး တွေးလိုက်မိသေးတယ်။ ဘဘုန်းကြီး ကို ရင်ခွဲပြီး ကလီစာတွေထုတ်တော့လည်း သွားစပ်စုလိုက်သေးတယ်။  လူကြီးတွေက ငေါက်လွှတ်တာနဲ့ သေသေချာချာတော့ မမြင်ခဲ့ရပါဘူး။  မီးမသဂြိုလ်ခင် တစ်လနီးပါးထားမှာ ဆိုတော့ ဖေါ်မလင်ထိုးမယ်ဆိုလား၊ နေပူလှန်းမယ်ဆိုလား။

 ကာလသားတွေကလည်း အဖွဲ့လိုက် အလောင်းစင်ပြင်တဲ့သူနဲ့   ကနုတ်ပန်းအလှအရွဆင်တဲ့သူနဲ့၊  ၀ါးဘိုးဝါး အဆစ်ပိတ်ကို ယမ်းထည့်ပြီး “ဒုံး” တိုက်မဲ့သူနဲ့ ၊ အောက်လင်းမီး  လော်စပီကာ မီးစက်ငှားမဲ့သူနဲ့၊  လောင်တိုက်သွင်းဖို့ သနပ်ခါးတုံး စုတဲ့သူကစုကြနဲ့   မအားမနားရအောင် ပြင်ကြဆင်ကြတယ်။  ကာလသမီးတွေကတော့  ချက်ရေးပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ၀ယ်ရေးခြမ်းရေးနဲ့ အလုပ်ရှုပ်နေကြတယ်။  လူကြီးပိုင်းကတော့ အလှူငွေကောက်ကြ၊  ဘယ်ဆိုင်းဝိုင်း၊ ဘယ်မင်းသမီး ငှားမယ်ဆိုတာ ငြင်းကြခုံကြနဲ့  မအားနိုင်ကြဘူး။  “လှလှစိန်က အငိုပိုင်သဟ၊ တောင်စုက ဘုန်းကြီးပျံမှာ တော်တော်လေးကောင်းဆိုပဲ“  ဘကြီးဝိုင်းက အကြံပြုတော့  ကိုရင်သာစိန်က “ဟာ- ဘကြီးဝိုင်းကလဲ  လှလှစိန် အငိုကောင်းတာ မြသင်းကြည် အိပ်နေသလောက်ပါ။  ရုပ်ကလည်းသာသေးတယ်။ ငှားမဲ့ငှားမှတော့ မြသင်းကြည်သာ ငှားစမ်းပါဗျာ“။ ဒီလိုနဲ့ တစ်ယောက်တစ်ပေါက် ငြင်းကြ ခုန်ကြနဲ့   နောက်ဆုံး မြသင်းကြည် ကိုငှားဖို့  အတည်ဖြစ်သွားတယ်။  မပုတင်တို့  ကလေးတစ်သိုက်ကတော့ ငိုချင်းသည် မင်းသမီးကို မြင်ချင်လွန်းလို့    စိတ်လှူပ်ရှားလိုက်ကြတာ။

အောက်လင်းမီးရောင်လဲ့လဲ့အောက်မှာ  နတ်ရထားလို ပြင်ဆင်ထားတဲ့ ဘဘုန်းကြီးရဲ့ ခေါင်းယာဉ်ပျံက ကနုတ်ပန်းကြွကြွရွရွနဲ့    ရွှေရောင်ငွေရောင်တွေ ပြိုးပြိုးပြက်လို့။  အဖြူရောင်မင်းသမီးဝတ်စုံနဲ့    မင်းသမီး မြသင်းကြည်ကလည်း လှလို့ပလို့။  မိတ်ကပ်အချယ်အသတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။  ကာလသားတွေကလည်း မင်းသမီးအလှကို သဘောတွေကျလို့။  ကာလသမီးတွေကလည်း အားတွေကျလို့။  မပုတင်တို့  ကလေးတစ်သိုက်ကလည်း မျက်တောင်တောင် ခတ်မိတယ်တောင်မထင်။ အံမယ်သူက ဇာတ်ကွက်ဇာတ်လမ်းနဲ့ လာတာကိုး။  မင်းသားလိုလို လူပြက်လိုလို လူတစ်ယောက်ကို “မောင်ကြီး“တဲ့။  သူတို့က ဘုန်းကြီး ကျွေးမွေးထားတဲ့ မိဘမဲ့မောင်နှမတွေပေါ့။  ပညာသင်သွားရင်းနဲ့   ရွာအပြန်မှာ ဘဘုန်းကြီး ပျံတော်မူတာ သိရပြီး ၀မ်းနည်းပက်လက် ငိုတဲ့ ဇာတ်ပေါ့။  နောက်တနေ့   လောင်တိုက်သွင်းတဲ့ အခမ်းအနားကျတော့လည်း  နတ်တွေဗြမ္မာတွေ လာပင့်လို့   အလောင်းတော်ကို မပေးနိုင်ဘဲ ပြန်လုတဲ့ ဇာတ်လမ်းပေါ့။ မြသင်းကြည်တို့  အဆိုအငိုပိုင်ပုံများ၊  မျက်ရည်မခိုင်တဲ့ သူတွေအားလုံး နှပ်တွေပါထွက်အောင် ငိုကြတာ။ အဘ၀ိုင်းတို့လို သက်ကြားအိုကြီးတောင် မျက်နှာကြီးမဲ့လို့။

အဲဒီလို ငိုတာကို “ဧယဉ်ကျူး“တယ် လို့  ခေါ်တယ်တဲ့။  မပုတင်ကတော့ သိပ်သဘောကျတာပဲ။  ဘုန်းကြီးပျံပြီးလို့  အိမ်မှာ ဆော့ရင်တောင် သစ်ပင်မှာကြိုးတစ်ချောင်းချည်ပြီး၊ မြသင်းကြည်ငိုသလို “အံမယ်မင်း၊  ဘုန်းဘုန်းဘုရားရဲ့” တို့    “မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ သမီးတို့ကိုခွဲပြီး ဘယ်နတ်ဘုံနတ်နန်းကိုမှ သွားဖို့  ခွင့်မပေးနိုင်ဘူး” တို့  အတုခိုးပြီးငိုတာ။  မပုတင်အမေ ဒေါ်ကုလားမက ၀ါးခြမ်းပြားနဲ့   လိုက်ရိုက်တဲ့အထိပဲ။
-----------------------------

အပျိုပေါက်ကလေးဖြစ်တော့လည်း မပုတင်က အသုဘတွေကို အရမ်းစိတ်ဝင်စားပါတယ်။ မသာရှင်တွေ နှပ်ကလေး တစ်ရှုံ့ရှုံ့   မျက်ရည်ကလေး တသုတ်သုတ်နဲ့  ဆို သိပ်အားမရပေမဲ့  ရင်ဘတ်စည်တီး ပြောကြငိုကြတာတွေကိုတော့ သိပ်သဘောကျတယ်။  ဟုတ်တယ်လေ။ သေတဲ့သူက ကိုယ့်အိမ်ကိုယ့်ခြံက အပြီးထွက်တော့မှာ။ ဒါကို ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်သလို နေတာကိုတော့ မပုတင် မကြေနပ်ပါ။  သေတဲ့သူကို သိပ်ပြီး အားနာမိသည်လေ။

မပုတင် အသက် ၁၈နှစ်မှာ ဆိုက်ကားနင်းတဲ့ ကိုငွေမောင်းနဲ့အကြောင်းပါတယ်။ ကိုငွေမောင်းအမေ မုဆိုးမ အဖွားကြီး ဒေါ်လုံမက ဘယ်သမီးတွေနဲ့မနေဘဲ အငယ်ဆုံးသားကလေး ငွေမောင်းကို မခွဲနိုင်တာနဲ့   လိုက်ပြီးအတူနေပါတယ်။  အဖွားကြီးက အိမ်ရှေ့မှာ မြေအိုးကလေးတွေ ရောင်းပြီး ကိုယ်ပိုင် ၀င်ငွေရှာပါတယ်။  သုံးနှစ်လောက်ကြာတော့ ယောက္ခမကြီးဆုံးပါတယ်။ တကယ်ဆို ပစိပစပ်များတဲ့ ယောက္ခမကြီးကို မပုတင် မချစ်ပါ။  ဟင်းချက်ရင်တောင် ပေါ့သလေး ငန်သလေး အမြဲချေးများတတ်သလို မပုတင်ကို တစ်ခါမှ မျက်နှာသာ ပေးခဲ့တာမဟုတ်တော့ သူသေတာ ၀မ်းမနည်းဘဲ ၀မ်းတောင် သာသလိုလို ဘာလိုလို။  ဒါပေမဲ့ ဒီအခွင့်အရေးကို မပုတင် လက်လွတ်မခံပါ။  ဘုန်းကြီးရေစက်ချပြီးလို့   အမျှအမျှ သုံးကြိမ်ပြီးတာနဲ့   ငိုဖို့  လိုင်စင်ရထားတဲ့အလား  အံမယ်လေး အမေရဲ့ အသေစောလို့  နှမြော လှချည်ရဲ့  ဆိုပြီး အော်ကြီးဟစ်ကျယ် ငိုပါတော့တယ်။   တကယ်တော့ အဘွားကြီးအသက်က ကြီးလှပေါ့။  စောတယ်လို့ မဆိုနိုင်ပေမဲ့ သူတတ်သမျှမှတ်သမျှ ငိုရတာဆိုတော့။  သူ့ငိုသံကျယ်ကြီးကြောင့် တရှုံ့ရှုံ့ငိုနေတဲ့ ကိုငွေမောင်းနှမ မယ်အိတို့   မယ်သန်းတို့တောင်  ကြောင်သွားတယ်။   “ပုတင်ကို တခါတည်း ခေါ်သွားပါလား အမေလုံမရဲ့”။  အလကား။ သူလား လိုက်မှာ။ တကယ်လာခေါ်လို့ကတော့ ရှေ့ဆုံးက ပြေးမှာ အမှန်ပါ။  “ ဟမ်မယ်လေး- တညင်းသီးနဲ့  ငါးပိရည်လေး စားချင်တယ် ဆို”။  ဘာမှ မဆိုင်ဆိုင်ဆိုင်  ပစ်ငိုလိုက်တာဘဲ။  ဘူးသီးလုံးလောက် မျက်ရည်လုံးကြီးတွေကလည်း ဘယ်ဆီကရောက်လာမှန်းမသိ။ အခေါင်းကြီးကို သုသာန်ပို့တဲ့ လမ်းတစ်လျှောက်မှာလည်း မပုတင်ငိုသံက စူးစူးရှရှ။  ရင်ဘတ်ကိုများ တဘုန်းဘုန်းပုတ်လို့။   အလောင်းမြေကျတဲ့အထိ မပုတင်က ငိုလိုက်သမှ ထမီတွေ ပုဝါတွေတောင်မနိုင်ဘူး။    ကိုငွေမောင်းက “တော်-တော်- ပုတင် ၊ နင်တော်တော့နော်၊  ငါပြောနေတယ်“ ဆိုပြီး ခပ်ကျိတ်ကျိတ်ဟန့် ပါတယ်။  သုံးနှစ်သုံးမိုး ပေါင်းလာတဲ့ မိန်းမအကြောင်း မသိဘဲနေမလား။  ဒင်း- သရုပ်ဆောင် နေတယ်ဆိုတာ။  မပုတင်ကတော့ ဂရုမစိုက်တမ်း  လွှတ်ငိုနေတော့တာဘဲ။  အသုဘပြီးတော့ ရွာထဲမှာ တီးတိုး တီးတိုးပြောကြတယ်။  “ပုတင်တို့  ငိုချက်ကတော့ မြသင်းကြည်တောင် အရှူံးပေးရမယ်” တဲ့။

အဲဒီထဲကစပြီး မပုတင် ငိုကျင့်ရသွားတယ်လို့  ပြောရမလားမသိဘူး။  ရွာထဲမှာ သေသမျှ အသုဘ သူနဲ့ လွတ်တယ်လို့မရှိဘူး။  ကိုငွေမောင်းဘယ်လိုပဲတားတား နားမထောင်ဘူး။  ယောက္ခမ အမွေ အိုးဆိုင်လေးကို ပိတ်ပြီး သွားငိုတာဘဲ။  သူငိုတာလည်းကြည့်ဦးလေ။ “ အံမယ်လေး ဒေါ်ဇီးကွက်ရဲ့၊  ကျမဆီက ရေအိုးလေး နှစ်ကျပ်ခွဲနဲက အကြွေးဝယ်ပြီး ထားသွားတော့မလား ဒေါ်ကြီးရဲ့”၊   အသုဘရှင် ဦးတုတ်ကြီး က မျက်ထောက်နီကြီးနဲ့ကြည့်တယ်။  ဒေါ်ဇီးကွက်သမီးက ချက်ချင်းအကြွေးထုတ်ဆပ်ပြီး ထည့်မငိုဖို့  တောင်းပန်ရတယ်။  ”ဖိုးထူးရေ ဖိုးထူးရဲ့ နင်ငယ်ငယ်က ငါ့မျက်နှာကို အိုးမဲသုတ်တာ မှတ်မိသေးရဲ့လားဟဲ့၊  နင့်ကလေးသုံးယောက်နဲ့ မိန်းမကို ထားခဲ့ပြီလား” ဆိုပြီး ကြံကြံဖန်ဖန်တွေ ပြောတတ် ငိုတတ်တာပါ။  ဘကြီးဝိုင်းကတော့ “ဟဲ့ ပုတင်၊ ငါသေရင် နင်လာမငိုနဲ့၊ ငိုချင်ရင်လည်း ငါ့ ငယ်ကျိုးငယ်နာတွေ ဖေါ်မငိုနဲ့၊ ငါသရဲဘ၀ကနေ နင့်ကို ဂုတ်ချိုးသတ်မှာနော်”လို့  ကြိမ်းတတ်မောင်းတတ်ပါတယ်။ အဲဒီတော့လည်း မပုတင်က ဇက်ကလေးပုပြီး ”ဦးကြီးကလဲ” လို့  လျှာကလေး တစ်လစ်ထုတ်ပြီး ပြောတတ်ပါတယ်။

တစ်ခါကလည်း မပုတင် အိုးရောင်းထွက်ရင်း ရွာတစ်ရွာမှာ အသုဘတစ်ခုနဲ့ ကြုံပါလေရော။  အသုဘက ဆွေမျိုးသိပ်ရှိပုံမပေါ်ဘူး။  လူလေး ခြောက်တီးခြောက်ချက်နဲ့   ငိုမဲ့သူလည်းမရှိဘူး။  ကိစ္စတစ်ခုကို ပြီးအောင် ဆောင်ရွက်နေကြသလိုပဲ။  မပုတင် မနေနိုင် တော့ပါဘူး။  ရွက်လာတဲ့ တောင်းလေး သစ်ပင်ရိပ်ချပြီး ပြေးငိုလိုက်ပါတယ်။  ”အံမာလေး ဂျီးဒေါ်ရဲ့” ။  ထမ်းလာတဲ့ လူတစ်ယောက်က အဖိုးကြီးဗျ လို့ တိုးတိုးပြောတယ်။  အဲဒီတော့မှ ”ဘကြီးရဲ့” ဆိုပြီး ပြောင်းငိုရတာပေါ့။  အသုဘမြေကျပြီးလို့   ငိုလို့ပြီးခါမှ ပြန်လာကြည့်တော့ မပုတင်ရဲ့  အိုးတောင်းကလေး မရှိတော့ပါဘူး။  ကိုငွေမောင်းလိုလူအေးမို့လို့ပေါ့။  ဒီ့ပြင် ယောက်ျားသာဆို ဆတ်ဆော့ရကောင်းလားဆိုပြီး ကျောကော့အောင် အရိုက်ခံရမှာ။

------------------------------

မပုတင် အသက်လေးဆယ်မပြည့်ခင် ဆုံးပါတယ်။  ရောဂါတော့ မယ်မယ်ရရမရှိပါဘူး။  ဒီလိုဘဲ ဖျားရာက မစားနိုင်မသောက်နိုင်နဲ့   နာလံမထူတော့ဘဲဆုံးတာပါ။  သူ မဆုံးခင် ကိုငွေမောင်းကို မှာခဲ့ပါသေးတယ်။  ”ကျူပ်နေရတော့မှာ မဟုတ်ပါဘူး တော်”- တဲ့။  “ကျူပ်သေပြီးတဲ့နောက်  ရှင် - နောက်မိန်းမ ယူချင်ယူပါတော်။  ဒါပေမဲ့ ကျူပ် အသုဘမှာတော့ ကျကျနန လွမ်းလွမ်းဆွေးဆွေးကြီး ငိုပေးပါ  ကိုငွေမောင်းရယ်”တဲ့။
--------------------------------


ရွာမှာ အသုဘ အခမ်းအနား ရှိတိုင်း ငိုချင်းသယ် မပုတင်ကို အားလုံးက သတိရနေကြစမြဲပေါ့။

-------------------------


မိုးစက်ပွင့်

Saturday, 1 May 2010

ငယ်ကချစ် အနှစ်တရာ

ကံကုန်းရွာက လယ်ပိုင်ရှင်ကြီး ဦးထွန်းလှမှာ သမီးသုံးယောက် ရှိတယ် ။ မအေးကြွယ်၊ မအေးမယ်၊ မအေးမျှင် တဲ့။   အစ်မကြီး မအေးကြွယ်က ညိုညို ထောင်ထောင်မောင်းမောင်း၊  အချက်အပြုတ်မှာ လူသုံးလေးဆယ်စာ တစ်ယောက်တည်း နိုင်နင်းသည်။ ၀တ်တာစားတာ ရိုးလွန်းတော့  ရှိရင်းစွဲ အသက်ထက်ဆယ်နှစ်လောက် ပိုကြီးတယ် ထင်ရသည်။ မအေးမယ် က ညီအစ်မသုံးယောက်ထဲမှာ အသားအဖြူဆုံး၊ အရပ်ပုပု နှာတံပြားပြားလေးနဲ့  လှသည်လို့ မဆိုနိုင်ပေမဲ့ မျက်နှာချိုပြီး လေသံအေးအေးလေးနဲ့ စကားပြော တတ်တာမို့   ရွာနီးချူပ်စပ်က သဘောကျကြသည်။  အငယ်ဆုံး မအေးမျှင် ကျတော့ အသားညိုညို ပိန်ပိန်ပါးပါးလေးနဲ့  နှုတ်သီးကောင်း လျှာပါး၊ စိတ်ထက်သူ၊ လယ်ထဲယာထဲ အလုပ်မှာ ယောက်ျားများနဲ့ တန်းတူလုပ်ပြီး အားလုံးကို သူက လက်ညှိုးထိုးခိုင်းနိုင်သူဖြစ်သည်။ သူဆိုးပုံကပြောမကုန်။ သူ့ကို လာပြီး လက်ထပ်ဖို့အရေး ဆွယ်စပ်သူ အောင်သွယ်တွေကို နောက်တစ်ခါလာရင် အကြောင်းသိစေရမယ် ဆိုပြီး ဒါးကြိမ်း ကြိမ်းသည်။   ဒါကြောင့်လည်း “အမျှင်လေး”ကို လူရှိန်သည်။

ကိုဖေတင်က ပန်းတောရိုးရွာသား။ မအေးမယ်တို့ရွာနဲ့ ကိုဖေတင်တို့ရွာက တော်တော်လည်းဝေးပါသည်။ လှည်းနဲ့တောင် နှစ်ရက်လောက်သွားရမှာ။ ဒါပေမဲ့ နီးစပ်ရာဆွေမျိုးတွေက ဆက်စပ် လှော်လှဲပြီး မအေးမယ်နဲ့ ချိတ်မိခြင်းဖြစ်သည်။ ဒီလိုမှ မလှော်ရင်လည်း ကိုဖေတင်က အိမ်ထောင်ကျဖို့ လမ်းမမြင်။  လယ်ထဲယာထဲအလုပ်ကို ရွပ်ရွပ်ချွံချွံ လုပ်သလောက် မိန်းကလေးတွေနဲ့  စကားပြောရမှာ ရှက်သည်။  ညီဖြစ်သူ စံတင့် က မျက်နှာချိုပြီး ချစ်သူခင်သူ ပေါသလောက်  သူကတော့ မျက်မှောင်ကြီး အမြဲကြုံ့ ထားတတ်သည်။  ပါဠိစာကို နွားကျောင်းရင်း ကျက်ပြီး အဘိဓမ္မာစာမေးပွဲ အဆင့်ဆင့် အောင်လာသူ လည်းဖြစ်သည်။  အဲဒီလိုနဲ့ ဘုန်းကြီးမကျ လူမကျ နေလာလိုက်တာ အသက်အစိတ်ကျော်လို့  သုံးဆယ်နားနီးတော့ မိဘတွေ ဆွေမျိုးတွေက မအေးမယ်နဲ့   အောင်သွယ်ပေးကြတာဖြစ်သည်။

နှစ်ယောက်လုံးက လူချင်းမမြင်ဘူးပေမယ့်  မိဘတွေစီမံတာနာခံမည်ပဲပေါ့။  ခေတ်အခါကလည်း အားလုံးက  ဒီလိုပဲ ရှိကြသည်မို့လား။ လူကြီးစုံရာနဲ့   မြန်းတဲ့အချိန်ကျမှ မထမဆုံး တွေ့ဖူးကြတာလေ။ ဘာပဲပြောပြော မအေးမယ်ကိုတော့ သဘောကျသည်။  ကိုယ့်ရွာက မိန်းကလေးတွေထက်တော့ လှသည်ဟု ထင်တာကိုး။ ပြီးတော့ ပဒုမ္မာအကျီင်္ လက်ရှည်လေးနဲ့   မျက်လွှာချထာလေးက သိမ်သိမ်မွေ့မွေ့ လေးဆိုတော့ ခဏခဏ ခိုး ခိုး ကြည့်ရသည်။  မအေးမယ်ကတော့ ဧည့်ခံလို့သာ နေရတယ် ရှက်ရှက်နဲ့ ခေါင်းကြီးငုံ့ထားတော့ ကိုဖေတင့်ကို ဖြူသလား မဲသလား တောင်မပြောနိုင်။ ညေ့်သည်တွေစားဖို့ ချက်ပြုတ်နေတဲ့ မီးဖိုချောင်ထဲက အစ်မကြီး မအေးကြွယ်က ချောင်းချောင်းကြည့်ပြီး အသေးစိတ် ပြန်ပြောပြမှ ကိုဖေတင်ပုံပန်းကို သိရတော့တာ။

 *****************

လက်ထပ်ပြီးတော့ ဟိုဖက်ဒီဖက် မိဘတွေလက်ဖွဲ့   လယ်တွေနွားတွေ နဲ့  လုပ်ကိုင်စားရတာ အစပိုင်းမှာတော့ စီးပွားကလေးက သင့်တော့သင့်ပါရဲ့။ တိုင်းရေး ပြည်ရေး မငြိမ်မသက် ကြောင့်  ကျီးလန့်စာစားနေရတာက တစ်ဒုက္ခ၊ စပါးဈေးပဲဈေး မငြိမ်တာက တစ်မျိုး၊ ည ည ဆို သူခိုးဓါးပြတွေက ဇရပ်လို တကျီကျီ ၀င်ထွက်နေတာက အဆိုးဆုံးပါကလား။ ရွှေကုန်တော့ ငွေ၊ ငွေမရှိတော့ အသုံးအဆောင် နှင့် ခြုံထားတဲ့စောင်တွေအထိ ခွာယူတတ်ကြတာမျိုးဆိုတော့ စားဝတ်နေရေးက ပိုလို့ ကြပ်တည်းလာသည်။


Thursday, 29 April 2010

မျက်ရည်ကောင်းကင်

             ခြစ်ခြစ်တောက်ပူနေတဲ့ နွေနဲ့ မလိုက်ဖက်စွာ ညို့မှောင်နေတဲ့ တိမ်စိုင်တွေက ကောင်းကင်ယံမှာ အုံကျင်းဖွဲ့လို့    ။  မကြာခင် သင်္ကြန်မိုးရွာတော့မယ်ပေါ့။  မိုးရွာတယ်ဆိုတာ ကောင်းကင်ကြီးရဲ့ မျက်ရည်တွေပဲလား လို့ သူမ တွေးမိသည်။   တစ်ချိန်လုံး မြိုသိပ်ထားရတဲ့ အပူတွေကို စုစည်းပြီး ပုလဲမိုးပေါက်တွေအဖြစ် ကမ္ဘာမြေကြီးပေါ် သွန်းဖြန်းကြဲချပေးနေတာမို့လေ...။


**********************

         မိန်းကလေးနဲ့ မျက်ရည်ဆိုတာ ရေအိုးနဲ့ရေမှုတ်လို ဒွန်တွဲနေတတ်ခဲ့တာ။  မိန်းကလေးလက်နက်ဆိုတာ မျက်ရည်စက်ပါမောင်ရေ ဆိုတဲ့ သီချင်းလေးတောင် ခေတ်စားခဲ့ဘူးသေးသည်။  ဒါပေမဲ့ သူမ အတွက် မျက်ရည်ဆိုတာ ရှားပါးပစ္စည်းတစ်ခု ဖြစ်လို့နေခဲ့သည်။  ငယ်ငယ်က ဆော့လွန်း၊ ဆိုးလွန်း၊ ပေတေလွန်း လို့ ဖေဖေရိုက်တာခံရရင်တောင် အံကြိတ်ပြီး မငိုဘဲတင်းခံခဲ့တာ။  ကိုယ်ပူအဖျားတက်လို့   တကိုယ်လုံးကိုက်ခဲပြီး ခေါင်းတွေတစ်ဒုန်းဒုန်း ကိုက်နေရင်တောင် အိပ်ယာထဲခွေခေါက်ပြီး ကြိတ်ခံနေခဲ့တာ။  နည်းနည်းကျောပူခေါင်းပူတာနဲ့  တစ်အီအီငိုတတ်တဲ့ ညီမငယ်လေးနဲ့တော့ ကွာလှတယ်လို့  အမေက အမြဲပြောတတ်ခဲ့တာ။  မိဝေးဖဝေး ပညာသင်ထွက်ချိန်နဲ့  အလုပ်ဝင်ချိန်မှာ မျက်ရည်တစ်စက်မကျဘဲ  ထွက်ခွာနိုင်ခဲ့တာ။  လေဆိပ်လိုက်ပို့တဲ့ အချစ်ဆုံးသူငယ်ချင်းက ဖက်ပြီးမျက်ရည်ကျတော့  နဂိုရ်က ချစ်သူခင်သူတွေနဲ့  ခွဲရမှာမို့ စိတ်မကောင်းတဲ့အခံရော၊  သူ့ငယ်ချင်းကို သနားတာရောနဲ့   ဆို့နင့်နေခဲ့တယ်။  တကယ်ဆိုရင် မျက်ရည်လေး ကျခဲ့သင့်တယ်။  ကိုယ်ရော မိဘတွေ သူငယ်ချင်းတွေရော ပေါ့ပါးခံသာလိမ့်မယ်လို့   တွေးခဲ့မိတယ်။

***********************

             “ခင်လေးက ကိုယ့်အတွက် နားလည်မှုအပေးနိုင်ဆုံး လူသားတစ်ယောက်ပါ။ ခင်လေးကြောင့် ကိုယ့်ဘ၀ ရှင်သန်ခွင့်တွေ ဆက်ရခဲ့တာပါ။   ဒါပေမဲ့ ချစ်သလားလို့မေးရင် အင်းလို့ ကိုယ် မဖြေနိုင်ဘူ။  ကိုယ် ရင်နဲ့ရင်းပြီး ချစ်ရတဲ့  ကိုယ်အရှုံးပေးချင်တဲ့ ဒူးထောက်ချင်တဲ့မိန်းမက နှင်း ပဲ။  သူကိုယ့်ကို ပြန်ခွင့်လွှတ်လာတဲ့တစ်နေ့မှာ ကိုယ်လက်ထပ် မှာ..”   ရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက်နှစ်ခွက် အေးစက်နေတာတောင် သူ့စကား တွေက နှလုံးသားထဲကို ပူပူလောင်လောင် စီးဆင်းသွားခဲ့တယ်။  “ဒါပေမဲ့ ခင်လေး ဘာဖြစ်စေချင်သလဲ ပြောပါ”    ဘာဖြစ်စေချင်သလဲ ဟုတ်စ။  ခင်ခင်လေး ဆိုတဲ့ မိန်းမမှာ စကားလုံးမရှိတော့ပါဘူး။  တကယ်မချစ်ဘဲ တွဲခဲ့တယ်လို့  ၀န်ခံထားတဲ့ ယောက်ျားတစ်ယောက်ကို ဘာတွေပြောရဦးမှာလဲ။  ဒီလူကို သံယောဇဉ်အထပ်ထပ်တွယ်ပြီး ချစ်သူထားဖို့ဆုံးဖြတ်ခဲ့တဲ့ ကိုယ်ဟာ တော်တော်ညံ့တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာတောင်  အခုအချိန်မှာ တစ်သက်လုံးလက်တွဲဖို့  တောင်းဆို ရလောက်အောင်တော့ မမိုက်မဲပါဘူးကွယ်။  သူ့အပေါ် နှစ်လိုယုံစားမိခဲ့တဲ့ ကိုယ့်နှလုံးသားကို ကိုယ်မုန်းလွန်းလို့   စကားလုံးတွေတောင် ဆွံ့အ နေခဲ့တာ။  ဟုတ်တယ်..... လူတစ်ယောက်အပေါ် ချစ်ခြင်း မချစ်ခြင်းမှာ အကြောင်းပြချက်မရှိဘူး။  ရွေးချယ်ပိုင်ခွင့်လည်းမရှိဘူး။  ဒါပေမဲ့  အဲဒီလူတစ်ယောက်အပေါ် ချစ်သူတစ်ယောက်လို  နေထိုင်ပြုမူဖို့ မပြုမူဖို့ကတော့  ရွေးချယ်ချက်ရှိတယ် ။  မရိုးသားတဲ့ သူ့ကို တွဲခဲ့တဲ့ ကိုယ့်မှာ အပြစ်ရှိမယ်ဆိုရင်တောင် မရိုးသားစွာ ချဉ်းကပ်လာတဲ့ သူ့မှာလည်း ကိုယ့်ထက်မလျော့တဲ့ အပြစ်တွေရှိနေမှာဘဲ။  ဘာဖြစ်လို့   အတိတ်ကို မေ့ပြစ်ချင်တယ်လို့ ပြောခဲ့သလဲ။  ဘာကြောင့် အခုမှ အတိတ်ကို ပြန်သွားချင်တာလဲ။  ရှင့်ကိုကျွန်မက ရှင့်ရဲ့နှင်း ဆီက လုယူခဲ့တာလား။  ရှင့်ဖာသာ ပြတ်စဲကွဲကွာပြီးမှ  ကျွန်မဘေးနားရောက်လာခဲ့တာလား။  ကျွန်မက ပေါ့ပေါ့တန်တန် သံယောဇဉ်ထားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ရှင် သိရက်နဲ့...။  ရင်ထဲက စကားတွေက နှုတ်ခမ်းဖျားနယ်နမိတ်ကို ကျော်မလာခဲ့ဘဲ နှလုံးသား ထဲကို ရုပ်ချည်းငုပ်လျိုး ၀င်ရောက် တငွေ့ငွေ့ လောင်ကျွမ်းသွားတော့တယ်။  အဲဒီ အပူမီးခိုးတွေက မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လာပေမဲ့  ချက်ချင်းကို အငွေ့ပျံ ပျောက်ကွယ်သွားခဲ့။  “ဘာမှ မပြောချင်ပါဘူး။ ဘာမှလဲ မဖြစ်ချင်ပါဘူး။  နောက်ထပ် မဆက်သွယ်ဘဲ နေကြရအောင်”။ ကိုယ့်အသံက ခြောက်ကပ်အက်ကွဲ နေမလားဘဲ။  ရှူံးတာတောင်မှ လှလှပပလေးပဲ ကျရှုံးချင်တဲ့ ကိုယ်က အေးစက်နေတဲ့ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး မော့သောက်ချလိုက်တော့   အရသာက    ခါး ....... သက်....... လိုက်............... တာ............။
            ငိုချလိုက်ရင် ရင်ထဲက အပူတွေများ လျော့သွားမလား။   ဟင့်အင်း  သူမ မျက်ရည်ကို သူ မမြင်ရဘူး။  မျက်ရည်တွေကို အယူခံဝင်တာလို့လည်း မထင်စေရဘူး။  မျက်ရည်တွေကြောင့် ဆုံးဖြတ်ချက်တွေ ပြောင်းသွားခဲ့တာမျိုးကိုလည်း  မလိုချင်ဘူး။   ဂျူးရဲ့ မြစ်တို့၏မာယာ ၀တ္တု နောက်ပိုင်းခန်းက  ချစ်သူဟောင်းဓါတ်ပုံကို ဖျက်ဆီးခိုင်းပြီးမှ “မငိုဘူးလား”လို့  ခနဲ့လိုက်တဲ့ ခင်ပွန်း ဆရာကိုရန်နိုင်ကို ကေသီက “မိန်းမတစ်ယောက်ရဲ့ အချစ် အတိုင်းအဆဟာ သူ့မျက်ရည်အတိုင်းအဆနဲ့  ပြောင်းပြန်အချိုးကျတယ် ဆရာ ” လို့   ထိထိရှရှ ပြန်ပြောခဲ့တာကိုပဲ သတိရတယ်။ အဲဒီနေ့မှာလည်း ပြာလွင်မြင့်မားတဲ့ ကောင်းကင်ကြီးမှာ တိမ်တစ်စမှရှိမနေခဲ့ပါ။
           တိုက်ဆိုင်စွာ လက်ဘက်ရည်ဆိုင်ထဲက ခပ်ညင်းညင်းဖွင့်ထားတဲ့ မီမီဝင်းဖေရဲ့ သီချင်းက “ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်”တဲ့ ...။    ခွင့်ပြုတယ်....ခွင့်ပြုပါတယ်ကွယ်... သွားတော့.... လုံးဝမတားပါဘူး။  ဒါပေမဲ့  ခွင့်လွှတ်ဖို့လား။ ဟင့်အင်း - အဲဒီလောက်အထိတော့ ခင်ခင်လေးဟာ မရင့်ကျက်သေးဘူး ရှင်ရဲ့။  ရှင်က ကျွန်မ နှလုံးသားနယ်မြေမှာ အယူခံဝင်ဖို့တောင်မဖြစ်နိုင်တဲ့  အကြီးမားဆုံး ရာဇ၀တ်သားပဲ။   “ပြန်ကြရအောင်“  အသံမှန်မှန်နဲ့   ပြန်ပြောလိုက်နိုင်တဲ့အတွက် ကျွန်မဘယ်လောက် ၀မ်းသာခဲ့ရသလဲ  ရှင်သိလား။  “ကိုယ့်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်“။  အပြန်လမ်းမှာ  သူ့ဆီက တစ်ခွန်းထဲသောစကား။  မပြောပါနဲ့   ကျွန်မနားမလည်တဲ့  အဲဒီ“နားလည်”တယ်ဆိုတဲ့စကားကို။  နားလည်တယ်ဆိုတာ ရှင်တို့ ယောက်ျားတွေ လိုတဲ့နေရာမှာ လိုသလိုသုံးလွန်းလို့   ဘာအဓိပ္မါယ်မှန်း နားမလည်လောက်အောင် ဖြစ်နေပြီ သိရဲ့လား။  တရွေ့ရွေ့ဝေးသွားတဲ့ သူ့နောက်ကျောပြင်ကို ငေးကြည့်ရင်း ဘယ်ဘက်ရင်အုံက စူးနင့် နာကျင်လာတာကိုပဲ သိတော့တယ်။
          ညဥ့်နက်တဲ့အထိ အိပ်မရဘဲ တစ်လူးလူးနေခဲ့ရတဲ့ ညတွေ။  အိပ်ယာနိုးတိုင်း လက်ကိုင်ဖုန်းကလေးကို ထုတ်ပြီး မေ့လျော့စွာ ဦးသူပို့ကြေးလို့  သဘောတူထားတဲ့ “ Hello Sweety,  Good Morning ” ဆိုတဲ့ စာသားကလေးကို ရှာမိတာ။ တဖြည်းဖြည်း ဖျောက်ဖျက်ပစ်ရမဲ့ အကျင့်တွေပါဘဲ။  ဖုန်းထဲက သိမ်းထားတဲ့ သူ့  Message လေးတွေအားလုံးကို ဖျက်ပစ်လိုက်တယ်။  အမှတ်တရလက်ဆောင်သေးသေးလေးတွေကို စုထုပ်ပြီး ခပ်ဝေးဝေးက  အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တယ်။  သူ့ကို ပြန်ပေးဖို့မလိုသလို ကိုယ်ပြန်ကြည့်ဖို့  သိမ်းထားစရာလည်း လိုမှမလိုဘဲကွယ်။  တစ်ဘ၀လုံး အတွက်ပဲပေါ့။
               “ခင်လေးရယ် နင်က ရိုးရိုးအအ၊ ဟိုက မျက်ရည်မုဆိုး” တဲ့။ တစ်ချိန်တုန်းက ၀ိုင်းပြောလာတဲ့ အခင်ဆုံးသူငယ်ချင်း သက်မာအပါအ၀င် အားလုံးသူတို့ ရဲ့စကားက “အသည်းဒဏ်ရာရနေတဲ့ မျက်ရည်မုဆိုး” လေးရဲ့ ချိုသာတဲ့ မျက်ဝန်းအကြည့်တစ်ချက်အောက်မှာ လွင့်ပါးပျောက်ပြယ်ခဲ့ရတာလေ။  သေသပ်တိရိတဲ့ သူ့လက်ချောင်းလေးတွေကို ငေးကြည့်ရင်း နှလုံးသားပန်းပွင့်တွေခြွေခဲ့တာ ဒီလက်ချောင်းကလေးတွေ မဖြစ်နိုင်ဘူးလို့   ဘက်လိုက်ပြီးတွေးတတ်ခဲ့တာ။  တစ်ချိန်က သူဆိုးခဲ့ဘူးပြီ၊ သူ နာခဲ့ပြီးပြီ၊  အမှားအတွက်ရခဲ့တဲ့ သူ့နောင်တတွေအတွက် ဥပေက္ခာအစား အကြင်နာကလေး တုန့်ပြန်မပေးသင့်ဘူးလားလို့    စာနာတွေးတွေ တွေးခဲ့မိတာ။ ယုံကြည်မှုတွေ၊ စာနာမှုတွေ၊ ဖေးမကူညီမှုတွေ၊ သံယောဇဉ်တွေ၊  အချစ်တွေ.... ဒါတွေအားလုံးအတွက် သူနားလည်ခဲ့မယ်လို့   ပိုးဖလံမလေး တစ်ဖြစ်လဲ ခင်လေးက မျှော်လင့်ခဲ့မိသည်လေ။
            သူဖုန်းဆက်ချိန်တွေ မမှန်တော့တာ သူ့အပြုံးတွေလျော့ရဲလာတာ သတိထားမိပေမဲ့    ဒါတွေဟာ နှင်းသီရိ ဆိုတဲ့ မိန်းမတစ်ယောက် ကြောင့်လို့   ရေးရေးလေးမှ မထင်ခဲ့တဲ့အထိ သူမ   ညံ့ခဲ့ပါသည်။  လေးနှစ်လောက် နိုင်ငံခြားမှာ အခြေတကျနေပြီးမှ ဒီလိုရုတ်တရက်ပြန်ရောက်၊  ပြတ်ပြတ်စဲစဲ လမ်းခွဲခဲ့တဲ့သူတစ်ယောက်ကို ပြန်လာဆက်သွယ်လိမ့်မယ်လို့  မထင်ထားခဲ့တာလေ။  တကယ်ဆို သူ့အသိုင်းအ၀ိုင်းမှာ သူမနဲ့ပါတ်သက်သူတွေရှိတာမို့   တစ်ချက်လေးစုံစမ်းလိုက်ရင် သိနိုင်ပေမယ့် အဲဒီလိုကို ဖြစ်စရာအကြောင်းမရှိပါဘူးလို့   မိုက်မိုက်မဲမဲ ယုံကြည်ခဲ့မိသူပါဘဲ။ သူ့နှုတ်က အပူလောင်ဆုံးစကားတွေ ကိုယ်တိုင်ကြားလာရတဲ့ အချိန်အထိပေါ့။   ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံတော့ စုံလုံးကန်း၊ အချစ်ကိုယုံတော့ ဦးနှောက်ပါကန်းခဲ့ပြီ  ထင်ပါရဲ့နော်...။ ဒီလိုနဲ့ပဲ ကျိန်စာသင့်နေတဲ့ နေ့ပေါင်းညပေါင်းများစွာကို ဖျားနာနေတဲ့ နှလုံးသားနဲ့   အပြုံးတုကို အဖေါ်လုပ်လို့   ကျော်ဖြတ်ခဲ့ရတယ်။
             မျက်ရည်တွေရဲ့ကောင်းကင်ကို ကိုယ်ထိမ်းချူပ်ထားနိုင်ခဲ့ပြီလို့   ထင်ပေမဲ့ တကယ်တန်း သူ့ဆီက မင်္ဂလာဖိတ်စာရောက်လာချိန်မှာတော့  မညို့မမှိုင်းဘဲ  ဗြုန်းကနဲရွာတဲ့မိုးလို သူငယ်ချင်းသက်မာရဲ့ ရင်ခွင်မှာ ခေါင်းထိုးပြီး ငိုရှိုက်ခဲ့ရတယ်။  တစ်သက်လုံး တစ်ဘ၀လုံး နှလုံးသားတစ်ခုလုံးစာပါဘဲ။  သက်မာက ညင်ညင်သာသာလေး ပွေ့ဖက်ထားပေမဲ့ ဘာစကားမှ မဆိုခဲ့ပါဘူး။  တကယ်တန်း ကိုယ်လိုချင်တဲ့တာကလည်း သူမရဲ့  နားလည်စာနာတတ်တဲ့ရင်ခွင်နဲ့    မှီနွဲ့ငိုရှိုက်စရာ ပုခုံးတစ်ဖက် ရယ်သာပါ။  တစ်ခါတည်း အဲဒီတစ်ခါတည်းရယ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ သူ့အပေါ်ထားခဲ့တဲ့ အချစ်တွေ၊ အမုန်းတွေ၊ ဒဏ်ရာနာကျည်းချက်တွေ၊ အမှတ်တရတွေအားလုံး မျက်ရည်နဲ့အတူ စီးမျောပါသွားအောင် ဖေါက်ထုတ်နိုင်ခဲ့တယ်လေ။ ဘယ်လောက်ကြာကြာ ငိုမိတယ်တော့ မသိ။  မောလွန်းလို့  ရှိုက်စရာအင်အားလေးတောင် မရှိတော့တဲ့အထိပဲ။  အို- အံ့သြစရာကောင်းလိုက်တာက  ရင်ထဲမှာ ကြည်ပြီးရှင်းနေလိုက်တာ မိုးရွာပြီးစ ကောင်းကင်ကြီးအတိုင်းပါပဲ။  ရှင် ဆိုတဲ့လူတစ်ယောက် တကယ့်ကို သေဆုံးသွားခဲ့ပြီ။  မျက်ရည်တွေရဲ့ ခွန်အားကြောင့်လားတော့မသိ ........ သေဆုံးတယ်ဆိုတာထက် ရှင် တစ်ခါမှ မွေးဖွားမလာခဲ့ဖူး သလို ခံစားလိုက်ရတယ်။


******************
 
တိုက်ခတ်လာတဲ့ လေထဲမှာ မိုးငွေ့မိုးသက်ကို ရှုရှိုက်လိုက်ရတယ်။  ညို့နေတဲ့ကောင်ကင်ကို မော့ကြည့်မိရင်း တိုးတိုးလေးရေရွတ်မိတယ်။  မစို့မပို့လေးတော့ မရွာလိုက်ပါနဲ့ကွယ်-  ကမ္ဘာမြေကြီးတစ်ခုလုံး အေးချမ်း  စိမ်းမြသွားအောင်း ရွာလိုက်ပါတော့။  ပိတောက်တွေဖြာဝေနေအောင်၊  ရွက်ကြွေပင်တွေ ပုရစ်ဖူးဝေနိုင်အောင် ရွာပါတော့။   ကောင်းကင်ကြီးကို ကျေးဇူးတင်ပါတယ်................လို့။


မိုးစက်ပွင့်
(ကိုယ့်ဘလော့လေး တစ်နှစ်ပြည့်နဲ့ တိုက်ဆိုင်သွားပါတယ်....)