Tuesday 28 April 2009

ခံစားသိမြင်မှူဖြင့် အလုပ်လုပ်ကြခြင်း (အီးကျူ)

(အီးကျူ လို့ခေါ်တဲ့ emotional quotient ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး မိတ်ဆက်မှတ်သားခဲ့ရပါတယ်။ ဆင်မီနာ နှစ်ခုလောက်မှာကြားသိနားထောင်ပြီးတဲ့နောက် စိတ်ဝင်စားလာတာနဲ့ Daniel Goleman ရဲ့စာအုပ်လေးကို အပိုင်ဝယ်ဖြစ်တယ်။ ဘာသာပြန်ချင်စိတ်လည်းရှိခဲ့တယ်။ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်မလုပ်ငန်းခွင်မှာရော ပြင်ပမှာရော အီးကျူဆိုတဲ့စကားက သုံးနေကျဖြစ်နေပြီမို့ ဆီသည်မလက်သုတ်တောင်ဖြစ်နေပြီ။ ဘာသာမပြန်ချင်တော့ပါဘူး။ အကျဉ်းချူံးလေးတော့ လိုတဲ့အခါ ပြန်ပြန်ပြီး refer လုပ်လို့လွယ်အောင်တင်ထားလိုက်တယ်။ )

ကိုကျော်နဲ့ ကိုမော် က ကျောင်းနေဖက်တွေဖြစ်တယ်။ ကျောင်းစာမှာ ကိုကျော်က အမြဲအမှတ်ကောင်းကောင်းနဲ့အောင်တယ်။ ဘွဲ့ရတော့လည်း မာစတာတန်းကို ထူးထူးချွန်ချွန်အောင်ခဲ့တယ်။ ကိုမော်ကတော့ အတန်းထဲမှာ ပညာရည်အဆင့်အရ သူလိုငါလို ပေမယ့် အတန်းသားတွေရဲ့ချစ်ခင်လေးစားမှူနဲ့ ဆရာ၊ဆရာမ တွေရဲ့ယုံကြည်ခြင်းခံရသူ။ အဲဒီနှစ်ယောက်က ဘွဲ့ရချိန်မှာ ကုမ္မဏီအသီးသီးမှာ အငယ်တန်း အရာရှိ အလုပ်ရကြပါတယ်။ ကိုကျော်ကက အလုပ်ကြိုးစားပြီး ထုံးစံအတိုင်း စာရွက်တွေနဲ့ အလုပ်များနေလေ့ရှိတယ်။ တစ်ခြားလူတွေကို ခပ်ဖယ်ဖယ်နေပြီး အခန်းထဲမှာ မိမိဘာသာ အချိန်ကုန်လေ့ရှိပါတယ်။ အစည်းအဝေးတွေမှာ အငြင်းသန်ပြီး ကိုယ့်အယူအဆကို တရားသေစွဲကိုင်တတ်သူလို့ နာမည်ထွက်ပါတယ်။ ကိုမော်ကတော့ လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ်နဲ့ ပြီးစီးအောင်ဆောင်ရွက်ပြီး လိုအပ်ရင် တစ်ဖက်သားဆီက အကြံဥာဏ်တောင်းယူဖို့နဲ့ ကိုယ့်လုပ်လက်စကလေးခဏဖြတ်ပြီး အကူအညီတစ်ခုခု ပေးလိုက်ဖို့ ၀န်မလေးတတ်သူတစ်ယောက်ပါ။ လုပ်ဖေါ်ကိုင်ဖက်အားလုံးက ကိုမော်ကို လေးစားချစ်ခင်သလို အတူတွဲလုပ်ရတာလည်း ပျော်ကြပါတယ်။ နှစ်နှစ်အကြာမှာတော့ ကိုကျော်ဟာလက်ရှိအလုပ်က ရပ်စဲခံရပြီး ကိုမော်ကတော့ သူ့ရဲ့ ကုမ္မဏီမှာ တစ်ဆင့်မြင့်ရာထူးကို ထမ်းဆောင်နေရပါပြီ။

အဲဒီဖြစ်ရပ်မှန်ဇာတ်လမ်းကလေးမျိုးကို သင့်ပါတ်ဝန်းကျင်၊ ဒါမှမဟုတ် သင်ကိုယ်တိုင် ကြုံဖူးပါသလား။ ကျောင်းစာထူးချွန်သူ ဒါမှမဟုတ် ဥာဏ်ကြီးရှင်တိုင်းဟာ လုပ်ငန်းခွင်မှာ သူများထက် အောင်မြင်သူတွေဖြစ်ကြသလား။

ဒီနေ့ခေတ်မှာ ခံစားသိမြင်မှူဟာ လုပ်ငန်းခွင်ထဲမှာ ပိုလို့ပိုလို့ အရေးပါလာပါတယ်။ အိုင်ကျူ လို့ အများသိကြတဲ့ (IQ- Intelligent Quotient ) ဥာဏ်ရည်ပြကိန်းဟာ လုပ်ငန်းခွင် အောင်မြင်မှူနဲ့ ဆက်စပ်မှုအနည်းငယ်သာရှိပြီး အီးကျူ (EQ- Emotional Quotient ) ခေါ် ခံစားသိမြင်မှူစွမ်းရည်ပြကိန်း ဟာ ငါးဆပိုမို အကျိုးသက်ရောက်မှူရှိတယ်လို့ သုတေသနပြုချက်များအရ သိရှိရပါတယ်။ လေ့လာချက်များအရ
အီးကျူ ဟာ လုပ်ငန်းထူးချွန်အောင်မြင်သူများရဲ့ မရှိမဖြစ် အခြေခံအုတ်မြစ်များဖြစ်တယ်လို့ ဆိုကြပါတယ်။ စာရေးသူ က အီးကျူကို ငါးပိုင်းခွဲပြပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ခွဲခြားသိမြင်ခြင်း (self-awareness)
(၂) ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျရှိစေခြင်း (self-regulation)
(၃) လှူံ့ဆော်နိုင်စွမ်းရှိခြင်း ( Motivation)
(၄) နားလည်စာနာတတ်ခြင်း ( Empathy )
(၅) လူမှူဆက်ဆံရေး ကောင်းမွန်ခြင်း (Social skills ) တို့ဖြစ်ကြပါတယ်။

သူ့ရဲ့ဆန့်ကျင်ဖက် မအောင်မြင်သူများ ( Losers )မှာ တွေ့လေ့ရှိတဲ့ အဓိက လက္ခဏာနှစ်ရပ်ကတော့ -
(၁) သဘောထားတင်းမာခြင်း-(rigidity) နဲ့
(၂) ဆက်ဆံရေးညံ့ဖျင်းခြင်း (poor relationship) တို့ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ရဲ့ ဆင့်ပွားလက္ခဏာတွေကတော့-
  • ပြိုင်လိုစိတ်ကြီးမားပြီး ကိုယ်ကပဲ အမြဲသာချင်တာ
  • မဖြစ်နိုင်တာကို မနိုင်ဝန်ထမ်းချင်တာ
  • ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ပါ ချူံးချူံးကျအောင်လုပ်၊ သူများကိုလည်းအလားတူဖြစ်စေတာ
  • အခွင့်အာဏာမက်မောတာ
  • ထင်ပေါ်ချင်လွန်းလို့ သူများကိုဝေဖန်တိုက်ခိုက်တာ
  • လူမြင်ကောင်းဖို့ကို ဦးစားသိပ်ပေးတာ
  • အမှားကိုဝန်မခံချင်တာ တို့ဖြစ်ပါတယ်။

အီးကျူဟာ လူပေါ်လူဇော်လုပ်နည်းမဟုတ်ပါ။ သူများ ဘာပြောပြော မဆန့်ကျင်ဘဲ ပြောသမျှ တပြုံး ပြုံးလက်ခံပြီး ပီယဆေးဖေါ်ဖို့လည်းမဟုတ်ပါ။ လက်တွေ့နဲ့ သဘောတရားပေါင်းစပ်ထားပါတယ်။ စာရေးသူက ရွှေဥပဒေသ (၂၅)ရပ်ကိုအောက်ပါအတိုင်း တင်ပြထားပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ်သိခြင်း။ (emotional awareness)
တစ်နေ့လျှင် နာရီဝက်ခန့် ဘာအလုပ်မှမလုပ်ဘဲ စိတ်လေ့ကျင့်ခန်းလုပ်ပါ။ ဆိုလိုသည်မှာ အလဟသာ ကုန်မည့်အချိန်များ (ဥပမာ TV ကြည့်ခြင်း) ကိုလျှော့ချပြီး လေးနက်သော ကိစöများတွေးပေးပါ။ လက်ရှိအလုပ်ကဘယ်လိုနေသလဲ၊ ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာတွေခံစားရသလဲစသဖြင့်။ အောင်မြင်သော လုပ်ငန်းရှင်များတွင် လုပ်ငန်းအပေါ်ထားသော တွယ်တာစိတ် (passion) ကအဓိကကျသည်ကို တွေ့ရသည်။

(၂) ကိုယ့်ကိုယ်ကိုယ်တိကျစွာ သုံးသပ်ခြင်း။ ( accurate self-assessment )
ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ပါ။ အထက်က နံပါတ်(၁) နှင့် တူသယောင်ရှိသည်။ သို့သော် ကိုယ့် အားနည်းချက်၊ အားသာချက်များကို ဘက်မလိုက်ဘဲ သုံးသပ်ရန်ဖြစ်သည်။ အတွေ့အကြုံများကို သုံးသပ်ကာ သင်ခန်းစာယူခြင်း နှင့် အသစ်ဖြစ်သော အကြံကောင်း၊ ဥာဏ်ကောင်း များကို လက်ခံကြိုဆိုခြင်းတို့ ပါဝင်သည်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ရယ်မောပစ်ရန် (ဥပမာ- ငါတော်တော်တုံးခဲ့တာဘဲ စသဖြင့်) လိုအပ်သည်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း။ (self-confidence)
ယုံကြည်ချက်ခိုင်မာစွာ ပြောဆိုလုပ်ကိုင်ခြင်းက အောင်မြင်မှူအတွက် အခရာကျပေသည်။ လူကြိုက်မများသော အယူအဆတစ်ခုကိုပြောရဲခြင်း၊ မှန်တဲ့ဘက်ကို လိုက်ရဲခြင်း၊ မတွန့်မဆုတ် ဆုံးဖြတ်ချက်ချရဲခြင်း တို့ပါဝင်သည်။ သတိထားရန်မှာ ယုံကြည်မှူလွန်ကဲပြီး ဆက်ဆံရေးညံ့ဖျင်းကာ မော်ကြွားသည့်ပုံစံ မဖြစ်စေရန်ပင်ဖြစ်သည်။

(၄) ကိုယ့်ကိုယ်ကိုယ် ထိမ်းချူပ်နိုင်ခြင်း။ (self-control)
အကြပ်အတည်းနှင့် ဖိအားများကြားမှပင် စိတ်ကိုတည်တည်ငြိမ်ငြိမ် ထိမ်းချူပ်နိုင်ရေး၊ အာရုံစူးစိုက်နေရေး ဖြစ်သည်။ အလုပ်ဖိအားသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးရှိပါသည်။ အလေးမမှ ကြွက်သားတက်သလို လုပ်နိုင်စွမ်းအားများ တိုးတက်စေပါသည်။ သို့သော် သွေးဆူတုန့်ပြန်တတ်ခြင်းက အကျိုးထက် အပြစ်ကိုသာဖြစ်စေပါသည်။ မိုက်တိုင်ဆန်က လက်ဝှေ့ပွဲမှာ သွေးဆူပြီး ဟိုလီဖီးနားရွက်ကို ကိုက်ခဲ့မိလို့ ဟိုးလေးတကြော် ပြစ်တင်ခံရပြီး ဒေါ်လာ ၃သန်းလျော်ရတာ သတိရစေလိုပါသည်။

(၅) ယုံကြည်ထိုက်ခြင်း။ (trust-worthiness)
တည်ကြည်ဖြောင့်မတ်တယ်လို့ အများကလက်ခံယုံကြည်ရန်အတွက် အမှန်ဖက်က ရပ်တည်ရဲရပါမည်။ ကိုယ့်အမှား ရှိခဲ့ရင် ၀န်ခံရဲပြီး သူများမသမာတာကို ထောက်ပြရဲရပါမည်။ ပေးထားတဲ့ကတိကို ထိမ်းသိမ်းတာ နှင့် အလုပ်ခွင်ထဲမှာ ရည်မှန်းချက်ပြည့်မီရေး အာမခံတာ တို့လည်းပါဝင်သည်။ အလုပ်လုပ်ရာမှာ သေသပ်ပြီး သတိရှိတဲ့အတွက် လုပ်ဖေါ်ကိုင်ဖက်နှင့် အထက်လူကြီးမှ ယုံကြည်မှုရှိရန် ဂရုစိုက်ရပါမည်။

(၆) တာဝန်ယူတတ်ခြင်း။ (responsibility)
သူ့ကြောင့် ငါ့ကြောင့် အပြစ်မဖို့ဘဲ ကိုယ်နဲ့ သွယ်ဝိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ပါတ်သက်တာတွေကို အပြည့်အ၀ တာဝန်ယူတတ်ခြင်းဖြစ်သည်။ သူများအပြစ်ကို အရင်မရှာဘဲ ငါဘာလိုအပ်သွားပါလိမ့်လို့ ဦးစွာစဉ်းစားဆင်ခြင်တတ်ရပါမည်။

(၇) ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ (adaptability)
ပြောင်းလဲတတ်သော အခြေအနေများတွင် လိုအပ်သလို ဦးစားပေးအဆင့်ပြောင်းကာ ဆောင်ရွက်နိုင်ရမည်။ ပြောင်းလွယ်ပြင်လွယ်ရှိမှ အရေးပေါ်အခြေအနေတွင် အကောင်းဆုံး နည်းAျူဟာ ချမှတ်ဆောင်ရွက်နိုင်လိမ့်မည်။

(၈) ဖန်တီးနိုင်စွမ်းအားရှိခြင်း။ (Innovation)
ဘက်ပေါင်းစုံမှ အကြံသစ်ဥာဏ်သစ်များကို ရယူပြီး ထုတ်နုတ်သုံးသပ်ခြင်းဖြင့် နောက်ဆုံးတွင် တိကျခိုင်မာသော အဖြေတစ်ခုထွက်လာစေနိုင်သည်။ မိမိကိုယ်တိုင် အကြံသစ်ဥာဏ်သစ်များ ပေးတတ်ပြီး မထင်မှတ်တဲ့ရှူဒေါင့်က စဉ်းစားပြတာတို့ ပါဝင်သည်။

(၉) ပန်းတိုင်အတွက်တွန်းအားမွေးခြင်း။ (Achievement drive)
ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်တတ်ဖို့၊ တစ်ခါတစ်ရံ မျှော်လင့်ထားတဲ့ ရလာဒ်ထက်ပိုကောင်းအောင် လုပ်ကြည့်ဖို့လိုသည်။ မိမိအလုပ်ကို တိုးတက်ကောင်းမွန်ဖို့ အမြဲကြံဆနေပြီး လုပ်ငန်းနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်များကို အမြဲရှာဖွေနေပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲနဲ့ စွန့်စားလုပ်ကိုင်ရတာမျိုးလည်းရှိနိုင်ပါတယ်။

(၁၀) စိတ်ရောကိုယ်ပါရှိခြင်း။ (Commitment)
ကိုယ့်လုပ်ငန်းရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်သလို အနစ်နာခံရန် အသင့်ရှိရပါမယ်။
လုပ်ငန်းဆောင်ရွက်ရာမှာ ချမှတ်ထားတဲ့ စံများနှင့် မတိမ်းချော်ဖို့ အမြဲသတိပြုနေပြီး နည်းလမ်းသစ်များကိုလည်း တက်ကြွစွာ ရှာဖွေတတ်ဖို့ လိုပါမယ်။

(၁၁) ထိုးထွင်းဥာဏ်ဖြင့် ဦးဆောင်လုပ်ကိုင်တတ်ခြင်း။ (Initiative)
သမားရိုးကျမဟုတ်သောနည်းသစ်များကို နည်းလမ်းတစ်ကျ ဆောင်ရွက်ရာတွင် အခြေအနေနှင့် အချိန်အခါကို မှန်ကန်စွာဆုံးဖြတ်တတ်သော ဥာဏ်ပညာ လိုအပ်ပါသည်။ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိသူတို့တွင် တွေ့ရတတ်သော အရည်အချင်းတစ်မျိုးဖြစ်သည်။

(၁၂) အကောင်းမြင်စိတ်ထားရှိခြင်း။ (Optimism)
ရှူံးမှာကြောက်သောစိတ်ထက် အောင်မြင်ဖို့မျှော်မှန်းချက် ပိုများခြင်းဟု ဆိုနိုင်ပါသည်။ အခက်အခဲ မည်မျှပင်ရှိရှိ ရည်မှန်းချုက်ဆီသို့ မဆုတ်မနစ် သွားတတ်ခြင်း၊ တစ်ခုခုကို ဝေဖန်ရာတွင် ပုဂ¾ိုလ်ရေးအပြစ်အနာအဆာများကိုအာရုံမစိုက်ဘဲ လုပ်ရပ်ပေါ်တွင်သာ သုံးသပ်တတ်ခြင်း တို့ပါဝင်သည်။

(၁၃) တစ်ဖက်သားကို နားလည်ပေးခြင်း။ (Understanding others)
သူတစ်ပါး၏ လက်ရှိအခြေအနေကို နားလည်စာနာပေးကာ လိုအပ်သလို ကူညီပေးခြင်းဖြစ်သည်။ အားနည်းသူများ ( ဥပမာ- လူနည်းစု၊ အမျိုးသမီး၊ ကလေး….) တို့အပေါ် နားလည်စာနာစွာ ဆက်ဆံရန်လိုသည်။ သို့သော် နားလည်မှူကို အခွင့်အရေးယူတတ်သူများရှိပေရာ အထူးသတိထားရန်လိုသည်။

၁၄) တစ်ဖက်သားကို တိုးတက်စေခြင်း။ (Developing others)
သူတစ်ပါး၏ကောင်းကွက်တော်ကွက်များကို ချီးကျူးပါ။ အသုံးဝင်မည့်အကြံဥာဏ်များကိုပေးပါ။ အနီးကပ်သင်ပြပေးရန်လိုအပ်ပါက အချိန်ပေးကာ ပျိုးထောင်ပေးခြင်း၊ အစမ်းတာဝန်ပေးခြင်း၊ စသည်တို့ပြုလုပ်ပေးနိုင်သည်။

၁၅) ၀န်ဆောင်မှူကို ဂရုစိုက်ခြင်း။ (Service orientation)
သူတစ်ပါးကို လိုလိုလားလား ကူညီတတ်ခြင်းဖြစ်သည်။ ဈေးကွက်တွင်မူ စားသုံးသူများ၏ လိုအပ်ချက်နှင့် ရောင်းကုန်၏၀န်ဆောင်မှူ ကိုက်ညီခြင်းရှိမရှိ အစဉ်လေ့လာရန်၊ ပိုကောင်းသော ရောင်းကုန်နှင့် ၀န်ဆောင်မှူကို ပေးအပ်ရန် ကြိုးပမ်းခြင်းတို့ပါဝင်သည်။

၁၆) မတူကွဲပြားမှူကို လက်ခံခြင်း။ (Accepting Diversity)
လုပ်ငန်းအတွင်းရှိ မတူညီမှူ၊ ကွဲပြားမှူများကို အားသာချက်တစ်ရပ်အဖြစ် လက်ခံကာ တလေးတစားဆက်ဆံတတ်ရပါမည်။ တူရာချင်း အုပ်စုဖွဲ့ကာ ဘက်လိုက်မျှူနှင့် ရန်လိုမှူများကို ဆန့်ကျင်ရပါမည်။

၁၇) ဆက်နွယ်နေသောဆက်ဆံရေးများကို သတိရှိခြင်း။ (Relations awareness)
အဖွဲ့တွင်းနှင့် ပြင်ပရှိပုဂိ¾ုလ်များ၏ ပါတ်သက်ဆက်နွယ်မှုများကို လေ့လာသိရှိရန်ကြိုးပမ်းပြီး လူမှူအ၀န်းအ၀ိုင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းသင့်သည်။ ယင်းအ၀န်းအ၀ိုင်း၏ ဖြစ်ပေါ်ပြောင်းလဲမှူများ၊ စားသုံးသူများ၏ပါတ်ဝန်းကျင်မှ ပြောင်းလဲမှူများ၊ နှင့် ဖြစ်ပေါ်နိုင်သော ဂယက်များကို တွက်ဆနိုင်ရန်လိုသည်။

၁၈) မိမိသြဇာသက်ရောက်မှူနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Building Influence)
မိမိလုပ်ငန်းအစီအစဉ်ကို တစ်ဖက်သားနားလည်လက်ခံလာ အောင် ဆွဲဆောင်စည်းရုံးနိုင်ခြင်း ဖြစ်သည်။ မိမိပြောလိုသော အဓိကအချက်ကို နားထောင်သူအာရုံစိုက်အောင် စီမံတတ်ခြင်းသည်လည်း ထင်ရှားသောအရည်အချင်းတစ်ရပ်ဖြစ်သည်။

၁၉) ဆက်ဆံရေးနယ်ပယ်တည်ဆောက်နိုင်ခြင်း။ (Communication)
အထက်ပါစွမ်းရည်မှာ သတင်းပေးပို့ခြင်း၊ လက်ခံခြင်း နှင့် အသုံးပြုခြင်း တို့တွင် ထိရောက်မှူရှိခြင်း၊ တစ်ဖက်သား အရိပ်အကဲနားလည်ခြင်း၊ နှစ်ဦးနှစ်ဖက်ကြားမှ နားလည်မှူကို အလေးထားခြင်း နှင့် အခက်အခဲများကို ပွင့်လင်းစွာ ဖြေရှင်းခြင်း တို့ပါဝင်သည်။ သတင်းဆိုးများကိုပင် တည်ငြိမ်စွာ ရယူလက်ခံနိုင်သော အရည်အချင်းလည်း အကြုံးဝင်ပါသည်။

၂၀) ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း။ (Conflict management)
အထက်ပါသံခင်းတမာန်ခင်းအရည်အချင်းတွင် ဆက်ဆံရခက်သူများနှင့် တင်းမာသောအခြေအနေတစ်ရပ်ကိုပင် ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ဖြစ်နိုင်ချေရှိသော တင်းမာမှူများကို လျှော့ချခြင်း၊ အခြေအတင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှူကို အားပေးကူညီခြင်း၊ နှစ်ဦးနှစ်ဖက် ရလာဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းတို့ပါဝင်သည်။

၂၁) ခေါင်းဆောင်နိုင်မှူ။ (Leadership)
မိမိ အဖွဲ့အစည်း၏ရည်မှန်းချက်ကို မျက်ချေမပြတ်ဘဲ တစ်ဖက်သားကို ရှင်းလင်းပြောပြနိုင်သူ၊ လုပ်ဖေါ်ကိုင်ဖက်များကို တက်ကြွစေသူ၊ မိမိအပြုအမူကို စံနမူနာဖြစ်စေသူများဖြစ်သည်။ သူတို့သည် မည်သည့် အဆင့်တွင်ရှိစေကာမူ လိုအပ်လျှင် ရှေ့သို့ထွက်ကာ ဦးဆောင်နိုင်ကြသည်။

၂၂) စံနမူနာပြ ပြောင်းလဲနိုင်မှူ။ (Change Catalyst)
မိမိ အဖွဲ့အစည်း၏လက်ရှိအနေအထားမှ လိုအပ်နေသော အပြောင်းအလဲများကို သိရှိကာ ကိုယ်တိုင်ကိုယ်ကျ ရှေ့ဆောင်ပြောင်းလဲသူများကိုဆိုလိုသည်။ ၄င်းတို့သည် အပြောင်းအလဲများလိုအပ်နေမှူကို ထုတ်ဖေါ်ပြောဆိုခြင်း၊ အတားအဆီးများကိုဖယ်ရှားခြင်း၊ အခြားသူများနှင့်လက်တွဲဆောင်ရွက်ခြင်း၊ စံနမူနာပြပြောင်းလဲသူဖြစ်စေခြင်း ဟူသည့် အင်္ဂါရပ်များပိုင်ဆိုင်ကြသည်။

၂၃) ဆက်ဆံရေးနယ်ပယ်ထူထောင်ခြင်း။ (Building Bonds)
မိမိ နှင့် လုပ်ဖေါ်ကိုင်ဖက်များကြားတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ခင်မင်ရင်းနှီးသော အ၀န်းအ၀ိုင်းတစ်ခု တည်ဆောက်နိုင်ခြင်းက အရေးပါလှပါသည်။ ယင်းအ၀န်းအ၀ိုင်းကို လုပ်ငန်းခွင်ပြင်ပမှာပါ တိုးချဲ့တည်ဆောက်ခြင်းဖြင့် များစွာ အကျိုးရှိစေနိုင်သည်။

၂၄) ပူးပေါင်းဆောင်ရွက်ခြင်း။ (Cooperation)
လုပ်ငန်းခွင်အတွင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထ ကြီးထွားရှင်သန်စေရမည်။ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ၊ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းဖြင့် လုပ်ငန်းကို ချောမွေ့စွာ လည်ပတ်စေရမည်။

၂၅) အသင်းလိုက်စွမ်းရည်တည်ဆောက်ခြင်း။ (Team Capabilities)
မိမိ အဖွဲ့အစည်းသည် အားကစားအသင်းကောင်းတစ်ခု၏ အရည်အသွေးများဖြစ်သော အပြန်အလှန်လေးစားမှူ၊ ကူညီမှူ၊ ပူးပေါင်းမှူများကို လုပ်ဆောင်လာအောင် မိမိကိုယ်တိုင် စံပြလုပ်ဆောင်ပါ။ အဖွဲ့၏ အောင်မြင်မှူများကို မျှဝေကာ ၀န်ထမ်းတိုင်းက ဂုဏ်ယူတတ်အောင်၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ၀ိုင်းဝန်းထိမ်းသိမ်းတတ်အောင် ကူညီဆောင်ရွက်ရမည်။

လုပ်ငန်းခွင် လိုအပ်ချက် ဆိုင်ရာ ဥပဒေသတွေကပြောင်းလဲနေပါတယ်။ ၀န်ထမ်းတွေဟာ သူတို့ဘယ်လောက်တော်သလဲ ဒါမှမဟုတ် ဘယ်လိုအတွေ့အကြုံတွေပိုင်ဆိုင်ထားသလဲ ဆိုတာထက် ကိုယ်ကိုယ်တိုင်နဲ့တစ်ပါးသူကို ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်လုပ်ဆောင်နိုင်သလဲ (အီးကျူ) ဆိုတဲ့ ပေတံနဲ့ တိုင်းတာလာကြပြီဖြစ်တယ်လို့ စာရေးသူ Daniel Goleman က ထောက်ပြထားပါတယ်။ ကိုကျော်လို ဥာဏ်မကောင်းခဲ့ရင်တောင်မှ ကိုမော်လို ပိုပြီး အောင်မြင်မှူရယူနိုင်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ အောင်မြင်မှူအတွက် အိုင်ကျူက ၂၀ရာနှူန်း အီးကျူက ၈၀ရာနှုန်းအရေးပါတယ်လို့ ပြောကြတာကြားဖူးပါတယ် (ဥာဏ်ရည် အမှတ် ၂၀ပဲရှိရင်ရတယ်လို့ ပြောတာမဟုတ်ပါကြောင်း) ။ အားလုံးအတွက် သတင်းကောင်းကတော့ အီးကျူဟာ ဘယ်အသက်အရွယ်မှာမဆို လေ့ကျင့်ခြင်းဖြင့် တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတာပါပဲ။
မိုးစက်ပွင့်
Source: Working with Emotional Intelligence, Daniel Goleman, 1999

ချင်းပြည်နယ်ရဲ့အလှ

ပြီးခဲ့တဲ့ဒီဇင်ဘာက ချင်းပြည်နယ်မြောက်ပိုင်းတစ်ခွင်ကို အလည်ရောက်ခဲ့ပါတယ်။ ချမ်းအေးလှတဲ့ဆောင်းရာသီမှာ ချင်းရဲ့အလှက အပျိုမလေးချယ်ရီပန်းကပိုကရိုပန်ထားသလို ကြည့်ကောင်းလှပါတယ်။ မြူခိုးဝေေ၀နဲ့ချင်းမြေအလှကို အားလုံးနဲ့ဝေမျှခံစားလိုက်ပါတယ်။

တစ်ခါမှ မရောက်ဖူးသေးတော့ မသွားခင်ကတည်းက အတွေးနဲ့ကြိုပြီးပျော်တယ်။ သိပ်အေးတယ်ဆိုလို့ အနွေးထည်၊ လက်အိတ်၊ ခြေအိတ် ကစလို့ထည့်လိုက်တာ တစ်ပါတ်စာခရီးက တစ်လစာနီးနီးလောက် အိတ်ကြီးဖေါင်း နေတော့တယ်။ ကားသယ်တာပဲလေ ကိုယ်ထမ်းရတာမှမဟုတ်ဘဲလို့တွေးမိတယ်။ ကားဆရာအပါအ၀င် လေးယောက်ဆိုတော့ စားစရာတွေလဲ ခြင်းတောင်းတစ်လုံးနဲ့က အပြည့်။ ဟိုမှာ ဘာတွေစားရမယ် မသိနိုင်လို့ပါ။
cherry and chin hill
ဟိုလုပ်လုပ်နဲ့ မနက် ၁၀နာရီမှ ထွက်ဖြစ်တယ်။ ဒီခရီးကို ပျော်ပါတယ်ဆိုမှ ပေါက်မြို့ မရောက်ခင် လမ်းတ၀က်မှာ ကားဝင်ရိုးကျိုးလို့ ၃-၄ နာရီလောက်ကြာသေး။ ဟူး-  တောင်ပေါ်လမ်းမှာဖြစ်လို့ကတော့ အရိုးအသားတောင်ရှာလို့ရမှာမဟုတ်၊ တော်သေးရဲ့လို့ အကောင်းဖက်ကမြင်ကြည့်ရတာပေါ့။ အဲတော့လည်း ပျင်းပျင်းနဲ့ ဘတ်စ်ကားမရှောင် ကုန်ကားမရှောင် တွေ့ရာတွေ လျောက် ဓါတ်ပုံရိုက်နေလိုက်တာပေါ.။ ရာသီဥတုက နေလို့ကောင်းရုံလေးပဲဆိုတော့ အနွေးထည်တွေက့ ခရီးဆောင်အိတ်ထဲမှာ အိပ်နေတုန်း။ ဒီလိုနဲ့ ပေါက်မြို့မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ ဂန့်ဂေါကိုဖြတ်ကျော်လို့ ဟားခါးသို့ခရီးဆက်ကြပါတယ်။ ချင်း တောင်အတက်လမ်းကတော့ ကွေ့ကွေ့ကောက်ကောက်နဲ့ အန္တရာယ်များလှပါတယ်။ လမ်းမှာ ကုန်ကားကြီးတစ်စီးမှောက်နေတယ်။

လမ်းခရီးမှာ ကျောက်တစ်ဝက်မြေတစ်ဝက်နံရံမှီပြီးပေါက်နေတဲ့ အမည်မသိ အရိုင်းပန်းလေးတွေက လှလှပပ။ ဗျူးပွိုင့်လေးမို့ ကားရပ်ပြီး အနားယူ၊ ပန်းခူး၊ ဓါတ်ပုံရိုက်ကြတာပေါ့။ လမ်းမှာ ထင်းရူးနဲ့ ချယ်ရီပန်းပင်တွေက ကြည်နူးစရာပါ။ ချယ်ရီရာသီမို့လား။ ချယ်ရီရာသီက တနှစ်မှာ တလလောက်သာမို့ ကိုယ်တို့ ကံကောင်းတယ်လို့ ဆိုရပါမယ်။

နောက်ပြီး တောင်ခါးပန်းကိုမေးတင်ဆောက်ထားပြီး အရောင် တောက်တောက်လွင်လွင် ဆေးရောင်သုတ်ထားတဲ့ ချင်းအိမ်ကလေးတွေက တာရာမင်းဝေရဲ့ အရုပ်မြို့တော်ဆိုတဲ့ ၀တ္တုခေါင်းစဉ် ကလေးကို သတိရစေပါတယ်။ တောင်စောင်းမှာမှေးပြီးဆောက်ထားတဲ့ အိမ်ကလေးတွေမို့ မတော်တဆ ပြုတ်ကျခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကျောချမ်းမိပါတယ်။

sweet kidChin 16-17 Dec 314လမ်းမှာ ဒေသခံတွေကိုလည်းမြင်ရတယ်။ မြည်းတွေ၊ လားတွေကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်တင်ယာဉ်တွေပါပဲ။ အမျိုးသမီးတွေက ကလေးကိုကျောပိုးချီကြတယ်။ အ၀တ်နွမ်းနွမ်း အသားအရေမွဲမွဲလေးတွေနဲ့ပေမယ့် လတ်ဆတ်ရှင်းသန့်တဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကလေးလေးတွေကဆို သူတို့ကိုဓါတ်ပုံရိုက်ပြီးပြန်ပြတော့ တခစ်ခစ်နဲ့ သဘောတွေကျလို့။

မှောင်တရီမှ ဟားခါးကိုရောက်ပါတယ်။ နာမည်တောင်မပေးရသေးတဲ့ အသစ်စက်စက်ဟိုတယ်မှာ တည်းကြပါတယ်။ ( ဖြည့်စွက်ချက်- အခုတော့ နံမည် ပေးပြီးပါပြီ-  'Grace' တဲ့) ပိုင်ရှင်လင်မယားက ချင်းလူမျိုး လူငယ်တွေပါဘဲ။ တော်တော်လေးဖေါ်ရွေကြပါတယ်။ အပူချိန်က ၁၀ ဒီဂရီနားမှာဝဲနေတာမို့ အပူပိုင်းကလာတဲ့ ကိုယ်တို့အဖွဲ့သားတွေ ဘယ်သူမှ ရေမချိုးနိုင်ကြပါဘူး။ ညစာစားဖို့ အပြင်ထွက်တာတောင် မေးတွေ တဂတ်ဂတ် ရိုက်နေကြတာ။
အဲဒီညမှာ မထူးခြားပေမဲ့ မှတ်မှတ်ရရဖြစ်ခဲ့တာကတော့ ကိုယ့်ရဲ့ မျက်ကပ်မှန်ကလေးဖြုတ်မရတာပါ။ အေးလွန်းတာရယ် တပ်ဆင်ချိန်များသွားတာရယ်ကြောင့်ထင်ပါရဲ့။ ကိုယ်ရွှေမျက်ကပ်က မျက်သားကို အသေတွယ်ကပ်နေတော့တာ။ မျက်သားကို ဒဏ်ရာရမှာစိုးလို့ အကြမ်းပတမ်းလဲမလုပ်ရဲ အသာအယာခွာတော့လည်းမရနဲ့။ လက်နဲ့ထိပါများတော့ မျက်သားက ကြာလေ နာလာလေပါပဲ။ မျက်ရည်တွေရော နှပ်တွေရော ထွက်လာတာပေါ. ။ အခန်းဖေါ်ညီမက အောက်ထပ်ကအိမ်ရှင်တွေဆီ ရေနွေးပြေးတောင်းရင်း ဆေးရုံသွားရမလား တိုင်ပင်နေတယ်။ ကိုယ့်ရဲ့ ထိတ်လန့်စိုးရိမ်မှူက မပြောပြတတ်အောင်ပါပဲ။ တစ်နာရီကျော်လောက်ကြာတော့မှ (မျက်ရည်တွေနဲ့ ချောသွားလို့လားမသိ) ဖြုတ်လို့ရသွားတယ်။ လန့်လန့်နဲ့ ခရီးစဉ်တစ်လျှောက်လုံး ပြန်မတပ်တော့ဘူး။ အဝေးကြည့် မျက်မှန်လေးပဲ တပ်လိုက်ဖြုတ်လိုက်လုပ်တော့တယ်။
နောက်တစ်နေ့တော့ ထန်တလန်ကိုသွားတယ်။ လမ်းတစ်လျောက်ကရှူခင်းတွေက အမိုက်စား။ ကင်မရာတဖျပ်ဖျပ်နဲ့ သူများမျက်စေ့နောက်အောင်ရိုက်မိတယ်။ ပြန်လာတော့ ကိုယ့်ရှုခင်းပုံလေးတွေ ကိုယ်ကြည့်ပြီးသဘောတွေကျလို့။ ကားလမ်းတစ်လျှောက်မှာ ”ဘွေနူး“ ဆိုတဲ့ ကွေ့ကွေ့ကောက်ကောက်မြစ်ကလေးကို အောက်ဖက်မှာ ခဏခဏ လှမ်းမြင်ရတယ်။ ”ဘွေနူး“ ရဲ့ ချင်းလိုအဓိပွါယ်က ”သခင်မ“တဲ့။ ဘွေနူးယာ ရခိုင်မှာ ကုလားတန်မြစ်ခေါ် ကစ္တပနဒီဖြစ်ပြီး အိန္ဒိယနယ်စပ်ရောက်တော့ မဏိပူရလို့ အမည်တွင်သွားကြောင်းသိရပါတယ်။

ကံကောင်းစွာနဲ့ ဟားခါးမှာ ခရစ်စမတ်အကြိုပွဲတော်ကို နွှဲခဲ့ရပါသေးတယ်။ ကလေး လူကြီး ၄-၅၀၀ လောက်ဟာ နေပူတာကိုအမှူမထားပဲ ဟားခါးရဲ့ပွဲတော်ကျင်းပရာ ကွင်းပြင်ထဲမှာ ရိုးရာအဆိုအကတွေကို အားပေးနေကြပါတယ်။  ကွင်းလယ်တနေရာမှာ ခရစ်တော်မွေးဖွားရာ နွားတင်းကုပ်ပုံဆောက်ထားပြီး  ရှေးခေတ်က မယ်တော်၊ ခမည်းတော်ပုံစံ ၀တ်စားထားတဲ့ ချင်းအမျိုးသား အမျိုးသမီးနှစ်ယောက်ကို တွေ့ရလို့  ဓါတ်ပုံသွားတွဲရိုက်ခဲ့သေးတယ်။


traditional foodပြီးတာနဲ့  ကိုယ်တို့အဖွဲ့က စားသောက်ဆိုင်တန်းတွေဖက် အရင်လျှောက်တာပေါ့။ကိုယ်က ပုံထဲက ကလေးမလေး စားတဲ့ဟာ (အမည်မသိ- ထမင်းစေးစေး အခဲကို ငှက်ပြောဖတ်ထဲထည့်၊ နူးအောင်ပြုတ်ထားတဲ့ ၀က်သားတင်ပြီး ဆားဖြူးထားတာ)့ စားပါတယ်။ သိပ်များများ မစားနိုင်ပေမဲ့ အရသာက ဆိမ့်ဆိမ့်လေးနဲ့ ကောင်းပါတယ်။ တပွဲမှ ငါးရာထဲရယ်။  စီးပွားဖြစ်ဆိုတာထက် ပွဲလာတဲ့သူတွေ အဆာပြေအောင် ပွဲစည်ကားအောင် လုပ်ဆောင်တာပဲ ဖြစ်မှာပါ။ တစ်ချို့အဖွဲ့သား တွေကတော့ ”ဆာဘူဒီး“ ဆိုတဲ့ နွားနောက်သား ဆန်ပြုတ်ကို မှာစားကြတယ်။ နွားနောက်အနံ့က အမဲသားလိုပဲပြင်းတော့ အမွှေးမဆလာမပါဘဲ ပြုတ်ထားတဲ့အခါ  သူတို့ သိပ်မစားနိုင်ကြဘူး။ ဈေးရောင်းတဲ့ ချင်းပျိုဖြူတွေက ခေါင်းပေါ်မှာ အချွန်အတက်ကလေးတွေ  ဒီဇိုင်းဖေါ်ထားတဲ့ စက္က္က္ကူ သရဖူလေးတွေနဲ့။ ခရစ်ယာန် ဘုန်းတော်ကြီးရဲ့ တရားတစ်ချို့ကို ကြားနာပြီး အလုပ်ဆက်စရာ ရှိသေးတာမို့ ပွဲခင်းထဲက ပြန်ထွက်လာခဲ့ကြပါတယ်။

နောက်တစ်နေ့မှာ ဖလမ်းကို ခရီးဆက်ပါတယ်။ လမ်းတစ်လျောက်ကတော့ ကြည့်ချင်စဖွယ်ရေမြေတောတောင်အလှတွေပါ။ အဲဒီမှာ ချင်းတောင်ရဲ့နာမည်ကျော် ဇာတ်လိုက် နွားနောက်ကိုမြင်ခဲ့ရပါတယ်။ အရိုင်းလား အယဉ်လားတော့ မသိပါဘူး။ ခြဲုပုတ်ထဲကနေ မျက်လုံးဝင်းဝင်းတောက်တောက်နဲ့ကြည့်နေလို့ ကားပေါ်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ သူ့ရဲ့ဦးချိုက ကျွဲနဲမတူဘဲ ဘေးကို ဖြောင့်ဖြောင့်ကြီး ကားထွက်နေပါတယ်။ ကြီးမြန်တဲ့အတွက် နွားနောက်ကို ချင်းတောင်မှာ အစိုးရစီမံကိန်းနဲ့ အကောင်ရေတစ်သိန်းမွေးမယ်လို့ သတင်းတစ်ပုဒ် ဖတ်ခဲ့မိတာ သတိရတယ်။ ဒါဆို စီမံကိန်းဝင် သတ္တ၀ါလေးပေါ့း-)))) 

ရှားရှားပါးပါးတွေ့ခဲ့ရတာက တောင်ဇလပ်ပန်းပါ။အပွင့် နီရဲရဲနဲ့မို့ အဝေးကနေတောင် ထင်းကနဲ မြင်နိုင်ပါတယ်။ ချင်းရဲ့သင်္ကေတ အောက်ချင်းငှက်တွေကတော့ သိပ်ကိုရှားပါးသွားခဲ့ပြီလို့ စိတ်မကောင်းစရာ ကြားရပါတယ်။  ဒီငှက်စုံတွဲတွေက တကောင်နဲ့တကောင်အရမ်းသစ္စာရှိပြီး တကောင်သေရင် နောက်တကောင်လိုက်သေတတ်တယ်လို့  ကြားဖူးလို့  အရမ်းစိတ်ဝင်စားမိတယ်။ ငှက်မုဆိုးတွေက အောက်ချင်းငှက်အသိုက်တွေ့ရင် အသိုက်ကို ရှုပ်ပွအောင်လုပ်ပြီး စောင့်ကြည့်ကြသတဲ့။  အဖိုက အမကို သူအစာရှာတုန်း နောက်တကောင်နဲ့ ဖောက်ပြန်တယ်လို့  အထင်မှားပြီး နှုတ်သီးနဲ့  ဆိတ်ပေါက်သတ်ပါသတဲ့။  နောက် သူကိုယ်တိုင်လဲ အမြင့်ကြီးပျံတက်ပြီး အတောင်နှစ်ဖက်ယှက်ပြီး ပြေပေါ်ပြုတ်ကျအောင်လုပ်ပြီး သတ်သေလေ့ရှိပါသတဲ့ ။ ဆူဆိုက် လုပ်တာပေါ့။  ယုံတမ်းပုံပြင်လားမသိပေမဲ့ တော်တော်များများက လက်ခံယုံကြည်ကြပါတယ်။  အဲဒီ အောက်ချင်းငှက်ကိုတွေ့ဖို့အခွင့်အရေးမရတာမို့  ဂူးဂဲလ် ကနေပဲ ရှာပြီးတင်ပေးလိုက်ပါတယ်။



Mani Pura Bridgeဖလမ်းကနေ တီးတိန်ကို သွားခဲ့ရပါတယ်။ သဘာဝအသည်းပုံဖြစ်နေတဲ့ နံမည်ကြီး ရိဒ် Reed ရေကန်ဆိုရင် အိန္ဒိယနယ်စပ်မှာရှိပြီး တီးတိန်ကနေ မိုင် ၃၀ကျော်လေးပဲ ဝေးတာပါ။ အချိန်မရလို့ ရေကန်ဆီ မသွားခဲ့ရပါဘူး။ နောက်တခေါက်မှဘဲလို့   တေးထားလိုက်ပါတယ်။  ဒါပေမယ့် လှပတဲ့ ဗားရ်တံတားကိုတော့ ကျော်ဖြတ်ခဲ့ရပါတယ်။တံတားက တောင်တွေကြားထဲမှာ မဏိပူရမြစ်ကိုကျော်ပြီးဆောက်ထားတဲ့ ကြိုးတံတားပါ။  ပေ ၇၀၀၀ ကျော်ကို အသည်းတစ်ထိတ်ထိတ် ကားစီးရတာပေမယ့် မြင်ကွင်းလှလှတွေကြောင့် တန်တယ်လို့ထင်မိတယ်။


white cloudတီးတိန်ကနေ ကလေးကို ခရီးဆက်တော့ နေစောင်းလာပြီမို့ အအေးဓါတ်က ကဲကဲလာပါတယ်။ လမ်းမှာ ဆိုင်လှလှကလေးတွေ့လို့ ၀င်နားကြရင်း ၀က်စွပ်ပြုတ်၊ ကြက်စွပ်ပြုတ် ပူပူကို အားပေးကြပါတယ်။ ၀ိုင်လဲတော်တော်ကောင်းတယ်။ ဆိုင်ရဲ့အနောက်ဖက်က စားပွဲလေးမှာ ၀ိုင်းဖွဲ့စားရင်း တိမ်ဖြူဖြူတွေကို ငေးလို့ရတယ်။ အိတ်ထဲက သာမိုမီတာကို ထုတ်တိုင်းလိုက်တော့ ၈ ဒီဂရီ စင်တီဂရိတ်တဲ့။  ဆိုင်ကလေးက ထွက်လာတော့ မြူတွေက ပိုပိုပိတ်လာလို့ ရှေ့ကို ဘာမှမမြင်ရတော့ဘူး။ ကားမီးကိုထွန်းမောင်းရတယ်။ လမ်းကကျဉ်းကျဉ်းဆိုတော့ ရှေ့ကားနဲ့ မမြင်မစမ်း ၀င်တိုက်မှာစိုးလို့ ကားဟွန်းခဏခဏတီးရတယ်။ လမ်းတစ်ဖက်ကတောင်၊ တစ်ဖက်က တိမ်ပင်လယ်ကြီး။ ဖွေးဖွေးဖြူလို့။



မိုးချူပ်မှပဲကလေးကိုဝင်တော့တယ်။ လောလောဆယ်မှာ အဆင်ပြေဆုံးလို့ ဆိုရမဲ့ တောင်ဇလပ် ဟိုတယ်မှာ တစ်ထောက်နားကြတယ်။ ကလေးမြို့ကတော့ ရာသီဥတု ပူနွေးပါတယ်။ ချင်းနဲ့ ဗမာလူမျိုးတွေ ရောနှော နေကြတယ်လို့ ဆိုပါတယ်။  ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ နေရာဆိုပေမယ့် မြေပြင်က ပြန့်ပြန့်ပြူးပြူးမို့ နောက်မှာကျန်ခဲ့တဲ့ ချင်းတောင်ရဲ့အလှအပတွေကို စိတ်ထဲက နှူတ်ဆက်လိုက်ပါတယ်။ ပြန်ဆုံချင်ပါသေးတယ် လှတဲ့ချင်းမြေရယ်။

မိုးစက်ပွင့်

(စာကြွင်း - မတ်လမှာ တစ်ခေါက်ထပ်ရောက်တော့ ဒီဇင်ဘာလောက်မလှတော့ပါ :-) )

Greeting!

Hello Dear,
Welcome to my virtual world. This is my very FIRST post !
grannysmithThis blog is a ground where I can share my thoughts, feelings and personal experiences with you :-) It is also my (irregular) diary and personal notebook.

Hope you will enjoy the visit and come again ... again ..... your comments and criticisms are welcome :D


Till the next time...


mama susiemay @ moe sett pwint