Friday 29 July 2011

ပန်းနေကြာ




အပူပြင်းပြင်း
ရှင်နေမင်းအောက်
ရွှေအဆင်းတောက်တဲ့
ပန်းအလှရတနာ..။

အမြင်ဆန်း
ရွှင်လန်းကာ တင့်တယ်ပေမဲ့
မ၀င့်ထည် မမောက်ကြွားပါတဲ့
မြေသားရဲ့သမီးပျို
အိုဘယ့် ချစ်စရာ
ပန်းရွှေနေကြာ..။








လွန်ခဲ့တဲ့ သီတင်းပါတ်က သွားရင်းလာရင်း ကိုယ့်ရှေ့မှာ နေကြာတခင်းကို ဘွားကနဲ တွေ့လိုက်ရတော့ “ဟေး” လို့ လွှတ်ခနဲ ၀မ်းသာအော်ဟစ်မိခဲ့ရတာပေါ့။ နေကြာပန်းကလေးတွေရဲ့ ပွင့်ဖတ်လွှာ အ၀ါရောင်တောက်တောက်က စိတ်ခွန်အားတွေ၊ ပျော်ရွှင်မှုတွေကို ပေးနေသလိုပါဘဲ။ အညိုရင့်ရောင် ၀တ်ဆံတွေက တည်ငြိမ်မှု ထိမ်းချူပ်နိုင်မှုတွေနဲ့ ပြည့်ဝနေတယ်လို့ အဓိပ္မါယ်ဖွင့်ဆိုချင်ပါတယ်။ မျက်နှာစာ တဖက်တည်းကို တူရူပြုပြီး ပွင့်နေကြတာမို့ အချင်းချင်း စည်းလုံးညီညွှတ်မှုကို ဖေါ်ကျူးတဲ့ ပန်းကလေးတွေ ဖြစ်လို့နေပြန်ပါတယ်။ နေကြာပန်းကလေးတွေက ရဲရင့်မှုကို ကိုယ်စားပြုနေသလိုပါ။  ခြစ်ခြစ်တောက်တဲ့ နေရောင်ကို မျက်နှာမငုံ့ဘဲ စိန်ခေါ်လိုက်နေပုံများ။ သူတို့ရဲ့ အလှနဲ့သဘာဝကို အမိအရ ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။




နေကြာခင်းထဲက  တဲအိမ်ကလေးနဲ့ ရေကန်စိမ်းစိမ်းလေးကိုမြင်တော့  ရုံးပိတ်ရက်တွေများမှာ ပေါင်မုန့်တယှက် စာအုပ်တဖက်နဲ့ အေးအေးလူလူ လာနေရင် ကောင်းမှာဘဲလို့ တွေးမိပြန်တယ်။  နေကြာခင်းဘေးမှာ ပျားမွေးမြူရေးသေတ္တာပုံးကလေးတွေ နှစ်ဒါဇင်လောက်တွေ့တယ်။  (ဓါတ်ပုံတော့ ရိုက်မလာဖြစ်ခဲ့ဘူး။) လူတွေက ပါတ်ဝန်းကျင် သဘာဝကို ပဲ့ထိမ်းကြိုးကိုင်ပြီး ကိုယ်လိုရာခရီးနှင်ဖို့  ခေတ်အဆက်ဆက် ကြိုးစားခဲ့တာ မဆန်းတော့ပါဘူးလေ။

ငယ်စဉ်က ပုံပြင်ကလေး တပုဒ်တော့ ကြားဖူးခဲ့တယ်။ သိပ်ချစ်တတ်တဲ့ ကောင်မလေးက ချစ်သူ မင်းသားလေးကို စောင့်မျှော်ရင်း အချိန်တွေကြာလာတော့ ရပ်နေခဲ့တဲ့နေရာမှာပဲ (နေကြာပင်)လေးဖြစ်သွားတယ်တဲ့။  မင်းသားကလေးက (နေမင်းကြီး) ရယ်လို့ ဖြစ်လာပြီး ပန်းကလေးသူမကတော့ အချိန်တိုင်း သူ့ကို အရိပ်တကြည့်ကြည့်နေတတ်လာခဲ့သတဲ့။ တကယ်မဟုတ်ပေမဲ့လည်း ကြားရသူတွေအတွက်  ဆွတ်ပျံ့တဲ့ ဒဏ္ကာရီ အချစ်ပုံပြင်ကလေးတပုဒ်ပါဘဲ။

စိတ်ဝင်စားမှုတွေနဲ့အတူ နေကြာပန်းကလေးတွေရဲ့အကြောင်း တကူးတက ရှာဖွေမိတော့ National Sunflower Association ရဲ့ ဒီစာမျက်နှာမှာ အချက်အလက်တပုံတပင် သိလိုက်ရတယ်။ အဲဒီအထဲက တချို့ကို ဖေါက်သည်ပြန်ချပါမယ်နော် ...........။
  • - ရုက္ခဗေဒအမည် (Helianthus Annuus ) လို့ခေါ်တဲ့ နေကြာပန်းကလေးတွေကို  မြောက်အမေရိကမှာ အင်ဒီယန်းလူမျိုးတွေက ဘီစီ၃၀၀၀ ကတည်းက  အိမ်မှာစတင်စိုက်ပျိုးခဲ့တာ။  တကယ်ဆို နေကြာက ပြောင်းဖူးထက်တောင် အိမ်တွင်းသီးနှံဖြစ်တာ စောပါသေးတယ်။ နေကြာဆံကို မုန့်လုပ်တဲ့နေရာမှာ အဓိကသုံးကြပြီး၊ သွားရည်စာမုန့်အဖြစ်စားတဲ့အပြင်၊ အဆီထုတ်ပြီးပေါင်မုန့်ထဲမှာလည်း ထည့်ဖုတ်ကြ ပါသတဲ့။  အေဒီ ၁၅၀၀မှာ အဲဒီနေကြာမျိုးကို  စပိန်လူမျိုးကုန်သည်တွေက ဥရောပကို ယူဆောင် သွားခဲ့ကြတယ်။ ဥရောပမှာ အစပိုင်းက နေကြာကို အလှအပ အဆောင်အယောင်အနေနဲ့သာ စိုက်ပျိုးခဲ့ကြပေမဲ့ ၁၇၆၉ လောက်မှာတော့ ဆီထုတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသတဲ့။  ရုရှမှာတော့ အော့သိုဒေါ့ဘုရားကျောင်းတွေက ၀ါတွင်းကာလမှာ ဆီပါဝင်တဲ့အစားအစာတွေကို တားမြစ်ထားခဲ့ပေမဲ့ အဲဒီအထဲမှာ (နောက်မှရောက်လာတဲ့) နေကြာဆီ မပါဝင်ခဲ့ဘူး။ အဲဒီလို ၀ိနည်းလွတ် စားသုံးရင်း နေကြာဆီရဲ့ ဂုဏ်သတင်းက တမုဟုတ်ချင်း ကျော်ကြားလာခဲ့တယ်။ ၁၉ရာစု ရုရှမှာ နေကြာစိုက်ဧက ၂သန်းကျော် ရှိနေခဲ့ပါပြီ။ ရုရှ သုတေသနလုပ်ငန်းတွေရဲ့ အကျိုးဆက်အဖြစ် နောက်ပိုင်းမှာ အစေ့အဆံအောင်ပြီး ဆီအထွက်ကောင်းတဲ့ နေကြာမျိုးကို ရရှိလာတော့တယ်။ ၁၉ရာစုနှောင်းပိုင်းမှာတော့ ရုရှက တိုးတက်တဲ့နေကြာမျိုးတွေဟာ သူတို့ရဲ့ဇာတိမြေ အမေရိကကို ပြန်လည်ရောက်ရှိသွားတော့တယ်။  (မြန်မာပြည်ကို ဘယ်တုန်းကရောက်လဲတော့ မေးနဲ့နော်၊ သိဘူး)။ ၁၉၇၀ ပြည့်လွန်နှစ်များမှာတော့ ဥရောပတိုက်ရဲ့ နေကြာဆီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အမေရိကမှာ နေကြာစိုက်ဧက ၅သန်းကျော်တောင် ရှိနေခဲ့ပြီလို့ ဆိုပါတယ်။
  • - ယနေ့ခေတ် ကမ္ဘာပေါ်မှာ နေကြာအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ Argentina, the combined European Union, China, India, Turkey and South Africa  ပါတဲ့။
  • - ဂင်းနစ်စံချိန်ဝင်  ဗျက်အကျယ်ဆုံး နေကြာပွင့်က အချင်း ၃၂လက်မ (၂၀၀၄ခုနှစ်၊ ဗြိတိသျှ ကိုလံဘီယာ) ရှိပြီး  အမြင့်ဆုံးနေကြာပင် ၂၅ပေခွဲလောက် ( ၂၀၀၄၊ နယ်သာလန်) ရှိပါသတဲ့။
  • -နေကြာဆီက အရသာပေါ့တယ်၊ အရောင်ဖျော့တယ်။ တခြားဆီတွေထက် ဗီတာမင်အီး ပါဝင်မှုမြင့်တဲ့အတွက် ကျမ်းမာရေးအတွက်ကောင်းတယ်။
  • - နေကြာဆံတအောင်စကို ပျမ်းမျှခြင်း ကယ်လိုရီ ၁၆၀ လောက်ရှိပါတယ်။  (အခွံပါတာက နေကြာစေ့၊ အခွံချွတ်ပြီးသားက နေကြာဆံ)
  • စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘာကြောင့် နေကြာပန်းဟာ အနုပညာရှင် အကျော် အမော်တွေရဲ့ အသည်းစွဲ ဖြစ်နေရတာလဲ ဆိုတဲ့မေးခွန်းပါဘဲ။  ပန်းချီကျော် ဗန်ဂိုးတို့ ပီကာဆို တို့ဟာ နေကြာပန်း ပန်းချီကားတွေ အများကြီးဆွဲခဲ့သလောက် အဲဒီ့ပန်းချီကားတွေ အားလုံးကလည်း ကမ္ဘာလည်းကျော်ခဲ့တယ်။ ဘီလျံနဲ့ချီပြီး တန်ဖိုးရှိခဲ့ရတယ်။ သဘာဝကျတဲ့ ဖြေဆိုချက်တခုကတော့ နေကြာပန်းဟာ လူသားရဲ့အသွင် ဆောင်နေလို့ပါတဲ့။ ၀ိုင်းစက်ပြည့်ဝန်းတဲ့ မျက်နှာနဲ့ လူသားရဲ့ ခန္ဒာကိုယ်လို ရှည်လျား သွယ်ပျောင်းတဲ့ ပင်စည်ကြောင့် ဖြစ်မှာပါ။  နောက်ပြီး သူက (နေမင်းကြီးကို မျက်နှာမူပြီး) လှည့်လည်သွားလာ တတ်သူ မဟုတ်လား။  အစွမ်းကုန် ပွင့်အာနေတဲ့နေကြာပန်းဟာ သူ့ရှေ့က လူသားကို စကားပြောတော့ မယောင်ယောင် ဖြစ်နေတာပါဘဲတဲ့။
ဗန်ဂိုးရဲ့ နာမည်ကျော်ပန်းချီကား “နေကြာပန်း၁၂ပွင့်”
ဗန်ဂိုးရဲ့ နောက်ထပ် နေကြာပန်းလက်ရာများ
ဘာပဲပြောပြော နေကြာပန်းလေးတွေဟာ  လောကကို အလှဆင်ရုံနဲ့ အားမရနိုင်ဘဲ လူသားတွေအတွက် အာဟာရလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်တဲ့  လက်တွေ့ဆန်တဲ့ပန်းကလေး၊ အဆင်းသာ လှတာမဟုတ်ဘူး၊ အချင်းပါ လှတဲ့ ပန်းကလေးတွေ ဘဲပေါ့။

နေကြာစေ့ကလေးတွေကို အချစ်သင်္ကေတ ရယ်လို့ယူစွဲပြီး ချစ်ချင်းကို သက်သေပြုခဲ့တဲ့ သက်ရှိပုံပြင်လေးတပုဒ် ပြောပြချင်ပါသေးတယ်။  မိုးစက်သူငယ်ချင်း ကောင်မလေးတယောက်ဆိုရင် သူ့ရည်းစား သင်္ဘောသားကို ချစ်ရှာလွန်းလို့ သဘောင်္ပေါ်မှာစားဖို့ နေကြာစေ့တွေကို တညလုံး ခွာခွာပြီး အထုပ်ကြီးအထုပ်ငယ်နဲ့ ပို့ပေးရှာတယ်။  နောက်ဆုံးတော့ မချောက တက္ကသိုလ် စာမေးပွဲကျ၊ ကိုယ်တော်ကလည်း အသစ်တယောက်တွဲနဲ့၊  ကြားထဲက မိုးစက်တို့ သူငယ်ချင်းတသိုက် သကောင့်သားကို မေတ္တာနာနာပို့လိုက်ရတာ မှတ်မိပါသေးရဲ့။

ကိုယ်တိုင်ကတော့ တက္ကသိုလ်ကာလတွေမှာ သူမလို နေကြာစေ့ခွာပေးရမဲ့သူ မရှိခဲ့ပါဘူး။  ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းလစ်ပြီး ရုပ်ရှင်ရုံတဲအပြေးဝင်တိုင်း နေကြာစေ့ထုပ်က မပါမဖြစ် အဖေါ်မွန်လေ။ ဇာတ်လမ်းထဲက တီးလုံးနဲ့ စကားပြောသံကလွဲလို့ တိတ်ဆိတ်နေတဲ့ ရုပ်ရှင်ရုံထဲမှာ  နေကြာစေ့သံ ကွာစေ့သံ တဖျောက်ဖျောက်က နေရာတိုင်းမှာ ပေါ်ထွက်နေတဲ့ စည်းချက်ညီဂီတသံတမျိုးပေါ့။ သူငယ်ချင်းတွေနဲ့  တယောက်တလဲနေကြာစေ့ခွာပြီး  မမြင်မစမ်းမှောင်ထဲမှာ သူတို့လက်ဝါးထဲ နေကြာဆံလေးတွေ ထည့်ပေးရတာလဲ တကယ့်ကို မမေ့နိုင်တဲ့ ငယ်ဘ၀ အရသာတွေပါ။

ရောက်တတ်ရာရာ ပြောနေတတ်တာမျိုးကို  အရပ်ထဲမှာ “ဘာဘာညာညာ နေကြာကွာစိ” လို့ ပြောတတ်ကြလေရဲ့ .....   အခုလည်း မိုးစက်ပြောပြချင်တဲ့ ပန်းကလေးနေကြာအကြောင်း ဘာညာကွိကွ နေကြာကွာစိ တွေပဲပေါ့..။

မိုးစက်ပွင့်

Tuesday 5 July 2011

ပုဂံရုပ်ပုံလွှာများ

ဓါတ်ပုံပို့စ်တွေ သီးသန့်မတင်ဖြစ်တာ ကြာပါပြီ .....
ကျမရဲ့ ၀ါသနာရှင်အဆင့် ပုံကလေးတွေကို FB မှာလည်း တခါတရံ တင်ဖြစ်ပါတယ်...
ဘလော့နဲ့ FB လင့်မထားတာမို့ ပုဂံအမှတ်တရ ပုံကလေးတွေကို ဒီဘလော့မှာလည်း သီးသန့်တင်လိုက်ပါတယ်နော်...

ဓါတ်ပုံအညွှန်းများ
(၁) ငှက်ပစ်တောင်ဘုရား တနေရာ
(၂) ငှက်ပစ်တောင်လိုဏ်ဂူမုခ်ဝများ - ပြစ်မျိုးမှဲ့မထင်တဲ့ ပုဂံသူအချောအလှများ ငှက်ကြီးစားမည့်ရန်မှ ပုန်းခိုတဲ့နေရာ
(၃) လောကနန္ဒာစေတီ
(၄) လောကနန္ဒာအနီး
(၅) လောကနန္ဒာအနီး
(၆) ဂူပြောက်ကြီးပုထိုးက သဲပန်းချီဆရာ
(၇) မနူဟာဘုရား- မို့မောက်နေတဲ့ရင်နဲ့ ကျဉ်းကျပ်လှတဲ့ရုပ်ပွားတော်က မနူဟာမင်းရဲ့ ခံစားချက်တွေကို ကိုယ်စားပြုနေသတဲ့
(၈) မနူဟာလျောင်းတော်မူ
 (၉) မနူဟာလျောင်းတော်မူရဲ့ ထိပ်မြင်ကွင်းကကြည့်ရင် မဲ့ယောင်ယောင်အသွင်
(၁၀) ဗူးဘုရားဆိပ်ကမ်းသာ

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...............

မိုးစက်ပွင့်



အညာမိသူ

ပြီးခဲ့တဲ့ စနေတနင်္ဂနွေက မိဘနဲ့အဒေါ်တွေကို ပုဂံ၊ ပုပ္မါး အလည်ပို့ဖြစ်ပါတယ်။  နှစ်ညအိပ် ခရီးတိုလေးဘဲ ဖြစ်ပါတယ်။  ဘုရားအစုံ မဖူးနိုင်ပေမဲ့   မဖြစ်မနေ ဖူးရမယ့် အထင်ကရဘုရားတွေတော့ ပို့ခဲ့ပါတယ်။
- အစောဆုံးတည်ခဲ့တဲ့  ငှက်ပစ်တောင်စေတီ
- တန်ခိုးအကြီးဆုံးဆိုတဲ့ ရွှေဆံတော်စေတီ
- ဆုတောင်းပြည့်တယ် ဆိုတဲ့ အလိုတော်ပြည့်စေတီ
- လက်ရာအမြောက်ဆုံး အာန္ဒာ စေတီ
- ဥာဏ်တော်အမြင့်ဆုံး  သဗ္ဘညု စေတီ
- ထုထည်အကြီးဆုံး ဓမ္မရံကြီး စေတီ
- ကျောက်စာ နာမည်ကျော်တဲ့ မြစေတီ 
- မူရင်းနံရံဆေးရေးပန်းချီတွေကျန်သေးတဲ့ ဂူပြောက်ကြီးပုထိုး
- အံ့သြခြင်း၊ကရုဏာသက်ခြင်း ရသအဖုံဖုံပေးစွမ်းနိုင်တဲ့ မနူဟာစေတီ
- မြစ်ပြင်ရှုခင်းသာယာတဲ့ ဗူးဘုရား နဲ့  လောကနန္ဒာ စေတီ တို့ပါဘဲ။

အဲဒီမှာ သူတို့နဲ့ တွေ့တာပေါ့။
“သမီးရယ်၊ နဂါးမောက်ပန်းတွေ ၀ယ်သွားပါဦး၊ အစေ့ကို သွေးလိမ်းရင် ဒူးနာ ခါးနာ ကောင်းတယ်” 
ရွှေစည်းခုံ ဘုရားစောင်းတန်းက အသက်ခြောက်ဆယ်ကျော်လောက်ရှိမဲ့ ဈေးသည် အမေကြီးတယောက်၊ သူမရှေ့က ဒန်လင်ဗန်းထဲမှာ ထူးထူးဆန်းဆန်း အ၀ါဆံ အသီးကလေးနှစ်လုံးကို အပေါ်က နဂါးအမောက်လိုပွင့်ဖတ်စိမ်းကလေးအုပ်ထားတဲ့ ပန်းပွင့် အခက် ကလေးတွေ  အများကြီးပါ။ ကျမက  တချက်လှည့်ကြည့်ပြီး ထွက်သွားဖို့ကြိုးစားပေမဲ့ သူမက ထပ်ခါတလဲလဲ ခေါ်နေတာနဲ့  အားပေးခဲ့ပါတယ်။  ပစ္စည်းမယူဘဲ ဒီတိုင်း ပိုက်ဆံပေးလိုက်ရင်လည်း မကောင်းဘူးမဟုတ်လား။

နောက်တခါ လောကနန္ဒာမှာ လူကြီးတွေ ဘုရားတက်ဖူးတုန်း ကိုယ်က သူတို့ စလင်းဘက်အိတ်တွေ လေးမှာစိုးလို့ စုသိမ်းပြီး အောက်မှာစောင့်ကျန်ရစ်တယ်။ လှေခါးရင်းက အုတ်ခုံလေးမှာ အေးအေး လူလူထိုင်လို့ ။  ဧရာဝတီမြစ်ပြင်ကို ငေးလိုက်၊ ခရီးသွားလှေတွေကို ဓါတ်ပုံရိုက်ချင်လာတဲ့အခါ ကောက်ရိုက်လိုက်နဲ့ စိမ်ပြေနပြေ ကာလလေးမှာပေါ့။  အနားကို ဈေးရောင်းသမလေး တယောက် လာထိုင်တာ သိလိုက်တယ်။ သူ့ဗန်းထဲက ပစ္စည်းလေးတွေကို တတွတ်တွတ်ရောင်းတော့တာဘဲ။  
“၀ယ်သွားပါဦး အမကြီးရယ် မဉ္ဖူသကနတ်ပန်းတွေပါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကောင်းတယ်။ တထုပ်မှ ၃၀၀ နှစ်ထုပ်မှ ၅၀၀ထဲရယ်”
ကျမ သူ့ကို ပြုံးပြခေါင်းခါပြီး မြစ်ပြင်ရှုခင်းကို ဆက်ငေးနေလိုက်တယ်။
“နော် နော် ဈေးဦးမပေါက်သေးလို့ အားပေးပါဦး”
“တို့မှာ ဘာရောဂါမှ မရှိဘူး၊ ညီမလေးရဲ့” လို့ ခပ်အေးအေးပြောတော့ သူက မလျော့သေး။
“ လက်ဆောင်ပေးလို့ရတယ်လေ၊ အမူးအမော်လည်းပြေတယ်၊ ရေနွေးကြမ်းထဲ ခတ်သောက်ရင် ရောဂါကာကွယ်တယ် အစ်မရဲ့”
“နေပါစေတော့ကွယ်”
ဇနက္ကနှင့် နင်လားငါလား အပြိုင်နွှဲမယ့် ထိုသူမကလေးဟာ ကျမအနားမှာ တောက်တဲ့ကပ်ကပ်ကာ နားညည်းအောင်ပြောလှသည်မို့ မယုံပါဘဲ တထုပ်ဝယ်လိုက်တော့သည်။    သူမကို တချက်တော့ “စ”လိုက်သေးသည်။  “မဉ္ဖူသကပန်းတွေက ခရေပန်းခြောက်တွေနဲ့ တူလိုက်တာနော်”
“မဟုတ်ပါဘူး အစ်မရဲ့၊ ခရေပန်းက အသားမရှိပါဘူး၊ ဒီမဉ္ဖူသကပန်းကအသားရှိတယ်” တဲ့။ ဟုတ်တော့ဟုတ်ပါသည်။ ပန်းခြောက်ကလေးတွေက အရောင် ၀ါညိုညို၊ အသားက အိစက်စက်။ အလဲ့-အိတ်က တံဆိပ်နဲ့ ဆေးညွှန်းနဲ့။

ပုပ္မါးတောင်ပေါ်အဆင်းမှာ အမေ့ကို ဈေးသည်မတွေက လမ်းပိတ်ပြီး ”ဆေးမြစ်စုံ” ရောင်းကြပြန်သည်။  အားနာတတ်တဲ့အမေက အဲဒီမှာ ၀ယ်ခဲ့ပြန်ရော။ ကျမက ”အမေ့ သစ်မြစ်စုံတွေ” လို့ နောက်ပြောင် နေမိသေးသည်။  ဒါတောင်မှ လမ်းက ထန်းလျက်ဖိုမှာရောင်းတဲ့ တောရှောက်မြစ်အရက်စိမ် လိမ်းဆေးပုလင်းကို မကြာခဏ ဒူးနာတတ်တဲ့ အမေက လိုချင်ဟန်ပြနေလို့  ၀ယ်ခဲ့ပြန်သေးသည်။

အိမ်ကိုပြန်ရောက်တော့ အထုပ်အပိုးတွေ ဧည့်ခန်းထဲမှာ တပုံတပင်ချထားတုန်း အိမ်မှာစောင့်ကျန်ခဲ့တဲ့ အိမ်ဦးနတ်က တအံ့တသြမေးလာပါတယ်။
“ဒီ မယ်ဇယ်ပွင့်တွေ ဘာလုပ်ဖို့ ယူလာတာလဲ” တဲ့။
“ အဲဒါ မဉ္ဖူသက နတ်ပန်းတဲ့လေ”
“ဒီဟာကရော”
“ နဂါးမောက်ပန်းနဲ့နဂါးမောက်သီးတဲ့”
“အဲဒါက မုန်တိုင်ပွင့် ဆိုတာ မသိဘူးလား”
“ဟားဟား  မြင်မှ မမြင်ဖူးပဲ”
ကျမတို့နှစ်ယောက် အားရပါးရ ဟားနေတုန်း အမေကတော့ သူ့ဆေးမြစ်စုံထုပ်ကလေးနဲ့ တောရှောက်မြစ်အရက်စိမ်လိမ်းဆေးပုလင်း ကို လူမမြင်အောင် ရွှေ`့ထားလိုက်ပါတယ်။

ရယ်တုန်းကရယ်ခဲ့ပေမဲ့ ပြန်တွေးတော့ စိတ်မသက်သာလှ။
သမ္မာဇီဝဆိုတာ ဘာလဲလို့ အတွေးနယ်ချဲ့မိသည်။
  ငါ့ဝမ်းပူဆာ မနေသာလို့” “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားပုံတွေကိုတော့ ကြားဖူးမိသားပင်။
တကယ်ဆို ရထားပေါ် ကားပေါ်မှာ ရောင်းတဲ့ ဆေးနဲ့ ပစ္စည်းတော်တော်များများကို ဘယ်သောအခါမှ ကျမ ၀ယ်လေ့မရှိပါ။  သူတို့ ရောင်းချလိုက်သူတွေက များသောအားဖြင့် တခါဘဲတွေ့ရမဲ့သူတွေမို့ လိမ်ရဲညာရဲကြသည်။  အခုတော့ သာသနာ့နယ်မြေမှာပါ လိမ်ညာကုန်ကြပြီလား။

ဘုရားစောင်းတန်းမှာ သူတို့ရွတ်ပြတဲ့ ရောဂါတွေ မပျောက်ဘူးဆိုတာ သိနေပေမဲ့ ပန်းအမည်တွေကတော့ အမှန်ဘဲလို့ထင်ခဲ့တာ။  ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်ပေမဲ့ အခုလို ပန်းအမည် လိမ်ညာရောင်းခံ တာကတော့ တော်တော် အောင့်သက်သက် ခံစားမိပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဦးရှံစား ကာတွန်းထဲကလို ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ရွတ်ရတော့လေမလား မသိပါ။

မိုးစက်ပွင့်