Friday 30 April 2010

မှာတမ်း

ချစ်သူရေ .....ဆင်ခြင်ကွဲ့  
တစ်ယောက်နဲ့ တစ်ယောက်
တို့တွေ  ဘယ်လောက်ချစ်စေ
နှစ်တွေပြောင်းလို့  အချစ်တွေဟောင်းတဲ့အခါ
နှစ်တွေကြာလို့   အပြစ်တွေရှာတတ်တဲ့အခါ
ရင်နာစေမဲ့စကားလုံး ဘယ်ခါမှ မင်းမသုံးနဲ့နော် ....။

ချစ်သူရေ ......မထားခဲ့နဲ့...
ကိုယ်က အားငယ်တတ်သူလေးပါ
မြစ်ယံချောင်းပါး ကိုရွှေငါးလို
မင်းကူးချင်ရာကူးသွားတဲ့အခါ
အချစ်ရွာမှာ သွေ့ခြောက် ကိုယ်တစ်ယောက်တည်းမို့
လွမ်းလို့ကျန်ရစ်ခဲ့မှာ မင်းအားနာတယ်ဆိုရင်
အကြင်နာခွန်အားသစ်   ကိုယ့်အတွက်ထာဝရဖြစ်စေသောဝ် .....။

ချစ်သူရေ.......ခေါ်ပါလှည့်
မင်းနဲ့ သာဆို  ကိုယ်လေ..........
အရပ်ရှစ်မျက်နှာ ဘယ်ကိုပဲသွားသွား မကျန်ခဲ့ချင်ဘူး
တစ်လောကလုံးက ဘယ်သူပဲတားတား နားမ၀င်ဘူး
ယုယအနားတိုး အားကိုးယုံကြည် ပခုံးစွန်းနွဲ့မှီလို့
ဆယ်ကမ္ဘာဆီ မငြူစူစတမ်း
ရွယ်ကာအတူတူ လျောက်လှမ်းရအောင်နော် ......။

မိုးစက်ပွင့်

Thursday 29 April 2010

မျက်ရည်ကောင်းကင်

             ခြစ်ခြစ်တောက်ပူနေတဲ့ နွေနဲ့ မလိုက်ဖက်စွာ ညို့မှောင်နေတဲ့ တိမ်စိုင်တွေက ကောင်းကင်ယံမှာ အုံကျင်းဖွဲ့လို့    ။  မကြာခင် သင်္ကြန်မိုးရွာတော့မယ်ပေါ့။  မိုးရွာတယ်ဆိုတာ ကောင်းကင်ကြီးရဲ့ မျက်ရည်တွေပဲလား လို့ သူမ တွေးမိသည်။   တစ်ချိန်လုံး မြိုသိပ်ထားရတဲ့ အပူတွေကို စုစည်းပြီး ပုလဲမိုးပေါက်တွေအဖြစ် ကမ္ဘာမြေကြီးပေါ် သွန်းဖြန်းကြဲချပေးနေတာမို့လေ...။


**********************

         မိန်းကလေးနဲ့ မျက်ရည်ဆိုတာ ရေအိုးနဲ့ရေမှုတ်လို ဒွန်တွဲနေတတ်ခဲ့တာ။  မိန်းကလေးလက်နက်ဆိုတာ မျက်ရည်စက်ပါမောင်ရေ ဆိုတဲ့ သီချင်းလေးတောင် ခေတ်စားခဲ့ဘူးသေးသည်။  ဒါပေမဲ့ သူမ အတွက် မျက်ရည်ဆိုတာ ရှားပါးပစ္စည်းတစ်ခု ဖြစ်လို့နေခဲ့သည်။  ငယ်ငယ်က ဆော့လွန်း၊ ဆိုးလွန်း၊ ပေတေလွန်း လို့ ဖေဖေရိုက်တာခံရရင်တောင် အံကြိတ်ပြီး မငိုဘဲတင်းခံခဲ့တာ။  ကိုယ်ပူအဖျားတက်လို့   တကိုယ်လုံးကိုက်ခဲပြီး ခေါင်းတွေတစ်ဒုန်းဒုန်း ကိုက်နေရင်တောင် အိပ်ယာထဲခွေခေါက်ပြီး ကြိတ်ခံနေခဲ့တာ။  နည်းနည်းကျောပူခေါင်းပူတာနဲ့  တစ်အီအီငိုတတ်တဲ့ ညီမငယ်လေးနဲ့တော့ ကွာလှတယ်လို့  အမေက အမြဲပြောတတ်ခဲ့တာ။  မိဝေးဖဝေး ပညာသင်ထွက်ချိန်နဲ့  အလုပ်ဝင်ချိန်မှာ မျက်ရည်တစ်စက်မကျဘဲ  ထွက်ခွာနိုင်ခဲ့တာ။  လေဆိပ်လိုက်ပို့တဲ့ အချစ်ဆုံးသူငယ်ချင်းက ဖက်ပြီးမျက်ရည်ကျတော့  နဂိုရ်က ချစ်သူခင်သူတွေနဲ့  ခွဲရမှာမို့ စိတ်မကောင်းတဲ့အခံရော၊  သူ့ငယ်ချင်းကို သနားတာရောနဲ့   ဆို့နင့်နေခဲ့တယ်။  တကယ်ဆိုရင် မျက်ရည်လေး ကျခဲ့သင့်တယ်။  ကိုယ်ရော မိဘတွေ သူငယ်ချင်းတွေရော ပေါ့ပါးခံသာလိမ့်မယ်လို့   တွေးခဲ့မိတယ်။

***********************

             “ခင်လေးက ကိုယ့်အတွက် နားလည်မှုအပေးနိုင်ဆုံး လူသားတစ်ယောက်ပါ။ ခင်လေးကြောင့် ကိုယ့်ဘ၀ ရှင်သန်ခွင့်တွေ ဆက်ရခဲ့တာပါ။   ဒါပေမဲ့ ချစ်သလားလို့မေးရင် အင်းလို့ ကိုယ် မဖြေနိုင်ဘူ။  ကိုယ် ရင်နဲ့ရင်းပြီး ချစ်ရတဲ့  ကိုယ်အရှုံးပေးချင်တဲ့ ဒူးထောက်ချင်တဲ့မိန်းမက နှင်း ပဲ။  သူကိုယ့်ကို ပြန်ခွင့်လွှတ်လာတဲ့တစ်နေ့မှာ ကိုယ်လက်ထပ် မှာ..”   ရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက်နှစ်ခွက် အေးစက်နေတာတောင် သူ့စကား တွေက နှလုံးသားထဲကို ပူပူလောင်လောင် စီးဆင်းသွားခဲ့တယ်။  “ဒါပေမဲ့ ခင်လေး ဘာဖြစ်စေချင်သလဲ ပြောပါ”    ဘာဖြစ်စေချင်သလဲ ဟုတ်စ။  ခင်ခင်လေး ဆိုတဲ့ မိန်းမမှာ စကားလုံးမရှိတော့ပါဘူး။  တကယ်မချစ်ဘဲ တွဲခဲ့တယ်လို့  ၀န်ခံထားတဲ့ ယောက်ျားတစ်ယောက်ကို ဘာတွေပြောရဦးမှာလဲ။  ဒီလူကို သံယောဇဉ်အထပ်ထပ်တွယ်ပြီး ချစ်သူထားဖို့ဆုံးဖြတ်ခဲ့တဲ့ ကိုယ်ဟာ တော်တော်ညံ့တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာတောင်  အခုအချိန်မှာ တစ်သက်လုံးလက်တွဲဖို့  တောင်းဆို ရလောက်အောင်တော့ မမိုက်မဲပါဘူးကွယ်။  သူ့အပေါ် နှစ်လိုယုံစားမိခဲ့တဲ့ ကိုယ့်နှလုံးသားကို ကိုယ်မုန်းလွန်းလို့   စကားလုံးတွေတောင် ဆွံ့အ နေခဲ့တာ။  ဟုတ်တယ်..... လူတစ်ယောက်အပေါ် ချစ်ခြင်း မချစ်ခြင်းမှာ အကြောင်းပြချက်မရှိဘူး။  ရွေးချယ်ပိုင်ခွင့်လည်းမရှိဘူး။  ဒါပေမဲ့  အဲဒီလူတစ်ယောက်အပေါ် ချစ်သူတစ်ယောက်လို  နေထိုင်ပြုမူဖို့ မပြုမူဖို့ကတော့  ရွေးချယ်ချက်ရှိတယ် ။  မရိုးသားတဲ့ သူ့ကို တွဲခဲ့တဲ့ ကိုယ့်မှာ အပြစ်ရှိမယ်ဆိုရင်တောင် မရိုးသားစွာ ချဉ်းကပ်လာတဲ့ သူ့မှာလည်း ကိုယ့်ထက်မလျော့တဲ့ အပြစ်တွေရှိနေမှာဘဲ။  ဘာဖြစ်လို့   အတိတ်ကို မေ့ပြစ်ချင်တယ်လို့ ပြောခဲ့သလဲ။  ဘာကြောင့် အခုမှ အတိတ်ကို ပြန်သွားချင်တာလဲ။  ရှင့်ကိုကျွန်မက ရှင့်ရဲ့နှင်း ဆီက လုယူခဲ့တာလား။  ရှင့်ဖာသာ ပြတ်စဲကွဲကွာပြီးမှ  ကျွန်မဘေးနားရောက်လာခဲ့တာလား။  ကျွန်မက ပေါ့ပေါ့တန်တန် သံယောဇဉ်ထားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ရှင် သိရက်နဲ့...။  ရင်ထဲက စကားတွေက နှုတ်ခမ်းဖျားနယ်နမိတ်ကို ကျော်မလာခဲ့ဘဲ နှလုံးသား ထဲကို ရုပ်ချည်းငုပ်လျိုး ၀င်ရောက် တငွေ့ငွေ့ လောင်ကျွမ်းသွားတော့တယ်။  အဲဒီ အပူမီးခိုးတွေက မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လာပေမဲ့  ချက်ချင်းကို အငွေ့ပျံ ပျောက်ကွယ်သွားခဲ့။  “ဘာမှ မပြောချင်ပါဘူး။ ဘာမှလဲ မဖြစ်ချင်ပါဘူး။  နောက်ထပ် မဆက်သွယ်ဘဲ နေကြရအောင်”။ ကိုယ့်အသံက ခြောက်ကပ်အက်ကွဲ နေမလားဘဲ။  ရှူံးတာတောင်မှ လှလှပပလေးပဲ ကျရှုံးချင်တဲ့ ကိုယ်က အေးစက်နေတဲ့ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး မော့သောက်ချလိုက်တော့   အရသာက    ခါး ....... သက်....... လိုက်............... တာ............။
            ငိုချလိုက်ရင် ရင်ထဲက အပူတွေများ လျော့သွားမလား။   ဟင့်အင်း  သူမ မျက်ရည်ကို သူ မမြင်ရဘူး။  မျက်ရည်တွေကို အယူခံဝင်တာလို့လည်း မထင်စေရဘူး။  မျက်ရည်တွေကြောင့် ဆုံးဖြတ်ချက်တွေ ပြောင်းသွားခဲ့တာမျိုးကိုလည်း  မလိုချင်ဘူး။   ဂျူးရဲ့ မြစ်တို့၏မာယာ ၀တ္တု နောက်ပိုင်းခန်းက  ချစ်သူဟောင်းဓါတ်ပုံကို ဖျက်ဆီးခိုင်းပြီးမှ “မငိုဘူးလား”လို့  ခနဲ့လိုက်တဲ့ ခင်ပွန်း ဆရာကိုရန်နိုင်ကို ကေသီက “မိန်းမတစ်ယောက်ရဲ့ အချစ် အတိုင်းအဆဟာ သူ့မျက်ရည်အတိုင်းအဆနဲ့  ပြောင်းပြန်အချိုးကျတယ် ဆရာ ” လို့   ထိထိရှရှ ပြန်ပြောခဲ့တာကိုပဲ သတိရတယ်။ အဲဒီနေ့မှာလည်း ပြာလွင်မြင့်မားတဲ့ ကောင်းကင်ကြီးမှာ တိမ်တစ်စမှရှိမနေခဲ့ပါ။
           တိုက်ဆိုင်စွာ လက်ဘက်ရည်ဆိုင်ထဲက ခပ်ညင်းညင်းဖွင့်ထားတဲ့ မီမီဝင်းဖေရဲ့ သီချင်းက “ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်”တဲ့ ...။    ခွင့်ပြုတယ်....ခွင့်ပြုပါတယ်ကွယ်... သွားတော့.... လုံးဝမတားပါဘူး။  ဒါပေမဲ့  ခွင့်လွှတ်ဖို့လား။ ဟင့်အင်း - အဲဒီလောက်အထိတော့ ခင်ခင်လေးဟာ မရင့်ကျက်သေးဘူး ရှင်ရဲ့။  ရှင်က ကျွန်မ နှလုံးသားနယ်မြေမှာ အယူခံဝင်ဖို့တောင်မဖြစ်နိုင်တဲ့  အကြီးမားဆုံး ရာဇ၀တ်သားပဲ။   “ပြန်ကြရအောင်“  အသံမှန်မှန်နဲ့   ပြန်ပြောလိုက်နိုင်တဲ့အတွက် ကျွန်မဘယ်လောက် ၀မ်းသာခဲ့ရသလဲ  ရှင်သိလား။  “ကိုယ့်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်“။  အပြန်လမ်းမှာ  သူ့ဆီက တစ်ခွန်းထဲသောစကား။  မပြောပါနဲ့   ကျွန်မနားမလည်တဲ့  အဲဒီ“နားလည်”တယ်ဆိုတဲ့စကားကို။  နားလည်တယ်ဆိုတာ ရှင်တို့ ယောက်ျားတွေ လိုတဲ့နေရာမှာ လိုသလိုသုံးလွန်းလို့   ဘာအဓိပ္မါယ်မှန်း နားမလည်လောက်အောင် ဖြစ်နေပြီ သိရဲ့လား။  တရွေ့ရွေ့ဝေးသွားတဲ့ သူ့နောက်ကျောပြင်ကို ငေးကြည့်ရင်း ဘယ်ဘက်ရင်အုံက စူးနင့် နာကျင်လာတာကိုပဲ သိတော့တယ်။
          ညဥ့်နက်တဲ့အထိ အိပ်မရဘဲ တစ်လူးလူးနေခဲ့ရတဲ့ ညတွေ။  အိပ်ယာနိုးတိုင်း လက်ကိုင်ဖုန်းကလေးကို ထုတ်ပြီး မေ့လျော့စွာ ဦးသူပို့ကြေးလို့  သဘောတူထားတဲ့ “ Hello Sweety,  Good Morning ” ဆိုတဲ့ စာသားကလေးကို ရှာမိတာ။ တဖြည်းဖြည်း ဖျောက်ဖျက်ပစ်ရမဲ့ အကျင့်တွေပါဘဲ။  ဖုန်းထဲက သိမ်းထားတဲ့ သူ့  Message လေးတွေအားလုံးကို ဖျက်ပစ်လိုက်တယ်။  အမှတ်တရလက်ဆောင်သေးသေးလေးတွေကို စုထုပ်ပြီး ခပ်ဝေးဝေးက  အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တယ်။  သူ့ကို ပြန်ပေးဖို့မလိုသလို ကိုယ်ပြန်ကြည့်ဖို့  သိမ်းထားစရာလည်း လိုမှမလိုဘဲကွယ်။  တစ်ဘ၀လုံး အတွက်ပဲပေါ့။
               “ခင်လေးရယ် နင်က ရိုးရိုးအအ၊ ဟိုက မျက်ရည်မုဆိုး” တဲ့။ တစ်ချိန်တုန်းက ၀ိုင်းပြောလာတဲ့ အခင်ဆုံးသူငယ်ချင်း သက်မာအပါအ၀င် အားလုံးသူတို့ ရဲ့စကားက “အသည်းဒဏ်ရာရနေတဲ့ မျက်ရည်မုဆိုး” လေးရဲ့ ချိုသာတဲ့ မျက်ဝန်းအကြည့်တစ်ချက်အောက်မှာ လွင့်ပါးပျောက်ပြယ်ခဲ့ရတာလေ။  သေသပ်တိရိတဲ့ သူ့လက်ချောင်းလေးတွေကို ငေးကြည့်ရင်း နှလုံးသားပန်းပွင့်တွေခြွေခဲ့တာ ဒီလက်ချောင်းကလေးတွေ မဖြစ်နိုင်ဘူးလို့   ဘက်လိုက်ပြီးတွေးတတ်ခဲ့တာ။  တစ်ချိန်က သူဆိုးခဲ့ဘူးပြီ၊ သူ နာခဲ့ပြီးပြီ၊  အမှားအတွက်ရခဲ့တဲ့ သူ့နောင်တတွေအတွက် ဥပေက္ခာအစား အကြင်နာကလေး တုန့်ပြန်မပေးသင့်ဘူးလားလို့    စာနာတွေးတွေ တွေးခဲ့မိတာ။ ယုံကြည်မှုတွေ၊ စာနာမှုတွေ၊ ဖေးမကူညီမှုတွေ၊ သံယောဇဉ်တွေ၊  အချစ်တွေ.... ဒါတွေအားလုံးအတွက် သူနားလည်ခဲ့မယ်လို့   ပိုးဖလံမလေး တစ်ဖြစ်လဲ ခင်လေးက မျှော်လင့်ခဲ့မိသည်လေ။
            သူဖုန်းဆက်ချိန်တွေ မမှန်တော့တာ သူ့အပြုံးတွေလျော့ရဲလာတာ သတိထားမိပေမဲ့    ဒါတွေဟာ နှင်းသီရိ ဆိုတဲ့ မိန်းမတစ်ယောက် ကြောင့်လို့   ရေးရေးလေးမှ မထင်ခဲ့တဲ့အထိ သူမ   ညံ့ခဲ့ပါသည်။  လေးနှစ်လောက် နိုင်ငံခြားမှာ အခြေတကျနေပြီးမှ ဒီလိုရုတ်တရက်ပြန်ရောက်၊  ပြတ်ပြတ်စဲစဲ လမ်းခွဲခဲ့တဲ့သူတစ်ယောက်ကို ပြန်လာဆက်သွယ်လိမ့်မယ်လို့  မထင်ထားခဲ့တာလေ။  တကယ်ဆို သူ့အသိုင်းအ၀ိုင်းမှာ သူမနဲ့ပါတ်သက်သူတွေရှိတာမို့   တစ်ချက်လေးစုံစမ်းလိုက်ရင် သိနိုင်ပေမယ့် အဲဒီလိုကို ဖြစ်စရာအကြောင်းမရှိပါဘူးလို့   မိုက်မိုက်မဲမဲ ယုံကြည်ခဲ့မိသူပါဘဲ။ သူ့နှုတ်က အပူလောင်ဆုံးစကားတွေ ကိုယ်တိုင်ကြားလာရတဲ့ အချိန်အထိပေါ့။   ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံတော့ စုံလုံးကန်း၊ အချစ်ကိုယုံတော့ ဦးနှောက်ပါကန်းခဲ့ပြီ  ထင်ပါရဲ့နော်...။ ဒီလိုနဲ့ပဲ ကျိန်စာသင့်နေတဲ့ နေ့ပေါင်းညပေါင်းများစွာကို ဖျားနာနေတဲ့ နှလုံးသားနဲ့   အပြုံးတုကို အဖေါ်လုပ်လို့   ကျော်ဖြတ်ခဲ့ရတယ်။
             မျက်ရည်တွေရဲ့ကောင်းကင်ကို ကိုယ်ထိမ်းချူပ်ထားနိုင်ခဲ့ပြီလို့   ထင်ပေမဲ့ တကယ်တန်း သူ့ဆီက မင်္ဂလာဖိတ်စာရောက်လာချိန်မှာတော့  မညို့မမှိုင်းဘဲ  ဗြုန်းကနဲရွာတဲ့မိုးလို သူငယ်ချင်းသက်မာရဲ့ ရင်ခွင်မှာ ခေါင်းထိုးပြီး ငိုရှိုက်ခဲ့ရတယ်။  တစ်သက်လုံး တစ်ဘ၀လုံး နှလုံးသားတစ်ခုလုံးစာပါဘဲ။  သက်မာက ညင်ညင်သာသာလေး ပွေ့ဖက်ထားပေမဲ့ ဘာစကားမှ မဆိုခဲ့ပါဘူး။  တကယ်တန်း ကိုယ်လိုချင်တဲ့တာကလည်း သူမရဲ့  နားလည်စာနာတတ်တဲ့ရင်ခွင်နဲ့    မှီနွဲ့ငိုရှိုက်စရာ ပုခုံးတစ်ဖက် ရယ်သာပါ။  တစ်ခါတည်း အဲဒီတစ်ခါတည်းရယ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ သူ့အပေါ်ထားခဲ့တဲ့ အချစ်တွေ၊ အမုန်းတွေ၊ ဒဏ်ရာနာကျည်းချက်တွေ၊ အမှတ်တရတွေအားလုံး မျက်ရည်နဲ့အတူ စီးမျောပါသွားအောင် ဖေါက်ထုတ်နိုင်ခဲ့တယ်လေ။ ဘယ်လောက်ကြာကြာ ငိုမိတယ်တော့ မသိ။  မောလွန်းလို့  ရှိုက်စရာအင်အားလေးတောင် မရှိတော့တဲ့အထိပဲ။  အို- အံ့သြစရာကောင်းလိုက်တာက  ရင်ထဲမှာ ကြည်ပြီးရှင်းနေလိုက်တာ မိုးရွာပြီးစ ကောင်းကင်ကြီးအတိုင်းပါပဲ။  ရှင် ဆိုတဲ့လူတစ်ယောက် တကယ့်ကို သေဆုံးသွားခဲ့ပြီ။  မျက်ရည်တွေရဲ့ ခွန်အားကြောင့်လားတော့မသိ ........ သေဆုံးတယ်ဆိုတာထက် ရှင် တစ်ခါမှ မွေးဖွားမလာခဲ့ဖူး သလို ခံစားလိုက်ရတယ်။


******************
 
တိုက်ခတ်လာတဲ့ လေထဲမှာ မိုးငွေ့မိုးသက်ကို ရှုရှိုက်လိုက်ရတယ်။  ညို့နေတဲ့ကောင်ကင်ကို မော့ကြည့်မိရင်း တိုးတိုးလေးရေရွတ်မိတယ်။  မစို့မပို့လေးတော့ မရွာလိုက်ပါနဲ့ကွယ်-  ကမ္ဘာမြေကြီးတစ်ခုလုံး အေးချမ်း  စိမ်းမြသွားအောင်း ရွာလိုက်ပါတော့။  ပိတောက်တွေဖြာဝေနေအောင်၊  ရွက်ကြွေပင်တွေ ပုရစ်ဖူးဝေနိုင်အောင် ရွာပါတော့။   ကောင်းကင်ကြီးကို ကျေးဇူးတင်ပါတယ်................လို့။


မိုးစက်ပွင့်
(ကိုယ့်ဘလော့လေး တစ်နှစ်ပြည့်နဲ့ တိုက်ဆိုင်သွားပါတယ်....)

Wednesday 28 April 2010

တက္ကသိုလ်အဆောင်သူ (၂)

တတိယနှစ်ကို ရောက်တဲ့အခါကျတော့မှ အစိုးရဆောင်မှာ နေခွင့်ရခဲ့ပါတယ်။

အရင်ကတော့ “ဘင်တန်ဟောလ်” လို့ အမည်ရခဲ့တဲ့ အခု သီရိဆောင် - တဲ့။  ဂျပ်ဆင်ကြီးရဲ့ နဘေးမှာ ကြက်သွေးရောင် ၀တ်စုံနဲ့  ထည်ထည်ခန့်ခန့်ကြီး ပေါ့။ ကိုယ်လဲ မောင့် သီရိမေ ဖြစ်ရပြီပေါ့။  ဘာပဲဖြစ်ဖြစ် ကံ့ကော်ပင် အကြီးကြီးတွေ ပါတ်လည်ဝိုင်းနေတဲ့ အဆောင်ကြီးကို ကြည့်ပြီး ပျော်သွားပါတယ်။

သီရိသူ အများစုက ဥပဒေ ကျောင်းသူတွေပါ။ အဆောင်မှူး မမကလည်း ဥပဒေဌာနကပါ။  အဆောင်မှူး နှင့် အဆောင်နည်းပြ (ဟောလ်ကျူတာ) တွေအားလုံးကို မည်သည့်အရွယ်ဖြစ်စေ “မမ” လို့ဘဲ ခေါ်ရတာကလည်း အဆောင်ယဉ်ကျေးမှု တစ်ရပ်ပါ။  မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့   ရောက်လာတဲ့ကိုယ့်ကို ဆရာမကြီးက နေရာချထားပေးပါတယ်။ “ “သင်းကွဲ”လေးကို ဟောကျူတာခန်းမှာ နေရာပေးလိုက်” တဲ့။  သင်းကွဲ ဆိုတာ ဘာပါလိမ့်။ သြော်- ဥပဒေမေဂျာသူ အများစုနဲ့မတူတဲ့  ထူးထူးခြားခြား လူနည်းစု မေဂျာလေးမို့ထင်ရဲ့။

 အတွင်းဆောင်နဲ့ အပြင်ဆောင်ရဲ့ ကွာဟချက်က တော်တော်ကြီးပါတယ်...။ အပြင်ဆောင်က ဘယ်လောက်ပဲ စည်းကမ်းကြပ်တယ်ပြောပြော၊ အတွင်းဆောင်ထက် ပိုလို့တော့ လွပ်လပ်တာ အမှန်။ အတွင်းဆောင်မှာက အချိန်နဲ့စား၊ အချိန်နဲ့ အဆောင်ပြန်ဝင်ရတာ၊ ညနေ ခြောက်နာရီ ရိုးကောလ် ထူးချိန်ပြန်မရောက်လို့တော့ အဆောင်မှူး အပျိုကြီးမမရဲ့ မိုးကြိုးသွားလို စူးရှတဲ့ အပြစ်ပေးမှုကို ခံရပြီသာမှတ်။ ဒါပေမဲ့ အတွင်းဆောင်မှာနေရတာက အဆပေါင်းများစွာ ပျော်စရာကောင်းသလို အမှတ်ရစရာတွေ ပိုများတာအမှန်ပါ။

အဆောင်သူလေးတွေအားလုံးက အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်နုနယ်ပြီး၊ လောကကြီးကို တောင်ပံဖြန့်ပြီး စူးစမ်းချင်တဲ့ အရွယ်တွေ မို့လား။ အဆောင်ဟာ အရောင်စုံ အသွေးစုံ ပန်းဥယျာဉ်ကြီးနဲ့တူတယ်။  အဆင်းလှပြီး အနံ့မွှေးတဲ့ ပန်းကလေးတွေ ရှိသလို၊ အဆင်းပဲလှတဲ့၊ အနံ့သာ မွှေးတဲ့ ပန်းကလေးတွေလည်း ရှိပါလေရဲ့။ အဲဒီလို ရာနဲ့ချီတဲ့ ပန်းကလေးတွေ လေဒဏ် မိုးဒဏ်မှာ နွမ်းကြွေမသွားအောင် ရေလောင်း၊ ပေါင်းသင်၊ အကိုင်းဖြတ်သင့်ဖြတ် လုပ်ပေးရမဲ့တာဝန်က အဆောင်မှူးမမ နဲ့ ဟောလ်ကျူတာမမ တွေမှာ ရှိနေတယ်လေ..။

ဂနာရီကနေ၉နာရီလောက်အထိက အဆောင်မှူးနှင့်တကွ လေးဦးသော ဟောကျူတာမမတွေ အစည်းအဝေးထိုင်ကြတယ်...။ နောက်တစ်နေ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းချင်းရိုက်ကြတယ်။  အလှည့်ကျ တာဝန်ကျ ကျောင်းသူတွေနဲ့  ဆရာမတွေ ရှိပြီးသား မီနူးအစုံတွေထဲက ရွေးကြ၊ တွက်ကြ၊ ဘတ်ဂျက်ဝင်အောင်လည်း စဉ်းစားကြရတာပါ။  ခွင့်တိုင်တာ၊ ကွန်ပလိန့်တက်တာတွေ၊ စည်းကမ်းထိမ်းသိမ်းရေး တာဝန်တွေလုပ်ကြတယ်ပေါ့...။  အစည်းအဝေးဖြုတ်တာနဲ့   အဆောင်ခန်းတွေမှာ လှည့်လည်ပြီး စာကျက်နေသလား၊ ၀ိုင်းဖွဲ့ စကားများနေသလား၊ မဟုတ်တာလုပ်နေသလား နဲ့   ရှောင်တခင်စစ်ဆေးကြတာပါ။   ဒါပေမဲ့ ကျောင်းသူတွေမှာလည်း ကိုယ့်အချက်ပေးစံနစ်နဲ့ကိုယ် ရှိကြပါတယ်။  အဆောင်မှူးနဲ့ အဆောင်သူတွေကတော့   ကြောင်နဲ့ကြွက်လိုပါပဲ...။  လိုက်စစ်နေတဲ့အခြမ်းက မီးကိုရေနဲ့သတ်သလို ငြိမ်နေပြီး၊  ထွက်သွားလို့  ခပ်လှမ်းလှမ်းရောက်တာနဲ့     တစ်ဝုံးဝုံး  တစ်ရုန်းရုန်း ဆူညံနေကြတာ သဘာဝ ပါပဲ...။ ကြောင်မရှိတာနဲ့  ကြွက်ထပြီပေါ့။  သိပ်မဆိုးရင်တော့ မမတွေက မသိချင်ယောင် ဆောင်ပေးပါတယ်။

အဆောင်သူတွေ ဘရုတ်ကျတာကတော့ စုံပါတယ်....။
ညကျရင် ၀ိုင်းဖွဲ့ စားသောက်ဖို့..အတွက် ထမင်းစားခန်းထဲမှာ မတ်ခွက်ထဲ ထမင်းခိုးထည့်လား ထည့်ရဲ့...။
ရေနွေးဂေါက်တံ တို့ ဟော့ပလိတ်တို့သုံးပြီး အခန်းထဲမှာ ချက်ပြုတ် စားသောက်ကြသေးရဲ့..။
သရဲမေး၊ နတ်မေး၊ ပြဇာတ်က၊ စုံစီနဖာ အခန်းထဲမှာ လုပ်တတ်ကြပါသေးရဲ့။
နှစ်ပေါင်းကြာပြီဖြစ်တဲ့ အဆောင်တိုင်းမှာ သရဲဇာတ်လမ်းတွေ ရှိကြပါတယ်။  ဒီလောက်ကြာမှတော့ အကြောင်းတစ်ခုခုနဲ့ သေဆုံးဖူးတဲ့ အဆောင်သူတွေရှိတာပေါ့။  တစ်ချို့နှစ်တွေမှာ ဖျားနာလို့၊ ရေနွေးဂေါက် ဓါတ်လိုက်လို့ ၊  ရှော့ခ်ဝင်လို့ စသဖြင့်တစ်နည်းနည်း ရှိတတ်ကြစမြဲပါ။  ဒါကိုပဲ အဆောင်သူတွေကြားမှာ လက်ဆင့်ကမ်း ပြောပြစရာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့ နေတတ်ပါတယ်။ မကျွတ်သေးဘူးတဲ့..... ဆိုတာမျိုးတွေ တီးတိုးပြောတတ်ကြပါတယ်။ တစ္ဆေပုံပြင်တွေကလည်း များမှများ။   စိတ်ထင်လို့ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် မည်းမည်းမြင်ရင် ရိပ်ခနဲမြင်ရင် အသံကုန် အော်ဟစ်တတ်တတ်တဲ့ အသည်းငယ်သူ အဆောင်သူတွေကလည်း ရှိတတ်ကြပါသေးတယ်။ 

စာမေးပွဲ နီးလာပြီဆိုရင်တော့ တရုန်းရုန်းအသံတွေ တိတ်ဆိတ်စပြုလာပါပြီ။  အခန်းပေါက်စေ့ အိမ်လည်တတ်တဲ့ ပေါက်ကျော်မကလေးတွေလည်း စာကြည့်စားပွဲရှေ့မှာ တကုပ်ကုပ်ဖြစ်လာကြပြီ။  ညနေခင်း ဧည့်တွေ့ချိန်မှာ မပြီးနိုင်မစီးနိုင် ချစ်တင်းသီဖွဲ့ကြတဲ့ အတွဲရှိသူတွေတောင်  မြန်မြန်ထက်ထက် အဆောင်ပေါ်ပြန်တက်လာကြပြီ။ အဆောင်ကလည်း ကျွေးနေကျ မနက်စာညနေစာအပြင် ညဖက်မှာ မုန့်တစ်မျိုးမျိုးနဲ့  ကော်ဖီ၊ လက်ဖက်ရည်တွေကို ထပ်ဆောင်းကျွေးမွေးတတ်ပြန်တယ်။ ညဖက် ဂစ်တာတီးကြတဲ့ ကျောင်းသားတွေကိုလည်း အချိန်ပေးပြီး နားမထောင်နိုင်တော့သလို အရင်က နားဝင်ပီယံဖြစ်ခဲ့ရတဲ့ သူတို့သီချင်းသံတွေကို ဆူညံသံတွေအဖြစ် ပြောင်းလဲခံစားမိလာတော့တာ...။ သြော်- စာမေးပွဲနတ်ကလည်း ကြီးပါ့...။

အဆောင်ရှေ့ဂီတ ပညာရှင်တွေကတော့ .....“  -------- မြို့က ----- မေဂျာကျောင်းသူ မ---- အတွက်”  “စာ ဖင်ထောင်ကျက်နေသော ဂုဏ်ထူးတန်းကျောင်းသူ မ-------”အတွက် ဆိုပြီး သီချ င်းတွေဟစ်ကောင်းတုန်း။  “ ကိုယ်ရည်ရွယ်ထားတာ တစ်ဆောင်လုံး ...... ဆရာမကြီးပါမကျန်ဘူး....” ဆိုတဲ့ သီချင်းမျိုးကိုတောင် မထိတထိ ကလိတိတိ ဆိုတတ်ကြသေးတယ် :D

စာသင်နှစ်တစ်နှစ်ကုန်ခါနီးတိုင်း ကျင်းပလေ့ရှိတဲ့ (အဆောင်ဒင်နာ) ကတော့ တစ်ဘာသာ လွမ်းစရာပါပဲ။   အဆောင်ထမင်းလခတွေထဲက ပိုလျှံငွေ၊ အဆောင်သူ  ခွဲတမ်း နို့ဆီဘူးရောင်ရငွေတွေနဲ့ ကျင်းပတယ်လို့ဆိုရဲ့။  ဘာပဲပြောပြော ပျော်စရာကောင်းတာအမှန်ပါ။  ပျော်ပွဲရွှင်ပွဲလေးလို့ ဆိုနိုင်သလို Talent  ရှိတဲ့သူတွေကို ပျိုးထောင်ပေးတဲ့ ပန်းခင်းကလေးတစ်ခုပါပဲ။ အဆောင်မှူး၊ အဆောင်နည်းပြတွေက တစ်နှစ်လုံး အကဲခတ်ပြီးသားမို့ ဘယ်သူက အဆိုရတယ်၊ ဘယ်သူက အက ပိုင်တယ်။ ဘယ်သူက အပြောပိုင်တယ်၊ ဘယ်သူက ဧည့်ခံကောင်းတယ် ဆိုတာ ရွေးပြီးသားပါ။  မိန်းကလေး ယောက်ျားလေး အဆောင်တိုင်းမှာ မောင်နှမဆောင် ရှိပါတယ်။  (ဥပမာ- အင်းလျား နဲ့  ရွှေဘို ( နှစ်တွေကြာပြီဆိုတော့ အမည်တွဲတာမှားချင်လည်း မှားပါမယ်။) သီရိဆောင် တစ်ဆောင်တည်း ပွဲတစ်ခုစီစဉ်ဖို့  မဖြစ်တာမို့   "မောင်နှမဆောင်" တော်စပ်ထားတဲ့  ပဲခူးဆောင် ရဲ့ အကူအညီကို ယူရပါတယ်။     ဂစ်တာတီးတာ၊ အခမ်းအနား ပြင်တာ စသဖြင့် စသဖြင့် ပေါ့လေ...။ အကြိုညမှာတော့ ညဥ့်နက်တဲ့အထိ ပြင်ဆင်ရတာဆိုတော့ အဆောင်မှူးက ကျောင်းသားတွေကို အဆောင်မှာ ပေးအိပ်ပါတယ်။  ဒါပေမဲ့ ဘုရားခန်းထဲမှာ သော့ခတ်ပြီး အိပ်ခိုင်းတာလေ ။  ကျောင်းသားတွေကတော့ “ ညက သီရိဆောင်မှာ အိပ်ခဲ့တယ်ကွ ”လို့  ပြုံးဖြီးဖြီးနဲ့  ကြွားစရာ ရသွားတာပေါ့... :D

ဘာ အနုပညာမှ မည်မည်ရရ မတတ်တဲ့ ကိုယ်ကတော့ နောက်ဆုံး ဂဠုန်ဆားချက်တဲ့အနေနဲ့   ကဗျာလေးတစ်ပုဒ် ၀င်ပြိုင်ခဲ့ပါသေးတယ်။  အမည်က  "အမေ့စာ" တဲ့။ သမီးကို စာကြိုးစားဖို့လှမ်းမှာရှာတဲ့  အဝေးက လူကြုံနဲ့စာပို့လာတဲ့  မိခင်တစ်ယောက်အကြောင်းပါ။  အခုတော့ ကဗျာရဲ့အစ ပဲ မှတ်မိတော့တယ်..။  ဒုတိယလား တတိယလားမသိ ဆုရခဲ့ပေမဲ့ အဆောင်မှူးက အတူနေ ဟောလ်ကျူတာမမ ရေးပေးတာလို့   ထင်ပါသတဲ့။  ရှိပါစေတော့လေ..။ 

ကိုယ်ဖိတ်ချင်သူတွေအတွက် ဒင်နာလက်မှတ်တွေကိုတော့ သတ်မှတ်ဈေးနဲ့ ၀ယ်ရပါတယ်။  အဲဒီတုန်းက သူများအဆောင်က အဖိတ်ခံရတယ်ဆိုတာ တကယ်ဂုဏ်ယူစရာအဖြစ်တစ်ခုပါ။  တစ်ယောက်ကို နှစ်စောင်အထိ ၀ယ်လို့ရတယ်လေ။  ” ညည်းဘယ်သူ့ဖိတ်မှာလဲ” ”ထုံးစံအတိုင်း ချစ်ချစ်ကြီးပေါ့“  “ အပေါ်ထပ်က အင်ကြင်းမေက အပိုသုံးလေးစောင်ဝယ်ချင်လို့တဲ့၊ သူက အပေါင်းအသင်းများတယ်လေ“  “ဒါဆို ငါ့အခန်းဖေါ်နာမည်နဲ့ဝယ်လေ၊ သူက ဘယ်သူ့မှမဖိတ်ဘူးတဲ့”  ဆိုတာတွေကတော့ ဒင်နာမတိုင်ခင်မှာ ကြားကြရမဲ့ ရေချိုးခန်း စကားဝိုင်း တွေရယ်ပါ..။

 ဒင်နာနေ့မှာ အလှဆုံးဖြစ်အောင် ဘာဝတ်ရမလဲ ဆိုတာ စဉ်းစားရ၊ ကြံဖန်ရ၊ ၀တ်စုံအသစ်ပြေးချူပ်ရနဲ့  အဆောင်သူတွေ မအားနိုင် မနားနိုင်ကြဘူးပေါ့။  အတွဲရှိသူတွေကလည်း ချစ်သူလေးလာမှာဆိုတော့ တစ်ခြားမိန်းကလေးတွေထက် မသာတောင် နောက်မကျအောင် လှနေချင်တာလေ....။ အတွဲမရှိသေးသူတွေကလည်း၊ ညကျရင် သူငယ်ချင်းတွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ၊ ဘာလိုလို ညာလိုလို နေကြာကွာစိတွေ လာမှာဆိုတော့ စိတ်လှုပ်ရှားစွာ၊ တက်ကြွမျှော်လင့်စွာ။
                အဆောင်ကွက်လပ်မြက်ခင်းပြင်ပေါ်မှာ ထိုင်ခုံတွေ၊ စတိတ်စင်မြင့်တွေနဲ့ အကျအန။  အဆောင်မှူး ဆရာမကြီးကလည်း ပုဝါနှစ်စ အသာချလို့  ပုလဲပုတီးနဲ့ ယဉ်စစ၊ ဟောကျူတာ အဆောင်နည်းပြမမ တွေကလည်း  ပိုး၊ ချိတ်တွေ၊ ဆံထုံးအလှတွေ၊ ဒေါက်ဖိနပ်မြင့်မြင့်တွေနဲ့  ထင်းကနဲမြင်သာအောင် လှလှပပ၊ အဆောင်သူတွေကတော့ ပန်းရောင်စုံလေးတွေ လိပ်ပြာရောင်စုံလေးတွေလို ဟိုသည်ကူးလို့   အလှချင်းပြိုင်နေကြ တော့တာ။  ဂီတသံ နောက်ခံမှာ စားကြ သောက်ကြ ရယ်ကြ ပျော်ကြ၊  တက္ကသိုလ် မောင်နှမတွေရဲ့ အနုပညာ ဖျော်ဖြေမှုကို ခံစား အားပေးရင်း သိပ်ကိုလှတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။  

 မိန်းကလေးဆောင်တွေမှာ ပြင်ပ အဆိုတော်တွေလည်း လာပြီးဆိုဖို့ ဖိတ်ကြားတတ်ပါတယ်။  သီရိဆောင်အတွက်ကတော့ ထွန်းအိနြာဗိုလ် တို့၊ ခိုင်ထူးတို့လို ဥပဒေကျောင်းထွက်တွေ လာတတ်ပါတယ်။  အပြင်က အဆိုတော်တွေ ဒင်နာမှာ မကြာခဏဆိုလေ့ရှိတာက ”ဆရာမ” သီချင်းပါ။  ”ငွေသော်တာရောင်ခြည်.......ထိန်လင်းတော့သည်.....” ဆိုပြီးစတာနဲ့ လက်ခုပ်သံတွေ သောသောညံနေတော့တာ။  နောက်ဆုံးမှာ ” .... သဒ္စါကပိုသည်.....ဆရာမကိုပဲ  အသည်းစွဲအောင်...ချစ်မိသည်...” ဆိုတဲ့အပိုဒ်ရောက်ရင်တော့ အဆောင်နည်းပြဆရာမ မမတွေရဲ့ မျက်နှာလေးတွေ ရဲရဲနီအောင် ရှက်သွေးဖြန်းကြတော့တာလေ...။  အဲဒီလိုနဲ့   လှပ နွေးထွေး ရင်ခုန်စရာကောင်းတဲ့ ညလေးတစ်ညကို ကျော်ဖြတ်ခဲ့ကြပါတယ်။

လွမ်းမိတဲ့ အဆောင်သူဘ၀ တစ်ပိုင်းတစ်စရယ်ပါ...။

မိုးစက်ပွင့်

Tuesday 27 April 2010

အချစ် နှင့် မွှေးသောလှသောပန်းကလေးများ




ခွင့်ရတဲ့ ဧပရယ်တစ်လလုံးနီးပါး  သူနဲ့ ဆိုင်ကယ်ကလေးတစ်စီး စီးလို့နေရာစုံ လျှောက်လည်ခဲ့ရပါတယ်။  မြေလတ်မြို့ကလေးတစ်မြို့မှာပေါ့လေ..။ ကိုယ်က စိတ်ကူးယဉ်တတ်သလောက် လက်တွေ့ကျတဲ့ သူက  ပန်းပေးဖို့များ တစ်ခါမှ စိတ်ကူးခဲ့ပုံမပေါ်ပါဘူး။  ဒါပေမဲ့ ကိုယ်တို့ ထိုင်နေခဲ့တဲ့ ခရေပင်ကလေးမှာ ပွင့်နေတဲ့  ဖူးရွနေတဲ့ ခရေပန်းကလေးတွေကို မက်မက်မောမော ကြည့်နေတာမြင်တော့  ခုံပေါ်တက်ပြီး ခရေပွင့်ကလေးတွေ ခူးပေးပါတယ်။ မကြွေခင်ခူးမိလို့ ပန်းကလေးတွေက စိတ်ဆိုးနေလေမလား တော့မသိ..   ။ 

ဆယ်နှစ်အတွင်းမှာ သူ့ဆီက ပထမဆုံးရဖူးတဲ့ပန်းဆိုတော့ မှတ်မှတ်ရရ ဓါတ်ပုံရိုက်ပြီး သိမ်းထား လိုက်ပါ တယ်။ 

နောက်ပြီး အနားက သစ်ရွက်ရိုးတံကလေးနဲ့ သီကုံးမိပြန်တယ်။  ခေါင်းမှာ တော့မပန်ခဲ့ဘူး။ မွှေးရနံ့ကို နမ်းရှိုက်ရုံဘဲလေ။
တစ်ရက်မှာ မြို့ထဲသွားရင်း နေရောင်ကြိုက်တဲ့ စက္ကူပန်းကလေးတွေ သိပ်လှနေလို့  မှတ်တမ်းတင်လိုက် ပြန်ပါတယ်။


 
တကယ်တော့ မမွှေးတဲ့ပန်းကလေးတွေကို ကိုယ်က နှစ်နှစ်ကာကာ မကြိုက်တတ်ပါဘူး။  သူတို့ရဲ့ အရောင်လှလှကလေးတွေကို မျက်စေ့အာရုံ ခံစားလိုက်ခြင်းသာပါ။ 

  နောက်တစ်ရက်မှာတော့ မြို့လည်က စိမ်းလဲ့ဝေဆာနေတဲ့ ကြာကန်ကြီးရှေ့ကိုအရောက်  “ဟင်၊ဟယ်၊ အို” ဆိုပြီး အာမေဋ္ဋိတ်တွေ မျိုးစုံရွတ်လိုက်တော့ စီးတော်ယာဉ်လေးက အလိုက်တသိ တုံ့ခနဲရပ်...။
ကြာရွက်အောက်မှာ ပုန်းနေတဲ့ အဖူးကလေးကို အနီးကပ် ဆွဲရိုက်မိသလို ကြာကန်ဘေးက ဝေေ၀ဆာဆာပွင့်နေတဲ့ ငုချယ်ရီပွင့်တွေကိုလည်း အလွတ်မပေးခဲ့ပါဘူး.....။
 နောက်ဆုံးမျှဝေချင်တာ ပန်းမမည်တဲ့ ပန်းပါ။ သူကလေးနဲ့ကိုယ် အတူတူစိုက်ခဲ့ကြတဲ့ ကောက်ရိုးမှိုပွင့်ကလေးတွေက နှစ်ပါတ်အတွင်းမှာ အခုလို ၀င့်ဝင့်ကြွားကြွား  ငွင့်ငွင့်စွားစွား။ အငုံဘ၀ပဲ ရှိပါသေးတယ်။  စားလို့ကတော့ ကောင်းမှကောင်း။  မှိုရတဲ့မျက်နှာကို မြင်ယောင်သာကြည့်ကြပါတော့။ ဘာပဲပြောပြော သူ့ကိုလည်း ရာသီပေါ် အချစ်ပန်းကလေးအဖြစ် စာရင်းသွင်း လိုက်ပါတယ်။

 သူငယ်ချင်းတို့နဲ့ မျှဝေချင်တဲ့ ကြည်နူးစရာကလေးတစ်ချို့ပါ....။


မိုးစက်ပွင့်

Friday 2 April 2010

တက္ကသိုလ်အဆောင်သူ (၁)

 အပြင်ဆောင်ရော အတွင်းဆောင်ပါ တ၀ကြီးနေဘူးခဲ့တာမို့   အတွေ့အကြုံတွေက များလှပေမဲ့  စာရေးမကောင်းသူမို့   ရုပ်လုံးကြွအောင်လည်း ရေးနိုင်မယ်တော့မထင်ပါ။  ဒီတော့လဲ အဆောင်သူဘ၀ “ကောက်ကြောင်း” လောက်ပဲပေါ့ သူငယ်ချင်းတို့ရေ....။
                မှတ်မိသလောက် ရပ်ဝေးမှာ ပညာသင်ကြားစေခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိတယ်လို့ ဆိုပါတယ်။   ၁) အမျိုးအနွယ် မာန် ကျစေခြင်း။  ၂) ဥစ္စာမာန် ကျစေခြင်း။   ၃) ဗဟုသုတ နှင့် အပေါင်းအသင်းတိုးတက်များပြားခြင်း။  - တဲ့။
 ကျမကတော့ နဂိုရ်ကမှ ဘာမာန်တက်စရာမှမရှိတဲ့ နယ်မြို့လေးက ဆယ်တန်းအောင်ခါစ ကောင်မလေးတစ်ယောက် ရယ်သာ။  ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းစတက်တော့ အပြင်ဆောင် နေရပါတယ်။ အတွင်းဆောင်ရဖို့ကလည်း တော်တော်မလွယ်ပါဘူးတဲ့။ တန်းစီဇယားကလည်း အမှတ်နဲ့ စီလိုစီ၊  အကပ်နဲ့ စီလိုစီ ပေါ့နော်။  ဒါနဲ့ပဲ  ကျောင်းတက်တက်ချင်း အတွင်းဆောင် မရခဲ့ဘူး။ အဲဒီတုန်းက ကျောင်းသွားတိုင်း မြင်နေရတဲ့ “ကံ့ကော်“ “အင်ကြင်း” “နှင်းဆီ” ဆောင်က ကျောင်းသူတွေကို မြင်ရင် ကိုယ့်ကိုယ်ကို အရမ်းသိမ်ငယ်သလို ခံစားနေခဲ့ရသေးတယ်။

သမိုင်းထီးကိုးလက်ဝင်းနားက အပြင်ဆောင်လေးတစ်ခုမှာ နေရာရခဲ့ပါတယ်။  အခန်းဖေါ်က မေဂျာတူ။  သူကတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကမို့   ဘယ်သောအခါမှ အဆောင်ရစရာ လမ်းမရှိသူပါ။  သူက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်။ ညိုညို၀၀ ပါးချိုင့်ကလေးနဲ့မို့   မြင်မြင်ချင်းခင်သွားပါတယ်။ တခါမှ မမြင်ဖူးလောက်တောင် စာအလွန်ကြိုးစားသူပါ။ မျက်နှာနဲ့ စာအုပ်ကို မခွာဘဲ စာကျက် ကျက်နေတတ်တယ်လို့   မှတ်မိနေပါတယ်။  ကျမတို့   အခန်းကလေးက တော်တော်ကျဉ်းပါတယ်။   ကုတင်နှစ်လုံးကြားမှာ  လူနှစ်ယောက် ရှောင်စာရုံလောက် နေရာရှိတာမို့   ကုတင်ပေါ်မှာပဲ အိပ်၊ ကုတင်ပေါ်မှာဘဲစား၊ ကုတင်ပေါ်မှာဘဲ စာဖတ်ကြရတာပါ။   မနက်အစောကြီး ထ ထ စာဖတ်တတ်တဲ့ သူမက ကျမကို အားနာလို့   မီးအလင်းရောင်ကြောင့် ကျမ အနေမခက်ရအောင် နှစ်ယောက်ကြားမှာ လိုက်ကြာအထူကြီးတခု တပ်ထားခဲ့ပါတယ်။
                   
နောက်ပိုင်းမှာ အဆောင်ကို လူတွေ တဖွဲဖွဲ ထပ်ရောက်လာပါတယ်။  အဟောင်းနဲ့အသစ်တွေ မိတ်ဖွဲ့ကြ၊ မသိမသာလေး အကဲခတ်ကြ ၊ ဒီဇိုင်းတူရင်တော့ တွဲလိုက်ကြ ပေါ့။ အဆောင်သူတွေထဲမှာ အတောက်ပဆုံးကတော့ မြိတ် (ဘိတ်) မြို့နယ်ရဲမှူးသမီးဆိုတဲ့ မသန္တာပါ။  သူကတော့ အ၀တ်အစားကအစ အသုံးအဆောင်တွေအလည်၊ အစားအသောက်တွေအဆုံး အကောင်းစားတွေသာ များပါတယ်။ ဒါပေမဲ့ စကားပြောချိုသာပြီး မာနမကြီးတတ်သလို ကျွန်မတို့နဲ့လည်း တကူးတက လာလာပြီး ပြောဆိုနှုတ်ဆက် တတ်ပါတယ်။ “စောင်”ကို “ပုဆိုး”၊ “ဆပ်ပြာ”ကို “သူပုန်”လို့ ခေါ်တတ်တဲ့ ရခိုင်သံဝဲ၀ဲနဲ့   ဖြူဖြူခိုင် အပါအ၀င် ရခိုင်မကလေး သုံးလေးယောက်လည်း ရှိပါလေရဲ့။ကျွန်မတို့အားလုံးဟာ အသက် ၁၆နှစ်နဲ့ ၁၈နှစ် အတွင်းပဲ ရှိကြသေးတာပါ။  ကလေးဘ၀ကလည်း မကျွတ်မလွတ် လူကြီးဘ၀ကလည်း မ၀င်မဆံ့သေးတဲ့ ပိုးတုံးလုံးကလေးတွေပေါ့...။
               
  ည ည ကောင်ကလေးတွေ သီချင်းဆိုကြတဲ့ အချိန်ကတော့ ပျော်စရာကောင်းလှပါတယ်။  မွန်းအောင်ရဲ့ “ ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ် အေးမြသူ.......” တို့    တူးတူးရဲ့ “ ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့ သူက ဆိုလာစဉ်......” တို့    ခင်မောင်ထူးရဲ့  “ ပန်းခရမ်းပြာ ဗေဒါလေးကမ်းစပ်နဘေးမှာ....” အလွန် နားထောင်ကောင်းခဲ့တာပါ။  သူတို့ ကြူနေတဲ့ ကောင်မလေးတွေကိုလည်း  ပြူတင်းပေါက်က ပုံရိပ်ကလေးတွေ မှန်းဆပြီး သီဆိုနေကြရဲ့။  မှောင်ထဲက သူတို့မျက်နှာတွေကိုလည်း ယမ်းမီးခြစ်ဆံတွေ ခြစ်ပြီး ထွန်းညှိ ပြလားပြရဲ့။  အထဲက မိန်းကလေး တွေကလည်း “ဟဲ့ အဲဒါ ဘယ်အဖွဲ့မဟုတ်လား၊ ဘယ်မြို့က ကောင်လေ ”နဲ့  တီးတိုးတီးတိုး။
               
မသန္တာရဲ့အခန်းဖေါ် စုစုရဲ့အစ်ကိုက မသန္တာကို သဘောကျနေတာကလား။  စုစုဆီလာလည်ရင်း အတူတူ သွားကြ စားကြရင် ဘယ်အချိန် ပရိုပို့စ်လုပ်လိုက်မှန်းမသိဘူး။  ဒါမျိုးက ထိပ်တန်းလျို့ဝှက်မို့လား။  တစ်နေ့တော့ မသန္တာက မြို့ထဲသွားပါတယ်။  စုစုကို အဒေါ်အိမ်က ဖုန်းလာရင် ပြောပေးဖို့  ဘာညာ မှာခဲ့တာပေါ့။  တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က မသန္တာရဲ့ဖုန်းကို စုစုကိုင်ရပါတယ်။ “ဟဲလို” ထူးထူးခြင်း တဖက်က “သန္တာလား” တဲ့။  ဒီအသံကြားဘူးပါတယ်လို့  စုစုက တွေးနေတုန်း၊  သကောင့်သားက အဖြေတောင်းပါတယ်။  အန်- သူ အသံရှင်ကို ကောင်းကောင်းမှတ်မိပါပြီ။ ဒီလောက်ဖြစ်နေတာ သင်းကို ကောင်းကောင်း ပညာပေးရမယ် လို့  ဆုံးဖြတ်လိုက်တယ်။ သူက  “မနက်ဖြန် ဘုရားမှာ တွေ့ရအောင်လေ” ပြောလာတော့  “ဟင့်အင်း”။  စုစုဖြေသံက မပွင့်တပွင့် အင်းလိုလို အွန်းလိုလိုဆိုတော့ တဖက်ကလည်း သူ့ဇောနဲ့သူ မခွဲခြားနိုင်ခဲ့ဘူး။  “ဘာဖြစ်လို့လဲ”  တစ်ခုခု ပြောတော့ ပြောရပါလိမ့်မယ်။ အလိမ်ပေါ်မှာစိုးလို့ အတိုဆုံးပဲ ပြောလိုက်တယ် “ရှက်လို့”  ။  “ဟာ သန္တာကလည်း ဘာရှက်စရာရှိလဲ၊ ဘုရားဖူးရုံ၊ မုန့်စားရုံပဲ၊ လာခဲ့ကွာ နော်   နော်  မနက်ကိုးနာရီလောက် ရလား”   “အင်း အင်း” လို့ ပြောပြီး ဖုန်းချတဲ့အထိ သူလုံးဝ သိမသွားရှာပါဘူး။  ကိုယ့်ညီမကို ကိုယ် ရည်းစားစကား ပြောနေမိတာကိုပေါ့။  မသန္တာ ပြန်လာတော့ စုစုက သူမသိရကောင်းလားလို့   ဦးအောင်အပြစ်တင်ပြီး အကြောင်းစုံကို ဇာတ်ခင်းပါတယ်။  မသန္တာက ရှက်လည်းရှက်၊ ယောက်မလောင်းလည်း ဖြစ်နေတော့ မပြောသာဘဲ မျက်နှာငယ်ငယ်လေးနဲ့  ပြုံးလို့သာ နေပါတယ်။  နောက်နေ့တော့ ဘုရားကိုလည်းသွားပါတယ်၊  သူတို့လည်း အတွဲဖြစ်သွားလေသတည်းပေါ့။  စုစုအကိုကတော့ တော်တော်လေး မျက်နှာပူသွားပါတယ်။  “ငါ ထင်တော့ထင်သား အသံကြီးက တမျိုးပဲ” လို့  ပြောပါသေးတယ်။   ဒါကတော့ အဆောင်သူတွေရဲ့ ဘရုတ်ကျနည်းပေါင်းစုံထဲက တစ်ခုပါ။
                   
အဆောင်ပိုင်ရှင် အန်တီကြီးက ကျွန်မတို့   အခန်းဖေါ်နှစ်ယောက်ကို ဘာသဘောကျမှန်းမသိ တော်တော်သဘောကျတာပါ။ “ သမီးတို့က အေးလွန်းလို့  ချစ်တာ” လို့  ပြောပြောပြီး ဟင်းခွက်လေးတွေ ကြိတ်ကြိတ် ပေးလေ့ရှိပါတယ်။  ကျွန်မတို့ကလည်း သူ့ကိုအားနာလို့  ယူယူ ထားပေမဲ့ ကျန်တဲ့ အဆောင်သူတွေကိုလည်း မျက်နှာပူနေမိပါတယ်။  လခ အတူတူ ပေးနေကြတဲ့ သူတွေ မဟုတ်လား။ 
                   ကျွန်မ အခန်းဖေါ်လေးက ငွေကို စံနစ်တကျသုံးသူပါ။  တစ်နေ့ချင်း အသုံးစရိတ်ကို တပြားမကျန်မှတ်ပြီး တစ်လကုန်ရင် စာရင်းချူပ်တတ်ပါတယ်။  နည်းနည်းကလေး ကွာတာနဲ့  အခေါက်ခေါက်အခါခါ ပြန်တွက်လေ့ရှိပါတယ်။  မနေနိုင်လွန်းလို့   “ကဲပါကွာ- မမှတ်မိသောအသုံးစရိတ်ဆိုပြီး ပေါင်းထည့်လိုက်” လို့   ဒေ၀ဒတ်ဥာဏ်နဲ့  အခါပေးမိပါတယ်။  သူက “မဟုတ်ဘူး- ကွာကို မကွာရဘူး- ကွာနေတာ မကြိုက်လို့” ဆိုပြီး ဆက်စာရင်းစစ်ပါတယ်။  နောက်ဆုံး  “တွေ့ပြီ တွေ့ပြီ၊ အင်းစိန်သွားတဲ့ ဘတ်စ်ကားခ” လို့ အောင်မြင်စွာ ကြွေးကြော်ချိန်မှာတော့ သူနဲ့အတူ ရောယောင်ပြီး ပျော်သွားခဲ့ရပါတယ်။  ဒီလိုသူငယ်ချင်းနဲ့နေတော့ ကျွန်မလည်း နဂိုရ်က လိမ္မာသူပီပီ (အဟဲ) အတော်ကလေး စည်းကမ်းကျန ခဲ့ပါတယ်။  ကျွန်မတို့  စုထားဆောင်းထားသမျှဟာ အဆောင်နေ ၀မ်းကွဲအစ်ကိုများရဲ့ လက်ချက်နဲ့  တက်တက် ပြောင်သွားလေ့ရှိပါတယ်။  သူတို့  လာလိုက်မှဖြင့် ဖုတ်ပူမီးတိုက် ချည်းပဲ။  “စားစရာ လုံးဝမရှိတော့ဘူး” တို့   အဆောင်လခ သွင်းစရာ မရှိတော့ဘူးတို့   စုံနေတာပါဘဲ။  အိမ်က မိဘတွေကတော့ အားကိုးတစ်ကြီး အပ်လိုက်ကြပါတယ်။  မင်းနှမလေး ကူညီပါ၊ စောင့်ရှောက်ပါ - တဲ့။  အခုကတော့ ငါးဖယ်လန်က ပြောင်းပြန် ဖြစ်နေပြီအမေရေ့    လို့   ပြောရတော့မလိုပါဘဲ။
             အဆောင်သူဘ၀ဟာ လူကို အများကြီး ရင့်ကျက်စေတာတော့ အမှန်ပါဘဲ။  မိတစ်ရာသား ဖတစ်ရာသမီးတွေနဲ့   သင့်တင့်မျှတအောင်နေတတ်မှ ရှင်သန်နိုင်မှာပါ။  အဆောင်မှာ လုံချည်လှန်းတာ၊ မီးသုံးတာ၊  ရေချိုးခန်းသုံးတာကအစ  တစ်ကိုယ်ကောင်းစိတ်ရှိသူဟာ အများနဲ့  ပြဿနာဖြစ်ကြရတာပါဘဲ။   ရေအိမ်သုံးပြီး ရေမဆွဲတဲ့သူ၊  မိမိပစ္စည်းကို ရိုသေရကောင်းမှန်းမသိဘဲ ဖွာလန်ကြဲထားတတ်သူ၊  မိမိဥစ္စာကို တစ်ပြားက နှစ်ပြား အပွန်းပဲ့မခံချင်သူ၊ ဗိုလ်ကျချင်သူ၊  စသဖြင့် အစုံတွေ့ရတတ်ပါရဲ့။  အဲဒီအထဲမှာ စကားရောင်းစကားဝယ် စကားသယ် စကားပို့   လုပ်တတ်သူပါလို့ကတော့ တဂျိန်းဂျိန်း ရန်ဖြစ်တာတွေ တွေ့ရတတ်ပါတယ် အသက်အရွယ်လေးနဲ့မလိုက် ဘုရားတရားကြည်ညိုသူ၊  ကူညီရိုင်းပင်းတတ်သူ၊ တွေလည်း အများကြီးပါ။ အဲဒီအားလုံးသော အဆောင်သူတွေထဲမှာ  ရင့်ကျက်တည်ငြိမ်ပြီး သူတပါးကို လမ်းညွှန်ဦးဆောင်နိုင်သူနဲ့    ဟာသတွေအများကြီး ပြောတတ်တဲ့သူတွေဟာ လူကြိုက်အများဆုံးပဲ.....။  မေဂျာ ကွင်း (အလှဘုရင်မ) တွေကတော့ လူစိတ်ဝင်စားတာ တော်တော်ခံရပါတယ်။  ကျောင်းသူချောချောလှလှ များတဲ့အဆောင်ကို ဆိုရင် ညညတိုင် လာဖျော်ဖြေတဲ့ အဆောင်ရှေ့ ဂီတလုလင်အဖွဲ့တွေလည်း ပိုများတတ်ပါတယ်။ ဟိုတုန်းကတော့ အတော်ကလေး စည်းကမ်းရှိတာပါ။ ဘယ်နှစ်ဖွဲ့လာလာ ၊ တစ်ယောက်တစ်လှည့်ပဲ။  သူဆိုရင် ကိုယ်နား၊ ကိုယ်ဆို သူနားပေါ့။ ရန်ဖြစ်တယ်လို့   သိပ်မရှိလှဘူး...။
                  အပျော်အပါးအနေနဲ့   ယောက်ျားလေးဆောင်တွေက ဖဲ နဲ့မကင်းသလို  မိန်းကလေးဆောင်တွေက သရဲ နဲ့ မကင်းပါဘူး။   “၀ိညာဉ်” လောကကို စပ်စုကြတာပေါ့လေ။  အများဆုံးကတော့ “ဖျာလိပ်နတ် မအောင်ဖြူ“ နဲ့   “မတ်စေ့သရဲ” တွေပါ။  ဖျာလိပ်နတ်ဆိုရင်  ဖျာလိပ်ကြီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ထဘီ အကျီင်္ ၀တ်ပေးပြီး  လူလေးငါးယောက်က လက်နဲ့ မ  ထားရပါတယ်။  မအောင်ဖြူက အရှက်ကြီးပါတယ်။  ယောက်ျားလေး မပါရပါဘူး တဲ့။  လည်လည်ပတ်ပတ် ရှိသူတစ်ယောက်က ပါးစပ်တစ်တွတ်တွတ်နဲ့   အမေ မအောင်ဖြူကို ပင့်ဖိတ်ပါတယ်။  ဖျာလိပ်ကြီး လှုပ်လာရင်တော့ နတ်ဝင်ပါပြီ။  “စာမေးပွဲအောင်မလား”  “ဂုဏ်ထူးပါမလား” က စပြီး၊ “ဘယ်သူ အရင် ချစ်သူရမလဲ၊ အိမ်ထောင်ကျမလဲ”  “ ရည်းစားက ချောမလား” အစုံပါ ပါတယ်။  ပေါက်ကရလေးဆယ်က ပိုများသလောက် ဖျာလိပ်ကြီးက ပတ်ချာယမ်းပြီး သက်ဆိုင်ရာမိန်းကလေးရဲ့ ခေါင်းကို တစ်ဘုန်းဘုန်းနဲ့ ရိုက်ပါတယ်။  မယုံတဲ့လူတွေက ကိုယ်တိုင်ဝင်ကိုင်ပြီး “ဟုတ်တယ်ဟ သူ့ဟာသူ ယမ်းနေတာ၊ ထိမ်းမရဘူး” လို့  ပြောကြပါတယ်။  တစ်ခုခုတော့ တစ်ခုခုဘဲပေါ့နော်။  ကျွန်မလည်း ဘေးက ၀င်မေးဘူးပါတယ်။  မေးလို့ဝရင် ရွတ်ဖတ်ပြီး လေးလေးစားစား ပြန်ထွက်ခိုင်းရပါတယ်။  မတ်စေ့သရဲလေးက ကျတော့  အေကနေ ဇက်အထိရေးထားတဲ့ အကွက်ကလေးရယ်။ Yes  No  ရေးထားတဲ့အကွက်ကလေးရယ်။ အိမ်တစ်လုံးပုံရယ် စက္ကူပေါ်မှာဆွဲထားရပါတယ်။  မတ်စေ့လေးကို အိမ် ပုံပေါ်တင်ပြီး လူနှစ်ယောက်ရဲ့  လက်ညှိုးနှစ်ချောင်းနဲ့  ခပ်ဖွဖွလေးဖိထောက်ထားရပါတယ်။  ထုံးစံအတိုင်း spirit , spirit, come, come ဆိုပြီး ပင့်ဖိတ်လိုက်တဲ့အခါ မတ်စေ့လေးက စပြီး ရွေ့ လာပါတယ်။ သူက မေးသမျှကို အင်္ဂလိပ်စာလုံး ပေါင်းပြီး ဖြေပေးပါတယ်။ Yes  No  ဆိုလဲ  Yes  No  ပေါ့။  သရဲ့ရဲ့အကြောင်းကိုလည်း ပြန်မေးလို့ရပါတယ်။  ကျွန်မတို့  မေးကြတုန်းကတော့ သရဲက သူဟာအရင်တုန်းကတက္ကသိုလ်ကျောင်းသား၊ ကားတိုက်မှုနဲ့ အစိမ်းသေ ထားတာလို့ ပြောပါတယ်။  ဒီနေရာမှာ ၀ိညာဉ်လောကကို ယုံတယ်မယုံဘူးဆိုတာတွေထက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတို့ရဲစပ်စုတတ်တဲ့ သဘာဝ၊ နည်းမျိုးစုံနဲ့    ဘရုတ်ကျတတ်တဲ့ ဥာဉ်ကလေးတွေကို ပြောချင်တာ ဖြစ်ပါကြောင်း အမှတ်တရ ကောက်ကြောင်းဆွဲလိုက်ရပါတယ်။


(ဆက်ရန်)

မိုးစက်ပွင့်
photo credit: flickr.com
                   

Thursday 1 April 2010

ရထားထွက်ချိန်

မျှော်လင့်ခြင်းရထားက
အင်နားရှားဘူတာမှာထိုးဆိုက်ထားခဲ့။

အပူရှိန်ပြင်းပြင်း
နေမင်းက ကောင်းကင်ထက်
ခရီးသည်တွေကိုနှိပ်စက်
ချွေးတစ်စက်စက်ယိုစီး
ဤခရီး မနီးဘူးလား...။
 
ရုံပိုင်ကိုမျက်နှာချိုသွေး သတင်းမေးသူကမေး
ရထားအချိန်မှန်စေဖို့ အဓိဌာန်ပုတီး စိပ်သူစိပ်
အိတ်ထဲက၀ီစီထုတ်  မှုတ်တဲ့သူကမှုတ်
ကိုယ့်အထုပ်ကိုယ်ပိုက်  ငိုက်တဲ့သူကငိုက်
စိတ်အိုက်အကြံခက် ဘေးထွက်ရပ်သူကရပ်
စက်မပါတဲ့ နာရီကိုပတ်ထားပြီး အချိန်လေးစားပါလို့ ပြောတဲ့သူပြော
အိတ်ထဲက လက်ပ်တော့ကိုထုတ် ကီးဘုတ်ကိုနှိပ်
ကမ္ဘာနဲ့ ချိတ်ဆက်လိုက်ဦးမတဲ့
စိတ်ပျက်သွားမလား မိတ်ဆွေ..။


“ရေ...ရေ...ရေမယ်.... ရေရမယ်”
မျှော်လင့်ခြင်းခရီးသည်များရဲ့အိပ်ကပ်ကို
မျှော်လင့်ခြင်းမျက်ဝန်းနဲ့ ကြည့်တတ်တဲ့
ကလေးငယ် ဈေးသည်လေးရဲ့
မျှော်လင့်ခြင်းအသံ..။


မျှော်လင့်ခြင်းရထား
စက္ကန့်မိနစ်ပေါင်းများစွာ
နာရီနေ့ရက်ပေါင်းများစွာ  
လ နှစ် သက္ကရာဇ် ပေါင်းများစွာ 
“ဗျာ”
ခေါင်းတွဲကို သော့ခတ်ထားသတဲ့လား.......။


မိုးစက်ပွင့်