လွမ်းစရာအတိတ်ဆိုတာ လူတိုင်းကိုယ်စီ ရှိကြစမြဲပါ။
တက္ကသိုလ်၊ တက္ကသီလာ၊ မြကျွန်းသာ၊ စိန်ပန်းမြေ၊ ကံ့ကော်မြေ၊ စတဲ့ အမည်အမျိုးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ လှပတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာရင်နို့ သောက်စို့ခဲ့ကြသူတိုင်း ဘယ်တော့မှမမေ့နိုင်တဲ့ အတိတ်ကလေးတွေ ရှိကြစမြဲ။ ချစ်သူရှိသူဖြစ်စေ ချစ်သူမရှိသည်ဖြစ်စေ အနည်းနည်းအဖုံဖုံ ပျော်ရွှင်စရာ ကာလလေးတွေကို မျှဝေ ပေးတတ်စမြဲ။ မိခင်ဟာ သူ့သားသမီးတွေကို ဆိုးဆိုးကောင်းကောင်း တော်တော်ညံ့ညံ့ ဆင်းရဲချမ်းသာမရွေး မေတ္တာဓါတ်အပြည့်ပေးနေသလို အမိတက္ကသိုလ်မြေကလည်း နွေးထွေးသော မေတ္တာဓါတ်တွေကို အစဉ် ထုတ်လွှတ်ဖြန့်ကျက်ပေးနေသလိုပါဘဲ။ ဒါကြောင့်လည်း အတောင်အလက်စုံလို့ အမေ့ရင်ခွင်က ထွက်ခွာသွားခဲ့တဲ့သားသမီးတွေရဲ့ လွမ်းချင်း တမ်းချင်း ကဗျာတွေ စာတွေ သီချင်းတွေက အနုညာ ပန်းစုံတောမှာ ရေတွက်မကုန်အောင် များပြားလှသည်လေ....။
ရန်ကုန်တက္ကသိုလ်ဆိုတာ ခန့်ထည်တဲ့ ဗိသုကာလက်ရာမွန်တွေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့နေရာ၊ ရှည်ကြာတဲ့ သမိုင်းကြောင်းနဲ့ အမှတ်တရဖြစ်စရာ၊ ပျော်စရာ၊လွမ်းစရာ၊ ကြေကွဲစရာ၊ ဂုဏ်ယူစရာ၊ တမ်းတစရာ အတိတ်ပေါင်းများစွာကို သူ့ရင်ဘတ်ထဲမှာ သိုမှီးသိမ်းဆည်းထားတဲ့နေရာ။ လှတဲ့ပန်း၊ မွှေးတဲ့ပန်း၊ အညတြပန်း၊ ပင်မြင့်စံပန်း၊ အရိုင်းပန်း အားလုံးတို့ စုစည်းခုံလှုံရာ ဥယျာဉ်သာ။ ကိုယ်လဲ အဲဒီပန်းတွေထဲက မလှမပ အညတြပန်းကလေး တစ်ပွင့်ရယ်ပါ။
ပထမဦးဆုံး အမိတက္ကသိုလ်ကို ခြေချတာနဲ့ ကျွန်မအာရုံကိုဖမ်းစားလိုက်တာက သစ်ပုတ်ပင်ကြီးပါ။ သက်တမ်းဘယ်လောက်ရှိမှန်းမသိပေမဲ့ တော်တော်ကို ရင့်ကျက်အိုမင်းနေတာ သေချာပါတယ်။ တက္ကသိုလ်နယ်မြေကြီးတစ်ခုလုံးကို သူ့လက်တံ ရှည်မားမားကြီးတွေ ဖြန့်မိုးပြီး စီးကြည့်နေသလား ထင်ရပါတယ်။ သူ့ရဲ့ ရင်ကွဲမြစ်ဆုံကြီးနားကိုသွားပြီး ဓါတ်ပုံမရိုက်ဖူးတဲ့ ကျောင်းသူ မရှိလောက်ဘူးထင်ပါရဲ့။ သူက ဇွဲသတ္တိ အားမာန်တွေရဲ့ သင်္ကေတ ထင်ပါရဲ့။ နာဂစ်တိုက်တုန်းကတောင် သူကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဒီမှာလေ - သူ့အကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာလေး...။သစ်ပုတ်ပင်
နှစ်ကာလများစွာက
ရင်ကွဲဒဏ်ရာတွေ သစ်နေဆဲ
သူ့လက်သီးကို ကျစ်ကျစ်ဆုတ်ထားဆဲ
တင်မင်းထက်
၂ဝဝ၉
နောက်ထပ် အထင်ကရနေရာတစ်ခုက ဘွဲ့နှင်းသဘင်ခန်းမကြီးပါ။ သူ့ရှေ့က အဓိပတိလမ်းမကြီးကို ခပ်တည်တည် ငေးစိုက်လို့ ။ သူ့ရှေ့က ခြင်္သေ့ကြီးနှစ်ကောင်ကလည်း ၀င့်ဝင့်ကြွားကြွား၊ လက်ရာမြောက်လှပါဘိတယ်။ ကိုယ်မြင်ခါစက ဘာကြောင့် ဒီခန်းမကြီးကို သစ်သစ်လွင်လွင် ဆေးမသုတ်သလဲလို့ မေးကြည့်ဘူးတယ်။ ကိုယ့်ထက် နှစ်တန်းကြီးတဲ့ အစ်ကိုဝမ်းကွဲက သူကြားဖူးတာကို ဖေါက်သည်ချပါတယ်။ “ဘွဲ့နှင်းသဘင်တို့၊ ဂျပ်ဆင်တို့ ၊ ကို ဆေးမသုတ်ရဘူး၊ ဟိုးခေတ်ကဆောက်ထားတဲ့ အင်းဝ၊ ပဲခူး၊ ရွှေဘို စတဲ့အဆောင်တွေကို အနီရောင်ကလွဲလို့ တခြားအရောင် မသုတ်ရဘူး၊ အဓိပတိလမ်းမအ၀င်က တံခါးကို ဘယ်တော့မှ မပိတ်ရဘူး၊ ခိုက်တတ်တယ်၊ သွေးထွက်သံယို ဖြစ်တတ်တယ်” တဲ့။ သူပြောတာ သိပ္ပံနည်းကျမဟုတ်ပေမယ့် နာခံတတ်တဲ့ ကျွန်မက ခေါင်းတညိတ်ညိတ်ပေါ့။ တကယ်တော့ သမိုင်းဝင် နေရာတွေကို ရှေးလက်ရာမပျက် ထိမ်းသိမ်း စောင့်ရှောက် ထားသင့်တယ်ဆိုတာ တော်တော်ကြီးလာမှ သိတာပါ။
ဘွဲ့နှင်းသဘင်ရှေ့က တရုတ်စကားပင်ကြီးကလည်းသူ့ပန်းပွင့် ဖြူလွလွလေးတွေကို မြက်ခင်းစိမ်းပေါ် ခြွေချလို့။ ကချင်လွယ်အိတ်နဲ့ ဆံပင်ရှည်ကောင်မလေးတွေ၊ လွယ်အိတ် အမွေးဖွားဖွားနဲ့ ခေတ်ဆန်ဆန် မိန်းမပျိုလေးတွေက မြက်ခင်းပေါ်မှာ အလှဆုံးပို့စ်တွေပေးလို့ ။ ရယ်သံလွင်လွင်လေးတွေက ပေါ့ပေါ့ပါးပါး။ ရန်ကုန်တက္ကသိုလ်ရဲ့ နာမည်ကြီးဓါတ်ပုံဆရာ ဦးစိန်ဝင်းကလည်း မချောလေးတွေကို လှသထက်လှအောင် လက်စွမ်းပြနေလေရဲ့...။ မနီးမဝေး အုတ်ခုံပေါ်မှာတော့ သမာဓိပိုးလှမ်းလှမ်းပိုးနေတဲ့ ကောင်ကလေး တစ်သိုက်။ သူတို့က တရုတ်စကားပင်ကြီးအနားကနေ ထင်းရူးတောလမ်းကလေးဆီ ဖြတ်သွားတဲ့ ကျောင်းသူလေးတွေကိုလည်း နောက်နောက်ပြောင်ပြောင် စကားလုံးလေးတွေနဲ့ မနာမကျင် ပစ်ပေါက်တတ်သေးတယ်။
ပြည်လမ်းကိုမျက်နှာမူထားတဲ့ ဂျပ်ဆင်အဆောက်အဦကြီးကတော့ လူနှစ်ယောက်လျှောက်သာရုံသာရှိတဲ့ ချစ်သူလမ်းကြားကလေးကို သူ့ကျောမှာ ၀ှက်ထားတတ်တယ်။ ဂျပ်ဆင်ကြီးရဲ့ ရှေ့တူရူက ရေတမာပင်တွေရဲ့ မြရွက်ချွန်တွေကလည်း သူတကာတွေထက် ပိုစိမ်းနေကြသလိုပါဘဲ။ ဂျပ်ဆင်ဟောကြီးရဲ့ မုခ်ဦးအ၀င်ပေါက်က တိုင်ကွယ်ကလေးတွေမှာ တွတ်ထိုးနေကြတဲ့အတွဲကလေးတွေ အနည်းဆုံး နှစ်တွဲ သုံးတွဲတော့ အမြဲရှိတတ်တာပေါ့။ ကိုယ်တို့ သူငယ်ချင်းတစ်သိုက် စိတ်ဝင်စားတာကတော့ အတွဲတွေ မဟုတ်ပါ။ ဂျပ်ဆင်ဘေးက နီနီရဲရဲ ချဉ်ချဉ်စပ်စပ် ဇီးသီး၊ ဂွေးပြား၊ ရှောက်သီးကွင်း အသုပ်တွေပါ။
ဂျပ်ဆင် ဘုရားကျောင်းရဲ့ မျက်စောင်းထိုးက ဘင်တန်ဟောလ်လို့ အရင်က နာမည်ကြီးခဲ့တဲ့ သီရိဆောင်ကြီးကတော့ အနီရင့်ရောင်ဝတ်စုံနဲ့ ကံ့ကော်ပန်းတွေ ၀န်းရံခလို့ ရင့်ကျက်တဲ့အလှတစ်ပါးပါဘဲ။ ဥပဒေကျောင်းသူမမတွေရဲ့ ကွန်းခိုရာပေါ့။
ကျွန်မတို့ ခြေရာချင်းထပ်ခဲ့တဲ့ ဂျပ်ဆင်မှသည် အမရဆောင်သွားရာလမ်းမှာတော့ ရွှေဘိုဆောင်ကို မဖြစ်မနေဖြတ်ရသေးတာ။ ရွှေဘိုဆောင်သားတွေကလည်း ကဲမှကဲ။ အပေါ်ကနေ ညောင်နာနာရော စွာတာတာရော အသံမျိုးစုံနဲ့ ခြေလှမ်းမှားအောင် အော်ဟစ်နောက်ပြောင် တတ်ကြပါသေးတယ်။ “ဘူမိဗေဒ အရာရှိလောင်းကတော် ဖြစ်ချင်သူများ စာရင်းပေးသွင်းနိုင်ပါပြီခင်မျာ..” တို့ ဘာတို့ အော်တတ်သေးတာ။ အဲဒီနားကိုဖြတ်တော့မယ်ဆိုရင် အသက်မှန်မှန်ရှု၊ ခြေလှမ်းမမှားနဲ့ ၊ ခလုတ်မတိုက်မိစေနဲ့ .....။ တစ်ချို့တွေဆို ကြံကြံဖန်ဖန် ရယ်စရာ ပြောတတ်လွန်းလို့ မရယ်မိအောင် ကိုယ့်လျှာကိုယ်ကိုက်ထားရတယ်။
အမရဆောင်ဘေးက ၀ိဇ္ဇာကင်တင်းန်ကလည်း ကျွန်မတို့အတွက် အိုအေစစ်လေးတစ်ခုပါ။ ဆိုင်တွေက မိသားစုလို ဖြစ်နေပြီမို့ အကြွေးစားရင်တောင်ရသေး။ ကျွန်မတို့ ထိုင်နေကျကတော့ “အန်တီမြ” ဆိုင်ပါ။ ဌာနစုံက ဆရာတွေ သူငယ်ချင်းတွေနဲ့ တစ်ဟေးဟေး တစ်ဟားဟား ၊ ရယ်စရာတွေလည်းပါရဲ့၊ ဗဟုသုတ ရစရာတွေလည်းပါရဲ့။ ဘယ်အချိန်ကြည့်ကြည့် ပွဲတက်ဆံထုံးကို သေသေသပ်သပ် ထုံးဖွဲ့ထားတတ်တဲ့ အန်တီမြကြီးကတော့ ကျွန်မတို့တစ်ယောက်ယောက်ကို မြင်တာနဲ့ “လာပါ လာပါ...ဘယ်ဆရာကတော့ ပြန်သွားပြီ...ဘယ်ဆရာမ ဘယ်ကျောင်းသားကတော့ မရောက်သေးဘူး” နဲ့ ခရီးဦးကြို ပြုတတ်ပါသေးတယ်။ ဒါကြောင့်ဘဲ အန်တီမြ လက်ဘက်ရည်ကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သောက်ကြ ၊ စားကြ၊ လေကန်ကြနဲ့ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ...။
ကျောင်းလခသွင်းဖို့ ငွေစာရင်းဌာနကို ချီတက်ရတော့မယ်ဆိုရင်တော့ တော်တော်ကို ခြေညောင်းပါတယ်။ သူက သိပ္ပံဖက်ခြမ်းနဲ့ ပိုနီးတာ မို့ပါ။ ဟိုရောက်ရင်လည်း တော်တော် စိတ်ရှည်စွာ ငွေပေးသွင်းရပါတယ်။ ကိုယ်တို့က မိန်းကလေးတွေမို့ နာမည်ပျက်မခံချင်။ နယ်ကျောင်းသား အစ်ကိုတွေကတော့ တစ်နှစ်လုံးကျောင်းလခ မသွင်းဘဲ သုံးစားပစ်ကြပါတယ်။ စာမေးပွဲပြီးလို့ အောင်စာရင်းထွက်ခါနီး reminder လာမှ သွင်းကြပါတယ်။ ဒါတောင် အဆောင်ကို သူတို့မို့လာပြီဆိုရင် ဘုရားတ နေရပါတယ်။ သုံးခေါက်မှာ နှစ်ခေါက်က ပိုက်ဆံချေးဖို့လာတာ ဖြစ်နေလို့ပါ။ ညက အဆောင်မှာ“၀ိုင်းကောင်း“ သွားလို့ပါ တဲ့။
အမိတက္ကသိုယ်ရဲ့ စာကြည့်တိုက်အဆောက်အဦကြီးကလည်း အလွန်ခံ့ညားတာပါ။ အထဲရောက်ရင် အေး စိမ့်နေသလို ခံစားရတယ်။ စာအုပ်တော်တော်များများကတော့ ပျောက်ဆုံးနေတယ်ထင်ပါရဲ့။ ကျွန်မတို့က ကက်တလောက်တွေထဲမှာ ကြိုးစားပမ်းစားရှာပြီး စာရွက်လေးတွေမှာ ရေးမှတ်၊ ကောင်တာစာရေးမက ပုံးကြီးတစ်ခုထဲထည့်ပြီး အောက်ထပ်အထိ ကြိုးနဲ့ ချပေးတယ်လို့မှတ်မိတယ်။ မျှော်လင့်ချက်နဲ့ မိနစ်ပေါင်းများစွာ ရပ်စောင့်ခဲ့ရသမျှ ကိုယ်ငှားတဲ့ စာအုပ်ကလေးထွက်လာရင်တော့ ၀မ်းသာရပါတယ်။ ခြေလှမ်းတွေတောင် မြောက်ကြွကြွဖြစ်လို့ ပေါ့။ ဒါမှမဟုတ်လို့ “မရှိပါ” ဆိုရင်တော့ နွမ်းလျအိမ်ပြန် ပဲပေါ့။ နှစ်ပေါင်းများစွာက သတင်းစာတွေတော့ ဖတ်လို့ရပါတယ်။ သူများ တွေမှာ ကွန်ပြူတာနဲ့ စာအုပ်ရှာ၊ ကိုယ့်ဘာသာကိုယ်ဆွဲယူ၊ ငှားထားရင်လည်း ဘယ်တော့ပြန်ရမယ်ဆိုတာပါ ပြထားတဲ့ အချက်အလက်တွေမြင်ရတော့ အမိတက္ကသိုလ်အတွက် စိတ်မကောင်းခြင်းနဲ့ သတိရမိပြန်တယ်။
အမှတ်တရ ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် စိန်ရတုသဘင်မှာ ကျွန်မတို့တွေ ပါဝင်ခွင့်ရခဲ့ပါတယ်။ စိန်ရတုခန်းမကြီးကလည်း ဖွင့်ကာစ။ မော်ဒယ်ရှိုးလျောက်တဲ့သူကလျှောက်။ က တဲ့သူက က။ ကျွန်မတို့က အနုပညာဆိုလို့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတာ။ ဒါတောင် ခွဲတမ်းကျအနေနဲ့ အုပ်စု သီချင်းဆိုတဲ့အထဲမှာ ပါခဲ့ရပါသေးတယ်။ ကျွန်မက “သီချင်း”ဆိုလို့ ကမ္ဘာမကြေလောက်သာဆိုဖူးပေမဲ့၊ ပတ္တလားပေါ် ကြောင်ပြေးသလောက်တောင် ကီးမ၀င်တဲ့ အသံပေမဲ့ အုပ်စုလိုက်ဆိုတော့ မဆိုးဘူးပေါ့။ မှေးလိုက်ရုံဘဲလေ။ မဆိုချင်ဘူး မရိုက်ချင်ဘူး။ ငြင်းလို့လဲ မရနိုင်ပါဘူး။ မေဂျာတိုင်းက သီချင်းတစ်ပုဒ်တော့ ထွက်ကိုထွက်ရမယ်လို့ သတ်မှတ်ထားတယ်မို့လား။ တကယ်တမ်းအဆိုကျင့်ကြတော့လည်း ကောင်းကောင်းလေးဖြစ်ချင်လို့ အသံဝင်တဲ့အထိ သီချင်းတိုက်ကြပါတယ်။ ဒါပေမဲ့ ရင်နာစရာကောင်းလှပါတယ်။ ကျွန်မတို့ရဲ့ ကြိုးစားပမ်းစား အာပေါက်မတတ်ဆိုထားတဲ့ အသံကလေးတွေကို မသုံးဘဲ စတူဒီယိုမှာ တခြားမိန်းကလေးတွေနဲ့ သွင်းထားတဲ့အသံကို dubbing လုပ်မယ်တဲ့။ လုပ်ကြပေါ့လေ။ ဒါနဲ့ပဲ မြန်မာ့အသံမှာရော မြ၀တီမှာပါ ဗီဒီယို ရိုက်ရပါတယ်။ လိမ်းခြယ်ထားတဲ့ မိတ်ကပ်ထူထူတွေရယ်၊ ၀တ်စားထားတဲ့ ချိတ်လုံချည် မာတောင့်တောင့်တွေရယ်၊ ၀ိုင်း ထိုးထားတဲ့ မီးရောင်စူးစူးတွေရယ်ကို စိတ်ကုန်လိုက်တာ။ သီချင်းက ပါးစပ်လှုပ်ရုံလေး ဆိုရတာပါ။ နောက်ပိုင်းမှာ သူများအသံလွှင့်မှာမို့ ဖီးလ်ကလည်း ငုပ်နေတာရော၊ ကိုယ်တိုင်က မနေတတ် မစားတတ်တာရော ဖြစ်နေခဲ့တာပါ။ ရိုက်ပြီး ပြန်ပြတဲ့အချိန်မှာ လူကိုယ် မြေခွဲပြီး အမျိုခံချင်စိတ် ပေါက်မိပါတယ်။ အားလုံးထဲမှာ ကိုယ့်ရုပ်က အဆိုးဆုံး၊ နောက်ပြီး တောင့်တောင့်ကြီးရပ်လို့၊ ကင်မရာချိန်လိုက်တိုင်း မျက်လွှာကြီးချပြီး ပါးစပ်ကလည်း ဆီမန်းမန်းသလိုလုပ်နေတာမို့ ဘယ်လိုမှ ကြည့်မကောင်းပါ။ တစ်ယောက်ချင်း အနီးကပ်ဆွဲရိုက်ထားတဲ့ ရိုက်ချက်ကိုမြင်ရချိန်မှာတော့ ဘုရား ဘုရား လို့ တ မိပါရဲ့။ တစ်ချို့သူတွေလည်း အမှားမကင်းဘူးပေါ့။ သုံးခါလောက် ပြန်ရိုက်ပြီးတော့ ကင်မရာမင်းက ရပြီလို့ပြောတယ်။ ကိုယ်ကတော့ မရွှင်သောနှလုံးသားနဲ့ ရုပ်သံခန်းမက ခွာခဲ့ပါတယ်။ အဲဒီနေ့က ရိုက်ထားတဲ့ သီချင်းကို ( ကိုယ့်ရုပ်နဲ့ သူများအသံ) နောက်ရက်တွေမှ အလှည့်ကျ ပြန်ပြန်ပြီး လွှင့်ပေးတယ် ပြောပါတယ်။ အဲဒီသီချင်းလာချိန်မှာ ကိုယ်သိတဲ့လူတွေ မတော်တဆ မကြည့်မိပါစေနဲ့လို့ ဆုတောင်းရတာ အမောပါဘဲ။ နောက်ပိုင်းမှာ တစ်ချို့သော ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက “တီဗီထဲမှာ သီချင်းဆိုတာ တွေ့တယ် ”လို့ ပြုံးစစနဲ့ ပြောကြလေတိုင်း ပါးတွေနားတွေ ပူထူရှိန်းပြီး ထွက်ပြေးချင်စိတ် ပေါက်မိပါတယ်။
သြော် တက္ကသိုလ်ဘ၀ကို လွမ်းလိုက်ပါဘိခြင်း..............။
(အဆောင်သူဘ၀ နဲ့ တက္ကသိုလ်မှသူငယ်ချင်းတွေအကြောင်း နောက်မှ ရေးပါဦးမယ်)
ကံ့ကော်ပန်းပုံကို ဒီက ယူပါတယ်။

မိုးစက်ပွင့်
(အဆောင်သူဘ၀ နဲ့ တက္ကသိုလ်မှသူငယ်ချင်းတွေအကြောင်း နောက်မှ ရေးပါဦးမယ်)
ကံ့ကော်ပန်းပုံကို ဒီက ယူပါတယ်။
အဆောင်သူဘ၀အကြောင်းလေးတွေမြန်မြန်ရေးနော် မျှော်နေမယ်
ReplyDeleteတို့လည်း ရေးချင်ပေမယ့် ဘယ်လိုရေးရမယ်မှန်းမသိသေးဘူး
အစ်မ ရေးခဲ့တဲ့ ကျောင်းသူဘဝ ဖြစ်စဉ်လေးတွေကို တွေးရင်းတွေးရင်း ပြုံးပြီး ရယ်နေမိပါတယ်...........
ReplyDeleteကျွန်တော်ကတော့ အမိကျောင်းတော်ကြီးနဲ့ နေခဲ့စဉ်တုန်းက
နွေးထွေးမှု အပြည့်မရရှိခဲ့ပေမယ့် နောင်လာမယ့်နှစ်များစွာအထိ
မေ့ပျောက်လို့မရတဲ့ အချိန်တွေကတော့ ကံ့ကော်မြေနဲ့ အမိကျောင်းတော်ရင်ခွင်ဟောင်း ပါပဲ...........