Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Thursday, 12 April 2012

ရေနံ့သာ

မတ်လ တလလုံးကတော့ ရုံးအလုပ်နဲ့ သာရေးနာရေး  နှစ်ခုပေါင်းပြီး နားရက်တရက်မှ မရှိခဲ့ပါဘူး။  စနေတနင်္ဂနွေ မှာတောင် ခရီးသွားနေရတယ်။ ဧပြီတရက်နေ့မှ ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ပါတယ်။  အဲဒီနေ့ကတော့ ရန်ကုန်မှာ လူတွေ တော်တော်ပျော်နေကြတယ်တော့ ကိုယ်လဲအတူတူပျော်ခဲ့ရတာပေါ့..။ ဧပြီ နှစ်ရက်နေ့မှ ချစ်သောအညာကို ပြန်ရောက်ပါတယ်။  ခရီးသွားရတာ နှစ်သက်ပြီး  ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရတာမို့ ပင်ပန်းတယ်တော့ မထင်မိပါဘူး။  ဒါပေမဲ့ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင် ဆိုသလို  အသက်လတ်ပိုင်း ရောက်နေတဲ့ ကိုယ့်အတွက် အနားယူမှုတခုခုတော့ ရှိသင့်တယ် လို့ တောင့်တောင့်တတ တွေးနေမိတယ်..။  သင်္ကြန်ရက်ကျရင်တော့ ......အင်း....  နားရမယ်ထင်ပါရဲ့လေ...။  အဲဒီ သင်္ကြန် မတိုင်ခင်လေးမှာဘဲ ရုတ်တရက်ကောက်ခါငင်ခါ တညအိပ် ခရီးထွက်ဖို့ကြုံလာရပြန်တယ်။



ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့......

ဆည်းဆာရဲ့အလှမှာ
က  နေတဲ့ နတ်သမီးလို
အတိတ်ရဲ့ ရွှေရောင်တွေ တစွန်းတစ ထင်ကျန်နေဆဲ ...

နို့မျက်နေတဲ့ မိခင်လို
ရေနံစင်ကြီးတွေ ရင်မှာ တပွေ့တပိုက်နဲ့
ရေနံ မထွက်ချင်တော့တဲ့ မြို့ ....

မောင်သိန်းဆိုင် လှလှပပချယ်သခဲ့တဲ့
ရေနံ့သာခင်ခင်ကြီးတို့ရဲ့မြို့ ....

ရင်ခုန်သံ ခေတ်သစ်စကားနဲ့
စာအရေးအကောင်းတဲ့ ဆရာဝန်မလေးရဲ့ဇာတိမြို့ ...

တောင်ကုန်းကလေးတွေ ကွေ့ကာဝိုက်ကာနဲ့
ဖူးစာရေးကုန်း ဆိုတဲ့ လွမ်းမောစရာ ကုန်းကမူကလေးနဲ့မြို့ .....

အ၀တ်နွမ်းနွမ်းတွေ ဆင်ထားတာအောင်
အလှတရားမပြယ်တဲ့ သူငယ်မလေးလို  မြို့ .....

အားလပ်ရက်မှာ  အလည်အပတ် ထွက်ရအောင်
မြို့အနှံ့  မြင်းလှည်းကလေး တို့- အတူတူစီးဖို့ 
လာလေ သွားကြပါစို့ ....
ဧရာဝတီမြစ်ကမ်းနားက 
 အလျားရှည်တဲ့ မြို့ကလေးဆီသို့.....။


ရောက်ဖူးခဲ့တဲ့ မြို့လေးတွေထဲမှာ ပြင်ဦးလွင်နဲ့ ဒီမြို့ကလေးကို သဘောအကျဆုံးပဲ.... လို့ ခရီးသွားဖေါ်မိတ်ဆွေ ကိုပြောပြမိတော့ သူက နားမလည်နိုင်စွာ ပြန်ကြည့်တယ်။  ဒီမြို့တွေမှာ အတိတ်က အငွေ့အသက် တွေကို ခံစားရလို့၊ မခမ်းနားပေမဲ့ ထည်ဝါတဲ့ ရှေးလက်ရာလေးတွေနဲ့၊   စိတ်ကူး ကောင်းကောင်း လေးတွေကို ပုံဖေါ်ထားတဲ့ ဗိသုကာ အငွေ့အသက်ကလေးတွေ တွေ့ရလို့၊  မြစ်နဲ့ချောင်းနဲ့ တောင်နဲ့ အပင်လှလှလေးတွေရှိလို့..။  ဘယ်လိုရှင်းပြပေမဲ့ သူကတော့ သိပ်လက်ခံချင်ပုံမရ။  ရှိပါစေလေ။  အလှဆိုတာ ကြည့်သူရဲ့အကြိုက်နဲ့ဘဲ ဆိုင်သည်မဟုတ်လား။ 

မြို့စွန်မှာတော့ သူဌေးကုန်း၊ တွင်းကုန်း စသဖြင့် အတိတ်ရဲ့ ပုံရိပ်ကိုထင်ဟပ်တဲ့ အမည်လေးတွေနဲ့ ရပ်ကွက်ကလေးတွေရှိပါတယ်။  တွင်းကုန်းလမ်းခွဲကနေ ညာဖက်ကိုချိုးလို့ သွားလိုတဲ့ ကျေးရွာလေးဆီ ဆက်ပြီး ဦးတည်လာကြပါတယ်။  လမ်းမှာ ဆိုင်းအဖွဲ့တွေပါတဲ့ ကားနဲ့ ဆုံခဲ့ပါသေးတယ်။ အလှူပွဲ ဖျော်ဖြေကြမလို့ ထင်ပါရဲ့။ အညာကျေးလက်မှာ ဆိုင်းတို့ အငြိမ့်တို့ ဆိုတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။


တနေကုန် အလုပ်လုပ်ပြီး ညဖက် အနားယူဖို့အတွက် မြို့ကလေးဆီ ပြန်ခဲ့ကြပါတယ်။  ညစာစားပြီးတော့ ကိုးနာရီထိုးနေပါပြီ။  ရွေးချယ်ထားတဲ့ နေရာက  “လေသာကုန်း” လို့ခေါ်တဲ့ ကမ်းနားက ဧည့်ရိပ်သာကလေး။ ကမ်းပါ်းတောင်ကုန်းက  ၀င်းခြံကျယ်ကြီးထဲမှာ  ဘန်ဂလိုပုံစံ နှစ်ခန်းတွဲကလေးတွေ သပ်သပ်ယပ်ယပ် ဆောက်ထားတာမို့  နှစ်သက် သဘောကျမိပါတယ်။


 အခန်းကလေးတွေကတော့ ဟိုတယ်လိုမျိုး သိပ်မကျယ်ဝန်းပေမဲ့ နေသာရုံ အလောတော်ပါ။ ကျမ အနှစ်သက်ဆုံးက မျက်နှာကျက်အမိုးပါ။  ရေပြင်ညီမဟုတ်ဘဲ အမိုးနဲ့ မျဉ်းပြိုင်ကပ်ထားတာမို့  အခန်းက ပိုမြင့်ပိုကျယ်သွားသလို ခံစားရပါတယ်။


မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေကို ခံစားရင်း သက်တောင့်သက်သာလဲလျောင်းနေမိတာမို့ သယ်လာတဲ့စာအုပ်တွေကို အားနာစွာနဲ့၊  စာဖတ်ဖို့စိတ်ကူးကို ဖျက်လိုက်ပါတယ်။ မှေးကနဲ အိပ်ပျော် သွားပြီး တရေးနိုးချိန်မှာတော့ မိုးနည်းနည်းရွာပြီး  လေခပ်ပြင်းပြင်းတိုက်နေပါတယ်။  ခေါင်မိုးဆီက တဂျွတ်ဂျွတ် ကြားရတာမို့  စိုးရိမ်စိတ်တွေ ဖြစ်နေမိပါတယ်။  တယောက်တည်းမို့ နည်းနည်း အားငယ်မိပေမဲ့  နာရီဝက် တနာရီကြာတော့ ရိုးသလိုဖြစ်သွားပြီး ပြန်အိပ်ပျော်သွားပါတော့တယ်။

မနက်ခင်းနိုးလာချိန်မှာတော့  ရာသီဥတုက သူမဟုတ်သလို သာသာယာယာ။    ခြောက်နာရီသာသာဘဲ ရှိသေးတာမို့ ကိုယ်လင်သန့်စင်ပြီး ရှုခင်းကြည့်ဖို့ လမ်းလျောက်ထွက်ပါတယ်။ အလှအပမြင်တိုင်း ခုံမင် နှစ်သက် တတ်သူမို့ ကျောက်စရစ် စီထားတဲ့ လျောက်လမ်းကလေးတွေ၊ ထန်းပင်စည် နဲ့လုပ်ထားတဲ့ ထိုင်ခုံကလေးတွေကအစ ချစ်နေမိပါတယ်။

နွေရာသီမို့  ဧရာမြစ်ပြင်က ကမ်းနဲ့ အလှမ်းဝေးနေခဲ့ပြီ။  ဒါပေမဲ့ သောင်ပေါ်က သစ်ပင်အုပ်စုလေးတွေက ချစ်စရာ။


ဝင်းခြံထဲမှာ နောက်ထပ် ဘန်ဂလိုအသစ်နှစ်လုံး ထပ်ဆောက်နေတာ တွေ့ရပါတယ်။ ပန်းပင်ကလေးတွေကို မြေအိုးကလေးတွေနဲ့  လှလှပပ စိုက်ထားတာ ဓါတ်ပုံတဖျပ်ဖျပ်ရိုက်နေမိပါတယ်။  

တနေရာမှာတော့ သိပ်လှတဲ့ ငုဝါပန်းပင်ပျိုကလေး။  အရွက်စိမ်းတွေ မရှိသလောက်ပေမဲ့ သူ့ရဲ့ ပွင့်ဝါ၀ါအခိုင်တွေက တစက်ကလေးမှ မညှိုးနွမ်းဘဲ  ပူပြင်းတဲ့ နွေကို အံတု အလှဆင်နေလေရဲ့။  “အင်း- ပိတောက်က နွေရဲ့အလှ ဆိုရင် ငုက နွေရဲ့ အားမာန်ဘဲ”  လို့ ဘာသာ ရေရွတ်မိနေခဲ့ပါတယ်။


လမ်းလျောက်ရင်း ပန်းပင်တွေကို ပြုစုနေတဲ့ အစောင့်ဦးလေးကြီးနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။  ပိုင်ရှင်က အနောက်တိုင်းကပြားသွေးစပ်တဲ့  အသက်ငါးဆယ်ကျော် မြန်မာတဦးဖြစ်ကြောင်း၊  သူက မူလက အပန်းဖြေအိမ် ဆောက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတည်ထောင်ထားတဲ့ မိဘမဲ့ကလေးကျောင်းရဲ့ ရံပုံငွေရအောင် တည်းခိုရိပ်သာ အသွင်ပြောင်းခဲ့တာဖြစ်ကြောင်း၊ လောလောဆယ် ဘန်ဂလိုသုံးလုံး အခန်းခြောက်ခန်းရှိကြောင်း၊ နောင်မှာ ဆယ်ခန်း ဖြစ်လာမှာဖြစ်ကြောင်း ပြောပြတာမို့ ပီတိဖြစ်ရပြန်ပါတယ်။  ဒီမြေကွက် ၀ယ်ယူစဉ်ကလည်း ရောင်းသူရဲ့ ဆိုဈေးကို နားလည်မှုလွဲပြီး ဆယ်ဆတိတိ ပေးချေမိပေမဲ့  ရောင်းသူက ပိုငွေကို ပြန်ပေးလိုက်ကြောင်း၊ ဦးလေးကြီးက ဖောက်သည်ချပါတယ်။  သြော်- လောကမှာ ဒီလို ရိုးသားဖြောင့်မတ်တဲ့ လူကောင်း သူကောင်းတွေ အများကြီး ရှိသေးပါလား လို့   အကောင်းမြင်စိတ်ကလေး ဖျတ်ကနဲ ၀င်လာမိပါတယ်။

လမ်းလျောက်လို့ ၀တော့မှ ပန်းခြံအငယ်စားလေးထဲက ၀ါးဆက်တီကလေးပေါ်မှာ အသာအယာထိုင်ပြီး  မိန်းကလေးတွေ လာချပေးတဲ့ ပေါင်မုန့်မီးကင်၊  ထောပတ်၊ ယို၊ ပန်းသီး စတာတွေနဲ့ မနက်စာ စားပါတယ်။   ပန်းခြံထဲမှာ လမ်းလျောက်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ ခွေးကလေးတွေ သုံးလေးကောင်က အနားမှာ အမြီးတနှံ့နှံ့နဲ့ လာတောင်းနေတာမို့ လူအလစ်မှာ ပေါင်မုန်တချို့ မျှကျွေးရင်း  မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နောက်တခေါက်တော့ လာဦးမှဘဲ - လို့ တွေးနေမိပါတော့တယ်။

အဲဒီတခေါက်က လုပ်လဲပြီးမြောက်၊  ကိုယ်ရောစိတ်ပါ အနားရခဲ့တာမို့ လန်းဆန်းတက်ကြွစွာ ပြန်လာနိုင်ခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း ကြုံရင် သွား အပန်းဖြေလိုက်ဦးနော်....... ။ မင်္ဂလာ မြန်မာနှစ်သစ်ပါ  လို့ နှုတ်ခွန်းဆက်ပါတယ်။  ပိတောက်မွှေးမွှေးလေးလဲ လက်ဆောင်ပေးလိုက်ပါတယ်.....   :D



မိုးစက်ပွင့်



Thursday, 16 February 2012

တခုသော ဆဲမ်မီနာ

အီးမေးလ်  စာတိုက်ပုံးလေးထဲကို UMFCCI Seminar ဖိတ်စာလေးတွေ မကြာခဏရောက်လာတတ်ပေမဲ့  အချိန်မအားလပ်တာရော၊ ကိုယ်နဲ့ တိုက်ရိုက်မဆက်နွယ်တဲ့ ဘာသာရပ်ကလေးတွေ ဖြစ်နေတာရော တို့ကြောင့် တခါမှ မတက်ဖြစ်ခဲ့ပါဘူး။ ဒီတခါတော့ အကြောင်းအရာက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့အလားအလာ နဲ့ ဟောပြောမဲ့ သူတွေက ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ ဂျိုးဇက်စတစ်ဂလစ်၊  ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ရော်နယ်ဖင်လေ တို့အပြင် အငြိမ်းစား ရန်ကုန်တက္ကသိုလ် ပါမောက္ခချူပ်ကြီး ဦးလှမြင့် တို့ ပါဝင်နေလို့ပါဘဲ။  စီးပွားရေး နိုင်ငံတော်အကြံပေး ပါမောက္ခဦးမြင့်က မော်ဒရေတာ လုပ်မယ်လို့ ဆိုပါတယ်။

 ဖိတ်စာထဲမှာ RSVP လို့ တွေ့တာနဲ့ အဲဒီထဲက နံပါတ်တခုကို ဖုံးဆက်ပြီး မေးလိုက်တာ့ “သြော်- မလိုတော့ပါဘူးခင်ဗျာ၊ ကျွန်တော်တို့  xxxxxxxxxx လုပ်လိုက်ပါပြီ” တဲ့။  ဆက်သွယ်ရေး ဖုန်းလိုင်းရဲ့ ၀ါးတားတား တိုးလျလျ အသံတွေကြောင့်ရော၊ ကျမရဲ့ သောတအာရုံ ချို့တဲ့တာကြောင့်ရော သူပြောတာ သဲသဲကွဲကွဲ မကြားရပါဘူး။  ပွဲဖျက်လိုက်တာလားမသိ လို့ တွေးပြီးစိတ်ပူသွားပါတယ်။ တောင်းပန်ပြီး ထပ်မေးတော့လည်း သိပ်မသေချာဖြစ်နေပါတယ်။  နောက်ဆုံးမှ “  အားလုံးကို တက်ဖို့စီစဉ်ထားပြီးပါပြီ၊ စောစောသာလာခဲ့ပါခင်ဗျာ၊ နေရာမရမှာစိုးလို့ ” စေတနာစကား ဆိုပါတယ်။ အဲဒီတော့မှ “သြော်သူက အိုးပင်းတူအောလ် - လို့ ပြောတာကိုး၊ ငါ့နှယ်” လို့ ပြုံးမိလိုက်သေး။ 

အဲဒီနေ့မနက်တော့ ကျမ ပွဲမစမီ ၄၅မိနစ်တိတိ စောရောက်သွားပါတယ်။  လူတွေ ကျိုးတိုးကျဲတဲသာ ရှိပါသေးတယ်။  အ၀င်ဝမှာ registration လုပ်ရပါတယ်။  ဂျာနယ်တွေလည်း ရောင်းနေတာတွေ့ရပါတယ်။  တအုပ်၅၀၀ ဆိုတော့ နှစ်အုပ်အားပေးလိုက်ပါတယ်။  ပွဲစောင့်ရင်း ဖတ်ရတာပေါ့။  ဆယ်တန်းမြောက်လောက်မှာ ထိုင်ခုံ တတန်းလုံးရှင်းနေတာနဲ့ လျှောက်လမ်းဘေးမှာ နေရာယူ လိုက်ပါတယ်။  လူတွေကလည်း နောက်ထပ် ၀င်လာမစဲ တသဲသဲနဲ့ပါဘဲ။

အမ- ထိုင်မယ်နော်ဆိုပြီး အသက်အစိတ်လောက် ညိုညိုသွယ်သွယ် ဂျင်းဘောင်းဘီဝတ် မိန်းကလေးတယောက် လာထိုင်တော့ ပြုံးပြီးခေါင်းညိတ်လိုက်တယ်။  အန်တီမခေါ်လို့လည်း ပျော်သွားသေးတာပေါ့။  ပြီးတော့ ပွဲတက်သမျှ လူတွေကို မျက်စေ့စားပွဲထိုင်ပါတယ်။  ရန်ကုန်သူတွေက ၀တ်တာစားတာက အလန်းပါဘဲလား။  ငါ့ဒီဇိုင်းကြီးကိုလည်း နည်းနည်းပြင်ဦးမှ စသဖြင့် တွေးရင်းပေါ့။  ၁၅မိနစ်လောက် အလိုကျတော့ ခန်းမတခုလုံး လူတွေ ပြည့်သိပ်လာသည်။ ဒီလောက်လူအများကြီးထဲမှာ ကိုယ့်အသိ  နှစ်ယောက်သာ တွေ့လိုက်သည်။  အဲသလို မိတ္တဗလ ပြည့်စုံသူ မဟုတ်လား။

အစီအစဉ်ကြေငြာသူ အမျိုးသမီးက အသံချိုသာလှသည်။  “ အဲဒီ Announcer က- မြန်မာ့အသံက ငှားထားတာ အမ” ဘေးနားက ညီမငယ်က မီဒီယာလောကသားပီပီ သတင်းပေးသည်။  “ဟိုမှာ စာရေးဆရာကိုတာလေ- အကျီင်္အပြာနဲ့”   သူပြသမျှ စောင်းငဲ့ရှာဖွေကြည့်ရသေးသည်။ ကိုယ်က ဖြန့်ထွက်တွေးခြင်း စာအုပ်နဲ့ ရင်းနှီးခဲ့သူမို့ပါ။  “ ထိုင်ခုံများကို နေရာဦးမထားကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်....” အစီအစဉ်ကြေငြာသူက ပြောပေမဲ့ ဘေးနားမှာ အိတ်တင်ထားသူတွေက တုတ်တုတ်မှ မလှုပ်ကြပါ။  လူတွေက အလည်လျှောက်လမ်းမှာပါ မတ်တပ်ရပ်လာကြတော့ ထိုင်နေရတာ အားနာသလိုလို။  အားနေတာနဲ့ တတန်းချင်း ခုံအရေအတွက်နဲ့ ခုံတန်းအရေအတွက်ကို မြှောက်၊  မတ်တပ်ရပ်တဲ့သူတွေကို ခန့်မှန်းပြီးပေါင်းကြည့်တော့ လူတထောင်ကျော်လောက်ထွက်ပါတယ်။  ဒါပေမဲ့  ပွဲစီစဉ်သူတွေက registration လက်မှတ်အရ ၂၅၀၀ ကျော်တယ်လို့ ပြောပါတယ်။ လွဲပြန်ပြီပေါ့။

ဟောပြောမဲ့ နိုင်ငံခြားသား ပါမောက္ခနှင့်  ဘီးတပ်ကုလားထိုင်ပေါ်မှ ဆရာကြီးတဦး ၀င်လာပြီး မကြာခင် ပွဲစ ပါတော့တယ်။ UMFCCI  နဲ့  MIEGA (မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း)မှ ဥက္ကဌအသီးသီးက အဖွင့်အမှာစကားပြောကြတာမို့  ၁၀နာရီခွဲသွားပါတယ်။  ပွဲပြီးဖို့သတ်မှတ်ထားတာက ၁၂နာရီဖြစ်လို့ အချိန်လောက်ပါ့မလားလို့ ကျွန်မနည်းနည်း စိတ်ပူနေမိပါတယ်။

---------------------------------------


ပါမောက္ခ စတစ်ဂလစ်က ပရိုဂျက်တာနှင့် ပါဝါပွိုင့်ထိုးက ဟောပြောပါတယ်။  ကျွန်မ မှတ်မိသလောက် အကျဉ်းချူပ်အချက်များကတော့-

၁။ ယခုအခါ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတရပ် ရှိနေတဲ့ အချိန်အခါဖြစ်ပါတယ်။  အကြောင်းရင်းကတော့ အာရှတိုက်ရဲ့ စီးပွားတိုးတက်မှု၊ သဘာဝ အရင်းအမြစ်များ ပိုင်ဆိုင်မှု၊  ပြင်ပအထောက်အပံ့များ စီးဝင်လာမှု တို့ဖြစ်ပါတယ်။  မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံများထက် ဖွံ့ဖြိုးမှု နောက်ကျ နေပေမဲ့ အဲဒီအချက်ကဘဲ သူများရဲ့ အားနည်းချက် အားသာချက် သင်ခန်းစာတွေကို လေ့လာခွင့် ရစေနိုင်ပါတယ်။

၂။ ကျော်လွှားရမဲ့ အခက်အခဲတွေ တပုံတပင်ကြီးလည်း ရှိနေပါတယ်။  မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး စာတတ်မြောက်ကြတယ်ဆိုပေမဲ့ အားထားစရာ လူသားအရင်းအမြစ် ဖြစ်လာတဲ့အထိ မြေတောင်မြှောက်ပေးဖို့ရာ ပညာရေးအသုံးစရိတ် ချထားမှု အလွန့်အလွန် နည်းပါးနေပါတယ်။  အခြေခံလူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း ရှိသင့်တာထက် အလွန်မြင့်နေတဲ့အတွက် ဆင်းရဲမွဲတေမှုက မြင့်မားနေတယ်။  လူများစုကို အကျိုးဖြစ်ထွန်းစေမဲ့ စီးပွားရေး နဲ့ ဥပဒေ မူဝါဒသစ်တွေ လိုအပ်နေပါတယ်။

၃။  အထူးဦးစားပေးမြှင့်တင်ရမဲ့ နယ်ပယ်တွေကတော့  နိုင်ငံခြားငွေလဲနှုန်း၊ စိုက်ပျိုးရေး၊ကဏ္ဍ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု၊ စီးပွားရေးမှာ လွပ်လပ်စွာ ပြိုင်ဆိုင်စေမှု၊  ဘဏ္ဍာရေး ကဏ္ဍ၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ၊ ဥပဒေရေးရာ ကဏ္ဍ၊  အခြေခံအဆောက်အဦ ကဏ္ဍ၊  တတိုင်းပြည်လုံး အညီအမျှ ဖွံ့ဖြိုးရေး စီမံချက် နှင့် မူဝါဒများ ချမှတ်အကောင်အထည်ဖေါ်ရေး ကဏ္ဍ တို့ဘဲ ဖြစ်ပါတယ်။   အရာအားလုံးကို တပြိုင်နက်တည်း ဆောင်ရွက်ဖို့ မဖြစိနိုင်တဲ့အတွက် ဦးစားပေး ကဏ္ဍအလိုက် အဆင့်ဆင့် အကောင်အထည်ဖေါ်သွားရမှာ ဖြစ်ပါတယ်။

၎။  ဖွံ့ဖြိုးတိုးတက်မှုလို့ ဆိုရာမှာ တိုင်းပြည်အသားတင်ထုတ်ကုန်တန်ဖိုး ( GDP ) တခုတည်းနဲ့ တိုင်းတာတာဟာ မှန်ကန်မှုမရှိပါဘူး။ လူနည်းစုဒေသတွေအပါအ၀င် လူထုတရပ်လုံးရဲ့ ၀င်ငွေတွေ  မျှမျှတတ မတိုးတက်ရင် တိုင်းပြည်ရဲ့  ( GDP ) တက်ပေမဲ့ လူတွေပိုဆင်းရဲသွားတာမျိုးဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် ဖွံ့ဖြိုးမှုတွေဟာ လူမှုရေးရှုဒေါင့်ကဘဲကြည့်ကြည့် စီးပွားရေးနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ရှုဒေါင့်ကဘဲ ကြည့်ကြည့်  ရေရှည်တည်တံ့ခိုင်မြဲတဲ့လက္ခဏာကို ဆောင်ဖို့လိုပါတယ်။

၅။  တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ရာ ပုံတူကူးချရမဲ့နိုင်ငံ (ဥပမာ- အမေရိကန်၊စင်္ကာပူ၊ မလေးရှား၊..) ရယ်လို့ မရှိပါဘူး။  သူတို့ဆီက ကိုယ်နဲ့ ကိုက်ညီသင့်လျှော်တဲ့ စံနစ်နဲ့ မူဝါဒတွေကို အတုယူ ပေါင်းစပ်အသုံးပြုရမှာပါ။ ဒါပေမဲ့ စီးပွားရေးအရ အောင်မြင်တဲ့ နိုင်ငံတိုင်းမှာ တူညီတဲ့ ဘုံလက္ခဏာ တချို့ရှိပါတယ်။  ဒါတွေကတော့ ခိုင်မာတောင့်တင်းတဲ့ ငွေရင်းနှီးမြှုပ်နှံမှု ( ဥပမာ စင်္ကာပူရဲ့ CPI )၊  ပညာရေးနဲ့ နည်းပညာပိုင်းကို ရင်းနှီးမြှုပ်နှံမှုတရပ်ပမာ အလေးထားငွေကြေးသုံးစွဲမှု၊  ပညာရေးရပိုင်ခွင့်တွေ တန်းတူညီမျှရစေမှု၊  ဖွံ့ဖြိုးမှုဖေါ်ဆောင်တဲ့ ကနဦးအဆင့်တွေမှာ မြေယာစံနစ် ပြုပြင်မှု တွေ ပါဝင်ပါတယ်။ ဒါ့အပြင် လွပ်လပ်သော ဈေးကွက်စံနစ်ကို တဖက်ကဖေါ်ဆောင်ပြီး နိုင်ငံအစိုးရပိုင်းမှလည်း မူဝါဒချမှတ်ပေးရုံမဟုတ်ပဲ ကိုယ်တိုင်ဝင်ရောက် ကူညီပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

၆။ ဆင်းရဲသူတွေ အများအပြားကို အင်တာဗျူးရင် အလုပ်အကိုင်မရှိလို့ဆိုတဲ့အဖြေကို မကြာခဏကြားရပါတယ်။  ဒါကြောင့် နိုင်ငံဖွံ့ဖြိုးမှုက သူတို့ကို လုပ်ငန်းကိုင်ငန်းရဖို့ အထောက်အကူဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းမျိုးအပေါ်မှာ အခြေခံသင့်ပါတယ်။  နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုခြင်းတခုတည်းနဲ့ အမြဲအောင်မြင်မယ်လို့ ပြောမရပါဘူး။ အဲဒီကနေ လက်သင့်ရာ စားတော်ခေါ်မှုတွေ၊ အချင်းချင်း မျက်နှာပေး လက်ဝါးကြီးအုပ်မှုတွေ၊ နောက်ထပ် မညီမျှမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။  လုပ်ငန်းအငှားချထားခြင်းကရတဲ့ ၀င်ငွေကိုသာ မှီခိုမနေဘဲ လူအများပါဝင်နိုင်တဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ကုန်သွယ်မှုတွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၇။  ကမ္ဘာပေါ်က လူမှုစီးပွားဖွံ့ဖြိုးရေး စီမံကိန်းတွေအနေနဲ့ အရင်းနည်းနည်းမှာ အကျိုးအမြတ်များများရတဲ့ လုပ်ငန်းတွေကတော့-  ကျောင်းတက်ဖို့ ကာကွယ်ဆေးထိုးဖို့ စသည်တို့ကို ငွေကြေးထောက်ပံ့ စည်းရုံးတဲ့ လုပ်ငန်းများ၊ အသေးစား ငွေချေးစံနစ်၊  စွမ်းအင်ချွေတာရေးမီးဖိုများ၊ လူမှုသစ်တောများ၊ အာဟာရဓါတ်ဖွံ့ဖြိုးရေးနှင့် ဓါတ်ဆားရေတိုက်ကျွေးခြင်းကုထုံးများ၊  ကျေးလက်အလုပ်အကိုင်ရရှိရေး အစီအစဉ်သစ်များ ဖြစ်ကြပါတယ်။   မြန်မာနိုင်ငံအနေနဲ့ မိမိနဲ့ သင့်တော်တာတွေကို ရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

၈။          သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတော်တော်များများဟာ ဖွံ့ဖြိုးမှု ပိုနှေးကြပါတယ်။ အဲဒါကို “သဘာဝအရင်းအမြစ်ကျိန်စာ” လို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဝင်ငွေတွေကနေ ပြည်တွင်းမညီမျှမှုတွေ ဖြစ်ပေါ်နေစေလို့ပါဘဲ။  ဒါကိုကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ နိုင်ငံတချို့ကတော့ တိုးတက်ဖွံ့ဖြိုးသွားကြပါတယ်။

၉။   ကိုယ့်နိုင်ငံရဲ့ ငွေလဲနှုန်းက ရှိသင့်တာထက်ပိုမြင့်နေရင် ပြည်ပပို့ကုန် ဈေးကြီးပြီး မိမိစီးပွားရေးကို ဆုတ်ယုတ်စေပါတယ်။ အဲဒါကို  “ Dutch Disease  ” လို့ခေါ်ပါတယ်။ ဘတ်ဂျက်ကို ကောင်းကောင်း မစီမံမခန့်ခွဲနိုင်ရင် ငွေကြေးဖေါင်းပွမှုတွေ ဖြစ်စေပါမယ်။ ငွေကြေးစံတခု မသတ်မှတ်နိုင်သေးရင်တောင် မှောင်ခိုဈေးနှုန်းကို တိတိကျကျ ကိုင်တွယ်ထိမ်းသိမ်းနိုင်ရပါမယ်။

၁၀။   တိုင်းပြည်ဟာ မိမိဝင်ငွေကို မြေပေါ်မြေအောက် ပြန်လည်ရင်းနှီးမြှုပ်နှံမှုမရိရင် ဒီတိုးတက်မှုဟာ ရေရှည်လက္ခဏာ ( sustainable ) မဆောင်ပါဘူး။  အထူးသဖြင့် လူတွေရဲ့ (ပညာရေ၊ကျန်းမာရေး၊ ဖွံ့ဖြိုးရေး) မှာ မမြှုပ်နှံရင် ချမ်းသာတဲ့တိုင်းပြည်နဲ့ သူ့ရဲ့ဆင်းရဲတဲ့လူထုပဲ ဖြစ်နေမယ်။ (လက်ခုပ်သံများ)

၁၁။  သဘာဝ အရင်းအမြစ်တွေကရတဲ့ ၀င်ငွေနဲ့တင် ရောင့်ရဲမနေဘဲ ပြည်တွင်းအကောက်အခွန်ကို  တိတိကျကျ မျှမျှတတ ကောက်ခံ အသုံးပြုရမယ်။ အဲဒီလိုလုပ်ဖို့ အတွက် စံနစ်ကောင်းကောင်း တရပ်လိုပါတယ်။  ၂၁ရာစုမှာ အလုပ်ကြမ်းသမားတွေရဲ့ လုပ်ခနဲ့ အဲဒီက အခွန်ငွေတွေကိုဘဲ မှီခိုနေလို့မရဘူး။  လူတွေဟာ ၀ယ်ရောင်းစီးပွားရေးနဲ့ဘဲ ငွေရှာနေလို့မဖြစ်ဘူး။  ပညာတတ်လူ့အဖွဲ့အစည်း တခုဖြစ်လာအောင် နိုင်ငံရဲ့ ဘတ်ဂျက်ရင်းနှီးမြှုပ်နှံမှု လုပ်ရပါမယ်။ 

၁၂။ စိုက်ပျိုးရေးမှာ ထုတ်လုပ်သူတွေရဲ့ ရတဲ့ဈေးနဲ့ စားသုံးသူတွေ ပေးရတဲ့ဈေးက သိပ်ကို ကွာခြားနေတယ်။  ဒါကတော့ အလယ်က ကုန်သွယ်သူတွေရဲ့အိတ်ထဲကို ရောက်သွားလို့ဖြစ်တယ်။  အဲဒီကွာဟမှုကို ကျဉ်းနိုင်သမျှကျဉ်းအောင် ဆောင်ရွက်ရမယ်။  ဈေးကွက်မှာ လွပ်လွပ်လပ်လပ်ပြိုင်ဆိုင်မှုဖြစ်လာအောင် လုပ်ပေးရမယ်။  ဒီလိုမှမဖြစ်ရင် အစိုးရက တိုက်ရိုက်ဝင်ရောက် စွက်ဖက်သင့်ရင် စွက်ဖက်ရမယ်။  လိုင်စင်ကန့်သတ်ရောင်းဝယ်စေတဲ့ စံနစ်ဟာ အကျိုးယုတ်စေတယ်။

၁၃။ ကျေးလက်ဖွံ့ဖြိုးရေးအတွက်  အငယ်စားလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို အားပေးရမယ်။  

၁၄။ လယ်ယာမြေအခွင့်အရေးတွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းရပါမယ်။   မြေပိုင်ဆိုင်မှုအပေါ်မရေရာမှုက ရင်းနှီးမြှပ်နှံမှုများကို အဟန့်အတားဖြစ်စေကာ လယ်ယာကုန်ထုတ်လုပ်မှုကိုလည်း ကျဆင်းစေပါတယ်။  မြေယာသိမ်းယူခြင်းကိုလည်း အများပြည်သူ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်သော စီမံကိန်း လုပ်ငန်းများ အတွက်သာဖြစ်စေပြီး  လျော်ကြေးအပြည့်အ၀ပေးခြင်း၊  အကျိုးထိခိုက်သူများရှိမရှိ ဆန်းစစ်ခြင်း၊ အကျိုးအမြတ် ရရှိမည့်သူများကိုဆန်းစစ်ခြင်း၊ အကျိုးအမြတ်နှင့်ဆုံးရှုံးမှု နှိုင်းယှဉ်ကာ သာလွန်မှုပမာဏကို ဆန်းစစ်ခြင်း တို့ကို ပြုလုပ်ရပါမည်။   ကျွဲနွားစားကျက်မြေများကိုလည်း မြေလွတ်မြေရိုင်းဟု မယူဆရပါ။

၁၅။ မြေယာစံနစ်ပြုပြင်ရေးမှာ ကိုရီးယားနဲ့ ထိုင်ဝမ်တို့ရဲ့ အောင်မြင်တဲ့ နမူနာကို ယူသင့်တယ်။   လူတွေပိုပြီး မြေမဲ့ယာမဲ့ဖြစ်သွားရင် ဆင်းရဲမွဲတေမှု ပိုဆိုးလာမယ်။ သီးနှံထုတ်လုပ်မှုကျဆင်းလာမယ်။ လယ်လုပ်သူလယ်ပိုင်ရေးကို ချေးငွေလုပ်ငန်း နဲ့ နည်းပညာပံ့ပိုးမှုတွေနဲ့ ပေါင်းစပ်ပေးရမယ်။  မြေယာဆိုတာ သဘာဝအရင်းအမြစ်တရပ်ဖြစ်တဲ့အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲမှုမလုပ်ရင် “သဘာဝရင်းမြစ် ကျိန်စာ” ကို ဖြစ်ပေါ်စေတယ်ဆိုတာ တချို့သောနိုင်ငံတွေမှာ သက်သေရှိပါတယ်။

၁၆။  မြန်မာဟာ တခါက ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူအဖြစ်ကို ဆုံးရှုံးခဲ့ပြီးပါပြီ။  လယ်သမားတွေကို စိုကိနိုင်ပျိုးနိုင်လာအောင် မျိုးစေ့၊ မြေသြဇာတို့အတွက် လုံလောက်တဲ့ အသေးစားချေးငွေ ပံ့ပိုးပေးရပါမယ်။  ငွေတိုးချေးသူတွေအပေါ်မှီခိုနေတာကို လျော့ချရပါမယ်။  ချေးငွေ အလွဲသုံးစားမှုများကိုလည်း သေသေချာချာ ပြဌာန်း ကာကွယ်ရပါမယ်။

၁၇။  တိုင်းပြည်မှာ အရေးကြီးဆုံးက လူသားအရင်းအမြစ်ဖြစ်ပါတယ် ( လက်ခုပ်သံများ)။  လက်ရှိမှာ လူများစုကြီးဖြစ်တဲ့ ကျေးလက်ဒေသမှာ အတိုင်းအတာတခုအထိ ဖွံ့ဖြိုးမှု တော်တော်နိမ့်ကျနေပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ပြန်လည်မြှုပ်နှံတဲ့အပြင် လူမှုကယ်ဆယ်ရေးကွန်ယက်အနေနဲ့ အတိဒုက္ခရောက်သူတွေကို ကူညီပေးရပါမယ်။

၁၈။  ဈေးကွက်အပြည့်အ၀လည်ပတ်ရေးအတွက် အားပေးရမယ်။  အထူးသဖြင့် နိုင်ငံခြားငွေလဲလှယ်မှုမှာ ဘဏ္ဍာရေးစည်းကမ်းတွေ အသေအချာချမှတ်ပြီး အလွဲသုံးစားမှုများ မတည်ငြိမ်မှုများ ကာကွယ်ရမယ်။  နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်သွယ် လည်ပတ်ဆောင်ရွက်ရပါမယ်။  နိုင်ငံတကာ ပိတ်ဆို့မှုများဖယ်ရှားခြင်းဟာ  အတိုင်းအတာတခုအထိ အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ အဲဒီပိတ်ဆို့မှုတွေကြောင့် စီးပွားရေးနဲ့ ကုန်သွယ်မှုမတိုးတက်တာလို့ မဆိုနိုင်ပါဘူး။  လက်ရှိ နိုင်ငံတွင်းမှာဖြစ်နေတဲ့  ပုံပျက်နေတဲ့ စီးပွားရေး အခြေအနေနဲ့ အဟန့်အတားတွေက အခရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့  နိုင်ငံခြားကုမ္မဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ (ပြည်တွင်းကုမ္မဏီများအပါအ၀င်) အလုပ်သမားရပိုင်ခွင့်များ၊ သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးစံများပါ မြင့်မြင့်မားမား သတ်မှတ်ထားရန် လိုပါတယ်။

၁၉။  အမျိုးသားငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ယခင်က ပဋ္ဋိပက္ခဖြစ်ခဲ့သည့်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် လိုပါတယ်။  သဘာဝအရင်းအမြစ်က ရရှိတဲ့ဝင်ငွေတွေကို အချိုးညီညီ ခွဲဝေသုံးစွဲခြင်းဖြင့် အတူတကွဖွံ့ဖြိုးကာ ငြိမ်းချမ်းသာယာနိုင်ပါတယ်။

၂၀။  မိမိလုပ်ငန်းတိုင်းကို ဆင်းရဲသားများအတွက် အထောက်အကူပြုမပြု အမြဲဆန်းစစ်ရန်လိုပါတယ်။

၂၁။  နိဂုံးချူပ်အနေနှင့် အထက်ပါစီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ပြီး ရင်းနှီးမြုပ်နှံမှုများ ပြန်လည်ရရှိစေကာ အထီးကျန်နိုင်မှုကို အဆုံးသတ်ရပါမယ်။  အစိုးရမှ ငွေကြေးလည်ပတ်သုံးစွဲမှု ပိုမိုမြှင့်တင်ကာ တဖက်မှာလည်း ပြည်တွင်းပဋ္ဋိပက္ခများကို ပြေငြိမ်းအောင်ဆောင်ရွက်ရင်း မြန်မာနိုင်ငံရဲ့ ခေတ်သစ်ကို ဖေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ပါမောက္ခစတစ်ဂလစ်ရဲ့ ဟောပြောချက်က မွန်းလွဲ ၁၂နာရီမှ ပြီးပါတယ်။  ဒါပေမဲ့ နောက်ထပ် ပါမောက္ခ ဖင်လေက ဆက်ပြီးဟောပြောပါတယ်။

၁။ ၁၉၆၉ ကနေ ကနေ့အထိ ကမ္ဘာတ၀ှမ်းက ဖြစ်ရပ်အများအပြားကို (ဥပမာ- တရုပ်ယဉ်ကျေးမှုတော်လှန်ရေး၊ အမေရိကန်တို့ရဲ့ ဗီယက်နမ်စစ်ပွဲ အထိနာမှု၊  ၉၁၁ ကုန်သွယ်ရေးအဆောက်အဦပေါက်ကွဲမှု  စသဖြင့်)  ပြောပြ သွားပါတယ်။  အဲဒီ အဖြစ်အပျက်တွေအနက် ဘယ်အဖြစ်အပျက်တွေက ကမ္ဘာကြီးအတွက် အထင်ကရအဖြစ်ဆုံးလဲလို့ မေးခဲ့မယ်ဆိုရင် တခုမှ မဟုတ်ပါဘူးတဲ့။  သူအနေနဲ့ ကတော့ “ဓနဥစ္စာတွေ အရှေ့ကမ္ဘာတွေဆီ ရွေ့လျားလာမှု” ကိုသာ ဖြေပါမယ် တဲ့။

၂။  တိုင်းပြည်ရဲ့ စီးပွားရေးစံနစ်နှစ်မျိုး -  ပို့ကုန်အသားပေး ( Export Promotion- EP) နဲ့ သွင်းကုန်အစားထိုး (  Import Substitution- IS ) ကို ယှဉ်ပြသွားပါတယ်။  စံနစ်နှစ်ခုလုံးမှာ အားနည်းချက် အားသာချက်ရှိတဲ့အတွက် ဒီနေ့ခေတ်မှာ မျှခြေတိုးတက်မှု ( balanced growth ) အတွက် ဒီနှစ်ခုကိုရောစပ်အသုံးပြုနေကြပေမဲ့  သဘာဝအားဖြင့် EP က  IS ထက်  ပိုမိုအကျိုးစီးပွားဖြစ်စေတယ် လို့ဆိုပါတယ်။

၃။  မြန်မာဟာ အိန္ဒိယနဲ့ တရုပ်ကြားမှာ တည်ရှိနေတဲ့အတွက် အလားအလာကောင်းတယ်လို့ ဆိုသလို  ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင် ဖြစ်နိုင်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။  ကိုရီးယားကျောင်းသားတယောက်က တခါကပြောဖူးပါတယ်။ ဂျပန်နဲ့ တရုပ်ကြားမှာ သူတို့  အသားညှပ်မုန့် ( Sandwich ) ဖြစ်နေပါတယ်တဲ့။  သူ့ကိုပြန်ပြောသလို ပြောရရင် မစိုးရိမ်ပါနဲ့၊ မိတ်ဆွေဖွဲ့ထားပါ၊ အဲဒီကနေ အခွင့်အလမ်းကောင်းတွေ ရှာပါလို့ ပြောချင်ပါတယ်။

၎။ ပါမောက္ခ စတစ်ဂလစ်ကဲ့သို့ သူသည်လည်း “ပို့ကုန်အရေအတွက်” နဲ့ ဖွံ့ဖြိုးမှုကို မတိုင်းတာလိုပါ။  သို့သော် လူဦးရေအချိုးအစားနှင့်ယှဉ်ပြီး လေ့လာကြည့်လျှင် လူဦးရေတူတဲ့ မြန်မာနိုင်ငံထက် ထိုင်းက ၂၅ဆ ၊ တရုပ်က အဆ၂၀ ပို့နိုင်တာ တွေ့ရမှာပါ။

၅။ မြန်မာနိုင်ငံက နောက်ကျသူဖြစ်ပေမဲ့ သူများအမှားကနေ သင်ခန်းစာယူ၊ ခြေလှမ်းသွက်သွက်နဲ့ အမီလိုက်ဖို့ ၊ ကိုယ့် သဘာဝအရင်းအမြစ်တွေ လာရောက် အမြတ်ထုတ်ဝယ်ယူတာသက်သက်ကို လက်မခံဘဲ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး စီးပွားတိုးတက်အောင်လုပ်ဖို့ တိုက်တွန်းသွားပါတယ်။

၆။ မြန်မာပြည် ရန်ကုန်တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ပါမောက္ခဖင်လေဟာ လွန်ခဲ့တဲ့ နှစ်၄၀ကျော်က လက်တွဲအလုပ်လုပ်ခဲ့တဲ့ ပညာရေးလောကက အပေါင်းအသင်း မိတ်ဆွေ တော်တော်များများရဲ့အမည်ကို မြန်မာသံပီပီသသနဲ့  ထည့်သွင်းပြောဆိုသွားပါတယ်။  ဆရာကြီးရဲ့ ပြောကြားချက်တွေနားထောင်ရင်း ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲခဲ့ရပါသေးတယ်။

နောက်ထပ်ဟောပြောသူက ဆရာကြီးဒေါက်တာလှမြင့်ပါ။  နိုင်ငံတကာက ဆရာကြီးရဲ့ ဘောဂဗေဒ စာအုပ်စာတမ်းတွေကို ကျောင်းသုံးစာအုပ်ပြုခဲ့တဲ့အထိ တော်တဲ့ထက်တဲ့ ဆရာကြီးပါ။   ကျမတို့ကျောင်းနေစဉ်က စီးပွားရေးနဲ့ပါတ်သက်တဲ့ နိုင်ငံခြားစာအုပ်စာတမ်းတွေမှာ ( H.Myint )ဆိုပြီး  ရည်ညွှန်းကိုးကားထားတာ မကြာခဏ တွေ့ဖူးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချူပ်အဖြစ် ၁၉၆၀ပြည့်လွန်နှစ်များမှာ ဆောင်ရွက်ခဲ့ပါတယ်။ အသက်၉၀ကျော်ဖြစ်နေပေမဲ့ အသံတွေကတော့ မာကြော ပြတ်သားနေဆဲပါ။ 

ဆရာကြီးကတော့ “ များမြောင်လှတဲ့ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့် နိုင်ငံဝန်ထမ်းတွေ   အရမ်းပင်ပန်း နေပြီ” ဆိုတဲ့ ဆောင်းပါးတပုဒ်အပေါ် သုံးသပ်ချက်ပေးမှာ ဖြစ်ပါတယ်။

၁။  နိုင်ငံတွင်းမှာ သေချာလေ့ကျင့်ထားတဲ့ ၀န်ထမ်းအင်အား နည်းပါးနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ အခုအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကြောင့် နေ့မနားညမအား အစည်းအဝေးတွေ ရုံးလုပ်ငန်းတွေ ရုံးချိန်ပြင်ပနဲ့ ရုံးပိတ်ရက်များပါလုပ်ဆောင်နေရတဲ့အတွက် ( burn-out ) အခြေအနေတရပ်ကို ဦးတည်နေတယ်လိုဲ့ သံတမန်နဲ့ ၀န်ထမ်းလောကမှာ ပြောဆိုနေကြပါတယ်။

၂။  ပြုပြင်ရေးလုပ်ဆောင်နေတဲ့ အစိုးရအနေနဲ့  အခြေအနေနှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။  (က) ၀န်ထမ်းတွေရဲ့  ဖိစီးမှုကိုတောင့်ခံရင်း ရှေ့ကိုရဲရဲဆက်တိုးလုပ်ကိုင်သွားမယ်။ တချို့အလုပ်တွေ မသေမသပ် မပြီးမစီးဖြစ်သွားနိုင်တယ်။ ပြုပြင်ရေးလုပ်ငန်းတွေ ကျဆုံးတဲ့အခါ ပြုပြင်သူတွေအတွက် မျက်နှာပျက်သိက္ခာကျစရာဖြစ်လာပြီး သူတို့ကိုယ်တိုင် သဘောထားတင်းမာသူတွေအဖြစ် ပြန်လည် ကူးပြောင်းသွားမယ်။  (ခ) အင်အားကို ထောက်ဆပြီး ပြုပြင်ရေးအလုပ်တွေကို အရှိန်လျော့ချတဲ့အခါ တချို့အရေးကြီးလုပ်ငန်းတွေ ပြီးဆုံးအောင် ဆောင်ရွက်နိုင်တော့မှာ မဟုတ်ဘူး။  အထက်ပါ အခြေအနေနှစ်ရပ်လုံးက ဆုံးရှုံးနစ်နာစေတာချည်းပါဘဲ။

၃။  အထက်ပါယူဆချက်ဟာ အကြောင်းခံနှစ်မျိုးပေါ်မှာ အခြေခံပြီးတွက်ဆထားတာဖြစ်တယ်။ (က) ၀န်ထမ်းတွေရဲ့ လက်ရှိစွမ်းရည်ဟာ ပုံသေဖြစ်တယ်   (ခ) အဲဒီစွမ်းရည်တွေကို အပြိုင်အဆိုင် ဖြစ်နေသော ပြုပြင်ရေးလုပ်ငန်းအသီးသီးရဲ့ လိုအပ်ချက်များအတွက် မျှဝေသုံးစွဲရတဲ့အတွက် ဆွဲဆန့်လိုက်တဲ့အခါ ခါးရိုးပြတ်သွားနိုင်တယ် - တို့ပါပဲ။

၎။  အထက်ပါအချက်များအတွက် ပြန်လည်ဖြေရှင်းချင်တာကတော့ - (က) ၀န်ထမ်းတွေရဲ့ အုပ်ချူပ်စီမံစွမ်းရည်ကို တိုးမြှင့်နိုင်တယ် ( နောက်ပိုင်းမှာ အသေးစိတ်ထပ်ရှင်းပါမယ်)  (ခ) ပြုပြင်ရေးလုပ်ငန်းတွေဟာ အပြိုင်အဆိုင်သဘော ( competing) )ထက် တခုနဲ့တခုအဖြည့်ခံသဘော (complimentary) ဖြစ်နေကြတယ်။ လုပ်ငန်းတွေကို တခုချင်းစီ သီးသန့်လုပ်နေတာထက် ခြုံငုံစဉ်းစား လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ - တရားဥပဒေနဲ့ စည်းကမ်းထိမ်းသိမ်းမှုကို ပြုပြင်ဆောင်ရွက်ခြင်းဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနေတယ်။ နောက်တခါ ဆန်စပါးထုတ်လုပ်ဖို့ လယ်သမားတွေကို မက်လုံးပေးပြီး၊ ထွက်ကုန်တွေအပေါ် ဈေးကွက်ချဲ့ထွင်သလို တဖက်မှာလည်း  ဆန်စပါးတင်ပို့မှုလိုင်စင်ကိစ္စတွေကို ပြန်လည်သုံးသပ်မှုတွေ လိုအပ်နေတယ်။  တခုခုကို အချိန်ဆွဲပြီး ဆောင်ရွက်မယ်ဆိုရင် သူနဲ့ ဆက်စပ်နေတဲ့ တခြား ပြုပြင်ရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေလိမ့်မယ်။

၅။ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးဆက်အနေနဲ့  ပျက်စီးဆုံးရှူံးရတဲ့အခြေအနေနှစ်မျိုးရှိပါတယ်။

၆။  ပထမအခြေအနေကတော့  မြန်မာနိုင်ငံလွပ်လပ်ရေးရခါစက ဈေးကွက်ပြိုင်ဆိုင်မှုရှိသော ကိုလိုနီစီးပွားရေးစံနစ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို ရုပ်သိမ်းပြီး အစိုးရက ဗဟိုချူပ်ကိုင်တဲ့ သွင်းကုန်အစားထိုးစံနစ် ကျင့်သုံးစဉ်အခါက ဖြစ်ပါတယ်။  အဲဒီတုံးက အုပ်ချူပ်စီမံစွမ်းရည်ကို အလွန်အမင်း ဆန့်ထုတ်သုံးစွဲခဲ့ရသလို ရေရှည်မှာ အရာရာဟာ ကျိုးပြတ်ဆုံးရှူံးခဲ့ရတယ်။

၇။  ဒုတိယအခြေအနေတရပ်ဖြစ်တဲ့ လက်ရှိအခါမှာ ပြုပြင်ရေးတရပ်အနေနဲ့ နိုင်ငံပိုင်လုပ်ငန်းတချို့ကို ဖြေလျှော့ပေးခြင်းအားဖြင့် အုပ်ချူပ်ရေး လိုအပ်ချက်တွေ နည်းပါးသွားစေပါတယ်။  သို့သော် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များနှင့် စီးပွားရေးမူဝါဒ ချမှတ်ရေးလုပ်ငန်းများအတွက်  အုပ်ချူပ်စီမံလုပ်ငန်းလိုအပ်ချက်တွေ ပိုများလာမှာကတော့ အမှန်ဘဲဖြစ်ပါတယ်။  သို့သော် ယင်းလိုအပ်ချက်များဟာ အပြောင်းအလဲ လုပ်ငန်းစဉ်အစပိုင်းမှာသာ ယာယီလိုအပ်တာဖြစ်ပြီး နေသားတကျဖြစ်သွားတာနဲ့ ပြန်လည် ပြေလျော့သွားနိုင်ပါတယ်။  နောက်တချက်က ယင်းအုပ်ချူပ်ရေးစီမံခန့်ခွဲမှုစွမ်းရည်များကို ပြင်ပက အတတ်ပညာ အကူအညီနဲ့ မြှင့်တင်ပေးလို့ရပါတယ်။

၈။  ပုဂ္ဂိုလ်ရေးအတွေ့အကြုံအရ အချိန်ပိုင်းစီးပွားရေးအကြံပေးအဖြစ် ဦးနုအစိုးရကို ကူညီခဲ့စဉ်က ၀န်ထမ်းများအလားတူ ပင်ပန်းခဲ့ကြပါတယ်။  ဗိုလ်ချူပ်နေ၀င်း အာဏာယူပြီး မကြာခင်မှာဘဲ  လူတော်ထက် လူကောင်းကို ဦးစားပေးရမယ်ဆိုကာ အစိုးရအပေါ် လိုလားသူများကို နေရာပေးခဲ့ပါတယ်။  တက္ကသိုလ်များမှာ အင်္ဂလိပ်စာနှင့် သင်ကြားခြင်းမပြုတော့ဘဲ  ကျောင်းသားအရေအတွက်ကို မတန်တဆ တိုးချဲ့ခဲ့ပါတယ်။  ရာနှင့်ချီသော အမေရိကန်ပညာတော်သင်များကို ဖို့ဒ်နဲ့ အာရှဖောင်ဒေးရှင်းမှ စေလွှတ်ပေးနေတဲ့ အကူအညီများကို ရပ်စဲပစ်ခဲ့ပါတယ်။ အင်္ဂလိပ်နှင့် အမေရိကန်များ ကိုယ်တိုင်သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာသင်တန်းများကို ရပ်စဲပစ်ခဲ့ပါတယ်။ 

၉။ လက်ရှိအခြေအနေမှာတော့ အရှေ့တောင်အာရှက သံအမတ်တဦးပြောသလို  မြန်မာနိုင်ငံဟာ စာရင်းကိုင်တွေ၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေနဲ့ နည်းပညာသမားတွေ လေ့ကျင့်သင်ကြား ပေးဖို့လိုနေပါပြီ။ ဒီအချက်ကို သမ္မတဦးသိန်းစိန် ရဲ့ စင်္ကာပူခရီးစဉ်မှာရော စက်မှုဝန်ကြီး ဦးစိုးသိန်းရဲ့ ဒါဗို့စ် စီးပွားရေးညီလာခံမှာရော ထောက်ခံပြောဆိုထားပါတယ်။  

၁၀။ အချူပ်ပြောရရင် (က) တိုင်းပြည်ရဲ့ လက်ရှိ ဌာနဆိုင်ရာအုပ်ချူပ်စီမံစွမ်းရည်ကို တိုးတက်သောအနောက်နိုင်ငံများသာမက အလျင်အမြန်ဖွံ့ဖြိုးလျက်ရှိသော အရှေ့တောင်အာရှနိုင်ငံများမှ  အတတ်ပညာနည်းပညာအကူအညီဖြင့် တိုးတက်အောင် ဆောင်ရွက်စေလိုပါတယ်။  (ခ)လက်ရှိစွမ်းရည်ကို စီးပွားရေးနိုင်ငံရေးနယ်ပယ်မှာ အပြိုင်အဆိုင်ခွဲဝေသုံးစွဲမဲ့အစား အပြန်အလှန် ဖြည့်ဆည်း မျှဝေ သုံးစွဲစေလိုပါတယ်။ (ဂ) လွပ်လပ်သောစီးပွားရေးစံနစ်ကိုဖေါ်ဆောင်ပြောင်းလဲမှုတွင် ကြုံရသည့် အုပ်ချူပ်စီမံမှု လိုအပ်ချက် များသည် ယာယီသဘောဆောင်ပြီး   လက်ရှိအကြပ်အတည်းများမှာ စပ်ကူးမတ်ကူးကာလအလွန်တွင် ပြေလျော့သွားပါမည်။

၁၁။  စီမံအုပ်ချူပ်စွမ်းရည်တိုးမြှင့်ရန်မှာ လိုအပ်ချက်အရ အလျှင်အမြန်ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။  ဒီနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော စကားတခွန်းကို သဘောတူစွာ ရည်ညွှန်းလိုပါသည်။  ယင်းမှာ “ ဥပဒေပိုင်းဆိုင်ရာ ပြောင်းလဲမှုမပြုဘဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စစ်မှန်စွာ မဖေါ်ဆောင်နိုင်ပါ။  ရင်းနှီးမြှုပ်နှံမှုဥပဒေကောင်းများရှိရုံနှင့်မလုံလောက်ဘဲ ယင်းဥပဒေများကို လေးစားလိုက်နာမှုရှိမရှိ  စိစစ်နိုင်သည် ဥပဒေစံနစ်ကောင်းတရပ်လည်း ရှိဖို့လိုပါသည်။  စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် မိမိကောင်းကျိုးသာမက တိုင်းပြည်ကောင်းကျိုးအတွက်ပါ အနည်းငယ်စောင့်ကြည့်ကြဖို့ လိုပါသည်...”  ဟူ၍ ဖြစ်ပါသည်။

ဆွေးနွေးချက်တွေကို စိတ်ဝင်စားလွန်းလို့ ဗိုက်ဆာဖို့ သတိမရဘဲ ရင်တလှပ်လှပ်ဖြစ်နေပါတယ်။  ဟောပြောသူသုံးဦးလုံးနှင့် မော်ဒရေတာ ဦးမြင့်ကို မေးခွန်းမေးလိုသူတွေ များလှပေမဲ့ အချိန်ကန့်သတ်ချက်အရ လေး-ငါးခုသာ မေးစေပြီး ဖြေကြားပေးခဲ့ပါတယ်။  ဟောပြောပွဲတလျှောက်မှာ ဟိုကသည်က ဖုန်းတွေလာနေတာကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါဘဲ။  နောင်လုပ်မည့်ဟောပြောပွဲတွေမှာ ဖုန်းတွေ အသံပိတ်ထားဖို့ ကြေငြာပေးရင် ကောင်းမှာဘဲလို့ တွေးနေမိပါတယ်။

ဟောပြောပွဲက မွန်းလွဲ ၂နာရီမှာမှ ပြီးစီးသွားပါတယ်။   အပြင်မှာ တိုက်နေတဲ့  ကော်ဖီတခွက်ကို  သောက်ပြီးမှ ၀မ်းမီးကို အပြီးသတ်ငြှိမ်းဖို့ အိမ်ကို အပြေးအလွှား ပြန်ခဲ့ရပါတယ်ရှင်။

မိုးစက်ပွင့်

( မှတ်မိသမျှနှင့် ဖြန့်ဝေသော စာရွက်စာတမ်းများကို အကိုးအကားပြု၍ ပြန်လည်ဖေါ်ပြပါသည်။  အချိန်မရသူများအတွက် လေ့လာနိုင်အောင် လုံးစေ့ပတ်စေ့မဟုတ်ဘဲ အကျဉ်းချူပ်ရေးသားခြင်းဖြစ်သည်။ မရှင်းလင်းမှု၊ အဓိပ္မါယ်လွဲမှားချွတ်ချော်ခဲ့ပါက ကျွန်မ၏  လိုအပ်ချက်ကြောင့်သာ ဖြစ်ပါသည်။ )

Wednesday, 25 January 2012

ရှန်ဟိုင်းက သံမဏိနှင်းဆီ ( Life and Death in Shanghai )-၄ ( ဇာတ်သိမ်း)

လွတ်မြောက်ခြင်း နဲ့ အမှန်တရားရှာပုံတော်

အကျဉ်းစခန်းမှာ ခြောက်နှစ်ကျော်လာလာတဲ့  ၁၉၇၁ခုနှစ် နှောင်းပိုင်းမှာ ပြောင်းလဲမှုတချို့ကို ကြုံရပါတယ်။  ပထမဦးဆုံးကတော့ အကျဉ်းသားတိုင်း မဖတ်မနေရ ပြဌာန်းထားတဲ့ မော်စီတုံးမှတ်စုစာအုပ်တိုလေးကို  အားလုံးဆီက လာသိမ်းသွားပြီး ရှေ့ဆုံး မိတ်ဆက်စာမျက်နှာကို ဆုတ်ဖြဲပြီးမှ ပြန်ပေးခဲ့တာပါဘဲ။  သူမ ဆက်စပ်စဉ်းစားနေပါတယ်။   ဒီစာမျက်နှာကို ရေးသားသူက မော်ရဲ့ ညာလက်ရုံးလို့ ခေါ်နိုင်တဲ့ ကာကွယ်ရေးအကြီးအကဲ “လင်ပြောင်“ ပါ။  မော်ရဲ့ ဟိမ၀န္တာ ချီးကျူးခန်းတွေ ဖွင့်ထားတဲ့ ဒီစာမျက်နှာကို ဘာကြောင့် ဆုတ်ပစ်ရပါသလဲ။    မကြာခင်ပဲ သတင်းစာတွေမှာ  လင်ပြောင်ရဲ့ ပုံတွေကို မဖေါ်ပြတော့ပါဘူး။  ဆောင်းပါးတွေက အမည်မဖေါ်ပြပေမဲ့ “အရင်းနှီးဆုံး သစ္စာဖောက်” တွေရဲ့ အကြောင်းကို ရေးသားလာကြပါတယ်။  ၁၉၇၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့  အမျိုးသားနေ့မှာ ခါတိုင်းလို တီယန်အန်မင် ရင်ပြင်မှာ ချီတက်ပွဲ၊ ကြွေးကြော်ပွဲတွေ ကျင်းပမနေဘဲ  သတင်းစာမှာ မော်ရဲ့ ဓါတ်ပုံတပုံကိုသာ ရိုးရိုးစင်းစင်း ဖေါ်ပြခဲ့ပါတယ်။

ခါတိုင်းကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ့ရှိတဲ့ အစောင့်တွေရဲ့လေသံကလည်း မပျော့ပြောင်းပေမဲ့ ပုံမှန်အခြေအနေနဲ့ ပြောဆိုတတ်လာပါတယ်။   တရုတ်ပြည်သူတွေက သူတို့လို ၀န်ထမ်းမျိုးကို  ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ “ပုတ်သင်ညိုတွေ” လို့ ခေါ်ကြပါတယ်။  ပါတီကချပေးတဲ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း ပြုမူနေထိုင်တတ်ကြလို့ပါ။   သူမက  ဆောင်းရာသီအတွက် အိပ်ယာခင်းနဲ့ အနွေးထည် လဲလှယ်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။  ခြောက်နှစ်ကြာခဲ့ပြီမို့ သူမရဲ့ အိပ်ယာခင်းနဲ့ အနွေးထည်တွေက အပေါက်ဗရပွဖြစ်နေပါပြီ။  ခေါင်းအုံးစွပ်ကလည်း လက်က အနာစည်းဖို့ ဆုတ်ဖြဲအသုံးပြုထားတာမို့ တ၀က်သာ ရှိပါတော့တယ်။  ထောင်ကျစဉ်က သူမထံကသိမ်းဆည်းထားတဲ့ ငွေကြေးအချို့ရှိသည်မို့  အဲဒီအထဲက ၀ယ်ခွင့်ပြုဖို့  တောင်းဆိုပါတယ်။  သူတို့က စဉ်းစားပေးမယ် တဲ့။

ရက်အနည်းငယ်အတွင်း  သူမဆီကို  အထုပ်တထုပ်ရောက်လာပါတယ်။  ပုံမှန်အားဖြင့် လစဉ် ထောင်ဝင်စာပို့တဲ့  ၅ရက်နေ့တိုင်း သမီးငယ်ကို မျှော်ရင်း ကြေကွဲနေကျ ဖြစ်ပါတယ်။  ဒါပေမဲ့  ပါတီဝင် သမီးငယ်ဟာ သစ္စာဖောက်လို့ စွပ်စွဲခံရတဲ့ မိခင်ကို လာမတွေ့ရဲတာဖြစ်မှာပါ လို့ သူမ ဖြေသိမ့်ပါတယ်။  နောက်ပြီး ဒီအကျဉ်းထောင်မြေကို သမီးလို နုနယ်တဲ့မိန်းကလေးတယောက် ခြေမချဖြစ်တာဟာ ကောင်းတဲ့အရာဘဲလို့  စဉ်းစားရင်း   နေသားတကျ ဖြစ်လာခဲ့ဘူးပါတယ်။   အထုပ်ကို ဖြေလိုက်ချိန်မှာတော့ သူမရင်ထဲကို သံသယအတွေးတွေ တလိပ်လိပ် ၀င်ရောက်လာစေခဲ့ပါတယ်။   သမီးရဲ့ အနွေးထည်နဲ့ မျက်နှာသုတ်ပုဝါက လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း မပြောင်းမလဲ အသစ်စက်စက်။  ရေနွေးမတ်ခွက်ရဲ့ အနားစွန်းတွေက အညိုရစ်တွေသန်းလို့ လက်ဖက်ခြောက်ဖတ်လေးအစအနတွေပင် ခွက်အောက်ခြေမှာ ကပ်လို့ - တခါမှ မဆေးကြောဘဲပစ်ထားတဲ့အသွင် ။  ဒါဆိုရင် သမီးလေး ဒီလောကမှာ သက်ရှိထင်ရှား ရှိမှ ရှိပါသေးရဲ့လား။ သူမက  အထုပ်လာပို့တဲ့ အစောင့်ကို   သမီးရဲ့ ကံကြမ္မာနဲ့ ပါတ်သက်ပြီး အဆက်မပြတ် မေးခွန်းထုတ်ပါတယ်။  ဒါပေမဲ့ မသိပါ၊ မမြင်ပါ ဆိုတဲ့အဖြေကိုသာ ရရှိခဲ့ပါတယ်။  ပြီးတော့ အခန်းထဲက အမြန်ထွက်သွားပါတယ်။  နောက်ထပ်  ဖြတ်သွားသမျှ အစောင့်ကို ခေါ်ပေမဲ့ ဘယ်သူမှ မလာတော့ပါဘူး။

သမီးအတွက် စိုးရိမ်စိတ်နဲ့ မအိပ်နိုင်မစားနိုင်ဖြစ်ပြီး  နောက်တကြိမ် အကြီးအကျယ် ဖျားပါတယ်။  သမီးဆီက စာတစောင်စောင် ယူလာပေးနိုင်မလားလို့  သူမက တောင်းဆိုပေမဲ့  စည်းကမ်းနဲ့မကိုက်ညီဘူးဆိုပြီး ပယ်ချ ခံရပါတယ်။  သူမက နောက်ဆုံး ဘုရားထံဆုတောင်းရင်းသာ စိတ်ကို ဖြေသိမ့်ရပါတယ်။  သမီးသာမရှိခဲ့ရင် သူမဘ၀က အဓိပ္မါယ်မဲ့နေတော့မှာပါ။  ဒါပေမဲ့ ဆက်လက်ရှင်သန်ဖို့ကို ဆုံးဖြတ်ထားတဲ့အတိုင်း   ပင်ပန်းတကြီး ကြိုးပမ်းအားထုတ်နေရပါတယ်။

----------------------------------------

၁၉၇၂ ဖေဖေါ်ဝါရီလမှာ သမ္မတ နစ်ဆင် တရုတ်ပြည်ကို လာလည်ပါတယ်။  မော်စီတုံးနဲ့ ပြုံးပြုံးရွှင်ရွှင်လက်ဆွဲ နှုတ်ဆက်ပါတယ်။   မော်စီတုံးရဲ့ အိမ်မှာ ညစာတည်ခင်းပါတယ်။  သမ္မတမပြန်ခင်မှာ ပူးတွဲကြေငြာချက်တစောင်ထုတ်ပါတယ်။   အမေရိကန်က တရုတ်ပြည်နဲ့ တိုင်ပေဟာ တနိုင်ငံတည်း ဖြစ်ကြောင်း အသိအမှတ်ပြုတဲ့အချက်ပါဝင်ပါတယ်။  ဘေကျင်းနဲ့ ရှန်ဟိုင်း ခရီးတလျှောက်လုံးကို  လိုက်ပါရသူက ၀န်ကြီးချူပ် ချူအင်လိုင်း ဖြစ်ပြီး သူ့ရဲ့ သံတမာန်စွမ်းရည်တွေကို အားလုံးက လေးစား အသိအမှတ်ပြုခဲ့ရပါတယ်။

------------------------------------------

အကျဉ်းထောင်ဝန်ထမ်းတွေဟာ အရင်လို စက်ရုပ်ဆန်ဆန် မဟုတ်ကြတော့ပါဘူး။  အသားဟငိးတွေလည်း ပုံမှန်ကျွေးမွေးလာပါတယ်။  ဒါပေမဲ့ စိတ်ဖိစီးမှုကြောင့် သူမရဲ့ ကျမ်းမာရေးက ပိုလို့သာ ဆိုးလာခဲ့ပါတယ်။  သွေးတွေ အဆက်မပြတ်ဆင်းတဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတဲ့အခါ “သားအိမ်ကင်ဆာ“ လို့ ပြောပါတယ်။   စမ်းသပ်စစ်ဆေးမှုတွေက စေ့စေ့စပ်စပ်မရှိတဲ့အပြင် ဆရာဝန်ကလည်း မည်ကာမတ္တ ဖြစ်တဲ့အတွက် ရောဂါစွဲဆိုချက်ကို သူမကတော့ သိပ်အယုံအကြည် မရှိပါဘူး။  အစောင့်တွေကတော့ သူမကို သနားသလိုအကြည့်တွေနဲ့ မကြာခဏ ကြည့်ကြပါတယ်။

၁၉၇၃ခုနှစ် မတ်လ ၂၇ရက်နေ့မှာတော့ အကျဉ်းတံခါးကို အစောင့်တယောက်က လာဖွင့်ပါတယ်။
“အထုပ်ပြင်ပါ”
“ဘာဖြစ်လို့လဲ“
“ အထုပ်ယူပြီးတော့သာ ထွက်ခဲ့ပါ“
သူမ သိလိုက်ပါပြီ။  နောက်ဆုံးတော့ ရှားပါးတဲ့ တရားမျှတမှုကို ရခဲ့ပြီ။  ခြောက်နှစ်ကျော် “အိမ်“ ဖြစ်ခဲ့ရတဲ့ အခန်းကျဉ်းလေးကို နောက်ဆုံးကြည့်လိုက်သည်။  အေးစက်တဲ့ သံလက်ထိပ်နဲ့  စိတ်သောက ရောက်စရာအဖြစ်တွေက အသစ်တဖန် ရင်ထဲကို ပြန်ရောက်လာသည်။
“မြန်မြန်ထွက်ခဲ့ပါ၊ အဲဒီအခန်းထဲမှာ ဒီလောက် နေပြီးလို့ မ၀သေးဘူးလား“  အစောင့်က လောဆော်သည်။
သူမ ဆရာဝန်နဲ့ ထပ်တွေ့ရပါသည်။   လိုအပ်သောဆေးတွေကို ပေးပြီး အပြင်က ဆရာဝန်နဲ့ ဆက်ပြပါ တဲ့။
” ကျေးဇူးတင်ပါတယ်”
“ခင်ဗျား မကြာခင်လွတ်တော့မယ်၊  ၀မ်းမသာဘူးလား”
“ အပြစ်မရှိတဲ့ လူတယောက်အတွက် ခြောက်နှစ်ခွဲ ထောင်ထဲမှာနေရတာဟာ ၀မ်းသာတဲ့လွတ်မြောက်မှု မဖြစ်နိုင်ပါဘူး ဒေါက်တာ“
ဆရာဝန်က မကြားဟန်ပြုပြီး ဆက်ပြောသည်။
“ခင်ဗျားအတွက် တခုတော့ အကြံပေးလိုက်ချင်တယ်။   လူတိုင်းခင်ဗျားလို ကံမကောင်းကြဘူး။  ပြောရမယ်ဆိုရင် အကျဉ်းသားထဲမှာ ခင်ဗျားလောက် ခေါင်းမာပြီး စောဒက သန်တဲ့သူမရှိဘူး။ ဒါပေမဲ့ အပြင်ရောက်သွားရင် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါ။  ရှန်ဟိုင်းဟာ တော်လှန်ရေးမတိုင်ခင်က ရှန်ဟိုင်းမဟုတ်တော့ဘူး။   ခင်ဗျား ဒီကို နောက်တခေါက်ပြန်ရောက်ချင်လိမ့်မယ် မဟုတ်ပါဘူး”
ခဏနေတော့ သူ ထွက်သွားပါသည်။

-------------------------------------

ထွက်ခါနီးမှာ သူမရဲ့အထုပိကို စေ့စေ့စပ်စပ် ရှာဖွေကြသည်။  နောက်ပြီး ရုံးခန်းထဲကိုခေါ်ကာ သုံးသပ်ချက်တစောင်ကို ဖတ်ပြသည်။
“ ..........................   အဆိုပါ အမည်ရှိ ပုဂ္ဂိုလ်သည်  တိုင်းပြည်တွင်းမှ ဆန်ခွဲတမ်းကို ပြည်ပသို့ဆက်သွယ်ပေးပို့မှုနှင့် လျှူရှောက်ချီအား ထောက်ခံပြောဆိုမှုတို့အတွက် အပြစ်ဒဏ် ခြောက်နှစ်ခွဲကို ကျခံပြီး ယခုအခါ အပြုအမူများ တိုးတက်ကောင်းမွန်လာသည့်အတွက် လွတ်မြောက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်”.............
သူမက သူတို့ကို ဒေါသဖြင့် စိုက်ကြည့်လိုက်သည်။
“ကျမ ဒီသုံးသပ်ချက်ကို လက်မခံနိုင်ဘူး။  အရင်ပြောခဲ့သလိုဘဲ တနိုင်ငံလုံးသိတဲ့ ဆန်ခွဲတမ်းကို အသစ်ရောက်လာမဲ့ ၀န်ထမ်းကို အသိပေးတာ သက်သက်ဘဲ။  နောက်တခုကလဲ စွပ်စွဲချက် သက်သက်ပဲ။  ဒီသုံးသပ်ချက်ကို ကျမရဲ့ ကိုယ်ရေးရာဇ၀င်ထဲ အပါမခံနိုင်ဘူး။  ဒီလိုမျိုးနဲ့တော့ ထွက်မသွားနိုင်ပါဘူး။ ဒီလိုသာဆိုရင်တော့ ကျမ အကျဉ်းထောင်ထဲမှာဘဲ ပြန်နေမယ်”
ရုံးခန်းထဲက လူကြီးတွေ အကြပ်ရိုက်သွားပါသည်။ 
 
“ထောင်တဲကထွက်ဖို့ ငြင်းဆန်တဲ့ အကျဉ်းသားမျိုး တခါမှ မတွေ့ဖူးဘူး။   ခင်ဗျား အခုပြောတာတွေကို  အထက်ကို တင်ပြပေးမယ်။  အခုတော့ ဒီကနေ ထွက်သွားပါ။  ဒီအကျဉ်းစခန်းက လူအိုရုံမဟုတ်ဘူး”
“ ကျမမှာ အပြစ်မရှိလို့ လွှတ်တာပါလို့ စာရေးပြီး ပြင်ပေးမှ ထွက်သွားပါမယ်”
“ခင်ဗျားတော်တော် ပြောရခက်ပါလား။  အပြင်မှာ ခင်ဗျားမိသားစု စောင့်နေတယ်”
မိသားစု။  မိသားစုဆိုတာ သမီးကိုပြောတာလား။  သမီးလေး မေပင်း အပြင်မှာ စောင့်နေတယ်ပေါ့။  တွေ့ချင်လိုက်တာ ၊ တွေ့ချင်လိုက်တာကွယ်။ ချက်ချင်းပင် အမျိုးသမီးအစောင့်နှစ်ယောက် ရောက်လာပြီး သူမကို ချိုင်းတဖက်စီက မပြီး အပြင်ကို ဆွဲထုတ်သွားတော့သည်။

အပြင်မှာ အပြာရောင် တက္ကစီကလေးတစီးရပ်ထားပြိး မိန်းမပျိုကလေးတယောက် ရပ်နေတာ တွေ့ရသည်။ သူမ အသေအချာကြည့်လိုက်တော့ ဒီမိန်းကလေး အရပ်က သမီးကလေး မေပင်းလောက် မမြင့်မားပါ။  သမီးလိုချစ်ရတဲ့ မိန်းကလေး   “ဟီယန်” ဆိုတာ သိလိုက်ရတော့သည်။

------------------------------

ဟီယန်က သူမကို တင်းတင်းဖက်ထားသည်။
“မေပင်းရော ဟင်၊ မေပင်း ဘယ်မှာလဲ”
ပြောလာမဲ့ အဖြေကို မကြားရဲပေမဲ့ အားတင်းပြီး မေးလိုက်သည်။ ဟီယန်က မဖြေဘဲ ပိုပြီး တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။  ကားပေါ်မှာလည်း နှစ်ဦးသား တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာကြသည်။ ကားက အုတ်တံတိုင်းကာရံပြီး ကျဉ်းမြောင်းမည်းမှောင်သော သစ်သားဂိတ်ဝ တခုရှေ့မှာ ရပ်လိုက်သည်။ အာဏာပိုင်တွေက သူမကို အစားပေးသည့်အိမ်ဟု ဟီယန်က ဆိုသည်။  သပ်ယပ်သန့်ရှင်းမှုအားနည်းသော အခန်းနှစ်ခန်းပါ အိမ်ခန်းတွဲဖြစ်သည်။   အောက်ထပ်ကိုတော့ အခြားမိသားစုတစုက လာနေမည်။  မူလ လူဦးရေ ၄သန်းမှ ယခု ၁၀သန်းအထိ ထူထပ်လာသော ရှန်ဟိုင်းမြို့တွင် အစိုးရက မိသားစုများကို အိမ်တအိမ်တည်းတွင် စုပေါင်းနေထိုင်စေခြင်းဖြစ်သည်။

အသက်ကြီးကြီး အဒေါ်ကြီးတယောက်ကို ဟီယန်က ငှားရမ်းပေးထားသည်။  သူမရဲ့ ကျမ်းမာရေးကြောင့် ခွင့်ပြုခြင်းဖြစ်သည်။  သူမ ပိုင်ဆိုင်မှုအားလုံးအနက်မှ ယွမ် ၅၀၀၀ကို အသုံးစရိတ် ပြန်ချပေးထားသည်- တဲ့။

ဟီယန်ဆီမှ ကြားရသည်က စစ်ဦးစီးလင်ပြောင်သည် အခြေအနေမလှသည့်အတွက် ရုရှကိုထွက်ပြေးရာမှ လေယာဉ်ပျက်ကျပြီး သေဆုံးသွားသည် -တဲ့။  လက်ရှိတွင် ၀န်ကြီးချူပ်ချူအင်လိုင်းက  မော်ပြီးလျှင် နံပါတ်၂ ဖြစ်နေသည် -တဲ့။ ဒါကြောင့်လည်း အခြေအနေအရပ်ရပ် တိုးတက်လာပြီး သူမပင် လွတ်မြောက်လာသည် မဟုတ်လား။
“ကဲ - တို့တွေ မေပင်းအကြောင်း ပြောကြရအောင်”  သူမက တောင်းဆိုတော့ ဟီယန်က သူမ အခြေအနေကို ခံနိုင်ရည်ရှိမရှိ အကဲခတ်ပြီး တလုံးချင်း ပြောပြသည်။
“ကျမလည်း အဲဒီအချိန်က ရှန်ဟိုင်းမှာ မရှိဘူး ဒေါ်ဒေါ်။  သိတဲ့အတိုင်း ယဉ်ကျေးမှုတော်လှန်ရေးစတော့ ကျမ ဂီတတက္ကသိုလ်က ဘွဲ့ယူပြီးပြီးချင်း သြဂုတ်လမှာ မေပင်းရဲ့မွေးနေ့ကို လာခဲ့ပါတယ်။ ၁၉၆၆ ဒီဇင်ဘာလမှာ  ကွေ့ယန်က စိုက်ပျိုးရေးဒေသမှာ  လုပ်အားပေးရပါတယ်။  သိပ်မကြာခင်ဘဲ မေမေက စာရေးလာတယ်။  မေပင်း သူ့ကိုယ်သူ သတ်သေသွားတယ် -တဲ့”
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။  စိတ်ထဲက ငြင်းဆန်ရင်း ကျမခန္ဒာကိုယ်က ယိမ်းယိုင်သွားတော့ ဟီယန်က ထွေးပွေ့လိုက်ပါသည်။  ကျမတို့ အတူတူ ငိုကြသည်။

“ဘာကြောင့်လဲ၊ ဘာကြောင့်များတဲ့လဲကွယ်”  “ ရုပ်ရှင်စတူဒီယိုက ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေရဲ့ စာရင်းဘဲထုတ်ပြန်တာပါ။ ဘာမှတော့ ရှင်းလင်းချက် မပေးပါဘူးဒေါ်ဒေါ်”
သမီးလို ငယ်ရွယ်ပြီးတက်ကြွတဲ့ မိန်းကလေးက ဘယ်တော့မှ သတ်မသေပါဘူး။  ဒီဖြစ်ရပ်ကို အမှန်အတိုင်းပေါ်အောင် ကြိုးစားမယ် လို့ စိတ်ထဲက ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တော့သည်။

-----------------------------------

ရေချိုးခန်းထဲက မှန်မှာ သူစိမ်းမိန်းမတယောက်ကို မြင်လိုက်ရသည်။  ခြောက်သွေ့ မွဲပြာနေသောဆံပင်များ၊ ဟောက်ပက်ပက်  မျက်လုံးများ နှင့် အရောင်အဆင်းမဲ့သော မျက်နှာတခု။  မှန်မကြည့်ရတာ ခြောက်နှစ်ခွဲ  ရှိခဲ့ပါပကော။   အိမ်အကူအဒေါ်ကြီးယူလာသော ရေနွေးဗူး ခြောက်ဗူးကုန်သည့်အထိ စိမ်ပြေနပြေ ရေချိုးပစ်လိုက်သည်။

အိမ်ဖော်အဒေါ်ကြီး (အာယီး)က ကြက်သားစွပ်ပြုတ်၊ ၀က်သားပြားကြော်နှင့် ဂေါ်ဖီရွက်ကြော်တို့ကို ဟီယန်တို့ သားအမိနှင့်အတူစားဖို့ ပြင်ဆင်ပေးသည်။  နှစ်ပေါင်းများစွာ ကင်းကွာနေသည့် စားကောင်းသောက်ဖွယ်များပေမင့်  စိတ်မကြည်လင်တာရော သွားဖုံးနာတာရောကြောင့် မစားနိုင်ပဲ အရည်သောက်များနှင့်သာ တင်းတိမ်လိုက်သည်။  ဟီယန်တို့နှင့် သွားဖုံးကုရန် သင့်တော်သည့် ဆရာဝန်ရှာပေးမည်ဟု ဆိုသည်။  သွေးဆင်းတာနှင့်ပါတ်သက်၍ နာကျင်မှုမခံစားရသည့်အတွက် ကင်ဆာဟု သူမမထင်ကြောင်း၊  စိတ်ချရသည့်ဆရာဝန်ရှာဖွေရန် အကူအညီတောင်းလိုက်သည်။

ညခင်းစောစောမှာ သပ်ယပ်သန့်ရှင်းသည့် အိပ်ယာပေါ် လှဲချပြီး အိပ်ဖို့ကြိုးစားလိုက်သည်။  ရင်ထဲက တင်းကြပ်ဆို့နင့်နေသဖြင့် အိပ်မရပါ။  ဟီယန်တို့သားအမိရှေ့တွင် မြိုသိပ်ထားသောခံစားမှုများကို ဖွင့်ထုတ်လိုက်သောအခါ မျက်လုံးထဲမှ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

------------------------------------------

နောက်တနေ့နံနက်မှာ ရုပ်ရှင်စတူဒီယိုမှ လူနှစ်ဦးလာပြီး မေပင်း၏ သေဆုံးမှုကို အတည်ပြု ပြောကြားပါသည်။
“ကျမသမီး ဘယ်အချိန်မှာ ဘယ်လိုဘယ်ပုံ သေဆုံးရသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ”
” ၁၉၆၇ ဇွန်လ ၁၆ရက်နေ့မှာ နန်ကင်းလမ်းက ရှန်ဟိုင်းအားကစားအသင်း အဆောက်အဦရဲ့ ကိုးထပ်မြောက် ပြူတင်းပေါက်က ခုန်ချခဲ့တာပါ”
“သူက ဘာလို့ အဲဒီကို ရောက်နေရတာလဲ”
“တော်လှန်ရေးအဖွဲ့တွေက စစ်မေးစရာရှိလို့ ခေါ်သွားတာပါ”
“ဘာအတွက် အစစ်ခံရတာလဲ”
“ဒါက အရေးမကြီးပါဘူး“   ထိုသူက မေးခွန်းကို လှီးလွှဲလိုက်သည်။
”အရေးကြီးတာပေါ့ရှင်။  ဒီအကြောင်းကြောင့် သူ သေခဲ့ရတာလေ” သူမက ခိုင်မာစွာဆိုသည်။ 

သို့သော် ထိုသူက လက်မခံပါ။  သူမသေဆုံးရမှုကို ရုပ်ရှင်စတူဒီယိုက စုံစမ်းစစ်ဆေးခဲ့ပါသလား ဟု သူမက ဆက် မေးသောအခါ  ထိုစဉ်က သတ်သေမှုများ တနေ့ကို တရာမက အလွန်များပြားသည့်အတွက် မစုံစမ်း မစစ်ဆေးနိုင်ပါ ဟုဆိုသည်။   သူမက ကိုယ့်စိတ်ကိုထိမ်းပြီး ဆက်မေးပါသည်။
“ ဥပဒေကြောင်းအရ  သတ်သေမှုတွေကို ဆေးစစ်ချက်ယူပြီးမှ သဂြှိုလ်ရပါတယ်။  အဲဒီစစ်ချက်ကို ကျွန်မ ကြည့်ချင်ပါတယ်”
ထိုသူက မေပင်း၏ ဆေးစစ်ချက်ရှိမရှိ သူ  မသိပါကြောင်း၊  ဖြေဆိုသည်။  ပြန်လိုသည့်အမူအယာဖြင့် ထ ရပ်သည်။  လက်ထဲက စာရွက်စာတမ်းနှင့် စာအိတ်တချို့ကို စားပွဲပေါ်တင်ပေးသည်။  မေပင်း၏ လစာငွေ၊  သေဆုံးသူအတွက် ထောက်ပံ့ငွေ နှင့် မေပင်း၏ ဒိုင်ယာရီစာအုပ်၊ အခြားစာရွက်အချို့..။

ဒိုင်ယာရီလေးကို သူမ မထိရဲ မကိုင်ရဲသလို ငေးကြည့်နေမိပါသည်..........။

------------------------------------

အိမ်မက်ထဲမှာ မေပင်းကို သွေးအိုင်ထဲမှာ ခွေခွေကလေးတွေ့ရသည်။  နန်ကင်းလမ်းပေါ်မှာ အသက်မဲ့နေတဲ့ မေပင်းရဲ့ ရုပ်ပုံလွှာ။  သူမ ၀မ်းနည်းထိတ်လန့်စွာ အိပ်ယာမှ လန့်နိုးလာခဲ့သည်။


မေပင်း သေဆုံးသည့်နေရာဟု ဆိုသော နန်ကင်းလမ်းက အမျိုးသားအားကစားအသင်းအဆောက်အဦကို သွားကြည့်ဖို့ သူမ ဆုံးဖြတ်ထားသည်။   ရုတ်တရက်ကြီး သွားလို့တော့မရ။   ဟီယန်ရဲ့အမေက တိုးတိုးတိတ်တိတ် မှာထားသည်။  အိမ်ဖေါ်အဒေါ်ကြီး အာယီး ကို မယုံပါနဲ့ - တဲ့။   အိမ်မှ နေ့စဉ် လမ်းလျှောက်ထွက်သည့်အလေ့အထ ကို အစပြုသည်။  ပြန်လာတိုင်း  အဒေါ်ကြီးက သောက်ရေခပ်ပေးရင်း “ အဝေးကြီးလျှောက်လိုက်တယ် ထင်ပါရဲ့၊ မျက်နှာတွေတောင် ရဲလို့” စသဖြင့် စကားဆိုတတ်ပေမဲ့ တဖြေးဖြေး ကျင့်သားရသွားတော့ အထူးအဆန်းလုပ်ပြီး ထပ်မမေးတော့။  နှစ်ပါတ်ကျော်ကြာသည့် နေ့တနေ့တွင် လမ်းလျှောက်ထွက်ရင်း မှတ်တိုင်ကနေ ဘတ်စ်ကားကြပ်ကြပ်စီးကာ  နန်ကင်းလမ်းကို ထွက်ခဲ့သည်။   ဆင်းရမည့်မှတ်တိုင်မှာ လမ်းဆင်းလျှောက်ပြီး ဘေးဘယ်ညာကို ကြည့်တော့ လူတွေ ဥဒဟိုသွားလာနေကြသည်။  မည်သူမှ သူမကို ထူးထူးခြားခြားသတိမထားမိကြပါ။

အမျိုးသားအားကစားအသင်း၏ ကိုးထပ်အခန်းကို မော့ကြည့်သည်။  နန်ကင်းလမ်းမဖက်တွင် ကိုးထပ်ကို ထင်ထင်ရှားရှား မမြင်ရ။  မြင်ရသည့်အခြားတဖက်မှကြည့်တော့ ပြူတင်းပေါက်ကို သံတိုင်များ ကာရံ ထားသည်ကို တွေ့ရသည်။  ခုန်ချလိုသူတယောက်အနေနှင့် ဒီသံတိုင်ကြားမှ ခက်ခက်ခဲခဲ တိုးထွက်လို့ ရနိုင်မလားဆိုတာ  အဝေးကမို့ မှန်းဆလို့ မလွယ်ပါ။  သူမ လျှောက်သွားရင်း  အဆောက်အဦအ၀င်ဝ အုတ်ခုံတနေရာမှာ ဇာပန်းထိုင်ထိုးနေသော အမျိုးသမီးလေးတယောက်ကို မိတ်ဖွဲ့လိုက်သည်။  ဘေဂျင်းမှ အလည်လာသူ အဒေါ်ကြီးတဦးဟု မုသားသုံးပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

ဒါနဲ့ စကားမစပ်ကွယ်။ ၁၉၆၇ လောက်မှာ ရုပ်ရှင်မင်းသမီးငယ်လေးတယောက် ဒီအဆောက်အဦ အပေါ်ထပ် ကနေ ခုန်ချပြီး   ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆို”

မိန်းကလေးက မျက်ခုံးကြောရှုံ့ပြီးစဉ်းစားသည်။

“ အဲဒါ ကျမတို့ လင်မယား ရှန်ဟိုင်းရောက်ပြီး နောက်တနှစ်ပဲ။  ကျမတို့က ဒီနားမှာဘဲ နေနေကြတာလေ။  အင်း- အဲဒီလိုမျိုး အဖြစ်အပျက် မကြားမိလိုက်ပါဘူး။  အဲဒီတုန်းက ဒီအဆောက်အဦးကြီးပြင်ဖို့ ငြမ်းတွေ ပါတ်ပါတ်လည် ထိုးထားတာလေ။   ပြင်လို့မပြီးခင်ကို အလုပ်သမားတွေ လက်စမသတ်ဘဲ ဒီအတိုင်း ပစ်ထားခဲ့ကြတာ အကြာကြီးပါဘဲ။

နန်ကင်းလမ်းက ပြန်လာပြီးနောက်ပိုင်း သူမရဲ့ အိမ်မက်တွေ ပြောင်းလဲသွားပြန်သည်။  ရိုက်နှက် ထုထောင်းမှုကြောင့် အညိုအမဲ စွဲနေသော၊   ခန္ဒာကိုယ့်အနှံ့ သွေးစလိမ်းကျံနေသော မေပင်းကို မြင်ရပြန်သည်။  
-----------------------------------


“သခင်မ၊  သခင်မ ”

တနေ့ တော့ လမ်းလျောက်ထွက်လာရင်း ခေါ်သံတခုကြားရသည်။  ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ကြောင့် ဒီအခေါ်အဝေါ်ကိုပင် အံ့သြထူးဆန်းနေမိသည်။  မိမိကို ခေါ်မည်လို့လည်း လုံးဝ ထင်မထား။  အပြေးကလေးလိုက်လာသူ အနားရောက်တော့မှ မိမိအရင်အိမ်က ဥယျာဉ်မှုး ဟောင်းဖြစ်နေသည်။ သူမရဲ့ကျေးဇူးရှင်။ အဖမ်းခံရမဲ့ညက  သူ့ကိုလခနှင့်ဆုကြေးပေးဖို့ ငွေတွေ အိတ်ကပ်ထဲ ပါလာခဲ့တာမို့ ထောင်ထဲမှာ လိုအပ်သည့်ပစ္စည်းလေးတွေ အတော်အသင့် ၀ယ်နိုင်ခဲ့သည်။
လာလည်ဖို့ အိမ်လိပ်စာပေးလိုက်သည်။ သူ့ကိုလည်း တင်နေသည့် ထိုအကြွေးပြန်ဆပ်ဖို့ရှိသည်။  အခြား အိမ်တော်ထိန်းတွေရဲ့ အခြေအနေကို မေးမြန်းလိုက်သည်။  နောက်ပြီး  တချိန်က မေပင်းရဲ့ချစ်သူ ဆွန်ကိုင်းကိုတွေ့ရင် ပေးဖို့ သူမရဲ့လိပ်စာကို ပေးလိုက်သည်။

အိမ်ဖေါ်ဟောင်း လောင်ချောင်နှင့်တွေ့သောအခါ သူမ သံသယက ပိုခိုင်မာသွားသည်။  သူမကို ဖမ်းသွားပြီးနောက်ပိုင်း  တော်လှန်ရေးအင်အားစုတွေက မေပင်းကို  အခြားအိမ်တအိမ်မှာ ပြောင်းရွှေ့ နေစေသည် တဲ့။  သူမကို အဲဒီအိမ်မှာဘဲ ပြည်သူ့စစ်အဖွဲ့တွေ ညကြီးမင်းကြီး လာခေါ် သွားသည်ဟု ကြားမိကြောင်း ပြောပြသည်။  အဲဒီအိမ်ကို ကိုယ်တိုင် သွားပြီးစုံစမ်းဖို့တော့ သူမက အားမပေး။  သူတို့အားလုံးကို ထုတ်မပြောဖို့ ပိတ်ထားပြီးဖြစ်ကြောင်း၊ အခုအချိန်မှာ မေပင်းအကြောင်း မေးလားမြန်းလားလုပ်တာက နျန်ချန်းအတွက် အန္တရာယ်ကြီးကြောင်း ပြောပါသည်။

ရက်အတော်ကြာသောအခါ ဆွန်ကိုင်းက သူမဆီ ရောက်လာပါသည်။  မေပင်းသာရှိခဲ့လျှင် သည်လူချောကလေးက သူမ၏ သမက်ကလေး ဖြစ်နေလောက်ပေပြီ။  ဆွန်ကိုင်းက မေပင်းအကြောင်း သူသိသမျှ ပြောပြသည်။  သူမကို ဖမ်းဆီးသွားပြီး တယောက်တည်းကျန်ခဲ့သည့်မေပင်းကို သူနှင့်သူ့မိသားစုက လက်ထပ်ပြီး အိမ်မှာခေါ်ထားလိုပေမဲ့ မေပင်းက လက်မခံ။  “အမေမရှိဘဲ ကျွန်မ လက်မထပ်နိုင်ဘူး၊ အပြစ်မရှိတဲ့ မေမေ မကြာခင် ပြန်လွတ်လာမှာပါ” တဲ့။  သူတို့အားလုံး ဒီအဖြစ်အပျက်ကြီးက တနှစ်လောက်မကြာခင် ပြီးဆုံးသွားမယ်လို့ ထင်ခဲ့ပါသည်။  အခုတော့ မေပင်းကို သူတို့ ဆုံးရှုံးခဲ့ကြသည်။  ဆွန်ကိုင်းက သူမရှေ့မှောက်မှာ ငိုကြွေးခဲ့ပါသည်။

------------------------------------

ပြင်ပမှာ နိုင်ငံရေးမုန်တိုင်းက ထန်နေဆဲ။
မဒမ်ချန်ချင်းခေါင်းဆောင်သော လေးဦးဂိုဏ်းက ၀န်ကြီးချူပ် ချူအင်လိုင်းနှင့် ဒူဝန်ကြီးချူပ် တိန့်ရှောင်ဖိန်ကို တဖက်လှည့်နှင့် တိုက်ခိုက်ဖို့ကြိုးစားနေကြသည်။  နာမကျန်းဖြစ်နေသော မော်စီတုံးကွယ်လွန်လျင် ချန်ချင်းက ထိုနေရာကို ရယူဖို့အထိရည်မှန်းချက်ထားသည်။  ချူအင်လိုင်းက သူမဘ၀တက်လမ်းအတွက် အဓိက အနှောင့်အယှက်ဖြစ်နေသည်။  သို့ရာတွင် ချူ က လိမ္မာပါးနပ်သဖြင့် လျှူရှောက်ချီလို  မော်လမ်းစဉ်ကို တိုက်ရိုက်မဝေဖန်၊  သူလုပ်စရာရှိသည်ကို ခေါင်းအေးအေးဖြင့် လုပ်ကိုင်သဖြင့် ပ ထုတ်ဖို့  အကွက်ရှာမရနိုင်သေး။  ချူ၏ တာဝန်က မော်လမ်းစဉ်နှင့် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် နစ်နာပျက်စီးမှုများကို နည်းနိုင်သမျှနည်းအောင် ကာကွယ်ဖို့၊ ပြုပြင်ဖို့ဖြစ်သည်။  ယခုအခါ ၀န်ကြီးချူပ် ချူ သည် ကင်ဆာရောဂါခံစားနေရသဖြင့် ဆေးကုသမှုခံယူနေရသည်ဟု သိုးသိုးသန့်သန့်ကြားသည်။  အကွက်ချောင်းနေသော ချန်ချင်းတို့လူသိုက်ကို မထောက်ခံသည့် ပါတီခေါင်းဆောင်များက  ချူအင်လိုင်း၏ လက်ထောက် တိန့်ရှောင်ဖိန်ကို ဆက်ခံဖို့ လိုလားလျက် ရှိကြသည်။
နောက်ပိုင်းမှ ပြန်လည်သိရှိရသည်မှာ နိုင်ငံခြားစီးပွားရေးမြှုပ်နှံမှုကို လိုလားသော ၀န်ကြီးချူပ် ချူအင်လိုင်းကို ဦးတည်တိုက်ခိုက်ရန်အတွက် ချန်ချင်းတို့အုပ်စုက သူမအပါအ၀င် နိုင်ငံခြားကုမ္မဏီ အကြီးအကဲများ၊၀န်ထမ်းများကို  သူလျိုများ၊ သစ္စာဖောက်များ ဆိုသည့် စွဲချက်ဖြင့် အတင်းအကြပ် ဖမ်းဆီး ၀န်ခံစေခဲ့ခြင်း ဖြစ်သည်။

--------------------------------------------

စိတ်ပြေလက်ပျောက်ဖြစ်အောင် သူမက ကျောင်းသားအချို့ကို အိမ်မှာ အင်္ဂလိပ်စာ သင်ပေးပါသည်။  အဲဒီအထဲမှာ ထူးခြားသော ကျောင်းသားလူငယ်ကလေးတဦးရှိသည်။  သူ့နာမည်က တားဒဲ့ ၊  နောက်ပြောင်ပြောင် ပေါ့ရွှတ်ရွှတ်ပြောတတ်ပေမဲ့ ထက်မြက်သောဥာဏ်ရည်နှင့်  အင်္ဂလိပ်စာ ထူးချွန်သည်။   အလုပ်လက်မဲ့ဟု သူ့ကိုယ်သူပြောသည်။  သူက အမြဲတမ်း အကြောင်းမရှိ အကြောင်းရှာပြီး သူမဆီကို ရှားပါးသော စားစရာ လက်ဆောင်တွေ ယူလာပေးတတ်သည်။

အိမ်အောက်ထပ်မှ မိသားစုကလည်း ထူးထူးဆန်းဆန်းပြုမူလေ့ရှိသည်။  အိမ်ရှင်မကြီးက သူမအခန်းကို ဧည့်သည် လာတိုင်း မယောင်မလည်နှင့် ခိုးနားထောင်တတ်သည်။  မြေးဖြစ်သူက သူမအပြင်ထွက်တိုင်း အပေါ်ထပ်သို့တက်လာပြီး ဟိုပစ္စည်းယူ သည်ပစ္စည်း ရှာဖွေယူငင်ခြင်း၊  မီးဖိုချောင်က အစားအသောက်များကို မသိမသာ နှိုက်စားခြင်း တို့ပြုတတ်သည်။  သူမက အဖွားဖြစ်သူကို တိုင်တန်းသောအခါ  အိမ်ရှင်မကြီးက နောက်တခါမဖြစ်စေရဟု ကတိပေးသည်။  သို့သော်လည်း အရင်လိုပဲ  ကြုံတွေ့မြဲပင်။

အကျဉ်းထောင်က လွတ်လာပေမဲ့ သူမကို နောက်ယောင်ခံ စောင့်ကြည့်နေသူ အများအပြားရှိကြောင်း နျန်ချန်းသိသည်။  သို့ရာတွင် အိမ်ဖေါ်အဒေါ်ကြီး၊  ထူးခြားသော အင်္ဂလိပ်စာကျောင်းသား၊ အောက်ထပ်က မိသားစုများသာမက နောက်ဆုံး ဟီယန်၏အမေ သူမငယ်သူငယ်ချင်းကိုယ်တိုင် သတင်းပေးတာဝန် မဖြစ်မနေ ထမ်းဆောင်နေရကြောင်း ရိပ်မိသိရှိလာရသောအခါ အလွန်ကြေကွဲ ၀မ်းနည်းရပါသည်။  သူမ၏ ဆွေမျိုးသားချင်းများကလည်း ( ယခင် သူမထောင်ကျစဉ်ကလည်း  သူတို့ကို သီးသန့်ခေါ်ယူ စစ်ဆေးမေးမြန်းကို ကြုံခဲ့ရဖူးသဖြင့်)  ယခုအခါ လာရောက် မဆက်သွယ်ကြပါ။   အထီးကျန်နေသော သူမသည် တရုတ်ပြည်ကို စွန့်ခွာပြီး အခြားနေရာတခုခုမှာ လွပ်လွပ်လပ်လပ် နေထိုင်လိုသောစိတ်ဆန္ဒသာ ပြင်းထန်နေခဲ့ပါသည်။  သို့ရာတွင် သူမ၏ သမီးကလေးအတွက် ဖြစ်ရပ်မှန်ဖေါ်ထုတ်ဖို့ တာဝန်တရပ် ကျန်ရှိနေသေးသည် မဟုတ်လား။

------------------------------------------

သူမသည် ပါတ်ဝန်းကျင်က စော်ကားမော်ကား တိုက်ခိုက်မှုများကို ရှိသမျှအားနှင့် တွန်းလှန်နေရဆဲပင်။
အိမ်ရှေ့ ဂိတ်ဝတွင် တယောက်ယောက်က “ မာနကြီးတဲ့ အရင်းရှင်နယ်ချဲ့နောက်လိုက်ခွေး” ဟုရေးသွားသည်။  အိမ်ဖေါ်အဒေါ်ကြီးက ရေစိုဝတ်ဖြင့် သုတ်ဖျက်ပစ်ရန်ပြင်သည်။  သူမက တားသည်။  “နေပါစေ-  အားယီ၊  အဲဒီလိုအရေးခံရတာ ကျွန်မတယောက်ထဲမဟုတ်တဲ့အတွက် ရိုးနေပါပြီ”

မနက်ပိုင်း လမ်းလျောက်ထွက်တိုင်း ကလေးအုပ်စုတစုက လမ်းထိပ်မှစောင့်၍ လှောင်ပြောင် သရော်ကြသည်။  သူမ အချိန်ကို အမျိုးမျိုးပြောင်း၍ လမ်လျှောက်ပေမဲ့ သူတို့က အမြဲရှိနေသည်။   နောက်ဆုံးသူမက ဥပေက္ခာပြုပြီး လမ်းကို လျောက်မြဲ လျောက်ဆဲပင်။ 

ထိုလမ်းထိပ်ကိုရောက်တိုင်း မလှမ်းမကမ်းတွင် လူတယောက် စက်ဘီးနှင့်ရပ်နေတာ တွေ့ရပြီး ကလေးတွေ လှောင်ပြောင်သည်နှင့် တပြိုင်နက် စက်ဘီးကို နင်းပြီးထွက်သွားတာ အကြိမ်ကြိမ် မြင်ရသည်။  ထိုလူကို သူမ မှတ်ထားလိုက်သည်။  အသက်သုံးဆယ်ခန့်၊ ဆံပင်နက်နက်ထူထူ၊  သူ့စက်ဘီးထိုင်ခုံစွပ်က အ၀ါရောင်။

နောက်ထပ် သူမဆီကို မမြင်ဖူးသည့် ဧည့်သည်တွေ တဖွဲဖွဲရောက်လာတတ်သည်။ သူတို့ကိုယ်သူတို့ မေပင်း၏ သူငယ်ချင်းတွေပါ ဟုဆိုသည်။  သူတို့အားလုံး၏ တူညီသော ရည်ရွယ်ချက်က  သူမ၏ ပါတီအပေါ် လက်ရှိသဘောထားနှင့် လုပ်ဆောင်ချက်များကို ထောက်လှမ်းပြီး သတင်းပို့ရန်ဖြစ်သည်။ သူမကို ပြန်လည်ဖမ်းဆီးနိုင်ရန် “ထောင်ချောက်” ဆင်ကြခြင်းပင်။

တယောက်ကဆိုလျှင် မေပင်းနှင့် ကျေးရွာလုပ်အားပေးစခန်းမှာ ခင်ခဲ့သည်ဟုဆိုသည်။  သူမက မေပင်း၏ အခင်ဆုံးသူငယ်ချင်းအမည်ကို မေးကြည့်တော့ သူသိသည်ဟု ဆိုသည်။  အုပ်စုဓါတ်ပုံထဲတွင် ထောက်ပြခိုင်းသောအခါ  လွဲမှားစွာ ပြသည်။  သူမက ပြုံးနေသောအခါ သူ့ကိုယ်သူ မှန်သည်ဟု ယူဆပြီး အားတက်သရော ဆက်ပြောသည်။  မေပင်း၏ လူသတ်မှုကို ဖေါ်ထုတ်ချင်ပါသည် -တဲ့။ သူမက  “ တချိန်ချိန်မှာ အစိုးရက တာဝန်ယူဖေါ်ထုတ်ပါလိမ့်မယ်။  အဒေါ်စောင့်နိုင်ပါတယ်” ဟုပြောသောအခါ သူက လက်မခံ။  နျန်ချန်းက နောက်ဆုံး  စဉ်းစားပါဦးမယ်။ လိုအပ်ရင်ဖုံးဆက်ဖို့ ထားခဲ့ပါ။  လိပ်စာကတ်လည်းပေးခဲ့ပါ လို့ပြောသောအခါ သူ့လိပ်စာကတ်ကို မပြချင်ပါ။   “လိပ်စာကတ်လေးရှိမှ တယောက်ကို တယောက် ယုံကြည်လို့ ရမှာပေါ့“ လို့ ပြောသောအခါ သူကပြလာသည်။  သူ့ စက်ရုံအလုပ်သမားကတ်တွင် “ လျို့ဝှက်” တုံးထုထားသဖြင့် နျန်ချန်းက အတွေ့အကြုံအရ တန်းသိလိုက်သည်။  သူသည် အစိုးရလက်နက်စက်ရုံက အလုပ်သမားတဦး။  သူမက အိမ်ဖေါ်အဒေါ်ကြီးကို သက်သေခေါ်ပြီး ထိုလူငယ်ကို ပြောလိုက်သည်။ 

“မင်း - နောက်ကို ဒီအိမ်ကိုထပ်မလာခဲ့ပါနဲ့၊ ပါတီဝင်တယောက်အနေနဲ့ တို့လို “အပြစ်ရှိတယ်လို့ စွပ်စွဲခံထားဖူးသူ” တယောက်နဲ့ အခုလိုစကားတွေပြောတာ မင်းအတွက် အလွန်အန္တရာယ်ကြီးပါတယ်။  ပြန်ရောက်ရင် ၀န်ခံချက် ပေးလိုက်ပါ၊ အဒေါ်ကြီး-  သူ့ကို နောက် တံခါးမဖွင့်ပေးပါနဲ့”  

သူမအိမ်ရှေ့တွင် “ ကျန်းမာရေးအခြေအနေအရ ကြိုတင်ချိန်းဆိုထားသူမှအပ တွေ့ဆုံခြင်းမပြုနိုင်ပါ” ဟု လက်မှတ်ရေးထိုး စာတန်းဆွဲထားလိုက်သည်။ ပထမတကြိမ်တွင် ဆိုင်းဘုတ်ကို မည်သူမှန်းမသိ ဖျက်ဆီးသွားရာ သူမက ရဲကိုသွားပြီး တိုင်ကြားလိုက်သည်။  သူမနှင့် ခင်မင်သော ရဲမှူးကို အကြောင်းကြားပြီးနောက်ပိုင်းတွင် ဖျက်ဆီးလည်းမခံရတော့၊ ဧည့်စိမ်းများလည်း မလာတော့။

သူမ၏ အထူးတပည့် ဖြစ်သူ တားဒဲ့ က မှတ်ချက်ချသည်။  “ ဆရာမဟာ ကျွန်တော့်အပေါ် အမေလောက်ကို ကောင်းခဲ့ပါတယ်။  ဒါကြောင့် တခုတော့ပြောချင်တယ်။  တချို့ကိစ္စတွေကို သူ့ဖာသာသူ လွှတ်ထားလိုက်ပါ။  သူတို့ခြေလှမ်းကို ကိုယ်ကကြိုသိနေတာမျိုး၊ ပြန်ပြီးတိုက်ခိုက်တာမျိုးကို “သူတို့”က သိပ်နာကျည်းတယ်၊ ဆရာမကို ဒုက္ခမရောက်ရောက်အောင် တိုးပြီးကြံစည်ကြလိမ့်မယ်”   တဲ့။  “သူတို့”ဆိုတာ ဘယ်သူတွေလဲဟု သူက တိတိကျကျ ထုတ်မပြောပါ။

တားဒဲ့ပြောတာ မှန်သည်ဟု ဆိုရမည်။  ရက်အနည်းငယ်ကြာသောအခါ သူမလမ်းလျှောက်နေစဉ်  လူရှုပ်သော လမ်းမတနေရာအရောက် နောက်ကျောမှ စက်ဘီးတစီးက ၀င်တိုက်ပြီး နင်းပြေးသွားသည်။  မျက်မြင်တွေ့လိုက်သူက စက်ဘီးသမား၏ ပုံပန်းသွင်ပြင်ကို ပြန်ပြောပြသောအခါ ထိုလူက ဆံပင်နက်နက်ထူထူ၊  စက်ဘီးထိုင်ခုံစွပ်က အ၀ါရောင် - တဲ့။

----------------------------------------------

တီးတိုးသတင်းတွေ ကြားရပြန်သည်။ သေအံ့မူးမူး ၀န်ကြီးချူပ် ချူအင်လိုင်းကို ဆေးရုံမှာ မော်စီတုံးက သွားတွေ့သည်တဲ့။  ချူအင်လိုင်းက သူ့ကိုဆက်ခံသူအဖြစ် တိန်ရှောင့်ဖိန်ကို ရွေးပါဟု ပြောသည်တဲ့။  မော်စီတုံးက အသံတိုးလွန်းလို့ မကြားရလေဟန် ဆောင်နေသည်- တဲ့။

ချူအင်လိုင်းကွယ်လွန်တော့ တိုင်းပြည်ထဲက လူတွေအားလုံးနီးပါး ၀မ်းပန်းတနည်း ဖြစ်ကြသည်။  အလောင်းကို ကြိုဆိုကြသည်။  တကယ်တော့ ချူအင်လိုင်းသည်  တရုပ်ပြည်အတွက် သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပေးသွားခဲ့သူ။  သူနှင့်သူ့ဇနီးတွင် ကလေးမရှိပါ။  နီးစပ်သူများက ဇနီးငယ်ငယ်ထပ်ယူပြီး မျိုးဆက်ချန်ခဲ့ဖို့ အကြံပေးသောအခါ သူက ပြောပါသည် “တရုပ်ပြည်ထဲက ကလေးတွေအားလုံးဟာ ကျွန်တော့်ကလေးတွေချည်းပါဘဲ” တဲ့။

ချူအင်လိုင်း၏ မသေမီဆန္ဒက သူ့အရိုးပြာကို နိုင်ငံအနှံ့ ဖြန့်ကျဲရန်ဖြစ်သည်။  ယင်းစကားကိုပင်  မဒမ်ချန်ချင်းတို့အုပ်စုဝင်ဟောင်းများ မြှုပ်နှံလေ့ရှိသော “မြင့်မြတ်သည့်တောင်ကုန်း” ပေါ်တွင် သူတို့နှင့်အတူယှဉ်တွဲ မနေလို၍ပေလားဟု ထင်မြင်ချက်ပေးသူများရှိသည်။

မဒမ်ချန်ချင်း၏ ရုပ်ပုံများက သတင်းစားများတွင် ပို၍နေရာယူလာသလို သူမကို မလိုလားသူများက  သူမ၏ အတွင်းရေးသတင်းများ၊  အရှုပ်တော်ပုံများ၊ အပုပ်နံ့များကို တီးတိုးဖြန့်ကျက် ပြောဆိုလာနေကြပါသည်။

-------------------------------------------

သူမ၏ အိမ်ရှေ့တွင် ဥယျာဉ်မှုးဟောင်း၏ ကူညီစီမံပေးမှုဖြင့် နှင်းဆီခင်းများ၊  ပန်းအလှပင်ကလေးများဖြင့် သာတောင့်သာယာ ဖြစ်နေပေပြီ။  အောက်ထပ်က အဒေါ်ကြီးကတော့ သူပိုင်သော ဥယျာဉ်တခြမ်းကို ဘာပင်မှ မစိုက်ပါနဲ့။  ဥက္ကဌကြီး“မော်”က မကြိုက်ဘူးတဲ့။  ခက်ပဲခက်ရချည့်။  သူမရဲ့ ကျန်းမာရေးလည်း တိုးတက်ကောင်းမွန်လာပြီး အသားအရေတွေ ပြည့်လာသည် ( ထောင်ကထွက်ခါစက  ၈၅ပေါင်သာရှိသည်၊ ထောင်ထဲမ၀င်မီက ၁၁၅ပေါင်ဖြစ်သည်)။   မူလက ညစ်ပတ်ပေရေနေသော အိမ်ခန်းနံရံတွေကိုလည်း ခင်မင်သူ လူငယ်လေးများက လာပြီး ဆေးသုတ်ပေးထားသဖြင့် ကြည့်ပျော်ရှုပျော်ရှိနေပါသည်။

------ တယောက်ကတော့ ပုံမှန်လည်ပတ်မြဲ။  နျန်ချန်းက သူ့ကို ပြည်သူ့စစ်အဖွဲ့ဝင်မှန်းသိပေမင့် မြိုသိပ်ထားသည်။ တခါတရံ စာသင်အပြီး အတူတူချက်ပြုတ်စားသောက်ကြသည်။ သူမက သူ့ကို မသိမသာ အသုံးချခဲ့ဖူးပါသည်- အထူးသဖြင့် ပါတီပုဂ္ဂိုလ်များ၊ တော်လှန်ရေးခေါင်းဆောင် အဖွဲများကို သူမပေးလိုသော  သတင်းစကား အချက်အလက်များကို တပည့်ငယ်ကို မသိမသာ ပြောလိုက်ရုံပင်။ တနေ့တခြား ရင်းနှီးခင်မင်လာသည့် သူမ၏ တပည့်ကလေးက နောက်ဆုံး သူ့ဇာတိအမှန်ကို ဖွင့်ပြော လာသည်။  သူ လက်ထပ်တော့မှာဖြစ်၍ လက်ရှိအလုပ်ကို စွန့်ခွာတော့မည် - တဲ့။ သူဟာ အရေးမပါတဲ့ သတင်းပေးတယောက်ပါ- တဲ့။  သူ့ဆီကနေ မေပင်းနဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တချို့ ထပ်ရခဲ့ပါသည်။  မေပင်းကို ပြည်သူ့စစ်အဖွဲ့က သူမမိခင်ကို ကိုယ်တိုင်ရှုံ့ချဖို့ဖိအားပေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  မေပင်းက လက်မခံခဲ့ပါ။  နောက်ဆုံး လက်လွန်ကာ သေဆုံးသွားရခြင်းဟူ၍ ပင်။  

------------------------------------------

မော်စီတုံးကွယ်လွန်ခဲ့ပြီ။  ထောင်ထဲမှာနေစဉ်က သူမအမြဲ မျှော်လင့်ဆုတောင်းခဲ့သောအရာ။  
ပါတီတွင်း အကွဲအပြဲများက ပိုဆိုးလာသည်။  ချန်ချင်းတို့က တိန့်ရှောင်ပင်းကို နေရာချထားလိုက်သည်။  ဟွာကိုဖုန်းက ခေါင်းဆောင်ဖြစ်လာသည်။  ဟွာကိုဖုန်းသည် အတွေ့အကြုံနုနယ်သူ၊  အင်အားအခိုင်အမာ ရှိသူတော့မဟုတ်။  သို့ရာတွင် တခုတော့ ကတိပြုသည်။  ယဉ်ကျေးမှုတော်လှန်ရေးအတွင်း မမျှတမှုခံစားခဲ့ရသူများအတွက် ကူညီဆောင်ရွက်ပေးမည်။  တိုင်ကြားမှုတွေ မရေမတွက်နိုင် ပေါ်ပေါက်လာသည်။   နောက်ပိုင်းမှာ မဒမ်ချန်ချင်း၏ လေးဦးဂိုဏ်း ဖမ်းဆီးထိမ်းသိမ်းခံရပြီး တိန့်ရှောင်ပင်းတယောက် နိုင်ငံရေး ရှေ့မျက်နှာစာကို ပြန်ရောက်လာခဲ့လေသည်။

နျန်ချန်းက အစိုးရအဖွဲ့ဝင်တွေဆီ  သူမ၏ သမီးငယ် သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးပါရန် အဆက်မပြတ် စာရေးသားတောင်းဆိုသည်။  တခါသော် အစိုးရအရာရှိတဦး သူမဆီရောက်လာသည်။  သူက ပြောပါသည်။

“ ခင်ဗျားသိအောင်ပြောမယ်။  ရှန်ဟိုင်းမှာ အဲဒီအချိန်က ထူးထူးခြားခြားသေဆုံးမှု တသောင်းလောက် ရှိတယ်။  အဖမ်းခံရတဲ့သူတွေက အဲဒီထက် အဆပေါင်းများစွာပိုတယ်။ ကျူပ်တို့မှာ လုပ်စရာ သုံးခုရှိတယ်။  ပထမတခုက အပြစ်မရှိဘဲ အကျဉ်းစခန်းရောက်နေသူတွေကို စိစစ်ပြီးလွှတ်နိုင်ဖို့၊ ဒုတိယက ခင်ဗျားလို မှားယွင်းစွဲချက်နဲ့ ပြန်လည်လွတ်လာတဲ့သူတွေကို နာမည်သန့်စင်ပေးဖို့၊ နောက်ဆုံးကျမှ မတရားသဖြင့် သေဆုံးရသူတွေကို စုံစမ်းဖို့။  အဲဒီတော့ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး။ စိတ်ရှည်ရှည်နဲ့စောင့်ပါ။  စာတွေ အကြိမ်ကြိမ်ထပ်မပို့ပါနဲ့တော့”

ထိုပုဂ္ဂိုလ်၏ ပြောကြားချက်မှာ အဓိပ္မါယ်ရှိပြီး မျှတသည်ဟု သူမ ထင်ပါသည်။

“ကောင်းပါပြီရှင်။ ကျမ သဘောပေါက်ပါပြီ။  ဒါနဲ့ ရှင်က ကျွန်မအရင်မြင်ဖူးတဲ့ ပါတီအရာရှိတွေနဲ့ သိပ်ကွာခြားတယ်လို့ ထင်ပါတယ်”

“ဟုတ်မှာပါ-  ကျူပ်က လွန်ခဲ့တဲ့ တနှစ်ကမှ အကျဉ်းစခန်းက ပြန်လာခဲ့သူလေ”

------------------------------------------

၁၉၇၈တွင် လွန်ခဲ့သော ၁၂နှစ်က သူမကို မှားယွင်းစွာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း တရားဝင်စာကိုရရှိခဲ့သည်။  သူမဆံမှ သိမ်းဆည်းထားသော ဘဏ်စာရင်းကို ကျသင့်သော အတိုးနှင့်တကွ ပြန်ပေးပါမည်ဟု ဆိုလာသည်။  သူမက တိုင်းပြည်၏ စီးပွားရေးအခက်အခဲကို ငဲ့ကွက်၍ မူလတန်ဖိုးကိုသာ ယူပါမည်ဆိုသော်လည်း မရပါ။

၁၉၇၈ နွေဦးရာသီ၊ တိတိကျကျဆိုရလျှင် အသတ်ခံရပြီး၁၁နှစ်အကြာတွင် မေပင်းနှင့်တကွ ရုပ်ရှင်စတူဒီယိုမှ သေဆုံးသူ ၂၉ဦးအတွက်  စုံစမ်းစစ်ဆေးရေး ကော်မီတီတရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ အစီရင်ခံစာတွင် မေပင်းကို ”သတ်သေခြင်း”အစား ”ဖိနှိပ်မှုကြောင့် သေဆုံးရသည်” ဟု ဖေါ်ပြသော်လည်း လက်သည်တရားခံကို တိကျစွာ ဖေါ်တုတ်ခြင်းမပြုသည့်အတွက် သူမက ကန့်ကွက်ခဲ့ပါသည်။  ထိုကိစ္စအတွက် အကြိမ်ကြိမ် ခေါ်ယူဆွေးနွေးမှုများပြုလုပ်ပြီး  အမည်နာမအတိအကျဖြင့် မဖေါ်ထုတ်နိုင်ခြင်းကို တောင်းပန်ဖြောင်းဖျ ခဲ့ပါသည်။  အမှန်တကယ် မေပင်းကလွဲ၍ ကျန် ၂၈ဦးလုံးမှာ မဒမ်ချန်ချင်းနှင့် တနည်းမဟုတ်တနည်း ပါတ်သက်ခဲ့သူများဖြစ်ပါသည်။  ၄င်းတို့ထဲတွင် သူမ မထင်မရှား မင်းသမီးဖြစ်စဉ်က နေရာကောင်းထားမပေးခဲ့သော ဒါရိုက်တာများ၊ သူမထက်ကျော်ကြားသော မင်းသမီးများ ပါဝင်သည်။   ရုပ်ရှင်စတူဒီယိုက မေပင်းအတွက် အမှတ်တရဆုတောင်းပွဲတခု ကျင်းပပေးခဲ့ပါသည်။  မေပင်း၏ ဆရာမဖြစ်သူ ရုပ်ရှင်စတူဒီယို ဒါရိုက်တာ၏ဇနီးက ၂၄နှစ်သမီး မေပင်း၏ ဘ၀ဖြတ်သန်းမှုနှင့် အမှတ်တရလေးများ၊ ကူညီဖေးမတတ်ပုံများကို ထုတ်နုတ်ပြောဆိုသွားပါသည်။ ရိုးသားမှု ခံစားချက်အပြည့်နှင့် ပြောသွားသောသူမ၏ မိန့်ခွန်းအတွင်း ငိုရှိုက်သံအချို့ ထွက်ပေါ်လာခဲ့ပါသည်။  ထို့နောက်  ၀မ်းနည်းကြေကွဲစရာ တေးဂီတနောက်ခံတွင် တက်ရောက်လာသူအသီးသီးက မေပင်း၏ ဓါတ်ပုံကို  ဦးညွှတ်အလေးပြုကြပြီး မိခင်နျန်ချန်းကိုလည်ုး လက်ဆွဲနှုတ်ဆက် အားပေးကြပါသည်။

ထိုညက သူမ အိပ်မပျော်ခဲ့ပါ။  အမှောင်ထဲမှာ လဲလျောင်းနေရင်းက သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ပြေးလွှားဆော့ကစားနေသော ပါးဖောင်းဖေါင်းနှင့်ကလေးမလေးတယောက်၊   ရှန်ဟိုင်းမြို့လမ်းမပေါ်က မိန်းမလှလေးတယောက်ကို သာ မြင်ယောင် တမ်းတနေမိပါတော့သည်။

---------------------------------------

၁၉၇၉ နှစ်သစ်ကူးတွင် တရုတ်နှင့် အမေရိကန် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်လိုက်ကြသည်။ သူမ မနက်တိုငင်း တိုက်ချိကစားလေ့ရှိသော အများပြည်သူပန်းခြံ၏ ခုံတန်းကလေးများပေါ်တွင် လူငယ်လူရွယ်လေးများသည် အင်္ဂလိပ်စာကို အားကြိုးမာန်တက် လေ့လာနေကြသည်။  သူမကို “နိုင်ငံခြားသူလျို” ဟု လမ်းဒေါင့်တွင်စောင့်၍ အော်ဟစ် လှောင်ပြောင်ခဲ့သော ကလေးငယ်များက  အင်္ဂလိပ်စာတပည့်များ ဖြစ်လာကြပြီး “မင်္ဂလာနံနက်ခင်းပါ” ဟု အပြုံးနှင့် နှုတ်ဆက်လာကြသည်။ ယခင်က အဆက်အသွယ်မလုပ်ခဲ့သော ဆွေမျိုးများက ပြန်လည်ဆက်သွယ်လာကြပြီး အချို့က သူတို့နှင့်အတူ လာနေပါဟု ဆိုကြသည်။  နိုင်ငံခြားဘာသာသင်ကျောင်းမှ အင်္ဂလိပ်စာဆရာခန့်ရန် ကမ်းလှမ်းသော်ငြား ကျန်းမာရေးအရ မိမိအိမ်တွင်သာ သင်နိုင်ပါမည်ဟု အလိမ္မာနှင့် ငြင်းပယ်ခဲ့ရပါသည်။  ရင်ကိုနာကျင်စေခဲ့သော အဖြစ်အပျက်များကို အမြဲသတိပေးနေမည့်  ဒီမြေဒီရေမှာ မနေလိုတော့ပြီ။

သူမကို အာဏာပိုင်များက သိမ်းဆည်းထားသော ကြွေထည်ပစ္စည်းအချို့ပြန်ပေးပါသည်။  အကောင်းဆုံးလက်/ရာ ၁၅ခုကိုမူ ရှန်ဟိုင်းပြတိုက်က ၀ယ်ယူလိုသည် ဟုဆိုသည်။  သူမက အပြီးအပိုင် လှူခဲ့ပါသည်။    ဘဏ်စာရင်းထဲမှ ငွေများကို ထုတ်ယူ၍  အများစုကို ဆွေမျိုးသားချင်းများ၊ အိမ်စေဟောင်းများကို မျှဝေ ပေးကမ်းလိုက်သည်။

အမေရိကတွင် နေထိုင်ကြသော ညီမနှစ်ယောက်ထံမှ ဖိတ်ခေါ်စာနှင့်အတူ ပတ်စပို့နှင့်ဗီဇာများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတော့သည်။

---------------------------------------------

၁၉၈၀ခုနှစ်၊ စက်တင်ဘာ ၂၀ရက်။
မိုးဖွဲဖွဲကျနေသည့်ကြားမှ လိုက်ပါပို့ဆောင်သူများကို လက်ပြနှုတ်ဆက်လိုက်ပါသည်။  သူတို့ကလည်း လက်ပြရင်း ညီမတွေနှင့် ပျော်ရွှင်စွာဆုံစည်းပါစေကြောင်း ဆုတောင်းပေးကြပါသည်။   ဘယ်တော့ပြန်လာမည်လဲဟု ဘယ်သူကမှ မမေးပါ။   ၀မ်းနည်းစရာ အမှတ်ရမှုများပြည့်နေတဲ့ ဒီမြေကို ပြန်လာမှာမဟုတ်တော့ဘူးဆိုတာ သူတို့ ကြိုတင် သိချင်လည်း သိနေကြပေမည်။

ရှန်ဟိုင်းက ဟောင်ကောင်ကိုထွက်ခွာမည့် သဘောင်္ဆိပ်ကမ်းကို ကားကရောက်လာခဲ့လေပြီ။  မိုးကလည်း သည်းသည်းမည်းမည်း ရွာချလိုက်တော့သည်။  ထီးမပါသဖြင့် သူမတကိုယ်လုံး စိုရွှဲသွားတော့သည်။ သူမ လိုက်ပါရမည့် ပထမတန်းအခန်းတွင် ရေချိုးခန်းငယ်ပါသဖြင့် ရေနွေးဖြင့် ရေချိုးသန့်စင်လိုက်ပြီးမှ ကုန်းပတ်ပေါ် ထွက်လာခဲ့သည်။  ရှန်ဟိုင်းမြို့ကို စိတ်ထဲက နှုတ်ဆက်နေမိပါသည်။  မိုးငွေ့ကြောင့် မှိုင်းမှုန်နေပေမဲ့ အဝေးက အဆောက်အဦများနှင့်အတူ သူမအရင်အလုပ်လုပ်ခဲ့သော ရှဲလ် ရုံးဟောင်းကို ခပ်ပြပြ မြင်နိုင်ပါသေးသည်။ 

သင်္ဘော ကျောက်ဆူးကို မ ယူ ပြီး တဖြေးဖြေးအရှိန်ယူ မောင်းနှင်လိုက်ပါသည်။
သူမ ရပ်ငေးကြည့်နေသော ကမ်းပါးစပ်မြင်ကွင်းက မျက်ဝန်းထဲမှာ တဖြေးဖြေး မှုန်ဝါးပျောက်ကွယ်သွားပါသည်။ လေက တဟူးဟူးတိုက်ခတ် နေသဖြင့် ဆံနွယ်တို့က နောက်ဖက်မှာ လွင့်ပျံဝဲလို့နေသည်။    ဇာတိမွေးရပ်မြေကို အပြီးအပိုင် စွန့်ခွာရတာမို့လည်း ရင်ထဲမှာ နာကြင်ကြေကွဲနေသည်။   ကိုယ့်တိုင်းပြည်ကို ဘယ်လောက် ချစ်ခင်တွယ်တာခဲ့သလဲ သစ္စာရှိခဲ့သလဲဆိုတာ ဘုရားသာလျှင် အသိဆုံးဖြစ်ပေမည်။  သို့ပေမင့် ကိုယ့်ပယောဂမပါဘဲ  တည်ဆောက်ထားသမျှ တစစီကွဲကြေပျက်ပြုန်းခဲ့လေပြီ။ အခုတော့ဖြင့် အတိတ်က ကြေကွဲစရာများနှင့် ပို၍ပို၍ ဝေးရာဆီသို့သာ............................။

-----------------------၀၀၀၀၀၀---------------------

မိုးစက်ပွင့်

စာရေးသူက အရာရာကို ပြန်လည်တွေးတဲ့အခါတိုင်း ကြေကွဲဝမ်းနည်းရလွန်းလို့ အကြိမ်ကြိမ်အားယူပြီးမှ ဒီစာအုပ်ကို ပြီးဆုံးအောင် ရေးခဲ့ရတယ်လို့ ဆိုပါတယ်။ သမိုင်းနောက်ခံ စာအုပ်ကောင်းကလေးအုပ်ကို မျှဝေချင်စိတ်နဲ့  မူရင်းရသ မပျက်အောင်  အတတ်နိုင်ဆုံးကြိုးစားပြီး အကျဉ်းခြုံးတင်ပြပေးထားပါတယ်။  လိုအပ်ချက်ရှိရင် ကျွန်မရဲ့  မကျွမ်းကျင်မှုလို့ မှတ်ယူပေးပါနော်။  အလုပ်အားချိန်မှ ရေးရတော့ အပိုင်းတွေ ပြတ်ပြတ်နေတာ စိတ်မကောင်းပါ။ အပိုင်းတွေ သိပ်များနေမှာစိုးလို့ နောက်ဆုံးပိုင်းကို အရမ်းရှည်ရှည်ကြီးနဲ့ အဆုံးသတ်လိုက်ရပါတယ်။  စာအုပ်ငှားပေးတဲ့ မမK နဲ့ အမြဲစောင့်ဖတ်တဲ့ မမET နဲ့ အားပေးကြတဲ့ အခြားသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။  မူရင်းစာအုပ်လက်လှမ်းမှီရင်လည်း ပြည့်ပြည့်စုံစုံ ခံစားဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ နော်..။