Thursday 11 March 2010

ကတိ နဲ့ တန်ဖိုး

” ဟဲလို........ဖြူဖြူလား ...... နီနီပါ”
” ပြော သူငယ်ချင်း”
” ဟိုလေ ... ဒီနေ့ ချိန်းထားတဲ့ စာကြည့်တိုက်သွားဖို့ကို နီနီမလာနိုင်တော့ဘူးကွာ ... အမေက အရေးကြီးအလုပ်ခိုင်းနေလို့”
”သြော် ....အင်း”
”နောက်တစ်ခါကွာ နော် ....ဘိုင်”

ဘ၀မှာ ဒီလိုမျိုး ကိစ္စတွေကို ဖြူဖြူနေရာ (သို့မဟုတ်) နီနီနေရာမှာ တစ်ကြိမ်ထက်မက ကိုယ်တွေ့ ကြုံဖူးကြမယ်ထင်ပါတယ်။ အပေါ်က ဥပမာပေးထားတဲ့ ကိစ္စက အသေးအဖွဲဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မပြောချင်တာက ”ကတိ” နဲ့ သူ့အပေါ်ထားတဲ့ ”တန်ဖိုး” အကြောင်းပါ.။


 ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်စာအုပ်လေးတွေ၊ အိပ်ယာဝင်ပုံပြင်တွေ၊ ရေဒီယိုကလာတဲ့ ပုံပြင်လက်ဆောင်ကလေးတွေ အားလုံးထဲမှာ ကတိတည်တဲ့ ဇာတ်ကောင်ကလေးတွေကို ရင်းနှီးခဲ့ရတယ်။ (မင်းမှာ သစ္စာ၊ လူမှာကတိ) ဆိုတဲ့ စကားလေးကိုလည်း နားထဲပါမက အသည်းထဲပါ စွဲခဲ့တယ်။   ကတိပေးပြီး သီတင်းသီလပြန်စောင့်တဲ့သူက ဘီလူးကြီးဆီအစားခံဖို့ပြန်လာတာမျိုးကို ရင်တဖိုဖို နားထောင်ရင်းက ဘီလူးနဲ့လူကြားက ယုံကြည်ဖှူ နဲ့   အဲဒီလူသားရဲ့ သူ့အပေါ်ယုံကြည်မှူ နဲ့ သူ့ကတိကို အသက်နဲ့လဲပြီး စောင့်ထိမ်းပုံတွေကို တွေးတော လေးစားတတ်လာခဲ့တယ်။ 

”ကတိကို လွယ်လွယ်မပေးပါနဲ့၊ ပေးပြီးရင်လည်း လွယ်လွယ်နဲ့ မဖောက်ဖျက်ပါနဲံ” ဆိုတဲ့ စကားလေးကို သိပ်ကြိုက်ခဲ့ပါတယ်။  ဟုတ်တယ်လေ-   ဘကြီးအောင်ညာတယ် ဇာတ်လမ်းထဲက ဘကြီးအောင်က ကလေးလေးကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုးပေးပြီး မညာသင့်ပါဘူး။

ကျွန်မတို့ဟာ ဆင်ခြေ ဆင်လက် ဆင်နားရွက် သိပ်များတဲ့ လူမျိုးတွေလို့ပြောရင် မှားဦးမလား။  ဥပမာ ( စာရေးမယ်လို့ပြောထားပေမဲ့ အလုပ်များလွန်းလို့)   ( လာမယ်လို့ပြောထားပြီးမှ ကားဘီးပေါက်သွားလို့)  (ပေးမယ်လို့ပြောထားပြီးမှ အဆင်မပြေတော့လို့)  ( လုပ်မယ်လို့ပြောထားပြီးမှ အနှောင့်အယှက်ရှိလာလို့)  စသဖြင့် ပြင်ပအခြေအနေတစ်ရပ် ( External Factors)ကို ရမယ်ရှာပြီး မခိုင်လုံတဲ့ အကြောင်းပြချက် (Lime Excuse ) တွေနဲ့  ကတိဖျက်ကြတယ်။

ကတိမပေးမီကတည်းက စဉ်းစားသင့်ပါတယ်။  ကတိပျက်ရတဲ့ အကြောင်းရင်းတွေရဲ့ ငါးဆယ်ရာနှူန်းက ကြိုတင် သိမြင်နိုင်တဲ့ အရာတွေပါ။ နောက်ထပ် လေးဆယ့်ကိုးရာနှုန်းက ကတိအတိုင်း ဖြစ်အောင်လုပ်ချင်တဲ့စိတ် ( Internal Factor) မရှိတာပါ။ အလုပ်များလဲ စာတိုတစ်ကြောင်းက မီနစ်အနည်းငယ်နဲ့ပြီးနိုင်ပါတယ်၊ ကားဘီးပေါက်ရင် တခြားနည်းနဲ့လာပေါ့၊  စသဖြင့် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို (ကတိလွယ်လွယ် မဖျက်ခင်) အားထုတ်သင့်ပါတယ်။

(ဥစ္စာမရှိ ကတိမတည်) ဆိုတဲ့ စကားကိုလည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ ကတိတည်ဖို့ သူဘယ်လောက် အားထုတ်သလဲ ဆိုတာတော့ ထည့်စဉ်းစားရမယ် ထင်ပါတယ်။  ကိုယ်ရော စိတ်ပါ အားထုတ်လို့ ဘယ်လိုမှ မဖြစ်နိုင်ရင်တော့လည်း ရှိစေတော့ ပေါ့။ တစ်ခါတစ်ရံမှာ ကတိဖျက်ခံရတဲ့ သူမှာသာ မသက်မသာဖြစ်သွားရတယ် ကတိဖျက်သူကတော့ ပန်းပန်းလျက်ပဲ ဆိုတာမျိုး။ ထမင်းစား ရေသောက်သလို ကတိဖျက်တတ်လွန်း၊ ပေါ့ပေါ့လေးပြောတတ်လွန်းလို့  သူပြောတဲ့စကား၊ သူပေးတဲ့ကတိကို သံသယနဲ့ ချင့်ချိန်နေရတဲ့အထိ Reliability  ကျနေခဲ့ပါပြီ။  သူ့ရဲ့ Personality  ဖြစ်လာတယ်လို့ ပြောရမယ်ထင်ရဲ့။

ဘယ်အရာမှ မတည်မြဲဘူး၊  ပြောင်းလဲတဲ့ အခြေအနေတစ်ခုမှာ ပြောင်းလဲတဲ့ လုပ်ဆောင်မှူတွေ လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။  ဒါပေမယ့် ”ကတိ” နဲ့ ” လူ့တန်ဖိုး”ကို ဆက်စပ် ကြည့်တဲ့အခါ တူညီသော လျောက်လမ်းတစ်ခုပေါ်မှာ တွဲလျက်သား တွေ့မြင်ရမှာပါ။  


(သူများကိုဝေဖန်ရင် အရိုက်ခံရမှာစိုးလို့) ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး ဝေဖန်မိပါတယ်။ အားကျမိသော ဇာတ်လိုက်များအတိုင်း ကျွန်မ ငယ်ငယ်တုန်းက ကတိကို တော်တော်လေး အလေးထားခဲ့ဖူးပါတယ်။ လုပ်မယ်လို့ ပြောထားရင် ဘယ်လောက်ခက်ခက် လုပ်ပြီးမှ စိတ်အေးတယ်။  ချိန်းထားတဲ့ အချိန်ထက် ၁၅မိနစ်လောက်နောက်ကျရင် ငါ ကတိမလေးစားသူဖြစ်နေပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့အထိ အကဲဆတ်ခဲ့ပါတယ်။  ချိန်းထားရင် များသောအားဖြင့် ကိုယ်က စောနေတတ်ပြီး  (စိတ်လျှော့ ...... စိတ်လျော့) ဆိုတာမျိုး ရေရွတ်တတ်တယ်။   ကြီးလာတာနဲ့အမျှ အကျင့်ကလေးတွေ တစစ ပျက်တတ်လာပါတယ်။  အသက် တော်တော်ရလာတာနဲ့အမျှ( အကြောင်းပြချက်ရှိရှိနဲ့) ကတိပျက်ချင်လာတယ်။ နောင်တော့ တစ်ခုခုကို ပြောင်းလဲချင်ရင် တစ်ခုခုအကြောင်းပြချက်ပေးဖို့ဘဲ စဉ်းစားတော့တယ်။  ကတိပျက်လို့လည်း စိတ်က မဖိစီးတော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်တော့ဘူး။   ဒါကိုပဲ ကိုယ့်ကိုယ်ကိုယ် တရားရှိလာသလိုလိုတောင် ချီးကျူးမိသေးတယ်။ သေသေချာချာ သတိပြုမိတဲ့ အချိန်မှာတော့ ကျွန်မဟာ ကတိရဲ့တန်ဖိုးကို လျှော့တွက်သူတစ်ယောက်ဖြစ်နေခဲ့ပြီ.......။  ကတိအပေါ်ထားတဲ့ ကျွန်မရဲ့ တန်ဖိုး  (သို့မဟုတ်) ကတိနဲ့ကျွန်မရဲ့ ပုဂ္မိုလ်ရေးတန်ဖိုး ဆက်စပ်မှူဟာ ပြောင်းလဲခဲ့ပြီလား  ?????

ဒီအကြောင်းကို စဉ်းစားမိတဲ့အခါ ကျွန်မ အလန့်တကြားဖြစ်သွားပါတယ်။ (အကြောင်းပြချက်များရဲ့ သားကောင်) ဘ၀က ရုန်းထွက်ရပါဦးမယ်။  တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့  ကျွန်မရဲ့ ကတိကိုလွယ်လွယ် မပေးမိအောင်၊ မဖျက်မိအောင် ပြန်လည်ကြိုးစား အားထုတ်ရ ပါဦးမည်။  ကျွန်မ တို့ရဲ့ နောင်လာနောင်သား ကလေးငယ်လေးတွေကိုလည်း ကတိတည်တတ်ဖို့ လက်ဆင့်ကမ်း သင်ကြားပေးရပါဦးမည်။  အရုပ်ကလေးဝယ်ပေးမယ် လို့ ဘကြီးအောင် မညာဘဲ  မ၀ယ်ပေးနိုင်သေးတဲ့အကြောင်း အကျိုးအကြောင်းသင့် တင်ကြိုရှင်းပြပေးနိုင်ရပါမည်။ 

လူသားအားလုံးလည်း  ကတိတည်သူတွေ ဖြစ်နိုင်ကြပါစေ......။

မိုးစက်ပွင့်

( ဒီ ပို့စ်နှင့် ဆက်စပ်ဖတ်ရန်-  ရှင်လေး ရဲ့  ” No  လို့ ပြောတတ်ပြီလား)
ဖြည့်စွက်ချက် - စာပါ အကြောင်းအရာများသည် မည်သူ့ကိုမှ ရည်ရွယ်၍ စောင်းမြောင်း ပြောဆိုခြင်းမဟုတ်ပါကြောင်း အာမခံပါသည်။ လတ်တလော...ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ် ဆုံးမနေမိခြင်းသာ ဖြစ်ပါကြောင်း :-)))
 .

3 comments:

  1. ကတိပေးမိခဲ့လား မပြောတတ်ပါဘူး...
    စာဖတ်ရင်းကိုယ့်ဖာသာ မလုံမလဲ ဖြစ်သွားတာပဲ သိတယ်..

းဝ)

    ReplyDelete
  2. ကိုလူထွေး
    ဆောရီး ... ကျွန်မ မက်ဆေ့ခ်ျကို ကောင်းကောင်း မပေးတတ်သေးဘူးထင်ပါရဲ့... ညကပဲ ပြန်စဉ်းစားမိတယ်..အင်း ဟိုသူငယ်ချင်းက သူ့ကိုပြောသလားလို့ထင်တော့မယ်..ဒီ သူငယ်ချင်းက တွယ်လိုက်ပြန်ပြီလို့ ထင်တော့မယ်....ကိုလူထွေးလို မလုံမလဲ ဖြစ်နေမှာစိုးလို့ စာအဆုံးမှာ ဖြည့်စွက်ချက်လေး ပြန်ထည့်ထားပါတယ် .. တော်သေးရဲ့ နို့မဟုတ် ဘဘတွေက ငါတို့ကိုစောင်းပြောတာလားလို့ ခေါ်မေးနေမှ အခက်... :)

    ReplyDelete
  3. အင်း။ ကိုယ်ကချိန်းထားတဲ့အချိန် အတိုင်း ဂတိမပျက်မကွက် သွားပေမဲ့ တဖက်လူရဲ့နောက်ကျမှု ပျက်ကွက်မှုတွေကြောင့် စိတ်အနှောက်အယှက် အကြိမ်ကြိမ်တွေ့ခဲ့ရဖူးတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......