Monday 1 March 2010

ကျမ ချူခြာသယ်

(ကျွန်မပုံ မဟုတ်ပါ။ အီးမေးမှ-)

ငယ်ငယ်တုန်းက ကျွန်မ အလွန်ချူချာ ပါတယ်။ မွေးစက ငါးပေါင်လောက်ပဲရှိတာမို့ ကိုယ်ခံအား မကောင်းဘူးထင်ပါရဲ့..။  ထစ်ခနဲရှိရင် ဖျားပြီ။ အမေက တစ်ရက်ကို သုံးလေးခါလောက် နဖူးစမ်းစမ်းကြည့်တာ မှတ်မိနေတယ်။ အမေ့စကားအရ  ” အဲဒီ နယ်မြို့ကလေးကို ပြောင်းလာသမျှ ဆရာဝန်တိုင်းနဲ့လည်း ခင် ခင်သွားပါတယ်” တဲ့၊ တစ်လမှာ အနည်းဆုံး တစ်ခါ နှစ်ခါလောက် ဆေးခန်းပြရတာကိုး။ 


အဲသလောက် ဆေးခန်းပြရပေမဲ့ ကျွန်မ ဆိုတဲ့ ကျွန်မက  ဆေးခန်းကို ယဉ်ပါးသင့်ပါရက်နဲ့ မယဉ်ပါးဘဲ အရမ်းကြောက်နေမိပါတယ်..။ ဆေးထိုးအပ်ကို စေ့စေ့ မကြည့်ရဲသလို ဆေးတွေစုံနေသည့် ဆေးခန်းအနံရတာနဲ့  အန်ချင်တော့တာ။  အိမ်ကနေ ဆေးခန်းတစ်လျှောက် ငိုလာတာမို့ ဆရာဝန်အခန်းထဲရောက်ရင် အမြဲတမ်း မျက်လုံးတွေ နီရဲမို့အစ် နေတတ်ပါတယ်။ ဆရာဝန်ကလေးတွေကလည်း အတော်စိတ်ရှည်ကြပါတယ်။  ဒီမှာ ကြည့်နော် အပ်ကလေးက သေးသေးလေး မနာဘူးသိလားသမီး ဆိုပြီး အားပေးကြပါတယ်။  ကျွန်မက မေမေ့ပေါင်ပေါ် မျက်နှာအပ်ထားပြီးမှ ဆေးထိုးခံတာ။  ဒါတောင် ဘယ်ဖက်ပြောင်းထိုးပါ၊ ညာဖက်ပြောင်းထိုးပါနဲ့  ဂျီကျပြီး ရသလောက် အချိန်ဆွဲတတ်သေးတယ်။  ဆရာဝန်ကလေးခမျာ ဆေးထိုးအပ်ကလေးကိုင် ငုတ်တုတ်ကလေးထိုင်ရက်က  ဘယ်ရွှေ့ ညာပြောင်း၊ (ကြက်ဖခွပ်တမ်းကစားသလို ဖြစ်နေပြီအေ) လို့ စတတ်ပါတယ်။


ကျွန်မရဲ့ ဆေးထိုးအပ် အလားဂျစ်က လေးနှစ်သမီးက စတယ်ထင်ပါရဲ့။  ခရီးသွားရင်းဖျားတော့ ကြုံရာဆေးခန်းမှာ ၀င်ပြပြီး ဆေးထိုးရတာ။  ဆရာဝန်က လူစိမ်းဆိုတော့ အထာမသိဘဲ ဆတ်ကနဲ ဆေးထိုးအပ်ကိုအသွင်း၊ ကျွန်မကလဲ ဇပ်ကနဲအရုန်း၊ အပ်က တင်ပါးထဲမှာ တစ်စင်တီမီတာလောက် ကျိုး ကျန်ခဲ့ပါရော။  အဲဒါနဲ့ ရန်ကုန် ကလေးဆေးရုံကြီးရောက် ဓါတ်မှန်တွေရိုက်၊ မေ့ဆေးပေးပြီးခွဲကြ (ဘာလို့ ထုံဆေးမသုံးတာလဲမသိ)။ အားလုံးကို ရေးရေး မှတ်မိတယ်။  အသားထဲကအပ်က အလှူပ်အရှားတိုင်းမှာ ရွှေုရွေ့သွားတာမို့ နှစ်ခါခွဲပေမဲ့ အပ်ရှာမရပါ။  (တင်ပါးမှာ ကင်းခြေများကြီးတင်ထားသလို ချူပ်ရိုးရာကြီး ကျန်ခဲ့တယ်) ... ဆေးရုံဆင်းပြီး အိမ်ပြန်လို့ တစ်လ ကျော် နှစ်လလောက်ကြာမှ ထိုင်နေရင်း ခါးထဲက မျက်ကနဲ မျက်ကနဲ နေလို့ အမေ့ကို သွားပြတော့ အပ်က အရေပြားအောက်ကလေးမှာ ရောက်နေပြီ။  အိမ်ဘေးက နာ့စ်အန်တီက ခါးကုန်းခိုင်းပြီး ဘလိတ်ဓါးမြမြလေးနဲ သာသာလေးခြစ်လိုက်တော့ နာလည်းမနာ၊ သွေးလဲသိပ်မထွက်ဘဲ အပ်ကို ပြန်ရပါတယ်။  ကျွန်မသိပ်ကံကောင်းပါတယ်။ ပြောရင်ယုံနိုင်စရာမရှိ၊ ကိုယ်တွေ့ကြုံရလို့သာပါ။  အမေက အဲဒီအပ်ကို အမှတ်တရ သိမ်းထားတယ်။


အဲဒီလို ဆေးတွေနဲ့ ဆေးထိုးအပ်ကို သိပ်ကြောက်တတ်တဲ့ ကောင်မလေးက ရန်ကုန်ဆေးရုံက ပြန်လာပြီးမှ (ဆရာဝန်) သိပ်ဖြစ်ချင်တာ ထူးဆန်းသလိုပါဘဲ။  ဆရာဝန် ဆရာဝန်မလေးတွေရဲ့ ဂျူတီကုတ် ဖြူဖြူလေးနဲ့ နာ့စ်မလေးတွေရဲ့ ခေါင်းဆောင်းဖြူဖြူလေးတွေကို သိပ်ကြိုက်ခဲ့သည်လေ။ 


တက္ကသိုလ်ဝင်တော့ ဆေး မမီခဲ့ပါဘူး (ရောဂါကို ဆေးမမီတာတော့ မဟုတ်)။  တစ်နှစ်လောက် အသည်းကွဲသလိုမျိုး ခံစားခဲ့ရပါတယ်။ သြော်- ကျမ ငယ်ငယ်တုန်းက........ .....။


မိုးစက်ပွင့်

4 comments:

  1. ကျမငယ်ငယ်ကတော့ ဆရာဝန်ကို ခြေထောက်နဲ့ ကန်ဖူးတယ်။
    ဒီနေ့ တောင် သွေး ၃ခါ အဖေါက်ခံခဲ့ရသေးတယ်။ လက်ချောင်းတွေမှာ ၅ခါ။ အခုတော့ မကြောက်တော့ပါ။

    ReplyDelete
  2. ဆေးထိုးအပ်ကြီး ကျိုးကျန်ခဲ့တာကိုတော့ အသည်းယားပါရဲ့ဗျာ...

    တက္ကသိုလ်ဝင်ပြီး ဆေးမမှီတာတော့ ဘာရောဂါလည်း မသိဘူး ခင်ဗျ...

းဝ)

    ReplyDelete
  3. ကိုယ်ကတော့ ညီမလေးနဲ့ ဆန့်ကျင်ဘက်..ဘယ်တုန်းကမှ ဆေးထိုးအပ်ကို မကြောက်ခဲ့ဘူး..ဆေးထိုးလို့ မငိုခဲ့ဘူးဘူး..လို့ မေမေက ပြောပါတယ်..
    ဒါကြောင့်များ..ကိုယ့်ဘ၀မှာ ထိုးခဲ့သွင်းခဲ့ရတဲ့ ဆေးတွေ မမှတ်မိနိုင်လောက်အောင်များနေခဲ့တာလားမသိပါဘူးကွယ်..ဆေးများကြောက်ယင် အသက်တောင်ရှင်မှာမဟုတ်တဲ့သူမို့လေ

    ReplyDelete
  4. မမ ရှင်လေး ဘာဖြစ်လို့လဲဟင် ....ဖေါက်လှချည်လား...
    ကိုလူထွေးရေ..ဆေးမမှီတဲ့ရောဂါက အေ့ဒ်စ် ထက်စောတယ် ..အခုတော့လည်း အဲဒါကို ၀မ်းသာနေပါပြီ (တကယ်)
    မမကေ... ဆေးနဲ့လူနဲ့ အလေးချိန်တူတူပဲဆိုတာ သိတယ်လေ.. ဆေးမကြောက်တာလည်း ကံကောင်းဖြင်းတစ်မျိုးပါပဲ...

    ReplyDelete

ပဲ့တင်သံလေးတွေ .......