“ဟိ..ဟိ.........ချမ်းတယ်...ချမ်းတယ်...၀ူး“
“ဗွမ်း“ “ဗွမ်း”
“ခစ်..ခစ်..ခစ်...ခွိခွိခွိ...ဟိ”
ခုန်ဆွ ခုန်ဆွနဲ့ ရေကန်ကိုပတ်ပြေးရင်း အတူတူရေချိုးရင်း ပျော်ရွှင်နေကြတဲ့ ၆နှစ်အရွယ်ကလေးမလေး နှစ်ဦးကတော့ သူဌေးကြီး ပရာဆပ်ရဲ့ တဦးတည်းသော သမီးကလေး “ဒေ၀ီ” နဲ့ သူ့သူငယ်ချင်းမကလေး “ချမ်ကီး”တို့ ဖြစ်ပါတယ်။ ဒေ၀ီက ရေအေးအေးလေးတွေကို ရေခွက်နဲ့ ခပ်ယူပြီး ချမ်ကီးကို ရွှဲရွှဲစိုအောင် ပက်ဖြန်း ကျီစယ်နေသလို ချမ်ကီးကလဲ သူမ လက်ခုပ်နဲ့ ပုံးထဲက ရေတွေကိုခပ်ပက်ပြီး တုံ့ပြန် ရေတိုက်ပွဲ နွှဲနေခြင်းဖြစ်သည်။ ရေစက် ရေပေါက်လေးတွေက နူးညံ့တဲ့ သူတို့ အသားလေးတွေပေါ်မှာ နှင်းသီး နှင်းစက် ကလေး တွေလို ကပ်တွယ် နေကြသည်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေက အပြစ်ကင်းသော ပျော်ရွင်မှူတွေနှင့် စိုလက် လို့ နေကြသည်။ သူတို့က သိပ်ချစ်ကြတဲ့ ကစားဖော် သူငယ်ချင်း တွေဖြစ်သည်။ သူတို့ကိုကြည့်ရတာ ဥယျာဉ်ထဲက မနက်ခင်း နှင်းရည်ဖြန်းထားတဲ့ ပန်းရိုင်းကလေး နှစ်ပွင့်ပမာ။
ချမ်ကီး အမေက ပရာဆပ် မိသားစုရဲ့ အိမ်အလုပ်သမားတွေထဲက တယောက်ဖြစ်သည်။ မကွယ်လွန်ခင်က ချမ်ကီး အဖေလည်း ဒီအိမ်ရဲ့ မာလီ အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာမို့ လူယုံတွေလိုဖြစ်နေသည်။ ဒီမိဘနှစ်ပါးရဲ့ သမီးကလေး ချမ်ကီးကလည်း ပရာဆပ်အိမ်ရဲ့ ငယ်မွေးခြံပေါက် လိမ္မာရေးခြားရှိတဲ့ မိန်းကလေးတယောက် ဖြစ်သည့်ပြင် “ဒေ၀ီ” နဲ့ သက်တူရွယ်တူလဲဖြစ်သည်မို့ အထူးအခွင့်အရေး ရနေလေသည်။ သူတို့ နှစ်ယောက်ရဲ့ ဘ၀ပေး အခြေအနေက မိုးနဲ့ မြေ ကွာခြားပေမဲ့ သူတို့ကြားက ခင်မင်မှူက ဘယ်လိုမှ ထိခိုက်ခြင်း မရှိပေ။
မနက်ခင်းများမှာဆို သူတို့ နှစ်ယောက် ပန်းခြံထဲမှာ တူတူဆော့ကစားရင်း ရောင်စုံပန်းပွင့် လှလှ ကလေးများကို ခူးဆွတ် ဆော့ကစား တတ်ကြသည်။ ညနေစောင်းများမှာဆို ဒေ၀ီက သီချင်းဆိုရင်း ချမ်ကီးက တကယ့် ကချေသည်မိန်းမကြီးများကို အတုခိုးပြီး ဖန်လက်ကောက် ကလေးများ အချင်းချင်း ထိခတ်ပြီး တချွင်ချွင် အသံမြည်အောင် လှည့်ပတ် က လေ့ရှိသည်။ ချမ်ကီးတို့ အိမ်မှာ ဖုတ်တဲ့ ဂျူံမုန့်ကို ဒေ၀ီက နှစ်သက်ခုံမင်သလို သူမရဲ့ လှပပေမဲ့ ၀တ်ဖို့မလိုတော့တဲ့ အ၀တ်အစားတချို့ကိုလည်း ချမ်ကီးကို ပေးပါရစေလို့ သူ့အမေကို ပူဆာတတ်သည်။ ဒေ၀ီရဲ့မိခင် ရာဟေနား ကလည်း သဘောကောင်းသူ အမျိုးသမီးကြီးပီပီ သမီးရဲ့ဆန္ဒကို ကြည်ကြည်ဖြူဖြူ သဘောတူ ခဲ့သည်သာ ဖြစ်သည်။
********************
ခုနှစ်နှစ်အရွယ်ရောက်လာတော့ ဒေ၀ီိကို ဆရာမတယောက်က အိမ်လာပြီး စာသင်ပေးသည်။ ပါဠိ၊ ကဗျာ၊ လင်္ကာတွေအပြင်၊ တေးဂီတ နဲ့ ကျမ်းစာတွေ အစုံ ဖြစ်သည်။ ချမ်ကီးကတော့ အမေ့ကိုကူရင်း မီးဖိုချောင် ပညာတွေကို လက်တွေ့ဆည်းပူး ခဲ့ရတော့သည်။ သင်ယူ တတ်လွယ်သော ချမ်ကီးတယောက် နှစ်အနည်းငယ် အတွင်းမှာပင် ပရာဆပ်တို့ နောက်ဖေးမီးဖိုချောင်ရဲ့ စီမံခန့်ခွဲမှူပိုင်းမှာ အရေးပါ အရာရောက်သော မိန်းကလေးတယောက် ဖြစ်လာခဲ့တော့သည်။ ဒေ၀ီနဲ့ ချမ်ကီးတို့ လွပ်လွပ်လပ်လပ် ကစားခုံစားချိန် နည်းလာတော့သည်။ ဒါပေမဲ့ သူတို့ ရဲ့ ရှားရှားပါးပါး ကိုယ်ပိုင်အချိန် ကလေးတွေမှာတော့ ပန်းခြံထဲမှာ အတူတူထိုင်ရင်း အတွေ့အကြုံလေးတွေကို ဖလှယ်ကြမြဲ ဖြစ်သည်။ ဒေ၀ီ ပြောတတ်တဲ့ စကားလေးတွေက “ ဆရာမ ဒီးနာ ဒီနေ့သင်တဲ့ ဂီတသင်ခန်းစာတွေက သိတ်ခက်တာပဲကွယ်၊ ကိုယ်ကတော့လေ ရာမာယန ဇာတ်လမ်းတွေ ဖတ်ရတာဘဲ ကြိုက်တယ်” ဆိုတာမျိုးပေမဲ့ ချမ်ကီးကတော့ မီးဖိုချောင်ထဲက အိမ်စေ မိန်းကလေးတွေ နမော်နမဲ့ နိုင်သည့် အကြောင်း၊ သူမ တီထွင်စမ်းသပ်ခဲ့သည့် ဂျူံအဆာသွတ် မုန့်အသစ် တမျိုးအကြောင်း စသဖြင့် မတူကွဲပြား နေပေရာ ကြာလာသောအခါ သူတို့နှစ်ယောက်စလုံးမှာ တဦးကိုတဦး စိတ်မ၀င်စား နိုင်တော့ပေ။ တယောက်နဲ့ တယောက် ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောနေတဲ့ သူစိမ်း တွေလို ခံစားမိစ ပြုလာတော့သည်။
ဒေ၀ီနှင့် မိခင် ရာဟေနာက သူမတို့ရဲ့ သင့်တော်မည်ထင်တဲ့ အ၀တ်အစားအဟောင်း လှလှတွေကို ချမ်ကီးတို့ သားအမိကို မကြာမကြာ ပေးမြဲဖြစ်သည်။ အဟောင်းဆိုပေမဲ့ သုံးလေးကြိမ်သာ ၀တ်ရသေးသည်မို့ သစ်လွင် တောက်ပဆဲဖြစ်သည်။ ချမ်ကီးတို့အတွက် ပွဲနေပွဲထိုင် ၀တ်လို့ပင် တင့်တယ်နေသေးသည်။
********************
ဆဲ့သုံးနှစ်ရောက်တော့ သူတို့နှစ်ယောက်လုံး အပျိုဘော်ဝင်လာကြသည်။ မကြာမီပင် အရပ်တွေ ရှည်ထွက်လာပြီး ခန္ဒာကိုယ် အချိုးအစား ကျနပြေပြစ်လာကြသည်။ သူတို့ နှစ်ယောက်ရဲ့ အလှက တဘာသာစီ။ ဒေ၀ီက ဖြူဖြူသွယ်သွယ် ဖယောင်းပန်းလေး တပွင့်လို ယဉ်ယဉ်ကလေး လှပပြီး ချမ်ကီးကတော့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ပြေပြစ်ဖွံ့ထွားလာသည်။ အတန်ငယ်ညိုသော အသားအရေမှာ ချမ်ကီးရဲ့ အလှကို မှိန်ဖျော့သွားအောင် မစွမ်းသာချေ။ ပွင့်သစ်စ ကြာပန်းလို လန်းဆန်း ထင်ရှားသော အလှမျိုးဟု ဆိုနိုင်သည်။
တစစနှင့် ဒေ၀ီမှာ သူဌေးအသိုင်းအ၀ိုင်းက သူငယ်ချင်းတွေ အများအပြားရလာတာမို့ ချမ်ကီးနဲ့ အတော်အတန် ဝေးကွာသွားသည်ဟု ဆိုနိုင်သည်။ ချမ်ကီးကိုယ်တိုင်လည်း အိမ်မကြီးကို အလုပ်ရှိမှသာ သွားလေ့ရှိပြီး များသောအားဖြင့် မကျမ်းမာသောမိခင်ကိုယ်စား အလုပ်သမား တန်းလျားအိမ်ကလေး ဆီမှာဘဲ တကုပ်ကုပ် အလုပ်များ နေခဲ့တော့သည်။ သူမတို့ နှစ်ယောက်ရဲ့ ငယ်ဘ၀ နတ်သမီး ပုံပြင်ကလေးတွေ မှိန်ဖျော့ လျော့ပါးလာသည်ဟုဘဲ ဆိုရချေမည်။
********************
ဒီကနေ့ကတော့ ဒေ၀ီရဲ့ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနား ဖြစ်သဖြင့် ပရာဆပ်တအိမ်လုံး ပျားပန်းခပ်မျှ အလုပ်များနေသည်။ ပြိုးပြိုးပျက်ပျက် အဆင်တန်ဆာ အခန်းအနားတွေ၊ မွေ့ယာဖုံ အကောင်းစားတွေ၊ နှင်းဆီပန်းနဲ့ စံပယ်ပန်းအိုးတွေက စန္ဒကူးအမွှေးနံ့သာတွေနှင့်အပြိုင်။ ဒေ၀ီက တင့်တယ်ပြေပြစ်သော အဖြူရောင်ဝတ်စုံ၊ ပုလဲနှင့်စိန်ရောယှက်ထားတဲ့ လည်ဆွဲ အဆင်တန်ဆာ လက်ဝတ်ရတနာတွေနဲ့ နတ်မိမယ် ကလေးလို လှနေသည်။ ဧည့်သည်တွေစုံလျှင် သူမက အသင့်ပြင် ထားတဲ့ ကြက်သွေးရောင် ကတ္တီပါ ဖုံထူကြီးပေါ်မှာထိုင်ပြီး ကြိုးတပ်ဂီတ တူရိယာကို တီးခတ်ဖျော်ဖြေဦးမှာ ဖြစ်သည်။ လောလောဆယ်တော့ စောသေးသည်မို့ ပွဲမစခင် စောစီးစွာရောက်နှင့်သော သူမ သူငယ်ချင်း လူကုံတန် သမီးပျိုတစုနှင့် တွတ်ထိုး နေတုန်းဖြစ်သည်။
ချမ်ကီးတို့ သားအမိကတော့ တခြားအိမ်ဖေါ်မိန်းကလေးများကို ကြီးကြပ်ခါ ညကတည်းကပင် စားသောက်ဖွယ်ရာမျိုးစုံကို မနားမနေ စီမံနေခဲ့ကြသည်။ ဒီမနက်တော့ စောစော လက်စသပ်ပြီး ပြင်ဆင်ထားတာတွေ ပြည့်စုံမှုရှိမရှိ စစ်ဆေးဖို့သာ ကျန်တော့သည်။ လစ်ဟာချက်မရှိပါမှ သူမတို့ သခင်မ ရာဟေနာ တယောက် ပြုံးနိုင် ပျော်ရွှင်နိုင်ပေမည်။ အမှားတချက်ခံ၍မဖြစ်။ အစီအမံ အားလုံး စိတ်အေးရမှ အိမ်ပြန် ရေမိုးချိုးပြီး သပ်သပ်ယပ်ယပ် ၀တ်ဆင်ကာ အခန်းအနားကို ဆက်လက် ဆောင်ရွက် ရပေဦးတော့မည်။
ချမ်ကီးတယောက် မိမိ အိမ်တန်းလျားတွင် ရေပြန်ချိုးပြီး ဒီပွဲမှာ ဘာဝတ်ရင် ကောင်းမလဲလို့ စဉ်းစားနေမိသည်။ လွန်ခဲ့သောသုံးလလောက်က ဒေ၀ီပေးထားတဲ့ အပြာနုရောင်ခြူံလွှာထည်ကလေးကို သတိရသွားသည်။ ရေလှိုင်းပြာရောင် ကလေးမို့ ယဉ်သည်။ သူမ အသားရောင်နှင့်လဲ ပြေပြစ်သည်။ ညစ်ပေအောင် အလုပ်လုပ်စရာမလိုပဲ ကြီးကြပ်ရုံ ဧည့်ခံရုံသာမို့ ဒီနေ့ဝတ်ဖို့ သင့်လျော်သည်ဟု သူမဖာသာ ဆုံးဖြတ်လိုက်သည်။ ၀တ်စားပြင်ဆင်ပြီးတော့လည်း မှန်ထဲက ကိုယ့်ရုပ်သွင်ကို မဆိုးဟု မှတ်ချက်ချ လိုက်သည်။ အမေက ချမ်ကီးကို လှသည်ဟု ချီးကျူးပြန်တော့ ရှက်သလိုလိုပင် ဖြစ်မိသေးသည်။
ဧည့်ခန်းမှာ ဒေ၀ီတို့ သူငယ်ချင်းတသိုက် ခိုးခိုးခစ်ခစ် ရယ်ပွဲဖွဲ့နေကြဆဲ။ သူတို့စားနေသော အချိုမုန့်များက ကုန်လုနီးနေပြီ။ အမေက ချမ်ကီးကို မုန့်သွားဖြည့်ချေဟု ခိုင်းတော့ သူမ မသွားချင်ပေ။ ဒါပေမဲ့ အမေ့ကို ငြိုငြင်တဲ့စကား သူမပြောချင်တာမို့ မုန့်ဗန်းကို ပိုက်ပြီး ဧည့်ခန်းဆီသို့ လာခဲ့သည်။ သူမ ဧည့်ခန်းကို ခြေချလိုက်သည်နှင့် ထူးဆန်းစွာ ကလေးမတသိုက် ငြိမ်သက်သွားခဲ့သည်။ ချမ်ကီးကို မြင်ဖူးပေမဲ့ ဒီလို ပြင်ပြင်ဆင်ဆင် လှလှပပ အသွင်မျိုး သူတို့တခါမှ မတွေ့ဖူးခဲ့ချေ။ အခုတော့ သူမက ဧည့်ခန်းဆောင်ထဲကို ငွေလမင်းလို ကျက်သရေရှိစွာ ပြူဝင်းထွက်ပေါ်လာသဖြင့် တေးဆိုနေသော ငှက်ငယ်မလေးများ အသံတိတ် နှုတ်ဆိတ် သွားခဲ့သည်။ ချမ်ကီး၏ ခြေလှမ်းတိုင်းကလည်း ညင်သာသိမ်မွေ့ လို့နေသည်။ မျက်လွှာချ ထားပေမဲ့ နက်မှောင်တဲ့ မျက်ဝန်းရဲ့အလှကို မြင်နေရသေးသည်။ “ညည်းက ချမ်ကီး အစစ် ဟုတ်ပါတယ်နော်“ သတိဝင်သွားတဲ့ ဒေ၀ီရဲ့ သူငယ်ချင်းမ ဘဒ္ဒါရဲ့အသံ။ ချမ်ကီးက ခပ်ဖွဖွလေးပြုံးပြီး မုန့်ဗန်းကို အသာအယာ ချပေးလိုက်သည်။ “အံမယ်....ဒီဆာရီစက တယ်လှပါကလား၊ အကောင်းစား ပဲဟေ့“ ပရာမီလာက ဆိုပြန်သည်။ ပုဝါစကိုပင် လက်ဖျားနှင့် တို့ယူ ထိစမ်း ကြည့်လိုက်သေးသည်။ “ဟင်းဟင်း- ဒါတွေအားလုံးက တို့က ပေးထားတာလေ၊ ဟိုးငယ်ငယ်ထဲက ဒေ၀ီ မ၀တ်ချင်တော့တဲ့ ”အကျ”မှန်ရင် ချမ်ကီး ကို ပေးပစ် လိုက်တာချည်းပဲ” ....... ကြားလိုက်ရသည့် စကားက နားထဲမှာ သံရည်ပူပူ သွန်းလောင်း လိုက်သလိုပင်။ ရယ်စရာမဟုတ်ဘဲ ခပ်လှောင်လှောင် ရယ်ပွဲဖွဲ့လိုက်သည့် ဒေ၀ီတို့ သူငယ်ချင်းမ တသိုက်ရဲ့အသံက သူမရဲ့ နှလုံးသားဒဏ်ရာပေါ် နောက်ထပ် ပစ်လိုက်သည့် မျှားအစင်းစင်းနှယ်။ ချမ်ကီး တုန်ယင်သော ခြေလှမ်းများနဲ့ နောက်ဖေးဘက်ကို အပြေးတပိုင်း ထွက်လာခဲ့သည်။ ဒေ၀ီ...... ဒေ၀ီ .........ဒေ၀ီ...... သူငယ်ချင်း...... မင်းကိုငါ ဘာများ နစ်နာအောင် လုပ်ခဲ့မိလို့ လူတကာရှေ့မှာ လှောင်ရယ် အရှက်ခွဲ ခဲ့တာလဲကွယ်။
အမေ့ကို နေမကောင်း လို့ ပြောပြီး တဲတန်းလျားလေးဆီ ပြန်လာခဲ့သည်။ အိမ်ရောက်ရောက်ချင်း ဆာရီ မိုးပြာရောင်လေးကို ဒေါသတကြီး ဆွဲချွတ်မိသည်။ ခြေရင်းမှာ ပုံလျက်သားကျနေတဲ့ ဆာရီလေးက “မှတ်ထား၊ ဂုဏ်ကြီးရှင်ဆိုတာ တုပြိုင်ဖို့ ကြိုးစားတာမဆိုတာနဲ့ ၊ အနားသီရင်တောင် ရက်ရက်စက်စက် နင်းခြေ တတ်တယ် ကလေးမရဲ့” လို့ ဆိုဆုံးမ နေသည့်နှယ်။ ခေါင်းအုံးပေါ် မျက်နှာအပ်လိုက်တော့ ပူနွေးသော မျက်ရည်တွေ ခေါင်းအုံးကို စွန်းပေ သွားတော့ သည်။ အိမ်မကြီးဆီမှ ဒေ၀ီ တီးခတ်နေသော ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းက ချမ်ကီး အတွက် မိုးခြိမ်းသံ၊ တော်လဲသံများပမာသာ ဖြစ်လို့နေတော့သည်။
********************
ဆဲ့ခွန်နှစ်နှစ် မပြည့်ခင်မှာပင် ဒေ၀ီ့ကို အိမ်ထောင်ချပေးတော့မည်ဟု ဆိုသည်။ ရပ်ဝေးမြို့တခုမှ သူဌေးကြီးပရာဆပ်ရဲ့ စီးပွားဖက် မိတ်ဆွေသားဖြစ်သည်ဟု ဆိုသည်။ မျိုးရိုးကောင်း၊ ပညာတတ်၊ ဥစ္စာကြွယ်ဝသူ တဦးပါပေ။ ဒေ၀ီ ကံကောင်းသည် ဟုဆိုကြသည်။ ဒေ၀ီ့ကိုရတဲ့ သတို့သားလည်း ကံကောင်းသည်ဟု ပြောမှ ပြည့်စုံလိမ့်မည်။ ချောမောလှပ၊ လိမ္မာ၊ ကြွယ်ဝ သူကလေး။ အိန္ဒိယထုံးစံ မိန်းကလေးဖက်မှ ပေးရသော သတို့သား အသွင်းငွေ ( Dowry ) ကိုက မနည်းမနောသော စိန်ရွှေငွေ ရတနာတွေ။ သူတို့ နှစ်ဖက် မင်္ဂလာရက်သတ်မှတ်လိုက်ကြသည်။
ချမ်ကီးအမေက ဒေ၀ီအတွက် ၀မ်းသာကြည်နူးမိသလို တဖက်မှာတော့ ချမ်ကီးအတွက် စိတ်မကောင်းဖြစ်ရသည်။ သူတို့သားအမိမှာ ပရာဆပ်မိသားစုကို မှီခိုလုပ်ကိုင်စားသောက် နေရလို့သာ ရုပ်မပျက် နေထိုင်ခဲ့ရခြင်းဖြစ်သည်။ မုဆိုးမမိသားစုပီပီ ဘ၀ကို သားအမိနှစ်ဦး ရုန်းကန်ခဲ့ရသည်မှာ လောက်ငရုံသာရှိသည်။ ချမ်ကီးအတွက် သတို့သား အသွင်းငွေ ( Dowry ) မရှိ။ သူမအတွက် တချိန်ချိန်မှာ မုဆိုးဖို သို့မဟုတ် ဆင်းရဲသားတစုံတယောက်က လက်ခံသိမ်းပိုက်လိုက်လျင် တော်သေးသည်။ သို့မဟုတ်လျှင် ချမ်ကီးသည် အနှိမ်ခံ တကိုယ်တည်းဘ၀နှင့် ဇာတ်သိမ်းရနိုင်လေသည်။ “အမေ စိတ်မကောင်းလိုက်တာ သမီးရယ်” ဟု တကိုယ်တည်း ရေရွတ်နေတတ်သည်။
********************
ပရာဆပ် အိမ်ကြီးသို့ မင်္ဂလာရက် မတိုင်မီ တရက်အလိုတွင် သတို့သား ဆိုက်ရောက်လာသည်။ သူဌေးကြီး အိမ်သားများက ပြူပြူငှာငှာ ဆီးကြို နေရာချထားသည်။ အောက်ထပ်ရှိ အကျအန ခင်းကျင်း ပြင်ဆင် ထားသော အိပ်ခန်းတွင် နေရာချပေးသည်။ ထုံးတမ်းစဉ်လာအရ သတို့သားမှာ လက်မထပ်မီ သတို့သမီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း မပြုရပေ။
အိမ်မကြီးတ၀ိုက်နှင့် အပြင်ဖက်တွင် အိမ်တော်ဝန်ထမ်းတို့ ပျားပန်းခတ်လှူပ်ရှားနေသလောက် သတို့သားတယောက် မိမိအခန်းထဲတွင် ပျင်းရြိုငီးငွေ့စွာ လဲလျောင်းနေမိသည်။ မနက်ဖြန် ..... မနက်ဖြန် ........ မနက်ဖြန်ဆိုသော အသိက သူ့ရင်ကို ရိုက်ခတ်လှူပ်ရှားနေသည်။ မိမိတခါမှ မတွေ့မြင်ဘူးတဲ့ မိန်းမငယ်လေး တယောက်နှင့် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲရပေတော့မည်။ သူမရော သူ့အပေါ် ဘယ်လို သဘောထားမည်မသိ။ ခုအချိန် ဆိုရင်ကော သူမ ဘယ်လို အတွေးတွေ ရှိနေမလဲ။ ပျော်နေမလား၊ ပျင်းရိငြီးငွေ့နေမလား၊ စိုးရိမ် ကြောက်လန့် နေမလား၊ သိချင်လှပါဘိ။ သူ့အတွက် ရှည်လျားသော နေ့တနေ့ဖြစ်သည်။
ညနေချမ်းဆည်းဆာ အချိန်အခါဖြစ်သည်။ ညနေစာ သုံးဆောင်အပြီး တကိုယ်တည်း လဲလျောင်းနေသော သတို့သားပျို၏ အိပ်ခန်းအတွင်းသို့ နူးညံ့သွယ်ပျောင်းသော အရိပ်ကလေးတခု တိုးဝင်လာခဲ့သည်။ အရိပ်ကလေးက တဖြေးဖြေး ထင်ရှားလာသည်။ ညဆီမီးအရောင်တွင် လှလိုက်သည့် လုံမကလေး။ ခြေဖျားအကြွ အချကလေးကပင် ကဗျာဆန်လှချည့်။ သူမ လက်ထဲတွင် စံပယ်ပန်း ဖြူလွလွကလေးတွေ ထည့်ထားသည့် ငွေလင်ဗန်းကလေး တခု။ “သခင်လေးအတွက် ၊ ပန်းတွေ ပို့လာတာပါရှင်“ သူမ အသံကလေးကပင် သာယာချိုမြိန်လိုက်ပါဘိ။ “မင်းကဘယ်သူလဲ၊ မင်းနံမည်လေးက ဘာတဲ့လဲ” သူ အမောတကော မေးမိသည်။ “ချမ်ကီး ပါ”။ “သြော်- ချမ်ကီး ဟုတ်လား၊ မင်းက သိပ်လှတဲ့ မိန်းကလေး တယောက်ပဲကွယ်”။ ချမ်ကီးက ဘာစကားမှ မတုန့်ပြန်ပါ။ ညိုမှောင် လဲ့ဝန်းသော သမင်မ မျက်လုံးကလေးတွေက စကားတစုံတရာ ဆိုသည့်နှယ်။ နဖူးပြင်ထက်မှ ဆံနွယ်ခွေကလေး တွေကို သူလက်ဖြင့် အသာအယာ သပ်တင်မိသည်။ “မသွားပါနဲ့ဦး မိန်းကလေးရယ်၊ သိပ်လှတဲ့ ချမ်ကီးရယ်” ။ သူမ ပါးနှစ်ဖက်ကို သူလက်ဝါးဖြင့် အုပ်ကိုင်ကာ အနီးကပ် ကြည့်သည်။ အခုအချိန်မှာ သည်မိန်းကလေး အကြောင်းကလွဲလို့ သူဘာမှ သတိမရတော့။ ချမ်ကီးရဲ့ ဦးခေါင်းတ၀က်မှသည် ပုခုံးပေါ်အထိ ရစ်ခွေ သိုင်းဖွဲ့ထားတဲ့ ဇာပုဝါပါးကလေး ကြမ်းပေါ်အထိ ပြေလျော့သွားတော့သည်။ ညခင်း ဆီမီးရောင်များက အခန်းထဲတွင် ပိုမှုန်ဝါးသွား သလိုလိုပင်။ ညအမှောင်ဦးကာလမှာ အောက်ထပ်ရှိ အခန်းကလေးတခုထဲမှာ မီးခိုးရောင် အရိပ်ကလေးတခု ပြန်လည်ထွက်ခွာသွားတာကို ဘယ်သူမှ မသိလိုက်....။
********************
ဒီကနေ့ အခမ်းအနားက ကာလကတ္တားမြို့တွင် အခန်းနားဆုံး မင်္ဂလာပွဲတခုဖြစ်သည်။ ပရာဆပ် အိမ်တော်ရဲ့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ရွှေရောင် ငွေရောင် တောက်ပသော နဖူးစည်းစာတမ်းနှင့် ပူဖောင်းတွေ၊ ရောင်စုံဖဲကြိုးစတွေ တလွင့်လွင့်။ တမြို့လုံးက စိန်ရွှေ ပိုးဖဲ ကတ္တီပါတွေ စုပုံရောက်ရှိနေသလား လို့ မှတ်ရသည်။ နှစ်ဖက်မိဘများ၊ ဆွေမျိုးသင်္ဂဟများ၊ မင်းစိုးရာဇာ ကုန်သည်ပွဲစားများ၊ မွှေးကြိုင်နေသော စားကောင်းသောက်ဖွယ်များ၊ လန်းဆန်းလှပသော ရောင်စုံပန်းပွင့်များ။ လှပသော မိန်းမပျို ကလေးများကလဲ လိပ်ပြာရောင်စုံနှယ် ဟိုမှသည်မှ ကူးလူးခေါက်ပြန် နေကြလို့။ ဒေ၀ီရဲ့ လှပခန်းနားတဲ့မင်္ဂလာပွဲကို အားကျစိတ်၊ ကိုယ့်အလှည့်ကျရင် ဆိုပြီး တွေးတော စိတ်ကူးယဉ်နေသူကလည်း အများအပြား။
နောက်ခံမင်္ဂလာတေးဂီတက ငြိမ့်ငြိမ့်ညောင်းညောင်း။ သတို့သားနှင့် သတို့သမီးက ဖဲကတ္တီပါဖုံပေါ်တွင် နေရာယူထားကြသည်။ သူတို့နှစ်ဦးက အိနြေ္ဒအပြည့်နှင့်မို့ စိတ်ထဲက အကြောင်းအရာတွေကို ဘယ်သူမှ အတိအကျ မသိနိုင်ပေမဲ့ ကျေနပ်နှစ်သိမ့်နေလိမ့်မည်ဟု ခန့်မှန်းရသည်။ ပရောဟိတ် ဘိသိက်ဆရာက ကောင်းချီးသြဘာစာကို ရှည်ရှည်လျားလျား ဖတ်ကြားပေးလိုက်သည်။ ခရုသင်းထဲမှ ရေစင်ကို သူတို့နှစ်ဦးအပေါ်သို့ စတိ သွန်းချလိုက်သည်။ ဧည့်ပရိသတ်ရဲ့ ကောင်းချီးပေးသံတွေ လျှံထွက်လာကြသည်။ “အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ”
********************
အခမ်းအနားနှင့် အဝေးဆုံး တနေရာမှာတော့ ဒီအခမ်းအနားမြင်ကွင်းကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ မျက်လုံးကလေး တစုံ ရှိလေသည်။ ပြီးတော့ သူမ နှုတ်ခမ်းဒေါင့်ကလေး လှုပ်သည်ဆိုရုံ ပြုံးလိုက်သည်။
“ဒေ၀ီ၊ နင်ပြောခဲ့တယ်နော်၊ ငါဟာ နင့် 'အကျ' တွေကို တသက်လုံး ရနေခဲ့တယ် လို့။ အခုတော့ ငါ့ရဲ့ 'အကျ' ဒီလူကို နင်တသက်လုံး ပေါင်းဖက် ရတော့ မှာဘဲ -သိလား၊ ငါကြေနပ်ပါတယ် ” လို့ သူမဘာသာ တယောက်တည်းကြားရုံ ရေရွတ်နေခဲ့သည်....။
****************
(လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖတ်ဖူးတဲ့ နိုင်ငံတကာ အမျိုးသမီးစာရေးဆရာမ ၁၁ဦးရဲ့ ၀တ္တုတိုပေါင်းချူပ် စာအုပ်ကလေးထဲက အိန္ဒိယ စာရေးဆရာမ တစ်ဦးရဲ့ Hand-Me-Down ဆိုတဲ့ ဇာတ်လမ်းကလေးပါ။ ဇာတ်ဆောင်မိန်းကလေးအမည်နဲ့ ခေါင်းစဉ်ကလွဲလို့ စာရေးဆရာမအမည်ကိုပင် မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက “အကျ“ ဆိုတဲ့ အမည်နဲ့ ဘာသာပြန်ကြည့်ခဲ့ဖုူးပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီစာမူလေးလဲ ပျောက်သွားတာမို့ အခုအခါ အသေးစိတ်ကို ကိုယ့်ဖာသာ စိတ်ကူးပြီး ဖြည့်စွက်ရေးသားလိုက်တာ ဖြစ်ပါတယ်၊ ethic ရှုဒေါင့်မှ မဟုတ်၊ ရသ ရှုဒေါင့်မှသာ ရေးဖွဲ့ပါသည်)
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ......................
မိုးစက်ပွင့်
အိန္ဒိယမှာ ဒေါင်ရီကို မိန်းခလေးက ပေးရတဲ့ ထုံးစံတွေအကြောင်းဖတ်ရတော့ အဲဒီမှာ လူမဖြစ်ခဲ့တာ ကံကောင်းတယ်လို့ တွေးမိတယ်။ချောတို့ ၁၀တန်းတုန်းက ကျူရှင်ဆရာတစ်ယောက်က အိန္ဒိယလူမျိုးဘဲ.. သူဆို မင်္ဂလာဆောင်တာ တစ်ပြားမှ မကုန်ဘူး အဲဒီအကြောင်းကို ကျူရှင်မှာ ကြွားလို့ မဆုံးဘူး.. ကောင်မလေးက ဘယ်လောက်တင်တောင်းတာ ဘာညာနဲ့
ReplyDeleteစိတ်ထဲ ဘယ်လိုဖြစ်မှန်းကို မသိဘူး
တစ်ချို့ယဉ်ကျေးမှုတွေက ခေတ်နဲ့ ဘောင်မ၀င်တော့ရင် ပယ်ဖျက်သင့်တယ်ထင်တာပါဘဲ...
ဒီဇာတ်လမ်းအဆုံးမှာ ချမ်ကီးရဲ့ အတွေးလေးကတော့ လူတွေရဲ့ အတ္တကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာပါဘဲ..
မရှိတဲ့သူမှာလည်း မရှိတဲ့ မာနတော့ ရှိနေကြတာပါဘဲနော်..
အဲ့ဒီစာအုပ်ကို ရုပ်ရှင်ရိုက်ထားတာရှိတယ်
ReplyDelete