ကျူပ်နာမည်က ဖိုးရှူပ်၊ အသားရောင်ကမည်းကြုတ်ကြုတ်၊ ခန္ဒာကိုယ်က ၀တုတ်တုတ်၊ နှုတ်ခမ်းမွေး က တလှူပ်လှူပ် နဲ့ပေါ့ဗျာ...။ ဗျာ...အသက်လား.. မွေးစာရင်း မရှိတော့လဲ သေသေချာတော့ သိဘူးဗျို့၊ သေချာတာကတော့ ကျူပ် လူပျိုပေါက်ဖြစ်ပြီ ဆိုတာပါဘဲ...။ ဘယ်လိုသိလဲ ဟုတ်စ...။ ရွယ်တူ ငါးခူ အပျိုမလေးတွေ ကိုယ့်ရှေ့က ပြုံးစစနဲ့ ဖြတ်ဖြတ် သွားတိုင်း ကျူပ်ရင်ထဲမှာ သံစုံဘင်ခရာတီးဝိုင်းလို တဒိန်းဒိန်းမည်ပြီး ရေယက်တွေကို မသယ်ချင် မဆွဲချင်အောင် နုံးချိချိကြီး ဖြစ်ဖြစ်သွားတယ်ဗျာ... ကဲ ဒါဆို ကျူပ်လူပျိုဖြစ်တာ ခင်ဗျားတို့ လက်ခံပြီမို့လား။
တကယ်တော့ ကျူပ်တို့ ငါးခူတွေဆိုတာ ဆွေကြီးမျိုးကြီးပါ..။ ကမ္ဘာပေါ်မှာ အန္တာတိကတိုက်ကလွဲရင် နေရာတိုင်းမှာ ရှိကြပါတယ်။ ရုပ်ရည်တွေက အမျိုးမျိုးကွဲပေမယ့် အကြေးခွံမပါတာကတော့ တူသဗျို့..။ ကျူပ်တို့က ရေချိုငါးအစစ်၊ ပြီးတော့ စီးဆင်းနေတဲ့ ရေစပ်စပ်ကလေးတွေမှာ ပိုပြီးပျော်တတ်တာ..။ တီလားပီးယားလိုပဲ သူများအသားစားတဲ့ ငါးလဲဖြစ်တယ်ဗျ...။ ကျူပ်တို့အသားက နူးညံ့ပြီးချိုတော့ မြန်မာ အိမ်ရှင်မတွေအကြိုက်ပေါ့.. ။ ဘာတဲ့.. ငါးခူစင်းကော၊ ငါးခူရဲယိုရွက်ထုပ်၊ ငါးခူကြော်နှပ်၊ ယိုးဒယား ငခူအမွကြော် ...အံမယ်လေးဗျာ ပြောရတာတောင် ကြက်သီးဖြန်းပြီး ကျောထဲက စိမ့်လာပြီ..။
လက်ရှိအနေအထားက အဲဒီလို ဟင်းအမယ်တမျိုးမျိုးဖြစ်ဖို့ တော်တော်နီးစပ်နေပြီဗျို့........ ကြည့်လေ ...အခုဆို ဈေးဗန်းထဲမှာ ဘ၀တူတွေနဲ့ ဖျပ်ဖျပ်လူးနေရတာ...။ မလွတ်နိုင်မှန်းသိရက်နဲ့ ဟိုတိုးဒီတိုး ကူးခတ်နေရတာ..။ ဗန်းက ပက်ပက်ကလေးမို့ ခုန်ထွက်ရင်လွတ်တာပေါ့ဗျာ.. ဒါပေမဲ့ ငါးသည်မကြီးရဲ့ ၀ရဇိန်လက်နက် တွေဖြစ်တဲ့ ၀ါးတုတ်တို့ အလေးတို့ နဲ့တော့မလွတ်နိုင်ဘူးဗျို့ ... တကတည်း (အလေးကိုင်လျက် ငါးသည်စက်) ဆိုပြီး စက်ကြီးတစ်ပါး ထပ်တိုးရတော့မလိုဘဲ...။ ကျူပ်တို့ရှေ့မှာပဲ ငါးသည်မရဲ့ အတွင်းအားအပြည့်ပါတဲ့ အလေး လက်နက်ကြောင့် ခုန်ထွက်လိုက်တဲ့ ရောင်းရင်းတစ်ကောင် ဇိကနဲ အသက်ပျောက်သွားပြီလေ..။ ဘာဖြစ်လို့ ဒီရောက်နေရသလဲဟုတ်စ...။ ကြမ္မာဝဋ်ကြွေး ပြေးမလွတ်လို့ပေါ့ဗျ..။
မွေးကတည်းက အမေပေးတဲ့ ဖိုးရှူပ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ကျူပ်က လည်လည်ပတ်ပတ်ရှိပါတယ်..... ကျူပ်နေတဲ့ ချောင်းထဲကို ကလေးတွေ ငါးလာမျှားတော့ လုံးဝမဟပ်ပါဘူးဗျ...။ သူတို့ချပေးတဲ့ တီကောင် အသေရဲ့နောက်မှာ ငါးမျှားချိတ်ပါတာ ကျူပ်သိတယ်လေ..။ အဟမ်း ...ဒီလို သိလို့ သတိပေးတာကို နားမထောင်တဲ့ ကျူပ်အစ်ကို ဖိုးငမ်း တစ်ယောက်တောင် ငါးမျှားချိတ်နောက် တန်းလန်းတန်းလန်းနဲ့ ပါသွားသေးတယ်။ အဲ မနေ့ကတော့ ... မပြောချင်ပါဘူးဗျာ..... ပိုက်ကွန်အကြီးကြီးနဲ့ အုပ်ပြီးဆွဲလိုက်တာ ကျူပ်ရော ကျူပ်ဘေးနားက ပျော်ပွဲစားနေတဲ့ ရောင်းရင်းတွေရော တသီကြီး မိကြတာပါဘဲ...။ ကျူပ်တို့ကို ဖမ်းလာတဲ့ တံငါသည်က ဒီငါးသည်မကြီးကို ဖောက်သည်ပြန်ရောင်းလို့ ပါလာတာဗျ..။ ကျူပ်တို့အထဲက အကြီးဆုံးနှစ်ကောင်ကိုတော့ တံငါသည်မိန်းမက အိမ်မှာဟင်းစားဆိုပြီး နှုတ်ယူထားလိုက်သေးတယ်..။ သွားပေတော့ ရောင်းရင်းတို့ရေ.... နောက်ဘ၀မှာ ပြန်ဆုံတာပေါ့..။ ဒါပေမယ့်နောက်ဘ၀တော့ ငါးမဖြစ်ချင်တော့ဘူးဗျာ.... ရေသတ္တ၀ါချင်း အတူတူ မိချောင်းတို့ ငါးမန်းတို့ဆိုရင် တော်သေးရဲ့။ ဒါမှ နည်းနည်း လူရှိန်မယ်ထင်တယ်....။ အနည်းဆုံး ကိုယ့်ကိုယ်ကို ခုခံကာကွယ် နိုင်တာပေါ့ဗျာ...။

နေလေး စို့ကနဲထွက်လာတာနဲ့ ဈေးတန်းက တော်တော် လူစည်လာပြီ......။ ဟော.. ဟိုမှာ ရွှေတွေငွေတွေနဲ့ မျက်နှာ ဈေးဆိုးပန်းရိုက်နဲ့ မိန်းမကြီးတစ်ယောက် သူ့နောက်က ခြင်းတောင်းဆွဲတဲ့ ကောင်မလေးနဲ့အတူ ဒီဖက်လျှောက်လာနေပါလား...။
“ငါးခူဘယ်ဈေးလဲ”
ဘုရား၊ဘုရား...ကမ္ဘာပေါ်က ရှိသမျှဘုရားအဆူဆူ မ ပါ။
“ခြောက်ရာပါအန်တီ ”
... ငါးသည်မရဲ့ဖြေသံ..။
... ငါးသည်မရဲ့ဖြေသံ..။
အန်တီလို့ ခေါ်လိုက်လို့လား ဈေးကြောင့်လားမသိ မိန်းမကြီးက မယ်ကုဝဏ် သံပုရာသီးကိုက်သလို ရှူံ့မဲ့သွားတာ မြင်လိုက်ရသဗျို့..။
“ဟဲ့ များလှချည်လား... ပုဇွန်တောင် အဲဒီဈေးလောက်ပဲရှိတာ... နင့်ငါးက အရိုးကလည်းပါသေး” ။
<<<<<ဒါဆိုလဲ ပုဇွန်ပဲ စားပေါ့ဗျ... ငါးပါဆိုမှ အရိုးမပါတယ်လို့ ရှိမလား... အဲဒီ ကျောရိုးမဲ့ သတ္တ၀ါတွေနဲ့ ကျူပ်တို့ကို မနှိုင်းစမ်းပါနဲ့..>>>>>>>>။ ကျူပ်စိတ်ထဲက ပြန်ပြောမိနေတာပါဗျာ..။ တကယ်တော့ ဘယ် အသံထွက်ဝံ့ပါမလဲ။ မိန်းမကြီး ဖြတ်ကျော်သွားမှ သက်ပြင်းချရတာ...။ ကျူပ်တို့ ဈေးသည်မကတော့ ပွစိပွစိနဲ့ ဘာတွေပြောနေမှန်းမသိပါဘူး။...။.... ဟော လာပါပြီ နောက်တစ်ယောက်...
“ ငါးခူလေးတွေ လတ်လိုက်တာ ဆရာကတော်.. ၀ယ်ပါဦး.”
.လို့ ဈေးသည်မက ဈေးခေါ်တယ်..။ ဘာဆရာရဲ့ကတော်လဲတော့ မသိဘူးပေါ့နော်... အ၀တ်အစားကတော့ သိပ်မတောက်ပြောင် လှဘူး..။ ကျူပ်တို့ဗန်းကို ကြည့်ပြီး ခဏစဉ်းစားနေတယ်... ပြီးတော့ဆုံးဖြတ်လိုက်သလို သက်ပြင်းတစ်ချက်မှုတ်ပြီး ထိုင်ချလိုက်တယ်..။ ဈေးသည်မနဲ့ ဈေးစကားပြောကြ ညှိကြတယ်။ ဖိုးရှူပ်ကတော့ သိလိုက်ပြီ ... အရောင်းအ၀ယ်ဖြစ်တော့မယ် ဆိုတာ ... ဒါကြောင့် ဗန်းဒေါင့်တစ်နေရာမှာ ကိုယ်ယောင်ဖျောက် နေလိုက်တယ်...။ ဒါတောင်မှ ငါးသည်မက သူ့ဝါးတုတ်ကြီး ဟိုမွှေဒီမွှေနဲ့..။
“ပြည့်ပြည့်လေး ချိန်ပေးနော် အမ”
..... ဆရာကတော်က ပူပူပင်ပင် ဆိုတော့..။
“အင်းပါ ...ဆရာကတော်ရဲ့ စိတ်ချ..စိတ်ချ၊ ကျမက အလေးပြည့် ချိန်ခွင်ပြည့် ”.
. ငါးသည်မက ဒီမနက်အတွက် တရာ့တစ်ကြိမ်မြောက် မုသားစကားကို ဆိုတယ်။ အံမာသူက ချိန်ခွင်ဇောက်ထိုးအပြင်ကို နောက်ထပ် ခပ်သေးသေးတစ်ကောင် ကောက်ထည့်ပေးလိုက်သေးတယ်...။ <<<<<<ဒါပေမယ့် စိတ်ချ... လုံးဝ မပြည့်စေရဘူး ဆရာကတော်ရေ့ ...သူက အလေးရော ချိန်ခွင်ပါ ခိုးထားတာခင်ဗျ ..>>>>>>.။ စိတ်ထဲကဘဲ ပြောတာပါနော်...။ အဲ ...လာပြန်ပြီ... နောက်ဝယ်သူ တစ်ယောက်..။ ငါးဗန်းကို ငုံ့ကြည့်ပြီး ....
“ဟယ် အရှင်ကြီးတွေ ... ကျမက အရှင်ဆို ၀ယ်မစားဘူး”
လို့ အသဲယားသလို ပြောတယ်..။ ဈေးသည်မက အလိုက်သိသိနဲ့ ခေါင်းကို တစ်ဘတ်ဘတ် ထုပြီးချိန်ပေးလိုက်တယ်..။ ဘာထူးလို့လဲဗျာ ... တရုတ်ကြီးနဲ့ ပေါက်ဖေါ်ကြီး...။
"ဈေး" ဆိုတာခုလို အသက်ဘေးသာ စိုးရိမ်မနေရဘူးဆိုရင် ထိုင်ကြည့်နေဖို့ကောင်းလောက်အောင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာဗျ...။ အတ္တတွေ လောဘတွေကိုလည်း အရောင်စုံအသွေးစုံ မြင်ရတယ်..။ တစ်ခါတစ်လေ မေတ္တာ စေတနာ ဆိုတဲ့ အရာတွေကိုလည်း ရှားရှားပါးပါး ပြိုးကနက် ပြက်ကနဲ တွေ့ရတတ်တဲ့ နေရာပေါ့..။ ဥပမာဗျာ -ဟင်းသီးဟင်းရွက်တန်းမှာ သီလရှင်ကလေးတွေ အလှူခံလာတော့ အကောင်းဆုံးလေးတွေ ထ လောင်းတဲ့သူတွေရှိသလို နောက်နေ့ထားမခံတော့မဲ့ အရင့်အရော်တွေ၊ ရောင်းကုန်မလှတဲ့ အပိန်အချိုင့်တွေ ရွေးလောင်းတဲ့ ဈေးသည်တွေလည်းတွေ့လားတွေ့ရရဲ့...။ ဈေးကောက်ရဲ့ အခွန်အခ ငေါက်ငမ်း ကောက်ခံသံ ၊ ဈေးသည်တွေရဲ့ ငြူစူငြီးတွားသံတွေကလည်း ဒီရပ်ကွက်ဈေးလေးရဲ့ နံနက်ချိန်ခါ တေးသံသာပဲထင်ရဲ့..။
"........ ဒီပိုက်ဆံ အစုတ်ကြီးပြန်လဲပေးပါ....."
"....... ဒါမျိုးတွေပဲရှိတယ်..... မလိုချင်ရင်ငါးထပ်ယူသွား....."
"......အို မယူတော့ပါဘူး...တခြားမှာ သုံးမရရင် ရှင့်ဆီ နောက်နေ့ပြန်လာဝယ်မယ်....မှတ်ထားဦး...."
".......ဟွန့် ရဒယ် ရဒယ်... နောက်တစ်ခါမှ ၀ါဇီစက်ရုံထုတ် အသစ်ကျပ်ချွတ် ရှာထားပေးမယ်...".
စွာတဲ့ ဈေူးသည်နဲ့ မစွာတဲ့ ဈေးဝယ်တွေ့လို့ပေါ့ ..... နို့မို့ဆို ဈေးထဲမှာ ရန်ပွဲတစ်ပွဲလောက်တော့ ကြည့်ရသေးရဲ့...။ ဟေးဟေး...။ ခရက်ဒစ်ကတ်နဲ့ ငါးဝယ်နိုင်တဲ့ နေ့ကို မြန်မြန်ရောက်ပါစေဗျာ...။
"...ဟော...မစိန် ဘာတွေ ၀ယ်လာသတုန်း..."
"...သြော်..အင်း...ငါးသလောက်လေး နှပ်မလားလို့ အကောင်လိုက်ဆွဲလာခဲ့တယ်လေ...ဟင်းဟင်း.."
"..အို...ကျွန်မတော့ သွေးတက်လို့ ငါးသလောက် မစားရဲဘူး....ပြီးတော့ အိမ်က ကလေးတွေက ကြက်ကြော်မပါရင် အမြဲ ဂျီကျတာ...သွားလိုက်အုံးမယ်နော်...ဟင်းဟင်း...."
တွေ့နေရပြန်ပြီဗျာ...ဟန်ဆောင်ပြုံးတွေ၊ အကြွားတွေ....။ တကယ်တော့ စောစောက သူတို့ဝယ်နေတာက ငါးသေးလေးလေးတွေနဲ့၊ ကြက်ခြေထောက်တွေပဲဆိုတာ ကျူပ်က ဗန်းထဲကလှမ်းကြည့်လို့ အကုန်မြင်နေရတာ ကလား...။ အပြန်လမ်းမှာတော့ ဈေးခြင်းကလေးထဲမှာ သူတို့ထည့်သွားတာ စားသောက်ကုန် တွေသာမကပါဘူး......။ လောဘ၊ ဒေါသ၊ မာန၊ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း ....ကုသိုလ် အကုသိုလ်.. စုံလို့စုံလို့ပါဘဲဗျာ..။
တဖြေးဖြေးနဲ့ ကျူပ်ရောင်းရင်းတွေ ဗန်းထဲမှာ လျော့လျော့သွားတယ်..။ ကျူပ်ကတော့ ငါးဖယ်တိုးလေး တိုးလိုက် ...ငါးရံ့တွန်းလေးတွန်းလိုက်နဲ့... ဈေးသည်မလက်ကို မပါရအောင် ကြိုးစားနေတယ်..။ ကြိုးစားပမ်းစား ကျင့်ထားတဲ့( မိုးကြိုးပစ် ထန်းလက်ကာ) (ဘယ်ပြောင်းညာကူး ဖြတ်ဖြတ်လူး) (ဘယ်ကွေ့ညာချိုး တည့်တည့်တိုး) သိုင်းကွက်တွေနဲ့ပေါ့...။ အခုဟာက ဘာနဲံတူလဲဆိုတော့ မယ်စကြာဝဠာရွေးပွဲမှာ အပယ်ခံစာရင်းတွေ ထုတ်ပြန်နေသလိုပေါ့ဗျာ..။ သူတို့အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားပြီလေ။ တဖြေးဖြေးနဲ့ ဗန်းထဲမှာ ကျူပ်အပါအ၀င် ၁၃-၄ကောင်လောက်ပဲ ကျန်တော့သဗျို့...။ မယ်တွေကတော့ လူနည်းလာလေ အောင်ပွဲနဲ့ နီးနီးလာလေပေါ့..။ ကျူပ်တို့ကတော့ ..........။ ဘာလဲ ..ခင်ဗျားက ငါးဆိုတာ မယ်ပြိုင်ပွဲကို မသိပါဘူးလို့ စောဒကတက်ချင်သေးလို့လား...။ ဟွန့် သိလွန်းလို့ ခက်နေတာဗျို့..။ အသက်ရှင်ဖို့ကို မမျှော်လင့်ရဲပေမယ့်၊ သင်္ခါရသဘောကို နားလည်ပေမယ့်၊ သေဘေး ဆိုတာကြီးကို ဝေးသထက်ဝေးအောင် ရွှေ့ထားချင်တာ သက်ရှိသတ္တ၀ါအားလုံးရဲ့ တူညီသော ဆန္ဒပါဗျာ.. နော။ အနည်းဆုံး ဖိုးရှူပ်ရဲ့ သားမြေးတီကျွတ် ငါးခူကလေးတွေ မြစ်ချောင်းအင်းအိုင်ထဲမှာ ကူးခတ်ပြီး ကျန်စေချင်သေးတာပေါ့ .....။ အခုတော့ ကျူပ်ကငယ်ပါသေးတယ်... ..ပြီးတော့ အိမ်ထောင်တောင် မကျရသေးဘူးလေ။

အဲ ကောင်မလေးတစ်ယောက် ဘောက်ဆတ်ဆတ်နဲ့ လျှောက်လာနေတယ် ..... ဈေးသည်မကလှမ်းခေါ်တယ်..။
“သမီးရေ ၀ယ်သွားပါဦးလား နောက်ဆုံးကျန်တာ အကုန်ယူသွား..လျှော့ပေးလိုက်မယ်”
..တဲ့လေ။ <<<<<<<<<ဟံမယ်မင်း ဒီတစ်ခါတော့ဖြင့် ဘယ်လိုမှ ရှောင်မရတော့ဘူးထင်ရဲ့>>>>>>>>..။ ဖိုးရှူပ်ဆိုတဲ့ ကျူပ်ရင်ထဲမှာ တိတ်တိတ်လေး ငိုချင်းချနေမိတယ်..။ ကောင်မလေးက ခေါင်းခါပြီး ဆက်လျှောက်သွားတယ်။ ဈေးသယ်မကလည်း အနားက ရေတစ်ခွက်နဲ့ ကျူပ်တို့ကို ဖြန်းဖြန်းပေးနေတယ်။ ကျူပ်တို့ သက်တောင့်သက်သာ ရှိစေလိုတဲ့ စေတနာနဲ့တော့ ဟုတ်ဟန်မတူဘူး .... ကျူပ်တို့သေရင် မလတ်ဆတ်တော့ဘူး ..သူ ဈေးကောင်းမရတော့ဘူးပေါ့..။ ဟောဟိုမှာ... အမျိုးသမီးတစ်ယောက်နဲ့ ခြင်းတောင်းဆွဲထားတဲ့ အမျိုးသားတစ်ယောက် သုတ်သုတ်ပြာပြာ လျှောက်လာတယ်...။
“ဟင်း - သူ အအိပ်မက်နေတာနဲ့ ဈေးတောင်ကွဲတော့မယ် ... ငါးအကောင်သေးသေး တွေလည်းမရှိတော့ဘူး”
အမျိုးသမီးက တစ်တွတ်တွတ်နဲ့ ဆူပေမယ့် အပြစ်ရှိတဲ့ ယောက်ျားက မျက်နှာသေလေးနဲ့ ဘာမှပြန်မပြောရှာဘူး။ အဲဒါ ကျူပ်တို့ လူပူရိသ၊ ငါးပုရိသ တိုင်းရဲ့ တူညီသော အကျင့်ထင်ပါရဲ့..။ ယောက်ျားချင်းဆုံလို့ကတော့ သူလိုလူ ဇမ္ဘူမှာ မရှိတဲ့အချိုးမျိုးနဲ့.... လက်အောက်ငယ်သားများဆို ကေသရာဇာ ခြင်္သေ့မင်းရှူံးအောင် ဟိန်းပြဟောက်ပြလား ပြရဲ့...။ အိမ်က မိန်းမကဆူပြီဆို တုတ်တုတ်မှမလှူပ်၊ စေ့စေ့မှ ပြန်မပြောရဲဘူး.... ဆပ်ကပ်ထဲက ခြင်္သေ့ကြီး တွေကျနေတာပဲ.........။ တိုတိုပြောရရင် ကျူပ်တို့ရောင်းရင်းအားလုံး အဲဒီ လူပုရိသရဲ့ ခြင်းထဲ ရောက်သွားတာပေါ့နော်...။ ကျူပ်နဲ့ တစ်ဗန်းထဲကျတဲ့ ငါးခူပျိုမလေးက တစ်ရွှတ်ရွှတ်ငိုနေရှာတယ်...။ ကျူပ်လဲ ချော့ချင်ပါတယ်။ <<<<<<ငိုပါနဲ့ ညငေးရယ်.. အကိုဂျီးတစ်ကောင်လုံး ရှိပါသေးတယ်>>>>>> တို့ <<<<<<....မင်းအတွက်သာဆိုရင် ဟင်းချက်ပါစေ... ကိုယ်လေတကယ်ပဲ....အကြော်ခံမယ်ရဲရဲ ..>>>>>.တို့ မော်ဒန်မကျတကျ ကဗျာရွတ်ပြီး ကြောင်လိုက်ချင်တာဗျ။ အင်း ဖိုသတ္တ၀ါတွေဆိုတာက ချောက်ထဲကျမယ့်ဆဲဆဲတောင် ပျားရည်တစ်စက်ကို လှမ်းလျက်ချင်တာ သဘာဝပဲလေ။ ဒါပေမယ့် ကျူပ်တို့ကို မလူးသာမလွန့်သာအောင် ကျွပ်ကျွပ်အိတ်ထဲ ထည့်ထုပ်ပြီး ....... အပေါ်က အသီးအရွက်မျိုးစုံနဲ့ဖိထားတော့..... ဘေးကျပ်နံကြပ်ဘ၀မို့ ငါးခူပျိုမရဲ့အနားကို မကပ်သာခဲ့ဘူး။ အိမ်ကို ရောက်တာနဲ့ ကျူပ်ရင်တွေ တစ်ဒိန်းဒိန်းခုန်လာတယ်...။ ကြိုးစင်တက်မယ့်လူတွေ ကျူပ်တို့လို ရင်ခုန်ကြမှာလား လို့ သိချင်တယ်။
အိမ်ရှင်မက ကျူပ်တို့ကို ဇလုံတစ်ခုထဲ ဝေါကနဲသွန်ချတယ်..။
"ကဲ -ရော့ အဖေကြီး ..... အနီးဆုံး မြောင်းထဲ အိုင်ထဲ သွားလွှတ်ခဲ့...။ သားသား သက်စေ့ ၁၂ကောင် အတိဘဲ..။ ကျမ ရှင့်ရုံးအမီ ဟင်းချက်ရဦးမယ်...။ ဆုလည်းတောင်းခဲ့ဦးနော် .....ငါးသက်စေ့ လွှတ်ရတဲ့အတွက် သားသားလေး ရောဂါမြန်မြန်ပျောက်ပါစေ... ဘေးကင်းပါစေလို့...”
ဟာဗျာ..ဟာဗျာ... နားထဲမှာ ဗေသိုဗင်လိုက်မမီတဲ့ အချိုဆုံး ဂီတသံပါဘဲ..။ ဘယ့်နှယ်ဗျာ အသက်ဘေးက ၀ုန်းကနဲ လွတ်တာ မပျော်ဘဲနေပါ့မလား...။ ရွှီကနဲတောင် လေချွန်လိုက်မိတယ်..။
ယောက်ျားလုပ်သူက မှာရင်မှာတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်ရှာပါတယ်.... လွှတ်ခါနီး ပါးစပ်ကတော့ ပွစိပွစိနဲ့ အိမ်ရှင်မ မှာတဲ့အတိုင်း ပြောမပြောတော့ ကျူပ်မသိဘူး...။ သိလဲမသိချင်ဘူး .....ကျူပ်လဲ အပျော်လွန်နေပြီလေ..။ ရေအိုင်ထဲကို ဒိုင်ဗင်ထိုးချလိုက်တာပဲ..။ နောက်ထပ်ဘယ်လောက် ကြာကြာ အသက်ရှင်မလဲမသိပေမယ့် ... ကျူပ်ဘ၀မှာ အနာဂတ်ဘ၀ဆိုတာ ရှိလာခဲ့ပြီ။ ရင်ထဲမှာ အရမ်းလန်းသွားတယ်ဗျာ..။ ငါးခူပျိုမကလေး အနားကို တိုးပြီးကူးခပ်လိုက်တယ်...။ <<<<<<< တို့တွေ နှစ်ကောင်တစ်ဘ၀ ထူထောင်ကြရအောင်နော်>>>>>>...လို့ တိုးတိုးလေးပြောလိုက်တယ်...။ ငါးခူပြုံးလေးပြုံးပြီး ...နှုတ်ခမ်းမွေးလေးတွေ ယမ်းပြလိုက်တယ်...။ ငါးခူပျိုမလေးက ရှက်စနိုး ပြုံးတယ်...<<<<<<<ရှင်နော် ရှင် တော်တော်ဆိုး>>>>>> ....တဲ့။
(Photo source: Flickr)
မိုးစက်ပွင့်
( ၁၁.၁.၂၀၁၀ )
ငါးခူတောင်မစားချင်တော့ဘူး။ သနားပါတယ်နော်။
ReplyDeleteရွှေငါးခူ ကံကောင်းသွားလို့ တော်ပါသေးရဲ့ ။
ReplyDeleteဖတ်လို့ ကောင်းလိုက်တာ။
ဟာသရသလေးနဲ.သိပ်ရေးတတ်တာပဲ ။ ဖတ်လို.ကောင်းလိုက်တာ ။
ReplyDeleteဖတ်လို့ သိပ်ကောင်းတာပဲ ..
ReplyDeleteရေးတတ်တယ်..း))
ReplyDeleteမလေး တော်တော် သဘောကျသွားတယ်။
ဖတ်ပြီး ပြုံးမိတယ်
ReplyDeleteစိတ်ကူးကောင်းလိုက်တာ
ငါးခူရဲ့ အတွေးတွေကို စာဖွဲ့ပြထားတာ ပေါ်လွင်တယ်